ဖုတ်ကောင် အပိုင်း(၁၀) - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ဖုတ်ကောင် အပိုင်း(၁၀)

Share This

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                          ဖုတ်ကောင်
                           အပိုင်း (၁၀)
                စာရေးသူ - ထီးကလေး
            (ရင်နှင့်ရင်း၍ရေးသားသည်)
                                **

ကျွန်ုပ်တို့သည်လည်း ယနေ့စောနယ်သို့ ခရီးထွက်ရန် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ထိုကြောင့် ခေါင်းငြိမ့်လိုက်သော ကျွန်ုပ်အား သူငယ်ချင်းဖြစ်သူများမှာ အဓိပ္ပာယ်ရှိလှသော မျက်လုံးများဖြင့် စကားများစွာပြောဆိုနေခဲ့ခြင်းပင် ဖြစ်သည်။

အဖြစ်ဆိုးလှသည်။ တစ်မိသားစုလုံး အရူးဘဝသို့ရောက်ရပြီး ဘဝပျက်ခါ လမ်းဘေးဓမ္မာရုံအပျက်၌ မှီခိုနေလျက်ရှိသော အစ်ကိုဖြစ်သူမိသားစုအား မှော်ဆရာဖြစ်သော ဦးလန်ဘားတစ်ယောက် ကျွန်ုပ်နှင့်အတူမိတ်ဆွေများ မကြားနိုင်သည့် အမှာစကားတစ်ချို့ပါးနေခဲ့သည်။ က်ုမောင်ဝင်းတစ်ယောက်မှာမူ ဓမ္မာရုံအတွင်း၌ကျန်နေခဲ့ပြီ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများမှာ တိုင်ပင်စရာစကားတစ်ချို့ရှိသည်ကြောင့် ဓမ္မာရုံအပြင်သို့ခေတ္တထွက်ခါ

''ငါတို့စောနယ်ခရီးစဉ် မသွားတော့ပဲ ကိုမောင်ဝင်းနဲ့အတူ ကြံခင်းနယ်ကိုလိုက်သွားကြမယ် … မင်းတို့အားလုံးရဲ့ သဘောကရော … ''
''ဘယ်တတ်နိုင်ပါ့မလဲကွာ … ငါတို့အားလုံးရဲ့ သဘောကလည်း မင်းရဲ့သဘောအတိုင်းပဲပေါ့''
''ဟုတ်တယ် … ငါတစ်ခုသတိထားမိတယ် စောနယ်ဆီက ဖိုးချစ်ဆီကို အလည်သွားဖို့လုပ်တိုင်း ထူးထူးဆန်းဆန်းအကြောင်း တစ်ခုခုနဲ့ကြုံရပြီးတော့ မသွားဖြစ်လိုက်ဘူး''
''အရင်တစ်ခေါက်က ဝိဥာဉ်မောင်ကျော်ရဲ့ ရင်နစ်ဖွယ်အဖြစ်အပျက် … အခုတစ်ခေါက်က ဖုတ်ကောင် … မရိုးနိုင်တဲ့ အဖြစ်အပျက်တွေနဲ့အတူ ငါတို့ငါးယောက် နောက်ထပ်လဲ ထပ်ကြုံလာရဦးမယ်လို့ ငါယုံကြည်တယ်''
''ဒါပေါ့ကွာ … အသက်တစ်ရာမနေရ … အမှုတစ်ရာကြုံရဆိုတာ ဒါမျိုးကိုပြောတာပေါ့ ဟားဟား … ဟားဟား''
''ဟုတ်ပါ့ကွာ … သြော်ဒါနဲ့ … မင်းဆရာသား ကိစ္စကရော ဘယ်လိုလုပ်မှာလဲ ငါတို့ကူညီပေးပါ့မယ်လို့ ကတိခံထားခဲ့တယ်နော် … တော်ကြာ''
''ဟုတ်တယ်ထီးလေး … အဲ့ဒီကောင်လေးကို ဘယ်လိုရှာမလဲ … ပြီးတော့ မင်းမှတ်မိသေးလား တစ္ဆေကိုက်တဲ့ အိမ်ကြီးမှာတုန်းက စာရေးဆရာလေး ငါတို့အားလုံးကို ပြောသွားခဲ့တယ်လေ''
''မှတ်မိတာပေါ့ကွ … သူ့ဆံပင်ငါးချောင်းဖြစ်တဲ့ ငါတို့ငါးယောက်ကို အသက်သွင်းပြီး ထူးထူးဆန်းဆန်းဖြစ်ရပ်တစ်ခုနဲ့ မိတ်ဆတ်ပေးမယ်ဆိုတာ''

''ဟုတ်တယ်ဟုတ်တယ် … ကျန်နေသေးတယ်နော် အဲ့ဒီဖုတ်ကောင်မှာ ငါတို့ငါးယောက်တည်းက တစ်ယောက်မှားတာနဲ့ ငါးယောက်စလုံး သေသွားနိုင်တယ်လို့လည်း ပြောလိုက်သေးတယ်''
''ဟုတ်တယ်ကွ … အဲ့ဒါဘာကို ဆိုလိုတာလဲမသိဘူး''
''သိလာမှာပေါ့ကွ … ဘာပဲဖြစ်ဖြစ် လာမယ့်ဘေး ပြေးတွေ့လိုက်တာပေါ့''

''ဆရာ့ကိုနောက်မှပဲ အကျိုးအကြောင်းရှင်းပြပြီး ဆန်းလေးကိုဝိုင်းရှာပေးလိုက်ကြတာပေါ့ … အခုပြဿနာက အရမ်းကြီးနေလို့ မဖြစ်မနေ ငါတို့ခရီးစဉ်ကို ဖျက်လိုက်ရတာပဲလေ''
''ပျောက်သောသူရှာရင်တွေ့ ဆိုတဲ့စကားပုံက အလကားထားခဲ့တာမှ မဟုတ်ပဲ … တွေ့မှာပါကွာ''

''မိတ်ဆွေတို့ ဘာတွေတိုင်ပင်နေကြတာလဲဗျ''
''သြော် ကိုမောင်ဝင်း … ဘာမှတော့မဟုတ်ပါဘူး … အဆင်သင့်ဖြစ်ပြီလား''
''မှော်ဆရာကြီးကတော့ လိုအပ်တာတွေ ယူနေတာပဲဗျ … အဆင်သင်ြ့ဖစ်ရင် ကျုပ်တို့အားလုံး ကိုထီးလေးအိမ်ကိုအရင်သွားကြမယ် … ပြီးမှ အဝေးပြေးကားဂိတ်ကို သွားကြတာပေါ့''
''ဟုတ်ပြီလေ … ဒါဆို ကျုပ်မှော်ဆရာကြီးအနား ခဏသွားလိုက်ဦးမယ်''
''ကောင်းပါပြီဗျာ … ကောင်းပါပြီ''

တစ်ညလုံးမျှ မအိပ်ရသေး၊ သို့သော် ငိုက်ချင်နေသည့် စိတ်များမဖြစ် ကြံခင်နယ်သို့ထွက်ခွာရန်သာ အားတတ်သရောဖြစ်နေခဲ့သည်။ လိုအပ်သည်များ ယူဆောင်နေသည့် မှော်ဆရာကြီးအနားသို့ ကျွုန်ုပ်နှင့်အတူ ငါးကလေးနှင့်မျှားကလေး အရောက်လှမ်းသွားခဲ့ပြီး

''ဦးလေး … ကျုပ်တို့ဘာတွေဝိုင်းလုပ်ပေးရဦးမလဲ''
''ရပါတယ်ကွာ … သြော် … ရော့ ဒါလေးကိုတော့ ဝိုင်းသယ်ပေးကြ''
''ဦးလေး စိပ်စုတယ်လို့တော့ မထင်နဲ့ဗျ … ကျုပ်တို့က လူငယ်တွေဆိုတော့ သိချင်စိတ်ပြင်းထန်တယ်လေ ဒါကြောင့် ဒါဘာအိတ်ကြီးတုန်း''
''ဆန်မန်းနဲ့ မြွေစိမ်း''
''ဟင် … ဆန်မန်းနဲ့မြွေစိမ်း ဒါဆိုဒီအထဲမှာ မြွေတွေရှိနေတာပေါ့ဟုတ်လားဦးလေ''
''အေး … ဒါပေမယ့် ဘာမှမစိုးရိမ်ပါနဲ့ မင်းတို့ကို ဒုက္ခမပေးပါဘူး မြွေစိမ်းဆိုတာ ငါတို့လူမျိုးတွေ အထွဏ်မြတ်ထားတဲ့ နဂါးမင်းကို ကိုယ်စားပြုတယ် ဒီတော့ ဖုတ်ကောင်ရဲ့လက်ချက်ကြောင့် ဒဏ်ရာရသွားတဲ့ သူတွေကို မန်းထားတဲ့ဆန်ဆေးရည်နဲ့ ဒီမြွေစိမ်းနဲ့ရောပြီ ကုမှပျောက်နိုင်မယ် … ဒါကလဲ (၁၀၀)ရာခိုင်နှုန်းမှာ လူကောင်းပကတိအတိုင်း ပြန်ကောင်းဖို့အတွက် (၃၀)ရာခိုင်နှုန်းလောက်ပဲ သေချာတယ်''

''ရော့ … ဒါက ကြက်သွေးစိမ်ထားတဲ့ မှော်ပိုက်ကွန်အိတ် … တစ်ယောက်ယောက်လွဲလာခဲ့''
''ဒါကရော ဦးလေး ''
''… ဒါကမှော်ဓား ''
''အိုး !… ကျုပ်တို့သရဲကားတွေအထဲကလိုမျိုး မှော်ဆရာတွေကိုင်တဲ့ သစ်သားဓားလား''
''အဲ့ဒါတော့ ငါလဲမသိဘူး … သေချာတာတစ်ခုကတော့ မင်းပြောသလို သစ်သားဓါးတော့ မဟုတ်ဘူး ဒီမှာကြည့်…''

''ဟင် … သစ်သားကဓါးအိမ် အထဲမှာသတ်သတ်ဓားရှိနေတာကို … မသိရင် သစ်သားဓါးတစ်ချောင်းအတိုင်းပဲနော်''
''ဟုတ်တယ် အသိဥာဏ်မရှိတဲ့ ဖုတ်ကောင်တွေကို လှည့်စားနည်းတစ်မျိုးပေါ့ … ''
''ဘယ်လိုလှည့်စားတာလဲဦးလေး''
''အဲ့ဒါကတော့ ပြောပြဖို့ခတ်တယ်ကွ … ဖုတ်ကောင်ရဲ့ တိုက်ခိုက်တဲ့အပေါ်မှာ မူတည်ပြီး ဒီဓားကိုအသုံးပြုရမှာ''
''တကယ်တော့ သွေးစုတ်တတ်တဲ့ သက်ဝင်ဖုတ်ကောင်တွေမှာ မှတ်ဥာဏ်မရှိဘူး … သို့ပေမယ့် သူတို့မှာအစွဲဆိုတာရှိတယ် … ငါတို့ကလေးလေးတွေလိုပေါ့ … မုန့်ကျွေးတတ်တဲ့သူလာရင် မုန့်အမြဲတောင်းစားတတ်တယ်လေ … အဲ့ဒီလိုပဲ သူတို့မှာလဲ သွေးစုတ်နေကြ အချိန်၊ နေရာကို အစွဲပြုပြီး အမြဲတစေလာတတ်တယ် … အဲ့ဒါကိုက ဖုတ်ကောင်တွေရဲ့ အားနည်းချက်ပဲ''
''အင်း … ဒါကြောင့် ကြံခင်းနယ်အပိုင် လသာရွာကို မနက်တိုင်းလာနေတာပေါ့ဟုတ်လား''
''အဲ့ဒီလိုလဲပြောနိုင်တယ် ဒါပေမယ့် သူ့တို့ကိုရန်ရှာနေတဲ့ သူတွေရှိနေပြီဆိုရင်တော့ ဖုတ်ကောင်တွေရဲ့သဘာဝအရ ခဏတော့ငြိမ်သွားလိမ့်မယ် ပြီးရင်တော့ အရင်ကထက် အဆပေါင်းများစွာ ပိုဆိုးပြီးသာမှတ်ပေတော့''
''ဗျာ … ''

နေထိုင်သည့်နေရာသာ စုတ်ပျက်နေခဲ့သော်လည်း စနစ်တကျသိမ်းဆည်းထားသည့် ပစ္စည်းများမှာတော့ လွန်စွာမှပင် သပ်ရက်လှသည်။ စူးစမ်းချင်စိတ်ပြင်းထန်လွန်းခဲ့ပြီး လိုအပ်သည်များယူဆောင်နေသည့် မှော်ဆရာကြီး၏ဘေးနားတွင် ကပ်လျက်ရှိပြီး သိချင်သည့်အကြောင်းရာများအား မေးမြန်းနေခဲ့သည်။ မှော်ဆရာကြီးဦးလန်ဘားမှာမူ လိုအပ်သည့်များ ပြင်ဆင်နေခဲ့ရင်း ကျွန်ုပ်တို့၏ အမေးစကားများအားလည်း သူတစ်ယောက်တတ်နိုင်သမျှ ပြန်လည်ဖြေကြားပေးနေခဲ့သည်။

ဓမ္မာရုံအပြင်၌ရှိနေသော မိတ်ဆွေကိုမောင်ဝင်းနှင့်အတူ လမ်းကလေးနှင့် မျှားကလေး၊ တန်ခိုးတို့မှာ ဓမ္မာရုံအတွင်းသို့ ဝင်ရောက်လာခါ ကျွန်ုပ်တို့၏အနားသို့ ဖြေးညင်းစွာလျောက်လှမ်းလာလေသည်။ စိတ်ရောဂါရှင်မိသားတစ်စုဟာ ယဉ်ယဉ်လေးများဖြစ်ကြပြီ မိမိနေရာနှင့်မိမိ အေးစွာနေထိုင်တတ်ကြသည်။ ကျွန်ုပ်တို့နှင့်အတူ မှော်ဆရာကြီးဦးလန်ဘားတစ်ယောက် ညလုံးပေါက်နီးပါးစကားများစွာ ပြောဖြစ်ခဲ့ကြပြီး ယခုမိုးစင်စင်လင်းလာသည့်အထိ ထိုသူများမှာ ကျွန်ုပ်တို့အား အာရုံမထား မိမိတို့ဖာသာမိမိအေးဆေးစွာ နေထိုင်နေခဲ့ကြသည်။

''ကဲ အစ်ကိုကြီး … ညီလေးခရီးသွားဦးမယ် … အဖိုးတို့ကိုယ်တိုင် ရင်ဆိုင်ခဲ့တဲ့ ဖုတ်ကောင်ကြီးအသက်ပြန်ဝင်လာပြီးလို့ သိရတယ် လူသားတွေကိုသွေးစုတ် သတ်ဖြတ်နေတယ်လို့လည်း ကြားရတယ် … အစ်ကိုကြီးနေကောင်းအောင်နေပါ … ညီလေးခရီးကပြန်လာရင် ထမင်းတူတူစားကြတာပေါ့…  အစ်ကိုကြီးရဲ့ သွေးစသွေးနလေး ဖုတ်ကောင်ကြီးကိုနိမ်နင်းဖို့အတွက် ညီလေးနည်းနည်းယူပါရစေ''

ကြားဘူးခဲ့သည်များ နားဝသို့ရောက်ရှိလာခဲ့သည်။ ကောင်းစွာကြားခဲ့ဘူးသည် ထိုစကားသံများ။ တရုတ်ဘာသာစကားဖြင့် အစ်ကိုဖြစ်သူ စိတ်ရောဂါဝေဒနာရှင်လူကြီးအား မှော်ဆရာကြီးတစ်ယောက် စကားများစွာပြောဆိုလျက် အဝတ်အနီဖြင့်ထုတ်ထားသည့် သစ်သားဓားအိမ်အတွင်းမှ ဓားအားဆွဲထုတ်စေကာ အစ်ကိုဖြစ်သူ၏လက်အား ဆွဲကိုင်လိုက်ပြီး လက်ညိုးထိပ်သို့ သွေးများထွက်အောင် ပွန်းတိုက်လိုက်လေသည်။ အနည်းငယ်မျှ ထွက်လာသည့် သွေးများအား ထိုဓားတွင်သုတ်လိမ်းလျက် ဓားအိမ်အတွင်းသို့ပြန်လည်ထည့်ကာ အဝတ်နီဖြင့်ထုတ်လိုက်စေပြီး ကျောတွင်လွယ်လျက်ထားလိုက်သည်။

တည်ကြည်လှသည့် မျက်နှာထား၊ စေ့ထားသည့် နှုတ်ခမ်း၊ ပေစောင်းစောင့်ကြည့်တတ်သည့် သူ၏အကြည့်၊ သွားမပေါ်အောင် အမြဲပြုံးသည့် သူ၏ အပြုံး ပေါင်းစပ်ကြည့်လိုက်လျင် မှော်ဆရာကြီးဦးလန်ဘားမှာ လွန်စွာမှပင် ခန့်ညားတည်ကြည့်လှသည်။ ခုနှစ်စဉ်တိုက်အောက်လမ်းပညာဖြင့် တစ်မိသားစုလုံး အရူးဘဝသို့ရောက်ရှိသွားရသော အစ်ကိုဖြစ်သူမိသားအား ကိုယ်ဆီအမှာစကားများ ပြောဆိုလျက် မှော်ဆရာကြီးဦလန်ဘားတစ်ယောက် ကျွန်ုပ်နှင့်မိတ်ဆွေများ ရပ်လျက်ရှိနေသော နေရာဆီသို့ ဦတည်လျောက်လှမ်းလာခဲ့သည်။

အချိန်ကား နံနက်(၇:၃၀)ခန့်ရှိနေခဲ့ပြီး။ မှော်ဆရာကြီးမှာ အရာအားလုံးအဆင်သင့်ဖြစ်ကြောင်း ပြောဆိုကာ ဦးတည်ရာခရီးဆီသို့ ထွက်ခွာရန်ပြောဆိုလေတော့သည်။ ဆောင်းတွင်းညချမ်းလေး၌ ကော်ဖီပူပူလေးအား ကိုဟန်စိုးဆိုင်၌သောက်နေစဉ် မိတ်ဆွေကိုမောင်ဝင်းတစ်ယောက် ရောက်ရှိလာကာ အကူညီတောင်းသည့် ကိစ္စနှင့်ပတ်သတ်ပြီး လမ်းဝမှတ်တိုင်မှ မှော်ဆရာကြီးဦးလန်ဘားအား ရုတ်တရက်လာရောက်ရှာဖွေခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများမှာ ကြံခင်းနယ်ခရီးအတွက် မည်သည့်အရာတစ်ခုမှ ကောင်းစွာမပြင်ဆင်ရသေးချေ။ ထို့ကြောင့်လိုအပ်သည်များသာ ပြင်ဆင်ကြရန် ကျွန်ုပ်၏နေအိမ်ဖြစ်သော မြောက်ဥက္ကလာအတွင်းသို့ ပြန်လည်ဝင်ရောက်ဦးမည်ဖြစ်သည်။

ဆိုင်ကယ်အားဖြင့် သုံးစီးရှိနေကာ လူဦးရည် ခုနှစ်ယောက်ရှိပြီ ကျွန်ုပ်နှင့် လမ်းကလေး ၊ငါးကလေးတို့ဟာ သုံယောက်တစ်စီး စီးနှင်ခဲ့ပြီ။ အရှေ့မှဦးဆောင်ကာ ကိုမောင်ဝင်း မောင်းနှင်သော ဆိုင်ကယ်အနောက်၌ မှော်ဆရာကြီးလိုက်ပါလာခဲ့ပြီး ကြံခင်းနယ်သို့ခရီးထွက်ရန် ကျွန်ုပ်၏နေအိမ်သို့ ခေတ္တဝင်ရောက်ဦးမည်ဖြစ်သည်။ မနှေးမမြန် ပုံမှန်နှုံးဖြင့်မောင်းနှင်လာရင်း ကျွန်ုပ်၏နေအိမ်ဆီသို့ ကောင်းမွန်စွာပြန်လည်ရောက်ရှိလာကြသည်။ ကျွန်ုပ်တို့ သူငယ်ချင်းငါးယောက်၏ အကြောင်းများအား လူကြီးမိဘများမှာ ကောင်းစွာသိရှိထားခဲ့ပြီး ထိုသို့ညလုံးပေါက် နေအိမ်ဆီသို့ ပြန်လည်မရောက်ရှိခဲ့သော်လည်း စိတ်အေးစွာဖြင့် စိတ်ချစွာနေနိုင်နေခဲ့သည်။

စောနယ်ဆီသို့ခရီးထွက်ရန် ပြင်ဆင်ထားသော ခရီးဆောင်အိတ်များမှာ ယခုမိတ်ဆွေကိုမောင်ဝင်း ခေါ်ဆောင်ရာကြံခင်းနယ်ခရီးအဖြစ် အချိန်ပိုင်းလေးတွင်သာ ပြောင်းလဲသွားခဲ့ရချေတော့သည်။ လူကြီးများမှာခရီးစဉ်အတွက် ကိုမောင်ဝင်းတစ်ယောက်လိုက်ပါမည်ဟု သိရှိခဲ့ရပြီး ကျွန်ုပ်တို့ငါးယေက်အတွက် မိဘများမှာ အတိုင်းထက်အလွန်ပိုမို၍ စိတ်ချသွားခဲ့ချေသည်။ မည်သည့်ဆီသို့ခရီးထွက်မည်ကို မသိ။ မိတ်ဆွေကိုမောင်ဝင်းတစ်ယောက်မှာလည်း ဖုတ်ကောင်ကြီး၏အကြောင်းအား မည်သူ့ကိုမှ မသိစေချင်လိုသော် ဆန္ဒရှိနေသည်။ ထို့ကြောင့်စောနယ်ခရီးဟု ညာသံပေးကာ ကိုမောင်ဝင်းနှင့်အတူ မှော်ဆရာကြီးအပါအဝင် ကျွန်ုပ်တို့အားလုံး ကြံခင်းနယ်သို့စတင်ခရီး ထွက်ခွာခဲ့လေခဲ့ပြီ။

                         ***     ****    ***
ကေသရီ၏အိပ်ပျော်နေသော ဦးခေါင်းလေးအား မိမိ၏ပေါင်ပေါ်၌ တင်လျက်ထားကာ ချစ်ဇနီးသည်ကေ၏ အခြေအနေအား ဆန်းလေးတစ်ယောက် ညလုံးပေါက်စောင့်ကြည့်နေခဲ့ပြီး အာရုံတတ်ချိန် အချိန်၌ပင် ခေတ္တငိုက်မြည်းမိရင်း မှေးခနဲအိပ်ပျော်သွားချေခဲ့သည်။ နားအတွင်း၌ အသံတစ်ချို့အား ကြားလိုက်ရသည်။ ထိုအသံဟာ ညည်းထွားသံ၊ မှေးထားသည့်မျက်လုံးကလေးအပေါ်မှ မျက်ခုံးကလေး တွန့်ဆုတ်သွားခါ ရုတ်တရက်ဆန်းလေးတစ်ယောက် လန့်နိုးသွားမိသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ထိန်ထိန်သာအောင် လင်းနေခဲ့ပြီး မိုးစင်စင်လင်းသည့် မနက်ခင်းသို့ပင် ရောက်ရှိနေခဲ့ချေပြီ။

''အား … ကျွတ် … ကျွတ်''
''ကေ … ကေ … မိန်းမ … သ … သတိရလာပြီး … ကေဘာမှမဖြစ်ဘူးနော် ဝမ်းသာလိုက်တာကေရယ်''
''ကေက ဘာဖြစ်လို့လဲအစ်ကိုရဲ့ … အခုရော ကေတို့ဘယ်ကိုရောက်နေကြတာလဲ''
''အစ်ကိုတို့အိမ်ကို ပြန်ရောက်နေတာလေ … ညက ကေ့လက်မောင်းက ဒဏ်ရာအရှန်နဲ့ ကေအဖျားတတ်လာလို့ ကယ်ဆယ်ရေးအဆောင်ထဲကနေ အိမ်ကိုပြန်ခေါ်လာခဲ့တာ''
''ဟင် … အဲ့ဒါတွေ ကေလဲမသိရပါလား အား … ကျွတ် …  ကျွတ်''
''မလှုပ်နဲ့ဦး ကေ့လက်မောင်းမှာ ခွေးကိုက်ခံထားရတယ် … နေ့လည်က ဂျက်ကီ ကေ့ကိုကိုက်လိုက်တာမဟုတ်လား … အဲ့ဒါဘာဖြစ်လို့ အစ်ကိုကိုမပြောရတာလဲ''
''ဟုတ်တယ်ကို … ကေအကိုက်ခံလိုက်ရတယ် အစ်ကိုစိုးရိမ်မှာဆိုးလို့ ကေမပြောခဲ့တာပါ''
''ကေရယ် … ဖြစ်မှဖြစ်ရလေကွာ … အစ်ကိုကြောင့် ကေအခုလိုဖြစ်ရတာပါ … ကေသာ အစ်ကိုကြောင့် တစ်ခုခုဖြစ်သွားခဲ့ရင် အစ်ကိုရင်ကျိုးရချည်ရဲ့ကွာ''

''အစ်ကို ဘာမှမစိုးရိမ်ပါနဲ့တော့ … ကိုယ့်ကိုကိုယ်လည်း အပြစ်မနင်နဲ့တော့နော် … ကေလည်း အခုဘာမှ ဖြစ်တာမှမဟုတ်တာ''
''တော်သေးတာပေါ့ကေရယ် တော်သေးတာပေါကွာ''

 မိမိ၏ပေါင်းပေါ်၌ ဦးခေါင်းတင်လျက်ထားခဲ့သော ချစ်ဇနီးသည်ကေအား ဆန်းလေးတစ်ယောက် တင်းကြပ်စွာထွေးဖတ်လိုက်သည်။ စိတ်ချမ်းသာသွားခဲ့ပြီး ဝဲလျက်မျက်ရည်များ ကျမတတ်၊ ဘယ်ခြေထောက် တစ်ချောင်းလုံး ထုံထိုင်းနေခဲ့ပြီး အိပ်ပျော်နေသည့် ချစ်ဇနီးသည် နိုးသွားမည်အား စိုးရိမ်သည်ကြောင့် နည်းနည်းလေးမျှမလှုပ်ခဲ့ချေ။ ဖုတ်ကောင်ကြီး၏ လက်ချက်ဖြင့် ဒဏ်ရာအနာတရ ရရှိသွားခဲ့ပြီး ဖုတ်ကောင်အဖြစ်သို့ ကူးပြောင်းသွားခဲ့သော ခွေးလေးဂျက်ကီ၏ အကိုက်ခံလိုက်ရခြင်းကြောင့် ဇနီးသည်,သည်လည်း ဖုတ်ကောင်အဖြစ်သို့ ကူးပြောင်းလာမည်အား စိုးရိမ်ခဲ့မိသည်။

ညဦးပိုင်းမှစတင်ကာ ညဥ့်နက်အချိန်ထိ တစ်ညလုံးမျှ ခိုက်ခိုက်တုန်အောင် အဖျားများစွာတတ်နေခဲ့ပြီး ယခုမိုးစင်စင်လင်းလာသည့် အချိန်၌ပင် ချစ်ဇနီးသည်အား လူကောင်းပကတိအတိုင်း မြင်တွေ့ခဲ့ရချေသည်။ အင်မတန်မှ ဝမ်းသာမိရင်း နောက်နှစ်ပေါင်းများစွာ ချစ်ဇနီသည်အား အစွမ်းကုန်ပေးဆပ်ကာ ဖြည့်ဆည်းပေးသွားမည်ဟု တွေးတောမိရင်း ဆန်းလေးတစ်ယောက် သွားမပေါ်သည့် ပီတိအပြုံးပန်းများစွာ ဝေဆာနေခဲ့တော့သည်။

ရဲအရာရှိများဟာ ဖုတ်ကောင်၏လက်ချက်ဖြင့် ဒဏ်ရာရရှိသွားသော ရွာသားတစ်ချို့အား ဆေးရုံဆီသို့ပို့ဆောင်စေခဲ့သည်။ သို့သော် ဖုတ်ကောင်၏လက်ချက်ဖြင့် ဒဏ်ရာအနာတရ ရရှိသွားပါက မည်သည့်ဆေးပညာနှင့်မှ ပြန်လည်ကုသ၍မရနိုင်ချေ။ မှော်ဆရာ၏အစီအရင်နှင့်သာ ထိုလူများအား ကုသပေးမှသာလျင် ပြန်လည်ကောင်းနိုင်စွမ်းရှိမည်။ ထိုအကြောင်းအရာများအား လေ့လာသိရှိထားသူ တစ်ယောက်ဖြစ်သည့်အလား သုတေသနပညာရှင် ဦးသိပ္ပမှာ မိမိ၏တပည့်ဖြစ်သူ ဒီပအား ဆေးရုံဆီသို့စေလွတ်ခဲ့သည်။ ဆရာဝန်များအား ထိုသူများကိုဆေးပညာဖြင့် ကုသမည့်အစား လုံခြုံစေသည့်နေရာတစ်ခုတွင်သာ ထားစေရန် ဒီပအား တစ်ဖက်တစ်လမ်းဖြင့် သွားရောက်ပြောဆိုစေခိုင်းခဲ့သည်။

တပည့်ဖြစ်သူဒီပမှာလည်း ဆရာဖြစ်သူဦးသိပ္ပမှာကြားခဲ့သည့်အတိုင်း ဆေးရုံဆီသို့ အလျင်မြန်သွားရောက်ခါ လူနာများအား ဆေးမကုရန် ပြောဆိုလေခဲ့သည်။ ဆရာဝန်များအား မိမိဟာ တာဝန်သိပြည်သူတစ်ယောက်အနေနှင့် လာရောက်သတိပေးခြင်းဖြစ်သည်။ မကြာခင်အချိန်ပိုင်း၌ပင် ဒဏ်ရာရရှိထားသော ထိုသူများသည်လည်း ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲလာနိုင်သည်။ ထို့ကြောင့် ဆေးမကုသပဲ လုံခြုံစေမည့်နေရာတွင်သာ ခေတ္တထားပေးပါဟု ပြောဆိုလေခဲ့သည်။

ဆရာဝန်ကြီးများမှာလည်း ဖုတ်ကောင်၏လက်ချက်ဖြင့် ရရှိထားသည့် ဒဏ်ရာများဟာ မိမိတို့၏တစ်သက်နှင့်တစ်ကိုယ် မမြင်တွေ့ခဲ့ဘူးသော ဒဏ်ရာများဖြစ်နေသည်ကြောင့် ဒီပပြောဆိုသော စကားမျာအား မယုံကြည်သော်လည်း ဂရုစိုက်စွာဖြင့် အချုပ်သားများအား ဆေးကုသရန်စီစဉ်ထားသော သံတိုင်ကုတင်များအတွင်း၌ ထားရစ်စေခဲ့သည်။ ထို့နောက်ဒီပတစ်ယောက်မှာလည်း ဆေးရုံအတွင်းမှ ပြန်လည်ရောက်ရှိလာပြီး ဆရာဖြစ်သူဦးသိပ္ပနှင့်အတူ ကြံခင်းနယ်အပိုင် လသာကျေးရွာဆီသို့ ဦးတည်သွားခဲ့သည်။ ထို့နောက်ဖုတ်ကောင်ကြီး၏ အခြေအနေအား ရွာတောင်ပိုင်းဝင်ပေါက် လျိုအတွင်း၌ ကင်းစောင့်တပ်များနှင့် ရွာသူရွာသားများ မမြင်တွေ့စေရန် ပုန်အောင်းစောင့်ကြည့်နေခဲ့သော်လည်း ယနေ့၌ဖုတ်ကောင်ကြီးမှာ ပေါ်မလာခဲ့ချေ။

''အင်း … မုန်တိုင်းတိုက်ခါနီး လေငြိမ်နေပြီနဲ့တူတယ်''
''ဆရာ … ဘာကိုပြောတာလဲ''
''ဒီနေ့ဖုတ်ကောင်ကြီး ရောက်မလာခဲ့ဘူးလေ … ရွာသားတွေကတော့ ပျော်နေကြတယ် … ရောက်လာတဲ့အခါကျရင် အရင်ကထက် ပိုဆိုးတော့မှာသေချာတယ်''
''ဗျာ … ဘယ်လိုဆရာ … ဖုတ်ကောင်ကြီး ဒီနေ့ရောက်မလာတာ ရောက်လာမယ့်နေ့ကြရင် အရင်ကထက်ဆိုးတော့မယ် ဟုတ်လား''
''အေးကွ … ဟိုတစ်နေ့က ရွာထဲက လူတွေကို သွေးစုတ်သွားတာ မနည်းဘူး … အဲ့ဒီတော့သူ့အတွက် ရိက္ခာလုံလုံလောက်လောက်ရနေတယ်လို့ ပြောရမှာပေါ့ ရွာထဲကို ဝင်မလာတာ အဲ့ဒါကြောင့်ပဲ … သူ့ဆီမှာ သွေးလျော့လာပြီဆိုတာနဲ့ ဘယ်သူ့ကိုမှ ဂရုစိုက်မှာမဟုတ်တော့ဘူး သွေးစုတ်လို့ရဖို့ပဲ သူလုပ်တော့မှာ''
''ဟင် … ဒါဆိုဘယ်လိုအတားဆီးမျိုးကိုမှ မကြောက်တော့ပဲ ဇွတ်လုပ်တော့မှာပေါ့ဟုတ်လားဆရာ''

''ဟုတ်တယ် … ဖုတ်ကောင်ကြီးဆိုတာ ရဲတွေကလည်း သိနေရဲ့သားနဲ့ ဘာမှမလုပ်ကြဘူးလား … ဒီအတိုင်းကြည့်နေကြတာလား… ကာကွယ်ရေးနဲ့ရှင်းလင်းရေး၊ သူတို့အခုလုပ်နေတာ ကာကွယ်ရေးပဲရှိသေးတယ် ဒါပေမယ့် ဖုတ်ကောင်ကြီးကို ဘယ်သူမှကာကွယ်လို့ရမှာ မဟုတ်ဘူး သေဖို့ပဲရှိတယ်''
''ဟုတ်တယ်ဆရာ … သြော်ဆရာ … မနေ့က ကျွန်တော်ဆေးရုံမှာတုန်းက ဆရာပြောခိုင်းတာတွေ ပြောနေတုန်း ရဲတစ်ယောက်ဆီက သိခဲ့ရတာ … ရဲအုပ်မောင်ဝင်း ကိစ္စတစ်ခုနဲ့ ရန်ကုန်ကိုပြန်သွားတယ်လို့ကြားခဲ့တယ်ဆရာ''
''ဟေး … မောင်ဝင်းကရန်ကုန်ကို ပြန်သွားတယ်ဟုတ်လား''
''ဟုတ်တယ်ဆရာ … ရဲအရာရှိတစ်ယောက် ဆရာဝန်ကြီးကိုပြောနေတာ ကျွန်တော်ကြားခဲ့ရတာပဲ''
''အင်း … ဒီလောက်ထိ ပြသနာဖြစ်နေတာတောင် သွေးအေးအေးနဲ့ ဒီရဲတွေနေနိုင်တယ် တောက်!''
''ဆရာ … ကျွန်တော့အထင် မောင်ဝင်းရန်ကုန်ကိုပြန်သွားတာ ဖုတ်ကောင်ကြီးနဲ့ပတ်သတ်နေလိမ့်မယ်လို့ ထင်တယ်''
''အေးကွ … အဲ့ဒီလိုလဲဖြစ်နိုင်တာပဲ''
''ဟုတ်တယ်ဆရာ … ဒါပေမယ့် ဖုတ်ကောင်ကြီးကို ရဲတွေမိသွားခဲ့ရင် ရတနာတွေကတော့ သွားပါပြီဗျာ''
''စောင့်ကြည့်စမ်းပါဦးကွာ … အေးဆေးပေါ့ ရတနာပစ္စည်းတွေက တန်ဖိုးကုဋေမကတန်တယ် ဒါကြောင့်လည်း အရင်းအမြစ်ကိုမသိထားရင် ဘယ်လိုရှာရှာ ရှာလို့ရမှာမဟုတ်ပါဘူး … ဘာပဲဖြစ်ဖြစ် ဒီနေ့လဲဖုတ်ကောင်ကြီးကို စောင့်ကြည့်ရဦးမှာပဲ''
''ကဲအားလုံးပဲ … သတိဝီရိယရှိပါစေနော်''
''ဟုတ်ကဲ့ဆရာကြီး''
ရွာတောင်ပိုင်းလျိုအတွင်းသို့ တစ်လလျင် တစ်ကြိမ်မျှ ရွာသူရွာသားများမှာ လာရောက်ခြင်းမရှိချေ။ ထို့ကြောင့် ဦးသိပ္ပနှင့်သူ၏တပည့်များမှာ ထိုလျိုအတွင်း၌ စခန်းချထားစေပြီး ဖုတ်ကောင်ကြီးအား ပြန်လည်ရရှိရေးအတွက် ဇွဲကောင်းစွာဖြင့် စောင့်ကြည့်ဦးမည်ဟု ကြုံးဝါးပြောဆိုနေခဲ့ပြန်သည်။

                            ****   ****
ဆောင်းကာလ၏ နေ့လည်ခင်းဖြစ်သည်။ အေးစက်စက်အငွေ့သက်လေးများ ကျန်ရှိနေကာ ယခုနေ့လည်ခင်းအချိန်ထိ ခြေလက်များ၌ အေးစက်စက်အထိအတွေ့အား ခံစားနေခဲ့ရသေးသည်။ ကျွန်ုပ်တို့အားလုံး လိုက်ပါစီးနှင်လာသည့် အဝေးပြေးကားကြီးသည်လည်း လိုရာခရီးဆီသို့ ရောက်ရှိလုနီးပါး ဖြစ်နေခဲ့ပြီးဖြစ်သည်။ လမ်းတစ်လျောက်လုံး၌ ကျွန်ုပ်၏ထိုင်ခိုင်နံဘေးတွင် ရှိနေသော မှော်ဆရာကြီးဦးလန်ဘားမှာ တည်ငြိမ်လျက်ရှိနေခဲ့သည်။ ရန်ကုန်မှတဆင့် ကြံခင်းနယ်ဆီသို့ လေးနာရီခန့်အကြာမောင်းနှင်ခဲ့ရပြီး ယခုမွန်းလွဲ(၁)နာရီခန့်အချိန်၌ပင် ကြံခင်းနယ်ဆီသို့ ချောမွေ့စွာရောက်ရှိလာခဲ့လေသည်။

ခရီးသည်များအားလုံး အဝေးပြေးကားကြီးအပေါ်မှ ကိုယ်ဆီဆင်းနေခဲ့ကြပြီး ကျွန်ုပ်တို့အားလုံးသည်လည်း ခရီသည်များကြားမှ ကိုယ်ဆီအောက်သို့ဆင်းလာခဲ့ကြသည်။ ဦးဆောင်ကာ ကားအပေါ်မှ မိတ်ဆွေကိုမောင်ဝင်းတစ်ယောက် ဦးစွာဆင်းသွားသည်နှင့်တစ်ပြိုင်နက် ယူနီဖောင်ဝတ်စုံဖြင့် ရဲသားလေးဦးမှာ ခရီးဦးကြိုဆိုလေသည်။
''လေးစားပါတယ်ဆရာမောင်ဝင်း''
''အေး … ငါ့မိတ်ဆွေတွေပါတယ် ကားရော အဆင်သင့်ဖြစ်ရဲ့လား''
''ဟုတ်ကဲ့ဆရာ အားလုံးအဆင်သင့်ပါပဲ''
''ကောင်းပြီ … ကိုထီးလေးတို့ ကျုပ်တို့အားလုံး အပိုင်စခန်းကိုအရင်သွားကြမယ် … ရဲမင်းကြီးလမ်းညွှန်တဲ့အတိုင်း ကျုပ်တို့ဆက်လုပ်ကြတာပေါ့ … ပြီးတော့ ရဲချုပ်ကြီးကလဲ ကိုထီးလေးတို့ငါးယောက်ကို မြင်ဘူးချင်တယ်လို့ ကျုပ်ကိုတောင်းဆိုခဲ့သေးတယ်''
''ဟုတ်ကဲ့ … ကိုမောင်ဝင်း အဆင်ပြေသလိုလုပ်ပါ''

မှော်ဆရာကြီးဦးလန်ဘားအပါအဝင် ကျွန်ုပ်တို့ငါးယောက်သည်လည်း ရဲဘော်လေးဦး ခေါ်ဆောင်အနောက်သို့ လာပါလာခဲ့ချေသည်။ အဝေးပြေးဂိတ်၏ အပြင်ဘက်၌ စစ်အရောင်ဂျစ်ကား တစ်စီးရပ်တန့်ထားစေခဲ့ပြီး ထိုကားဖြင့် ကျွန်ုပ်တို့အား အပိုင်စခန်းဆီသို့ဦးတည်ထွက်ခွာရန် မိတ်ဆွေကိုမောင်ဝင်းမှ ပြောဆိုခဲ့သည်။ သို့နှင့်ကားပေါ်သို့တတ်ခါ ကိုယ်ဆီနေရာယူထိုင်လိုက်သည်နှင့် ကားကြီးမှာစတင်ထွက်ခွာလေတော့သည်။

ကြံခင်းနယ်၏ပတ်ဝန်ကျင်၌ နှစ်အတန်ကြာ ကုက္ကိုပင်ကြီးများတည်ရှိနေခဲ့ပြီး အလွန်ပင်သာယာလှသည်မှာ ပန်းချီကားတစ်ချပ်အား ကြည့်နေခဲ့ရသည့်အလား ထင်မှတ်နေနိုင်သည်။ ဘယ်၊ညာ ကားလမ်းနှစ်လမ်းတည်းသာ ဖောက်ထားခဲ့ပြီး ဘေးပတ်ပတ်လည်၌ စိမ်းစိုနေသည့် လယ်ကွင်းပြင်များအား တွေ့နိုင်သည်။ ကားပြတင်းပေါက်အတွင်း တစ်ချက်ချက်သော လေညင်းများဝင်ရောက်လာခဲ့လျင် တစ်လောကလုံး၏အမောများ ပြေပျောက်သွားခဲ့သည်ဟု ထင်မှတ်လောက်အောင်ပင် လန်းဆန်းသွားစေနိုင်ခဲ့သည်။ တစ်ညလုံးမျှအနားမယူရသေးသော ကျွန်ုပ်တို့အားလုံး၏ စိတ်ဖိစီးမှုများမှာ ကြံခင်းနယ်၏ သာယာစိုပြေမှုများအား မြင်တွေ့လိုက်ရုံဖြင့် ပြေပျောက်သွားစေခဲ့သည်။

နေ့လည်ခင်း မွန်းလွဲအချိန်ဖြစ်လျက် ကျဲကျဲတောက်နေမင်းကြီး ထွန်းလင်းနေခဲ့သော်လည်း ပူအိုက်ခြင်းများ ကင်းဝေးနေခဲ့ပြီး အေးစက်စက် အထိတွေ့သာ ခံစားနေခဲ့ရသည်။ ရန်ကုန်၏ဆောင်းညအလယ်သို့ ရောက်ရှိနေခဲ့သည်လား သို့သော် နှိုင်းယှဉ်၍မရနိုင်အောင်ပင် နေလည်ခင်းအချိန်၌ပင် ယခုကဲ့သို့အအေးဓာတ်အား သိသိသာသာအေးနေခဲ့သည်။ အပိုင်ရဲစခန်းဆီသို့ ဦးတည်မောင်းနှင်နေသော ကားမောင်သူရဲသားကိုပင် ဖြည်းညင်းစွာမောင်းနှင်ပါဟု ပြောလိုက်ချင်ပါသေးသည်။ အဘယ်ကြောင့်နည်း။ ယခုကဲ့သို့ သာယာလှပသည့် ရှု့ခင်းများအားမြင်တွေ့နေခဲ့ရသည်မှာ ကုန်ဆုံးသွားမည်အားစိုးရိမ်မိသည်မှာ ကျွန်ုပ်တို့အားလုံး၏ အတွင်းစိတ်များပင်ဖြစ်ချေသည်။

ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ မှော်ဆရာကြီးအပါအဝင် ကားပေါ်သို့စတင်ရောက်ရှိလာစဉ်ကတည်းမှ တစ်ဦးကိုတစ်ဦး စကားများမပြောဖြစ်ပဲ ကားပြတင်းပေါက်များမှ မြင်တွေ့နေရသည့် ကြံခင်းနယ်ရှု့ခင်းများအား ငေးမောကြည့်နေမိခဲ့သည်။ ငေးမော၍မဆုံးနိုင်အောင် ငေးကြည့်နေမိရင်း အပိုင်ရဲစခန်းဆီသို့ ကားကြီးမှာရောက်ရှိလာခဲ့တော့သည်။ ထို့နောက်မိတ်ဆွေကိုမောင်ဝင်းမှာ ကားအပေါ်မှ ဦးစွာဆင်းသတ်၍ ကျွန်ုပ်တို့အားလုံးသည်လည်း ကိုမောင်ဝင်း၏အနောက်မှ လိုက်ပါသွားချေခဲ့သည်။ သို့နှင့် ယူနီဖောင်းဝတ်စုံများနှင့် ရဲအရာရှိများစုစည်းစွာရှိနေသည့် အခန်းအတွင်းသို့ ရောက်ရှိလာခဲ့ချေသည်။

''အိုး !… ဆရာမောင်ဝင်းရောက်လာပြီလား ဧည့်သည်တွေလည်း ပါလာတာပဲ''
''ဟုတ်ကဲ့ဆရာ … ဒီနေ့လသာရွာသတင်း ဘာတွေများသိထားသေးလဲခင်ဗျ''
''အင်း … ကင်းစောင့်အထူးတပ်တွေနဲ့ ရွာသူရွာသားတွေ တစ်ညလုံးစောင့်ကြည့်နေကြတယ် … ဒါပေမယ့် ဖုတ်ကောင်ကြီးရောက်မလာခဲ့ဘူးလို့ သိထားရတယ်ဆရာမောင်ဝင်း''
''ဟင် … ဒါဆိုဒီနေ့ တစ်ရွာလုံးအေးအေးချမ်းချမ်းနဲ့ မိုးလင်းလာခဲ့တယ်ပေါ့ … တော်သေးတာပေါ့ဗျာ စိုးရိမ်လိုက်ရတာ… သြော် … မိတ်ဆတ်ပေးရဦးမယ် ဟုတ်ကဲ့ရဲမင်းကြီး … ဒါကျွန်တော့မိတ်ဆွေတွေပါ ဒီပုဂ္ဂိုလ်က ဦးလန်ဘားလို့ခေါ်ပါတယ် သူက ဖုတ်ကောင်ကြီးကို နိမ်နင်းနိုင်တဲ့ တရုတ်လူမျိုး မှော်ဆရာကြီးတစ်ယောက်ပါ''

''အိုး !… မှော်ဆရာကြီး တွေ့ရတာဝမ်းသာပါတယ် ကျုပ်တို့ကိုကူညီပေးပါဦး … ဒီဖုတ်ကောင်ကြီးကို ကျုပ်တို့တိတ်တဆိတ်ဖမ်းစီးနိုင်မှ ဖြစ်မှာမို့လို့ပါ''
''စိတ်ချပါ … ကျုပ်ကိုယ်တိုင်ဖမ်းပေးပါ့မယ်''
''ကျေးဇူးတင်ပါတယ်ဆရာကြီးရာ … ကျေးဇူးအများကြီးတင်ပါတယ်''

''ဒီဘက်က ကျွန်တော့မိတ်ဆွေ လူငယ်ငါးယောက်ကတော့ ရဲချူပ်ကြီးတွေ့ဘူးချင်တယ်ဆိုတဲ့ လူငယ်ငါးယောက်ပါ … ထီးလေး၊ လမ်းလေး၊ မျှားလေး၊ ငါးလေး၊ တန်ခိုး တို့ပါပဲ''
''သြော် … ဟုတ်ကဲ့ အားလုံးကိုတွေ့ရတာ ဝမ်းသာပါတယ် … မောင်ရင်တို့အကြောင်းကိုတော့ ဆရာမောင်ဝင်းပြောပြထားလို့ ကျုပ်တို့တွေသိပြီးသားပါ … ပျောက်ဆုံးနေတဲ့ အမှူ့ကြီးတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးခဲ့တဲ့ ခင်ဗျားတို့လူငယ်ငါးယောက်ကို ကျုပ်တို့ရဲတပ်ဖွဲ့က ကျေးဇူးမမေ့ပါဘူး''

''ဟုတ်ကဲ့ခင်ဗျ ရပါတယ်''
''ဟုတ်ကဲ့ဆရာ … အခုလည်း ဖုတ်ကောင်ကြီးကိုဖမ်းမယ့် မှော်ဆရာကြီးကို သူတို့အကူညီနဲ့ရှာတွေ့ခဲ့တာပါ''
''ဟိုး !… ထပ်ပြီကျေးဇူးတင်ပါတယ်ဗျာ … ကျုပ်တို့ကို အကူညီပေးကြပါဦး''
''စိတ်ချပါရဲချုပ်ကြီး … ကျုပ်တို့လသာရွာ ရွာသူရွာသားတွေ အတွက် အစွမ်းကုန်ကူညီပေးသွားမှာပါ''
''ကျေးဇူးအများကြီးတင်ပါတယ်ဗျာ''

''သြော်ဒါနဲ့ … မှော်ဆရာကြီးက ဖုတ်ကောင်ရဲ့လက်ချက်ကြောင့် ဒဏ်ရာရထားတဲ့ သူတွေကို မှော်နဲ့ပြန်ကုမှရနိုင်မဟ်လို့ ပြောပါတယ်ဆရာ … အခုအဲ့ဒီလူနာတွေကိုရော ဘယ်မှာထားထားလဲ''
''မနေ့က … ပြည်သူတစ်ယောက် အဲ့ဒီလူနာတွေနဲ့ ပတ်သတ်ပြီး သတင်းတစ်ခုလာပေးတာနဲ့ ဆရာဝန်ကြီးတွေက ဖြစ်နိုင်တယ်ပြောလို့ ကျုပ်တို့ လူနာတွေကို အချုပ်သားဆေးကုအဆောင်ထဲမှာ ခဏစောင့်ရှောက်ပေးထားပါတယ် … အခုထိတော့ ဆေးရုံမှာစောင့်ကြည့်နေတဲ့ စခန်းမှူးကြီးဆီက ဘာအကြောင်းတစ်ခုမှ မသိရသေးပါဘူး''
''မိတ်ဆွေတို့ ကျုပ်တစ်ခုပြောပါရစေ''
''ပြောပါဆရာကြီး … ပြောပါ''
''ဒဏ်ရာရထားတဲ့ လူနာတွေကို အချိန်ကြာကြာထားလို့မကောင်းဘူးနော်… သူတို့ပါအချိန်ကြာလာရင် ဖုတ်ကောင်အဖြစ်ပြောင်းသွားနိုင်တယ်''

''ဗျာ … ဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်ပေးရမလဲ''
''အကောင်းဆုံးကတော့ သူတို့အားလုံးကို ကျုပ်ပြန်ကုပေးနိုင်တယ် … အဲ့ဒီတော့ ကျုပ်တို့အခုဦးတည်သွားမယ့် လသာရွာဆီကိုပဲ ပြန်ပို့ပေးထားပါ''
''ဟုတ်ကဲ့ဆရာကြီး ဟုတ်ကဲ့ပါ''
''ကဲ … မိတ်ဆွေကိုမောင်ဝင်း … ညနေဆောင်းတော့မယ် ခင်ဗျားတို့ကိစ္စပြီးတာနဲ့ လသာရွာထဲကို နေမဝင်ခင်အရောက်သွားမှ ဖြစ်မယ်''
''ဟုတ်ကဲ့ … ဆရာကြီး … ကျုပ်တို့အခုပဲ လသာရွာထဲကို ဝင်ကြတာပေါ့''
''လေးစားပါတယ်ဆရာမောင်ဝင်း … လိုအပ်တာများရှိရင် ကျုပ်တို့ဆီကို ချက်ချင်းအကြောင်းကြားပေးပါ''
''ဟုတ်ကဲ့ရဲမင်းကြီး ကျေးဇူးတင်ပါတယ် ကျွန်တော်တို့ကိုခွင့်ပြုပါဦး''
''ကောင်းပါပြီဆရာမောင်ဝင်း အာလုံးပဲ အစစအရာရာဂရုစိုက်ကြပါ''

ရဲမင်းကြီးနှင့်အတူ ရဲချုပ်ကြီးတင်သာမက ရဲအရာရှိများအားလုံးသည်လည်း ကြံခင်းနယ်အပိုင်ရဲစခန်းဆီသို့ လာရောက်စုရုံးနေလျက်ရှိကြသည်။ မှော်ဆရာကြီး၏ ပြောဆိုလိုက်သော စကားကြောင့် မိတ်ဆွေကိုမောင်ဝင်းနှင့်အတူ ကျွန်ုပ်တို့အားလုံးသည်လည်း နေမဝင်ခင်အချိန်၌ လသာရွာအတွင်းသို့ ဝင်ရောက်ကြရန် အပိုင်စခန်းအတွင်းမှ နှုတ်ဆတ်ထွက်ခွာလာခဲ့ချေသည်။

                              ********
            ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                  ဆက်လက်၍ဖော်ပြပေးသွားပါမည်။
                         စာရေးသူ - ထီးကလေး
                       (ရင်နှင့်ရင်း၍ရေးသားသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages