ပုဏ္ဏကစားတဲ့ အိမ်မဲကြီး အပိုင်း(၈) - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ပုဏ္ဏကစားတဲ့ အိမ်မဲကြီး အပိုင်း(၈)

Share This

ပုဏ္ဏကစားတဲ့ အိမ်မဲကြီး
အပိုင်း(၈)
အိမ်မဲကြီးဆီသို့ ဦးတည်ရမည့်လမ်းခရီး
စာရေးသူ-ထီးကလေး။
(ရင်နှင့်ရင်း၍ရေးသားသည်။)

အိမ်ပိုင်ရှင်ကြီးဦးမြ၀င်းဖေ နေထိုင်နေရာမှာ ရွှေပေါက်ကံမြို့သစ်ဖြစ်သော်လည်း သူတစ်ယောက်ပြောဆိုသော တစ္ဆေခြောက်သည့်အိမ်မဲကြီးမှာ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ပေါ်တွင် တည်ရှိနေခဲ့သည်ဟု သိရှိလိုက်ရသည်။ မည်သို့ပင်ဖြစ်သည်ကြောင့် တစ္ဆေခြောက်သည့် အိမ်မဲကြီးမှာ ဝါးခယ်မမြို့ပေါ်တွင်တည်ရှိနေရင်း အိမ်ပိုင်ရှင်ကြီးဦးမြ၀င်းဖေမှာ အဘယ့်ကြောင့် ရန်ကုန်မြို့ပေါ်တွင် နေထိုင်နေရသနည်း။ စသည့်အကြောင်းအရာများကိုပင် မသိရှိစေသေးပဲ၊ အိမ်မဲကြီးဆီသို့ သွားရောက်မည့်ရက်ကိုသာလျင် ကျွန်ုပ်တစ်ယောက် မနက်ဖြန်ချက်ချင်းပင် သွားရောက်စေရန် ပြောဆိုလိုက်စေတော့သည်။

“ဒါနဲ့ ကျွန်တော်တစ်ခုလောက်သိပါရစေ… ဦးမြ၀င်းဖေ”
“သြော်မောင်ငါးလေး… ပြောလေ ဘာများတုန်း…”
“ဒီလိုပါ… ဦးမြ၀င်းဖေပိုင်တဲ့ အိမ်ကြီးက နယ်ဘက်ရှိနေပြီးတော့ ဦးကြတော့ ရန်ကုန်ကိုဘယ်လိုဖြစ်ပြီး ရောက်လာရတာလဲ”
“သြော်… ဒါကဒီလိုပါကွယ့် ဦးကတောသားပါ… အပြည့်စုံပြောရရင် ဧရာဝတီတိုင်း ဝါးခယ်မသားစစ်စစ်ပေါ့.. သမီးလေးငယ်ငယ်တည်းကနေပြီ ဝါးခယ်မမြို့မှာပဲနေလာတာ… အဲ့… သမီးလေး(၁၀)တန်းရောက်လာတော့ သူ့ပညာရေးအတွက် ဦးလည်းရန်ကုန်ကိုပြောင်းလာခဲ့ရတယ်ဆိုပါတော့ကွယ်… အဲ့ဒီအိမ်ကြီးက ဝါးခယ်မမြို့မှာနေတုန်းက ဦးဝယ်ထားခဲ့တာပါ ဟင်းဟင်း… ဦးကရန်ကုန်ပြောင်းလာရပေမယ့် အခုချိန်ထိ ဝါးခယ်မြို့ပေါ်မှာတော့ ပွဲစားကြီးဦးမြ၀င်းဖေဆိုရင် မသိတဲ့သူမရှိဘူးကွယ်”
“သြော်… ဒါကြောင့်ကိုး”

“ဖေဖေ..”
“ဟင်… ဘာတုန်းသမီး”
“သမီးလည်း ဖေဖေ့ပြောတဲ့ အိမ်မဲကြီးဆီကို ဒီက အစ်ကိုတွေ၊ အစ်မတွေနဲ့ လိုက်သွားကြည့်ချင်တယ်ဖေဖေ…”
“ဟင်..ဟာ..ဘယ်…ဘယ်ဖြစ်မလဲသမီးရ ဟိုရောက်လို့ သမီးလေးတစ်ခုခုထိတ်လန့်သွားရင် ဖေဖေပဲရင်ကျိုးရမှာ… မလိုက်သွားပါနဲ့သမီးရယ် ဖေဖေနဲ့ပဲဒီမှာတူတူနေပါနော်”
“ဟင့်အင်းဖေဖေ… သမီးလိုက်ကြည့်ချင်လို့ပါ… ပြီးတော့ သမီးအရင်လိုသရဲဆိုတာကို မကြောက်တော့ပါဘူးဖေဖေရဲ့… ရှေ့နှစ်ဆိုရင်ပဲ သမီးကဘွဲ့ရပြီလေ”
“အဲ့ဒီတော့ ဘာဖြစ်လဲ…”
“သြော်.. သမီးမှာစဉ်းစားတတ်တဲ့ အရည်အချင်းတွေရှိနေပါပြီဖေဖေရယ်… သမီးလိုက်သွားပါရစေနော်”
“အို.. အဖြစ်ပါဘူးသမီးရာ.. သမီးကအရမ်းအသည်းငယ်တတ်တာ သူ့အမေဗိုက်ထဲမှာကတည်းက အပြင်ကနေ အသံကျယ်ကျယ်ထွက်သွားခဲ့ရင်တောင် ဗိုက်ထဲမှာတဆတ်ဆတ် တုန်နေတတ်တဲ့ကလေး… အဲ့ဒါကြောင့်လည်း အဖေအမေ ပေးထားတဲ့ နာမည်အရင်းတောင်ပျောက်ပြီး ယုန်မလေးလို့အခေါ်ခံနေရတာမဟုတ်လား မလိုက်ချင်ပါနဲ့သမီးရယ် လိမ္မာပါတယ်နော်…”
“လိုက်သွားမယ်ဖေဖေ.. သမီးလိုက်ချင်လို့ပါ”
“မိုးတင်ဇာ.. ဖေဖေပြောနေတယ်လေ.. လိုက်မသွားရဘူး…”

မိုးတင်ဇာဟုခေါ်တွင်သော အသက်အားဖြင့်(၂၀)ကျော်မျှရှိပြီဖြစ်သည့် ထိုမိန်းကလေးမှာ ကျွန်ုပ်တို့နှင့်အတူ သူမ၏ဖခင် ပိုင်ဆိုင်လေသော အိမ်မဲကြီးဆီသို့ လိုက်ပါစေချင်ပါသည်ဟု အကြိမ်ကြိမ်တောင်းဆိုလေခဲ့သည်။ သို့သော်လည်း ဖခင်ဖြစ်သူ ဦးမြ၀င်းဖေမှာ လိုက်ပါသွားခွင့် မပြုစေခဲ့ပဲ လေသံခပ်ပြင်းပြင်းနှင့်သာ တားဆီးလိုက်လေသည်။ ထို့ကြောင့်သူမသည်လည်း ဖခင်ဖြစ်သူအား စိတ်ကောက်သွားသော အမူယာများနှင့် ရှိုက်ငင်စွာငိုကြွေးလေရင်း ဧည့်ခန်းအတွင်းမှ ထွက်ခွာသွားစေခဲ့သည်။

“သြော်ကွာ… ဒီသမီးတစ်ယောက်နဲ့တော့ ခက်ပါရဲ့.. ဦးလည်း မီးတဆိုးလေးဖြစ်နေလို့ အလိုလိုက်ထားတာ… ကြည့်ပါဦးအဖေကို စိတ်ကောက်သွားပြန်ပြီ…”
“ကျွန်မတစ်ခုလောက်ပြောပါရစေ…”
“သြော်.. မျှားလေး ပြောပါ”
“ဟို.. ယုန်လေးကို ကျွန်မတို့နဲ့လိုက်ချင်တယ်ဆိုရင် ကျွန်မတို့အတွက်ခေါ်သွားရတာ အပန်းမကြီးပါဘူး.. သူလိုက်ချင်တယ်ဆိုရင် ကျွန်မတို့သူငယ်ချင်းငါးယောက် သေသေချာချာ စောင့်ရှောက်ပြီးခေါ်သွားပေးပါ့မယ်”
“မဖြစ်ပါဘူးတူမကြီးရာ… ဦးသမီးယုန်လေးက အရမ်းကြောက်လန့်တတ်တာ.. ဒါကြောင့်လည်း သူကြီးတော်ကြီးတွေက ယုန်မလေးလို့ ခေါ်ကြတာပေါ့… မဖြစ်ဘူးမဖြစ်ဘူး.. သမီးကိုထည့်လိုက်လို့မဖြစ်ဘူး”
“ဟုတ်ကဲ့ဦးလေး.. ဒါဆိုလည်း ဦးလေးသဘောပါပဲ”
“ကဲ…ဦးလေးရေ… ကျွန်တော်တို့လည်း မနက်ဖြန်အတွက် ပြင်ဆင်စရာတွေရှိနေသေးလို့ ခွင့်ပြုပါဦး”
“သြော်ဟုတ်သားပဲ.. ကောင်းပါပြီကောင်းပါပြီ.. သြော်…ခဏလေးမောင်ရင်တို့.. မနက်ဖြန်အတွက် မောင်ထီးလေးအိမ်ကိုးပဲ ဦးလေးကားတစ်စီးလွတ်ပေးလိုက်မယ်နော်.. မောင်ထီးလေးအိမ်မှာပဲ လူစုနေပေးရင် အဆင်ပြေနိုင်တယ်မဟုတ်လား”
“အဆင်ပြေပါတယ်ဦးလေး…’
“ဒါဆိုကျွန်တော်တို့ကို ခွင့်ပြုပါဦးနော်…”
“ကောင်းပါပြီကွယ်.. ကောင်းပါပြီ.. မောင်ရင်တို့ကို လိုက်ပို့ပေးဖို့အတွက် ခြံရှေ့မှာကားအဆင်သင့်ရှိနေပါတယ်”
“သြော်ဟုတ်ကဲ့ပါဦးလေး ကျေးဇူးတင်ပါတယ်…”

အိမ်မဲကြီးခရီးစဉ်အတွက် ပြင်ဆင်စရာများစွာ ရှိနေခဲ့သေးသည်။ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းလေးဦးသား။ ထို့ကြောင့် ဦြး့မ၀င်းဖေအား နှုတ်ဆတ်စေခဲ့ရင်း နေအိမ်များဆီသို့ ပြန်လည်ဦးတည်ကြရန် ကျွန်ုပ်တို့အား အိမ်အရောက် လိုက်လံပို့ဆောင်ပေးမည့် ခြံအရှေ့ဆီမှ ကားလေးဆီသို့ ထွက်ခွာလေခဲ့သည်။ ကျွန်ုပ်တို့အား လာရောက်ခေါ်ဆောင်ခဲ့စဉ်မှ ကားမောင်းသူ ကိုထူးကျော်ပင်လျင်ဖြစ်မည်ဟု ကျွန်ုပ်တစ်ယောက် ထင်ထားခဲ့သော်လည်း ယခုအခါ ကျွန်ုပ်တို့အား လိုက်လံပို့ဆောင်ပေးမည့် ကားမောင်းသူမှာ ကိုထူးကျော်ပင်မဟုတ်တော့ပဲ တစ်ခြားသော် ဦးမြ၀င်းဖေ၏ ကားဒရိုင်ဘာတစ်ဦးပင် ဖြစ်နေစေခဲ့သည်။

ကျွန်ုပ်၏စိတ်အတွင်း၌ တစ်စုံတစ်ခုသော ခံစားမှု့မျိုးအား ခံစားလိုက်ရသည်။ ကိုထူးကျော်တစ်ယောက် ကျွန်ုပ်တို့နှင့် ထပ်မံတွေ့ဆုံ စကားပြောဆိုဖြစ်မည်အား ဦးမြ၀င်းဖေမှာ စိုးရိမ်မိလေသလား၊ ထို့ကြောင့် ကားမောင်းသူ ကိုထူးကျော်ကိုပင် တခြားသောနေရာဆီသို့ စေလွတ်လိုက်ခြင်းပင်ဖြစ်လေမည်။ ထိုသို့ဆိုလျင် ကိုထူးကျော်တစ်ယောက် ကျွန်ုပ်တို့အား ပြောဆိုချင်နေသည့်အကြောင်းရာများမှာ မည်သည့်အကြောင်းကိစ္စပင် ဖြစ်လေမည်နည်း။ ကျွန်ုပ်ကဲ့သို့ပင် သူငယ်ချင်းလေးဦးသားမှာလည်း ထိုအကြောင်းအရာများအား အကဲခတ်မိလေသလား၊ ထိုသူများ၏ မျက်နှာပြင်ဆီသို့ ကျွန်ုပ်အနေနှင့် အကဲခတ်ကြည့်ရှု့မိသေးသည်။ သို့သော် သူငယ်ချင်းများမှာ ထိုအကြောင်းအရာများအား အကဲခတ်မိဟန်မပေါ်ချေ။

သို့နှင့်ထိုကားလေးအပေါ်သို့ ကိုယ်ဆီတတ်ရောက်လေခဲ့ရင်း  တန်ခိုးတစ်ယောက် လမ်းပြရာခေါ်ဆောင်ရာအနောက်ဆီသို့ ကားမောင်းသူမှာ လိုက်ပါမောင်းနှင်လာခဲ့ရလေသည်။ ကျွန်ုပ်၏စိတ်အတွင်း၌ ဦးမြဝင်းဖေနှင့်ပတ်သတ်ပြီး မတင်မကျဖြစ်နေခဲ့သည်စိတ်မှာ မွန်းကြပ်စေလှသည်။ ထို့ကြောင့် လမ်းခုလပ်တစ်နေရာအတွင်း၌ ကျွန်ုပ်၏ထိန်းချုပ်ထားခဲ့သော စိတ်များမှာ ထိန်းချုပ်မရနိုင်တော့ပဲ ယခုကားမောင်းနေသူကိုပင် ထိုကဲ့သို့ မေးမြန်းလိုက်မိလေတော့သည်။

“ဟို… အစ်ကို..”
“ဗျာ…”
“ကျွန်တော်တစ်ခုလောက် မေးချင်လို့…”
“သြော်… မေးပါဗျ ဘာများတုန်း”
“ဟို… ကိုထူးကျော်ကိုသိတယ်မဟုတ်လား”
“သိတာပေါ့ဗျ တစ်ခြံတည်းနေတာပဲ… ဘာဖြစ်လို့တုန်း”
“ဘာမှမဖြစ်ပါဘူး… ဒါဆိုရင် ကိုထူးကျော်ရဲ့ ဖုန်းနံပါတ်ကိုရော အစ်ကိုသိလားဟင်…”
“ဟင်… ထူးကျော်ဖုန်းနံပါတ်… အင်း… ဟို… တစ်အိမ်တည်းနေတယ်ဆိုတော့ ထူးကျော်နဲ့ကျွန်တော်က အမြဲတွေ့နေရတယ်လေ… အဲ့ဒါကြောင့် သူ့ဖုန်းနံပါတ်ကျွန်တော်အလုပ်မရှိတာနဲ့ မမှတ်ထားမိခဲ့ဘူး… သြော်.. ဒါနဲ့နေပါဦး ဟိုတစ်လောတုန်းကတော့ သူပြောဘူးတယ်ဗျ… ဘာတဲ့… သြော်မှတ်မိပြီမှတ်မိပြီ….********** ဒါပေမယ့် ကျွန်တော်ပေးတဲ့ နံပါတ်က သိပ်မသေချာဘူးနော် ကျွန်တော်လည်း မှတ်မိတဲ့နံပါတ်ကိုပဲပြောရတာ အဲ့ဒီဖုန်းနံပါတ် သူသုံးသေးလား မသုံးတော့ဘူးလားဆိုတာ ကျွန်တော်မသိဘူး ”
“ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်ဗျာ… ဒါနဲ့အစ်ကို ကျွန်တော့်ကိုတစ်ခုလောက် ထပ်ပြီးကူညီပေးနိုင်မလားဟင်”
“ဘာတုန်းဗျ… ပိုက်ဆံချေးတာကလွဲရော တခြားပြောကြည့် ကျွန်တော်ကူညီနိုင်ရင်တော့ ကူညီပေးမယ်”
“ဟိုလေ… အစ်ကိုကျွန်တော်တို့ကို အိမ်လိုက်ပို့ပြီးရင် ဘယ်သွားဖို့ရှိသေးလဲ”
“အင်း…. ဘယ်မှတော့ သွားစရာမရှိပါဘူ ဘာဖြစ်လို့တုန်း”
“ဒါဆိုရင်… အိမ်ကိုတန်းပြန်မှာပေါ့နော်”
“ဟုတ်တယ်”
“ဒါဆိုရင်လေ ကိုထူးကျော်နဲ့တွေ့ရင် ကျွန်တော့်ဖုန်းနံပါတ်လေး သူ့ကိုတစ်ချက်လောက် ပေးပေးပါလား… ပြီးတော့ ကျွန်တော့်ကို ဖုန်းလေးတစ်ချက်လောက် ခေါ်ပေးပါလို့… အဲ့ဒီအတိုင်းပြောပေးပါနော်….”
“ကောင်းပြီလေ…. ဖုန်းနံပါတ်ပေးခဲ့….”

ထိုသို့ပြောဆိုလေခဲ့ရင်း ကားမောင်းသူအစ်ကိုကြီးထံမှ ကိုထူးကျော်၏ မသေချာမရေရာလှသော ဖုန်းနံပါတ်ကိုပင် တောင်းယူလာခဲ့ရရင်း ကျွန်ုပ်၏ဖုန်းနံပါတ်အားလည်း ကိုထူးကျော်ဆီသို့ ပေးအပ်ပေးပါရန် တောင်းဆိုခဲ့ရချေသည်။ သို့နှင့် တန်ခိုး၏လမ်းပြခေါ်ဆောင်ရာ အနောက်ဆီသို့ ကားမောင်းသူအစ်ကိုကြီးမှာလည်း မောင်းနှင်းလာခဲ့ရင်း မကြာမီအချိန်တွင်းမှာပင် ကျွန်ုပ်၏နေအိမ်ဆီသို့ပင် စိုက်မြိုက်စွာဖြင့် ရောက်ရှိလာခဲ့လေတော့သည်။ ထို့နောက် သူငယ်ချင်းလေးဦးသည်လည်း ထိုသူတို့၏ အုပ်ထိန်းသူများနှင့် အိမ်မဲကြီးခရီးစဉ်သို့ သွားရောက်ရမည့်အကြောင်း ပြောဆိုရဦးဖြစ်ဖြစ်သော်ကြောင့် ကျွန်ုပ်အား နှုတ်ဆတ်လေခဲ့ရင်း ထွက်ခွာသွားခဲ့လေသည်။ နေအိမ်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်နှင့် အိမ်အပေါက်ဝအတွင်း၌ ကျွန်ုပ်၏အိမ်ပြန်ချိန်အား စောင့်မျှော်နေခဲ့သူမှာ ကျွန်ုပ်၏ချစ်လှစွာသော ဖခင်ပင်ဖြစ်လေသည်။

“သား.. ထီးလေး အခြေနေဘယ်လိုလဲ”
“အဆင်ပြေတယ်အဖေ.. သားတို့မနက်ဖြန်ပဲ သွားဖို့အတွက် စီစဉ်ထားလိုက်ပြီ”
“ဟေး… မြန်လှချည်းလား ဒါနဲ့နေပါဦး… မင်းတို့ပြောတဲ့အိမ်ကြီးက ဘယ်မှာလဲ ရွှေပေါက်ကံထဲမှာပဲလား”
“မဟုတ်ဘူးအဖေ… အိမ်ပိုင်ရှင်က ရန်ကုန်ကိုပြောင်းလာတာ သိပ်မကြာသေးဘူး… သူ့ဇာတိက ဧရာဝတီတိုင်း ဝါးခယ်မမြို့လို့သိရတယ် အဲ့ဒါကြောင့် အဲ့ဒီအိမ်ကြီးကလည်း သူနေခဲ့တဲ့ ဝါးခယ်မမြို့ပေါ်မှာပဲတဲ့….”
“ဟင်… ဝါးခယ်မမြို့ဆိုတော့ နယ်ဘက်ပေါ့”
“ဟုတ်တယ်အဖေ”
“သြော်.. သွားဖို့လာဖို့အတွက်ကရော သူတို့ဘယ်လိုစီစဉ်ပေးမှာတုန်း”
“အင်း… သွားဖို့လာဖို့အတွက်ကတော့ အိမ်ပိုင်ရှင်ကြီးကပဲ လိုလေသေးမရှိ အစအဆုံးစီစဉ်ပေးမယ်လို့ပြောတယ်”
“အေး… ဒါဆိုရင် သားတို့သူငယ်ချင်း ငါးယောက်အတွက် အဖေအဆောင်တစ်ခုစီ စီစဉ်ပေးလိုက်မယ်။ အဲ့ဒီအဆောင်က သာမာန်အဆောင်မဟုတ်ဘူးငါ့သား… သရဲ၊ တစ္ဆေ၊ မြေဖုတ်ဘီလူး၊ သူယောင်၊ ကဝေ(၉၉)မျိုး၊ စုန်း၊ အောက်လမ်း၊ အဲ့ဒီလိုအနှောက်ယှက်တွေဆိုရင် ချက်ချင်းပပျောက်သွားနိုင်တယ်.. ဒါနဲ့တန်ခိုးတို့ရော…”
“အိမ်ခဏပြန်သွားကြတယ်အဖေ… ညနေကြမှပြန်လာကြလိမ့်မယ်”
“ဟုတ်ပြီ… ဒါဆိုရင် သားတို့သူငယ်ချင်းငါးယောက်ဆုံမှ အဖေစကားလေးမှာပြီး အဲ့ဒီလက်ဖွဲ့ပေးမယ်”
“ဟုတ်ကဲ့ပါအဖေ….”

အဖေဟာ အထက်ဂိုဏ်းဆရာကြီးတစ်ဦးဖြစ်သည့်အလား၊ အဖေ့ဆီမှ အဆောင်ပစ္စည်းများဖြင့် ကျွန်ုပ်ဟာ ပရလောကဖြစ်ရပ်ဆန်းများအား ဖြေရှင်းခဲ့ဘူးသည်။ အရေးကြုံလာသည့် အခါမျိုးတွင်မူ ဖခင်ဖြစ်သူ၏ အဆောင်ပစ္စည်းမှာ လွန်စွာအားကိုးမိလှရင်း ကျွန်ုပ်၏အသက်အန္တရယ်များအားလည်း ထိုအဆောင်ပစ္စည်းလေးမှ ကယ်တင်ပေးခဲ့ဘူးလေသည်။ “နှစ်တစ်ရာကျိန်စာသင့်အိမ်ကြီး၊ ရွာပျောက်ကြီးရှာပုံတော်” ပြီးခဲ့သည့် သေမင်းတံခါးဝမှအပြန် ဖြစ်ရပ်ဆိုးကြီးများတွင် ဖခင်ဖြစ်သူ၏ အဆောင်ပစ္စည်းများအား ကျွန်ုပ်တစ်ယောက် ကောင်းစွာအသုံးချခဲ့ဘူးလေသည်။ ယခုအခါတွင်လည်း ဖခင်ဖြစ်သူမှ အိမ်မဲကြီးခရီးစဉ်တွင် အဆောင်ပစ္စည်း ပေးလိုက်ပါမည်ဟု သိရှိထားရသော်ကြောင့် ကျွန်ုပ်အဖို့ အတိုင်းထက်အလွန်ပင် ၀မ်းသာမိလေခဲ့သည်။
                                    *****     ******    *****     ******

“ဟင်… မိလုံး… နင့်မမလေးရော…”
“မမလေးအိပ်ခန်းထဲမှာ…ဘဘ”
“ဟေး…. ထမင်းစားချိန်တောင်ရောက်နေပြီ… နင်တို့မခေါ်ကြဘူးလား”
“ခေါ်ပါတယ်ဘဘ… သမီးတို့အကြိမ်ကြိမ်ခေါ်တာပါ ဒါပေမယ့် မမလေးက သမီးတို့ကို ငေါက်လွတ်ပြီး ဆက်မခေါ်နဲ့လို့ပြောလို့ပါ”
“ဟ… ဒီကလေးမလေးနဲ့ ခက်ပါတယ်…”

“သမီး… ဟေး.. သမီးလေး.. သမီးလေးတံခါးဖွင့်ပါဦး…”
“အိုကွာ.. ဖေဖေက ငါ့သမီးလေးအတွက် စိတ်ပူလို့ပါ… သမီးကလည်း ထမင်းစားချိန်တောင်ရောက်နေပြီလေ… အောက်ဆင်းလာခဲ့တော့ ထမင်းစားရအောင်နော်….”
“မစားဘူး… ဟိုအစ်မတွေနဲ့ သမီးကိုလိုက်ခွင့်မပြုရင် မစားဘူး… ဖေဖေဟာဖေဖေစား…”
“သမီးကလည်း အဲ့လိုမလုပ်ရဘူးလေ… သမီးလေးကလိမ္မာပါတယ်… လာပါနော်သမီး ထမင်းစားကြရအောင်နော်.. တော်ကြာ သမီးလေးအစာလွန်နေရင် ဗိုက်တွေဘာတွေအောင့်နေမယ်သမီးရဲ့…”
“မစားဘူး…”
“အိုကွာ… ဒီကလေးမနဲ့တော့ခက်ပါတယ်… ဟွန်း!”
*အင်း… ငါဘယ်လိုလုပ်ရမလဲ ဒီနှစ်ဒီအချိန်ဆိုရင် ဟိုအိမ်ကြီးမှာက လူစားလဲတော့မယ့်အချိန် ငါ့သမီးလေးကို ထည့်လိုက်လို့ မဓကာ…ငါ့သမီးလေးဒုက္ခရောက်သွားရင် ငါရင်ကျိုးရချည်ရဲ့… မဖြစ်ဘူးမဖြစ်ဘူး… သူ့ဆန္ဒကိုလိုက်လျောပေးလို့မဖြစ်ဘူး… ဒီအတိုင်းငါ့ကိုစိတ်ကောက်နေတာကမှ အချိန်တန်ရင် စိတ်ပြေသွားလိမ့်ဦးမယ်*
“သမီး… ဒါဆိုရင် ဖေဖေစားနှင့်မယ်နော်… သမီးလေးဆာရင် မိလုံးတို့ကိုခေါ်လိုက်ကြားလား”
“မကြားဘူး… စားလည်းမစားဘူး”

နှစ်ပေါင်းများစွာ အဖြစ်ဆိုးကြီးများဖြစ်ပေါ်နေလေ့ရှိသော် ထိုအိမ်မဲကြီးအကြောင်းများအား ပိုင်ရှင်ဖြစ်သည့် ဦးမြ၀င်းဖေတစ်ယောက် အသိဆုံးပင်ဖြစ်လိမ့်မည်။ နှစ်စဉ်နှစ်တိုင်းဖြစ်ပွားနေလေ့ရှိသော ထိုအိမ်မဲကြီးတွင် ယခုနှစ်အတွင်း၌ မည်သည့်အဖြစ်ဆိုးတစ်ခုမှ မဖြစ်ပေါ်လာခဲ့သေးပေ။ အကယ်၍များယခုနှစ်အတွင်း၌ ထိုဖြစ်ဆိုးကြီးများ ဖြစ်ပေါ်လာခဲ့လျင် အိမ်မဲကြီးဆီသို့ မိမိကိုယ်မိမိယုံကြည်မှု့များလွန်ကဲနေကြသော လူငယ်ငါးဦးတည်းမှ တစ်ဦးဦးသေဆုံးသွားချင်သွားပါစေ။ ဦးမြ၀င်းဖေအဖို့ ၀မ်းနည်းစရာအကြောင်းပင် ရှိလိမ့်မည်မဟုတ်ချေ။ သို့သော် သူ၏သမီးဖြစ်သူအား ထိုအိမ်မဲကြီးဆီသို့ လိုက်ပါသွားခွင့် ပြုလိုက်မည်ဆိုလျင် ယခုနှစ် အိမ်မဲကြီး၏သားကောင်မှာ မိမိ၏သမီးလေးအဖြစ်မခံနိုင်ပေ။ ထို့ကြောင့် စိတ်ကောက်နေခဲ့သော သမီးဖြစ်သူအား ဖခင်ဖြစ်သူအနေနှင့် စိတ်မကောင်းဖြစ်နေရသော်လည်း မည်သို့မှပင် မတတ်နိုင်သည်ကြောင့် လက်ပိုက်သာလျင်ကြည့်နေခဲ့ရတော့သည်။

“ဆရာကြီး…”
“သြော်… မောင်ထူး ဘယ်လိုလဲ… ဦးမျိုးမြင့်နဲ့တွေ့ခဲ့ရဲ့လား”
“တွေ့ခဲ့တယ်ဆရာကြီး… ဦးမျိုးမြင့်ကတောင် ပြောလိုက်သေးတယ်… သူ့ကိုဆရာကြီး ဖုန်းဆက်ပြီးပြောလို့ရရဲ့သားနဲ့ တကူးတက ကျွန်တော့်ကို လွတ်လိုက်လို့ အားနာမိပါတယ်တဲ့…”
“သြော်ကွာ… ကဲ.. မင်းလုပ်စရာရှိတာလေးတွေ ဆက်လုပ်ရဦးမယ်မဟုတ်လား”
“ဟုတ်ကဲ့ဆရာကြီး… သြော်ဆရာကြီး..”
“ဟင်.. ဘာတုန်းကွ”
“ဟိုလေ… ဟိုအိမ်မဲကြီးအကြောင်း ဟိုကောင်လေးတွေကို သေသေချာချာပြောပြလိုက်သေးလားဆရာကြီး”
“အမယ်… မင်းယောက်ဖလေးတွေဖြစ်နေလို့ ကြားထဲကနေ ၀င်စိတ်ပူပေးနေတာလားကွ ငါအားလုံးသေချာပြောပြထားပြီပါပြီ”
“မဟုတ်ပါဘူးဆရာကြီးရ… ဒီကောင်လေးတွေအားလုံးက တော်တော်သတ္တိရှိကြတယ်… စိတ်ရင်းလေးတွေကလည်း လူငယ်ဆိုပေမယ့် လူကြီးဆန်ဆန်တွေးခေါ်တတ်ကြတယ်… ပြီးတော့ အိမ်မဲကြီးကို သူတို့အနေနဲ့လျော့တွက်ပြီး သူတို့မှာ ကြိုတင်ပြင်ဆင်စရာရှိတာလေးတွေ မပြင်ဆင်ဖြစ်မှာဆိုးလို့ပါ.. ပြီးတော့ အဲ့ဒီပတ်ဝန်းကျင်က ပြောကြသလို ဆရာပိုင်တဲ့ ပုဏ္ဏကစားတဲ့အိမ်မဲကြီးက တစ်နှစ်တစ်ကြိမ်လူစားလဲတယ်ဆိုလား.. ဒါပေမယ့် ဒီနှစ်တော့ ဘာသံမှမကြားရသေးဘူးနော်”
“အဲ့ဒါပြောတာပေါ့ထူးကျော်ရာ… အခု မင်းမမလေးကလည်း လူငယ်ငါးယောက်နဲ့ အိမ်မဲကြီးဆီကို မလိုက်ရလို့ဆိုပြီး ထမင်းမစားပဲ ငါ့ကိုဆန္ဒပြနေတယ်လေ… ငါတော့ဘယ်လိုလုပ်ရမှန်းကိုမသိတော့ပါဘူးကွာ”

“ဘဘကြီး… ဘဘကြီးလုပ်ပါဦး… ဘကြီးလုပ်ပါဦး”
“မမလေးမလုပ်ပါနဲ့… မမလေး… ဘဘကြီး… ဘဘကြီး”
“လွတ်စမ်း… ငါ့ကိုလွတ်ကြစမ်း”

ကိုထူးကျော်နှင့်အတူ ဦးမြ၀င်းဖေတို့နှစ်ဦးသား အောက်ထပ်ဧည့်ခန်းအတွင်း၌ စကားများစွာပြောဆိုနေချိန်တွင် အိမ်အကူမလေးမိလုံး၏ အလောတကြီးအော်ဟစ်ခေါ်သံများအား အိမ်အပေါ်ထပ်ဆီမှ ကြားသိလိုက်ရသည်။ ထို့ကြောင့် ဦးမြ၀င်းဖေနှင့်ကိုထူးကျော်တို့သည်လည်း အိမ်ပေါ်ထပ်ဆီသို့ အလောတကြီး တတ်ရောက်လာခဲ့ကြပေသည်။ ထိုအခါမြင်တွေ့လိုက်ရ၏၊ အိမ်အပေါ်ထပ်ဝရမ်တာဆီမှ မိမိကိုယ်မိမိအား အဆုံးစီရင်ရန် ကြိုးစားနေခဲ့သော သမီးဖြစ်သူ မိုးတင်ဇာ(ခ)ယုန်မလေး၊ သို့နှင့် ဦးမြ၀င်းဖေသည်လည်း သမီးဖြစ်သူအား စိုးရိမ်ကြီးစွာ တားဆီလိုက်ရရင်း ဂရုဏာဒေါသတို့ဖြင့် ထိုကဲ့သို့ပင် ပြောဆိုလေတော့သည်။

“မိုးတင်ဇာ.. ညည်း.. ဒါဘာလုပ်တာလဲ ဟမ်… မိဘက ဒီလောက်ထိအလိုလိုက်နေတာတောင် ညည်းကကိုယ့်ကိုကိုယ်သတ်သေဖို့ ကြံသေးတယ်ဟုတ်လား….”

မိဘဖြစ်သည်ကြောင့် သမီးဖြစ်သူအား စိုးရိမ်ကြီးလွန်းလှစွာဖြင့် ဂရုဏာသဒေါထွက်လေခါ ထိုသို့ပင်ပြောဆိုလိုက်လေသည်။ ထိုအခါ သမီးဖြစ်သူမှာလည်း သူမ၏ခံစားချက်များကိုပင် ငိုယိုလျက် ထိုသို့ပင် ဖွင့်ဟပြောဆိုလာခဲ့လေတော့သည်။

“ဟုတ်တယ်ဖေဖေ.. ဖေဖေရဲ့စည်းစိမ်ချမ်းသာမှု့တွေအောက်မှာ လိုလေသေးမရှိ သမီးနေနေရပေမယ့် သမီးဘ၀က ရွှေငါးအဖြစ်ကိုရောက်နေရပြီ… ငယ်ငယ်လေးတည်းက အခုအချိန်ထိ အချုပ်အချယ်ခံလာရတာ…. ရွှေငါးဆိုတဲ့နာမည်လေးကတော့ လှပါရဲ့.. ဒါပေမယ့် သူ့ဘ၀က မှန်ဘောင်ကျင်းကျင်းလေးထဲမှာနေ… သူများချကျွေးတဲ့ အစာကိုစား… အောက်ဆီဂျင်အတုကိုရှု… ကျောက်ဆောင်အတုတွေကြားမှာ နေနေခဲ့ရတယ်… သမီးအဲ့ဒီလိုရွှေငါးမျိုးမဖြစ်ချင်ဘူးဖေဖေ…. လွပ်လွပ်လပ်လပ်နဲ့ ချောင်းမြောင်းတွေထဲမှာ ရှင်သန်ရတဲ့ ငါးလေးတစ်ကောင်ပဲဖြစ်ချင်တယ်… အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင် ဒီဘ၀ကြီးမှာနေရတာ သမီးအတွက်ဘာအဓိပ္ပာယ်မှ မရှိဘူး… သမီးကိုသေခွင့်ပဲပေးပါတော့…”

မိဘများဖြစ်သည့်အလျောက် မိမိတို့၏ သားသမီးများမှာ အသက်အားဖြင့်(၈၀)ကျော်နေခဲ့လျင်လည်း မိမိတို့၏အမြင်ထဲတွင် ကလေးလေးဟုပင် ထင်မှတ်ထားစေရင်း စောင့်ရှောက်နေတတ်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့သော် သားသမီးများဘက်မှလည်း မိမိတို့ဟာ ပညာစုံလျက် လူကြီးများပင်ဖြစ်ကြပြီဟု ထင်မှတ်သွားကြရင်း ကိုယ်ပိုင်လွတ်လပ်မှု့များစွာနှင့် လောကကြီးအတွင်း၌ လျောက်လှမ်းချင်ကြပေသည်။ ထိုကဲ့သို့ လျောက်လှမ်းခွင့်မရှိလာခဲ့လျင် ချမ်းသာမှု့များစွာရှိနေခဲ့သော်လည်း ဆင်းရဲမှု့များစွာဟာ စိတ်အတွင်း၌ ကိန်းဝတ်နေတတ်ကြရင်း မလိုအပ်သည့် အဖြစ်ဆိုးများစွာ ဖြစ်ပေါ်လာတတ်ကြပေသည်။

ယခုတွင်လည်း ဦးမြဝင်းဖေ၏တစ်ဦးတည်းသော သမီးဖြစ်သူမိုးတင်ဇာမှာမူ လူငယ်ငါးဦးသွားရောက်ကြမည့် ခရီးဆီသို့ လိုက်ပါခွင့်မရရှိခဲ့သည်ကြောင့် အိမ်အပေါ်ထပ်ဝရမ်တာဆီမှအောက်သို့ခုန်ချ သက်သေရန်အတွက် ကြိုးစားခဲ့လေတော့သည်။ အိမ်အကူကောင်မလေး၏ အချိန်မီသတိပေးခဲ့ခြင်းကြောင့် ဖခင်ဖြစ်သူ ဦးမြဝင်းဖေသည်လည်း အချိန်မီသာလျင် တားဆီးနိုင်ခဲ့လေသည်။ မိမိကိုယ်ကိုသက်သေရန်အတွက် ကြိုးစားခဲ့သော မိုးတင်ဇာမှာလည်း အဘယ့်ကြောင့် ထိုကဲ့သို့ပြုလုပ်ခဲ့ရသည့် အကြောင်းများကိုပင် ဖခင်ဖြစ်သူထံသို့ ငိုကြွေးပြောဆိုလေခဲ့ချေသည်။ သို့နှင့်ဦးမြ၀င်းဖေသည်လည်း ငိုရှိုက်စွာပြောဆိုနေခဲ့သော သမီးဖြစ်သူအား ထွေးဖတ်လျက်….

“ဟုတ်ပါပြီသမီးလေးရယ်… ဟုတ်ပါပြီ… ဖေဖေနားလည်ပါပြီ”
“မောင်ထူး…”
“ဗျာဆရာကြီး…”
“လာပါဦးကွာ…”
“ဟုတ်ကဲ့ဆရာကြီး”
“မင်းထမင်းစားပြီးသွားရင် လူငယ်ငါးယောက်ဆီကို တစ်ချက်လောက်သွားပေးဦး ပြီးရင် ဝါးခယ်မမြို့ကို ငါတို့သားဖနှစ်ယောက်ပါ လိုက်လာခဲ့မယ်လို့…ပြောပေး”
“ဟင်… ဆရာကြီး… ဝါးခယ်မမြို့ကို ဆရာကြီးလိုက်သွားလို့မဖြစ်ဘူးလေ… ဆရာဝန်ကြီးက မှာထားတယ်… နှစ်ရက်ခြားစီဆေးရုံကို ရက်ချိန်းမှန်မှန်ပြန်လာခဲ့ရမယ်တဲ့… ရက်ချိန်းပျက်သွားခဲ့ရင် ခွဲစိတ်ထားတဲ့ဒဏ်ရာက မကျက်သေးလို့ ဆရာကြီးဒုက္ခဖြစ်သွားနိုင်တယ်လို့ ပြောလိုက်တယ်လေ..”
“ဟေး… ဟုတ်ပါရဲ့လား… ဟာ… ဒါဆိုဘယ်လိုလုပ်ရမလဲ”
“ဆရာကြီးက အခုဘယ်လိုလုပ်မလဲဆရာကြီး… မမလေးကို ဝါးခယ်မမြို့ကိုထည့်လိုက်မလို့လား”
“အေးလေကွာ… မတတ်နိုင်တော့ဘူး.. မင်းမြင်တဲ့အတိုင်းပဲလေ..”
“ဒါဆိုဒီလိုလုပ်ပါလားဆရာကြီး… မမလေးကိုလူငယ်တွေနဲ့ထည့်လိုက်မယ်ဆိုရင် ဆရာကြီးပါလိုက်သွားလို့တော့မဖြစ်ဘူး… ဒီလိုလုပ်လေ မမလေးကိုစောင့်ရှောက်ဖို့ ကျွန်တော်မမလေးနဲ့အဖော်လိုက်သွားလိုက်မယ်… ဆရာဝန်ကြီးမှာထားသလို ဒီတစ်ပတ်အတွင်း ရက်ချိန်းပုံမှန်ပြပြီးမှ ဝါးခယ်မကို ဆရာလိုက်ချင်ရင် အနောက်ကနေ လိုက်လာခဲ့ပေါ့”
“အေးကွ.. ဒါလည်းမဆိုးဘူးပဲ”
“ကဲသမီးလေး… သမီးလိုက်ချင်တဲ့ခရီးကို မောင်ထူးနဲ့အတူတူလိုက်သွားနော်… ဖေဖေအနောက်ကနေ လိုက်လာခဲ့မယ်သိလား”
“ဟင်… ဖေဖေ… ဖေဖေတကယ်ပြောတာနော်… သမီးကို ဟိုအစ်ကိုတွေနဲ့ တကယ်လိုက်ခွင့်ပြုလိုက်တာပါနော်ဖေဖေ”
“တကယ်ပေါ့သမီးရဲ့… ဒါပေမယ့် မောင်ထူးပြောစကားကိုတော့ သမီးလေးနားထောင်ပါနော်.. သမီးကိုဖေဖေဘယ်လောက်ထိ ချစ်သလဲဆိုတာ ငါ့သမီးလေးသိမှာပါ… အခုလည်း သမီးလေးကိုချစ်လွန်းလို့ အဲ့ဒီခရီးကို မလိုက်သွားဖို့အတွက် ဖေဖေတားခဲ့တာပါ… ဒါပေမယ့်လည်း မတတ်သာလို့ သမီးလေးကိုခွင့်ပြုလိုက်ရတာ”
“ကျေးဇူးတင်ပါတယ်ဖေဖေရယ်… စိတ်ချပါ ကိုထူးပြောစကားကို သမီးနားထောင်မှာပါ”

ရင့်ကျက်စွာပြောဆိုလာခဲ့သော စကားများ။ ထိုတင်မက ခံစားချက်များစွာ ထည့်သွင်းပြောဆိုလာခဲ့သော စကားများအား ငိုကြွေးပြောဆိုလာခဲ့စဉ်မှ မိုးတင်ဇာဟာ လူကြီးတစ်ဦးကဲ့သို့ ပုံစံဖြစ်သွားခဲ့သော်လည်း၊ ယခုအခါ သူမဖြစ်ချင်လှသော ဆန္ဒများအား ဖခင်ဖြစ်သူမှ ဖြည့်ဆည်းပေးလိုက်သည်နှင့် မျက်ရည်များကိုပင်သုတ်လေခါ အငိုမျက်လုံးများဖြင့် ဦးမြဝင်းဖေအား နမ်းရှိုက်လေခဲ့သည်။

“ကဲ… အဲ့ဒါဆိုရေမိုးချိုးပြီး အောက်ဆင်းလာခဲ့နော်… ပြီးရင်ထမင်းစား၊ ပြီးရင် ခရီးအတွက်ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်တော့”
“ဟုတ်ကဲ့ဖေဖေ…”
“မောင်ထူး…”
“ဗျာဆရာကြီး”
“မင်းကိုမှာစရာရှိသေးတယ်… ဧည့်ခန်းမှာစောင့်နေ”
“ဟုတ်ကဲ့ပါဆရာကြီး…”

ပျော်ရွှင်သွားခဲ့သော သမီးဖြစ်သူအား ဦးမြဝင်းမှာ အိပ်ခန်းအတွင်းသို့ လိုက်လံပို့ဆောင်ပေးခဲ့ပြီး၊ လူငယ်ငါးဦးထံသို့ သွားရောက်မည့် ကိုထူးကျော်အား ပြောစရာစကားတစ်ချို့ရှိနေသေးပါသည်ဟု ပြောဆိုခဲ့လေသည်။ သို့နှင့် ကိုထူးကျော်သည်လည်း ဆရာဖြစ်သူ၏စကားအတိုင်း ဧည့်ခန်းအတွင်း၌စောင့်စားနေခဲ့ပြီး၊ မကြာမီအချိန်တွင်းမှာပင် ဧည့်ခန်းအတွင်းသို့ ဦးမြဝင်းဖေတစ်ယောက် ရောက်ရှိလာခဲ့လေသည်။

“အေးကွ… အမှန်တိုင်းပြောရရင် ငါ့သမီးလေးကိုလုံးဝစိတ်မချဘူး… မတတ်သာတဲ့ အခြေနေဖြစ်နေလို့သာ ထည့်လိုက်ရမှာ… ထူးကျော်…”
“ပြောပါဆရာကြီး”
“ငါ့သမီးလေးကို မင်းသေသေချာချာ စောင့်ရှောက်ပေးပါကွာ… ငါ့သမီးလေးကို ငါဘယ်လောက်ထိချစ်သလဲဆိုတာ မင်းအသိဆုံးပါ”
“ကျွန်တော်သိပါတယ်ဆရာကြီး… စိတ်ချပါ… ကျွန်တော်အသက်နဲ့လဲပြီး မမလေးကိုစောင့်ရှောက်ပေးသွားမှာပါ။”
“အေး… နေဦး… အစကတော့ လူငယ်ငါးယောက်ဆိုတာ ဘယ်လိုအစွမ်းတွေပဲရှိရှိ ငါစိတ်မဝင်စားခဲ့ဘူး… သူတို့သေချင်သေ မသေချင်နေ ငါဂရုမစိုက်ဘူး… ဒါပေမယ့်အခုတော့ သူတို့နဲ့အတူ ငါ့သမီးလေးပါ ထည့်လိုက်ရတော့မှာဆိုတော့ သူတို့ကို… စိတ်ချလို့ဖြစ်ပါ့မလား”
“ဟာ… ဆရာကြီး… အခုနေများ ဆရာကြီးသမီးမမလေး သူတို့နဲ့လိုက်လာမယ်ဆိုတာသိခဲ့ရင် လူငယ်ငါးယောက်က ကျွန်တော့်ထက်ပိုပြီး မမလေးကိုဂရုစိုက်ကြလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်… ဘာဖြစ်လို့လဲဆိုရင် အဲ့ဒီလူငယ်ငါးဦးနဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုမှာ ကိုယ်တိုင်ပါဝင်ခဲ့ဘူးတဲ့ လူကပြောတယ်… သူတို့က လူငယ်လေးတွေဖြစ်ပေမယ့် အရေးကြုံလာတဲ့ အခါကြရင် သူတို့အသက်ကိုတောင်မမူပဲ တပါးသူတွေရဲ့အသက်ကို ကယ်တင်ပေးတတ်တယ်လို့ ကျွန်တော်သိထားရတယ်ဆရာကြီး”
“ဟေး… သူတို့လေးတွေက အဲ့ဒီလိုလူစားလေးတွေလား”
“ဟုတ်ပါတယ်ဆရာကြီး… ဒါတောင် ကျွန်တော်ပြောပြတာ မပြည့်စုံသေးပါဘူး… လူငယ်ငါးယောက်ဆီ လမ်းညွှန်ပေးခဲ့တဲ့ ကျွန်တော်မိတ်ဆွေပြောတာ ပိုပြီးပြည့်စုံတယ်..”
“အေးပါကွာ… ငါမှားသွားတာပေါ့… တကယ်တော့ သူတို့ကိုသူတို့ ယုံကြည်မှု့တွေ လွန်ကဲနေကြပြီး အရာရာကိုစပ်စုတတ်တဲ့ ချာတိတ်တွေလို့ ငါထင်ထားခဲ့တာ… အဲ့ဒါကြောင့်လည်း ပယောဂါဆရာအဆက်ဆက် အရှုံးပေးခဲ့ရတဲ့ ပုဏ္ဏကစားတဲ့ အိမ်မဲကြီးဆီ လွှတ်ခဲ့တာပေါ့… အခုတော့ ငါ့အချစ်ဆုံးသမီးလေးလည်း သူတို့နဲ့လိုက်သွားတော့မယ်ဆိုတော့ အခုလိုသိလိုက်ရတာ ငါ့အတွက်သိပ်ကိုဝမ်းသာမိတယ်”
“စိတ်ချပါဆရာကြီး… ကျွန်တော်လည်း မမလေးဘေးနားမှာ အိုဗျာ ကုန်ကုန်ပြောမယ် ကျွန်တော်သေသွားတဲ့အထိ စောင့်ရှောက်ပေးနေမှာပါ”
“ကျေးဇူးတင်ပါတယ်ထူးကျော်ရာ… ကဲကဲ.. အချိန်ရှိတုန်း သွားတော့..”
“ဟုတ်ကဲ့ပါဆရာကြီး”
“သြော်နေဦး… ဟို… ဝါးခယ်မကို မင်းနဲ့သမီးလေးလိုက်လာမယ်ဆိုတဲ့ အကြောင်းကလွဲပြီး တစ်ခြားဘာမှရှည်ရှည်ဝေးဝေးမှ စကားတွေရှည်မနေနဲ့နော်ထူးကျော်… အိမ်မဲကြီးအကြောင်း သူတို့ထပ်မေးရင် ငါပြောလိုက်တာ အကုန်ပဲလို့ပြောလိုက်သိလား”
“ဟုတ်ကဲ့ပါဆရာကြီး… ဆရာကြီးပြောလိုက်ပြီးပြီးဆိုရင် ပြီးတာပဲဟာ”

လူကြီးမင်းခေါ်ဆိုနေသော တယ်လီဖုန်းမှာတတ်ဆင်ထားခြင်းမရှိပါဟု တစ်ဖက်မှပြန်လည်ဖြေကြားနေခဲ့သော အမျိုးသမီးတစ်ဦး၏အသံ။ နေအိမ်ဆီသို့ပြန်လည်ရောက်ရှိလာစဉ်ကတည်းမှ ဖခင်ဖြစ်သူနှင့် စကားများစွာပြောဆိုခဲ့ပြီးနောက်တွင်မူ ကားဆရာအစ်ကိုကြီးဆီမှ တောင်းယူလာခဲ့သော ကိုထူးကျော်၏ဖုန်းနံပါတ်ကိုပင် ကျွန်ုပ်ဟာ တရတ်ဆတ်ခေါ်ဆိုနေခဲ့မိသည်။ သို့သော် တစ်ဖက်မှ ဖုန်းနံပါတ်ဟာ တပ်ဆင်ထားခြင်းမရှိခဲ့ပါဘူးဟု ပြန်လည်ဖြေကြားစေခဲ့သည်။ သို့သော်လည်း ကျွန်ုပ်ဟာ ဇွဲမလျော့ခဲ့ပဲ အချိန်ပြည့်သာလျင် ခေါ်ဆိုကြည့်မိနေသည်။

အိမ်မဲကြီးနှင့်ပတ်သတ်ပြီး ကိုထူးကျော်ပြောဆိုချင်နေသည့် အကြောင်းအရာများမှာ မည်သည့်အကြောင်းပင်ဖြစ်သနည်း။ ဦးမြဝင်းဖေသည်လည်း အိမ်မဲကြီးနှင့်ပတ်သတ်ပြီး တစ်စုံတစ်ခုသော အကြောင်းအရာများကိုပင် ဖုန်းကွယ်ထားဟန်တူလိမ့်မည်။ ကိုထူးကျော်နှင့် ကျွန်ုပ်တစ်ယောက် စကားတစ်ချို့ပြောကြည့်ချင်သေးသည်။ သို့သော် အဘယ်သို့ပြုလုပ်ရမည်နည်း။ ခြံအတွင်းတစ်နေရာ၌ ကျွန်ုပ်တစ်ကိုယ်တည်း တွေးတောနေချိန်မှာပင် သူငယ်ချင်းလေးဦးသားမှာ ရေမိုးချိုးပြီးနောက် ကျွန်ုပ်ထံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြလေသည်။

“ဟေ့… ထီးလေး”
“သြော်… လာ.. ထိုင်ကြဦး”
“မင်းဘာတွေ တွေးနေတာလဲ မင်းကြည့်ရတာ တစ်ခုခုတွေးနေတာမဟုတ်လား”
“အေးကွ…”
“ဘာအကြောင်းတွေများတုန်း… ငါတို့သွားမယ့် အိမ်မဲကြီးနဲ့ပတ်သတ်လား”
“သိပ်ပတ်သတ်တာပေါ့”
“ဟင်… ဒါဆိုဘာများတုန်းကွ”
“ဒီလိုကွ… မင်းတို့အားလုံးသတိထားမိလိုက်လား… ဦးမြဝင်းဖေဆီကို ငါတို့ရောက်ရောက်ချင်း ကိုထူးကျော်မိတ်ဆတ်ပေးတယ်လေ… ပြီးတော့ အိမ်မဲကြီးနှင့်ပတ်သတ်ပြီး ကိုထူးကျော်ပြောပြထားတာနဲ့တင် တော်တော်ဆိုးဆိုးရွားရွားဖြစ်နေမှန်း ငါတို့အားလုံးအသိပဲမဟုတ်လား”
“အေးလေ… နင်က ဘာကိုတွေးမိလိုက်လို့လဲ”
“ဒီလိုဟ… အဲ့ဒါကို ကိုထူးကျော်က သူ့ဆရာကိုပြောတယ်လေ… သူပြောပြထားထက် ပိုဆိုးတဲ့အကြောင်းတွေ အဲ့ဒီအိမ်မဲကြီးမှာရှိနေသေးတယ် သူပြောပြထားတာက အပေါ်ယံလောက်ပဲ… ဦးမြဝင်းဖေကို ပြောဖို့အတွက် ကိုထူးကျော်စကား စလိုက်တာ နင်တို့သတိထားမိလိုက်လား”
“ဟင်…”
“ဟို…”
“ဟာကွာ… မင်းတို့ကလည်း… ကိုထူးကျော်အဲ့လိုပြောလိုက်တဲ့အချိန်မှာ ဦးမြဝင်းဖေက စကားလမ်းကြောင်းလွဲပြီး အပြင်ကိုပထုတ်လိုက်တယ်လေ… အဲ့ဒီအချိန်ကိုပြောတာ”
“ဟင်”
“ဟင်”

ထိုကဲ့သို့ပြောဆိုလိုက်သော ကျွန်ုပ်၏ပြောစကားများအဆုံး သူငယ်ချင်းဖြစ်သူများမှာ တစ်ဦးမျက်နှာတစ်ဦးကြည့်လျက် မျက်မှောင်များပင် ကြုတ်လျက်သွားကြလေသည်။ ထို့နောက် သူငယ်ချင်းဖြစ်သူများ၏နှုတ်မှ ထိုကဲ့သို့ပင် ပြောဆိုလာခဲ့ကြလေတော့သည်။

“ဟင်… ငါတော့သတိမထားမိလိုက်ဘူး… ငါးလေး.. မင်းတို့ရော”
“အင်း… ငါလည်း အမှတ်တမဲ့ပဲ”
“ငါလည်း သာမာန်ပဲလို့ထင်တယ်… မျှားလေး… နင်ရောရိပ်မိလိုက်လား”
“ဟင့်အင်း…”
“ထီးလေး… ငါစိတ်ထင်တော့ မင်းနည်းနည်းအတွေးလွန်သွားတာများလား”
“မဟုတ်ဘူး… ငါစိတ်ထဲကနေသိတယ်… အိမ်မဲကြီးနဲ့ပတ်သတ်ပြီး ငါတို့အားလုံးမသိသေးတဲ့ အကြောင်းဆိုးကြီးတစ်ခုခုတော့ ဦးမြဝင်းဖေဖုံးကွယ်ထားတာ ရှိနေဦးမှာသေချာတယ်… ကိုထူးကျော်ကိုလည်း ငါတို့နဲ့ထပ်မတွေ့ဖြစ်တော့အောင် ဦးမြဝင်းဖေလုပ်လိုက်တယ်… အိုးကွာ… ကိုထူးကျော်နဲ့ထပ်တွေ့ရမှ ငါစိတ်ထဲကအကြောင်းအရာတွေ သေချာရှင်းရှင်းလင်းလင်းဖြစ်သွားနိုင်မယ်”
“ထီးလေး… ငါတစ်ခုတော့ပြောမယ် မင်းစိတ်မဆိုနဲ့”
“ဘာများတုန်း”
“ဦးမြဝင်းဖေလွှတ်တဲ့ အိမ်မဲကြီးကို မင်းမသွားချင်တော့လို့ ငါတို့ကိုတမင်ပြောတာတော့ မဟုတ်ပါဘူးနော်”
“မဟုတ်ပါဘူးကွာ… ငါကိုယ်တိုင်သွားချင်လို့ မင်းတို့အားလုံးကိုတောင် အဖော်ညှိခဲ့သေးတာပဲ… အခုဟာက ဦးမြဝင်းဖေအမူယာကို ငါနည်းနည်းရိပ်မိလိုက်လို့”
“ဒါဆိုရင် မင်းဆန္ဒက ကိုထူးကျော်နဲ့ ထပ်ဆုံဖြစ်မှကျေနပ်နိုင်မယ်ဆိုတဲ့ သဘောမျိုးလား”
“ဟုတ်တယ်… ငါ… ကိုထူးကျော်နဲ့ထပ်ဆုံချင်သေးတယ်”
“ဟင်… ထီးလေး… နင်ကားပေါ်မှာ ကိုထူးကျော်ဖုန်းနံပါတ်တောင်းလာသေးတယ်မဟုတ်လား… ဆက်ကြည့်ပြီးသွားပြီလား”
“ပြန်ရောက်ကတည်းက ဆက်နေတာ… ဒါပေမယ့် ကားဆရာပေးသွားတဲ့ ကိုထူးကျော်ဖုန်းနံပါတ်က တပ်ဆင်ထားခြင်းမရှိဘူးတဲ့… ဒါကြောင့်ပေါ့ဟ… မဟုတ်ရင် နင်တို့ကိုငါပြောတောင် ပြောမနေတော့ဘူး”
“ကဲပါထီးလေးရာ… အိမ်မဲကြီးပိုင်ရှင်ဦးမြဝင်းဖေ ဘယ်လိုအကြောင်းတွေပဲ ဖုံးကွယ်ထားပါစေ… ငါကတော့ ယုံကြည်တယ်… ငါတို့အားလုံး ဒီထက်ဆိုးတဲ့ သေဘေးတွေကတောင် လွှတ်အောင်ရုံးထွက်လာနိုင်ခဲ့သေးတာပဲ… ဘာမှသိပ်စိတ်ပူမနေစရာမလိုပါဘူး”
“ဟင်း…”

မည်သို့မှပင် ဆက်လက်ပြောဆိုခွင့် ကျွန်ုပ်အနေနှင့်မရှိတော့ပေ။ လေးယောက်တစ်ယောက်အဖြစ် ကျွန်ုပ်တစ်ကိုယ်တည်းရပ်တည်းနေခဲ့ရရင်း သူငယ်ချင်းဖြစ်သူများမှာ အိမ်မဲကြီးပိုင်ရှင်ဦးမြဝင်းဖေအပေါ်၌ သံသယကင်းရှင်းနေခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်ရိပ်စားမိခဲ့သော ဦးမြဝင်းဖေ၏အမူယာများကိုပင် ထိုသူများမှာ ကျွန်ုပ်စိတ်၏ထင်မြင်ချက်ပင်ဖြစ်လိမ့်မည်ဟု သတ်မှတ်လိုက်စေသည်။

“သြော်… မောင်တန်ခိုးတို့တောင် ရောက်နေကြပါလား… သား… ထီးလေး.. မင်းအဖေဆီခဏသွားလိုက်ဦး”
“ဟင်… သြော်… အဆောင်ကိစ္စပြောမလို့ထင်တယ်… ခဏနေကြဦးနော်သူငယ်ချင်းတို့… အိမ်မဲကြီးဆီသွားရင် ငါ့အဖေက ငါတို့အားလုံးအတွက် အဆောင်ပစ္စည်းတစ်ခုဆီပေးလိုက်မယ်တဲ့… ခဏထိုင်ကြဦး… မပြန်ကြနဲ့ဦးနော်”
“အေးပါကွ.. မပြန်သေးပါဘူး”

ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများရှိနေခဲ့ကြသော ခြံအတွင်းဆီသို့ မိခင်ဖြစ်သူမှာ လက်ဖက်သုတ်နှင့်ရေနွေးကြမ်း လာရောက်ချပေးစေခဲ့ရင်း၊ ကျွန်ုပ်အား ဖခင်ဖြစ်သူခေါ်ဆောင်နေခဲ့ကြောင်း အသိပေးစေခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်သည်လည်း သူငယ်ချင်းလေးဦးအား ခြံအတွင်း၌ ခေတ္တထားရစ်စေခဲ့ရင်း နေအိမ်အပေါ်သို့ တတ်ရောက်သွားလေခဲ့သည်။

“သားတို့… မင်းတို့သူငယ်ချင်းကို ဂရုစိုက်ကြပါဦးကွယ်”
“ဟင်… ထီးလေးဘာဖြစ်လို့လဲအန်တီ”
“အခုတလော မင်းတို့သူငယ်ချင်း ညဘက်တွေ သိပ်မအိပ်ဘူး… ကွန်ပျူတာတစ်လုံးနဲ့ သူ့အခန်းထဲမှာ တစ်ညလုံးစာရိုက်နေတာ တွေ့တွေ့နေရတယ်… တော်ကြာ ကျန်းမာရေးထိခိုက်သွားမှာလည်း စိုးရိမ်ရတယ်လေ… အန်တီတို့အိပ်ဖို့ပြောလိုက်ရင်တော့ ဟုတ်ကဲ့လို့ပြောပြီး ခဏနေစာပြန်ရိုက်နေတာပဲ… အခုလည်းကြည့်လေ… မျက်တွင်းက ညိုမဲဆွဲနေပြီ”
“ဟုတ်ကဲ့ပါအန်တီ… သမီးတို့ကိုတော့ သူဘာတွေလုပ်နေတယ်ဆိုတာတော့ မပြောဘူး”
“အေးကွယ့်… တော်ကြာ… ညဘက်မအိပ်တာတွေများပြီး အဓိက စိတ်ကျန်းမာရေး ထိခိုက်သွားမှာ ဆိုးလို့ပါ”
“ဟုတ်ကဲ့ပါအန်တီ… စိတ်ချပါ… ကျွန်တော်တို့သူငယ်ချင်းကို ပစ်မထားပါဘူး”

မိခင်ဖြစ်သူ၏ ထိုကဲ့သို့ပြောဆိုလိုက်သော စကားများကြောင့် သူငယ်ချင်းဖြစ်သူများသည်လည်း တစ်စုံတစ်ခုကိုပင် စိုးရိမ်သွားမိလေသည်။ “သြော်…ဒါကြောင့်ကိုး”ဟူသော ဝေါဟာရအားလည်း ထိုသူတို့၏စိတ်အတွင်းမှ ရည်ရွတ်မိလေသလား၊ ဦးမြဝင်းဖေ၏ အမူယာများအား ပြောဆိုခဲ့သော ထီးကလေးကိုပင် စိတ်ထင်မြင်ချက်ကြောင့် ပြောဆိုခဲ့ခြင်းဟုပင် ပို၍ထင်မှတ်သွားစေခဲ့သည်။

“ကဲ… သူငယ်ချင်းတို့ ငါ့အဖေခေါ်နေတယ်”
“လာပြီလာပြီ”
ဖခင်ဖြစ်သူဟာ သူငယ်ချင်းဖြစ်သူများအား သွားရောက်ကြမည့်ခရီးစဉ်အတွက် လိုအပ်လာလျင် အသုံးဝင်စေမည့် အဆောင်ပစ္စည်းကိုပင် ပေးစေရန်အတွက် ကျွန်ုပ်အားသွားရောက်ခေါ်ဆောင်ခိုင်းလေခဲ့သည်။ သူငယ်ချင်းများသည်လည်း ကျွန်ုပ်၏ခေါ်ဆောင်မှု့များကြောင့် ခြံအတွင်းမှနေ၍ နေအိမ်အပေါ်ထပ်ဆီသို့ပင် တတ်ရောက်လာခဲ့ကြလေရင်း၊ ဖခင်ဖြစ်သူရှိနေရာ ဘုရားဆင်အရှေ့ဆီသို့ပင် ရောက်ရှိလာခဲ့ကြလေတော့သည်။

“ကဲထိုင်ကြ..”
“မင်းတို့သွားမယ့်အိမ်ကြီးက တစ္ဆေခြောက်တတ်တယ်လို့ ဦးသိထားရတယ်… အဲ့ဒါကြောင့် တစ္ဆေ၊သရဲ တကယ်ရှိနေခဲ့ရင် ဒါမှမဟုတ် အနှောက်ယှက်ပယောဂါ တစ်စုံတစ်ခုရှိနေခဲ့ရင်း မင်းတို့ကိုအနှောက်ယှက်မပေးနိုင်ဖို့အတွက် ဦးမင်းတို့ကို အဆောင်တစ်ခုစီပေးလိုက်မယ်”
“ကျေးဇူးတင်ပါတယ်ဦး… သားတို့ကလည်း အိမ်မဲကြီးဆီသွားရင် ဦးဆီကအဆောင်ပစ္စည်းတစ်ခုခုတောင်းဖို့ ရည်ရွယ်ထားပြီးသားပါ… အခုလိုရလိုက်တော့ အတိုင်းထက်လွန်ဝမ်းသာမိသွားတယ်”
“ရော့… သားထီးလေး… လည်ပင်းမှာဝတ်ထားလည်းရတယ်… ဒါပေမယ့် ညစ်ညမ်းတဲ့နေရာမှာတော့ ထားလို့မသင့်တော်ဘူး”
“ရော့… မောင်လမ်းလေ… သမီးမျှားလေး… ငါးလေး”
“မောင်တန်ခိုး”
“ဘာကောင်းလဲဆိုတာကတော့ မင်းတို့ကိုဦးမပြောလိုက်တော့ဘူး… တကယ့်ကယ် အခက်ခဲတွေ့လာတဲ့အခါကျမှ ဒီပစ္စည်းဘယ်လောက်ကောင်းတယ်ဆိုတာ မင်းတို့သိလာကြမှာပါ”
“ကျေးဇူးတင်ပါတယ်ဦး…”
“ကဲ.. ကောင်းပါပြီ.. ဦးလေးတရားထိုင်ရဦးမယ်… မင်းတို့လည်း လွတ်လွတ်လပ်လပ်နေကြပေါ့”
“ဟုတ်ကဲ့ပါဦး”

ပိုးကြိုးလေးများဖြင့် လက်ဖွဲ့အစီရင် ထုံးဖွဲ့ထားခဲ့သော အဆောင်ပစ္စည်းလေးမှာ လည်ပင်းဆီ၌ဆွဲထားခဲ့လျင် အဆင်ပြေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း ဖခင်ဖြစ်သူထံမှ ယူဆောင်လိုက်သည်နှင့် လည်ပင်းဆီ၌ကိုယ်ဆီဆွဲထားလိုက်ပြီဖြစ်လေသည်။ သို့နှင့် ခြံအတွင်းသို့ ဆင်းသတ်လာခဲ့ပြီး၊ ကိုယ်ဆီနေရာယူ ထိုင်လိုက်ပြီးသည့်နောက်တွင်မူ ကျွန်ုပ်၏နေအိမ်ရှေ့ဆီသို့ ကားလေးတစ်စီးရပ်တန့်လာခဲ့လေသည်။ ထို့နောက် ကားလေးအတွင်းမှ ဆင်းသတ်လာခဲ့သူဟာ ကျွန်ုပ်တစ်ယောက် မျှော်လင့်နေမိသည့် ကိုထူးကျော်ပင်ဖြစ်နေလေခဲ့သည်။

ကိုထူးကျော်အား မြင်တွေ့လိုက်ရသည်နှင့် ကျွန်ုပ်သည်လည်း အင်မတန်မှ အံ့အားသင့်လျက် ဝမ်းသာသွားမိသည်။ သူငယ်ချင်းဖြစ်သူများသည်လည်း ကျွန်ုပ်ဟာ ကိုထူးကျော်အား မျှော်လင့်နေခဲ့သည်ကိုပင် သိရှိထားလျက် ယခုအခါ စိုက်မြိုက်စွာဖြင့် ကိုထူးကျော်တစ်ယောက် ရောက်ရှိလာခဲ့သည်ဖြစ်သောကြောင့် ထိုသူတို့၏အကြည့်များမှာ ကျွန်ုပ်၏မျက်နှာပြင်ဆီသို့ဖြစ်နေလေခဲ့သည်။

“ဟာကိုကြီးထူး… ခင်ဗျားကိုမျှော်နေတာဗျ… လာလာထိုင်…”
“ဘယ်လိုဖြစ်လာတာလဲဗျ… ညနေဆောင်းကြီး”
“အေးငါ့ညီတို့ရေ… ပြောစရာရှိလို့ကွ…”
“ဘာများတုန်းဗျကိုကြီးရ”
“ဒီလိုဟေ့… ဆရာကြီးသမီးမမလေးက ငါ့ညီတို့သွားကြမယ့် ခရီးကိုမလိုက်ရလို့ဆိုပြီး ကိုယ့်ကိုယ်သေကြောင်းကြံတဲ့အထိ လုပ်တယ်လေ”
“ဗျာ…”
“ဟင်…”
“အခု… အခုရော…”
“တော်သေးတာပေါ့… အိမ်အကူမလေး အသိပေးတာမြန်လို့… မဟုတ်ရင် မတွေးရဲစရာပဲ… ဝရမ်တာကနေ ခုန်ချဖို့လုပ်နေတာ”
“တော်သေးတာပေါ့ဗျာ… တော်သေးတာပေါ့”
“ဟုတ်တယ်ဗျ… ကျွန်တော်တို့ရှိနေတည်းက သူမလိုက်ရလို့ဆိုပြီး စိတ်ကောက်ပြီးတော့ ထွက်သွားတာ… တော်သေးတာပေါ့ အချိန်မီသိလိုက်ရလို့ပေါ့ဗျ”
“အေးကွ… ယုန်မလေးက အသည်းအရမ်းငယ်တတ်တာ… သူငယ်ငယ်တည်းက ထိန်းကြောင်းပေးခဲ့တဲ့ ငါအသိဆုံးပေါ့… အဲ့ဒါကြောင့် ဆရာကြီးကလည်း သူ့သမီးကိုစိတ်မချလို့ မထည့်လိုက်တာ… အခုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်မှာဆိုးလို့ ငါ့ညီတို့ငါ့ညီမသွားမယ့် ခရီးကိုထည့်ပါရစေဆိုပြီး ငါ့ကိုလာပြောခိုင်းလိုက်လို့ပဲ”
“ဟင်… ဒါဆိုမနက်ဖြန် ကျွန်တော်တို့နဲ့ အိမ်ပိုင်ရှင်ကြီးသမီးပါလိုက်လာမှာပေါ့ဟုတ်လား”
“အေးကွ… အစကတော့ ဆရာကြီးရော မမလေးရော… ငါ့ညီတို့နဲ့လိုက်မလို့ပါပဲ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပတ်လောက်ကမှ ငါ့ဆရာကြီးက အူအတတ်ပေါက်လို့ ဗိုက်ခွဲထားရတာ… ဆေးရုံရက်ချိန်းတွေရှိနေသေးတယ် သူလိုက်လာလို့မဖြစ်ဘူး… အဲ့ဒါကြောင့် မနက်ဖြန်ကြရင် အစ်ကိုကြီးထူးနဲ့မမလေးတို့ ငါ့ညီတို့နဲ့အတူ ဝါးခယ်မကိုလိုက်ပါရစေလို့ လာပြောတာ”
“ဟ… လိုက်လို့ရပါတယ်ဗျာ… ကျွန်တော်တို့အတွက် အပန်းမကြီးသလို… အဖော်တောင်ရသေးတယ်… ကိုကြီးထူးဆရာကိုလည်း ပြောလိုက်ပါ… စိတ်ချပါလို့ သူ့သမီးကျွန်တော်တို့နဲ့လိုက်လာလို့ မှဲ့တစ်ပေါက်မစွန်းစေရပါဘူးလို့….”
“ငါယုံပါတယ်ကွာ… မင်းတို့လေးတွေအကြောင်းကို ငါသိပြီးသားပါ”
“သြော်ထီးလေး… မင်းကိုထူးကျော်နဲ့ထပ်ဆုံချင်တယ်ဆို… အခုကိုကြီးထူးမင်းရှေ့မှာရောက်နေပြီလေ…”
“ဟုတ်တယ်လေထီးလေး… မင်းစိတ်ထဲမရှင်းတာရှိရင် အခုချက်ချင်းမေး”
“ဟင်… ညီထီးကလေးက ဘာမရှင်းတာရှိလို့လဲ”
“ဒီလိုကိုကြီးထူးရေ….!”
“နေနေတန်ခိုး…. ငါပြောမယ်”
“ဒါနဲ့ကိုကြီးထူး…. ဦးမြဝင်းဖေအိမ်မှာ ကားဒရိုင်ဘာ ဘယ်နှစ်ယောက်ရှိတာတုန်း…”
“အင်း…. ကားဒရိုင်ဘာဆိုလို့ မယ်မယ်ရရတော့မရှိဘူးကွ.. ဆရာကြီးက အားလုံးကိုမိသားစုတွေလို့ သဘောထားဆက်ဆံတာ… ဘာဖြစ်လို့လဲ”
“သြော်… ကျွန်တော်တို့ကိုနေ့လည်တုန်းက ကားမောင်းပြီးလိုက်ပို့တဲ့သူတစ်ယောက်ရှိတယ်လေ… သူ့ကိုကျွန်တော်မှာလိုက်သေးတယ်ဗျ ကိုထူးကျော်အပြင်က ပြန်လာရင် ကျွန်တော့်ဆီတစ်ချက်လောက် ဖုန်းခေါ်ပေးပါဆိုပြီး သူ့ကိုကျွန်တော့်ဖုန်းနံပါတ်တောင် ပေးခဲ့သေးတယ်… ပြီးတော့ ကိုထူးကျော်ဖုန်းနံပါတ်ဆိုပြီး သူ့ဆီကနေလည်း ကျွန်တော်တောင်းထားလိုက်သေးတယ်… ဒါပေမယ့် သူပေးတဲပနံပါတ်က ဆက်လို့မရဘူး.. သူမပြောဘူးလား”
“ဟင်… ငါမရှိရင် အိမ်မှာကားမောင်းတာဆိုလို့…. သြော်… ဟိုကောင်ပြူးကျယ်ဖြစ်လိမ့်မယ်…. ငါအပြင်ကပြန်လာတုန်းကတော့ သူခြံထဲမှာမြတ်ပင်တွေ ရေဖျန်းနေတာတော့တွေ့တယ်… ငါ့ကိုတော့ဘာမှမပြောဘူး… သြော်ကွာ… ဒီကောင်က ကြောင်တောင်တောင်ကောင်ကွ အရမ်းမေ့တတ်တာ ကျပ်လည်းသိပ်မပြည့်ရှာဘူး… အဲ့ဒီတော့ မင်းမှာခဲ့တာတွေ သူပြန်ပြောချင်ပေမယ့် ပြန်မပြောနိုင်တာဖြစ်မယ်… ဒါနဲ့ထီးကလေးက ကိုကြီးထူးကို ဘာအကြောင်းတွေများပြောစရာရှိနေလို့လဲ”
“ဒီလိုကိုကြီးထူးရ… ကျွန်တော်စိတ်ထဲမှာ သိပ်မရှင်းဘူးဖြစ်နေလို့… အိမ်မဲကြီးနဲ့ပတ်သတ်ပြီး ကိုကြီးထူး ကျွန်တော်တို့ကိုပြောပြခဲ့တာ အကုန်ပဲလား… ဒါမှမဟုတ်… လျို့ဝှက်ထားတာများ ရှိနေသေးလားဆိုတာ သိချင်လို့ပါ”
“သြော်ကွာ… ဘာများလဲထင်တယ်… ဘာလျိုဝှက်ထားတာမှ မရှိပါဘူးကွ… ဆရာကြီးမင်းတို့ကို ထပ်ပြီးပြောပြလိုက်သေးတယ်မဟုတ်လား… အဲ့လောက်ပါပဲ”
“အဲ့ဒါပြောတာပေါ့ကိုကြီးထူးရာ… အဲ့ဒါကိုကျွန်တော့်သူငယ်ချင်းက အတွေးတွေလွန်နေလို့ဗျ…”
“မဟုတ်သေးဘူး… ကျွန်တော်တို့ကို ဦးမြဝင်းဖေ….”
(ဖုန်းမြည်သံ)
“ဟော့… ဆရာကြီးဆီကဖုန်းခေါ်နေပြီ… ကဲငါ့ညီတို့ရေ… မင်းတို့အားလုံးလည်း မနက်ဖြန်အတွက် အားလုံးပြင်ဆင်ပြီးလောက်ပြီလို့ထင်တယ်… မနက်ဖြန်မနက်စောစော ထီးလေးအိမ်ကိုပဲ ကိုကြီးထူး ဦးတည်ပြီးလာခဲ့မယ်… အခုလိုပဲ လူစုပြီးစောင့်နေပေးပါနော် ဖြစ်တယ်မဟုတ်လား”
“အင်း…ဖြစ်ပါတယ်ဗျ… ကျွန်တော်တို့အားလုံးကတော့ အဲ့ဒီအိမ်ကြီးကိုသွားဖို့အတွက် အခုတည်းက ကြိုတင်ရင်ခုန်နေပြီဗျ”
“ကဲ… ကောင်းပါပြီဗျ… ဒါဆိုကိုကြီးထူးသွားမယ်… ခွင့်ပြုကြပါဦး”
“ဟုတ်ကဲ့ပါဗျ.. ဟုတ်ကဲ့ပါ”

မည်သို့ပင်ဆက်လက်ပြောဆိုရမည်နည်း၊ ကိုထူးကျော်ပြောဆိုနေသည်က ရိုးသားနေလှသည်။ ထပ်မံ၍ကိုထူးကျော်ပြောဆိုလိုက်သည်က မိမိပြောပြလိုက်သည်နှင့် သူ၏ဆရာဦးမြဝင်းဖေ ထပ်မံပြောဆိုပြသည်က အိမ်မဲကြီးနှင့်ပတ်သတ်ပြီး အကြောင်းအရာအကုန်ပင်ဖြစ်သည်ဟု ပြောဆိုလေခဲ့သည်။ သို့သော် သေချာသည်က အိမ်ပိုင်ရှင်ကြီးဦးမြဝင်းဖေမှာ အိမ်မဲကြီးနှင့်ပတ်သတ်ပြီး ကျွန်ုပ်တို့အား မည်သည့်အကြောင်းရာများမှ ထပ်မံ၍မပြောဆိုခဲ့ချေ။ ထို့အကြောင်းများအားလည်း ကိုထူးကျော်အား ပြောဆိုမည်အလုပ် စကားဖျက်ပြောလိုက်သော ကျွန်ုပ်၏သူငယ်ချင်းနှင့် ဖျက်ဝင်လာခဲ့သော ကိုထူးကျော်၏တယ်လီဖုန်းသံများကြောင့် စကားများပင်လျင် ပျက်ပျယ်သွားခဲ့ရလေသည်။ ထို့ကြောင့် ကိုထူးကျော်သည်လည်း သူ၏အိမ်အပြန်လမ်းသို့ ဦးတည်ရန်အတွက် ကျွန်ုပ်တို့အားလုံးအား နှုတ်ဆတ်စေခဲ့ရင်း ပြန်လည်ထွက်ခွာသွားခဲ့လေတော့သည်။ ထို့ကြောင့်ကျွန်ုပ်သည်လည်း သက်ပြင်းကိုသာလျင် ခပ်ပြင်းပြင်းချလိုက်မိရင်း ဆိတ်ဆိတ်သာလျင် ငြိမ်သတ်သွားခဲ့ရတော့သည်။

အေးအေးစိမ့်စိမ့်ဆောင်းညလေးပင်ဖြစ်သည်။ သူငယ်ချင်းဖြစ်သူများသည်လည်း ထိုတစ်ညအဖို့ ကျွန်ပ်အားနှုတ်ဆတ်လျက် မနက်ဖြန်ခရီးစဉ်အတွက် ပြင်ဆင်၍မပြီးဆုံးနိုင်သေးသော ပြင်ဆင်စရာများကိုပင် ပြင်ဆင်ရန်အတွက် ပြန်လည်ထွက်ခွာသွားကြပေသည်။ ကျွန်ုပ်သည်လည်း နိုင်ငံခြားအတွင်း၌ အလုပ်သွားရောက်လုပ်ကိုင်နေခဲ့သော အစ်ကိုဝမ်းကွဲဖြစ်သူထံမှ ကျွန်ုပ်၏ဝါသနာအလျောက် လက်ဆောင်ရထားခဲ့သော လျို့ဝှက်ကင်မရာတစ်စုံနှင့် (တစ်စုံဟုဆိုခြင်းငှာ သေးငယ်သောလျို့ဝှက်ကင်မရာ ငါးလုံးခန့်ပါရှိစေသည်။) အပျော်တမ်းရိုက်ကင်မရာတစ်လုံးအပါအဝင် လက်တော့ပ်အိတ်အတွင်းသို့ လပ်တော့ပ်သည်လည်းထည့်ထားစေခဲ့သည်။ ခရီးထွက်ရန်အတွက် ကျွန်ုပ်သယ်ဆောင်သွားမည့် ခရီးဆောင်အိတ်များအတွင်းတွင် အဝတ်စားဟူ၍ သုံးစုံမျှသာပါရှိခဲ့ရင်း၊ များပြားလေးလံနေခဲ့သော အိတ်များထဲတွင် အီလက်ထရောနစ် ပစ္စည်းများနှင့်သာ ပြည့်နှပ်နေစေခဲ့သည်။ စိတ်ထဲတွင်လည်းကြည်နူးနေခဲ့မိ၏။ ခရီးထွက်ရန်အတွက် အဆင်သင့်ဖြစ်နေခဲ့ပြီးဖြစ်ပေသည်။ ထို့ကြောင့် ယခုညကုန်ဆုံးသွားစေရန်အတွက် ထိုတင်မက နက်ဖြန်သို့ လျင်မြန်စွာရောက်ရှိစေနိုင်ရန်အတွက် ယနေ့ညစောစောသာလျင် အိပ်ပစ်လိုက်စေတော့သည်။

မနက်မလင်းသေး၊ နံနက်(၅)ခန့်အချိန်ကတည်းမှ သူငယ်ချင်းဖြစ်သူများမှာ ကျွန်ုပ်၏နေအိမ်ဆီသို့ တစ်ဦးချင်းစီလျင် ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။ ကျေးငှက်လေးများ သီကြူးကြသည့် နံနက်လင်းချိန်တွင်မူ ကျွန်ုပ်၏နေအိမ်ဆီ၌ သူငယ်ချင်းဖြစ်သူများမှာ ခရီးထွက်ရန်အတွက် အထုတ်အပိုးများဖြင့် လူစုံတပ်စုံ စုံလင်နေခဲ့ကြပြီ့းဖြစ်လေသည်။ နံနက်(၇)တိတိအချိန်မှာပင် ကျွန်ုပ်၏နေအိမ်အရှေ့ဆီသို့ ကိုထူးကျော်၏ ကားလေးသည်လည်း စိုက်မြိုက်စွာဖြင့် ရောက်ရှိလာခဲ့လေ၏။ သို့နှင့်ကျွန်ုပ်တို့သည်လည်း မိဘများကိုပင် စိတ်ချလက်ချနေပေးရန် မှာကြားလျက် ကိုထူးကျော်၏ဦးတည်ရာအနောက်ဆီသို့ လိုက်ပါကြရန်ပြင်ဆင်လိုက်စေတော့သည်။

“ဟင်… ကိုကြီးထူး… ယုန်မလေးလည်းလိုက်မယ်ဆို… သူရော”
“ဟုတ်တယ်… ဆရာကြီးက ထီးလေးတို့ကို မှာစရာလေးနည်းနည်းရှိနေလိုတဲ့ အဲ့ဒါသူ့အိမ်ကိုအရင်ဝင်ပြီးမှ သွားမယ့်ခရီးဆီသွားဖို့ပြောလိုက်လို့”
“သိလိုက်ပြီ… မဟုတ်မှလွဲရော… သမီးလေးကို စိတ်မချလို့ ကျွန်တော်တို့လက်ထဲကို သေချာအပ်ဖို့နဲ့ထင်တယ်”
“သိပ်ဟုတ်တာပေါ့ ညီငါးလေးရ”
“ကဲကဲ… ဒါဆိုလည်းသွားကြရအောင်….”
“တတ်ဟေ့… သွားကြမယ်”

ပျော်စရာအလွန်ပင်ကောင်းလှပေသည်။ အေးစိမ့်စိမ့်မနက်ခင်းလေးအတွင်း အထုတ်ပိုးများစွာဖြင့် ကိုထူးကျော်၏ Town Age ကားအနောက်ခန်းအတွင်းသို့ ကျွန်ုပ်နှင့်သူငယ်ချင်းလေးဦးသားမှာ ပျော်ရွှင်စွာဖြင့်တတ်ရောက်လေခဲ့ကြလေသည်။ ကိုထူးကျော်သည်လည်း ခရီးထွက်ရမည်ဖြစ်သော်ကြောင့် ပျော်ရွှင်မှု့များဖြင့် ကားမောင်းရန်အတွက် ပြင်ဆင်လိုက်စေပြီး၊ ဦးတည်ရာဆီသို့ စတင်မောင်းနှင်သွားလေတော့သည်။

                                                       ****
-ဝမ်းနည်းစရာကောင်းလှသော ကားတိုက်မှု့ကြီးတစ်ခုဖြစ်ပွားစေမည့် အခြေနေတစ်ရပ်။

-ဝိဥာဉ်ကိုယ်တိုင်မောင်းနှင်လာမည့် မရဏခရီးစဉ်သို့ လမ်းခုလပ်တစ်နေရာ….

-မရဏလမ်းသို့မသွားရန် တားဆီခဲ့သော အရူးအိုကြီးတစ်ယောက်နှင့် မရဏလမ်းသို့ ပို့ဆောင်နေသည့် ဝိဥာဉ်တစ်ကောင်

-ကံနိမ့်သူအဖို့ မြင်တွေ့နေရသော တစ္ဆေများကိုပင် ပြောဆိုလာပါက ထိုသူ၏စကားများမှာ အရာမဝင်ခဲ့ အရူးဖြစ်နေသာ သတ်မှတ်ခံရမည့် လူငယ်တစ်ဦး

-လျိုဝှက်ကင်မရာအတွင်းမှ ပျောက်ဆုံးနေသည့် လူတစ်ဦး၏ပုံရိပ်ယောင်များ….

-သြော်… သူသေသွားတာ ဝမ်းနည်းစရာကောင်းလှသည်၊ သို့သော် သစ္စာသမား၏တည်ကြည်လှသော မရဏခရီးစဉ်အထိ သစ္စာစောင့်ထိမ်းသွားပုံ…

……အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၉)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
                                     ကျန်ရှိနေသေးသော ဇာတ်လမ်းအဆက်အား
                                          (၂၀.၁.၂၀၁၇) မြန်မာစံတော်ချိန်
                                              မွန်းလွဲ(၃)နာရီတွင်
                                    ဆက်လက်ဖော်ပြပေးသွားပါမည်။
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေ။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages