
ပုဏ္ဏကစားတဲ့ အိမ်မဲကြီး
(ဖြစ်ရပ်မှန်ဇာတ်လမ်း)
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
အပိုင်း(၁)
“ကြမ်းပြင်ပေါ်မှ
ပုဏ္ဏကဘီလူးရုပ်”
-လူစားလဲတဲ့အိမ်မဲကြီး….
-ဘယ်လို… လူစားလဲတဲ့အိမ်မဲကြီးဟုတ်လား..
-ဟုတ်တယ်… အဲ့ဒီအိမ်ကြီးဆီရောက်ပြီသွားရင် ပြန်လမ်းမရှိနိုင်ဘူး…
နှစ်တိုင်းအဲ့ဒီအိမ်မဲကြီးမှာ လူစားလဲတယ်..
-မျက်စိလည်တတ်တယ်… ၀င်္ကပါလိုထွက်ပေါက်မရှိဘူး
-ပုဏ္ဏကစားတဲ့အိမ်မဲကြီးဆိုတာကရော….
-အတူတူပဲ ပွဲစားကြီးဦးမြ၀င်းဖေ…ပိုင်ဆိုင်တဲ့ အိမ်ကြီးတစ်အိမ်ပဲ
-အိုးကွာ… နောက်ဆုံးပြောချင်တယ် မင်းတို့ခေတ်လူငယ်တွေ အရာရာမစပ်စုချင်ကြနဲ့
အားလုံးသေကုန်ကြလိမ့်မယ်
အချိန်ကား ၁၉၈၀ခုနှစ်
တိုင်းရေးပြည်ရာ မငြိမ်မသတ်ဖြင့် တည်ရှိနေသေးသော နိုင်ငံရေးအခြေနေများနှင့် ရှုတ်ထွေးနေခဲ့သည့်
အချိန်ကာလပင်ဖြစ်သည်။ ထိုအချိန်ဟာ စီးပ္ပားရေးကြပ်တည်းမှု့များဖြင့် ပြည်သူလူထုများမှာ
ရပ်တည်နေခဲ့ရရင်း ၁၉၈၈-၁၉၈၉-၁၉၉၀ ခုနှစ်အချိန်နှောင်းပိုင်းမှသာ တိုင်းရေးပြည်ရာ အခြေနေများမှာ
အနည်းငယ်ငြိမ်သတ်လာခဲ့ပြီး စီးပ္ပားရေးများသည်လည်း အနည်းငယ်မျှသာ ပြန်လည် လည်ပတ်လာနိုင်ခဲ့သည်။
(၁၉၉၁-၁၉၉၂)ခုနှစ်အချိန်ကာလ…
ပန်းချီပြပွဲခန်းမတစ်ခုတွင်ဖြစ်သည်။
ပန်ချီပြပွဲခန်းမအတွင်းသ်ို့ ကမ္ဘာလှည့်ခရီးသည်နိုင်ငံခြားသားများနှင့်အတူ မြန်မာနိုင်ငံမှ
သူဌေးကြီးများသည်လည်း လာရောက်ကြည့်ရှု့ခံစားနေကြပြီး ထိုသူတို့၏မျက်နှာပြင်များတွင်လည်း
ပန်းချီကားချပ်လေးများအား စိုက်ကြည့်နေကြရင်း အပြုံးလေးများဖြင့် ကိုယ်ဆီတည်ရှိနေကြသည်။
အင်မတန်မှ လက်ရာကောင်းမွန်လှသော ပန်းချီကားချပ်များအနက် ပြင်သစ်နိုင်ငံသားတစ်ဦးမှာ
တောရွာလေးတစ်ခုရှိ စေတီပုထိုးအား နောက်ခံထားလေခါ စေတီအရှေ့တွင် ဘီလူးရုပ်နှစ်ကောင်ဖြင့်
ပုံဖော်ထားခဲ့သော ပန်းချီကားချပ်အား အချိန်ကြာကြာစူးစိုက်ကြည့်နေလေခဲ့သည်။
ယခုပြသထားခဲ့သော ပန်းချီကားချပ်များမှာ
ကြိုက်နှစ်သတ်သူများရှိလာပါက ဈေးကောင်းကောင်းဖြင့် ရောင်းချမည်ဖြစ်သည်။ ထို့ကြောင့်
ထိုပန်ချီကားချပ်အား အချိန်ကြာကြာ စူးစိုက်ကြည့်နေခဲ့သော နိုင်ငံခြားသားအနီးသ်ို့ ပန်းချီခန်းမရေးမှူးမှ
သွားရောက်လေခါ ပြင်သစ်စကားတို့ဖြင့် ဖော်ရွေစွာထိုသို့မေးမြန်းလေခဲ့သည်။
*''မိတ်ဆွေ… မင်္ဂလာပါနော်''
*''သြော်…. မင်္ဂလာပါ''
*''ဒီပန်းချီကားချပ်ကို မိတ်ဆွေစိုက်ကြည့်နေတာ ကြာလှပြီ… မဟုတ်မှလွဲရော
ဒီပန်ချီကားချပ်ကို မိတ်ဆွေနှစ်သတ်နေပြီနဲ့ထင်တယ်''
*''ဟုတ်ပါတယ်… ဒါပေမယ့် မဟုတ်ဘူး''
*''ဗျာ…''
*''သြော်… ပန်းချီကားချပ်တစ်ခုလုံးမှာ အသက်အဝင်ဆုံးက ဒီဘီလူးနှစ်ကောင်ပဲ
မဟုတ်ဘူးဆိုတာ ဒီပန်းချီကားကို ကျွန်တော်မကြိုက်ပါဘူး သူ့ထက်ကောင်းတဲ့ ပန်းချီကားတွေ
ဒီခန်းမထဲမှာ အများကြီးရှိတယ်… ဒါပေမယ့် ဒီဘီလူးရုပ်တွေထက် အသက်ဝင်တဲ့ ပန်းချီကားချပ်ကတော့
ဒီခန်းမထဲမှာရှိမနေဘူး''
*"သြော်''
*''မိတ်ဆွေ…”
*ပြောပါခင်ဗျ…”
*ကျေးဇူးပြုပြီး ကျွန်တော့်ကိုတစ်ခုလောက် ကူညီပေးလို့ရနိုင်မလား''
*''ဟုတ်ကဲ့… ပြောပါ ကျွန်တော်ဘာများ ကူညီပေးရပါ့မလဲ''
*''ဒီလိုပါ… ဒီပန်းချီကားကိုဆွဲခဲ့တဲ့ ပန်းချီဆရာနဲ့ ကျွန်တော့်ကိုမိတ်ဆတ်ပေးလို့ရမလား''
*''သြော်!… ရပါတယ်ဗျ ရပါတယ်''
*''ကျေးဇူးတင်ပါတယ် ဒါဆိုဘယ်တော့လောက် သူနဲ့ကျွန်တော်ဆုံရပါ့မလဲ''
*"အခုပဲဆုံလို့ရပါတယ်ခင်ဗျ… ဒီပန်းချီကားချပ်တွေကို စိတ်ကူးပုံဖော်ထားတဲ့
ပန်ချီဆရာတွေအားလုံး ဧည့်ခန်းမထဲမှာရှိနေကြပါတယ်… မိတ်ဆွေအခုပဲ သူနဲ့တွေ့ချင်တယ်ဆိုရင်
တွေ့နိုင်ပါတယ်''
*''ဟ!… သိပ်ကောင်းလိုက်တာ မိတ်ဆွေကိုကျေးဇူးတင်ပါတယ် ကျွန်တော်သူနဲ့အခုပဲ
တွေ့ပါရစေနော်''
*''ကောင်းပါပြီခင်ဗျာ ဒါဆိုကျွန်တော်နဲ့လိုက်ခဲ့ပေးပါ''
စိတ်ဝင်စားစရာဟူ၍ မယ်မယ်ရရမည်သည့်အရာတစ်ခုမှ
ရေးဆွဲထားခြင်းမရှိခဲ့သော ထိုပန်းချီကားချပ်အား စိတ်ဝင်တစား ကြည့်ရှု့နေခဲ့သည့် နိုင်ငံခြားသားကြီးကိုပင်
ထိုသို့ပြောဆိုလေခဲ့ရင်း ပန်းချီပြပွဲအခန်းနားမှူးမှာ ပန်းချီဆရာများစွာရှိနေခဲ့ကြသော
ဧည့်ခန်းမဆောင်ဆီသ်ို့ ခေါ်ဆောင်သွားခဲ့လေတော့သည်။
''ဦးကာကြီး''
''ဟင်!… သြော်… အခန်းနားမှူး… ဘာဖြစ်လို့လဲဗျ''
''ဒီမှာ ဒီမိတ်ဆွေက ခင်ဗျားပန်းချီကားချပ်ကိုကြည့်ပြီး ခင်ဗျားနဲ့မိတ်ဆတ်ပါရစေလို့
တောင်းဆိုလာလို့ ကျွန်တော်ခေါ်လာခဲ့တာ''
''သြော်!… ဘာများဖြစ်လို့တုန်းဗျ ကျုပ်ပန်းချီကားချပ်ကို ကြိုက်လို့လား…
သူဝယ်မယ်ဆိုရင် အခန်းနားမှူးကိုလည်း ကျူပ်ပွဲစားခအနေနဲ့ မုန့်ဖိုးလေးဘာလေးပေးရတာပေါ့”
''ဟာဗျာ… မဟုတ်ပါဘူး''
''ဟင်… ဒါဆိုဘာဖြစ်လို့တုန်းဗျ'
''အဲ့ဒါတော့ ကျွန်တော်လည်း သေချာမသိဘူး သူနဲ့ပဲပြောကြည့်ပေါ့''
“သြော်… ဟုတ်ပြီဟုတ်ပြီ”
*''မစ်စတာ… ဒါမိတ်ဆွေပြောတဲ့ ပန်းချီကားချပ်ရဲ့ လက်ရာပိုင်ရှင်
ပန်းချီဆရာကြီးပါပဲ သူ့နာမည်က ဦးအာကာလို့ခေါ်ပါတယ်''
*''သြော်… တွေ့ရတာဝမ်းသာပါတယ်''
''ကဲ… ဦးကာကြီး ခင်ဗျားလည်း ပြင်သစ်စကားတတ်တာပဲ သူနဲ့အေးအေးဆေးဆေး
စကားပြောကြဦး… ကျွန်တော်ခန်းမထဲကို ပြန်သွားလိုက်ပါဦးမယ်''
''ကောင်းပါပြီဗျ… ကောင်းပါပြီ''
ပြင်သစ်နိုင်ငံသားကြီးတစ်ယောက် စိတ်ဝင်တစားဖြစ်နေခဲ့သည့်
ပန်ချီကားချပ်၏ လက်ရာပိုင်ရှင်ဖြစ်သူ ပန်းချီဆရာကြီးဦးအာကာထံသို့ အခန်းနားမှူးမှာ
ခေါ်ဆောင်လာခဲ့ရင်း အပြင်သို့ ပြန်လည်ထွက်ခွာသွားခဲ့လေသည်။ ဦးအာကာမှာ အသက်အားဖြင့်
(၅၈)နှစ်မျှရှိနေပြီး၍ ပန်းချီဆရာကြီးတစ်ဦးပင်ဖြစ်သည်။ ပန်းချီဆရာတစ်ဦးဖြစ်သကဲ့သို့
အထက်လမ်းဆရာကြီး တစ်ဦးသည်လည်းဖြစ်နေပြန်သည်။
အထက်လမ်းဆရာတစ်ဦးဖြစ်လေပြီး ပန်းရံ၊ လက်သမားဆရာသည်လည်း ဖြစ်လေပြန်သည်။ အလုပ်ပေါင်းစုံအား
လုပ်ကိုင်နေတတ်ပြီး လုပ်ကိုင်ရာ အလုပ်တိုင်းတွင်လည်း အချိန်အတိုတွင်း၌ ဆရာသမားအဖြစ်သို့
ရောက်ရှိနိုင်စွမ်းရှိသည်။
ပန်းချီဆရာအနုပညာလုပ်ငန်းတွင်လည်း
တပည့်တပန်းများစွာရှိလေခါ၊ အထက်လမ်းဆရာအဖြစ်တွင်လည်း တပည့်တပန်းများစွာဖြင့် ရှိနေစေခဲ့သည်။
ထိုတင်မက ပန်းရံ၊ လက်သမားအလုပ်များတွင်လည်း ဦးအာကာထံ၌ တပည့်တပန်းများစွာရှိနေလေပြန်သည်။
ဦးအာကာဟာ အကြီးတန်းအထိ အောင်မြင်ထားခဲ့ရင်း ပါဋ္ဌိ၊ သဒ္ဒါအစရှိသော မြန်မာဘာသာရပ်တို့၌
ကျွမ်းကျင်စွာတတ်မြောက်ထားရုံတင်သာမက ပြင်သစ်၊ အမေရိကန်၊ အန္ဒိယ၊ ထိုင်း စသော ဘာသာစကားများအားလည်း
ကျွမ်းကျင်စွာပြောဆိုနိုင်ပေသည်။
ထိုကဲ့သို့ပညာမျိုးစုံအား
ဦးအာကာတစ်ယောက် ကျွမ်းကျင်စွာတတ်မြောက်ထားခဲ့သော်လည်း တိုင်းရေးပြည်ရာ အခြေအနေများကြောင့်
သူ၏ယခုလက်ရှိဘဝတွင်မူ ဆင်းရဲစွာဖြင့် ရပ်တည်နေခဲ့ရလေသည်။ ဦးအာကာထံ၌ သားသမီးများစွာရှိနေခဲ့ပြီး
သုံးနှစ်သားအရွယ် မြေးလေးတစ်ယောက်သည်လည်း ရှိနေခဲ့ပြန်သည်။ တိုင်းရေးပြည်ရာ မငြိမ်မသတ်ဖြင့်
စီးပွားရေးသည်လည်း ကောင်းမွန်စွာလုပ်ကိုင်ခွင့် မရရှိသည်ကြောင့် သားသမီးများနှင့် ဇနီးဖြစ်သူတို့မှာမူ
အိမ်ထောင်ဦးစီးဖြစ်သော ဦးအာကာ၏လုပ်စာတစ်ခုတည်းကိုသာ ယခုအချိန်ထိ မှီခိုအားထားနေခဲ့ရလေသည်။
ဦးအာကာသည်လည်း သူ၏သားသမီးများအား မငြီးမညူဖြင့် ယခုအသက်အရွယ်ထိ ရှာဖွေကျွေးမွေးစေခဲ့သည်။
ဦးအာကာနှင့်တရင်းတနှီးရှိနေခဲ့သော
ပန်းချီအခန်းနားမှူးမှာ ပညာတတ်ဖြစ်သော ဦးအာကာ၏အကြောင်းတို့အား ကောင်းစွာသိရှိထားခဲ့ခြင်းကြောင့်
ပြင်သစ်နိုင်ငံသားကြီးကိုပင် ဦးအာကာနှင့် စိတ်ချစွာထားရှိလေခဲ့သည်။ ထို့နောက်သူသည်လည်း
သူ၏တာဝန်များစွာ ဆက်လက်ထမ်းဆောင်ရမည်ဖြစ်သောကြောင့် နှစ်ဦးစလုံးကိုပင်
နှုတ်ဆတ်လေခဲ့ရင်း ခန်းမအတွင်းသို့ ပြန်လည်ထွက်ခွာသွားလေခဲ့သည်။
အခန်းနားမှူးကြီး ထွက်ခွာသွားခဲ့ပြီးနောက် ဧည့်ခန်းဆောင် ၀ရမ်တာအပေါ်၌ ပန်းချီးဆရာကြီးဦးအာကာနှင့်အတူ
ပြင်သစ်နိုင်ငံသားကြီးတို့သာ ကျန်ရစ်နေခဲ့ရင်း ပြင်သစ်နိုင်ငံသားကြီးမှာ ပန်ချီဆရာကြီးဦးအာကာအား
စတင်မိတ်ဆတ်လေခဲ့သည်။
*''မင်္ဂလာပါဆရာ… ကျွန်တော်နာမည်က… မစ်စတာ(•••••••• ••••••)လို့ခေါ်ပါတယ်
ပြင်သစ်နိုင်ငံသားတစ်ယောက်ပါ ပြင်သစ်နိုင်ငံမှာ ကိုယ်ပိုင်စီးပ္ပားရေး ကုမဏီသုံးခုပိုင်ဆိုင်ထားသလို
တစ်ခြားကုမဏီမှာလည်း ရှယ်ယာတွေဝင်ထားတဲ့ စီးပ္ပားရေးသမားတစ်ယောက်ပါ မြန်မာနိုင်ငံကိုလည်း
မကြာမကြာရောက်လာတတ်ပါတယ် မြန်မာနိုင်ငံကို ကျွန်တော်ရောက်လာပြီဆိုတာနဲ့ ဒီပန်းချီခန်းမထဲကို
အရင်ဦးဆုံးရောက်လာလေ့ရှိတယ် ကျွန်တော်နှစ်သတ်တဲ့ ပန်ချီကားချပ်ကိုတွေ့ရင် ပန်းချီဆရာတွေဆီကနေ
ဈေးကောင်းပေးပြီး ဝယ်ပါတယ်… အခု ဒီခန်းမထဲမှာ ကျွန်တော်စိတ်ဝင်စားတဲ့ ပန်ချီကားထဲက
ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်… အဲ့ဒါကြောင့် အဲ့ဒီပန်းချီကားကို ပုံဖော်ခဲ့တဲ့ ဆရာနဲ့တိုက်ရိုက်လာတွေ့ရတာပါ''
*''သြော်!…ဟုတ်ပါပြီဗျ ကျွန်တော်လည်းတွေ့ရတာ ဝမ်းသာပါတယ်… ကျွန်တော့်နာမည်က
ဦးအာကာပါ… တရင်းတနှီးခေါ်နိုင်ပါတယ်မစ်စတာ… ဒါနဲ့ ကျွန်တော့်ပန်းချီကားချပ်ထဲက ဘယ်လိုအရာမျိုးကများ
မိတ်ဆွေကြီးကို စိတ်ဝင်စားသွားစေတာလဲခင်ဗျ”
''ဟုတ်ကဲ့… တခြားတော့မဟုတ်ပါဘူး ရွာဦးစေတီလို့ သတ်မှတ်နိုင်တဲ့
စေတီဘုရားအရှေ့က ဘီလူးရုပ်နှစ်ရုပ်ကို စိတ်ဝင်စားမိလို့ပါ''
''သြော်!… ဒါလား… ဟုတ်ပါတယ် စိတ်ကူးရလာတာနဲ့ ကျွန်တော်လည်း မွေရပ်မြေက
ရွာဦးစေတီလေးကို အလွမ်းပြေ ရေးဆွဲလိုက်တာပါ… ဘာများဖြစ်လို့တုန်းဗျ''
''ဟုတ်ကဲ့ပါဆရာ… ကျွန်တော်ဆရာ့လက်ရာကို အင်မတန်နှစ်သတ်မိပါတယ် ပြပွဲမှာပြထားတဲ့
ဆရာ့ရဲ့အခုပန်းချီကားလေးကို ကျွန်တော်ဝယ်ချင်ပါတယ် ဆရာကြိုက်တဲ့ဈေးပြောပါ ကျွန်တော်ဝယ်ပါ့မယ်…
ပြီးတော့ ကျွန်တော့်အတွက် သီးသန့်ပန်းချီကားလေးတစ်ချပ်ကိုလည်း ဆွဲပေးဖို့ ဆရာ့ဆီမှာ
တောင်းဆိုပါရစေ''
''ဟင်!… ဘယ်လိုပုံမျိုးလဲဗျ''
''ဟုတ်ကဲ့… အခုပန်းချီကားချပ်မှာပါတဲ့ ဘီလူးရုပ်ကို ဘီလူးတစ်ကောင်တည်းသီးသန့်
ဆွဲပေးဖို့ပါပဲဆရာ''
''သြော်… ရပါတယ်ဗျ ရပါတယ်… ဘယ်တော့လောက်ယူမယ်လို့ မိတ်ဆွေစိတ်ကူးထားလဲ''
''ကျွန်တော်ရှေ့တစ်ပတ်တည်းမှာ ပြင်သစ်ကိုပြန်တော့မှာဆိုတော့ လာမယ့်
စနေနေ့လောက်လိုချင်ပါတယ် ဖြစ်နိုင်မလားဆရာ''
''အင်း!… ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ ကြားမှာအချိန်ငါးရက်ရတယ် ဟုတ်ပါပြီး
လာမယ့်စနေ့ကို ကျွန်တော်အပြီးရေးဆွဲပေးထားပါ့မယ်''
''ကျေးဇူးတင်ပါတယ်ဆရာ… ဆရာတောင်းဆိုမယ့် ဈေးထက် အဲ့ဒီဘီလူးရုပ်ရေးဆွဲပြီးသွားရင်
ကျွန်တော်သုံးဆပိုပေးမှာပါ''
''ရပါတယ်ဗျာ..ရပါတယ်… တန်ရာတန်ကြေးရရင်ပဲ ကျွန်တော်ကျေနပ်ပါပြီဗျ
ဒါဆို ကျွန်တော့်အိမ်လိပ်စာလေးပေးခဲ့မယ်… လာမယ့်စနေ့နေ့ကျရင် မိတ်ဆွေကြီးလာယူလှည့်ပေါ့''
''ကောင်းပါပြီဆရာ''
ပြင်သစ်နိုင်ငံသားကြီးပြောဆိုသည့်အတိုင်း
ပန်းချီဆရာဦးအာကာသည်လည်း ပုံတူပန်းချီဘီလူးရုပ်ရေးဆွဲရန်အတွက် သဘောတူလက်ခံစေခဲ့သည်။
ယခုပြပွဲတွင် ပြသထားခဲ့သော ဦးအာကာ၏ပန်းချီကားချပ်အားလည်း ပြင်သစ်နိုင်ငံသားကြီးမှာ
ဈေးကောင်းပေး၍ ဝယ်ယူသွားခဲ့လေသေးသည်။ ဦးအာကာသည်လည်း မိမိဝါသနာပါလှသော ပန်းချီရေးဆွဲရန်အတွက်
အလုပ်ရရှိသွားပြီဖြစ်သောကြောင့် သူ၏နေအိမ်ဆီသို့ပင် ပျော်ရွှင်မှု့များဖြင့် ဦးတည်သွားခဲ့သည်။
နေအိမ်ဆီသို့အရောက်…
''မိန်းမရေ… ဟေးမိန်းမ…
မယ်ကြည်”
''လာပါပြီတော်… ဘာလို့ဇွတ်အော်နေရတာလဲ''
''ရော့… မင်းတို့သားအမိ မြေးဘွားတွေ စားဖို့အတွက် ခေါက်ဆွဲ… ဒါက
အိမ်မှာလိုအပ်တာသုံးဖို့အတွက် အသုံးစရိတ်''
''ဟယ်!… ငွေတွေကလည်း များလိုက်တာ''
''ဒါပေါ့… ဒီနေ့ပန်ချီပြပွဲမှာ ငါ့ပန်းချီကားကို နိုင်ငံခြားသားတစ်ယောက်က
ကြိုက်ပြီး ဝယ်သွားတယ်လေ… တော်သေးတာပေါ့ကွာ အိမ်စရိတ်ကလည်း ပျက်နေပြီမဟုတ်လား အဲ့ဒီငွေလေးတွေနဲ့
အခုလောလောဆယ် ချေးထားတဲ့အကြွေးလေးတွေကိုလည်း နည်းနည်းပါးပါးဖဲ့ဆပ်ပေါ့ ပြီးတော့ မင်းမြေးလေးအတွက်လည်း
လိုအပ်တာလေးတွေ ၀ယ်ပေးလို့ရပြီ.. သားကြီးနဲ့သူမိန်းမလေးလည်း ဒီနေ့မှအလုပ်စဆင်းရတာဆိုတော့
နည်းနည်းပါးပါးလိုအပ်မယ်ထင်တာလေးတွေ စီစဉ်ပေးလိုက်ပါဦးကွာ…”
''ဟင်!… ရှင်ပြောသလိုဆိုရင် ကျွန်မတို့လက်ထဲမှာ ငွေလေးနည်းနည်းပဲကျန်တော့မှာပေါ့''
''မပူပါနဲ့ကွာ ဒီအပတ်စနေနေ့ရောက်ရင် ငါငွေတွေအများကြီး ထပ်ရဦးမှာဟ…''
''ဟင်… ဘယ်ကရမှာတုန်းတော့…''
''သြော်… အခုပန်းချီကားကို ဝယ်သွားတဲ့ နိုင်ငံခြားသားက ပန်းချီဆွဲပေးဖို့
ထပ်ပြီးတောင်းဆိုလာတယ်လေ… အဲ့ဒါ ဒီအပတ်စနေနေ့အပြီးဆွဲပေးရမှာ ပြီးသွားတာနဲ့ ပန်ချီကားကို
ဒေါ်လာနဲ့ပေးဝယ်သွားမှာကွ”
''ဟယ်!… ဒါဆိုရှင်တော်တော်အောင်မြင်လာတာပေါ့နော်”
''အေးပေါ့ကွ… အဲ့လိုပဲပြောရတော့မှာပေါ့''
''သြော်ဒါနဲ့ကိုအာကာ ဒေါ်ဘွားရှင်ကြီး ဖုတ်ဝင်နေလို့တဲ့ အဲ့ဒါရှင့်ကို
သူ့သားဖုတ်ထုတ်ဖ်ို့ လာပင့်သွားသေးတယ် ကျွန်မလည်း ရှင်မရှိတာနဲ့ နောက်နှစ်နာရီလောက်မှ
ပြန်လာခဲ့လို့ ပြောလိုက်တယ်သိလား''
''ငါမပြောဘူးလား ဒေါ်ဘွားရှင်ဖုတ်ဝင်နေတာပါလ်ို့ အဲ့ဒါကိုသူတို့သားသမီးတွေက
လက်မခံချင်ကြဘူး အခုတော့ဘာပြောကြဦးမလဲ''
''ဟုတ်ပါတယ်တော်!… သူတို့တွေလည်း ရှင့်ကိုအားနာနေကြတာပါ အခုလည်း
တရိုတသေနဲ့ လာပင့်ကြတာ''
''အေးအေး… ဒါဆိုငါလိုက်သွားလိုက်ဦးမယ် မယ်ကြည်ရေ…''
“ဟင်… ထမင်းလေးဘာလေး စားသောက်ပြီးမှ သွားပါလားတော့”
“မစားတော့ပါဘူးကွာ ပြန်ရောက်မှပဲ စားတော့မယ်”
“သွားပြီမယ်ကြည်ရေ…”
ပန်းချီကားချပ်လေးအား
ရောင်းချလာခဲ့သည့် ငွေလေးများဖြင့် မိန်းမဖြစ်သူ မမယ်ကြည်ထံသို့ အပ်နှံလေခါ မိသားစုအသုံးစရိတ်အသီးသီးအတွက်
ခွဲဝေပေးစေခဲ့သည်။ မိန်းမဖြစ်သူ မမယ်ကြည်သည်လည်း ဦးအာကာပြောဆိုသည့်အတိုင်း မိမိတို့တွင်
တင်ကျန်နေခဲ့သော အကြွေးလေးများအား ဖဲ့ဆပ်လျက် မိသားစုအတွင်းမှ လိုအပ်သည်များအားလည်း
ဝယ်ခြမ်းလေခဲ့ပြီး လက်ထဲတွင်မူ ငွေလေးအနည်းငယ်သာ ကျန်ရှိနေစေတော့သည်။
ဦးအာကာဟာ ပတ်ဝန်းကျင်အတွင်း၌
မိမိဟာ အထက်ဂိုဏ်းဆရာကြီးတစ်ဦးဟု အများတကာမှ သိရှိထားခဲ့ခြင်းကြောင့် ယခုအခါ ဖုတ်ဝင်သည်နေအိမ်ဆီမှ
မိမိအား လာရောက်ပင့်ဆောင်စေခဲ့ရင်း ဦးအာကာသည်လည်း ဖုတ်ဝင်သည်နေအိမ်ဆီသို့ သွားရောက်လေခဲ့သည်။
ညနေစောင်းအချိန်သို့ရောက်ရှိလာခဲ့ပြီး ဦးအာကာသည်လည်း နေအိမ်ဆီသို့ပြန်လည်ရောက်ရှိလာလေခါ
မိသာစုများနှင့်အတူ ထမင်းလက်ဆုံစားသောက်ခဲ့ပေသည်။
တောရွာလေးပင်ဖြစ်နေလျက်
ပတ်ဝန်းကျင်တစ်ခုလုံးတွင်လည်း ရိုးပျက်ရိုးခြောက်အ၀ါများနှင့် ပြည့်နှပ်နေခဲ့ပြီး လယ်ကွင်းပြင်များမှ
တိုက်ခတ်လာခဲ့သော လေပြေလေးများမှာ လက်ဆတ်၍အေးမြနေလျက်ရှိသည်။ ညအချိန်သို့ရောက်ရှိလာခဲ့ရင်း
စုတ်တံများနှင့်အတူ သူတစ်ယောက် စိတ်ကူးပုံဖော်ရမည့် ပန်းချီကားချပ်အား ရေးဆွဲရန်အတွက်
အေးမြ၍ခြောက်သွေ့နေခဲ့သော နေအိမ်နံဘေးဆီသို့ ဆင်းသတ်လေခါ ပန်းချီကားအား စတင်ပုံဖော်ရန်အတွက်
ဟန်ပြင်လိုက်စေသည်။ သို့သော်…
''ဟင်… ငါဘယ်ကနေ ဘယ်လိုစဆွဲရပါ့မလဲ''
''မဟုတ်သေးပါဘူး''
''ဟာကွာ… ကျွတ်''
ပန်းချီပုံကြမ်းရေးဆွဲရန်အတွက်
ခဲတံလေးအား ကိုင်ဆောင်လိုက်စေရင်း မည်သည့်နေရာမှနေ၍ စိတ်ကူးအတွင်းမှ ပြင်သစ်နိုင်ငံသားကြီးပြောဆိုလာခဲ့သော
ဘီလူးရုပ်ကိုပင် သူတစ်ယောက် ရေးဆွဲရမည်မှန်း မစဉ်းစားတတ်တော့ချေ။ အဘယ့်ကြောင့် ထိုကဲ့သို့ဖြစ်သွားရသနည်းမသိ။
အေးမြစွာတတ်ခတ်လိုက်ခဲ့သော တပေါင်းညချမ်းအချိန်ခါလေး၏ လေပြင်လေးများအား တဝကြီးရှုရှိုက်လေခဲ့ရင်း
ပုံဖော်ရမည့် ဘီလူးရုပ်အသွင်းအား စဉ်းစားနေခဲ့ရလေသည်။ သို့သော်လည်း ညနက်အချိန်သို့သာ
ရောက်ရှိလာစေရင်း ယခုအချိန်ထိ ပန်းချီပိတ်ကားအတွင်း၌ မည်သည့်ခဲရာလေးတစ်ချောင်းကိုမျှ
မရေးဆွဲခဲ့ရသေးချေ။
''ကိုအာကာ… ဟေးကိုအာကာ''
''ဟင်… သြော်မယ်ကြည်… ဘာဖြစ်လို့တုန်း''
''နှစ်နာရီတောင်ကျော်နေပြီ ရှင်မအိပ်သေးဘူးလား လာပါတော်!… အလုပ်ကိုနားနားနေနေလုပ်ပါ
လာလာ အိပ်တော့''
''အေး… အေးပါကွာ''
''ဟင်!… ရှင်အိပ်ပျော်နေတာလား ပန်းချီဆွဲမလို့ဆို''
''ဟုတ်တယ်လေမယ်ကြည်ရ ဘာဖြစ်လို့လဲ''
''ဘာဖြစ်ရမှာတုန်းတော့… ဘယ်မလဲ စာရွက်အပေါ်မှာ မျဉ်းတစ်ကြောင်းတောင်
ဆွဲထားတာမတွေ့ပါလား''
''ဟုတ်တယ်မယ်ကြည်ရ… ပန်းချီဆွဲမလို့ အောက်ဆင်းလာတာပဲ ဒါပေမယ့် ဘယ်ကနေဘယ်လို
စဆွဲရမှန်းမသိတော့တာနဲ့ ငါစဉ်းစားနေတာ''
''သြော်… တော်ကလည်းတော်… ထားလိုက်တော့ ရှင်တစ်နေ့လုံး ပင်ပန်းထားတာကိုး
လာပါ အိပ်လိုက်တော့ မနက်ကြမှပဲ ဆက်ဆွဲပေါ့''
''အေးအေး''
မိန်းမဖြစ်သူမယ်ကြည်၏
ပြောစကားများအား ဦးအာကာတစ်ယောက် နားထောင်လေခဲ့ရင်း အိပ်စက်အနားယူရန်အတွက် နေအိမ်အပေါ်သို့
ပြန်လည်တတ်ရောက်သွားခဲ့လေသည်။ ထို့နောက် တစ်နေကုန် ပင်ပန်းထားခဲ့သည်ကြောင့် ခေါင်းဦးအပေါ်သို့
ဦးခေါင်းကလေး တင်လိုက်သည်နှင့် ချက်ချင်းဆိုသကဲ့သို့ပင် ဦးအာကာမှာ အိပ်မောကျသွားခဲ့ရလေသည်။
''ငါ့ဟဲ့… နဂါး၊ ဂဠုန်၊ ဂုမာန်၊ ယက္ခ၊ ဂံတ္တပ၊ အာဠာဝက ထက်ကြီးမြတ်တဲ့
ပုဏ္ဏကနတ်ဘီလူးကွ… ဟားဟားဟားဟား… ငါ့ကိုယှဉ်ပြိုင်မယ့်သူ ဒီဇမ္မူမှာရှိလင့်ကစား ငါသာလျင်
အနိုင်ရစေမယ်''
''ဟင်''
''ကိုအာကာ… ကိုအာကာ… ကိုအာကာ''
''ဟင်…''
''ရှင်… ရှင်ဘာဖြစ်တာလဲ… ရှင်ဘာဖြစ်တာလဲ''
''ငါ… ငါအိပ်မက်နေတာမယ်ကြည်''
''ခဏလေး ခဏလေး… ကျွန်မရေသွားခပ်ပေးမယ်''
''ရော့ရော့ ကိုအာကာ သောက်လိုက်…သောက်လိုက်''
''ဟင်း… ငါ… ငါဘယ်လိုဖြစ်သွားတာလဲမယ်ကြည်''
''ရှင်… ရှင်အိပ်နေရင်းနဲ့ ဖျာနဲ့ရှင့်ခန္ဓာကိုယ် လွတ်နေတယ်… ပြီးတော့လည်း
ပါးစပ်ကနေ… ဘာတဲ့ ဟို…ဟို ဘာဘီလူးဆိုလဲမသိဘူး ပြောလည်းပြောတယ်''
''ဟင်… ပုဏ္ဏကဘီလူး''
''ဟုတ်တယ်ဟုတ်တယ် ငါဟဲ့ ပုဏ္ဏကဘီလူးဆိုပြီး ရှင်ယောင်လိုက်တဲ့အချိန်
ရှင့်ခန္ဓာကိုယ်က ကြမ်းပြင်နဲ့လွတ်သွားတာ… ရှင်ဘယ်လိုဖြစ်ရတာလဲ''
''ဟင်… သြော်… မ…မဟုတ်ပါဘူးမယ်ကြည်ရ ငါ…ငါဆွဲမယ့် ပန်ချီကားကို
စိတ်စွဲပြီးအိပ်မက်မက်နေတာပါ ဘာမှမဟုတ်ပါဘူး''
''အိုးတော်… ရှင့်ပါးစပ်ကနေ ပုဏ္ဏကဘီလူးလို့အော်လိုက်တဲ့အချိန် ရှင့်ခန္ဓာကိုယ်နဲ့ကြမ်းပြင်
လွတ်သွားတာ ကျွန်မမျက်စိနဲ့ကိုး တပ်အပ်မြင်လိုက်ရတာ”
''ဟင်… ဟာ… မဟုတ်တာ မင်းအိပ်ချင်မူးတူးနဲ့ အမြင်မှားတာဖြစ်မှာပါ…
ဘာမှမဟုတ်ပါဘူး မယ်ကြည်ရာ လာပါကွာ… ပြန်အိပ်ကြရအောင်''
''ကိုအာကာ…''
''ဟင်… ဘာလဲမယ်ကြည်ပြောလေ''
''ဘာ!… ဘာမှမဟုတ်တော့ပါဘူး''
လင်ယောကျာ်းအား အားကိုးအားထားပြုနေရသည့်
မမယ်ကြည်မှာမူ ဦးအာကာ၏အဖြစ်အပျက်များအား မြင်တွေ့လိုက်ရရင်း အင်မတန်မှစိုးရိမ်ထိန့်လန့်စေမိသည်။
ဦးအာကာတစ်ယောက် အိပ်ယာအတွင်းသို့ ဝင်ရောက်လာခဲ့ရင်း ချက်ချင်းဆိုသကဲ့သို့ပင် အိပ်မောကျသွားခဲ့သော်လည်း
မမယ်ကြည်မှာမူ ကောင်းစွာအိပ်ပျော်ခြင်းမရှိခဲ့သေးပေ။ ထို့ကြောင့် ဦးအာကာ၏ အိပ်မက်နေရင်း
ဖြစ်ပေါ်လာခဲ့သော အဖြစ်အပျက်များအား မမယ်ကြည်မှာမူ သူမ၏မျက်စိဖြင့် အစအဆုံးမြင်တွေ့လိုက်ရပြီးဖြစ်သည်။
ဦးအာကာမှာ မိမိကိုယ်မိမိ နဂါး၊ ဂဠုန်၊ ဂုမာန်၊ ယက္ခ၊ ဂံတ္တပ၊ အာဠာဝကဟူသော နတ်ဘီလူးများထက်
အစွမ်းထက်လှသည့် ပုဏ္ဏကနတ်ဘီလူးပင်ဖြစ်လေသည်ဟု ကြုံးဝါးပြောဆိုလာခဲ့ရင်း အိပ်ယာခင်းနှင့်ဦးအာကာ၏ခန္ဓာကိုယ်မှာ
လွတ်မြောက်နေခဲ့ခြင်းအား မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရခြင်းဖြစ်ပေသည်။
အမြင်မှားခဲ့ခြင်းပင်မဟုတ်၊ သေချာစွာမြင်တွေ့လိုက်ရခြင်းဖြစ်သည်။
ထိုနေ့၌ လမင်းကြီးသည်လည်း သာ၏။ ညဥ့်နက်လာသည်နှင့်အမျှ ပို၍ပင်ထိန်လင်းလာခဲ့ရင်း လင်ယောက်ျားဘက်သို့
မျက်နှာမူလျက် မမယ်ကြည့်တစ်ယောက် ဘေးတစ်စောင်းအိပ်စက်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်
ဦးအာကာတစ်ယောက် အိပ်ခင်းဖျာနှင့် သူ၏ခန္ဓာကိုယ်လစ်လပ်သွားချိန်တွင် အိမ်ပြင်မှ လမင်းကြီး၏အလင်းရောင်များဟာ
လင်ယောက်ျားဖြစ်သူ၏ကွာဝသွားခဲ့သော နေရာအတွင်းသို့ အလင်းများစွာဟာလည်း အစားထိုးဝင်ရောက်လာခဲ့သည်။
ထို့ကြောင့် မှောင်မိုက်နေခဲ့သည့် ခြင်ထောင်အတွင်း၌ ကြမ်းပြင်နှင့်ခန္ဓာကိုယ်လစ်ဟာသွားခဲ့သော
လင်ယောကျာ်း၏အဖြစ်ပျက်များအား ကောင်းစွာမြင်တွေ့လိုက်ရခြင်းဖြစ်လေတော့သည်။
ထိုအဖြစ်ပျက်များကြောင့် မမယ်ကြည်သည်လည်း တစ်စုံတစ်ခုကိုပင် လွန်စွာစိုးရိမ်သွားမိသည်။
သို့သော် မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ဖြစ်ရသနည်းကိုပင် သူမတစ်ယောက် နားမလည်နိုင်ခဲ့ချေ။
သို့နှင့် မိုးစင်စင်လာခဲ့ပြီး
ဦးအာကာတစ်ယောက် ယနေ့အဖို့ ကြားပေါက် အလုပ်အကိုင်လေးများမှာလည်း မရှိသေးသည်ကြောင့်
ရေးဆွဲရန်ကျန်ရှိနေခဲ့သော ဘီလူးရုပ်ပန်းချီကားကိုပင် ရေးဆွဲစေရန်အတွက် ဟန်ပြင်နေစေခဲ့သည်။
လိုအပ်သည့်ပစ္စည်းများကိုပင် ပြင်ဆင်လေခဲ့ရင်း စုတ်တံကိုပင် ကိုင်ဆောင်လိုက်စဉ်၌ မနေ့ညမှ
အိပ်မက်အတွင်း၌မြင်တွေ့လိုက်ရသော ပုဏ္ဏကဘီလူးကြီးကိုပင် ပြန်လည်မြင်ယောင်စေမိသည်။ သို့နှင့်
မျက်လုံးတစ်စုံအားမှိတ်ပစ်လျက် အိပ်မက်အတွင်းမှ ဘီလူးရုပ်ကိုပင် ပြန်လည်ခံစားနေခဲ့မိသည်။
ထိုကဲ့သို့ ပြန်လည်ခံစားနေခဲ့ရာမှ အိပ်မက်အတွင်းမှ ဘီးလူးရုပ်ပုံကြီးမှာ အရှင်းသားပြန်လည်ပေါ်ထွက်လာခဲ့ရင်း
သူ၏အိပ်မက်အတွင်းမှ ဘီလူးပုံသဏ္ဍန်ကိုသာ အလှပဆုံးသော တန်ဆာများဖြင့် စတင်ရေးဆွဲလေတော့သည်။
ထိုသို့ရေးဆွဲနေခဲ့ရာမှ
နေ့လယ်ထမင်းစားချိန်နှင့် ညနေစာ စားသောက်ချိန်လေးကိုသာ အနားပေးစေခါ တခြားသောအချိန်များတွင်မူ
ပုံကြမ်းရေးဆွဲထားခဲ့သော ပန်းချီပိတ်ကားအရှေ့၌သာ အချိန်ကုန်စေခဲ့သည်။ တစ်မိုးချုပ်ခဲ့ပြန်၏။
''မယ်ကြည်… မအိပ်သေးဘူးလား ကလေးတွေရော အိပ်ကုန်ကြပြီလား''
''အချိန်ကိုလည်းပြန်ကြည့်ဦးလေ ဘယ်အချိန်ရှိနေပြီလဲ အိပ်ရောပေါ့…
ရှင်ရောမအိပ်သေးဘူး ကျွန်မရှင့်ကိုစောင့်နေတာ''
''အိပ်တော့မှာပါမိန်းမရ… ဒီမှာကြည့်ပါဦး''
''ဟင်… အောင်မလေး လန့်လိုက်တာ''
''ဘာဖြစ်တာတုန်းမယ်ကြည်ရ''
''ရှင်… ရှင့်ပန်းချီကားက အသက်အရမ်းဝင်နေတယ်… မျက်လုံးမှာလည်း ဆေးချယ်ထားတာ
အရမ်းကောင်းတယ် ပြီးတော့ ပါးစပ်ကအစွယ်တွေကလည်း ထင်နေတာပဲ ခန္ဓာကိုယ်ကလည်း အရမ်းအသက်ဝင်လွန်းတယ်
ရှင့်လက်ရာ အရင်ကထက်ပိုကောင်းလာတယ်သိလား”
''ဟင်!… မယ်ကြည် မင်းဘာတွေလျောက်ပြောနေတာလဲ မဟုတ်မှလွဲရော ငါ့မိန်းမ
ငါ့ကိုရွှဲနေတာနဲ့ထင်တယ်''
''ဟင်… ကျွန်မက ဘာလို့ရွှဲရမှာတုန်း ရှင့်နဲ့ညားကတည်းက ဒီလောက်ထိ
အသက်ဝင်ပြီး ရုပ်ကြွလွန်းတဲ့ ပန်ချီကားမျိုး ရှင်ဆွဲနိုင်တာ တစ်ခါမှမတွေ့ခဲ့ဖူးဘူး…
အခုပန်းချီကားကတော့ တော်တော်လေးကောင်းလွန်းနေတယ်''
''ဟင်!… မယ်ကြည်''
အိပ်မက်အတွင်း၌ မြင်မက်ခဲ့ရသော
ဘီလူးရုပ်ပုံတူအား ရေးဆွဲရန်အတွက် ယနေ့အဖို့ ဦအာကာတစ်ယောက် စာရွက်အဖြူလေးအပေါ်၌ ခဲရာလေးကိုသာ
ပေးထားခဲ့ရသေးသည်။ ဇနီးဖြစ်သူ မမယ်ကြည်ပြောဆိုနေသကဲ့သို့ ဆေးချယ်ထားခြင်းမဆိုနှင့်
ခဲတံလေးနှင့်တောင် ခပ်ကြမ်းကြမ်းအရာပေးထားခဲ့သော နေရာမရှိခဲ့သေးပေ။ ထိုကဲ့သို့အရိပ်ကလေးမျှသာ
နေရာချထားရသေးသော ပန်ချီကားချပ်အား မိမိတစ်ယောက် တိုင်ပင်ပြသသည့်အနေဖြင့် ဇနီးဖြစ်သူ
မမယ်ကြည်အား ဖယောင်တိုင်အလင်းရောင်အောက်၌ ကိုင်ဆောင်ပြသလေခဲ့သည်။ ထိုအခါ ထိုအရာပေးထားခဲ့သော
စာရွက်ကလေးကိုပင် ဇနီးဖြစ်သူမမယ်ကြည်မှာ အတည်ပေါက်ဖြင့် လင်ယောကျာ်းအား ချီးမွန်းခန်းများစွာ
ဖွင့်ဆိုနေစေခဲ့သည်။
လင်ယောကျာ်းဖြစ်သူ
ဦးအာကာ ခဲရာလေးဖြင့်သာ အရာပေးထားခဲ့သော ပန်းချီကားချပ်လေးအား မိန်းမဖြစ်သူမမယ်ကြည်ထံသို့
ပြသခဲ့သော်လည်း မမယ်ကြည်တစ်ယောက် မြင်တွေ့လိုက်ရသည်က ဆေးသားအစုံချယ်မွန်းထားခဲ့ရင်း
ရဲရဲတောက်မျက်လုံးများဖြင့် စိတ်ကြမ်းဝင်နေသည့် ဘီလူးရုပ်ပင်ဖြစ်နေလေခဲ့သည်။ မိန်းမဖြစ်သူ၏
အတည်တကျပြောဆိုလာခဲ့သော ပြောစကားများကြောင့် ဦးအာကာသည်လည်း မိမိကိုင်ဆောင်ထားခဲ့သော
ခဲအရာလေးသာပေးထားရသေးသည့် စာရွက်ကလေးကိုပင် မျက်မှောင်ကြုတ်လျက် စူးစိုက်စွာပြန်ကြည့်မိစေခဲ့သည်။
ထိုအခါ…
''ဟင်!… ဟားဟား… မယ်ကြည် ငါ့မိန်းမတော်တော်အိပ်ချင်နေပြီနဲ့ထင်တယ်
သေချာကြည့်ပါဦး မယ်ကြည်ရ… ဒီမှာဆေးချယ်ထားဖို့မပြောနဲ့ ခဲအရာလေးတွေတောင် ခပ်ထင်းထင်းမချယ်ထားရသေးဘူး
ဟားဟား… ငါ့မိန်းမကတော့လေ''
''ဟင်… အိုးတော် ကျွန်မက မဟုတ်ပဲပြောပါ့မလား… ပြစမ်းပါဦး''
''ကဲ… ကြည့်ကြည့် ဒီမှာကြည့်''
''ဟင်…''
ထိုအခါ လင်ယောကျာ်းဖြစ်သူ၏
ပြသမှု့များကြောင့် ဇနီးဖြစ်သူ မမယ်ကြည်သည်လည်း သေချာစွာပြန်လည်ကြည့်ရှု့မိလေသည်။
''ဟင်…''
''ဟားဟား!… တွေ့လား… ငါ့မိန်းမက ဘယ်ဆိုးလို့လဲ သူ့ယောက်ျားစိတ်ထဲမှာရှိနေတဲ့
ဘီးလူးရုပ်ကိုတောင် အပြင်မှာမြင်ပေးနိုင်တယ်… ကဲပါ လာလာ တို့လည်းအိပ်ကြမယ်''
ဦးအာကာ၏ပြသမှု့များကြောင့်
မိန်းမဖြစ်သူ မမယ်ကြည်သည်လည်း သေချာစွာပြန်လည်ကြည့်ရှု့မိလေခဲ့သည်။ ထိုအခါ ခဲအရာလေးကိုသာ
ပေးထားရသေးသော ပုံကြမ်းလေးကိုသာ မမယ်ကြည်တစ်ယောက် မြင်တွေ့ခဲ့ရချေပြီး။ ဦးအာကာသည်လည်း
ပုံကြမ်းပန်းချီလေးအား ခုံလေးပေါ်တွင် စာအုပ်ထူထူနှင့်ဖိထားလေခဲ့ရင်း ဇနီးဖြစ်သူ၏ ပုခုံးလေးကိုသာထွေးဖတ်လျက်
အိပ်ယာအအတွင်းသို့ ဝင်ရောက်ရန်ဦးတည်လိုက်စေသည်။ သူတစ်ယောက်ရေးဆွဲရန် စဉ်းစားရခတ်နေခဲ့သော
ဘီလူးရုပ်ပုံအား ရေးဆွဲရန်အတွက် အစဖော်ဆောင်နိုင်ခဲ့ပြီဖြစ်သောကြောင့် ဦးအာကာတစ်ယောက် စိတ်အေးစွာဖြင့် နေထိုင်နိုင်ခဲ့သော်လည်း
မမယ်ကြည်မှာမူ သူမတစ်ယောက် အမြင်မှားခဲ့သည့် ပုံကြမ်းစာရွက်ကလေးကိုသာ မသင်္ကာဖြစ်နေမိသည်။
ထို့ကြောင့် ခြင်ထောင်အတွင်းသို့ ၀င်ရောက်ရန်ပြင်ဆင်နေခဲ့သော်လည်း မသင်္ကာမှု့များစွာဖြင့်
စာရွက်ကလေးအား တစ်ဖြန်ပြန်လည်ကြည့်မိလိုက်စေသည်။
ထိုအခါ စာအုပ်အထူလေးဖြင့်ဖိထားခဲ့သော ပန်းချီပုံကြမ်းစာရွက်ကလေးမှာ
မမယ်ကြည်တစ်ယောက် လှည့်လယ်ကြည့်မိလိုက်ချိန်တွင် ထိုစာရွက်ကလေးမှာ မီးဟုန်းဟုန်းတောက်လျက်
အခိုးအငွေ့များစွာဖြစ်ပေါ်လာခဲ့ရင်း သူမအမြင်မှားခဲ့သည့် ဘီလူးရုပ်ပုံမှာ စာရွက်အတွင်းမှ
အရှင်းသား ထွက်ပေါ်လာခဲ့သည်ကိုပင် မြင်ယောင်လိုက်မိစေသည်။ ထို့ကြောင့် အိပ်ယာဆီသို့
ဦးတည်နေခဲ့သော သူမ၏အမူယာများမှာ ရုတ်တရက်ရပ်တန့်သွားခဲ့လေပြီး ပြူးကြောင်ကြောင်မျက်လုံးတို့နှင့်
ပုံကြမ်းစာရွက်သိမ်းဆည်ထားခဲ့သော စာပွဲလေးဆီသို့ လက်ညိုးထိုးပြလျက် စကားများစွာစွန့်အသွားစေခဲ့သည်။
“မယ်ကြည်… မယ်ကြည်… မိန်းမ… မိန်းမ.. ဘာ..ဘာဖြစ်တာလဲ… ဘာဖြစ်တာလဲ”
“ဟို… ဟို… ဟိုမှာ.. ဘီလူး… ဘီလူး”
“ဟင်…ဟာ.. ဘာ.. ဘာဘီလူးလဲမယ်ကြည် ဘယ်မှာလဲ… ဘယ်မှာလဲ.. မရှိပါဘူးကွ..
ဘယ်မှာတုန်း သေချာကြည့်ပါဦး”
“ဟင်…”
“မိန်းမရယ်… မင်းဘာတွေဖြစ်နေတာလဲ.. သေချာကြည့်ပါဦးကွ ဘာမှမရှိပါဘူး…
ငါ့ကြောင့် မင်းလည်းအိပ်ရေးတွေ ရောပျက်ပြီး ဒုက္ခဖြစ်တော့မှာပဲ.. လာလာအိပ်ကြမယ်”
မျက်လုံးတစ်စုံအားမှိတ်လျက် ထိတ်လန့်ကြောက်ရွှံ့မှု့များစွာဖြင့်
မိန်းမဖြစ်သူတစ်ယောက် လက်ညိုးညွှန်ပြရာဆီသို့ ဦးအာကာမှာမူ ဆတ်ခနဲလှည့်ကြည့်လိုက်သော်လည်း
မည်သည့်ုအရာတစ်ခုမှ မတွေ့ရှိခဲ့ရပေ။ ထို့ကြောင့် မိန်းမဖြစ်သူအား ထွေးဖတ်လျက် သေချာစွာပြန်လည်ကြည့်ပါလေဦးဟု
ပြောဆိုခဲ့ရသည်။ ထို့ကြောင့် မမယ်ကြည်သည်လည်း မရဲတရဲဖြင့် ပြန်လည်ကြည့်မိလေခဲ့ရင်း
သူမတစ်ယောက်မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ ပျောက်ကွယ်နေလျက် အမှောင်ရိပ်များစွာ အုပ်ဆိုးနေခဲ့သည့်
မြင်ကွင်းကိုသာလျင် မြင်တွေ့ခဲ့ရချေသည်။ သို့နှင့်ထိတ်လန့်သွားခဲ့သော မိန်းမဖြစ်သူအား
ဦးအာကာမှာ ပြေဖျောက်ပြောဆိုလေခဲ့ရင်း ဦးခေါင်းကလေးကိုပင် ပွတ်သပ်လေခါ ခြင်ထောင်အတွင်းသို့
ဝင်ရောက်ခိုင်းစေခဲ့သည်။
ထိုနေ့ညတွင်လည်း
ဦးအာကာတစ်ယောက် မိမိပုံဖော်ရမည့် ပန်းချီပုံတူဘီလူးရုပ်အား စိတ်ထဲတွင်ထားရစ်လေခါ အိပ်စက်ခဲ့ပြန်သည်။
မနက်လင်းလာခဲ့လျင်လည်း သူ၏စိတ်အတွင်း၌ ရေးဆွဲရမည့် ဘီလူးရုပ်ပုံတူကိုသာလျင် စိတ်အတွင်း၌
စွဲမြဲနေခဲ့၏။ ထိုဘီလူးရုပ်ပုံအောင်မြင်စွာ ရေးဆွဲပြီးသွားမှသာလျင် မိသားစုအတွက် လိုအပ်နေခဲ့သော
ဝင်ငွေများစွာလည်း ပေးအပ်စေနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူ၏စိတ်အတွင်း၌ ဘီလူးရုပ်ပုံကိုသာလျင်
အဆွဲကြီး ဆွဲမြဲနေခဲ့လေ၏။ ယနေ့တွင်လည်း ဦးအာကာတစ်ယောက် ခဲအရာလေးနှင့်ပုံကြမ်းဖော်ထားရသေးသော
ပန်းချီကားအား ပုံကြမ်းမှတဆင့် အချောသတ်ရေးဆွဲရန်အတွက် စတင်ပြင်ဆင်လေခဲ့သည်။ အချောသတ်ရေးဆွဲရန်
ပြင်ဆင်နေခဲ့ရာမှ ညနေစောင်းအချိန်သို့ပင် ရောက်ရှိလာခဲ့ပြီးဖြစ်လေသည်။
စတင်ရေးဆွဲတော့မည့်ဟန်ဖြင့်
စုတ်တံအား ကိုင်ဆောင်လိုက်စဉ်တွင် သူ၏နံဘေးသို့ မိန်းမဖြစ်သူ မမယ်ကြည်နှင့်အတူ မြေးလေးမှာ
ရောက်ရှိလာခဲ့ရင်း ဦးအာကာအား ညင်းထွားသော လေသံတို့ဖြင့် ထိုသို့ပြောဆိုလေတော့သည်။
''ကိုအာကာ… ကျွန်မလက်ထဲမှာ
ပိုက်ဆံပျက်သွားပြီ… မနက်ဖြန်အတွက် ဈေးဖိုးလောက်ပဲရှိတော့တယ်''
''ဟင်!… ဟိုတစ်နေ့ကပဲ ငါထပ်ပေးထားသေးတယ်လေ''
''အိုးတော်!… ရှင်ပေးတဲ့ ငွေလေးတွေနဲ့ အကြွေးတွေရော အိမ်အတွက်လိုအပ်တာတွေရော… မြေးလေးအတွက် လိုအပ်တာလေးတွေအားလုံး ဝယ်လိုက်တာ
ကျွန်မလက်ထဲမှာ ငွေလေးနည်းနည်းပဲကျန်တော့တယ်လေ… အဲ့ဒီငွေလေးနဲ့
နှစ်ရက်စာ အိမ်စရိတ်ကုန်ရောပေါ့ရှင့်''
''ဟာ!…''
''သားကြီးကလည်း လစာကြိုထုတ်လို့မရတော့ဘူး… ရှင့်ချွေးမလေးလည်း မရ.ရတဲ့နေရာကနေ အိမ်စရိတ်ပြန်ထောက်ပေးနေတာပဲ
ဒါပေမယ့် ဒီလမှ အားလုံး အခက်အခဲတွေ ဖြစ်သွားရတာ''
''အေးပါကွာ… မနက်ကျရင်တော့
အလုပ်တစ်ခုခု သွားရှာပါ့မယ်… ဘာမှစိတ်မညစ်ပါနဲ့မယ်ကြည်ရာ… ငါ့တပည့်မြင့်ဝေပြောတာတော့ မနက်ဖြန်ဗုဒ္ဓဟူးနေ့ကြရင်
အလုပ်တစ်ခုခုရမယ်လို့တော့ ပြောထားတယ်ဟ… ရမှာပါ… စိတ်မညစ်နဲ့နော် အစ်ကိုမင်းတို့လေးတွေကို
စိတ်မညစ်စေချင်ဘူးကွာ… ငါတို့မှာ မြေးလေးလည်းရနေပြီမဟုတ်လား
သူ့ကိုလည်း လူတန်းစေ့ထားချင်သေးတယ်''
''ကိုအာကာရယ်… ရှင်လည်း
ပင်ပန်းနေပါပြီ''
''ပင်းပန်းပါလိမ့်စေကွာ မင်းတို့လေးတွေ အမြဲတမ်းပြုံးနေကြတာတွေ့ရင်
ငါပင်ပန်းရကြိုးနပ်ပါပြီ''
''ဟူး…!"
သက်ပြင်းတစ်ချက်အား
ခပ်ပြင်းပြင်းလေးချလိုက်မိစေသည်။ ရေးဆွဲရန်ဟန်ပြင်ထားခဲ့သော် စုတ်တံလေးအားလည်း ဆေးခွက်အတွင်း၌
ပြန်လည်ထားရစ်စေရင်း မိသားစုအပူမျာအား ဦးခေါင်းအတွင်း၌ နေရာယူသွားစေခဲ့တော့သည်။ သို့သော်လည်း
မိမိရေးဆွဲချင်လှသည့် ပုံတူပန်းချီကားချပ်ကလေးမှာမူ မိမိ၏စိတ်ကူးအတွင်း၌ စိတ်တိုင်းအကျဆုံးသော
ပန်ချီကားချပ်လေးအဖြစ် မိမိကိုယ်တိုင်ပင် ရေးဆွဲခဲ့ပြီးပြီးဖြစ်လေသည်။ တစ်မိုးချုပ်လာစေခဲ့ရင်း
မိသားစုများအား ဦးအာကာတစ်ယောက် ယနေ့ညချမ်းလေးအဖို့ အချိန်ပေးထားစေခဲ့သည်။
တစ်လုံးစ၊ နှစ်လုံးစ
မပီတပီပြောဆိုနေခဲ့သော မြေးကလေး၏စကားသံများအား မိသားစုများမှာ ဝိုင်းဝန်းကျယ်စယ်ကြလေးရင်း
နွေးထွေးစွာဖြင့် ရှိနေစေခဲ့သည်။ ထိုအခါ ခြေလှမ်းမှန်မှန်ကလေး နေအိမ်တစ်ခုလုံးအား နေရာအနံ့
လိုက်လံဆော့ကစားနေသည့် မြေးလေးမှာ အဖိုးဖြစ်သူ ဦးအာကာ၏ ပုံကြမ်းပန်ချီကားချပ်အနီးသို့အရောက်
ထိတ်လန့်တကြား အော်ဟစ်လေခဲ့ရင်း ငိုသံပင်လျင် ပျောက်ကွယ်သွားလောက်အောင် ငိုကြွေးစေခဲ့သည်။
ရုတ်တရက် ကလေးငယ်လေး၏ ထိတ်လန့်မှု့များအား မိသားစုများမှာ ကြားသိလိုက်ရသည်နှင့် ပြာပြာသလဲဖြစ်ကုန်ကြလေသည်။
အလွန်ပင်ကြောက်စရာကောင်းလှသော
ပုံရိပ်တစ်ခုအား မြင်တွေ့လိုက်ရသည်နှင့်တူသည်။ အဖိုးဖြစ်သူ၏ ပန်ချီပစ္စည်းအစုံအလင်ရှိနေခဲ့သော
ခေါင်းရင်းနေရာအား လက်ညိုးထိုးလျက် "ဒေဝေါဒေဝေါ"ဟူသော မိဘများ၏ ထိတ်လန့်စရာခြိမ်းခြောက်ထားသည့်
စကားလုံးဖြင့် တရတ်ဆတ်ပြောဆ်ုနေခဲ့လေတော့သည်။
သို့ဖြင့် ကလေးငယ်လေးအား
ဦးအာကာမှာ အထက်လမ်းဆရာပီပီ မန်းမှုတ်ပေးလျက် ရေမန်းများစွာလည်း တိုက်ကျွေးစေခဲ့ရသည်။
သူ၏ပန်ချီပုံများကြောင့် မြေးလေးမှာ ထိုကဲ့သို့ထိတ်လန့်သွားခဲ့ရသည်ဟု ဦးအာကာတစ်ယောက်
မထင်မြင်ခဲ့သေးပေ။ သာမာန်ဖြင့်သာ ထင်မြင်စေခဲ့ရင်း စိတ်ကူးအတွင်း၌ ပုံတူပန်းချီရေးဆွဲရန်အတွက်
ပုဏ္ဏကဘီလူး၏ပုံသဏ္ဍန်များအား မြင်ယောင်လေခါ ထိုတစ်ညအဖို့ အိပ်စက်အနားယူစေခဲ့သည်။
မနက်လင်းလာသည်နှင့် ပန်းချီကားပြီးမြောက်စေရန်
မိမိ၏ယခုရေးဆွဲနေသည့် ပန်ချီကားချပ်အား ဈေးကောင်းပေးထားခဲ့သော နိုင်ငံခြားသားတစ်ယောက်
လာရောက်ယူဆောင်တော့မည့် ချိန်းဆိုထားခဲ့သော နေ့ရက်မှာလည်း နီးကပ်နေခဲ့ပြီးဖြစ်သည်။
သို့သော် အကြောင်းအမျိုးမျိုးဖြင့် ဦးအာကာမှာမူ ယခုအချိန်ထိ ပုံကြမ်းမျှသာ ရေးဆွဲထားရသေးသည်။
လျင်မြန်စွာအကောင်အထည် ဖော်နိုင်ရန်အတွက်လည်း ဦးအာကာမှာ သွားသတိ၊ လာသတိ၊ စားသတိ၊ နေသတိ
အစား အချိန်တိုင်းသာလျင် ဘီလူးရုပ်ပုံအား စိတ်အတွင်း၌ စွဲမြဲနေခဲ့ရသည်။ သို့သော် အကောင်အထည်မဖော်ရသေးပေ။
ယနေ့အတွက်လည်း တစ်နပ်စာတည်းသာ ဈေးဖိုးအတွက် ငွေလေးအနည်းငယ်ရှိသည်။ မိမိတစ်ယောက် ဘာလုပ်ရမည်နည်း။
''အိုးကွာ!… ဖြစ်ချင်ရာဖြစ်!…
ပန်းချီကားတော့ မြန်မြန်ပြီးသွားမှဖြစ်မယ် ဒါမှ လောလောဆယ် ငွေလေးပေါ်နိုင်မှာ''
ထိုသို့တွေးတောလေမိရင်း
ပန်းချီရေးဆွဲရန်အတွက် ပစ္စည်းအစုံအလင်အား ပြင်ဆင်လိုက်စဉ်တွင် အိမ်ရှေ့တံခါးဝမှ မိမိအား
ခေါ်ဆောင်နေခဲ့သည့်အသံကိုပင် ကြားသိလိုက်ရစေသည်။
''ဗျို့… ဆရာကြီး… ဆရာကြီး''
''ဟ!… ဘယ်သူတုန်းကွ… ဟော…မောင်မြင့်ဝေပါလား… လာလေကွာ''
''ဆရာကြီး… ကျွန်တော်ပြောထားတဲ့
အလုပ်အဆင်ပြေတယ်ဗျ အဲ့ဒါအခုကျွန်တော်သွားမလို့ ဆရာကြီးလိုက်မှာလား မလိုက်ဘူးလားဆိုတာသိချင်လို့
ဝင်မေးတာ''
''ဟ!… လိုက်မှာပေါ့ကွ အတော်ပဲမင်းကိုမျှော်နေတာ''
''ကဲဗျာ… ဒါဆိုမြန်မြန်လာ''
''အေးအေး… ငါ့ကောင်ရေ
လာပြီကွ''
ပန်းချီရေးဆွဲရန်ရှိနေသေးသော်လည်း
လောလောဆယ်အတွက် မိသားစုစားဝတ်နေရေးမှာ အရေးကြီးနေသော်ကြောင့် ဦးအာကာသည်လည်း တပည့်ဖြစ်သူခေါ်ဆောင်အနောက်သို့
ကောက်ကောက်ပါအောင် လိုက်ပါသွားခဲ့ချေတော့သည်။
''အိမ်ကပြီးတော့မှာဗျ… လက်စသပ်ဖ်ို့ပဲကျန်တော့တယ်
သူဌေးက သဘောလည်းအရမ်းကောင်းတယ် အခုလည်းကြည့်လေ လုပ်လက်စပန်းရံဆရာက ပစ္စည်းဖိုးငွေတွေလိမ်သွားတာတောင်
စိတ်မဆိုးရှာဘူး အဲ့ဒါကြောင့် အိမ်ကလည်းမပြီးနိုင်သေးပဲဖြစ်နေတာ… ပန်းရံဆရာလိုနေတယ်လို့ပြောတာနဲ့
ကျွန်တော်လည်း ကျွန်တော့်ဆရာ ပန်းရံဆရာတစ်ယောက်ရှိတယ်လို့ အိမ်ရှင်ကိုပြောလိုက်တာ အဲ့ဒါနဲ့
သူကခေါ်ခဲ့ပေးပါလို့ ပြောလာလို့ဗျ…”
''ဒါနဲ့ကွာ အစောကြီးတည်းက ငါ့ကိုဘာလို့မခေါ်ရတာလဲ''
''မဟုတ်ပါဘူးဆရာကြီးရာ ကျွန်တော်တောင် ကျွှန်တော့သူငယ်ချင်းအဆက်အသွယ်နဲ့
အဲ့ဒီအိမ်မှာလူကြမ်းသဘောမျိုး လုပ်ရတာ… ကျွန်တော်သိလို့ကတော့
ကျွန်တော့်ဆရာကို မခေါ်ပဲထားခဲ့ပါ့မလားဗျ''
''အေးပါကွာ… အခုလိုလာခေါ်ပေးတာကိုးပဲ
ငါကကျေးဇူးတင်လှပါပြီကွ…''
ဆရာတပည့်နှစ်ဦးသား
စကားတပြောပြောဖြင့် ဦးတည်လာခဲ့ရာမှ သွက်လပ်လှသော ယောကျာ်းတို့၏ခြေလှမ်းများနှင့် မိနစ်သုံးဆယ်ခန့်
လျောက်လှမ်းလာခဲ့ပြီးနောက်တွင်မူ ဆောက်လက်စအိမ်ကြီးတစ်လုံးအရှေ့သို့ ရောက်ရှိလာခဲ့လေသည်။
ဆောက်လက်စအိမ်ကြီးဟုဆိုစေကာမူ အချောသပ်ရန်သာ ကျန်ရှိနေခဲ့သည့် အိမ်ကြီးပင်ဖြစ်လေသည်။
ခြံအပြင်မှတဆင့် တပည့်ဖြစ်သူ၏ခေါ်ဆောင်ရာအနောက်သို့ လိုက်ပါလာခဲ့ရင်း နေအိမ်ကြီးအတွင်း၌ရှိနေခဲ့သော
အိမ်ပိုင်ရှင်ကြီးရှိနေရာဆီသို့ပင် ရောက်ရှိလာခဲ့လေသည်။
''အစ်ကို!… ဒါကျွန်တော်ပြောတဲ့ ကျွန်တော့်ဆရာကြီး ပန်းရံဆရာဆိုတာပါ''
''သြော်!… ကောင်းပြီလေ… ဆရာရေ
ကြမ်းပြင်တွေကတော့ခင်းပြီးသွားပြီး နံရံတွေလည်း အုတ်တတ်ပြီးသွားပြီဗျ… လုပ်လက်စပန်းရံဆရာက ပစ္စည်းတွေဝယ်ခိုင်းလိုက်တဲ့
ပိုက်ဆံတွေလိမ်သွားတယ်ဗျာ… အဲ့ဒါကြောင့်
အိမ်ပြီးခါနီး ကျန့်ကြာနေခဲ့တာ နံရံတွေကြမ်းတွေကို ဆရာကပဲ ဆက်ပြီးအချောသပ်ပေးခဲ့ပါနော်''
''စိတ်ချပါအစ်ကို… ကျွန်တော့်ဆရာအကြောင်း
ကျွန်တော်ကောင်းကောင်းသိတယ်… နောက်တစ်ခါအလုပ်လုပ်ရင်
သူ့ကိုရှာချင်စိတ်တွေပဲ အစ်ကိုဖြစ်နေမှာသေချာတယ်ဗျ''
''ဟင်… ဘာဖြစ်လို့တုန်းဗျ''
''သြော်… ကျွန်တော့်ဆရာက
အလုပ်လုပ်တဲ့နေရာမှာ အခကြေးငွေထက် စေတနာကိုရှေ့တန်းထားပြီး ကိုယ်ပိုင်ပစ္စည်းလို့ သေသေချာချာလုပ်ပေးတတ်တယ်လေ''
''သြော်… ကောင်းပါပြီဗျ
ကောင်းပါပြီ''
တပည့်ဖြစ်သူ မောင်မြင့်ဝေးမှာမူ
မိမိအား အိမ်ပိုင်ရှင်ကြီးနှင့် မိတ်ဆတ်ပေးခဲ့ပြီးနောက် အိမ်ပိုင်ရှင်ကြီးသည်လည်း ဦးအာကာအား
ကြည်ဖြူစွာနှင့် လက်ခံစေခဲ့သည်။ သို့နှင့်ဦးအာကာသည်လည်း အချောသပ်ရန်သာ ကျန်ရှိနေတော့သည့်
ထိုအိမ်ကြီး၏ တစ်အိမ်လုံးအား ပန်းရံပညာတို့ဖြင့် စတင်အချောသပ်စေခဲ့သည်။ တစ်ရက်တည်းနှင့်ပြီးမြောက်သွားမည်မဟုတ်။
နေအိမ်ကြီးမှာ အကျယ်အားဖြင့် ပေနှစ်ဆယ်ကျော်ခန့်ရှိနေခဲ့ပြီး အရှည်မှာမူ အလွန်ပင်ရှည်လျားလှစွာ
တည်ဆောက်ထားခဲ့သည်။ နှစ်ထပ်တည်ဆောက်ထားခဲ့သော အိမ်ကြီးသည်လည်းဖြစ်သည်။
အခန်းအားဖြင့် အောက်ထပ်တွင်
သုံးခန်းမျှရှိနေခဲ့ပြီး၊ အပေါ်ထပ်တွင်မူ လေးခန်းနှင့် ပစ္စည်းအဟောင်းများ သိမ်းဆည်းမည့်အခန်းဖြစ်သော
စတိုခန်းတစ်ခန်းအားလည်း တည်ဆောက်ထားစေခဲ့သည်။ ထိုအခန်းများတွင်လည်း နံရံနှင့်ကြမ်းပြင်များစွာ
အချောသပ်ပေးရဦးမည်ဖြစ်သည်။
ထိုကဲ့သို့ကျယ်ဝန်းရှည်လျားလှသော
နေအိမ်တစ်ခုလုံးအား လက်စသပ်နေခဲ့ရသည်ကြောင့် တစ်နေ့တည်းနှင့် မပြီးစီးနိုင်ပဲ သုံးလေးရက်မျှ
ဆက်တိုက်ပြုလုပ်ပေးရမည်ဖြစ်သည်။ အိမ်ပိုင်ရှင်ကြီးမှာ ၁၉၈၉-၁၉၉၀ ခုနှစ်ပိုင်းမှ စစ်ဘက်ဆိုင်ရာ
အရာကြီးတစ်ဦးဖြစ်လေပြီး တည်ငြိမ်အေးချမ်းစွာ နေလိုစိတ်ဖြင့် သစ်ပင်သစ်ရိပ်များနှင့်
အေးမြသာယာလှသော လူနေဝေးသည့် ထိုနေရာအတွင်း၌ မြေနေရာဝယ်ယူလေခဲ့ရင်း ထိုကဲ့သို့ တိုက်ခံအိမ်လေး
ဆောက်လုပ်ထားခြင်းဖြစ်လေသည်။ ထိုအိမ်လေးပြီးဆုံးသွားပါက အိမ်ပိုင်ရှင်မိသားစုများမှာလည်း
ထိုအိမ်လေးဆီသို့ ပြောင်းရွှေ့နေထိုင်ကြမည်ဖြစ်လေသည်။
အချောသပ်ရန်သာ ကျန်ရှိနေတော့သော
ထိုအိမ်လေးအား ပန်းရံဆရာ၏ ငွေကြေးလိမ်လည်မှု့များကြောင့် အချိန်များစွာ ကြန့်ကြာနေခဲ့ရလေပြီး။
ယခုအခါ လတ်တလောမိသားစု စားဝတ်နေရေးအခြေနေများကြောင့် ပန်းချီဆရာကြီးဖြစ်သကဲ့သို့ ပန်းရံဆရာကြီးဖြစ်သော
ဦးအာကာမှာမူ လာရောက်လက်စသတ်ပေးနေရခြင်းဖြစ်သည်။
ဦးအာကာ၏စိတ်အတွင်း၌
အာရုံနှစ်ခုဖြစ်ပေါ်နေခဲ့ရ၏။ ကြမ်းပြင်အချောသပ်နေခဲ့သော်လည်း သူ၏စိတ်အတွင်းမှ အချိန်မှီပြီးစီးရေးဆွဲပေးရန်
ရှိနေသေးသည့် ပန်းချီကားချပ်ရုပ်ပုံကိုသာလျင် မြင်ယောင်တွေးတောနေမိသည်။ သို့နှင့် နေ့လည်ထမင်းစားချိန်သို့ရောက်ရှိလာခဲ့ရင်း
ထမင်းချိုင့်ပါမလာခဲ့သော ဦးအာကာအား အိမ်ပိုင်ရှင်ကြီးမှာ သဘောထားဖြူစင်စွာဖြင့် ကျွေးမွေးစေခဲ့သည်။
ထို့ကဲ့သို့ ထမင်းစားသောက်နေချိန်၌ ဆရာဖြစ်သူ၏ အရိပ်အကဲများအား အကဲခတ်ကြည့်နေမိသော
မြင့်ဝေမှ မျက်မှောင်အာကြုတ်စေရင်း ထိုသို့မေးမြန်းလေတော့သည်။
''ဆရာ… ဆရာ့ကြည့်ရတာ
တစ်ခုဖြစ်နေသလိုပဲ အရင်နဲ့မတူပါလား ဘာဖြစ်နေတာလဲဆရာ ဒီမှာအလုပ်လုပ်ရတာ အဆင်မပြေလို့လား
ဒါမှမဟုတ် နေများမကောင်လို့လားဟင်''
''ဟင်… သြော်… ငါ… ငါဘာဖြစ်နေလို့လဲကွ''
''ဆရာ့ကြည့်ရတာ တစ်ခုခုကိုတွေးနေသလိုပဲ အရင်တုန်းကဆို ဆရာနဲ့အလုပ်တူတူလုပ်နေရင်
ဆရာက ကျွန်တော်တို့အတွက် ဆုံးမစကားလေးတွေ အမြဲပြောပြောပေးတယ်လေ… အခု အလုပ်စဝင်ကတည်းက ဆရာဘာစကားမှမပြောပဲ
တစ်ခုခုကိုတွေးနေတာ သတိထားမိလို့ဗျ''
''သြော်!… ဟုတ်တယ်မြင့်ဝေရ… မင်းသိတဲ့တိုင်းပဲမဟုတ်လား
တစ်အိမ်သားလုံးက ငါ့လုပ်စာလေးကိုပဲ အားကိုးနေကြတာ ငါလည်းအလုပ်မရှိတာ ကြာလှပြီဆိုတော့
လောလောဆယ် ငါ့သားလုပ်စာလေးနဲ့ပဲ ချွေးတာပြီးစားနေခဲ့ကြတာလေ… အခုလာမယ့် စနေနေ့အမှီ ပန်းချီကားတစ်ချပ် ရောင်းရဖို့ရှိတယ်ကွ
ဒါပေမယ့် ပန်းချီကားကလည်း အခုထိမပြီးနိုင်သေးဘူး အိမ်စရိတ်ကလည်း ပျက်နေတာနဲ့ ဆွဲလက်စပန်းချီကားကို
ရပ်ပြီးမင်းနဲ့အခုလိုလိုက်လာရတာပဲမောင်ရေ… အဲ့ဒါကြောင့်
ညကြရင် အကောင်းဆုံးဆွဲနိုင်အောင် အခုအလုပ်လုပ်နေရင်းနဲ့ စိတ်ထဲမှာထည့်ထားတာကွ ငါ့ကောင်ရ''
''သြော်!… ဒါကြောင့်ကိုး မသိပါဘူးဆရာရာ နေမကောင်းလို့များလားလို့
တော်သေးတာပေါ့… ဒါဆိုဆရာ ထမင်းစားပြီးရင် ကျွန်တော်နဲ့ဒီကအလုပ်သမားလေးတွေ
လက်ဖက်ရည်ဆိုင်သွားကြမယ် ဆရာလိုက်ဦးမလား''
''မလိုက်တော့ပါဘူးကွာ မင်းတို့ဟာမင်းတို့ သွားကြပါ''
''ဟုတ်ကဲ့ဆရာ''
ဦးအာကာ၏ပြောစကားများကြောင့်
တပည့်ဖြစ်သူ မြင့်ဝေသည်လည်း ကောင်းစွာသဘောပေါက် နားလည်စေခဲ့သည်။ သို့နှင့် စားသောက်ပြီးခဲ့သည်နှင့်
လက်ဖော်ကိုင်ဖက် အလုပ်သမားများမှာ အချိုတည်ရန်အတွက် လက်ဖက်ရည်ဆိုင်ရှိရာသို့ ကိုယ်ဆီထွက်ခွာသွားကြလေပြီး။
လက်ဖက်ရည်ဆိုင်တည်ရှိရာနှင့် ထိုနေအိမ်ကြီးမှာလည်း အလွန်ပင်ဝေးကွာစေလှသည်။ သို့သော်လည်း
ထိုသူများမှာ မြင့်ဝေနှင့်အတူ လက်ဖက်ရည်ဆိုင်ရှိရာဆီသို့ ဦးတည်ခဲ့ကြရင်း ဦးအာကာမှာမူ
အရိပ်ကောင်းသော အိမ်ကြီး၏နံဘေးတွင်သာ တစ်ကိုယ်တည်းကျန်ရစ်နေစေခဲ့သည်။ ပါးစပ်ထဲတွင်လည်း
ဆေးပေါလိပ်ကြီးအား ခဲထားစေခါ အိမ်ကြီး၏နံဘေး ခင်းထားခါစ သံပမ်သလင်းနံဘေးနားတွင်သာ ထိုင်လိုက်စေသည်။
အိမ်ကြီးဟာ ထိုပတ်ဝန်းကျင်တွင်
တစ်အိမ်တည်း တည်ရှိနေခဲ့ရင်း နံဘေးပတ်ဝန်းကျင်တွင်မူ သစ်ပင်များစွာ ပေါက်ရောက်နေလျက်
ထိုသစ်ပင်များမှ တိုက်ခိုက်လာခဲ့သော လေပြေလေများသည်လည်း တပေါင်းလ၏ အပူဒဏ်များအား ဖုံးလွှမ်းသွားစေနိုင်ခဲ့သည်။
အေးမြသော လေပြေလေညင်းလေးများကြောင့် ဦးအာကာသည်လည်း အနည်းငယ်မျှ ငိုက်မြည်းစပြုလာခဲ့ရင်း
စိတ်များဟာလည်း ကြည်လင်လာစေခဲ့သည်။ ထို့နောက် သစ်ကိုင်းခြောက်လေးတစ်ခုအား ကိုင်ဆောင်မိလေခါ
ထိုသစ်ကိုင်းခြောက်လေဖြင့် ခင်းထားခါစ သံပမ်သလင်းအပေါ်၌ သူ၏စိတ်ကူးအတွင်းမှ အကောင်းဆုံးရေးဆွဲစေမည့်
ဘီလူးရုပ်ပုံတူအား စတင်ရေးဆွဲလိုက်မိစေတော့သည်။
လေပြင်းတစ်ချက်ကား ပြင်းထန်းစေလှသည်။
တပေါင်းနွေ၏ပူပြင်းနေခဲ့သော နေမင်းကြီးမှာ မဲမှောင်နေခဲ့သည့် တိမ်စိုင်ကြီးများမှ ဖုံးလွှမ်းသွားစေခဲ့ရင်း
လောကတစ်ခွင်လုံးသည်လည်း နေကြတ်ခြင်းဟု သတ်မှတ်သွားစေလောက်အောင် ဖြစ်ပေါ်သွားခဲ့သည်။
ထိုကဲ့သို့အဖြစ်ပျက်များကိုပင် ငိုက်မြေးနေခဲ့သော ဦးအာကာတစ်ယောက် သတိမထားမိခဲ့ချေ။
စိတ်ကူးအတွင်းမှ ရှိနေခဲ့သော
ဘီလူးရုပ်ပုံတူမှာ ပုံဖော်ရန်အတွက် အနည်းငယ်မျှ စဉ်းစားရမည်ဖြစ်သည်။ သို့သော် ယခုဦးအာကာတစ်ယောက်
ခင်းထားခါစ သံပန်သလင်းအပေါ်၌ သစ်ကိုင်ခြောက်လေးဖြင့် ရေးဆွဲနေမိသော် ဘီလူးရုပ်ပုံတူမှာ
အလိုလိုသာလျင် သူ၏လက်များဟာ ရပ်တည့်မရလောက်အောင်ပင် တရတ်ဆတ်ရေးဆွဲနေခဲ့မိတော့သည်။
''ဗျို့… ဆရာကြီး''
အချိန်မည်မျှပင် ကြာမြင့်သွားခဲ့သနည်းမသိ။
လက်ဖက်ရည်ဆိုင်တည်ရှိရာ ဝေးရာအရပ်ဆီမှ တပည့်ဖြစ်သူ မောင်မြင့်ဝေနှင့် လုပ်ဖော်ကိုင်ဖက်များမှာ
ညနေပိုင်းအလုပ်စရန်အတွက် ပြန်လည်ရောက်ရှိလာခဲ့ပြီး မိမိအား ခေါ်ဆိုလိုက်မှသာလျင် ဦးအာကာတစ်ယောက်
အိပ်ပျော်နေရာမှ လန့်နိုးသွားသကဲ့သို့ ဖြစ်သွားရလေသည်။ ''ဟေး''ဟူသော အသံနှင့်အတူ အိပ်မောကျနေရာမှ
နိုးထလာခဲ့ရရင်း မြင့်ဝေ၏အသံလာရာဆီသို့ အိမ်နံဘေးမှနေ၍ ထွက်ရောက်လာခဲ့လေသည်။
''ဆရာကြီး… သြော်
ဆရာကြီးက အိပ်ပျော်နေတာလား''
''ဟမ်!… သြော်… အေး… အေးကွ အိပ်တော့မအိပ်ပါဘူး''
''ဟုတ်ကဲ့ဆရာကြီး အခုနကျွန်တော်တ်ို့လက်ဖက်ရည်ဆိုင် ထိုင်နေတုန်း
နေကြတ်သွားတာများဗျာ မည်းမှောင်သွားတာပဲ ဆရာကြီးသိလိုက်တယ်မဟုတ်လား အဲ့ဒါဘာနိမိတ်များလဲဆရာကြီး''
''ဟမ်!… သြော်… အခုန
နေကြတ်သွားတယ်ဟုတ်လား''
''ဟုတ်…ဟုတ်တယ်လေဆရာကြီးရ… သြော်… ဟားဟားဟား
ဆရာကြီးအိပ်ပျော်နေတာထင်တယ်… ကဲပါ
အဲ့ဒါခဏထား ကျွန်တော်တို့အခ အလုပ်ပြန်စကြမယ်လေ''
''သြော်… အေးအေး''
တပည့်ဖြစ်သူမြင့်ဝေ၏
ပြောစကားများကြောင့် ဦးအာကာသည်လည်း အိပ်ချင်မူးတူပုံစံများဖြင့် မြင့်ဝေ၏အနောက်သို့
လိုက်ပါသွားခဲ့ရလေသည်။ သူတစ်ယောက် ဆွဲမိနေခဲ့သော ဘီလူးရုပ်ပုံအား သပန်သလင်းအပေါ်၌ ဖျက်မိခဲ့ခြင်းမရှိပဲ
၎င်းတိုင်းသာလျင် ထားရစ်စေခဲ့မိလေတော့သည်။
****** ***** ****
-အကြောင်းအမျိုးမျိုးနှင့် ရေးဆွဲရန် ပျက်ပျယ်နေခဲ့ရသော ပန်းချီကားချပ်အား
ဦးအာကာတစ်ယောက် ရေးဆွဲနိုင်လိမ့်မည်လား။ ထိုပန်းချီကားချပ် ရေးဆွဲပြီးခဲ့လျင်လည်း
ဦးအာကာတို့၏မိသားစုများမှာ အဖြစ်ဆိုးများစွာနှင့် ကြုံတွေ့သွားရမည်လား။
-ပုဏ္ဏကနတ်ဘီလူး ပန်းချီကား၏ နက္ခသင့်ဆိုးကျိုးများကြားမှ မိသားနှစ်စု၏
အသေဆိုးများ။ အိမ်စောင့်ဘတုတ်ခြိမ်းခြောက်ခံရသည့် ညတစ်ည။
-ပုဏ္ဏကစားတဲ့ အိမ်မဲကြီးအဖြစ်သို့ မည်သို့ပင် ဖြစ်ပေါ်လာရသနည်း။
မည်သည့်အတွက်ကြောင့် တစ်နှစ်တစ်ခါသည်လည်း ထိုအိမ်ကြီးအတွင်း၌ လူစားလဲလယ်နေရသနည်း။
-တစ္ဆေလိုက်လူငယ်ငါးဦးနှင့် ထိုအိမ်ကြီးမှာလည်း မည်သို့ပင် ပတ်သတ်ဆက်နွယ်လာကြဦးမည်နည်း။
……အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၂)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
ကျန်ရှိနေသေးသော
ဇာတ်လမ်းအဆက်အား
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေ။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)








No comments:
Post a Comment