ပုဏ္ဏကစားတဲ့ အိမ်မဲကြီး အပိုင်း(၂) - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ပုဏ္ဏကစားတဲ့ အိမ်မဲကြီး အပိုင်း(၂)

Share This

ပုဏ္ဏကစားတဲ့ အိမ်မဲကြီး
အပိုင်း(၂)
ပုဏ္ဏကနက္ခနှင့် အိမ်စောင့်ဘတုတ်
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)

-လူစားလဲတဲ့အိမ်မဲကြီး….
-ဘယ်လို… လူစားလဲတဲ့အိမ်မဲကြီးဟုတ်လား..
-ဟုတ်တယ်… အဲ့ဒီအိမ်ကြီးဆီရောက်ပြီသွားရင် ပြန်လမ်းမရှိနိုင်ဘူး… နှစ်တိုင်းအဲ့ဒီအိမ်မဲကြီးမှာ လူစားလဲတယ်..
-မျက်စိလည်တတ်တယ်… ၀င်္ကပါလိုထွက်ပေါက်မရှိဘူး
-ပုဏ္ဏကစားတဲ့အိမ်မဲကြီးဆိုတာကရော….
-အတူတူပဲ ပွဲစားကြီးဦးမြ၀င်းဖေ…ပိုင်ဆိုင်တဲ့ အိမ်ကြီးတစ်အိမ်ပဲ
-အိုးကွာ… နောက်ဆုံးပြောချင်တယ် မင်းတို့ခေတ်လူငယ်တွေ အရာရာမစပ်စုချင်ကြနဲ့ အားလုံးသေကုန်ကြလိမ့်မယ်


      တပည့်ဖြစ်သူမြင့်ဝေ၏ ပြောစကားများကြောင့် ဦးအာကာသည်လည်း အိပ်ချင်မူးတူပုံစံများဖြင့် မြင့်ဝေ၏အနောက်သို့ လိုက်ပါသွားခဲ့ရလေသည်။ သူတစ်ယောက် ဆွဲမိနေခဲ့သော ဘီလူးရုပ်ပုံအား သပန်သလင်းအပေါ်၌ ဖျက်မိခဲ့ခြင်းမရှိပဲ ၎င်းတိုင်းသာလျင် ထားရစ်စေခဲ့မိလေတော့သည်။

    ထိုတစ်နေ့အဖို့ ဦးအာကာတစ်ယောက်မှာတော့ လုပ်လက်စအလုပ်များအား ပြန်လည်လုပ်ကိုင်နေခဲ့ရင်း မိမိဆွဲမိထားခဲ့သော ဘီလူးရုပ်ပုံအား မေ့မေ့ဖျောက်ဖျောက်ဖြင့်ရှိနေစေခဲ့သည်။ ညနေဆောင်းအလုပ်သိမ်းချိန်တွင်လည်း ယနေ့အဖို့ မိမိ၏လုပ်အားခကိုသာ အိမ်ပိုင်ရှင်ကြီးထံ၌ တောင်းယူလေခဲ့ရင်း တပည့်ဖြစ်သူမောင်မြင့်ဝေနှင့် အိမ်အပြန်လမ်းခွဲလေခါ မျက်နှာပန်းလှစွာဖြင့် မိမိ၏နေအိမ်ထံသို့ ပြန်လည်ရောက်ရှိလာခဲ့လေတော့သည်။

''ကိုအာကာ ရှင်ပြန်လာပြီ''
''အေးမယ်ကြည်ရေ ရေတစ်ခွက်လောက်တိုက်စမ်းပါဦး''
''ခဏလေး''

''ရော့!… ဘယ်လိုလဲ အလုပ်အဆင်ပြေရဲ့လား''
''ပြေတယ် အိမ်ပိုင်ရှင်က အရာရှိကြီးတစ်ယောက်ကွ သဘောလည်းအရမ်းကောင်းတယ် ငါလည်း ရုတ်တရက်ကြီး အလုပ်သွားဆင်းရတာဆိုတော့ ထမင်းချိုင့်မယူသွားနိုင်ဘူးလေ အိမ်ပိုင်ရှင်ကြီးကျွေးလိုက်လို့ ဒီတစ်နပ်စားလိုက်ရတာဟေ့''
''ဟုတ်ပါတယ်တော်!… ကျွန်မလည်း ရှင့်ကိုထမင်းချိုင့်လာပို့ပေးမလို့ပါပဲ ကျွန်မဈေးကပြန်ရောက်တော့ ရှင့်ကိုမတွေ့တော့ဘူးလေ အဲ့ဒါကြောင့် မြင့်ဝေနဲ့အလုပ်ပါသွားပြီးဆိုတာ သိလိုက်တယ်… ဒါပေမယ့် ဘယ်နေရာမှာမှန်းမသိတာနဲ့ လိုက်မပို့ဖြစ်ခဲ့တာ''
''အေးကွ!… ဘယ်လိုစိတ်ကူးမျိုးနဲ့များ ဒီအရာရှိကြီးက ဒီလောက်ထိ ချောင်ကျတဲ့နေရာမှာမှ နေချင်ရတာလဲမသိဘူး''
''ဟင်!… ဘာဖြစ်လို့တုန်းတော့ ဘယ်နေရာမှာဖြစ်နေလို့လဲ''
''မိုင်တိုင်(၄၈)ခပ်လှမ်းက ဝါးရုံတောအနောက်ဘက်နားမှာကွ''
''ဟင် မိုင်တိုင်(၄၈)ဆိုတော့ ဝေးလှချည်လားတော့ ပြီးတော့ ဝါးရုံတောအနောက်ဘက်နားဆိုတာ အခုအဝေးပြေးလမ်း အသစ်ဖောက်နေတဲ့ နေရာကိုပြောတာလား''
''အေး''

''အိုးတော်!… အရာရှိဆိုတော့လည်း နည်းနည်းပါပါးတော့ အမျှော်အမြင်လေးရှိလို့နေမှာပေါ့ အခုတောင် အဝေးပြေးလမ်းဖောက်နေပြီဆိုတော့ အခုဒီနေရာက တောကြီးဖြစ်နေပေမယ့်လည်း နောင်လေးငါးဆယ်နှစ်မှာ မြို့ဖြစ်လာနိုင်တယ်လေ ဒါကြောင့်ဖြစ်မှာပေါ့တော်''
''ဟ!… ငါ့မိန်းမကစဉ်းစားတတ်လှချည်းလား''
''ဒါပေါ့တော့''
''ကဲကဲဟုတ်ပါပြီကွာ ငါရေးမိုးချိုး ထမင်းစားပြီးတာနဲ့ ပန်းချီတန်းဆွဲတော့မယ်”
''ကောင်းပါပြီရှင် အားလုံးအဆင်အသင့်ပြင်ထားပြီးပါပြီ”
“သြော်..မိန်းမ ဒါနဲ့ဒီညနေဈေးဖိုးကို မင်းဘယ်လိုစီစဉ်လိုက်လဲ”
“ဘယ်လိုစီစဉ်ရမှာတော့…. ဒေါ်မြရင်ဆီက အတိုးနဲ့ပဲချေးလိုက်ရတာပေါ့”
“အေးပါမိန်းမရယ် ဘာပဲဖြစ်ဖြစ် ဒီစနေနေ့ကြရင်တော့ ငါတို့မိသားစု ပြန်အဆင်ပြေလာမှာပါကွ.. ကဲ..မိန်းမ ဒါဆိုငါရေချိုးလိုက်ဦးမယ်”
“မြန်မြန်လည်းချိုးဦးနော်… ရေစည်နားမှာ မျက်နှာသုတ်ပုဝါရှိနေတယ်သိလား”
“အေးအေး….”

     အိမ်ပိုင်ရှင်ကြီးမှာ စိတ်ရင်းအလွန်ကောင်းလှပြီး အရာရှိကြီးတစ်ဦးဖြစ်ကြောင်းနှင့် လူသူပျက်တောက်လျက်ရှိသော ထိုနေရာအတွင်း၌ အဘယ့်ကြောင့် နေထိုင်ရသနည်းဟု လင်မယားနှစ်ဦးသား ဝေဖန်ပြောဆိုဖြစ်ကြသည်။ အလုပ်မှပြန်လည်ရောက်ရှိလာခဲ့သည်နှင့် ရေမိုးချိုး၊ ထမင်းစားသောက်ပြီးချိန်တွင် အမှောင်ရိပ်များမှ အုပ်စိုးလာခဲ့သော ညအချိန်သို့ပင် ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ တပေါင်းလ၏ ခြောက်သွေ့နေခဲ့သော ရာသီဥတုကြီးအောက်၌ ပန်းချီပစ္စည်းအစုံအလင်ဖြင့် ရေးဆွဲရန်ကျန်ရှိနေခဲ့သော ပန်ချီကားချပ်အား ဦးအာကာတစ်ယောက် စတင်ရေးဆွဲရန် ဟန်ပြင်နေစေတော့သည်။
                                   **** ****

      ဆောက်လက်စအိမ်ကြီးပင်ရှိသေးသည်ကြောင့် အိမ်ပိုင်ရှင်မိသားစုများမှာ လာရောက်နေထိုင်ကြခြင်းမရှိခဲ့သေးပေ။ သို့သော် ထိုသူတို့၏ ဘီရို၊ သေတ္တာအစရှိသော အိမ်တွင်းပရိဘောပ ပစ္စည်းများအား ပြီးမြောက်တော့မည့် ထိုအိမ်ကြီးဆီသို့ ပို့ဆောင်ထားရှိစေခဲ့သည်။ ထို့ကြောင့်လည်း အိမ်ပိုင်ရှင်မိသားစုများ၏ စိတ်ချရသော လူယုံဖြင့် ထိုအိမ်ကြီးဆီ၌ ညအချိန်တွင် ခေတ္တစောင့်စားနေပေးရန် စေလွတ်ထားစေခဲ့သည်။ ထိုသူသည်လည်း ထိုအိမ်ကြီးဆီ၌ တစ်ကိုယ်တည်းစောင့်စားလာခဲ့သည်မှာ ယခုညနှင့်ဆိုလျင် တစ်လတင်းတင်းပင်လျင် ပြည့်မြောက်တော့မည်ဖြစ်သည်။

ယခုတွင်လည်း မိမိ၏တာဝန်ရှိသည့်အတိုင်း ပြီးမြောက်တော့မည့် ထိုအိမ်ကြီးဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထုံးစံအတိုင်းပင်လျင် လွယ်လျက်လာခဲ့သော လွယ်အိတ်ကလေးအား နေအိမ်အတွင်းရှိသံတိုင်လေးတွင် ချိတ်ဆွဲလိုက်စေသည်။ ညအချိန်သို့ရောက်ရှိလာသည်ကြောင့် ပူပြင်းလှသောနေ့လည်ခင်းမှ တပေါင်းလှအပူများအား၊ ယခုတပေါင်းလ ညချမ်းအချိန်ခါလေး၌ ပတ်ဝန်းကျင်မှ တိုက်ခတ်လာခဲ့သော လေအေးများကိုပင် တ၀ကြီးခံစားနေခဲ့မိလေသည်။ ထိုတင်မက အိမ်လေးနံဘေးတွင်လည်း အနောက်မှီကုလားထိုင်လေးအား ခင်းကျင်းစေရင်း အရက်ကလေးဖြင့် ဇိမ်ကျကျရှိနေစေခဲ့သည်။

''ရွှီး''
''ရွှီး''ဟူသောအသံမှာ တိတ်ဆိတ်နေခဲ့သည့် ညချမ်းအချိန်ခါ၌ ရှင်းလင်းပျက်သားစွာကြားသိလိုက်ရသည်။ ထို့ကြောင့် သူသည်လည်း ဇိမ်ယူနေရာမှ ဘေးပတ်ဝန်းကျင်သို့ အကဲခတ်ကြည့်ရှု့မိလိုက်သည်။
''ဟာ''

    ထိုအခါ နံဘေး၌ရှိနေခဲ့သော အရက်ပုလင်းမှာ ထိုသူ၏လက်ဖြင့် တိုက်မိခဲ့သည်ကြောင့် မြေပြင်အပေါ်သို့ ပြုတ်ချသွားခဲ့ရလေသည်။ အိမ်နံဘေးပတ်ပတ်လည်အား ယနေ့တွင်မှ ခင်းကျင်းထားခဲ့ခြင်းကြောင့် ကွန်ကရစ်များမှာ ဆိုထိုင်းထိုင်းအနေအထားဖြင့်သာ ရှိနေခဲ့သေးသည်။ သူသည်လည်း အမှောင်ရိပ်များအတွင်းမှ အရက်ပုလင်းအား ကောက်ယူလိုက်ရင်း

''ဟင်း''
''ဟင်း''ဟူသောအသံအား တမ်းတမိစေခဲ့သည်။
''ဘယ်လိုဖြစ်ရတာလဲ ငါ့အရက်တွေဘယ်ရောက်သွားတာလဲ''
''မဟုတ်သေးပါဘူး အဲ့လောက်ထိလဲ ငါမသောက်ရသေးဘူး''

     အရက်ဖြူတစ်ပုလင်းဆိုလျင် ယနေ့ညအဖို့ ထိုသူတစ်ယောက်အတွက် အေးဆေးစွာဖြင့် မိုးလင်းစေနိုင်မည်။ ထို့ကြောင့် ညစဉ်တိုင်း အရက်ဖြူတစ်ပုလင်းသာလျင် သောက်သုံးနေလေ့ရှိ၏။ ယခုညတွင်လည်း အရက်ဖြူတစ်ပုလင်းအတွင်းမှ သုံးပုံတစ်ပုံမျှသာ သောက်ခဲ့ရသေးသည်။ ဝါရင့်ရမ္မက်ကာသမားအဖို့ ထိုပုလင်းထဲမှ သုံးပုံတစ်ပုံခန့် သောက်လိုက်ရသည်နှင့် အမြင်မှားအထင်မှား မဖြစ်နိုင်လောက်သေးပေ။ မြေပြင်အပေါ်မှ ပြုတ်ကျသွားခဲ့သော ပုလင်းအား ကောက်ယူလိုက်သည်နှင့် အဘယ့်ကြောင့် အရက်များစွာ ကုန်ခမ်းသွားခဲ့ရသနည်း။

''ဘယ်လိုဖြစ်ရတာလဲ ငါ့ကိုသရဲခြောက်နေတာများလား''
''အိုးကွာ မဖြစ်နိုင်တာ ဆရာ့အိမ်ကို ငါစောင့်ပေးနေတာ တစ်လပြည့်တော့မယ် သရဲခြောက်တာတော့မဖြစ်နိုင်ဘူး ဟွန်း ကဲသရဲရေ မင်းကအရက်ကြိုက်တတ်တဲ့ သရဲလား ဒါဆိုလည်း ငါ့ကိုမခြောက်နဲ့နော် မင်းကိုအရက်တိုက်မယ် ကြားလားကွ''

     မကြုံဘူး၍လား။ ဟုတ်ပါသည်။ မိမိငယ်စဉ်ကတည်းမှ သရဲဟူသော ပညတ်အား ကြားဘူးထားခဲ့ပြီးဖြစ်သည်။ သို့သော် ခြောက်လန့်ခံရခြင်းမျိုး မည်သည့်အခါမှ မဖြစ်ခဲ့ဘူးချေ။ ထို့ကြောင့်လည်း ကြောက်လန့်ခြင်းများမရှိ။ သူ၏နှုတ်မှ ထိုသို့ပြောဆိုလိုက်သည်နှင့် လေပြင်းတစ်ချက်မှာ ခပ်ပြင်းပြင်းလေး တိုက်ခိုက်လာခဲ့လေသည်။

''အိုး!… ကောင်းလိုက်တဲ့လေ''
''ဟင်း!… မဖြစ်သေးပါဘူး ငါ့အတွက်ရက္ခာမရှိတော့ရင် ဒီညငါနေနိုင်မှာမဟုတ်ဘူး''
''အရက်သွားဝယ်ဦးမှပါ''

   တစ်ကိုယ်တည်းပြောဆိုလေခဲ့ရင်း အရက်ပုလင်းလေးအား ကိုင်ဆောင်လေခါ မိုးချုပ်ခါစအချိန်လေးပင် ရှိနေသေးသည်ကြောင့် ထိုအချိန်ဆိုလျင် အရက်ဆိုင်များမှာ ဖွင့်လစ်ထားသေးသည်။ ထို့ကြောင့် ထိုအိမ်ကြီးနှင့်အလှမ်းဝေးစွာ တည်ရှိနေခဲ့သော အရက်ဆိုင်လေးဆီသို့ ထိုသူမှာ ဦးတည်ရန် သူ၏စက်ဘီးအစုတ်ကလေးအား ခြံပြင်သို့ ထုတ်ယူလေခဲ့ရင်း ထွက်ခွာသွားစေခဲ့သည်။

      ''အင်း!… ဒီလောက်ဆိုရင် နိုင်ငံခြားသားကြိုက်သွားမှာ သေချာတယ် ဟုတ်ပြီ ဒီထက်ကောင်းအောင် နည်းနည်းလေးပြင်ကြည့်ဦးမယ်''
''ကိုအာကာ''
''ဟေး!… ဘာတုန်းမိန်းမရ''
''အလုပ်လုပ်တာလည်း လုပ်ပေါ့ရှင် နားနားနေနေလည်း လုပ်ပါဦး တစ်နေ့လုံးလည်း ရှင်ပင်ပန်းလာတယ်မဟုတ်လား အခုစောစောနားလိုက်ပါတော့လား''
''မနားနိုင်သေးပါဘူး မယ်ကြည်ရယ် စနေနေ့ဆိုရင် ငါချိန်းထားတဲ့နိုင်ငံခြားသား ရောက်လာတော့မှာဟ တော်ကြာ သူရောက်လာလို့ ပန်ချီကားမပြီးသေးရင် ငါ့ကိုအပြစ်တင်နေလိမ့်မယ် ပြီးတော့ ပန်းချီကားလေးရောင်းရမှလည်း ငါတို့မိသားစုအတွက် ငွေပိုငွေရှန်လေးတွေ ရလာမှာမဟုတ်လား''
''ဟုတ်ပါတယ် ကဲဒါဆို ကျွန်မအိပ်နှင့်ပြီနော် ရှင့်မြေးလေးမအိပ်သေးလို့ သိပ်နေတာ အခုတော့သူလည်းအိပ်သွားပြီး ကျွန်မလည်းအိပ်တော့မယ်''
''အေးအေးမယ်ကြည်ရေ ငါလည်းဒါလေးနည်းနည်း လက်စသပ်ပြီးတာနဲ့ အိပ်တော့မှာပါ မင်းအရင်အိပ်နှင့်လေ''
''ဟုတ်ပါပြီတော်… ဟုတ်ပါပြီ”

     ခြံလေးအတွင်း၌ အာရုံစိုက်လျက် ပန်ချီရေးဆွဲနေခဲ့သော လင်ယောကျာ်းဖြစ်သူအတွက် စိုးရိမ်စိတ်များဖြင့် မမယ်ကြည်တစ်ယောက် ပြောဆ်ုလေခဲ့ရင်း ဦးအာကာသည်လည်း မိန်းမဖြစ်သူနှင့် အပြန်အလှန်စကားများစွာ ပြောဆိုလေမိသည်။ သူ၏အရှေ့တည့်တည့်တွင်ရှိနေခဲ့သော ဆွဲလက်စ ပန်းချီကားချပ်ကိုပင် အနည်းငယ် ဥပေက္ခာပြုမိစေခဲ့သည်။ မိန်းမဖြစ်သူမမယ်ကြည်တစ်ယောက် နေအိမ်အပေါ်သို့ ပြန်လည်တတ်ရောက်သွားခဲ့သည်နှင့် ဦးအာကာသည်လည်း မိမိ၏အရှေ့တွင်ရှိနေသော ပန်ချီကားချပ်အား ပြန်လည်ကြည်ရှု့မိခဲ့သည်။ ထိုအခါ

''ဟာ!…''
''ဟင် ဘယ်လိုဖြစ်တာလဲ''
''ငါ ငါဒီအထိ မဆွဲရသေးပါဘူး''
''ဘယ်လိုဖြစ်ရတာလဲ ဘယ်လိုဖြစ်ရတာလဲ''

      အရှေ့တည့်တည့်တွင်ရှိနေခဲ့သော ပန်ချီကားချပ်အား ဦးအာကာတစ်ယောက် စူးစိုက်ကြည့်လေခဲ့ရင်း အံ့သြမှု့များစွာဖြင့် စကားများစွာပြောဆိုလာမိသည်။ သူတစ်ယောက် စတင်ရေးဆွဲလာခဲ့သည့် အချိန်မှစတင်ခါ ယခုညနက်အချိန်ထိ ပန်းချီပိတ်ကားပေါ်တွင် ဘီလူးရုပ်၏ခြေထောက်မှ စတင်လေရင်း ခါးပိုင်းမျှသာ ရေးဆွဲရသေးသည်။  သို့သော် ယခုမိန်းမဖြစ်သူနှင့် စကားပြောဆိုပြီးသည့် အချိန်ပိုင်းလေးအတွင်း၌ ပန်းချီကားအား ပြန်လည်ကြည့်မိချိန်တွင် ဘီလူးပုံ၏ ခေါင်းမှခြေအဆုံး ပြီးမြောက်နေခဲ့သည်ကိုပင် ထူးဆန်းစွာဖြင့် မြင်တွေ့လိုက်ရချေသည်။

''မဖြစ်နိုင်ဘူး ဒါမဖြစ်နိုင်ဘူး''
''ဒါ!… ဒါ ငါ့ဆရာကြီးပြောသလို နက္ခစုံသွားတာများလား''
''အိုးကွာ ဒီနက္ခတွေ ပျက်စီးသွားအောင် ငါအထက်လမ်းပညာတွေ တတ်ထားပြီးပြီးပဲ ဘယ်လိုနက္ခမျိုးက ငါ့ကိုဝင်စီးရဲမှာလည်း ဒါပေမယ့် ဒါပေမယ့် အိုးကွာ မဖြစ်ဘူးမဖြစ်ဘူး ဒီပန်းချီကားကို ငါဆက်မဆွဲတော့ရင် ကောင်းမယ်နဲ့ထင်တယ်''

     သူတစ်ယောက်ပြန်လည်ကြားယောင်စေခဲ့မိသည်။ မြန်မာနိုင်ငံအတွင်း၌ လွတ်လပ်ရေးရပြီးခါစအချိန်  ခုနှစ်အားဖြင့် (၁၉၄၄-၁၉၄၅)အချိန်များတွင် အိမ်နီးချင်းနိုင်ငံများမှ အသိမှတ်ပြုခြင်းခံထားရသည့် ဦးအာကာ၏ပန်းချီသင်ပြပေးခဲ့သော နိုင်ငံကျော်ပန်းချီဆရာကြီး၏ စကားသံများ။ ထိုအချိန်က ဦးအာကာမှာ လူပျိုပေါက်အရွယ်လေးသာ ရှိနေသေးပြီး အနည်းငယ်သင်ပြပေးရုံနှင့် ဖြန့်ထွက်တွေးတတ်ခါ ဖြတ်ထိုးဥာဏ်ကောင်းလှသော ဦးအာကာအား သူ၏ပန်ချီသင်ဆရာကြီးမှာ အလွန်ပင်ချစ်ခင်လေခဲ့သည်။ တစ်နေ့တွင်

''မောင်အာကာ''
''ပြောပါဆရာကြီး''
''မင်းဟာ အင်မတန်မှဥာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ပဲ ပန်းချီပညာနဲ့ပတ်သတ်ပြီး ငါတတ်ထားသလောက် မင်းလည်းတတ်နေပါပြီ ခေတ်ကာလကြီး ကောင်းလာတဲ့အချိန်ကျရင် ပန်းချီပညာတွေနဲ့ အသက်မွှေးဝမ်းကျောင်း လုပ်ပါ ပန်းချီပညာကို ကောင်းတဲ့နေရာမှာပဲ အသုံးချမိပါစေလို့ ဆရာကြီးမင်းကိုပြောချင်တယ်''
''ဟုတ်ကဲ့ပါဆရာကြီး သားမရှင်းတာရှိလို့ တစ်ခုလောက်မေးပါရစေ''
''ဘာများတုန်း''
''ဒီလိုပါဆရာကြီး ပန်းချီပညာကို မကောင်းတဲ့နေရာမှာရော အသုံးချလို့ရလို့လားဟင်''

''ဆရာ့မှာတပည့်တွေအများကြီးရှိတယ် မင်းလိုပါရမီရှင် တပည့်မျိုးတော့ ဆရာမှာမရှိဘူး ဒီလိုကွယ့် မင်းက ဘီလူးနတ်က္ခနဲ့ယှဉ်မွေးလာတဲ့ ဘီလူးနက္ခပိုင်ရှင် ကြယ်တာယာတွေ စုံလင်တဲ့ညဆိုရင် မင်းရဲ့နက္ခက မင်းကိုဘီလူးတစ်ကောင်လို ဝင်စီးသွားနိုင်တယ် မင်းဟာ ပန်းချီပညာကိုမတတ်ပဲ သာမာန်သူတစ်ယောက် ဘီလူးနက္ခပိုင်ရှင်ဆိုရင်တော့ ဘာမှမဖြစ်ပါဘူး ဒါပေမယ့် မင်းကအခု ပန်းချီပညာကိုတတ်ထားတယ် အဲ့ဒီအတွက် ဂရုစိုက်ဖို့လိုလိမ့်မယ် ကြယ်တာယာတွေ စုံတဲ့ညဆိုတာ ဆယ့်နှစ်နှစ်မှာမှ တစ်ညတာကြုံတွေ့ရခဲတဲ့ ညကိုပြောတာ အဲ့ဒီလိုညမျိုးမှာ ဘီလူးနက္ခပိုင်ရှင် မင်းက ဘီလူးရုပ်ပန်းချီကို ဆွဲမိခဲ့ရင် နက္ခတွေစုံပြီး မင်းဆွဲမိတဲ့ ပန်းချီကားချပ်က နတ်ဘီလူးအမျိုးအစား ပုဏ္ဏကဘီလူးအဖြစ် အသက်ဝင်သွားစေနိုင်တယ် နက္ခပညာရှင်တွေရဲ့ အဆိုမိန့်အရ ပန်ချီပညာရှင်တွေ မသိမဖြစ်လေ့လာထားရတဲ့ နက္ခတာယာဝင်္ကပါဝုင်္ဏကြမ်းမှာ အတိအကျကိုဖော်ပြထားခဲ့တယ် အေး!… အဲ့ဒီလိုမှမဟုတ်ပဲ အဲ့ဒီလိုညမျိုးမှာ ဘီလူးနက္ခပိုင်ရှင်က ဘီလူးရုပ်ကိုရေးဆွဲမိခဲ့ရင် ပုဏ္ဏကအတိုက်ခံရပြီး ဆွဲခဲ့တဲ့ပန်ချီဆရာမိသားစုတွေ အသေဆိုးတွေနဲ့ ကြုံတွေ့တတ်ရတယ် မောင်အာကာ''

''ဟင်!"
''ဆရာကြီး ပန်ချီဆရာဆိုတာ တစ်ချိန်မဟုတ် တစ်ခ်ျန်ချိန်မှာ ဘီလူးရုပ်ပုံကို ဆွဲမိလာနိုင်တယ် ရှောင်ရှားနေပေမယ့်လည်း အခြေနေတစ်ခုခုကြောင့် ရှောင်ရှားလို့မရခဲ့ရင် ဘယ်လိုလုပ်ရမလဲ''
''ဆရာကြီးသိပါတယ် အဲ့ဒီ့အတွက်လည်း မင်းကိုဆရာကြီးမိတ်ဆွေတစ်ယောက်ဆီ ပို့ပေးမယ်''
''ဟင်!… ဘယ်ကိုလဲဆရာကြီး''
''အင်း!… သူ့နာမည်က ဦးစက္က အထက်လမ်းဆရာကြီးတစ်ယောက် သူ့ဆီကို မောင်အာကာသွားပြီး အထက်လမ်းပညာကိုသင်ယူပါ ပြီးရင် ပန်းချီဆရာဖြစ်တဲ့ မင်းမှာ နက္ခဆိုးတွေမဝင်ရောက်နိုင်အောင် သူတားဆီးပေးနိုင်လိမ့်မယ်''
''သြော်!… ဟုတ်ကဲ့ပါဆရာကြီး ဆရာကြီးသင်ပြပေးခဲ့တဲ့ ပန်းချီပညာအားလုံးကိုလည်း သားကောင်းကောင်းကြီး တတ်မြောက်နေခဲ့ပါပြီ မနက်ဖြန်ဆိုရင် ပညာသင်ညီအစ်ကိုတွေနဲ့လည်း သားတို့အားလုံး လမ်းခွဲရတော့မယ် ဆရာကြီးပြောတဲ့ ဆရာကြီးမိတ်ဆွေဆီကို ဘယ်တော့သွားရမလဲဟင်''
''မနက်ဖြန်ပဲသွား ဆရာကြီးလွတ်လိုက်တာလို့ပြောလိုက် မင်းအတွက် စာလေးတစ်စောင် ရေးပေးလိုက်မယ်''
''ဟုတ်ကဲ့ပါဆရာကြီး''

      လူပျိုပေါက်စအရွယ်လေးသာ ရှိသေးသော ဦးအာကာအား ပန်းချီဆရာကြီးမှာ ဘီလူးနက္ခပိုင်ရှင်နှင့် ဘီလူးရုပ်ပန်းချီကားချပ်တို့၏ အန္တရယ်သက်ရောက်နိုင်မှု့အကြောင်းများအား အသေးစိတ်ရှင်းလင်းပြောဆိုစေခဲ့သည်။ ထိုကဲ့သို့အန္တရယ်ဆိုးများစွာ မရောက်ရှိလာနိုင်ရန်အတွက်လည်း အထက်လမ်းဆရာကြီးတစ်ဦးထံသို့ လမ်းညွှန်ပေးစေခဲ့သည်။ ဦးအာကာသည်လည်း သူ၏ဆရာကြီးစေလွတ်ပေးခဲ့သော အထက်လမ်းဆရာကြီးဦးစက္ကထံသို့ မနက်လင်းသည့် အချိန်မှာပင်  ဦးတည်ထွက်ခွာသွားစေခဲ့သည်။ လူပျိုပေါက်စဖြစ်သော ဦးအာကာမှာ ပန်းချီဆရာကြီး လမ်းညွန်ပေးလိုက်သည့်အတိုင်း အထက်လမ်းဆရာကြီးထံသို့ ရောက်ရှိသွားလေခါ ပန်းချီဆရာကြီးစေလွတ်ခဲ့သည့်အကြောင်းများအား အကြောင်းစုံရှင်းလင်း ပြောဆိုလေခဲ့သည်။

''သြော်!… မင်းက ဘီလူးနက္ခပိုင်ရှင်ပဲ မွေးနေ့သက္ကရာဇ်နဲ့ ဇာတာခွင်တွေအရ မင်းဟာ ဘီလူးနက္ခပိုင်ရှင်တွေတည်းကမှ ပါရမီဆိုးနဲ့မွေးဖွားလာခဲ့တဲ့ နက္ခပိုင်ရှင်ဖြစ်တယ် ဘာပဲဖြစ်ဖြစ် အဲ့ဒီနက္ခဆိုးတွေ ပြေပျောက်သွားအောင် ဆရာကြီးမင်းကို အထက်လမ်းပညာတွေ သင်ပေးပါ့မယ် ဆေးတော်ပိုင်၊ စုတ်တော်ပိုင် ဆရာအဖြစ် ကိုးဆင့်မြောက်မှ ငါ့တပည့်အိမ်ထောင်ပြုပါ ကိုးဆင့်မြောက် ဆေးတော်ပိုင်၊ စုတ်တော်ပိုင်ဆရာမဖြစ်သေးပဲ ငါ့တပည့်အိမ်ထောင်ပြုလိုက်မဟ်ဆိုရင် မင်းရဲ့နက္ခဆိုးတွေက ပျောက်ကွယ်သွားမှာမဟုတ်ဘူး မင်းဟာအထက်လမ်းဆရာတစ်ဦးဖြစ်သွားလို့ မကောင်းတဲ့နက္ခတွေက မင်းဆီမှာမရှိတော့ပေမယ့်လည်း သူတို့အားလုံးက မင်းဘေးနားမှာရှိနေဦးမှာပဲ မင်းရဲ့သတိလက်လွတ်ဖြစ်သွားတဲ့အချိန်တွေတိုင်းမှာ အဲ့ဒီနက္ခဆိုးတွေ သင့်လာနိုင်တယ်မောင်အာကာ''

     အထက်လမ်းဆရာကြီးမှာလည်း ရှေးခေတ်လူကြီးတစ်ဦးပီပီ နက္ခပညာများနှင့် ဗေဒင်ပညာများအား ကောင်းစွာတတ်မြောက်ထားခဲ့သည်။ မိမိထံသို့ ရောက်ရှိလာခဲ့သော လူပျိုပေါက်ဦးအာကာအား ထိုကဲ့သို့အသိပေးပြောဆိုလေခဲ့ရင်း အထက်လမ်းပညာများအား စတင်သင်ကြားပေးစေခဲ့သည်။ သို့သော် ဦးအာကာမှာ လူပျိုလူလွှတ်ပင်ဖြစ်ပြီ အရက်သေစာ သောက်စားခြင်းလည်းမရှိ၊ ရိုင်းပြစွာနေထိုင်ခြင်းများလည်း မရှိ။ ထိုတင်မက ပညာပေါင်းစုံအားလည်း ကျွမ်းကျင်စွာတတ်မြောက်ထားခဲ့သည်ကြောင့် သမတ်အဖြစ် တော်စပ်ချင်သူ မိဘများမှာ အမြောက်အမြားရှိလေခဲ့သည်။

    တစ်နေ့တွင် ဦအာကာကဲ့သို့ ဆွေမျိုးသားချင်းမရှိသော အထက်လမ်းဆရာကြီး၏ တပည့်တစ်ဦးဖြစ်စေပြီး ဦးအာကာနှင့်လည်း ညီအစ်ကိုအရင်းသဖွယ် ပေါင်းသင်းနေထိုင်ကြသည့် ပညာညီအစ်ကိုတစ်ဦးရှိလေသည်။ ထိုသူမှာ တစ်ညတွင် မိန်းမသွားရောက်ခိုးပါမည်ဟု ဦးအာကာအား တိုင်ပင်ပြောဆိုထားခဲ့ရင်း ဦးအာကာသည်လည်း သူငယ်ချင်းဖြစ်သူနှင့်အတူ အဖော်အဖြစ်လိုက်ပါစေရန် ချိန်းဆိုထားခဲ့လေသည်။ ထိုနေ့ညတွင် ဦးအာကာ၏ပညာညီအစ်ကိုမှာ ခိုးရာလိုက်ပါမည့် မိန်းကလေး ရောက်ရှိလာခါနီးအချိန်တွင် အပေါ့အပါးသွားပါဦမည်ဟု ပြောဆိုလျက် အချိန်ကြာကြာ ပြန်လည်ရောက်ရှိမလာခဲ့ပေ။

       ထိုသူ၏အနောက်သို့ အားကိုးတကြီး ခိုးရာလိုက်မည့် မိန်းကလေးသည်လည်း ရောက်ရှိလာခါ ဦးအာကာမှာမူ မိမိသူငယ်ချင်းဖြစ်သူ ပြန်လည်ရောက်ရှိလာရန်အတွက် စိတ်ပူစွာဖြင့် စောင့်စားနေစေခဲ့သည်။ သို့သော် ထိုသူမှာ ထိုမိန်းကလေးအား ခိုးပြေးရန်အတွက် ချိန်းဆိုစေခဲ့ပြီး မိမိမှာမူ လွတ်ရာဆီသို့ရှောင်ပြေးသွားခဲ့ခြင်းပေဖြစ်သည်။ ထို့ကြောင့် မိန်းကလေးမှာလည်း သူမ၏နေအိမ်ဆီသို့ ပြန်လည်သွားရောက်ရန် မဖြစ်တော့ပဲ ဦးအာကာသည်လည်း ရိုးသားလှသော စိတ်ထား။ နှမချင်းစာနာလှသော စိတ်ထားတို့ဖြင့် ထိုမိန်းကလေးအား သူ၏အနောက်သို့သာ ခေါ်ဆောင်သွားခဲ့လေတော့သည်။ ထိုမိန်းကလေးမှာ ယခုအချိန်ထိ ဦးအာကာ၏ ပါရမီဖြည့်ဘက်အဖြစ် ပေါင်းသင်းနေထိုင်နေခဲ့သော မမယ်ကြည်ပင်ဖြစ်လေတော့သည်။

    အထက်လမ်းဆရာကြီး ဦးစက္ကထံ၌ ဦးအာကာတစ်ယောက် ပညာသင်ယူနေခဲ့ရင်း ဆေးတော်ပိုင်၊ စုတ်တော်ပိုင် ဆရာအဖြစ်သို့ ရောက်ရှိခါနီးအချိန်အတွင်း၌ ထိုကဲ့သို့ဖြစ်ပွားသွားခဲ့ရခြင်းဖြစ်သည်။ အထက်လမ်းဆရာကြီးမှာလည်း မိမိအကြိမ်ကြိမ်အခါခါ ဦးအာကာအား သတိပေးပြောဆိုထားခဲ့ပြီး၊ ယခုဦးအာကာ၏လုပ်ရက်များကြောင့် အပြင်းအထန်စိတ်ဆိုးလေခဲ့သည်။ နောက်ဆုံးအနေဖြင့် အထက်လမ်းပညာသင် ဆရာကြီးဦးစက္ကထံမှ ဦးအာကာတစ်ယောက် ကြားသိလိုက်ရသည့် စကားစုများမှာ

    ''မောင်အာကာ မင်းမိုက်လှချည်လား ဆရာကြီးမင်းကို အတန်တန်ပြောထားရက်နဲ့ ဘာကြောင့်အခုလိုလုပ်လိုက်ရတာလဲ ဘာပဲဖြစ်ဖြစ် တစ်ဖက်မိန်းကလေးကို ထည့်တွက်ပြီး မင်းအမှားကပြင်လို့မရတော့ဘူး ဆရာကြီးမင်းကို နောက်ဆုံးပြောချင်တာကတော့ မင်းမှာ နက္ခဆိုးကြီးတွေ ရှိနေတုန်းပဲ အဲ့ဒါကြောင့် မင်းရဲ့ပန်းချီသင်ဆရာကြီးပြောလိုက်သလို ကြယ်တာယာတွေဆုံတဲ့ညမှာ မင်းတစ်သက် ဘယ်တော့မှ ဘီလူးရုပ်ပန်ချီပုံကို မဆွဲမိပါစေနဲ့''

   ပြန်လည်ကြားယောင်စေခဲ့မိ၏။ လွန်ခဲ့သည့် (၄၅)နှစ်ကျော်ခန့်မှ မိမိ၏ပညာသင်ဆရာကြီးများထံမှ ပြောဆိုလာခဲ့သော စကားသံများ။ ဤသို့ဆိုလျင် ထိုပန်းချီကားချပ်အား မိမိတစ်ယောက် အဘယ်သို့ပြုလုပ်ရမည်နည်း။ ပန်ချီကားအားလည်း စူးစိုက်ကြည့်နေမိ၏။ မိမိအရိပ်မျှ ရေးဆွဲထားခဲ့သော ဘီလူးရုပ်ပုံမှာ အလိုအလျောက်သာလျင် အစအဆုံး ရေးဆွဲပြီးခဲ့ခြင်းပင်ဖြစ်သည်ဟု အများသူငါအား ပြောဆိုပြလျင် မည်သူမှ ယုံကြည်နိုင်လိမ့်မည်မဟုတ်။ သို့သော် ယခုအဖြစ်အပျက်များမှာ မိမိကိုယ်တိုင်ကြုံတွေ့လိုက်ရသည်ကြောင့် အသက်ဝင်လှုပ်ရှားလှစွာသော ထိုပန်ချီကားချပ်အား ဆက်လက်ထိမ်းသိမ်းသင့် မထိမ်းသင့် မစဉ်းစားတတ်တော့ချေ။

''ဟာကွာ''
''မင်းကိုအသက်ရှင်ခွင့်ပေးလိုက်လို့ရဘူး မင်းကိုအသက်ရှင်ခွင့်ပေးလိုက်ရင် ငါ့မိသားတစ်စုလုံး ဒုက္ခရောက်သွားလိမ့်မယ်''
''မဖြစ်ဘူး ဒီတော့ မင်းကိုငါအချိန်မှီ အသေသတ်ရမယ်''

     ထိုသို့ကြုံးဝါးပြောဆိုလေခဲ့ရင်း ပန်ချီကားချပ်အား ယူဆောင်စေခါ နေအိမ်အပေါ်သို့ အလောတကြီးတတ်ရောက်သွားလေခဲ့သည်။

   ပြီးဆုံးခါနီး နေအိမ်ကြီးဆီ၌ စောင့်ကြပ်နေခဲ့သော ထိုသူသည်လည်း အိမ်ကြီးနှင့်အလှမ်းဝေးရာ အရက်ဆိုင်ဆီမှ ယခုညချမ်းအချိန်ခါအတွင်း၌ သောက်သုံးရန်အတွက် အရက်ပုလင်းအား ဝယ်ယူလာခဲ့လေသည်။ နေအိမ်ကြီး၏အရှေ့ဆီသ်ို့ သူ၏စက်ဘီးလေးဖြင့် ရောက်ရှိလာခဲ့ရင်း စက်ဘီးချင်းလေးထဲမှ အရက်ပုလင်းအား ထုတ်ယူလေခါ သူ၏နေရာဖြစ်သည့် အိမ်လေးနံဘေးဆီသို့ ဦးတည်လာလေခဲ့သည်။ ထိုအခါ သူတစ်ယောက် ကိုင်ဆောင်ထားခဲ့သော အရက်ပုလင်း၏ ပုံမှန်အလေးချိန်များမှာ ပေါ့လျော့သွားခဲ့သည်ကြောင့် ကိုင်ဆောင်ထားခဲ့သော လက်အတွင်းမှ ပုလင်းလေးကိုမူ မြောက်တင်ကြည့်မိလိုက်လေသည်။ ထိုအခါ

''ဟင်''
''ဟာ!… ငါ့အရက်တွေ ငါ့အရက်တွေ ဘယ်ရောက်သွားတာလဲ''
''ဟာ!… ဟာ''

     အရက်ဆိုင်အတွင်းမှ ဝယ်ယူလာခဲ့ရင်း ခြံအတွင်းသို့ စက်ဘီးကလေးထည့်သွင်းပြီးသည့်အချိန်၊ ထိုတင်မက စက်ဘီးချင်းထဲမှလည်း ထုတ်ယူလာသည့်အထိ ပုလင်းထဲမှ အရက်များဟာ ပြည့်လုနီးပါးရှိနေခဲ့သည်။ ယခုအခါ ကိုင်ဆောင်ထားခဲ့သည့် အရက်ပုလင်း ပေါ့လျော့သွားခဲ့သည်ကြောင့် ကြည့်မိလိုက်ချိန်တွင် ပုလင်းကြီးမှာ အခွင်ကြီးသာကျန်ရှိနေခဲ့ရင်း အထဲမှ အရက်များမှာ ဖိတ်စင်ခြင်းမျိုးမရှိပဲ ပျောက်ဆုံးသွားခဲ့ရလေသည်။

''ဘယ်လို ဘယ်လိုဖြစ်ရတာလဲ''
''ဘယ်လိုဖြစ်ရတာလဲ''

    ကိုင်ဆောင်ထားခဲ့သည့် ပုလင်းလေးကိုပင် သတိလက်လွတ် လွတ်ချမိစေခဲ့ရင်း ထိုသူသည်လည်း အနည်းငယ်မျှ ကြောက်လန့်စိတ်များစွာ ဝင်ရောက်လာခဲ့လေသည်။ မိမိ၏ ပါးစပ်သရမ်းမှု့များကြောင့် အရက်ပုလင်းအား ခြံအတွင်းသို့ယူဆောင်လာခဲ့သည်နှင့် ယခုကဲ့သို့ဖြစ်သွားခဲ့ရခြင်းလား။ ပတ်ဝန်းကျင်တစ်ခုလုံးကိုပင် ရဲတင်းစွာဖြင့် မကြည့်ရဲတော့ပဲ ဦးခေါင်းကလေးလှည့်ရုံမျှသာ လိုက်လံအကဲခတ်နေမိသည်။

   ထိုအခါမြင်တွေ့လိုက်ရ၏။ သူတစ်ယောက် အရက်ဖြင့် မြည်းရန်အတွက် နေအိမ်ဆီမှ ယူဆောင်လာခဲ့သော ချဉ်ပေါင်ဟင်းရည်များမှာ ကုန်ခမ်းနေလျက် ပန်းကန်လုံးနှင့် ပလစ်စတစ်အိပ်ကလေးသာ ကျန်ရှိနေခဲ့လေတော့သည်။ မျက်မှောင်အား ကြုတ်မိလျက် ''ဟင်း''ဟူသော အာမေဋိတ်အသံသာလျင် ထွက်ပေါ်လာခဲ့ရင်း ချွေးသီးချွေးပေါက်များသည်လည်း ပြန်ထွက်လာခဲ့လေသည်။

  ''ငါ!… ငါဘာလုပ်ရမလဲ''
   ''ဗု ဗုဒ္ဓံ  သ သရဏံ''
''ဟာကွာ ငါ ငါ့ကိုသရဲ သရဲခြောက်နေတာလား''
''အိုးကွာ ဘာသရဲလဲ ငါမကြောက်ဘူး ငါမကြောက်ဘူး''

    မကြောက်ဘူးဟူသော စကားလုံးများအတွင်း၌ အသံများစွာ တုန်ရီနေခဲ့သည်။ မိမိအား အလေးထားစွာဖြင့် နေအိမ်ကြီးဆီ၌ စောင့်ကြပ်ခိုင်းခဲ့သော မိမိ၏ဆရာဖြစ်သူ နေအိမ်ပိုင်ရှင်၏ မျက်နှာကိုပင် မထည့်တွက်ပဲ ထိုအိမ်ကြီးဆီမှ ပြေးရှောင်သွားခဲ့လျင်လည်းမဖြစ်သေး။ သို့ဖြင့်

   ''အေး!… တွေ့ကြသေးတာပေါ့''
  ထိုသို့ကြုံးဝါးပြောဆိုလေခါ သူ၏စက်ဘီးအစုတ်ကလေးကိုပင် ထုတ်ယူလျက် အရက်ဆိုင်မပိတ်မှီ အခ်ျန်မီလေးပင် ဦးတည်သွားခဲ့လေပြန်သည်။ ထို့နောက် အရက်များကိုပင် အလွန်ကျွမ်သောက်လျက် နေအိမ်ကြီးဆီသို့ ရဲဆေးများစွာ တင်ဆောင်လေခဲ့ရင်း စက်ဘီးပြန်လည်နင်းလာခဲ့ပြန်သည်။ နေအိမ်ကြီးဆီသို့ သူတစ်ယောက် ပြန်လည်ရောက်ရှိလာခ်ျန်မှာ ညနက်အချိန်သို့ပင် ကျော်လွန်လာခဲ့ပြီးဖြစ်သည်။

     ''ဘာသရဲလဲကွ ငါ့ကိုခြောက်နေတာလား''
 ''ဟားဟားဟားဟား!… သေတောင်သေသွားဦးမယ်''

     အရက်ကလေး၏ အရှိန်နှင့် ပါးစပ်မှလည်း ထိုသို့ပြောဆိုလာခါ အိပ်စက်ရန်အတွက် အိမ်နံဘေးရှိကုလားထိုင်လေးရှိရာဆီသို့ ရိုင်တိရိုင်ကလေး ဦးတည်လာခဲ့လေသည်။ ထို့နောက် ကုလားထိုင်လေးအတွင်းသို့ နောက်ကျပေးထားလျက် ချေပစ်လက်ပစ် မှီချလိုက်ချိန်တွင်

''အား!… အမလေးဗျ''

     အသစ်စက်စက်ပင်ရှိနေသေးပြီး အိမ်ပိုင်ရှင်ကြီးမှာ ထိုသူတစ်ယောက် အေးဆေးစွာအနားယူနိုင်ရန်အတွက် ပေထားခဲ့သည့် ကုတင်ကဲ့သို့ ကုလားထိုင်လေးမှာ ကျိုးပဲ့သွားခဲ့ရင်း သူသည်လည်း ခင်းထားခါစ ကွန်ကရစ်အပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့ရလေသည်။ ပြုတ်ကျသွားခဲ့ရသည့် အရှိန်ဖြင့် တတောင်ဆစ်များမှာ ပွန်းပဲ့သွားလျက် ကွန်ကရစ်ပေါ်တွင်လည်း သွေးစသွေးနများစွာ ကျန်ရစ်နေစေခဲ့သည်။ အရက်မူးနေခဲ့သော အရှိန်ဖြင့် ပွန်းပဲ့ဒဏ်ရာများမှာလည်း မနာကျင်သကဲ့သို့ တည်ရှိနေခါ သွေးများစွာထွက်လာသည့် အနာကိုပင် ထိုသူမှာ သူ၏ပုဆိုးစဖြင့် သုတ်ယူနေခဲ့လေသည်။

   ထိုအခါ သွေးစသွေးနများစွာ ပေစွန်းသွားခဲ့သော ကွန်ကရစ်အပေါ်မှ အဏုဖြူအရောင်များကဲ့သို့ ခပ်စိမ်းစိမ်းလေး လင်းလာခဲ့ရင်း ထိုသူသည်လည်း မူးနောက်နေခဲ့သည့် အာရုံများဖြင့် စူးစိုက်ကြည့်နေမိလေသည်။ အတန်ကြာစိုက်ကြည့်နေမိရာမှ အသိပြန်လည်ဝင်ရောက်လာခဲ့ရင်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားလောက်အောင်ပင် ဖြစ်သွားခဲံရလေသည်။ ကွန်ကရစ်အပေါ်မှ အစိမ်းရောင်အသွင်ဖြင့် ဦးစွာတောက်ပလာခဲ့ရင်း အချိန်နှင့်အမျှ ရဲရဲတောက်လာခဲ့သော မီးတောက်များထဲမှ ဘီလူးရုပ်အသွင်သဏ္ဍန်ပေါ်ပေါက်လာခဲ့သည်ကိုပင် မျက်ဝါးထင်ထင်မြင်တွေ့နေခဲ့ရလေသည်။

 ''ဟာ!… ဘီ ဘီလူးရုပ်ပါလား''
''ဘီလူး ဘီလူး''

နှုတ်မှရေရွတ်မိလေခါ သူသည်လည်း ထိုတစ်ညအဖို့ မည်သို့ပင် ဖြစ်သွားခဲ့ရသနည်းမသိခဲ့ချေ။ မိုးစင်စင်လင်းလာသည့် အခ်ျိန်အတွင်း၌ အိမ်ပိုင်ရှင်ကြီးမှာ အလုပ်သမားများထက် စောစွာရောက်ရှိလာခဲ့ရင်း အိမ်လေးနံဘေးတွင် အိမ်စောင့်ထားသည့် ထိုသူမှာ ကွန်ကရစ်အပေါ်၌ ခြေကားယား၊ လက်ကားယား အိပ်ပျော်နေခဲ့သည့် ပုံစံကိုပင် မြင်တွေ့လိုက်ရစေသည်။

   ''ဟာ!… ဟေ့ကောင် ထစမ်း ဘယ်မှာအိပ်နေတာလဲ ဒီလောက်သေသေချာချာ စီစဉ်ပေးထားတာတောင် အောက်ဆင်းအိပ်နေရတယ်လို့''
   ''ဟေ့ကောင် ထလေ ဟာကွာ''

     ကွန်ကရစ်အပေါ်၌ ခြေပစ်လက်ပစ်အိပ်ပျော်နေခဲ့သော ထိုသူ၏ပုံစံများအား အိမ်ပိုင်ရှင်ကြီးမှာ မြင်တွေ့လိုက်ရသည်နှင့် လွန်စွာဒေါသထွက်သွားမိခဲ့သည်။ ထို့နောက် မြေပြင်အပေါ်မှ ထိုသူ့အား ပြောပြောဆိုဆိုနှင့် လှုပ်နှိုးလိုက်လေပြီး ထိုသူသည်လည်း ထိုအခါမှသာ နှိုးထလာလေခါ ထိတ်လန့်ကြောက်ရွှံ့မှု့များဖြင့် အိမ်ပိုင်ရှင်ကြီးအား ထိုသို့ပင်ပြောဆိုလေတော့သည်။

''ဟင်!… ဘီလူး သရဲ ဟာဆရာ'
'ဟေ့ကောင် ဘာဖြစ်နေတာတုန်း''
''ဆရာ ဆရာ ကျွန်တော် ကျွန်တော့်ကိုညက သရဲခြောက်တယ်ဆရာ''
''ဟာကွာ အိပ်ချင်မူးတူးနဲ့ ဘာတွေလျောက်ပြောနေတာလဲ သွား မျက်နှာသွားသစ်စမ်း''
''ဆရာ ကျွန်တော်တကယ်ပြောနေတာ ဆရာ့ကိုကျွန်တော်ဘယ်တုန်းက ညာခဲ့ဘူးလို့လဲဆရာ ဆရာ့ခြံထဲမှာ အကောင်ကြီးကြီးတစ်ကောင် ရှိနေတယ် ဇောက်ထိုး မိုးပျံ အကုန်လုံးလုပ်နေတယ်ဆရာ ပြီးတော့ ကျွန်တော့်ကိုလည်း ရိုက်တယ်''
''ဘာ!… ဟားဟား ဒီကောင်တော့ကွာ အရက်အလွန်ကျွမ်သောက်ပြီး ဘာတွေဖြစ်နေတာလဲ သရဲအခြောက်ခံရတဲ့ကောင်က အခုလိုအေးအေးဆေးဆေး အိပ်နေနိုင်တယ်ပေါ့ဟုတ်လား ကြည့်စမ်းပါဦး တစ်ခြံလုံးလည်း အရက်နံ့တွေကိုထောင်းထောင်းထနေတယ် ငါ့ကုလားထိုင်အသစ်ကြီးကိုလည်း ကျိုးပဲ့နေအောင် အိပ်ပစ်ထားတယ် ကဲသွားသွား မျက်နှာသွားသစ် ပြီးရင်ပြန် မင်းပြန်မှာမဟုတ်လား သွားသွား လုပ်စရာရှိတာမြန်မြန်သွားလုပ်တော့''
''ဆရာ''
''ကဲ့ပါ သွား သြော် မင်းမပြန်ခင် ညကဖွထားတဲ့ ဒီအမှိုက်တွေ လာရှင်းသွားဦးနော်ကြားလား''

   အိမ်ပိုင်ရှင်ကြီးလှုပ်နိုးမှု့များကြောင့် ထိုသူသည်လည်း ထိတ်လန့်မှု့များဖြင့် နိုးထလာလေခါ ကြောင်တောင်တောင်မျက်လုံးအိမ်များနှင့် ထိုကဲ့သို့ပြောဆိုလေခဲ့သည်။ သို့သော်လည်း အရက်နံ့များ တစ်ထောင်းထောင်းထနေခဲ့သည့် ထိုသူ၏ပြောစကားသံများကိုပင် အိမ်ပိုင်ရှင်ကြီးမှာ ဂရုမစိုက်ခဲ့ပဲ ပေါ့ပျက်ပျက်သာ ထားရှိစေခဲ့သည်။

''ဟော!… ဦးအာကာတို့ရောက်လာကြပြီလား”
''ဟုတ်ကဲ့ဗျ ဒီနေ့တစ်ရက်လုပ်ပြီရင် အားလုံးပြီးပါပြီ ဒါကြောင့် စောစောလေးလာခဲ့တာဗျ''
''ဦးအာကာကြီးကတော့လေ မောင်မြင့်ဝေပြောတဲ့အတိုင်း အလုပ်ကိုအာရုံစိုက်တယ် ပြီးတော့ကိုယ့်ပစ္စည်း ကိုယ့်အိမ်လိုသဘောထားပြီး သေချာလုပ်ပေးတယ် ခင်ဗျားကိုကျုပ်လေးစားပါတယ်ဗျာ ကဲ!… ဦးအာကာ ညနေကြရင် ခင်ဗျားကို ကျွန်တော်လုပ်အားခဆိုတာထက် အလုပ်ပေါ်ကိုတန်ဖိုးထားတတ်လို့ ခင်ဗျားကို ကျွန်တော်ဆုသဘောအဖြစ် ဘောက်ဆူးပေးပါ့မယ်''
''ရပါတယ်ဗျာ ရပါတယ် ဒါဆိုကျွန်တော်တို့အလုပ်ဝင်တော့မယ်နော်''
''ကောင်းပါပြီဗျ''

       ဦးအာကာ၏ မျက်ကွင်းများမှာ ညိုမဲဆွဲနေလျက် မနေ့ညမှ သူတစ်ယောက် ယခုအချိန်ထိ မအိပ်စက်ခဲ့ရသေးချေ။ အိမ်ပိုင်ရှင်ကြီး ဘောက်ဆူးပေးမည်ဟု ပြောဆိုလာခဲ့သော စကားများအားလည်း သာမာန်ဆိုလျင် ဦးအာကာဟာ မိမိ၏လုပ်အားခသာလျင် တောင်းယူတတ်ခြင်းဖြစ်ပြီး အပိုပေးလာခဲ့သော ၀င်ငွေများအား ငြင်းပယ်နေလေ့ရှိ၏။ ယခုအခါ အိမ်ပိုင်ရှင်ကြီး၏ လုပ်အားခထက် ပိုမိုပေးမည့် ငွေလေးကိုသာ လက်ခံရယူရန်အတွက် ဆန္နရှိခဲ့လေသည်။ အဘယ့်ကြောင့်နည်း။ ပြင်သစ်နိုင်ငံသားကြီးအား ဒေါ်လာငွေများဖြင့် ရောင်းချရန်ရှိသည့် ဘီလူးရုပ်ပုံပန်းချီကားချပ်ကိုပင် ဆက်လက်ရေးဆွဲမည် မဟုတ်တော့ချေ။ ထို့ကြောင့်လည်း ဦးအာကာတစ်ယောက် မျှော်လင့်နေခဲ့မိသည့် စနေနေ့တွင်မူ မိသားစုအတွက် ပိုက်ဆံရှာပေးနိုင်လိမ့်မည်မဟုတ်တော့ပေ။
  
     အိမ်ပိုင်ရှင်ကြီးဖြစ်သော စစ်ဘက်ဆိုင်ရာ အရာရှိကြီး၏ ထိုနေအိမ်မှာ နှစ်ထပ်တိုက်ခံအိမ်လေးသာဖြစ်ပြီး အုတ်များဖြင့် သီးသန့်တည်ဆောက်ထားခဲ့သော တိုက်အိမ်မဟုတ်ခဲ့ချေ။ အောက်ထပ်တွင်မူ အုတ်တတ်ထားခဲ့သော်လည်း အပေါ်ထပ်ရှိ အိမ်နံရံများအား ပြင်များဖြင့်သာ ကာရံထားစေခဲ့သည်။ အိမ်လေးမှာ ပေနှစ်ဆယ်ကျော်ခန့်ရှိလေခါ အခန်းများစွာဟာလည်း ထိုသူတို့၏ မိသားစုအလျောက် နေထိုင်နိုင်ရန်အတွက် ဖွဲ့စည်းထားခဲ့ဖြင်းဖြစ်သည်။ ယနေ့တစ်မနက်၌ ပန်းရံဆရာကြီးဦးအာကာ ဦးဆောင်လေသော် ပန်းရံသမားများမှာ နေအိမ်ရှိ ခင်းကြင်းစရာရှိသော နေရာများကိုပင် ခင်ကြင်းလေခဲ့ရင်း၊ ညနေပိုင်းအလုပ်ချိန်တွင်မူ နေအိမ်အောက်ထပ် အုတ်နံရံတစ်ခုလုံးကိုပင် ဆေးအဖြူများဖြင့် သုတ်စေခဲ့သည်။

    သို့နှင့်ညနေဆောင်းအလုပ်သိမ်းချိန်သို့ ရောက်ရှိလာခဲ့ရင်း အလုပ်သမားများသည်လည်း ယနေ့တွင်မူ ဆောက်လက်စ ထိုနေအိမ်လေး ပြီးမြောက်သွားခဲ့ပြီးဖြစ်သောကြောင့် အလုပ်ရှင်အိမ်ပိုင်ရှင်ကြီးမှာမူ ထိုသူများအားလုံးကိုပင် လုပ်အားခထက် ဆုကြေးများစွာ ပိုမိုပေးလေခဲ့သည်။

''ကျေးဇူးတင်ပါတယ်ဦးအာကာရယ် ပထမပန်းရံဆရာ လိမ်သွားလို့ ကျွန်တော့်အိမ်လေးပြီးဖို့အတွက် အချိန်တော်တော်လေး ကြန့်ကြာသွားခဲ့တာဗျ ဒါတောင် တခြားပန်းရံဆရာကိုခေါ်မိရင် ဦးအာကာလို နှစ်ရက်တည်းနဲ့ အပြီးလုပ်မှာမဟုတ်ဘူး တမင်အချိန်တွေဆွဲပြီး လုပ်နေဦးမှာ အခုတော့ ဦးအာကာကိုကျေးဇူးတင်ပါတယ်နော်''
''ရပါတယ်ဗျာ ကျွန်တော်ကလည်း ကိုယ်ချင်းစာလို့ပါဗျ ဘယ်သူပဲဖြစ်ဖြစ်လေ ကိုယ်ရဲ့အိမ်ဆောက်နေရင် မြန်မြန်ပြီးပြီး မြန်မြန်နေချင်ကြတာပဲမဟုတ်လား ဒါကြောင့် အခုလိုမြန်မြန်ပြီးသွားတော့လည်း မြန်မြန်နေရလို့ရတာပေါ့လေ'
''ဒါပေါ့ဗျာ!… ဒါပေါ့ ဟုတ်တယ်ဗျ ကျွန်တော်လည်း မိသားစုကို စစ်ဘက်ဆိုင်ရာ လိုင်းခန်းလေးမှာမထားချင်တော့လို့ဗျ ဒါကြောင့် စိတ်ငြိမ်ပြီးအခုလို တိတ်ဆိတ်တဲ့နေရာမှာ လာနေရတာပါပဲဗျာ တစ်ခုရှိတယ်ဗျ အခုတော့ဒီနေရာက တောကြီးလိုလိုဖြစ်နေပေမယ့်လည်း နောက်လေးငါးနှစ်လောက်ဆိုရင် လူနေအိမ်တွေစည်လာတော့မှာပါ အခုတောင် ဟိုဘက်ခြမ်းမှာ ကားလမ်းမဖောက်နေပြီမဟုတ်လား အိမ်လေးလည်းပြီးသွားပြီဆိုတော့ မနက်ဖြန်ကြရင် ကျွန်တော်တို့မိသားစုလည်း ဒီအိမ်လေးကိုပြောင်းလာတော့မှာ ကဲပါ ဦးအာကာကို နောက်တစ်ခါ အလုပ်ရှိရင် ကျွန်တော်ဆက်သွယ်ပါရစေနော်''
''ဟုတ်ကဲ့ပါဗျ အချိန်မရွေးဆက်သွယ်လိုက်ပါ ကျွန်တော်အားတာနဲ့ တိုက်ဆိုင်နေရင်တော့ လာလုပ်ပေးမှာပါ''
''ကျေးဇူးတင်ပါတယ်ဗျာ''
''ကဲကောင်းပါပြီဗျာ ဒါဆိုကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦး''
''ဟုတ်ကဲ့ပါဦအာကာ''

   နှစ်ဦးနှစ်ဖက် ရင်းရင်းနှီးနှီးစကားများစွာ ပြောဆိုဖြစ်ခဲ့ကြရင်း ဦးအာကာနှင့် တပည့်ဖြစ်သူ မောင်မြင့်ဝေတို့သည်လည်း အိမ်အပြန်လမ်းသို့ ဦးတည်လာခဲ့ကြရာမှ လမ်းတစ်လျောက်တွင် စကားတပြောပြောဖြင့် လျောက်လှမ်းလာခဲ့ကြလေသည်။

''ဆရာ နေ့လည်တုန်းက အောက်ထပ်မှာ ကျွန်တော်တို့အကြမ်းသမားတွေ နံရံကိုအချောသပ်နေတုန်း အလုပ်သမားတစ်ယောက် ချော်လဲပြီးဒဏ်ရာရသွားတယ်ဗျ''
''ဟေး ဘယ်အချိန်တုန်းကလည်းကွ ငါလည်းမသိလိုက်ပါလား''
''ဆရာဘယ်သိပါ့မလဲ ထမင်းစားနားပြီး အလုပ်ပြန်ဆင်းတဲ့အချိန် ဆရာကအပေါ်ထပ်ရောက်နေပြီလေ ကျွန်တော်တို့ပဲ နံရံတွေချောဖို့ အိမ်ဘေးမှာကျန်နေခဲ့ကြတာ အဲ့ဒီမှာ နံရံဆေးသုတ်ဖို့ လက်လှမ်းမမှီတာနဲ့ လှေကားထောင်ပြီး တစ်ယောက်ကတတ်တယ် သူဆေးသုတ်နေတုန်း လှေကားက ရိုင်ပြီးလဲကျသွားတယ် ကွန်ကရစ်အပေါ်ကျသွားတော့ ဒူးခေါင်းတွေဘာတွေစုတ်ပြဲသွားတာပဲဗျာ နေကလည်းပြင်းဆိုတော့ သွေးတွေကလည်းထွက်လိုက်တာမှ ပြောမနေပါနဲ့တော့… အဲ့ဒါနဲ့ ကျွန်တော်တို့လည်း အိမ်ပိုင်ရှင်ကြီးကို အကျိုးကြောင်းပြောပြီး ဒဏ်ရာရသွားတဲ့ အလုပ်သမားလေးကို ဆေးခန်းပို့ပေးလိုက်ရတယ်ဗျ''

''သြော်!… ဒါကြောင့်မင်းတို့ကို ငါအောက်ထပ်မှာလာရှာတာ မတွေ့တော့တာကိုး''
''ဟုတ်တယ်ဆရာရ အဲ့ဒီမှာထူးဆန်းတာတစ်ခုက လှေကားထောင်ပြီး ဆေးသုတ်တဲ့ အလုပ်သမားလေး ဒဏ်ရာရသွားတော့ သွေးတွေအများကြီးထွက်လာတယ် ကျွန်တော်တို့လည်း ဘာလုပ်ရမှန်းမသိတာနဲ့ သူ့ကိုထမ်းပြီး အိမ်ပိုင်ရှင်ကြီးဆီအရင်ခေါ်သွားခဲ့တယ်လေ… နောက်မှပဲ ကွန်ကရစ်ပေါ်က သွေးတွေကိုဆေးမယ်ဆိုပြီး ထားခဲ့တာဗျ ဆေးခန်းကပြန်လာတော့ ကွန်ကရစ်ပေါ်မှာ ဘာသွေးစသွေးနမှမရှိတော့ဘူး အောက်ထပ်က အလုပ်သမားတွေအားလုံး အလုပ်လည်းသိပ်မရှိတော့တာနဲ့ ဆေးခန်းကိုတစ်ဖွဲ့ကြီးလိုက်လာကြတာ ဘယ်သူမှမကျန်ခဲ့ဘူး အပေါ်ထပ်မှာ ဆရာနဲ့အလုပ်သမားတစ်ချို့ပဲကျန်နေခဲ့တယ် ဘယ်သူမှလည်းအဲ့ဒီသွေးတွေကို မဆေးပဲနဲ့ ကွန်ကရစ်ပေါ်ကသွေးတွေ ပျောက်နေတယ်ဆရာ''
''ဟင်!… ''

       တပည့်ဖြစ်သူမောင်မြင့်ဝေနှင့် အိမ်အပြန်လမ်းအား ဦးတည်လာခဲ့ကြရင်း ဦးအာကာတစ်ယောက် နေ့လည်ခင်းအချိန်မှ ထူးဆန်းစွာဖြစ်ပေါ်သွားခဲ့သော အကြောင်းအရာတစ်ခုအား ကြားသိလိုက်ရချေသည်။ မောင်မြင့်ဝေတစ်ယောက် ဆက်လက်ပြောလာဆိုဦးမည့် ပြောစကားများမဆုံးသေး အဝေးဆီမှ အလောတကြီးအပြေးလာနေခဲ့သော ဇနီးဖြစ်သူ မမယ်ကြည်အားလည်း ဦးအာကာတစ်ယောက် မြင်တွေ့လိုက်ရလေပြန်သည်။

''ဆရာ ဟိုးမှာလာနေတာ ဆရာကတော်မဟုတ်လား''
''ဟုတ်တယ်ကွ အသည်းအသန်ပြေးလာတာ ဘာများဖြစ်လို့လဲမသိဘူး လာလာ''

 ''ကိုအာကာ ကိုအာကာ''
  ''ဟ!မယ်ကြည် မယ်ကြည် ဘာဖြစ်လာတာလဲ''
''ဟို ဟို ရှင့်ကိုကျွန်မလာခေါ်တာ''
''ဘာဖြစ်လို့တုန်းမယ်ကြည်ရ ငါပြန်လာနေပြီပဲလေ''
''ဟို မနက်က ရှင့်မြေးလေး သွေးလွန်တုတ်ကွေးဖြစ်လို့ အရေးပေါ်ဆေးရုံတင်လိုက်ရတယ် အခုပဲ သားကြီးသူ့အလုပ်ထဲမှာ အမြင့်ပေါ်ကပြုတ်ကျလို့ အရေးပေါ်ခန်းထဲရောက်နေတယ်လို့ အကြောင်းကြားလို့ ကျွန်မလည်း ဘာလုပ်ရမှန်မသိတာနဲ့ ရှင့်ဆီပြေးလာတာ'
''ဘာ!… သားကြီးအမြင့်ပေါ်က ပြုတ်ကျလို့ဟုတ်ဟုတ်လားမယ်ကြည်''
''ဟုတ်တယ် ဆေးရုံကို ကျွန်မတို့အခုချက်ချင်းလိုက်သွားမှဖြစ်မယ်ကိုအာကာ''
''ဟာ!… ဒုက္ခပါပဲကွာ''
''မြင့်ဝေ ငါဆေးရုံကို လိုက်သွားလိုက်ဦးမယ်ကွာ ငါ့အိမ်မှာဘယ်သူမှမရှိဘူး မင်းအားရင် ငါ့အိမ်ဘက်တစ်ချက်လောက် သွားကြည့်ထားပေးပါဦးနော်''
''ဟုတ် ဟုတ်ကဲ့ဆရာ''

      လက်ထဲတွင်လည်း အလုပ်အားခလေးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် မိန်းမဖြစ်သူ မမယ်ကြည်၏ပြောစကားများအရ မြို့နယ်ဆေးရုံဆီသို့ လင်မယားနှစ်ဦးသား စိုးရိမ်ပူပန်များဖြင့် အလောတကြီးဦးတည်ခဲ့ကြလေသည်။

''ဆ!… ဆရာ''
''သြော်!ဘတုတ်… မင်းရောက်လာပြီလား''
''ဟုတ် ဟုတ်ကဲ့ဆရာ''
''ဟေ့ကောင် မင်းဘာဖြစ်နေတာတုန်း သူက''
''သူ သူက ကျွန်တော့်အသိတစ်ယောက်ပါဆရာ ဒီည သူ့ကိုဒီမှာစောင့်ဖို့အတွက် အဖော်အဖော်ခေါ်လာတာပါ''
''ဟင်!… ဘာဖြစ်လို့တုန်းကွ… သြော်.. သိပြီသိပြီ… မင်းအဆင်ပြေရင် ပြီးတာပါပဲလေ ငါတို့မိသားစုလည်း မနက်ဖြန်ကြရင် ဒီကိုပြောင်းလာကြတော့မှာ အဲ့ဒီအတွက် အိမ်ထဲကိုဝင်ပြီး နည်းနည်းပါးပါးသန့်ရှင်းလုပ်ထားပေးဦးကြားလား''
''ဟုတ် ဟုတ်ကဲ့ပါဆရာ ဆရာ''

''ဟေ့ကောင် မင်းကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ ဘာဖြစ်နေတာတုန်း ငါပြောတယ် အရက်နည်းနည်းပါးပါးလျော့သောက်ပါဆို မင်းကြာရင် အရက်ကြောင် ကြောင်သွားလိမ့်မယ်နော် ပြီးတော့ မင်းတို့တွေ အိမ်ကိုလည်းသေချာစောင့်ဦး အထဲမှာ ပစ္စည်းတွေဆုံနေပြီ ဒီပတ်ဝန်းကျင်က စိတ်ချရလား မချရလားမသိသေးဘူး''
''ဟုတ် ဟုတ်ကဲ့ပါဆရာ ကျွန်တော် ဒီညအရက်မသောက်တော့ပါဘူး ပြီးပြီးတော့ ဒီကမိတ်ဆွေကလည်း အရက်မသောက်တတ်ပါဘူးဆရာ သူသူက အထက်လမ်းဆရာတစ်ယောက်ပါ''
''ဟေး!… သြော် ကောင်းပါပြီကွာ ကောင်းပါပြီ ကဲဒါဆို နေလည်းစောင်းနေပြီ ငါပြန်တော့မယ် စိတ်ချမယ်နော်ဟေ့ကောင်''
“ဟုတ်…ဟုတ်ကဲ့ပါဆရာ”

       အိမ်စောင့်ထားခဲ့သော ထိုသူသည်လည်း မနေ့ညမှ အဖြစ်အပျက်များကြောင့် ယခုညတွင်မူ သူ၏အသိမိတ်ဆွေဖြစ်သော ပယောဂါဆရာတစ်ဦးအား ခေါ်ဆောင်လာခဲ့ရင်း၊ နေအိမ်အတွင်း၌ စောင့်ကြပ်ရန်အတွက် အားခဲထားလေခဲ့သည်။ သို့နှင့် ည၈နာရီကျော်မျှ ရှိလာခဲ့ရင်း ကိုယ်တွေ့ကြုံထားခဲ့ဘူးသော အိမ်စောင့်ဘတုတ်မှာ ကြောက်စိတ်များစွာ ဝင်ရောက်လာလျက် ပယောဂါဆရာ၏အနီး၌သာ ထပ်ကြပ်မကွာရှိနေစေတော့သည်။

''ဘတုတ်!… ဟာကွာ မင်းကလည်း ငါတစ်ယောက်လုံးရှိပါတယ်ကွ ဘာဖြစ်လို့အဲ့လောက်ထိတောင် ကြောက်နေရတာလဲ''
''ကျွန်တော် ကျွန်တော်က ကိုယ်တွေ့ကြုံထားရတဲ့သူဗျ မနေ့ညတုန်းကဆို အဲ့ဒီအကောင်ကြီးက တစ်ခြံလုံးကို ပျော်နေတဲ့ပုံစံနဲ့ လှည့်ပတ်နေတာ ပြီးတော့ ကျွန်တော့်ကိုလည်း ရိုက်တယ်ဗျ''
''ဟားဟားဟား မင်းကလည်းကွာ မင်းဆရာအိမ်ပိုင်ရှင်ကြီးပြောသွားသလို မူးမူးရူးရူးနဲ့ မြင်ချင်တာတွေ မြင်နေတာဖြစ်မှာပေါ့ကွ”
''မဟုတ်ဘူးဗျ ကျွန်တော်တကယ်ပြောနေတာ''
''အေးပါကွာ ဘာပဲဖြစ်ဖြစ် အခုဟာက အိမ်သစ်ကြီးလေ လူတောင်နေဘူးသေးတာမဟုတ်ဘူး ဘယ်ကနေ ဘယ်လိုသရဲကရှိနေရမှာလဲ''

''မဟုတ်သေးဘူး ခင်ဗျားမသိဘူး ကျွန်တော်ဆရာက အရာရှိကြီးဗျ ပြီးတော့ သူအိမ်ဆောက်ဖို့ရလာတဲ့ ဒီသစ်တွေကလည်း (၈၈)အရေးအခင်းမှာ သေဆုံးသူတွေရဲ့ သွေးတွေစွန်းထားတာ မနည်းဘူး သူကအရာရှိဆိုတော့ အဲ့ဒီသစ်သားတွေကို နိုင်ငံတော်အမိန့်နဲ့သိမ်းယူလာတာ… ပြီးတော့ အခုလိုအိမ်ဆောက်လိုက်ရတာပဲ အဲ့ဒါကြောင့် ဒီအိမ်မှာ အနောက်အယှက်တွေရှိနေမှာသေချာတယ်''
''ဟင်!… ဟုတ်ပါပြီ ဒါနဲ့ဒီအိမ်စဆောက်ကတည်းက မင်းဒီမှာညစောင့်လုပ်ပေးနေတာမဟုတ်ဘူးလား''
''ဟုတ်ဟုတ်တယ်လေဗျ''
''အေးအဲ့ဒါဆိုရင် ဘာဖြစ်လို့ အဲ့ဒီတုန်းကတည်းက မခြောက်ဘဲနဲ့ မနေ့ကမှ စခြောက်ရတာလဲ''
''ဟင်… ဟုတ်…ဟုတ်တယ်ဗျ ကျွန်တော်လည်းအဲ့ဒါကိုပဲ စဉ်းစားနေတာ''
''အေးပါကွာ မင်းဆရာထင်သလို မင်းအရက်ကြောင်တာလား တကယ်ပဲ တစ္ဆေခြောက်တာလားဆိုတာကို ငါဒီညစောင့်ကြည့်ပေးပါ့မယ်”

          ခြံစောင့်ဘတုတ်ဟာ အိမ်ပိုင်ရှင် စစ်ဘက်ဆိုင်ရာ အရာရှိကြီးဦးအုန်းခင်နှင့် ငယ်စဉ်ကတည်းမှ ဆရာတပည့်အဖြစ် အတူတကွ နေထိုင်လာခဲ့ကြသူများဖြစ်သည်။ ခြံစောင့်ဘတုတ်၏ ပြောဆိုချက်များကြောင့် ထိုအိမ်ကြီး၏အပေါ်၌ ကာရံထားခဲ့သော ပြင်များမှာ (၁၉၈၈) အရေးအခင်းကလာအတွင်း သေဆုံးခဲ့ကြသော ကျောင်းသားပြည်သူများ၏ သွေးများစွာစွန်းပေးထားခဲ့သည့် ပြင်များပင်ဖြစ်သည်ဟု သိရှိခဲ့ရချေသည်။

      ထို့ကြောင့် ပယောဂါဆရာသည်လည်း ထိုတစ်ညအဖို့ အိမ်စောင့်ဘတုတ်ပြောဆိုသည့်အတိုင်း တစ္ဆေခြောက်လန့်ခြင်း ဟုတ်၊မဟုတ်အား သိရှိစေရန် စောင့်စားနေခဲ့စေသည်။ နေအိမ်အတွင်းတွင်သာ ကုလားထိုင်လေးများဖြင့် ထိုင်လျက်ရှိနေခဲ့ကြရင်း အဖော်မဖြစ် အသင့်ပါလာသည့် စာအုပ်လေးများကိုသာ ဖတ်ရှု့နေခဲ့လေသည်။ သို့သော် ညဥ့်နက်အချိန်သို့ ရောက်ရှိလာသည်နှင့်အမျှ ကိုယ်တွေ့ကြုံထားခဲ့သော ဘတုတ်မှာမူ ချွေးစီးများပင်လျင် ထွက်နေလေခဲ့သည်။ ထိုသူနှစ်ဦးသား ဘေးချင်းကပ်လျက် ငြိမ်သတ်နေခဲ့သည့် အချိန်အတွင်းမှာပင် အိမ်ကြီး၏အပေါ်ထပ်ဆီမှ အသံတစ်ချို့အား တစ်ပြိုင်နက် နှစ်ဦးသားကြားသိလိုက်ရချေသည်။ ထိုသူနှစ်ဦးသားကြားသိလိုက်ရသည့် အသံမှာမူ ခြေဖနောင့်ဖြင့် အိမ်ကြီး၏အပေါ်ထပ်တွင် တစ်ဦးတစ်ယောက်မှ ခပ်ပြင်းပြင်းလျောက်လှမ်းနေခဲ့သော ခြေသံများပင်ဖြစ်နေစေခဲ့သည်။

                      ****** ***** ****
-ပုဏ္ဏကနက္ခသင့်နေခဲ့သည့် ပန်းချီကားချပ်အား ပြင်သစ်နိုင်ငံသားကြီးမှာ ၀ယ်ယူသွားလိမ့်မည်လား။ နိုင်ငံခြားသားသည်လည်း နက္ခသင့်ပန်းချီကား၏ ဆိုးကျိုးများကြောင့် မည်သို့ပင်ဖြစ်လာနိုင်သနည်း။
-မိသားစုစားဝတ်နေရေးအတွက် ပန်းချီဆရာကြီးဦးအာကာတစ်ယောက် ရေးဆွဲနေခဲ့သော ဘီလူးရုပ်ပန်းချီကားမှာ မဆိုင်သူများအား မည်သို့ပင်ဒုက္ခပေးနိုင်သနည်း။
-ဘီလူးနက္ခပိုင်ရှင် ပန်းချီဆရာကြီးရေးဆွဲလိုက်မိသော ပုဏ္ဏကနက္ခများမှာ ပန်းချီကားတင်မဟုတ်၊ သူတစ်ယောက် ပန်းရံပညာများဖြင့် လက်စသတ်ခဲ့ပေးသော နေအိမ်ကြီးတွင်းလည်း နက္ခသင့်လျက် ပုဏ္ဏကတိုက်ခြင်းခံနေခဲ့ရပြီဖြစ်သည်။ မည်သို့ပင် ဆက်လက်ဖြစ်လာကြဦးမည်နည်း။
-ပုဏ္ဏကနတ်ဘီလူး ပန်းချီကား၏ နက္ခသင့်ဆိုးကျိုးများကြားမှ မိသားနှစ်စု၏ အသေဆိုးများ။ အိမ်စောင့်ဘတုတ်ခြိမ်းခြောက်ခံရသည့် ညတစ်ည။

-ပုဏ္ဏကစားတဲ့ အိမ်မဲကြီးအဖြစ်သို့ မည်သို့ပင် ဖြစ်ပေါ်လာရသနည်း။ မည်သည့်အတွက်ကြောင့် တစ်နှစ်တစ်ခါသည်လည်း ထိုအိမ်ကြီးအတွင်း၌ လူစားလဲလယ်နေရသနည်း။

-တစ္ဆေလိုက်လူငယ်ငါးဦးနှင့် ထိုအိမ်ကြီးမှာလည်း မည်သို့ပင် ပတ်သတ်ဆက်နွယ်လာကြဦးမည်နည်း။

……အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၄)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
                  ကျန်ရှိနေသေးသော ဇာတ်လမ်းအဆက်အား
                         (၇.၁.၂၀၁၇) မြန်မာစံတော်ချိန်
                              မွန်းလွဲ(၃)နာရီတွင်
                      ဆက်လက်ဖော်ပြပေးသွားပါမည်။
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေ။
စာရေးသူ-ထီးကလေး

(ရင်နှင့်ရင်း၍ရေးသားသည်။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages