
ပုဏ္ဏကစားတဲ့ အိမ်မဲကြီး
အပိုင်း(၃)
ပြောင်းလဲနေသည့် ပုဏ္ဏကပန်းချီ
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
-လူစားလဲတဲ့အိမ်မဲကြီး….
-ဘယ်လို… လူစားလဲတဲ့အိမ်မဲကြီးဟုတ်လား..
-ဟုတ်တယ်… အဲ့ဒီအိမ်ကြီးဆီရောက်ပြီသွားရင် ပြန်လမ်းမရှိနိုင်ဘူး…
နှစ်တိုင်းအဲ့ဒီအိမ်မဲကြီးမှာ လူစားလဲတယ်..
-မျက်စိလည်တတ်တယ်… ၀င်္ကပါလိုထွက်ပေါက်မရှိဘူး
-ပုဏ္ဏကစားတဲ့အိမ်မဲကြီးဆိုတာကရော….
-အတူတူပဲ ပွဲစားကြီးဦးမြ၀င်းဖေ…ပိုင်ဆိုင်တဲ့ အိမ်ကြီးတစ်အိမ်ပဲ
-အိုးကွာ… နောက်ဆုံးပြောချင်တယ် မင်းတို့ခေတ်လူငယ်တွေ အရာရာမစပ်စုချင်ကြနဲ့
အားလုံးသေကုန်ကြလိမ့်မယ်
ခြေသံများအား ကြားသိလိုက်ရသည်နှင့်
အိမ်စောင့်ဘတုတ်သည်လည်း ထိုင်လျက်ရှိနေရာမှ ဆတ်ခနဲထမိလေခါ မိတ်ဆွေဖြစ်သူ ပယောဂါဆရာကြီးဘက်သို့
အားကိုးတကြီးကြည့်မိလိုက်စေသည်။ ထို့ကြောင့် ပယောဂါဆရာကြီးနှင့် ခြံစောင့်ဘတုတ်တို့မှာမူ
မျက်နှာချင်းဆိုင် ကြည့်မိစေခဲ့ရင်း အသံကြားရာအပေါ်ထပ်ဆီသို့ မော့ကြည့်လေခဲ့မိသည်။
ထို့နောက်…
''ဆ… ဆရာ… ကြား… ကြားလိုက်ရလားဆရာ''
''အင်း!… ကြားတယ်''
''လုပ်… လုပ်ပါဦးဆရာရယ်
အပေါ်… အပေါ်မှာ ဘယ်သူမှ… ရှိ… ရှိနေတာမဟုတ်ဘူး''
''နေစမ်းပါဦးကွာ မင်းကြောက်နေရင် ငါဘယ်လိုဆက်လုပ်ရမလဲ ကြောက်မနေနဲ့… ကြောင်တွေဘာတွေများ ခုန်ချတာဖြစ်မှာပေါ့''
''ဟာဗျာ… ခင်ဗျားကလည်း
ဒီအသံက ကြောင်ခုန်ချတဲ့အသံဖြစ်ပါ့မလားဗျ ဒီလောက် ခြေသံပြင်းပြင်းနဲ့ လမ်းလျောက်နေတဲ့အသံကြီးကိုး''
''အေးပါကွ မင်းဒီမှာခဏနေခဲ့ ငါအပေါ်တတ်ကြည့်ဦးမယ်''
''ဟင်… ဟာ… ဟာဗျာ… ကျွန်တော်တစ်ယောက်တည်း
မနေရဲဘူး… ခင်ဗျား… ခင်ဗျားနဲ့လိုက်ခဲ့မယ်''
''ကဲ… ဒါဆိုလည်းလာ''
ပယောဂါဆရာကြီးပြောဆိုလေသကဲ့သို့
အပေါ်ထပ်မှ ယခုထက်ထိ ကြားနေခဲ့ရသော အသံများဟာ ကြောင်ခုန်ချခဲ့သည့် အသံမျိုးပင်မဟုတ်၊
ခြေသံခပ်ပြင်းပြင်းဖြင့် လျောက်လှမ်းနေခဲ့သော ခြေသံများပင်ဖြစ်လေသည်။ နှစ်ဦးသား တိုင်ပင်ပြောဆိုမိကြရင်း
အသံကြားရာ အပေါ်ထပ်ဆီသို့ အကဲခတ်ကြည့်ရှု့ရန်အတွက် ဖြေးညင်းစွာတတ်ရောက်သွားခဲ့လေသည်။ ။
''ဟင်!… ဘယ်… ဘယ်သူမှမရှိပါလား''
''ဟာ!… ဟိုမှာ… ဟိုမှာခြေယာတွေထင်နေတယ်ဆရာ''
''ဟေး!…''
အပေါ်ထပ်လှေကားအရင်းသို့
ရောက်ရှိလာခဲ့ရင်း လှေကားအရင်းမှနေ၍ အပေါ်ထပ်အတွင်းသို့ ချောင်းမြောင်းကြည့်ရှု့လိုက်သော်လည်း
အပေါ်ထပ်အတွင်းမှ မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေခဲ့ပဲ ကြားနေခဲ့ရသော် ခြေသံများဟာလည်း
ရပ်တည့်သွားခဲ့ခြင်းမရှိခဲ့သေးပေ။ လျောက်လှမ်းနေခဲ့သည့် တစ်ဦးတစ်ယောက်၏ အရိပ်အယောင်များဟာလည်း
အကောင်အထည်အားဖြင့် မမြင်တွေ့နိုင်ခဲ့သော်လည်း ၎င်း၏ခြေယာများကိုသာလျင် အရှင်းသားမြင်တွေ့စေနိုင်သည်။ ။
အိမ်ပိုင်ရှင်ကြီးမှာ
စစ်ဘက်ဆိုင်ရာ အရာရှိကြီးတစ်ဦးဖြစ်သည်ကြောင့် နေအိမ်တည်ဆောက်မည်ဆိုကတည်းမှ မီတာပုံးရရှိထားခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ယခုကဲ့သို့ နေအိမ်ပြီးမြောက်သွားခဲ့သည့် အချိန်အတွင်းမှာပင် သူ၏နေအိမ်ဆီ၌
လျပ်စစ်မီးချက်ချင်းပင်လျင် ရရှိစေခဲ့သည်။ ခြံစောင့်ဘတုတ်နှင့် ပယောဂါဆရာတို့သည်လည်း
ကြောက်လန့်စိတ်များစွာ ရှိနေခဲ့ကြသော်လည်း စူးစမ်းချင်သည့် စိတ်များဟာ ပို၍ပင်ကြီးထွားနေစေခဲ့သည်။ ။
ထို့ကြောင့် ထိုသူနှစ်ဦးသားသည်လည်း
လှေကားအရင်းမှနေခါ နေအိမ်အပေါ်ထပ်ဆီသို့ တစ်လှမ်းချင်း တတ်ရောက်လာခဲ့ရာမှ ထိုသူနှစ်ဦးသား
အပေါ်ထပ်ဆီသို့ ရောက်ရှိလာခဲ့သည်နှင့် လျပ်စစ်မီးများမှာ ရုတ်တရက် ပျက်တောက်သွားခဲ့လေသည်။
''ဘတုတ်!… ဘတုတ်''
''ဆ… ဆ… ဆရာ… ဆရာ''
''ဘတုတ်… မီးပျက်သွားပြီး
ငါ့အနားမှာပဲနေ မကြောက်နဲ့နော်ကြားလား''
''ဟုတ်… ဟုတ်ကဲ့ဆရာ''
အိမ်စောင့်ဘတုတ်အား
အားပေးစကားပြောဆိုစေခဲ့ရင်း ပယောဂါဆရာကြီး၏ ခြေလှမ်းများမှာ အရှေ့သို့ဆက်မည့် ခြေလှမ်းများပင်မဟုတ်တော့ပဲ
လှေကားဆီမှတစ်ဆင့် အောက်ထပ်ဆီသို့ ဆင်းသတ်တော့မည့် ဟန်ပန်ပင်ဖြစ်စေခဲ့သည်။ သို့သော်
ဘတုတ်၏ခြေလှမ်းများမှာ ပယောဂါဆရာကြီးနှင့် ဆန့်ကျင်ဘက်အနေအထားဖြစ်နေခဲ့ရင်း ကြောင်တောင်တောင်အပြုမူများဖြင့်
အပေါ်ထပ်ဝရမ်တာဆီသို့ ဦးတည်နေစေခဲ့သည်။ ကြားနေခဲ့ရသော ခြေသံပြင်းမျာဟာလည်း ရပ်တန့်သွားခြင်းမရှိခဲ့သေးပဲ
ကြားမြဲတိုင်းသာလျင် ကြားနေခဲ့ရသေးသည်။
။
ပို၍ပင်ထူးဆန်းလာသည်က
အိမ်နံရံကြမ်းပြင်များမှလည်း အသံကြီးတစ်ချို့ ကြားလာခဲ့ရရင်း အမှောင်ထုအတွင်းမှ အိမ်အပေါ်ထပ်တွင်ရှိနေခဲ့သော
ပရိဘောဂပစ္စည်းများမှာ လေအတွင်း၌ ဝဲပျံနေလျက် ဆူညံသံများဟာလည်း ထိုသူနှစ်ဦး၏ နားအတွင်း၌
ခံနိုင်ရည်မရှိလောက်အောင်ပင် ဆူညံနေခဲ့လေတော့သည်။ အတွေ့အကြုံရှိထားခဲ့ဘူးသော ပယောဂါဆရာကြီးမှာမူ
ထိုအဖြစ်အပျက်များအား မြင်တွေ့လိုက်ရသည်နှင့် နံဘေး၌ရှိနေခဲ့သော ဘတုတ်ကိုမူ ထိုကဲ့သ်ို့ပြောဆိုလိုက်မိလေသည်။
''ဘတုတ်!… ဘတုတ်… ငါတို့
ဒီထဲကနေ အမြန်ထွက်မှဖြစ်မယ် ငါလည်းမနိုင်ဘူး… မင်းဟာက
ပုဏ္ဏကအတိုက်ခံထားရတဲ့အိမ်ကြီးကွ''
တုန်ရီနေခဲ့သော စကားသံများဖြင့်
မိမိ၏နံဘေးတွင် ဘတုတ်တစ်ယောက်ရှိနေခဲ့သည်ဟု ထင်မှတ်လျက် ပယောဂါဆရာကြီးမှာမူ ထိုကဲ့သို့ပြောဆိုလိုက်လေသည်။
သို့သော်ဘတုတ်မှာမူ မိမိ၏နံဘေးတွင်ရှိမနေတော့ပဲ လရောင် ခက်ရေးရေး ထင်ဟန်နေခဲ့သည့် ဝရမ်တာဆီသို့
ရောက်ရှိနေခဲ့ပြီးဖြစ်လေသည်။
''ဘတုတ်… ဘတုတ်… သတိထားစမ်း… ဟေ့ကောင်..ဘတုတ်''
''ဟာ… မဖြစ်ပါဘူး
ငါလည်းပြေးမှဖြစ်မယ် ဘတုတ်… ဘတုတ်''
မိမိ၏ခေါ်သံများအား ဘတုတ်တစ်ယောက်
မကြားနိုင်တော့ပဲ ဝရမ်တာမှတဆင့် မြေပြင်အပေါ်သို့ ခုန်ချဟန်ပြုနေခဲ့သည့် အနေအထားအား
မြင်တွေ့လိုက်ရလေတော့သည်။ ထိုအဖြစ်အပျက်များအား မြင်တွေ့လိုက်ရသည်နှင့် ပယောဂါဆရာသည်လည်း
ကောင်းစွာသဘောပေါက်လိုက်ပြီဖြစ်သည်။ ပုဏ္ဏကတိုက်ခံရခြင်းကြောင့် ထိုကဲ့သို့အဖြစ်အပျက်များ
ဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်ပြီး ဘတုတ်သည်လည်း ပုဏ္ဏကစက်ကွင်း၏ ညို့ယူမှု့များအား ခံစားလိုက်ရခြင်းဖြစ်သည်။
ထို့ကြောင့် မိမိ၏ခေါ်သံများအားလည်း အိမ်စောင့်ဘတုန်မှာ ကြားသိနိုင်တော့မည်မဟုတ်။ ထို့ကြောင့်
ဘတုတ်အား ခေါ်ဆောင်မနေတော့ပဲ မိမိသည်လည်းနေအိမ်ကြီး၏ အောက်ထပ်ဆီသို့သာ အပြေးဆင်းသတ်စေခဲ့သည်။
ထို့နောက် နေအိမ်အတွင်းမှ ကြောက်လန့်တကြား လျင်မြန်စွာပြေးရှောင်လျက်
ခြံအပြင်ဆီသို့အရောက် အိမ်ကြီးဆီသို့ နောက်ဆုံးအကြိမ် လှည့်ကြည့်မိသည့်အခါတွင်မူ အိမ်စောင့်ဘတုတ်မှာ
ဝရမ်အပေါ်သို့ မတ်တပ်ရပ်လျက် ခုန်ချတော့မည့်အမူယာများအား မြင်တွေ့လိုက်ရပေတော့သည်။ မိမိသည်လည်း
ဘတုတ်အား ထိုစက်ကွင်းအတွင်းမှ ကယ်တင်ပေးချင်သေးသည်။ သို့သော်လည်း မည်သို့မှပင် ကယ်တင်နိုင်ခွင့်
ရရှိတော့မည်မဟုတ်ပဲ ထိုသူ့အား သွားရောက်ခေါ်ဆောင်ဦးမည်ဆိုလျင် မိမိသည်လည်း ထိုအိမ်ကြီးအတွင်း၌
စက်ကွင်းမိသွားစေနိုင်သည်။ ထို့ကြောင့် သူသည်လည်း ကိုယ်လွတ်ရုံးလျက် နောက်ကြောင်းကြည့်မနေတော့ပဲ
လွတ်ရာဆီိသို့သာပြေးစေတော့သည်။
******
မိုးစင်စင်လင်းလာခဲ့ပြီဖြစ်သည်။
မိုးစင်စင်လာလင်းလာသည့်အချိန်မှာပင်
အိမ်ပိုင်ရှင်မိသားစုများသည်လည်း စစ်ဘက်ဆိုင်ရာ လိုင်းခန်းလေးမှတဆင့် အသစ်သစ်စက်စက်ဖြစ်သော် ထိုအိမ်လေးဆီသို့ ယနေ့မနက်အချိန်မှာပင်
ဂျစ်ကားလေးဖြင့် ပြောင်းရွှေ့လာခဲ့ကြလေသည်။ ထိုအခါ ခြံစည်းရိုးသစ်သားတံခါးလေးမှာ ပွင့်ဟနေခဲ့ရင်း
အိမ်မကြီးတံခါးမှာလည်း ပွင့်လျက်သားဖြစ်နေခဲ့သည်အား အိမ်ပိုင်ရှင်ကြီးမှာ မြင်တွေ့လိုက်ရလေတော့သည်။
ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသည်နှင့် အိမ်ပိုင်ရှင်ကြီးမှာ အိမ်စောင့်ထားခဲ့သော
ဘတုတ်အား ဒေါသထွက်လျက် နေအိမ်အတွင်းသို့ပင် ခပ်မြန်မြန်ဝင်ရောက်လာခဲ့လေသည်။
''ဘတုတ်… ဟေ့ကောင်ဘတုတ်''
''ဟာကွာ… ဒီလောက်သေချာမှာထားရဲ့သားနဲ့
ခြံတံခါးရော အိမ်တံခါးရောဖွင့်ပြီး ဘယ်ရောက်နေရတာလဲ''
''ဘတုတ်… ဟေ့ကောင်ဘတုတ်''
''တောက်!… ဒီကောင်ကတော့ကွာ''
နေအိမ်အတွင်းသို့ ဒေါသတကြီးဝင်ရောက်လျက်
အိမ်စောင့်ဘတုတ်အား အသံပေးအော်ခေါ်နေခဲ့သော်လည်း အိမ်စောင့်ဘတုတ်၏ ပြန်လည်အသံပေးသော်
အသံများကိုပင် မကြားခဲ့ရချေ။ အိမ်အပေါ်ထပ်သို့ တတ်ရောက်ရှာဖွေဦးမည်ဟု ကြံဆလိုက်သော်လည်း
…
''အင်း!… မဖြစ်သေးပါဘူး''
ထိုသို့ရည်ရွတ်လေခါ
ခြံပြင်အတွင်း၌ ရှိနေခဲ့ကြသည့် သူ၏မိသားစုထံသို့ ပြန်လည်သွားရောက်လေခဲ့ပြန်သည်။
''ကိုချစ်တင်… ခင်တို့ကိုဘယ်ခေါ်လာတာလဲ''
''ကဲလာ… ဒီမှာမိန်းမရေ… မင်းတို့လေးတွေ တအံ့တသြဖြစ်သွားအောင် အစ်ကိုစီစဉ်ထားတာလေ''
''ဟင်!… ဘာကိုလည်း''
''သြော်!… ဘာဖြစ်ရမှာတုန်းချစ်မိန်းမရ ဒါကအစ်ကိုတို့အိမ်အသစ်လေးပေါ့… အစ်ကိုရာထူးတတ်ပြီး ဝင်ငွေတွေကလည်း ခင်သိတယ်တဲ့အတိုင်းပဲလေ
ကောင်းလာတယ် ပြီးတော့ တိုင်တို့၊ သစ်တို့ အဲ့ဒါလေးတွေ တဖြည်းဖြည်းစုပြီး အခုလိုအိမ်လေးဆောက်လိုက်ရတာပဲ''
''ဟင်!… ဒါဆို ဒီအိမ်လေးက ခင်တို့အိမ်ပိုင်လေးပေါ့ ဟုတ်လားကိုချစ်တင်''
''သိပ်ဟုတ်တာပေါ့မိန်းမရ''
''ဟယ်!… ဝမ်းသာလိုက်တာတော်!… ဒါကိုးအစတည်းက ဘာဖြစ်လို့မပြောရတာလဲ''
''သြော် ငါ့မိန်းမကို ဝမ်းသာစေချင်လို့ပေါ့''
စစ်ဘက်ဆိုင်ရာ အရာရှိကြီးဖြစ်သော
ဦးချစ်တင်၏ မိသားစုပင်ဖြစ်သည်။ ဦးချစ်တင်ဟူသော အိမ်ပိုင်ရှင်ကြီးတွင် မိသားစုလေးဦးရှိ၏။
သုံးနှစ်သားအရွယ် သားလေးတစ်ယောက်နှင့် သူ၏ချစ်ဇနီး မခင်အေးနိုင် အပါအဝင် မခင်အေးနိုင်၏မိခင်ဖြစ်သူ
ဒေါ်ဘွားရှင်၊ ထိုသူများအားလုံးသည်လည်း ယခုမြင်တွေ့နေခဲ့ရသော အိမ်အသစ်လေးမှာ မိမိတို့၏
ကိုယ်ပိုင်အိမ်လေးပင်ဖြစ်ကြောင်း ဝမ်းသာအားရ သိရှိလိုက်ရလေတော့သည်။ အိမ်ပိုင်ရှင် ဦးချစ်တင်၏
ယောက်ခမ တော်စပ်သူ ဒေါ်ဘွားရှင်ဟာ ရှေးလူကြီးတစ်ဦးဖြစ်လျက် သူမငယ်စဉ်အခါက နေထိုင်ခဲ့သော
သာယာဝတီနယ်ဘက်တွင် စုန်း၊ အောက်လမ်းပညာရပ်များအား လိုက်စားခဲ့ဘူးသည်။ ထိုတင်မက ထိုပညာရပ်များနှင့်လည်း
မကောင်းမှု့များစွာ ပြုလုပ်ခဲ့ဘူးလေသည်။
သို့သော် ယခုအခါ အသက်အရွယ်ရရှိလာခဲ့ပြီဖြစ်သော်ကြောင့်
ထိုပညာရပ်များအား မေ့ဖျောက်ထားခဲ့ရင်း သာမာန်သူတစ်ဦးအဖြစ်နှင့်သာ နေထိုင်လာခဲ့ခြင်းဖြစ်လေတော့သည်။
ခြံတံခါးမှအစ အိမ်တံခါးအထိတိုင်အောင် ဖွင့်လစ်နေခဲ့ရင်း ခြံစောင့်ဘတုတ်တစ်ယောက် မည်သည့်နေရာဆီသို့
ထွက်ခွာသွားခဲ့သည်သနည်းမသိ။ အိမ်ပိုင်ရှင်ကြီးမှာလည်း အိမ်စောင့်ထားခဲ့သော ဘတုတ်အား
သတိထားမိနေသေးသည်။ သို့သော် ယခုအခါ မိသားစုများနှင့် ပျော်ရွှင်နေခဲ့ရခြင်းကြောင့် ဘတုတ်တစ်ယောက်
ပြန်လည်ရောက်ရှိလာမှသာလျင် အပြစ်ကောင်းကောင်းပေးတော့မည်ဟု တွေးတောထားခဲ့လေသည်။
နေအိမ်အပေါ်ထပ်တွင်လည်း ပရိဘောကပစ္စည်းများမှာ ပြိုလဲကျနေလျက် သို့သော်
မည်သည့်ပစ္စည်းတစ်စုံတစ်ရာမျှ ပျောက်ရှသွားခဲ့ခြင်းမျိုး မရှိခဲ့ပေ။ ဘတုတ်တစ်ယောက် အဘယ်သို့ရောက်ရှိနေခဲ့ရသနည်း။
မိမိ၏ယုံကြည်စိတ်ချရသော အိမ်စောင့်ဘတုတ်မှာ မိမိ၏ပစ္စည်းများအား ခိုးယူတိမ်းရှောင်သွားခဲ့ခြင်းမျိုးမဟုတ်ပဲ၊
လူသာလျင် ပျောက်ဆုံးနေခဲ့ခြင်းမျိုးဖြစ်လေသည်။ အိမ်ပိုင်ရှင်ကြီးသည်လည်း ထိုအဖြစ်ပျက်များကိုပင်
စဉ်းစားရခက်နေခဲ့ရင်း သာမာန်အနေနှင့်သာ ဖြေဖြေဖျောက်ဖျောက်ထားရှိစေခဲ့သည်။
အိမ်ပိုင်ရှင်ဦးချစ်တင်၏ ယောက်ခမ တော်စပ်သူ ဒေါ်ဘွားရှင်မှာမူ ထိုနေအိမ်သို့
စတင်ဝင်ရောက်လိုက်သည်နှင့် သူမ၏စိတ်အတွင်း၌ ထိုင်းမှိုင်းလေးလံလာခဲ့ရင်း တစ်စုံတစ်ရာအား
စိတ်အတွင်း၌ ခံစားမိလိုက်ချေသည်။
သို့သော်လည်း သမီးဖြစ်သူနှင့်
သမတ်ဖြစ်သူတို့အား ပြောဆိုပြခြင်းမရှိခဲ့ပဲ၊ သူမတစ်ကိုယ်တည်းသာ စူးစမ်းနေခဲ့လေပြီး
နေအိမ်တစ်ခုလုံးအား လှည့်ပတ်အကဲခတ်နေမိခဲ့သည်။ သူမ၏စိတ်အတွင်း၌ သေချာစွာ အကဲခတ်လိုက်မိသည်က
ထိုနေအိမ်အတွင်း၌ မမြင်တွေ့နိုင်သော ပရလောကသားများ ရှိနေခြင်းပင်ဖြစ်လိမ့်မည်ဟူ၍ ဖြစ်ပေသည်။
ဝါသနာကြီးလွန်းလှသော စုန်း၊ အောက်လမ်းပညာရပ်များအား လေ့လာထားခဲ့သည့် ဒေါ်ဘွားရှင်မှာ
ထိုနေအိမ်ဟာ မသန့်ရှင်းသည်ဟု သိရှိနေခဲ့သော်လည်း သူမ၏ဝါသနာအရ မကောင်းသောပရလောကသားများအား
ထိုနေအိမ်အတွှင်း၌ ထားရှိစေရန် ဆန္နရှိလေခဲ့သည်။
ပို၍ပင်ဆိုးသည်က အသက်ကြီးနေပြီဖြစ်သော မိမိအား သားသမီးများမှာ တစ်ကိုယ်တည်းပစ်ပယ်ထားခဲ့ခြင်းဟု
ဒေါ်ဘွားရှင်တစ်ယောက် ခံစားနေခဲ့ရသည်။ မနက်လင်းလာလျင် သမတ်ဖြစ်သူ ကိုချစ်တင်မှာ အလုပ်သွားရောက်လျက်
သမီးဖြစ်သူသည်လည်း အိမ်မှု့ကိစ္စများဖြင့် ရှုတ်ထွေးနေစေခဲ့ရင်း နေ့စဉ်နှင့်အမျှ မိမိဟာ
အထီးကျန်စွာ နေထိုင်နေခဲ့ရပြီဖြစ်သည်။ ထို့ကြောင့် ယခုထိုနေအိမ်အတွင်း၌ မမြင်တွေ့နိုင်သော
ပရလောကသားရှိနေခဲ့လျင် မိမိအဖို့ အဖော်များစွာရရှိခြင်းနှင့် တူလှပေသည်ဟု ထင်မှတ်လိုက်လေသည်။
''ကဲ!… ခင်ရေ အားလုံးလည်းနေရာချပြီးပြီဆိုတော့ ကိုယ်လည်းတော်တော်လေးပင်ပန်းသွားပြီ… တစ်ရေးလောက်ဖြစ်ဖြစ် အိပ်ဦးမယ်ကွာ… သြော် ဒါနဲ့မင်းအမေရော''
''အမေခြံထဲမှာ… ဘာလုပ်ဖို့လဲ''
''သြော်!… ဘာမှမလုပ်ပါဘူး မတွေ့လို့မေးကြည့်တာ… အမက ဒူးလည်းမကောင်းဘူးဆိုတော့ ဒီအောက်ထပ်ခန်းလေးမှာပဲ
နေပါလိမ့်စေ… ကိုယ်တို့လင်မယားနှစ်ယောက်နဲ့သားလေးကတော့
အပေါ်ထပ်ဒေါင့်ဆုံးခန်းမှာ နေရာချထားတယ်သိလား''
''ကောင်းတယ်ကိုချစ်… အဲ့ဒီအခန်းလေးက
လေဝင်လေထွက်လည်းကောင်းတယ် ကျွန်မလည်းကြိုက်တယ်…''
''ကြိုက်ရမှာပေါ့မိန်းမရ… မင်းကြိုက်အောင်
ဒီကမင်းယောကျာ်း စီစဉ်ထားတာလေ…''
''ဟုတ်ပါတယ်တော် ဟုတ်ပါတယ် ဒါနဲ့ ဘာဖြစ်လို့ အခန်းတွေ အများကြီးဖွဲ့ထားရတာတုန်း… အောက်ထပ်မှာ နှစ်ခန်း… အပေါ်ထပ်မှာသုံးခန်း''
''ဟားဟားဟား!… ဒါကဒီလိုလေမိန်းမရ… ကိုယ်တို့ကလေးတွေ မွေးရဦးမယ်မဟုတ်လား သူတို့လေးတွေကြီးလာတဲ့အခါကြရင်
ကိုယ့်အခန်းလေးတွေနဲ့ ကိုယ်နေနိုင်အောင် အခုတည်းက ကြိုတင်လုပ်ပေးထားတာကွ''
''ရှင်ကတော့လေ… ပြောတော့မယ်… ကဲကဲ ပင်ပန်းနေပြီမဟုတ်လား နားလိုက်တော့''
''အေးပါမိန်းမရ''
''သြော်!… လာမယ့်စနေနေ့ကြရင် အိမ်တတ်အလှူလုပ်ဖို့ရှိတယ်… ကိုယ်တို့ပင့်နေကြ ဘုန်းဘုန်းနဲ့သံဃာတော်တွေကို
လျောက်ပြီးပြီသိလား အနီးနားပတ်ဝန်းကျင်အိမ်လေးတွေကို မိတ်ဖြစ်ဆွေဖြစ်လည်း ဖိတ်ရတာပေါ့''
''အမလေးတော်… ကျွန်မတို့အနီးဆုံးအိမ်ဆိုလို့
အဝေးပြေးလမ်းမဘေးက ဆီဆိုင်ပဲရှိတာ… ဘယ်အိမ်ကိုသွားဖိတ်မှာတုန်း''
''သြော်!… ဟုတ်သားပဲ ဘာပဲဖြစ်ဖြစ် ဝေးလည်းမိတ်ဖြစ်ဆွေဖြစ်တော့ ဖိတ်ရမှာပဲဟေ့''
မနက်အချိန်ကတည်းမှ နေအိမ်အသစ်လေးဆီသို့ ပြောင်းရွှေ့လာခဲ့သော အိမ်ပိုင်ရှင်မိသားစုများမှာ
အသုံးအဆောင်ပစ္စည်းများအား နေရာချပြီးသည့်အချိန်မှာပင် နေ့လည်ခင်းအချိန်ဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
နေအိမ်တစ်ခုလုံးအတွက် နေရာချနေခဲ့ရသော အိမ်ပိုင်ရှင်ကြီးဦးချစ်တင်သည်လည်း မောပန်းမှု့များဖြင့်
ခေတ္တခဏမှေးစက်လေခဲ့သည်။
''ကဲ… နင်တို့တွေဒီအိမ်ကြီးထဲမှာ ရှိနေကြတယ်ဆိုတာ
ငါသိနေတယ်… နင်တို့အားလုံးကို ငါနင်မထုတ်ဘူး
အေးဒါပေမယ့်တစ်ခုတော့ရှိတယ် ငါတို့မိသားစုထဲမှာ ကလေးငယ်လေးတစ်ဦးပါတယ် သူကြောက်လန့်အောင်
နင်တို့မလုပ်ပါနဲ့ နင်တို့အဲ့ဒီလိုလုပ်မယ်ဆိုရင်တော့ နင်တို့အားလုံးကို အဝီစိအထိ ငါပို့ရလိမ့်မယ်… အားလုံးကြားကြလား''
''စားကြ… စားကြ… ဝအောင်စားကြ''
''အမေ…''
''ဟေး… သြော်… သမီးဘာဖြစ်လို့တုန်းကွယ့်''
''အမေဘာတွေလုပ်နေပြန်ပြီလဲ''
''ဘာမှမလုပ်ပါဘူးသမီးရ အမေဘာလုပ်နေလို့လဲ''
''အမေတစ်ယောက်တည်း ဘာတွေလျောက်ပြောနေတာလဲအမေရယ် အရင်ပညာတွေကိုမေ့ပစ်လိုက်ပါတော့
အမေ့ကြောင့်သမီးတို့မိသားစုအားလုံး ဒုက္ခရောက်လိမ့်မယ်''
''တိတ်စမ်းသမီး… ဘယ်နေရာမှာမဆို
မကောင်းဆိုးဝါးတွေရှိနေနိုင်တာပဲ အဲ့ဒါကြောင့် သူတို့အားလုံးကို မကြောက်လန့်ဖို့ အမေပြောနေတာ
သမီးတို့မိသားစု ဒုက္ခရောက်အောင် အမေလုပ်နေတာမဟုတ်ဘူး''
''လာပါအမေရယ် လာပါ… ကိုချစ်တင်တွေ့သွားရင်
မကောင်းပါဘူး အမေ့ကိုအပြစ်ပြောနေလိမ့်မယ် လာပါ''
''စားကြ… စားကြ”
“ဟားဟားဟား… ဟားဟားဟား”
အသက်အားဖြင့် (၇၀)ခန့်ရှိနေပြီဖြစ်ပြီး၊ ဒေါ်ဘွားရှင်၏ပုံစံမှာ ဆံပင်များသည်လည်း
ဖြူဖွေးနေခဲ့ပြီဖြစ်သည်။ အသားရည်များသည်လည်း ရွှဲကျနေလျက် သူမ၏မျက်နှာအသွင်ပြင်မှာ
ခပ်ရှည်ရှည်နှင့်၊ ဖြူဖွေးနေခဲ့သော ဆံပင်များအားလည်း သေသပ်စွာ ဖီထားခြင်းမျိုးမရှိခဲ့ပေ။
ပေစောင်းစောင်း အကြည့်များဖြင့် ဒေါ်ဘွားရှင်တစ်ယောက် ကြည့်လိုက်မည်ဆိုလျင် သာမာန်သူများမှ
အမှတ်တမဲ့ ထိတ်လန့်သွားစေလောက်မည်မှာ အသေချာပင်ဖြစ်သည်။
အိမ်ပိုင်ရှင်ဖြစ်သည့်
ကိုချစ်တင်မှာမူ အိမ်အသုံးဆောင် ပစ္စည်းများအား နေရာချပြီးသည့် အချိန်၌ပင် ထိုတစ်နေ့အဖို့
အချိန်ကုန်လုနီးပါးဖြစ်သွားခဲ့လေသည်။ ထို့ကြောင့် ဧည့်ခန်းအတွင်းရှိ ထိုင်ခုံလေးတွင်
ခေတ္တအနားယူနေရင်း ဇနီးသည်ခင်အေးနိုင်မှာမူ ခြံအတွင်းသို့ ဆင်းသတ်လေခါ မိခင်ဖြစ်သူ ဒေါ်ဘွားရှင်၏အပြုအမူများအား
မြင်တွေ့လိုက်ရစေသည်။ သ်ို့သော်လည်း မိခင်ဖြစ်သူ၏ အပြုအမူများအား လင်ယောကျာ်းမရိပ်စားမိစေရန်အတွက်
ဖုံးကွယ်၍နေအိမ်အတွင်းသို့သာ ခေါ်ဆောင်လာခဲ့လေတော့သည်။ ညနေဆောင်းလာသည့်အချိန်တွင်းမှာပင်
ကိုချစ်တင်နှင့် ဇနီးဖြစ်သူအပါအဝင် သုံးနှစ်သားကလေးတို့မှာ ဝယ်ခြမ်းစရာများစွာရှိသည်ကြောင့်
ဈေးသို့သွားရောက်လေခဲ့ရင်း ထိုနေအိမ်တွင်မူ ဒေါ်ဘွားရှင်တစ်ဦးသာ ကျန်ရစ်နေစေခဲ့သည်။
ဒေါ်ဘွားရှင်ဟာ မကောင်းဆိုးဝါးများအား
မွေးမြူထားချင်သည့် အတွေးစိတ်များဟာ နဂိုကတည်းကမှ တည်ရှိနေခဲ့ရင်း ယခုထိုအိမ်ကြီးအတွင်း၌
မကောင်းဝါးများမှာ ဦးစွာရောက်ရှိနေခဲ့သည်ဖြစ်သောကြောင့် သူမအဖို့ အတိုင်းထက်အလွန်ပင်
ကျေနပ်နေခဲ့မိသည်။ ညနေစောင်း နေဝင်လုနီပါး အချိန်တွင် နေအိမ်အတွင်း၌ သမီးဖြစ်သူနှင့်
သမတ်ဖြစ်သူတို့မှာ ရှိမနေခဲ့သည်ကြောင့် နေ့လည်ခင်းမှ စားကြွင်းစားကျန်များအား ပန်ကန်အတွင်းသို့
ထည့်လေခါ ခြံအတွင်းသို့ ဆင်းသတ်လာခဲ့လေပြန်သည်။ ထို့နောက်…
''ကဲ… ကောင်လေးတွေ
ကောင်မလေးတွေ စားကြ…စားကြ… ဟားဟားဟားဟား… နင်တို့စားနေကြတာကို ငါမမြင်နိုင်ပေမယ့် ခံစားကြည့်လို့ရတယ်… စားကြစားကြ ခြံကိုလည်း စောင့်ရှောက်ပေး… ငါတို့မိသားစုကိုလည်း ပြေပြေလည်လည်ဖြစ်အောင်
ကူညီနိုင်တဲ့ဘက်က ကူညီပေး… ငါတို့စီးပွားရေးပြေပြေလည်လည်ရှိတော့
နင်တို့ကိုလည်း အစာဝဝကျွေးလို့ရတာပေါ့ ဟားဟးဟားဟားဟား''
စားကြွင်းစားကျန်များထည့်ထားသည့်
ပန်းကန်ကြီးအား ခြံအတွင်း၌ ချထားစေခဲ့ရင်း ဒေါ်ဘွားရှင်တစ်ယောက် ထိုကဲ့သို့ပင်ပြောဆိုလေခဲ့သည်။
နေအိမ်ဟာ မြောက်အရပ်သို့ မျက်နှာမူထားလျက်ရှိပြီး တောင်အရပ်သို့ နောက်ကျောပေးထားစေခဲ့သည်။
ယခုနေဝင်ရီသရော ညနေခင်းအချိန်ခါမျိုး၌ ဒေါ်ဘွားရှင်ဟာ အနောက်ရပ်သို့ ဆုတ်ခွာနေခဲ့သော
နေမင်းကြီး၏ ဦးတည်ရာဘက် အိမ်နံဘေးသို့ ဆင်းသတ်လာခဲ့ရင်း ထိုသို့ပြောဆိုနေခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်ခြံပြင်ခြံအတွင်း၌ ပေါက်ရောက်နေခဲ့သည့် သစ်ပင်ချုံနွယ်များမှာလည်း အနောက်ရပ်သို့
ဆုတ်ခွာနေခဲ့သည့် နေမင်းကြီး၏အလင်းပြန်မှု့များကြောင့် နေအိမ်နံရံဆီသို့ပင် အရိပ်ထင်စေခဲ့သည်။
သစ်ပင်ချုံနွယ်များ၏
အရိပ်များကြားမှ ထူးခြားဆန်းပြားစွာဖြင့် အရိပ်ကြီးတစ်ခုသည်လည်း အိမ်နံရံအတွင်းသို့
ထင်ဟပ်လာစေခဲ့သည်။ မမြင်နိုင်ခဲ့သော ပရလောကသားများအား တမ်းတနေလျက် ''ဟား''တိုက်ရယ်မောနေခဲ့သည့်
ဒေါ်ဘွားရှင်ဟာ ထိုအရိပ်ကြီးအား ရုတ်တရက်မြင်တွေ့လိုက်ရသည်နှင့် ရယ်မောနေခဲ့ရာမှ တည်တံ့သွားစေခဲ့သည်။
ထိုအရိပ်ကြီးအားလည်း သူမတစ်ယောက် အံ့သြကြီးစွာ စူးစိုက်ကြည့်နေမိချိန်၌ ဆိုင်ကယ်မောင်းနှင်လာခဲ့သော
အသံအားလည်းကြားသိလိုက်ရစေသည်။ ထိုဆိုင်ကယ်သံဟာ မိမိ၏သမီးဖြစ်သူနှင့်သမတ်ဖြစ်သူတို့
မောင်းနှင်လာခဲ့သည့်ဆိုင်ကယ်သံပင် ဖြစ်နေမည်မှာ သေချာစေလှသည်။ ဟုတ်ပါသည်။ လက်ဆွဲအိတ်ထုတ်များဖြင့်
အပြင်မှ ပြန်လည်ရောက်ရှိလာခဲ့သည်ကြောင့် ဒေါ်ဘွားရှင်မှာ စာကြွင်းပန်းကန်ကြီးအား မမြင်ကွယ်ယာ၌ဖွတ်ထာလိုက်စေခါ
ဟန်မပျက်ရှိနေခဲ့စေသည်။
''ဟော!… ပြန်လာကြပြီလား''
''ပြန်လာပြီအမေရေ… အမေထမင်းစားပြီးသွားပြီလား
ဒီမှာခေါက်ဆွဲကြော်တွေဝယ်လာတယ် ဒီနေ့တော့ ညနေစာကိုဖြစ်သလိုပဲ စားလိုက်ကြမယ်လေ… နောက်နေ့မှပဲ မီးဖိုချောင်အတွက် လိုအပ်တာလေးတွေ
ဝယ်စုပြီး အမေကိုယ်တိုင်ချက်ကျွေးပေါ့…နော်''
''အေးပါကွယ် အေးပါ… လာကြလာကြ''
သမီးဖြစ်သူနှင့်သမတ်ဖြစ်သူတို့၏
အရှေ့တွင်မူ ဒေါ်ဘွားရှင်မှာ ဟန်မပျက်ရှိနေခဲ့ရသော်လည်း သူ၏စိတ်အတွင်း၌ အိမ်နံရံတွင်
ထူးခြားစွာထင်ဟပ်လာခဲ့သော အရိပ်မည်းကြီးကိုပင် သံသယဖြစ်နေမိခဲ့သည်။ သူ၏စိတ်အတွင်း၌
ထိုအရိပ်မည်းကြီးဟာ မိမိတတ်မြောက်ထားခဲ့သော အောက်လမ်းပညာများအား ထိန့်လန့်ကြောက်ရွှံ့ခြင်းမရှိသည်ကြောင့်
ထိုကဲ့သို့ ပုံသဏ္ဍန်ဖော်ပြလာခဲ့ရခြင်းဖြစ်သည်ဟု အောက်လမ်းအတတ်ပညာများအအရ ဒေါ်ဘွားရှင်တစ်ယောက်
ကောင်းစွာရိပ်စားမိစေခဲ့သည်။
သမီးဖြစ်သူနှင့်သမတ်ဖြစ်သူတို့ဟာ
အပြင်မှပြန်လည်ရောက်ရှိလာခဲ့ရင်း နေအိမ်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အံ့သြစရာကောင်းလှအောင်ပင်
မြင်ကွင်းအချို့အား မြင်တွေ့လိုက်ရလေသည်။ ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသည်နှင့် အတူတကွ
နေအိမ်အတွင်းသို့ ဝင်ရောက်လာခဲ့သော ဒေါ်ဘွားရှင်အား ကိုချစ်တင်မှာ ထိုကဲ့သို့ပင်မေးမြန်းလေတော့သည်။ ။
''အမေ… ဒါတွေကဘယ်လိုဖြစ်ရတာလဲ
အမေရွှေ့ထားတာလား''
''ဟမ်… အမေ… အမေ ရွှေ့ထားတာမဟုတ်ပါဘူး… မင်းတ်ို့အပြင်ထွက်သွားကတည်းက အမေလည်းခြံထဲမှာ
လေကောင်းလေသန့်ရှု့နေတာ အခုမှ မင်းတို့နဲ့အတူတူ အိမ်ထဲပြန်ဝင်လာတာ အမေ မရွှေ့ပါဘူး''
''ဟင်… ဒါဆို… ဧည့်ခန်းထဲက ခုံတွေက…. ခုံတွေက သူ့အလိုလိုရွှေ့သွားတာလား… ဟာဗျာ… မဖြစ်နိုင်တာ… တစ်နေကုန် ကျွန်တော်ကိုယ်တိုင် ပစ္စည်းတွေနေရာချထားခဲ့တာ… ဟာဗျာ… ဘာတွေဖြစ်ကုန်တာလဲ''
''ကဲပါယောကျာ်းရာ… ဒါလေးတွေ
နေရာပြန်ချရတာ ဘာကြာတာမှတ်လို့လဲ လာပါ… မိန်းမလည်းဝိုင်းပြီး
လုပ်ပေးပါ့မယ်''
''အင်း… မဟုတ်သေးဘူး… နေ့တုန်းကလည်း ငါတစ်ခုခုခံစားထားရတယ်''
''ဟင်… ဘာခံစားရတာလဲ
ကိုချစ်တင်''
''အမ်!… သြော်… ဘာ… ဘာမှမဟုတ်ပါဘူး ကဲကဲ ခင်…ခင်လည်းဝိုင်းကူပေးဦး…''
''ဟုတ်ကဲ့ပါရှင့်''
အိမ်ပိုင်ရှင်ကြီးကိုချစ်တင်ဟာ
ယနေ့ နေ့လည်ခင်းအချိန်ခါ၌ တစ်ကိုယ်တည်း ပရိဘောဂပစ္စည်းများအား နေရာချနေသည့် အချိန်တွင်မူ
အိမ်နံရံအတွင်းမှ သွေးများစွာ ထွက်ရောက်လာခဲ့သည့် မြင်ကွင်းတစ်ချို့အား မြင်ယောင်ခဲ့မိသည်။
သူ၏စိတ်အတွင်း၌ မိမိသာလျင် အားအင်ကုန်ခမ်းမှု့များကြောင့် အမြင်မှားခြင်းပင်ဖြစ်လိမ့်မည်ဟု
သတ်မှတ်လေခဲ့ရင်း လုပ်စရာရှိသည့် အလုပ်များအား ဆက်လုပ်ပြုလုပ်နေခဲ့မိသည်။ ထိုအချိန်အတွင်းမှာပင်
အသုံးမလိုသေးသော ပရိဘောဂပစ္စည်းများ သိမ်းဆည်းနေသည့် စတိုခန်းအတွင်းမှ ဆူညံသံများအားလည်း
ထပ်မံကြားသိခဲ့ရသေးသည်။ ထို့ကြောင့် ထိုအခန်းဆီသို့ ဦးတည်လာခဲ့လေရင်း အခန်းတံခါးအား
ဖွင့်မိလိုက်ချိန်၌ မသုံးမလိုသေးသည့် ပရိဘောဂပစ္စည်းများဟာ ကြမ်းပြင်နှင့် ထိကပ်မနေခဲ့ပဲ
ကြမ်းပြင်နှင့်လွတ်မြောက်နေခါ လေပေါ်၌ ဝဲလျက်ရှိနေခဲ့သည့် မြင်ကွင်အားလည်း မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသေးသည်။ ။
ထိုမြင်ကွင်းကြောင့်
ကိုချစ်တင်သည်လည်း ကြောင်တောင်တောင်ဖြစ်သွားခဲ့ရင်း အိပ်ခန်းတံခါးအား ပြန်လည်ပိတ်မိချိန်မှသာ
လေပေါ်၌ဝဲလျက်အနေအထားရှိနေခဲ့သည့် ပစ္စည်းများမှာ ကြမ်းပြင်အပေါ်သ်ို့ အရှိန်ပြင်းစွာ
ပြန်လည်ပြုတ်ကျသွားခဲ့သည်။ ထိုအသံကြောင့် အိမ်အောက်ထပ်တွင်ရှိနေခဲ့သော ဇနီးဖြစ်သူ မခင်အေးနိုင်သည်လည်း
စိုးရိမ်ကြီးစွာတတ်ရောက်လာခဲ့သေးသည်။ သို့သော် ကိုချစ်တင်မှာ မိမိသာလျင် နိုင်ငံတော်တာဝန်ထမ်းဆောင်ပြီးခါစ
အချိန်ဖြစ်ပြီး ဖိဆီးမှု့များစွာ ရှိနေခဲ့သည်ကြောင့် ထိုကဲ့သို့အမြင်မှာစရခြင်းသာဖြစ်လိမ့်မည်။
ထိုတင်မက မိမိအား အားကိုးနေကြသော
ဇနီးနှင့်သားလေးတို့မှာ ကြောက်လန့်သွားမည်အားလည်း စိုးရိမ်လိုက်ရသေးသည်။ ထို့ကြောင့်
ထူးဆန်းစွာနှင့် အမြင်မှားခဲ့သော ထိုအဖြစ်ပျက်များအား ကိုချစ်တင်မှာ မြိုသိပ်ထားလျက်
မိသားစုကိုပင် ဖွင့်ဟမပြောဆိုခဲ့ပေ။ ထိုအိမ်ကလေး ယခုကဲ့သို့ တည်ဆောက်နိုင်ရန်အတွက်
မိမိစုဆောင်းထားခဲ့သော သစ်၊ပြင်များမှာလည်း သန့်ရှင်းသော နေရာဆီမှ ရရှိလာခဲ့ခြင်းမဟုတ်။
၁၉၈၈ အရေးခင်းကာလအတွင်း၌ တစ်ဦးနှင့်တစ်ဦး သက်ဖြတ်မှု့များကြားမှ သွေးများစွာ စွန်းထင်ထားခဲ့သည့်
သွေးစွန်း သစ်တိုင်များပင်ဖြစ်လေခဲ့သည်။ ထိုကြောင့်လည်း မကျွတ်လွတ်နိုင်သေးသော ပရလောကသားများဟာ
မိမိ၏နေအိမ်အသစ်တွင်း၌ တွယ်ငြိနေနိုင်ပေသည်။
သို့ဖြစ်ပါ၍ ကိုချစ်တင်မှာမူ
လာမယ့် စနေနေ့မှသာလျင် သံဃာတော်များအား ပင့်ဖိတ်လျက် အိမ်တတ်အလှူလုပ်ပေးလေခါ အမျှအတမ်းသာလျင်
ပေးဝေတော့မည်ဟု ဆုံးဖြတ်ချက်သာ ချထားစေခဲ့သည်။ ယခုအခါတွင်လည်း သပ်ရပ်စွာနေရာချထားသည့်
ဧည့်ခန်းအတွင်း၌ရှိနေခဲ့သော ထိုင်ခုံများမှာ တစ်ခုံနှင့်တစ်ခုံ ထပ်နေလျက် ရုပ်ပျက်ဆင်းပျက်စွာဖြင့်
နေရာများစွာ ရွှေ့လျားနေခဲ့သည့် မြင်ကွင်းအားလည်း ထပ်မံမြင်တွေ့လိုက်ရပြန်လေသည်။
*******
''ဟော့… ဆရာ… ဆရာပြန်လာပြီ''
''မောင်မြင့်ဝေ… မတင်လှ… မင်းတို့လင်မယားနှစ်ယောက်စလုံး ငါ့အိမ်ကိုစောင့်နေကြတာလား''
''ဟုတ်တယ်ဆရာ… ဆရာ့အိမ်မှာ
ဘယ်သူမှမရှိဘူးဆိုတာသိလို့ မနေ့ညနေကတည်းက ကျွန်တော်နဲ့ကျွန်တော့်မိန်းမလာအိမ်ပေးနေတာ…''
''အေးကွာ… မင်းတို့တွေကို
ကျေးဇူးတင်ပါတယ်… ငါလည်းညတည်းက တရေးမှမအိပ်ရသေးဘူး''
''ဟင်… သြော်ဆရာ… ဒါနဲ့ဘယ်လိုလဲဆရာ… ဆရာ့မြေးလေးနဲ့ ဆရာ့သား သက်သာရဲ့လား''
''ဟွန်း…''
''ဆရာ… ဘာဖြစ်လို့လဲဆရာ… မသက်သာကြဘူးလား''
''မြေးလေးက သွေးလိုအပ်နေတယ် သွေးဝယ်လိုက်တာနဲ့ မနေ့ကရထားတဲ့ လုပ်အားခတွေလည်းကုန်ပြီ… အခုလည်း အကြီးကောင်ကို ခွဲစိတ်ဖို့အရမ်းအရေးကြီးနေပြီတဲ့… အဲ့ဒီအတွက် ငွေလိုတယ်… ငါ့မှာတစ်ပြားမှမရှိတော့ဘူး ဒီအိမ်နဲ့ခြံကို
အပေါင်ထားပြီး သားကြီးခွဲစိတ်ဖို့လုပ်ရမယ်… ပြီးတော့
မယ်ကြည်…''
''ဟင်… ဆရာကတော်… ဆရာကတော်ဘာဖြစ်လို့လဲဆရာ''
''မင်းတို့ဆရာကတော်လည်း ဆေးရုံတတ်နေရတယ်… နဂိုရှိတဲ့ သွေးတိုးရောဂါနဲ့ သူ့မြေးနဲ့သူ့သား
အကြောင်းကို ဆရာဝန်ကြီးပြောတာကြားပြီးတော့ သွေးတတ်သွားတာ အခုချိန်ထိ သတိမရသေးဘူး… ငါ့ချွေးမလေးလည်း အလုပ်ပျက်တာနဲ့ အလုပ်ပြုတ်သွားရပြီး
သူပဲအခု ဆေးရုံမှာကျန်နေခဲ့ရတယ်… သြော်
ဒါနဲ့မြင့်ဝေ… မင်းအသိထဲမှာ အိမ်ပေါင်အခံတဲ့
လူတွေဘာတွေများ ရှိလားကွ''
''အင်း… နေဦးဗျ… မိန်းမ… ကိုဟန်ထွန်း
အပေါင်ခံစားသေးလား''
''ဟင့်အင်း!… ကိုဟန်ထွန်းဆီမှာ သွားပေါင်ရင် ချက်ချင်းလောလောဆယ်
ငွေပေါ်မှာမဟုတ်ဘူး… ဒီလိုလုပ်ပါလား ကျွန်မမှာအသိတစ်ယောက်ရှိတယ်
သူဆီမှာဆိုရင် အတိုးလည်းသက်သက်သာသာနဲ့ပေးလို့ရတယ်''
''ဟင်!… ဘာပဲဖြစ်ဖြစ် မတင်လှရာ… ငါ့ကိုအဲ့ဒီလူဆီခေါ်သွားပေးပါ…''
''ဟုတ်ကဲ့ပါဆရာ… ဒါဆို
မိုးမချုပ်ခင် အိမ်ဂရမ်ယူပြီးသွားကြမယ်လေ''
''အေးအေး!… ခဏ''
အကုသိုလ်ဟူသည် အပေါင်းအဖော်နှင့်
ရောက်ရှိလာတတ်၏။ ယခုတွင်လည်း ဦးအာကာ၏ အချစ်ဆုံးမြေးလေးမှာ သွေးလွန်တုတ်ကွေး ရောဂါဖြင့်
ဆေးရုံတင်ထားရပြီး၊ သားဖြစ်သူသည်လည်း အလုပ်ခွင်အတွင်း၌ အမြင့်ပေါ်မှ ပြုတ်ကျသွားလေခါ
ဆေးရုံပေါ်သို့ တတ်ရောက်နေခဲ့ရပေသည်။ ၁၉၉၃-၁၉၉၄ ကာလအတောအတွင်း ထိုအချိန်က သွေးလိုအပ်လာလျင်
ဝယ်ယူရသော ခေတ်သာဖြစ်သေးသည်။ (ယခုခေတ်မျိုးကဲ့သို့ ထိုအချိန်က သွေးအလှူရှင်များဟူ၍
မပေါ်ရှိသေးပေ။) ထို့ကြောင့် လုပ်အားခလေးအတွင်းမှ မြေးလေးအတွက် လိုအပ်နေခဲ့သော သွေးအား
ဝယ်ယူလိုက်ရရင်း ယခုအခါတွင်လည်း သားဖြစ်သူ ဦးခေါင်းခွဲစိတ်ရန်အတွက် ဦးအာကာမှာ ငွေလိုအပ်နေခဲ့တော့သည်။
ထို့ကြောင့် ယခုချက်ချင်းပင်လျင်
သူ၏နေထိုင်ရာဖြစ်သော နေအိမ်လေးနှင့်ခြံလေးအား အပေါင်ထားလျက် သားဖြစ်သူခွဲစိတ်ရန်အတွက်
ပိုက်ဆံရရှိရန် ကြိုးစားပေတော့မည်ဖြစ်သည်။ သို့နှင့် အိမ်ဂရမ်သိမ်းဆည်းထားသည့် သေတ္တာလေးအား
သော့ဖွင့်စေခဲ့ရင်း လျင်မြန်စွာဖြင့် အိမ်ဂရမ်အားထုတ်ယူရန် ပြင်ဆင်လိုက်လေသည်။ သို့သော်
သေတ္တာလေးအတွင်း၌ အိမ်ဂရမ်မှာ ရှိမနေခဲ့တော့ပေ။
''ဆရာ… အိမ္ဂရမ္ဘယ္မွာလဲ''
''ဟာ!… နေဦး… အိမ်ဂရမ်… ဟာ… သွားပြီသွားပြီ''
''ဘာ… ဘာသွားတာလဲဆရာ''
''မြင့်ဝေ… အခုဘယ်နှလပိုင်းလဲ''
''တပေါင်းလ… သုံး…သုံးလပိုင်းပါဆရာ''
''ဟာ!… ငါမေ့နေတယ်… ငါမေ့နေတယ်… လွန်ခဲ့တဲ့ တစ်နှစ်က သားငယ်ကို နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့အတွက်
ငါတို့အိမ်ပေါင်ပြီး ငွေတွေပေးလိုက်ရတာ…. သားငယ်ဆီက ပိုက်ဆံပြန်ပို့မှပဲ အိမ်ဂရမ်ပြန်ရွေးတော့မယ်ဆိုပြီး… ဒါပေမယ့် သားငယ်ဆီကနေ အခုချိန်ထိ ဘာအဆက်သွယ်မှ
မရခဲ့ဘူး…''
''ဟင်!… ဒါဆို ဆရာ့အိမ်က အရင်တည်းက ပေါင်ထားခဲ့ပြီးသားပေါ့ဟုတ်…ဟုတ်လားဆရာ''
''ဟုတ်တယ်မြင့်ဝေ… သွားပြီ… အခုသုံးလပိုင်းဆိုရင် ရှေ့လမှ အတိုးရောအရင်းရော
မပေးနိုင်ရင် ဒီအိမ်လေးဆုံးပြီးကွ… ဆုံးပြီ''
''ဗျာ''
သားအတွက်စိုးရိမ်ပူပန်နေခဲ့ရ၏။
ထိုတင်မက ဇနီးဖြစ်သူဟာလည်း သွေးတိုးရောဂါနှင့်အတူ ဆေးရုံပေါ်၌ မေ့မျောသတိလစ်နေခါ လူမမယ်မြေးလေးဟာလည်း
ဆေးရုံသို့ပို့ဆောင်ထားခဲ့ရလေသည်။ လွန်ခဲ့သည့်တစ်နှစ်ခန့်မှ သားငယ်ဖြစ်သူအား နိုင်ငံခြားသို့
အလုပ်သွားရောက်လုပ်ကိုင်ရန် စေလွတ်ခဲ့စဉ်က မိမိတို့၏ နေအိမ်လေးနှင့်ခြံလေးအား ပေါင်ထားခဲ့ပြီးပြီးဖြစ်လေသည်။
ထိုအကြောင်းအရာများအား ဦးအာကာမှာ မေ့မျောနေလျက် သူ၏အိမ်ဂရမ်ရှိနေသေးသည်ဟု ထင်မှတ်နေခဲ့ရင်း
ယခုအခါမှာမူ ပူဆွေးနေခဲ့သော စိတ်များကြားမှ မိမိ၏အိမ်ဂရမ်လေးဟာ ဦးစွာပေါင်နှံထားခဲ့သည့်
အကြောင်းများကိုပင် ပြန်လည်သတိရရှိစေခဲ့မိသည်။ ။
အိမ်ပေါက်ဝလေး၌ စိတ်ပျက်စွာထိုင်နေခဲ့ရင်း
သူ၏တပည့်ဖြစ်သူများမှာလည်း လိုအပ်နေခဲ့သော ဆေးဖိုးအတွက် အကူညီပေးနိုင်ရန်အထိ မချမ်းသာခဲ့ချေ။
ထိုသူတို့ဟာလည်း ငှားရမ်းနေထိုင်နေခဲ့သော နေအိမ်လေးများသာရှိထားကြပြီး အပိုဝင်ငွေဟူ၍
မယ်မယ်ရရဆုဆောင်းထားခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အိမ်ပေါက်ဝလေးတွင် စိတ်ပျက်စွာထိုင်လျက်ရှိနေခဲ့သော
ဆရာဖြစ်သူ၏အနားတွင်သာ ထိုသူတို့သည်လည်း စိတ်ဆင်းရဲမှု့များအား မျှဝေခံစားပေးနေခဲ့ရသည်။
ဦးအာကာ၏မျက်နှာပြင်ပေါ်တွင်လည်း စိတ်ဆင်းရဲမှု့များဟာ အထင်သားပေါ်လွင်နေလျက် ထိုကဲ့သို့သော်
ညနေခင်းအချိန်ခါမျိုးတွင်မူ ဦးအာကာ၏နေအိမ်အရှေ့ဆီသို့ အငှားကားလေးတစ်စီး စိုက်ရောက်လာခဲ့ချေသည်။ ။
ထို့နောက် အငှားကားလေးအပေါ်မှ
ဆင်းသတ်လာခဲ့သော ထိုသူဟာ နိုင်ငံခြားသားတစ်ဦးပင်ဖြစ်ပြီး ဦးအာကာထံမှ ဘီလူးရုပ်ပန်းချီကားချပ်အား
ဝယ်ယူမည့် ပြင်သစ်နိုင်ငံသားကြီးပင်ဖြစ်လေခဲ့သည်။ မိမိ၏နေအိမ်အရှေ့ဆီသို့ စိုက်မြိုက်စွာရောက်ရှိလာခဲ့သော
ထိုနိုင်ငံခြားသားအား ဦးအာကာမှ အကဲခတ်ကြည့်လျက် သက်ပြင်းကိုသာလျင် ခပ်ပြင်းပြင်းချမိလိုက်စေတော့သည်။
ထိုနိုင်ငံခြားသားမှာလည်း နေအိမ်အတွင်းသို့ အကဲခတ်ကြည့်စေခါ အိမ်အပေါက်ဝလေး၌ ရှိနေခဲ့သော
ဦးအာကာအား မြင်တွေ့လိုက်ရသည်နှင့် မပီသသော မြန်မာဘာသာစကားတို့ဖြင့်…
''မစ်စတာအာကာ… မင်္ဂလာပါ''
''မင်္ဂလာပါ''
''ဦးအာကာ… မနက်ဖြန်ဆိုရင်
စနေနေ့ဖြစ်ပြီနော် ပန်းချီကားလည်း လက်စသပ်ပြီးလောက်ပြီလို့ ထင်လို့ ကျွန်တော်လာခဲ့တာပါ''
ပြင်သစ်နိုင်ငံသားကြီး၏
ပြောစကားများအား ကြားသိလိုက်ရသော် ဦးအာကာမှာ သက်ပြင်းကိုသာလျင် ခပ်ပြင်းပြင်း ထပ်မံချမိလေပြန်သည်။
''ဦးအာကာ… ဘာဖြစ်နေတာလဲ
နေမကောင်းဘူးလား''
''ကောင်းပါတယ်''
''ဒါဆို ဘာဖြစ်နေတာလဲ…''
''ဘာမှမဖြစ်ပါဘူးဗျာ… ကျွန်တော့ဆီကို
အလည်လာတာလား''
''ဟင်!… ဟားဟားဟား… ဆရာဦးအာကာနောက်နေတာတော့
မဟုတ်လောက်ပါဘူးနော်.. အလည်သဘောမျိုးဆိုရင်လည်း ဆိုနိုင်ပါတယ်… ဒါပေမယ့် ဟဲဟဲ… မနက်ဖြန် ကျွန်တော်ဝယ်ရမယ့် ပန်းချီကားချပ်လေးကို အခုတည်းက ခဏလေးခံစားကြည့်ချင်လို့
လာခဲ့တာဆိုရင် ပိုမှန်တယ်။”
''ဗျာ!…''
''ဘာဖြစ်လို့လဲဆရာ… ဘာဖြစ်လို့လဲ''
အင်း… ဒီပန်းချီကားကို ရောင်းလိုက်လို့မဖြစ်ဘူး
သူ့ဆီရောက်သွားတာနဲ့ ဒင်းပါဒုက္ခရောက်သွားလိမ့်မယ်… ငါဘယ်လိုပြောရင်ကောင်းမလဲ… ဒီလူကိုယ်သေတွင်း ကိုယ်လာတူးနေသလိုဖြစ်နေပြီ… မရောင်းနိုင်ဘူး… ဒီပန်ချီကားမှာ ပုဏ္ဏကနက္ခသင့်နေပြီ ရောင်းလို့မဖြစ်ဘူး
မဖြစ်ဘူး
လူနာရှင်ရဲ့အဖေက
ကျွန်တော်ပါဒေါက်တာ…
ခင်ဗျားသားဦးနှောက်ထဲမှာ
သွေးခဲနေပြီ ကျွန်တော်တို့လည်း အစွမ်းကုန် ကြိုးစားပေးခဲ့ပါတယ် ဒါပေမယ့် လူနာရဲ့ အခြေနေက
အသက်အန္တရယ်အရမ်းစိုးရိမ်ရတယ် သူ့ကိုအမြန်ဆုံး ခွဲစိတ်ဖို့စီစဉ်မှဖြစ်မယ်… မခွဲစိတ်ရင်တော့
လူနာဟာ လူသေတစ်ပိုင်းဖြစ်ပြီး ဘာအသိဥာဏ်မှရှိတော့မှာမဟုတ်ဘူး အဲ့ဒါကြောင့် လူနာရှင်ဖြစ်တဲ့
ခင်ဗျားတို့တွေက ခွဲစိတ်ဖို့လိုအပ်တာတွေ စီစဉ်ပေးပါ
ဟာကွာ… ငါဘာလုပ်ရမလဲ ငါ့မှာခွဲစိတ်ဖို့အတွက် ပိုက်ဆံတပြားမှမရှိဘူး
ငါ့သားကြီးသေလို့မဖြစ်ဘူး… ငါငွေလိုတယ်
ငါငွေလိုတယ်… မထူးပါဘူးကွာ ကမ္ဘာမီးလောင်
သားကောင်တောင် ချနင်းရသေးတာပဲ မထူးပါဘူး ဒီနိုင်ငံခြားသားကို ပန်းချီကားရောင်းပြီး
ငါ့မိသားစုအသက်ကိုကယ်ရမယ် ဟုတ်တယ်…
အတန်ကြာစဉ်းစားနေခဲ့မိလေသည်။ ဘီလူးနက္ခပိုင်ရှင် ပန်းချီဆရာကြီးဦးအာကာတစ်ယောက်
ရေးဆွဲမိခဲ့သော ဘီလူးရုပ်ပုံပန်းချီကားချပ်မှာ နက္ခသင့်လျက် ပုဏ္ဏကဘီလူးစီးဝင်နေခဲ့ပြီးဖြစ်လေသည်။
ထိုအကြောင်းအရာများအားလည်း ဦးအာကာတစ်ယောက် သိရှိသွားလေခါ ထိုပန်ချီကားအား ဖျက်စီးရန်အတွက်
အစီရင်များဖြင့် ပြုလုပ်ထားခဲ့ပြီးဖြစ်သည်။ ထိုပန်းချီရေးဆွဲမိသည်ကြောင့်လား သူ၏မိသားစုမှာ
ယခုကဲ့သို့ အဖြစ်ဆိုးများနှင့် ကြုံတွေ့နေရရင်း သေမင်းနှင့် လွန်ဆွဲနေခဲ့ရသည့် အချိန်ဆီသို့
ရောက်ရှိနေခဲ့ရပြီးဖြစ်သည်။
ထိုပန်းချီကားအား ပြင်သစ်နိုင်ငံသားကြီး
ဝယ်ယူသွားမည်ဆိုလျင် သူသည်လည်း ပုဏ္ဏကနက္ခသင့်ပန်းချီကား၏ ဆိုးကျိုးများကြောင့် ဒုက္ခဖြစ်သွားစေနိုင်မည်။
ထိုအကြောင်းများအားလည်း အထက်လမ်းဆရာကြီး ဦးအာကာတစ်ယောက် ကောင်းစွာသိရှိစေခဲ့သည်။ ထို့ကြောင့်လည်း
သူတပါး ဒုက္ခမရောက်စေရန်အတွက် ဦးအာကာမှာ ရောင်းချခြင်းမပြုတော့ပါဟု တွေးတောထားခဲ့သော်လည်း
ယခုအခါ မိမိမှာမူ အလွန်ပင်ငွေလိုအပ်နေခဲ့သည်။ ထို့ကြောင့် မိမိထံ၌ ငွေများစွာပေးလျက်
ပန်းချီကားဝယ်ယူမည့် ပြင်သစ်နိုင်ငံသားကြီးအား နက္ခသင့်ပန်းချီကားကိုပင် ရောင်းချရန်အတွက်
ဆုံးဖြတ်လိုက်စေတော့သည်။ ။
''ဆရာ…''
''ဆရာ…''
''ဟေး…''
''ဟိုမှာ နိုင်ငံခြားသားကြီး ဆရာ့ကိုစကားတွေပြောနေတယ်လေ''
''ဟမ်!… သြော်… အေးအေး''
''ဆရာဦးအာကာ… ဘာတွေများဒီလောက်တောင်
စဉ်းစားနေတာလဲ… ပန်းချီကားမပီးသေးလို့လား ကျွန်တော်က
တနင်္ဂနွေနေ့ ပြင်သစ်ကိုပြန်တော့မှာ… မပြီးသေးရင်တော့
ဒုက္ခပါပဲဗျာ''
''သြော်!… ပြီး… ပြီးပါပြီဗျ
အချော… အချောသပ်ဖို့ပဲကျန်တော့တာပါ''
''တကယ်ပြောတာလားဆရာ… ဒါဆိုရင်တော့
ကျေးဇူးပါပဲ… ကတိတည်တဲ့အတွက် ဆရာ့ကို ပန်းချီကားဝယ်တဲ့
ငွေထက် ပိုပြီးကန်တော့ပါ့မယ်…''
''ရပါတယ်ဗျာ… ရပါတယ်''
''ဟုတ်ကဲ့ဆရာ… ဒါဆိုပြီးသလောက်
ကျွန်တော်ကြည့်လို့ရမလားဟင်''
'ရပါတယ်… ရပါတယ်
ကျွန်တော်ပြပါ့မယ်''
နိုင်ငံခြားသားကြီးအား
အိမ်ရှေ့ခန်းလေးအတွင်း၌ ခေတ္တဧည့်ခံထားစေရင်း အင်းများစွာဖြင့် နက္ခသင့်ပန်းချီကားချပ်အား
ဖျက်စီးရန်ထားရှိသည့် အိမ်ခန်းလေးအတွင်းသို့ ဦးအာကာတစ်ယောက် ဝင်ရောက်သွားစေခဲ့သည်။
ထို့နောက် ပန်းချီကားသီးသန့် သိမ်းဆည်းထားသည့် သံသေတ္တာလေးအား သော့ဖွင့်လိုက်ခ်ျန်တွင်
ထူးဆန်းစွာဖြစ်ပေါ်နေသည့် ပန်ချီကားချပ်အား ဦးအာကာတစ်ယောက် မြင်တွေ့လိုက်ရလေတော့သည်။ ။
****
-ပုဏ္ဏကနက္ခသင့်နေခဲ့သည့် ပန်းချီကားချပ်အား ပြင်သစ်နိုင်ငံသားကြီးမှာ
ဝယ်ယူသွားလိမ့်မည်လား။ နိုင်ငံခြားသားသည်လည်း နက္ခသင့်ပန်းချီကား၏ ဆိုးကျိုးများကြောင့်
မည်သို့ပင်ဖြစ်လာနိုင်သနည်း။
-မိသားစုစားဝတ်နေရေးအတွက် ပန်းချီဆရာကြီးဦးအာကာတစ်ယောက် ရေးဆွဲနေခဲ့သော
ဘီလူးရုပ်ပန်းချီကားမှာ မဆိုင်သူများအား မည်သို့ပင်ဒုက္ခပေးနိုင်သနည်း။
-ဘီလူးနက္ခပိုင်ရှင် ပန်းချီဆရာကြီးရေးဆွဲလိုက်မိသော ပုဏ္ဏကနက္ခများမှာ
ပန်းချီကားတင်မဟုတ်၊ သူတစ်ယောက် ပန်းရံပညာများဖြင့် လက်စသတ်ခဲ့ပေးသော နေအိမ်ကြီးတွင်းလည်း
နက္ခသင့်လျက် ပုဏ္ဏကတိုက်ခြင်းခံနေခဲ့ရပြီဖြစ်သည်။ မည်သို့ပင် ဆက်လက်ဖြစ်လာကြဦးမည်နည်း။
-ပုဏ္ဏကနတ်ဘီလူး ပန်းချီကား၏ နက္ခသင့်ဆိုးကျိုးများကြားမှ မိသားနှစ်စု၏
အသေဆိုးများ။ အိမ်စောင့်ဘတုတ်ခြိမ်းခြောက်ခံရသည့် ညတစ်ည။
-ပုဏ္ဏကစားတဲ့ အိမ်မဲကြီးအဖြစ်သို့ မည်သို့ပင် ဖြစ်ပေါ်လာရသနည်း။
မည်သည့်အတွက်ကြောင့် တစ်နှစ်တစ်ခါသည်လည်း ထိုအိမ်ကြီးအတွင်း၌ လူစားလဲလယ်နေရသနည်း။
-တစ္ဆေလိုက်လူငယ်ငါးဦးနှင့် ထိုအိမ်ကြီးမှာလည်း မည်သို့ပင် ပတ်သတ်ဆက်နွယ်လာကြဦးမည်နည်း။
……အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၄)တွင်
ဆက်လက်ဖတ်ရှု့ပေးပါရန်
ကျန်ရှိနေသေးသော
ဇာတ်လမ်းအဆက်အား
(၇.၁.၂၀၁၇) မြန်မာစံတော်ချိန်
မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေ။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)








No comments:
Post a Comment