တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ဖုတ်ကောင်
အပိုင်း (၉)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
ကျွန်ုပ်၏ပြောစကားများအား သူငယ်ချင်းဖြစ်သူများမှာ နားမလည်နိုင်ချေ။ ကျွန်ုပ်၏ခေါ်ဆောင်ရာ နောက်သို့သာ ကြောင်တောင်တောင်ဖြစ် လိုက်ပါလာချေရင်း နေ့လည်မှ ဆုံတွေ့ခဲ့ရသော လူကြီးအား သွားရောက်ရှာဖွေရန် ယခု ညဦးပိုင်းတွင်းသာ ဦးတည်လေတော့သည်။
ဆိုင်ကယ်သုံးစီးဖြင့် နှစ်ယောက်တစ်တွဲ စီးနင်းစေကာ ကိုမောင်ဝင်းမောင်းနှင်သည့် ဆိုင်ကယ်အနောက်တွင် ကျွန်ုပ်တစ်ယောက်လိုက်ပါလာချေခဲ့ပြီး မြောက်ဥက္ကလာပတံတားဆီသို့ ဦးတည်မောင်းနှင်လေသည်။ ညဦးပိုင်းအချိန်ဖြစ်ပြီး ဆောင်းလေများ၏အေးစက်စက်လေများ တိုက်ခိုက်နေသည်က ချမ်းစိမ့်စမ့်အထိအတွေ့အား ထူးကဲစွာခံစားနေခဲ့ရသည်။ ထိုလူကြီးပြောသွားသည်၊ အမည်အားဖြင့် လန်ဘားဟုခေါ်တွင်စေကာ လမ်းဝမှတ်တိုင် ကုန်တံတားပတ်ဝန်းကျင်၌ ထိုနာမည်အားမေးမြန်းကြည့်လျင် မသိသူများမရှိနိုင်ချေ။ ထို့ကြောင့် မနှေးမမြန်ပုံမှန်နှုံန်းဖြင့် ကိုယ်ဆီမောင်းနှင်လာခဲ့ရင်း မြောက်ဥက္ကလာအဝိုင်းကြီးမှတ်တိုင်သို့ ရောက်ရှိလာနေခဲ့ပြီ။
ကားလမ်းများဟာ ပိတ်ဆို့နေပြီး မှတ်တိုင်ဖြစ်သော မြောက်ဥက္ကလာအဝိုင်းကြီးအား ကျော်လွန်ပါမှ စိတ်အေးရမည်ဖြစ်သည်။ အဘယ်ကြောင့်နည်း၊ လမ်းဆုံဖြစ်၍ ညဦးပိုင်းမို့ ကားများစွာ ပိတ်ဆို့နေခဲ့သည်မှာ ထုံးစံအတိုင်းပင်ဖြစ်သည်။ မီးပွိုင့်အနီအား စောင့်စားခဲ့ပြီး အဝိုင်းကြီးမှတ်တိုင်သို့ ကျော်လွန်လာချေခဲ့သည်။ ကျောက်ရေတွင်းမှတ်တိုင် ကုန်တံတားသို့ကျော်လွန်ကာ ဘုန်းကြီးလမ်းမှတ်တိုင်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် နှစ်ဈေး၊ (၅)လမ်းမှတ်တိုင်သို့ ဦးတည်မောင်းနှင်ခဲ့ရင်း မြောက်ဥက္ကလာကုန်းတံတားပေါ်သို့ ရောက်ရှိလာခဲ့ချေပြီ။ ကုန်တံတားအဆင်းမှ မနှေးမမြန်ပုံမှန် နှစ်မိနစ်ခန့်မောင်းနှင်လိုက်လျင် ကျွန်ုပ်တို့ဦးတည်နေသော လမ်းဝမှတ်တိုင်ဆီသို့ ရောက်ရှိတော့မည်မှာ သေချာသည်။ ရောက်ရှိခဲ့လေပြီ မှတ်တိုင်လမ်းဝဆီ၊ မနှေးမမြန်ဆိုင်ကယ်အား မောင်းနှင်နေသော ကိုမောင်ဝင်းအား ရပ်တန့်စေရန် ကျွန်ုပ်တစ်ယောက် ပြောလိုက်ရသေးသည်။ ထို့နောက် အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသော သူငယ်ချင်းများသည်လည်း မောင်းနှင်လာသော ဆိုင်ကယ်များအား ရပ်တန့်စေခဲ့သည်။
''ထီးလေး … ဘယ်ကိုလာတာလဲ''
''နေ့လည်က လူကြီးကို လာရှာတာ''
''ဘာလုပ်မလို့တုန်း … ကိုမောင်ဝင်းပြောတာနဲ့ ဆက်စပ်နေလို့လား''
''အေး … ခဏနေဦး … ငါသွားမေးကြည့်လိုက်ဦးမယ်''
လမ်းကလေး၊ မျှားကလေးနှင့်အတူ ငါးကလေးနှင့်တန်ခိုး ကိုမောင်ဝင်းတို့မှာ ကျွန်ုပ်တစ်ယောက်၏ မျက်နှာအား အကဲခတ်ကြည့်နေခဲ့သော်လည်း ကျွန်ုပ်မှာမူ သူတို့အား ပြန်လည်၍ကြည့်မနေနိုင် ဘေးပတ်ဝန်းကျင်ကိုသာ မျက်စိဒေါက်ထောက်လိုက်ကြည့်နေမိရင်း အမေးစကားများသာ ပြန်လည်ဖြေပေးနေခဲ့သည်။ ထို့နောက် ကားမှတ်တိုင်မှ ကွမ်းယာဆိုင်လေး တစ်ဆိုင်သို့ ကျွန်ုပ်တစ်ယောက်တည်း ဝင်ရောက်သွားကာ
''အစ်ကို … ဒီနားမှာနေတဲ့ ဦးလန်ဘားဆိုတာကို သိလားမသိဘူး''
''ဟင် … ဦးလန်ဘား ''
''ဟုတ်ကဲ့''
''ဦးလန်ဘားဆိုတာ တရုတ်သူဌေးကြီးကိုပြောတာလား''
''အဲ့ဒါတော့မသိဘူးဗျ … သူဌေးတော့ မဖြစ်နိုင်ဘူး … ကျွန်တော်နဲ့ဆုံတုန်းက ပေပေတေတေဝတ်စားထားတာ တွေ့တယ် … သူ့ပုံစကဗျာ … အရုပ်ပုပု အသားဖြူဖြူ တရုတ်ပုံစံမျိုး နှုတ်ခမ်းမွှေးကားကားနဲ့''
''သေချာတာပေါ့ … ဘယ်ဘက်ပါးမှာ မှဲ့တစ်လုံးတောင်ပါသေးတယ် မဟုတ်လား''
''ဟာ … ဟုတ်တယ် … ပါတယ်ဗျ''
''ဟုတ်တယ်အဲ့ဒါဆို ကျွန်တော်ပြောတဲ့ လူပဲဖြစ်ရမယ် … ဟိုးမှာမြင်နေရတဲ့ နှစ်ထပ်တိုက်တွေ့လား''
''တွေ့တယ်တွေ့တယ် … အဲ့ဒီမှာနေတာလား''
''ဟင့်အင်း … အစတုန်းကတော့ သူတို့မိသားစုတွေ အဲ့ဒီတိုက်မှာနေတာ''
''ဟင် … ဒါဆိုအခုရော''
''အဲ့ဒီတိုက်မျက်နှာချင်းဆိုင်မှာ စတိုးဆိုင်တွေ့လား''
''သြော် … အခုမြင်နေရတဲ့ စတိုးဆိုင်လား''
''အေး … ''
''ကျေးဇူးပဲအစ်ကို … ကျွန်တော်သူ့ကိုလိုက်ရှာနေတာ သွားလိုက်ဦးမယ်''
''ဟင် … ဟေ့လူဟေ့လူ … မဟုတ်သေးဘူးလေ … ကျွန်တော်ပြောတာက အဲ့ဒီစတိုးဆိုင်ဘေးမှာ လမ်းကြားလေးရှိတယ် အဲ့ဒီလမ်းကြားလေးအတိုင်း ဝင်သွား … ပြီးရင် ဓမ္မာရုံအပျက်ကြီးတွေ့လိမ့်မယ် အဲ့ဒီမှာသာ ရှာပေတော့''
''ဟင် … ဓမ္မာရုံ အပျက်ကြီး … ဟုတ် … ဟုတ်ကဲ့ဗျ … ကျေးဇူးပါပဲ''
ထိုလူဆိုသည် လန်ဘားဟူသည် တရုတ်သူဌေးကြီး၏။ လူမှားနေခဲ့ခြင်းလား ကျွန်ုပ်တစ်ယောက် ထပ်ခါမေးမြန်းခဲ့သည်။ သို့ပေမယ့် ကျွန်ုပ်မေးသည်ထက် ခိုင်လုံစွာ ထိုသူကြီး၏ဘယ်ဘက်ပါးပြင်တွင် မှဲ့အနက်တစ်လုံးပါရှိနေသေးကြောင်း ကွမ်းဆိုင်မှလူငယ်လေးဟာ ပြောဆိုခဲ့သည်။ သေချာသွားပြီ၊ နေ့လည်ခင်းမှ ဆုံတွေ့ခဲ့သော ထိုလူကြီး၏ဘယ်ဘက်ပါးပြင်တွင်လည်း ထင်ရှားနေသည့် မှဲ့နက်တစ်လုံးရှိသည်။ ထို့ကြောင့်ကျွန်ုပ်၏အမူယာအား လမ်းဘေးပလပ်ဖောင်းမှ စောင့်ကြည့်နေကြသော မိတ်ဆွေများထံသို့ သွက်လက်သော ချေလှမ်းတို့ဖြင့် ပြန်လည်လှမ်းသွားခဲ့သည်။ ကျွန်ုပ်သိသည်။ မိတ်ဆွေဖြစ်သူများ ကျွန်ုပ်၏ပြုမူနေသော အမူယာများအား နားမလည်နိုင်၊ ကြောင်တောင်တောင်ဖြစ်ကြည့်နေခဲ့သည်။
''ထီးလေး … မင်းဘာတွေလုပ်နေတာလဲ ငါတို့ကိုလည်း နားလည်အောင်ပြောထားဦး''
''ဒီလိုလေကွာ … နေ့လည်က ငါတို့နဲ့ ဆုံခဲ့တဲ့လူကြီးက သာမာန်သူတစ်ယောက်ဖြစ်နိုင်ဘူး''
''အေးလေ … အရူးကြီးလေ''
''အဲ့ဒါပြောတာမဟုတ်ဘူး … မင်းတို့မှတ်မိလိုက်လား ငါတို့ငါးယောက်ပြဿနာတစ်ခု ဖြေရှင်းရလိမ့်မယ် … အဲ့ဒီပြဿနာအထဲမှာ သူလဲပါရလိမ့်မယ် … ပြီးတော့ သူ့ကိုငါတို့လာရှာရလိမ့်ဦးမယ်လို့ြေ့ပာလိုက်တယ်လေ''
''မှတ်မိတယ်လေ … သူလျောက်ပြောနေတာမဟုတ်ဘူးလား''
''ဟာ … ငါသတိရပြီ … ကားမှတ်တိုင်ကနေ ငါတို့အားလုံးလှည့်ထွက်လာတုန်းက အနောက်ကနေ သူအော်ပြောနေတာကို ငါကြားလိုက်တယ် … ပြီးတော့ ကားပြတင်းအပေါက်နေ သူ့ကိုထပ်တွေ့တော့လဲ ပြောနေသေးတယ် … ဘာတဲ့ … သူကမှော်ဆရာ ဖုတ်ကောင်ကြီးကို ဖမ်းမယ့်မှော်ဆရာဆိုလား''
''အေး … အဲ့ဒါပဲ … အခုကိုမောင်ဝင်းအကူညီတောင်းတဲ့ ကိစ္စနဲ့ အဲ့ဒီလူကြီးပြောလိုက်တဲ့ စကားနဲ့က တစ်ထပ်တည်းကျနေတယ် … အဲ့ဒါကြောင့် သူ့ကိုလာရှာတာပဲ''
''ဟေး … ဟုတ်တယ်ကွ … ငါက အရူးကြီးဆိုပြီး သူပြောတဲ့စကားတွေကို ခေါင်းထဲမထည့်ထားမိလိုက်ဘူး''
''အခုရော အဲ့ဒီလူကြီးနေတဲ့ နေရာသိပြီလား''
''သိပြီး … ကွမ်းယာဆိုင်မှာဝင်မေးလိုက်တာ ဟိုဘက်ကားလမ်းကူးပြီးတော့ စတိုးဆိုင်ဘေးက လမ်းကြားလေးအတိုင်း ဝင်သွား … အဲ့ဒီလူကြီးကို တွေ့လိမ့်မယ်တဲ့''
''ဟုတ်ပြီ … ဒါဆို အခုပဲသွားတာပေါ့''
အချိန်ကား ညရှစ်နာရီခွဲခန့်ရှိနေခဲ့ပြီး။ အလောတကြီးထွက်လာခဲ့သည်ကြောင့် ဆောင်းတွင်း၏ညချမ်းအောက်၌ လက်ရှည်အကျီလေးများ ဝတ်လာခဲ့မိလျင် ယခုလို ချမ်းစိမ့်စိမ့် အထိတွေ့အား အပြည့်အဝခံစားရမည်မဟုတ်ချေ။ တီရှပ်လက်တိုအကျီလေးများဖြစ်ကြောင့် ကျွန်ုပ်တို့ငါးယောက်မှာတော့ ဆောင်းည၏အရသာအား အပြည့်ဝခံစားနေခဲ့ရသည်။ ခံစားမှုက အေးစိမ့်စိမ့် ချမ်းစိမ့်စိမ့်အရိမ်အောက်သို့ ရောက်ရှိနေခဲ့လေပြီ။ အင်မတန်ရင်းနှီးလှသည်၊ မိတ်ဆွေကိုမောင်ဝင်းနှင့်။ ထို့ကြောင့် သူ၏အမူယာအား ကျွန်ုပ်တို့ကောင်းစွာရိပ်စားမိသည်။ စိုးရိမ်နေသည်။ အင်မတန်မှ တစ်ခုခုအား သူစိုးရိမ်နေပြီ အတွင်းစိတ်၌ အလျင်စလို အလောတကြီးဖြစ်နေသည်မှာ သေချာလှသည်။ ထို့ကြောင့် စွတ်ကျယ်ကလေးသာ ဝတ်လာခဲ့သော မိတ်ဆွေကိုမောင်ဝင်းတစ်ယောက်မှာတော့ ဆောင်းတွင်းညချမ်းလေး၌ အေးစိမ့်စိမ့်အရသာအား သူတစ်ယောက်ခံစားနေရဟန်မတူချေ။
မောင်းနှင်စေခိုင်းလျင် မြန်ဆန်စေပေမယ့် ယခုကဲ့သို့ တစ်ဖက်ကားလမ်းဆီသို့ စက်သတ်ထားသည့်ဆိုင်ကယ်ကြီးအား တွန်းနေရသည်မှာ လေးလံလှသည်။ ဘေး၊ဘယ်၊ညာ မောင်းနှင်နေသော ကားကြီးများအား အကဲခတ်လျက် တစ်ဖက်ကားလမ်းဆီသို့ ရောက်ရှိခဲ့ပြီ၊ ကွမ်းယာဆိုင်မှ လူငယ်ကောင်လေး ညွန်ပေးလိုက်သည့် စတိုးဆိုင်ဘေးလမ်းကြားလေးသို့ ဝင်ရောက်တော့မည်ဖြစ်သည်။ ဝင်ရောက်ခဲ့ပြီ လမ်းကြားလေးဆီ၊ မီးတိုင်အားဖြင့် တစ်တိုင်သာလျင် တည်ရှိနေပြီး လူငယ်ကောင်လေးညွှန်ပြပေးသော ဓမ္မာရုံပျက်သာ ကျွန်ုပ်၏အကြည့်များ မဆုံးနိုင်ခဲ့လေပြီ။
''ဟိုမှာလားမသိဘူး''
အရှေ့ဆုံးမှ လမ်းကြားလေးအတွင်းသို့ ဦးဆောင်ဝင်ရောက်လျက်ရှိသော သူငဟ်ချင်းဖြစ်သူမျှားကလေးမှာ အဝါရောင်မီးလုံးကလေး ထွန်းထားသည့် နေရာဆီသို့ လက်ညိုးညွှန်ပြလိုက်လေသည်။ ဆက်လက်လျောက်ရင်း မျှားကလေးတစ်ယောက် ညွန်ပြရာဆီသို့ ကျွန်ုပ်တို့ငါးယောက်၏ အကြည့်များမှာ ထိုနေရာ၌ဆုံးစေသည်။ သေချာသွား၏ ။ ကွမ်းယာသည်ကောင်လေး ညွန်ပြပေးသော ဓမ္မာရုံကြီးပင်ဖြစ်သည်။ ထိုဓမ္မာရုံအပျက်ကြီးနှင့် မျက်စောင်းထိုးနေရာ၌ ဆိုငိကယ်များအား ရပ်တန့်ထားစေပြီး အတွင်းဆီသို့ အကဲခတ်မည်ဖြစ်သည်။
''ကိုမောင်ဝင်း … ကျွန်တော်တို့လာရှာတဲ့ လူကြီးက ဒီဓမ္မာရုံအပျက်ထဲမှာ နေတာလို့ပြောတယ် … ကျွန်တော်တို့ဝင်ကြည့်ရအောင်''
''ဟုတ်ပြီလေ … ကျုပ်တို့အားလုံး သတိဝရီယရှိမှဖြစ်မယ်နော်''
ကျွန်ုပ်ဦးဆောင်ကာ ဆယ်ပေကျော်မျှလျောက်လှမ်းရဦးမည့် ဓမ္မာရုံအတွင်းသို့ ဝင်ရောက်ကြမည်ဖြစ်ပြီး နေ့လည်ခင်းမှ ဦးလန်ဘားအား ဝင်ရောက်ရှာမည်ဖြစ်သည်။ ချေလှမ်းမှန်မှန်လျောက်လှမ်းသွားရင် ဓမ္မာရုံအပေါက်ဝဆီသို့ ရောက်ရှိခဲ့လေပြီ။ ဓမ္မာရုံပျက်အတွင်း၌ မိသားတစ်စုဟု သတ်မှတ်နိုင်သည့် လူတစ်ချို့အား တွေ့လိုက်ရသည်။ ထိုသူများ၏ ပုံစံများမှာ သာမာန်လူကောင်းများနှင့်မတူ စိတ်မနံ့သည့်အရူးများ ဖြစ်လိမ့်ဟန်တူသည်။ အပေါက်ဝမှ ဝင်ပေါက်အတိုင်း ဝင်ရောက်လာသော ကျွန်ုပ်တို့အား အာရုံမထား မိမိတို့၏ ပြုမူမှုတိုင်းသာ ပြုမူနေလေကြသည်။
''မိတ်ဆွေတို့! … ''
မိတ်ဆွေကိုမောင်ဝင်း၏ အသံပေးလိုက်သော အသံပင်ဖြစ်ပြီး။ ကိုမောင်ဝင်း၏ အသံကြောင့် အသက်ရွယ်အားဖြင့် နှစ်ဆယ့်ငါးနှစ်မျှရှိသော လူရည်သန့်လူငယ်လေးတစ်ယောက်မှာ ကိုမောင်ဝင်အား မြင်လျင်မြင်ချင်း
''သြော် … လူနာတွေပါလား … လာထိုင်ကြ … ဘာရောဂါဖြစ်ကြတာလဲ''
''ဟင် … နတ်လာမေးကြတာပဲ … ဟဲ့ … လောင်ရန်း … နင့်လူနာတွေမဟုတ်ဘူး … ငါ့ဧည့်သည်တွေ နတ်လာမေးကြတဲ့ ငါ့ဧည့်သည်တွေ''
''အောင်မာ … နင်တို့ဧည့်သည်တွေ တစ်ယောက်မှမဟုတ်ဘူး … ငါ့လုပ်ငန်းရှယ်ယာဝင်တွေ အစည်းဝေးလုပ်ဖို့ လာကြတာ''
''လာကြလာကြ မိတ်ဆွေတို့ … သူတို့ဧည့်သည်တွေ တစ်ယောက်မှမဟုတ်ဘူး … ဆောက်လုပ်ရေးလုပ်ငန်းအတွက် တိုင်ပင်ဆွေးနွေးစရာရှိလို့ ငါချိန်းထားတဲ့ ငါ့ဧည့်သည်တွေ''
အသက်(၅၀)အရွယ် မိန်းမကြီးဟာ ကျွန်ုပ်တို့အား နတ်လာမေးသည့် ဧည့်သည်များဟု ပြောဆိုစေကာ အသက်အားဖြင့်(၆၀)ကျော်မျှရှိသော လူကြီးတစ်ယောက်မှာ ကျွန်ုပ်တို့အား လုပ်ငန်းရှယ်ယာဝင်များဟု ပြောဆိုပြန်လေသည်။ ထိုတင်မက အသက်အားဖြင့်(၃၀)ကျော် မိန်းကလေးတစ်ယောက်မှာလည်း ကျွန်ုတို့အား သူ၏ဧည့်သည့်လေဟုပြောဆိုလေကာ ခရီးဦးအားကြိုဆိုလေသည်။ ကျွန်ုပ်နှင့်အတူ လမ်းကလေး ၊မျှားကလေးနှင့်ငါးကလေး၊ တန်ခိုးနှင့်ကိုမောင်ဝင်း တို့မှာ မျက်မှောင်များသာ ကြုတ်ထားမိရင်း ကြောတောင်တောင်ဖြင့် ကြည့်နေမိသည်။
စိတ်မနံ့သည့် စိတ်ရောဂါရှင်များဖြစ်နေသော်လည်း သူတို့တွေ၏ ကိုယ်ရည်ကိုယ်သွေးမှာ လူရည်သန့်လျက် ကြည့်ကောင်းစေသော် ဥပတိရုပ်ရည်များအား ပိုင်ဆိုင်ထားစေသည်။ ထို့နောက် မိတ်ဆွေဖြစ်သော ကိုမောင်ဝင်းမှာ ထိုသူများ၏ပုံမှန်မဟုတ်သောအပြုမူအား ရင့်ကျက်လှသည့် ရဲအရာကြီးပီပီ ရိပ်စားမိလျက်
''မိတ်ဆွေတို့ အားလုံးနေကောင်းကြပါတယ်နော်''
''နေမကောင်းလို့ခင်ဗျားတို့က ဆေးခန်းလာပြကြတာ မဟုတ်ဘူးလား''
''ဟင် … ဘယ်လိုမေးလိုက်တာ အစိမ်းတိုက် အတိုက်ခံရလို့ နေမကောင်းဖြစ်ပြီး နတ်လာမေးကြတာမဟုတ်လား''
''ဟား … ဟား … ဟုတ်ပါ့ဗျာ …ကဲ ကိုထီးလေး … ခင်ဗျားလာရှာတဲ့သူ ဒီအထဲမှာပါလား''
''မပါဘူးဗျ … သြော် ဒါနဲ့ … ဦးလန်ဘားကြီးတစ်ယောက်ရော ဘယ်ပျောက်နေတာတုန်းဗျ''
ကျွန်ုပ်၏ပြောဆိုလိုက်သော စကားအဆုံး၌ပင် မာန်ပါလှသော လေသံတစ်စုံအား သံပြိုင်ကြားလိုက်ရလေသည်။
''ဟေ့ … အားလုံးကိုယ့်နေရာကိုယ်နေကြ … ဒါမင်းတို့ရဲ့ ဧည့်သည်တွေ တစ်ယောက်မှမပါဘူး … ငါ့ဆီလာတဲ့ ငါ့ဧည့်သည်တွေပဲ''
မြင်ခဲ့ဘူးသည် ထိုမိန်းမကြီး။ အထုတ်ကြီးအား ခေါင်းပေါ်ရွှဲ့လျက် တစ်ဖက်လမ်းသို့ လမ်းဖြတ်ကူးသော မိန်းမကြီးအား လက်ဆွဲထားပြီး ကျွန်ုပ်တို့အားလုံးရှိနေရာ ဓမ္မာရုံအတွင်းသို့ ဝင်ရောက်လာကာ တည်ကြည်လှသည့် မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။ ထိုသူဟာ ဦးလန်ဘားသာဖြစ်ချေခဲ့ပြီး၊ တကယ်ပါပဲ၊ နေ့လည်ခင်းမှ ရူးကြောင်ကြောင်အယောင် တွေ့ရှိခဲ့သော ထိုလူကြီးမှာ ယခုအခါ ပုံမှန်မဟုတ်သော သူများထဲ၌ ဗိုလ်တစ်ယောက်ဟုပင် သတ်မှတ်နိုင်လောက်အောင် သြဇာညောင်းလှသည်။ အဘယ်ကြောင့်နည်း။ သူ့၏အသံအား ကြားလိုက်သည်နှင့် ကျွန်ုပ်တို့အားဧည့်သည်များဟု ပြောဆိုစေကာခရီးဦးကြိုနေသော ထိုသူများမှာ ငြိမ်ကျသွားပြီး ကိုယ်ဆီကိုယ်ဆီ သူ့နေရာသို့ သူပြန်ကာ မသိသလိုသာပြုမူနေတော့သည်။
''ဟင် … ဦးလေး ''
''ဟားဟား … ဟားဟား … မိတ်ဆွေတို့ပါလား ခင်ဗျားတို့ကို ကျုပ်ပြောပါတယ် … ခင်ဗျားတို့အားလုံး အခုတော့ ကျုပ်ရှိနေတဲ့နေရာကို လိုက်ရှာခဲ့ရပြီမဟုတ်လား''
''ဦးလေးက စိတ်ရောဂါဝေဒနာရှင်တစ်ယောက် မဟုတ်ဘူးလား''
''ဟုတ်တယ် … ဒါပေမယ့် မဟုတ်ဘူး''
''ဗျာ … ဘယ်လို … ဦးလေးဘာကိုဆိုလိုတာလဲ''
''ကဲပါ … လာ … ထိုင်ကြဦး ''
မီးလုံးတစ်လုံးတည်းသာ ထွန်းညှိထားသော်လည်း ထိုသူများအဖို့ တစ်ဆောင်လုံးအား ထိန်ထိန်သာသာအောင် လင်းနေလျက်ရှိသည်။ ဦးလန်ဘား၏ပြောဆိုလိုက်သော ပြောစကားများအား ကျွန်ုပ်တို့အားလုံး နားမလည်နိုင်၊ နားလည်ချင်လိုသော ဆန္ဒအဖြင့် ကျွနိုပ်မေးမြန်းလိုက်သည်။ သူရယ်၏။ မတ်တပ်ရပ်လျက်ရှိနေသော ကျွန်ုပ်တို့အား ထိုသူများ၏ အသန့်ရှင်းဆုံးနေရာဟု ဆိုရလေမလား၊ ထိုနေရာ၌ နေရာပေးကာထိုင်ခိုင်းစေသည်။
''ဒီလိုမိတ်ဆွေတို့ရေ … အခုမြင်နေရတာက ကျုပ်အစ်ကိုရဲ့ မိသားစုပဲ … အခုနကျုပ်နဲ့အထဲကို တူတူဝင်လာတာက ကျုပ်မရီး … သူတို့တစ်မိသားစုလုံး မကြာသေးခင်အချိန်ကမှ ရူးသွားခဲ့ကြတာ''
''ဟင် … တစ်မိသားစုလုံး ရူးသွားကြတာလားဦးလေး''
''အေးဗျ … ကျုပ်တို့အမျိုးနွယ်တွေက တရုတ်လူမျိုးစစ်စစ်တွေပဲ … ကျုပ်အစ်ကိုကြီး … ဟိုးမှာထိုင်နေသူ သူကမြန်မာပြည်မှာ အောင်မြင်ဆုံးတရုတ်လူမျိုး လုပ်ငန်းရှင်တစ်ယောက်၊ ဟိုဘက်ထောင့်က ကျုပ်တူအကြီးကောင် သူက ဆရာဝန်တစ်ယောက် ၊ ဟိုဘက်မှာထိုင်နေတဲ့ အစ်မကြီးက ကျုပ်အစ်ကိုမိန်းမရဲ့အစ်မတော်တယ် သူက တရုတ်နတ်ဆရာမ ၊ ဟိုဘက်တစ်ယောက်က ဆောက်လုပ်ရေးလုပ်ငန်းရှင် … သူတို့အားလုံးက ခေတ်ပညာတတ် စီးပွားရေးသမားတွေချည်းပဲ … အောင်မြင်နေတဲ့ စီးပွားရေးသမားချင်ချင်း အတိုက်ခံလေးတွေတော့ ရှိကြတာပေါ့ဗျာ … အပင်ကောက်တာမြင်ရပေမယ့် လူ့စိတ်ကောက်တာကိုတော့ မမြင်နိုင်ဘူးလေ … ကျုပ်အစ်ကိုကြီးက တရုတ်မှော်ပညာကို တစ်ဖက်ကမ်းခတ်တတ်တယ် … လုပ်ငန်းရှင်အချင်းချင်း ပညာပြိုင်ကြရင်းနဲ့ ကျုပ်အစ်ကိုကြီး ဗမာလူမျိုးတွေရဲ့ အောက်လမ်းပညာ ခုနှစ်စဉ်တိုက်မိသွားခဲ့တယ် အဲ့ဒါကြောင့် မဆိုင်တဲ့ သူ့ရဲ့မိသားစုပါ အခုလိုတွေဖြစ်သွားရတာပဲ''
''ဟင် … ဦးလေးပြောတဲ့ ခုနှစ်စဉ်တိုက်ဆိုတာ ဘုရင်ပညာ အဲ့ဒီခုနှစ်စဉ်တိုက်အောက်လမ်းပညာ ထိသွားခဲ့ရင် ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက် ရူးရင်ရူး မရူးရင်သေတဲ့ အောက်လမ်းပညာကိုပြောတာလား''
''သိပ်မှန်တာပေါ့ကွာ … သိပ်မှန်တာပေါ့ … သူ့ရဲ့တစ်ဖက်ကမ်းခတ်တတ်တဲ့ တရုတ်မှော်ပညာနဲ့ ငါ့အစ်ကိုကြီးတစ်ယောက် မကာကွယ်နိုင်ခဲ့ဘူး … သူရှုံးခဲ့ရတယ် ဒါကြောင့် ဘဝတွေပျက်ပြီး အခုလိုတိုက်ကြီးတာကြီးအပေါ်ကနေ ဓမ္မာရုံပျက်ထဲရောက်သွားခဲ့ရတယ်''
''ကြားရတာ စိတ်မကောင်းစရာပဲဗျာ ''
''ထားလိုက်ပါတော့ … သြော် … ငါကရူးချင်ယောင်ဆောင်ထားရတယ် …သူတို့မိသားစုတွေ အဲ့ဒီလိုဖြစ်နေတဲ့ အချိန်တုန်းက ငါတရုတ်ပြည်ကို အလည်ရောက်နေခဲ့တယ် ငါပြန်လာတော့ အခုလိုအဖြစ်တွေနဲ့ကြုံခဲ့ရတာပဲ အခုကြောင်းတွေကိုလဲ ငါ့အစ်ကိုကြီးဒဏာရီစာအုပ်ထဲကနေ သိခဲ့ရတာ သူပညာရှုံးလို့ ရူးတော့မယ်ဆိုတာ သူကိုယ်တိုင်သိနေတယ်နဲ့တူတယ် … ငါပြန်လာရင်သိအောင်လို့ သူရေးထားပေးခဲ့တယ်လေ''
''ရူးချင်ယောင်ဆောင်ထားရတဲ့ ရည်ရွယ်ချက်ကလဲ မိုးခါးရည်သောက်ထားရတာပေါ့ … လောကမှာ မျိုးတူမှပေါင်းစည်းလို့ရတယ်လေ … အဲ့ဒီတော အရူးတွေကို လူကောင်းဖြစ်တဲ့ငါက အုပ်ချူပ်လို့မရနိုင်ဘူး ငါလည်းပဲ သူတို့လို့အရူးပုံစံဟန်ဆောင်ပြီးနေမှ အုပ်ချုပ်လို့ရတော့မယ်ဆိုတာ သိလိုက်ရတယ် အဲ့ဒါကြောင့် ငါလဲရူးချင်ယောင်ဆောင်ပြီး သူတို့အားလုံးကို ထိန်းနေခဲ့တာ''
''ဒါနဲ့ဦးလေးက ဘာဖြစ်လို့ ဦးလေးကို ကျုပ်တို့လာရှာမယ်ဆိုတာ ကြိုတင်နေရတာလဲ''
''ဟားဟား … ဟားဟား … မင်းတို့ကို အဲ့ဒီကားမှတ်တိုင်မှာ ငါစောင့်နေခဲ့တာ ဒီနေ့နဲ့ဆို သုံးရက်တိတိရှိပြီ … သုံးရက်မြောက်တဲ့ ဒီနေ့မှ မင်းတို့နဲ့ဆုံခဲ့ရတာ … ငါလဲတရုတ်မှော်ပညာတတ်တယ် ငါ့အစ်ကိုကြီးလောက် မတတ်ပေမယ့် ငါ့အဖေဆီက ပညာနည်းနည်းတော့ အမွေရထားလိုက်တာပေါ့ … နေ့တိုင်းပညာတွေကျင့်တယ် အချိန်ရတိုင်း မှော်ပညာတွေကျင့်နေခဲ့တယ် ငါ့အစ်ကိုမိသားစုအတွက် ငါကိုယ်တိုင်လက်စားပြန်ချေချင်တယ် … အဲ့ဒီလိုကျင့်နေတဲ့အချိန်တွေတိုင်း မင်းတို့ငါးယောက်ရဲ့ မျက်နှာတွေ ငါမြင်ယောင်နေတယ် ပြီးတော့ ဖုတ်ကောင် … ငါ့မိတ်ဆွေ တရုတ်သူဌေးကြီးဆီက သိခဲ့ရသေးတယ် သုတေသနပညာရှငိတစ်ယောက်က မြန်မာပြည်ကိုဖုတ်ကောင်ကြီးသယ်သွားတယ်လို့ … နေ့တိုင်းငါ့အိပ်မက်ထဲကို အဲ့ဒီမကောင်းဆိုးဝါးကြီး ရောက်ရောက်လာတယ် ပြီးတော့ မင်းတို့ငါးယောက် … အဲ့ဒါတွေအားလုံးဆက်ဆက်နေမယ်ဆိုတာ ငါသိလိုက်ရပြီလေ … ဒါကြောင့်မင်းတို့ငါးယောက်ကို ငါ့ဥာဏ်စွမ်းနဲ့ခန့်မှန်းကြည့်ပြီး ကားမှတ်တိုင်မှာ သွားစောင့်နေခဲ့တာ … ငါ့ကိုမင်းတို့လာရှာလိမ့်မယ်ဆိုတာ သိထားပေမယ့် ဒီလောက်ထိမြန်လိမ့်မယ်လို့ ထင်မထားဘူး''
''ဟုတ်တယ်ဦးလေး … ကျုပ်တို့အားလုံး အခုရောက်လာတာကလဲ အဲ့ဒီကိစ္စအတွက်ပဲ''
''ဒါဆို နှစ်(၃၀၀)ဖုတ်ကောင်ကြီးဆိုတာ တကယ်သက်ဝင်နေပြီပေါ့ ဟုတ်လား''
''ပိုသေချာသွားအောင် … ကိုမောင်ဝင်း ခင်ဗျားကိုယ်တိုင် ဦးလန်ဘားကို ပြောပြပေးပါ''
လေသံအားဖြင့် ဝဲလျက် တရုတ်လူမျိုး ပီသပါပေ၏။ တစ်ချို့တစ်ချို့သော် စကားတို့၌ မြန်မာအသံအား ကောင်းစွာမထွက်နိုင် ၊ ဂရုစိုက်စွာ ကျွန်ပ်တို့အားလုံး ကောင်းစွာနားထောင်ခဲ့ရသေးသည်။ သူဆို၏ တရုတ်မှော်ပညာအား တစ်ဖက်ကမ်းခတ် တတ်လေသည်။ ဟုတ်နိုင်ပါ့မလား သူ၏ဥာဏ်စွမ်းနှင့် ကျွန်ုပ်တို့ငါးယောက်၏ မျက်နှာများအား မြင်ယောင်ခဲ့ဘူးသည်။ သူ့အားလာရောက် ရှာဖွေလိမ့်မည်ဆိုသည်လည်း သူတစ်ယောက် ကောင်းစွာကြိုတင်သိရှိထားသည်။ မယုံနိုင်ချေ သို့သော် မယုံလို့မရချေ။ အဘယ့်ကြောင့်နည်း။ နေ့လည်ခင်းမှအဖြစ်အပျက်နှင့် ယခုသူ့အား ကျွန်ုပ်တို့ကိုယ်တိုင်ပင်လျင် လာရောက်ရှာဖွေခဲ့ရသည်မှာ အမှန်ပင်ဖြစ်နေချေခဲ့သည်။
ဆိုးရွားလှသည့် အောက်လမ်းပညာ ခုနှစ်စဉ်တိုက်အား ကြားသိခဲ့ရပြီး စိတ်မကောင်းစွာနှင့် သူ၏မိသားစုများအကြောင်းလဲ ထပ်မံကြားသိခဲ့ရသေးသည်။ စိတ်ထဲ၌တွေးထား၏။ တစ်ချိန်ချိန်တော့ ခုနှစ်စဉ်တိုက်အောက်လမ်းအကြောင်းအား ဦးလန်ဘားထံ၌ လာရောက်လေ့လာမေးမြန်းဦးမည်။ မိတ်ဆွေကိုမောင်ဝင်းအကူညီတောင်းသော ဖုတ်ကောင်ကြီးအား တိတ်တဆိတ်ဖမ်းစီ်းရေးအတွက် အကျိုးအကြောင်းများအား လန်ဘားဟုခေါ်တွင်သော ထိုလူကြီးသိရှိစေရန် ပြောပြခိုင်းလျက် ကျွန်ုပ်တို့သည်လည်း ဒုတိယအကြိမ်မြောက် ကြံခင်းနယ်၌ သောင်းကြမ်းနေသော ဖုတ်ကောင်အကြောင်းအား ထပ်မံနားစိုက်ထောင်မိသည်။
** ****
ဖုတ်ကောင်အဖြစ်သို့ ကူးပြောင်းသွားသော ခွေးလေးဂျက်ကီ၏ အကိုက်ဒဏ်ရာ အနာရှိန်ကြောင့်အပြင်းဖျားခါ ယောင်ရမ်းလာသည့် ချစ်ဇနီသည်ကေသရီအား ဆန်းတစ်ယောက်မှာ ထွေးပွေ့လျက် ကယ်ဆယ်ရေးအဆောင်အတွင်းမှ ထွက်ရောက်လာခါ မိမိတို့၏ အချစ်ဂေဟာဟုခေါ်တွင်ထားသည့် အိမ်လေးဆီသို့သာ ပြန်လေတော့သည်။ ကေသရီဟာ ပြင်းထန်လှသည့် အဖျားများတတ်လျက် ဆန်းလေးတစ်ယောက်မှာတော့ မည်သို့ပင်ပြုလုပ်ရမည်ကို မသိတော့ချေ။ မြင်ယောင်မိ၏။ အတိတ်မှအကြောင်များ ဆေးတက္ကသိုလ်၌ အလွယ်ကူဆုံးသော အဖျားရောဂါအကြောင်းအား သင်ကြားခဲ့ဘူးသည်။ သို့ပေမယ့် မိမိဟာ ပညာတစ်ပိုင်းတစ်စသာ တတ်ထားခဲ့ပြီး ယခုအခါ မည်သို့မှပင်အသုံးဝင်တော့ချေ။ အိမ်ယာထဲ၌ ဇနီးအားထားစေခဲ့ပြီး တစ်ခိုက်ခိုက်တုန်ခါနေသည့် ဇနီးသည်အား ဆန်းလေးတစ်ယောက် တင်းကြပ်စွာဖတ်ထားရင်း တစ်ဖက်တည်းသော မျက်ရည်များ စီးကျလာလေခဲ့သည်။
''ကေ … သတိထားပါဦး … သတိထားပါဦးကေရယ် အစ်ကိုဘာလုပ်ပေးရမှာလဲ … အစ်ကိုဘာမှမလုပ်တတ်တော့ဘူးကွာ … ကေမင်းကို အစ်ကိုသိပ်ချစ်တယ် … အစ်ကိုဘာလုပ်ပေးရမှာလဲ ကေချစ်လေး သတိထားပါဦး''
ရှိုက်ငင်စွာငိုကြွေးလိုက်လေသည်။ တင်းကြပ်စွာဖတ်ထား၏ ကေသရီအား။ ဆို့နစ်စွာကျလာသည့် မျက်ရည်များအား သုတ်လိုက်ပြီး ချစ်ဇနီးသည်၏ မျက်နှာလေးအား စိုက်ကြည့်မိလိုက်သည်။ တစ်ချိန်တည်း၌ပင် စိုက်ကြည့်နေသော ဆန်းလေးတစ်ယောက် ကေ့သရီအားမြင်တွေ့လိုက်ရသည်။ မြင်တွေ့လိုက်ရသည်က အဖျားများပြင်းထန်စွာ တတ်နေသည့် ကေသရီ၏မျက်လုံအိမ်များမှာ ရဲရဲတောက်လျက် နှစ်ဖတ်စလုံး စုံပြိုင်ပွင့်လစ်လာခဲ့လေပြီ။
''ကေ … ကေ … ကေရယ်''
ရူးမတတ်ပါပဲလား။ အခက်များကြားမှ သိပ်ချစ်ခဲ့ရသည့် ချစ်သူကေအား ရယူပိုင်ဆိုင်ထားခဲ့သည်။ ဤသို့ပင် အဖြစ်ဆိုးကြီးနှင့် ကြုံဆုံခဲ့ရသည်မှာ မတန်လှပေ။ ပွင့်လစ်လာသည့်မျက်လုံးများ သို့သော် မည်သည့်အရာကိုမှ ကေသရီဟာ မမြင်ရပါ။ မျက်တောင်မခတ်၊ မျက်လုံးအိမ်သည်လည်း မကစား၊ လင်ယောကျာ်း၏ခေါ်သံသည်လည်း သူမ ကြားဟန်မတူ။
ရုတ်တရက်ပွင့်လစ်လာသည့် ဇနီးသည်၏မျက်လုံးများအား ဆန်းလေးတစ်ယောက် လက်ကလေးဖြင့်အုပ်မိုးကာ ပိတ်လျက်ပေးလိုက်သည်။ အသက်ရှိသေး၏ သို့သော် အသိအားဖြင့် လွတ်မြောက်နေခဲ့ပြီး ဆန်းလေး၏ခေါ်သံများကိုပင် သူမ မကြားနိုင်တော့ချေ။ ညဦးပိုင်းသို့ရောက်ရှိကာ ညနက်အချိန်ထိ လသာကျေးရွာလေး၏ အခြေအနေများမှာ ကောင်းမွန်စွာရပ်တည်လာနိုင်ခဲ့သည်။ ဖုတ်ကောင်ကြီး၏ ရန်စွယ်အား ကြိုတင်ကာကွယ်ရေးများစွာ ပြုလုပ်ထားခဲ့ပြီး ကင်းစောင့်အထူးတပ်ဖွဲ့သည်လည်း အရှေ့တန်းမှအသက်ပေးကာ ကာကွယ်သွားမည်ဖြစ်သည်။ ထင်နေကြ၏ ရွာလူကြီးအပါအဝင် ရွာသားများ၊ မုန်တိုင်းမတိုက်ခင် ငြိမ်နေသည့်လေများလား တိတ်ဆိတ်နေသည်ခဲ့သည်။
ညဥ့်နက်လာသည့် ဆောင်းညလေး၏ ပိုမိုအေးစက်လာသော အအေးဓာတ်များအား လသာကျေးရွာတစ်ရွာလုံး၌ စောင့်ကြပ်နေကြသော လူများ၌ခံစားနေရဟန်မတူ။ ရင်ထဲမှအပူ မည်သူလာ၍ ငြိမ်းနိုင်ပါ့မည်နည်း။ စိုးရိမ်စွာစောင့်ကြပ်နေရင်း နံနက်အာရုံတတ်ချိန်သို့ နီးကပ်စွာရောက်ရှိလာခဲ့လေပြီ။ စိုးရိမ်မှုအပေါင်း ထောင်သောင်းမက ရွာတောင်ပိုင်းဝင်ပေါက်အပါအဝင် ကျန်ဝင်ပေါက်များ၌ ပိုက်ကွန်ကြီးများ ကာယံထားကာ အလွယ်တကူဖုတ်ကောင်ကြီး မဝင်ရောက်နိုင်ရန် တားစီးထားသော်လည်း မည်သို့မှပင် စိတ်မအေးနိုင်ခဲ့ချေ။
အလင်းရောင်ပေးနိုင်သည့် နေမင်းကြီး အမြန်ဆုံးသာလျင် ထွက်ပေါ်လာပေးပါ။ ဖြစ်နိုင်လျင် လမင်းကြီးထွက်ပေါ်လာသည့် ဆောင်းညများမရောက်ပါစေနဲ့တော့ ထိုသို့ဆုတောင်းနေမိသော်လည်း သဘာဝတရားအား လွန်ဆန်၍မရ။ နေမင်းတစ်ခါ လမင်းတစ်လှည့် ထွက်ပေါ်လာဦးမည်မှာ နှောင်နှစ်တိုင်းလည်းရှိနေဦးမည်မှာ မလွဲချေ။ လူများအားလုံး စိုးရိမ်ထိတ်လန့်စွာဖြင့် စောင့်မျှော်နေခဲ့သော နံနက်အာရုံတတ်ချိန်သို့ ရောက်ရှိလာလေခဲ့ပြီ။ ရှင်းလင်းနေသည့် ရွာဝင်ပေါက်လမ်းများအား စူးစိုက်ကြည့်နေသော်လည်း ခွေးတစ်ကောင်ကြောင်တစ်မှီးမျှ မတွေ့ခဲ့ရသေးချေ။
အံ့ကိုကြိတ်လျက် တည်ကြည်လှသော မျက်နှာထားများနှင့် အရှေ့စူးစူးသို့ ကင်းစောင့်အထူးတပ်များ စောင့်ကြည့်နေခဲ့ရင်း မိုးစင်စင်လင်းသွားခဲ့ချေပြီ။ တစ်ရွာလုံးရှိလူများ 'ဟူး'ဟု အသံထွက်ပေါ်လောက်အောင် သက်ပြင်းတစ်ချက်အား အပြင်းထန်ဆုံးချသွားနိုင်ခဲ့ချေပြီး။ ယနေ့ညအဖို့ သွေးစုတ်ဖုတ်ကောင်ကြီးမှာ လသာရွာဆီသို့ မလာရောက်နိုင်တော့မည်မှာ သေချာသွားခဲ့ပြီး တစ်ရွာလုံး၏ရွာသားများနှင့် ကင်းစောင့်တပ်များ၏ မျက်နှာပြင်၌ အပြုံးပန်းလေးများ ဝေဆာသွားနိုင်ခဲ့ချေပြီး။
***
ညဦးအပိုင်းမှအစ ညနက်အချိန်ထိ မိတ်ဆွေကိုမောင်ဝင်းတစ်ယောက် ပြောဆိုနေသော လေသံများဟာ တည်ငြိမ်လှသော်လည်း ယခုအာရုံတတ်ချိန်နီးကပ်လာသည်နှင့် သူ၏အသံများ ယိုင်တိုင်လာကာ လသာကျေးရွာလေးအတွက် စိုးရိမ်နေဟန်တူသည်။ ဖုတ်ကောင်ကြီး၏အကြောင်များအား မိတ်ဆွေကိုမောင်ဝင်းတစ်ယောက် သိထားသမျှ မချွန်းမချန် ဦးလန်ဘားကြီးအား ပြောဆိုပြခဲ့လေပြီ ဖုတ်ကောင်၏အကြောင်းအား ဦးလန်ဘားတစ်ယောက်လည်း ကောင်းစွာသိရှိသွားခဲ့ချေတော့သည်။
''အဲ့ဒါပဲ ဦးလန်ဘား … ဒီမနက် လသာရွာမှာ ဘာသတင်းတွေကြားရဦးမလဲ မသိတော့ပါဘူးဗျာ … ရွာသားတွေနဲ့ ကင်းစောင့်တပ်တွေတွက် ကျုပ်သိပ်ကိုစိုးရိမ်မိတယ်''
''အင်း … အဲ့ဒီဖုတ်ကောင်င်္ကြီးကို ကျုပ်ကိုတိုင် နိုမ်နင်းမှဖြစ်တော့မယ်''
''ဦး … ဦးလေးလန်ဘား တကယ်ပြောတာနော်''
''ငါပြောပြီးသာပဲ လောကမှာ မျိုးတူတွေပဲပေါင်းစပ်လို့ရတာ သဘာဝတရားကြီးကို လွန်ဆန်လို့မရဘူး မြန်မာဘုန်းကြီးလဲ အဲ့ဒီမကောင်းဆိုးဝါးက်ု မနိင်နင်းနိုင်ဘူး … ဘာသာခြား အယူအဆတွေကြားထဲမှာ ကောင်းဆိုးဝါးဆိုတဲ့ သတ္တဝါကြီးတွေက အခွင့်ရေးအပြည့်ယူထားကြတယ် … ဒီတော့ ဖုတ်ကောင်နဲ့ မျိုးတူတဲ့ ငါကိုယ်တိုင်ပဲ ရှင်းပစ်မယ်''
''ဝမ်းသာလိုက်တာ မှော်ဆရာကြီးရာ ဝမ်းသာလိုက်တာဗျာ … ဒီအကြောင်းကို ရွာသူရွာသားတွေ သိသွားကြရင် ဘယ်လောက်တောင် ဝမ်းသာနေလိုက်မလဲနော်''
''ရဲအရာရှိကြီးပြောပုံအရ … ဖုတ်ကောင်ရဲ့လက်ချက်နဲ့ မသေပဲဒဏ်ရာရသွားတဲ့သူတွေ ရှိသေးတယ်နော် ဟုတ်လား''
''ဟုတ်တယ်ဦးလန်ဘား ရှိတယ် … လောလောဆယ်သူတို့အားလုံးကို ကျုပ်တို့တွေ ဆေးရုံပို့ပေးထားကြတယ်''
''မရဘူး … ဘယ်ဆေးနည်းနဲ့မှ ကုလို့မရဘူး … မှော်နဲ့ပြန်ကုမှပဲ ၃၀ရာခိုင်နှုန်းပြန်ကောင်းလာနိုင်မှာ''
''ဟင် … ဒါဆို သူတို့လဲအချိန်တိုအတွင်းမှာ ဖုတ်ကောင်အဖြစ်ပြောင်းသွားနိုင်တယ်ပေါ့ ဟုတ်လား''
''သိပ်ဟုတ်တာပေါ့ ''
''ဟာ …မဖြစ်ဘူးဆရာကြီး … ဒါဆိုအခုပဲ ကျုပ်တို့နဲ့ ကြံခင်းနယ်ကို လိုက်ခဲ့ပေးပါဗျာ … ရွာသားလေးငါးယောက်ဒဏ်ရာရထားကြတယ် … သူတို့တွေဖုတ်ကောင်ဖြစ်လာခဲ့ရင် ဘယ်သူမှသိကြမှာမဟုတ်ဘူး သာမာန်ထင်ပြီး ပေါ့ပေါ့ဆဆလုပ်လိုက်ရင် အားလုံးအတွက်တော့ ဒုက္ခဖြစ်ကုန်ရတော့မယ်''
''ကောင်းပါပြီဗျာ … ကောင်းပါပြီ … မိုးစင်စင်လင်းတာနဲ့ ချက်ချင်းခရီးစထွက်ကြတာပေါ့ … အခုတော့ ကျုပ်မိသားစုအတွက် နည်းနည်းလေး စီစဉ်စရာရှိတာလေးတွေ စီစဉ်ပေးခဲ့ချင်တယ် … ပြီးတော့ လိုအပ်တာလေးတွေလဲ ကျုပ်ပြင်ဆင်ရဦးမယ်''
''ဟုတ် … ဟုတ်ကဲ့ဆရာကြီး … ''
ဝမ်းသာနေခဲ့သည်လား၊ မိတ်ဆွေကိုမောင်ဝင်းတစ်ယောက် ပြောဆိုလိုက်သည့်လေသံများဟာ လှိုက်လှဲမှုအပြည့် တည်ငြိမ်စွာပြောဆိုနေသည်က တရုတ်လူမျိုးမှော်ဆရာကြီးဦးလန်ဘား နှစ်ဦးနှစ်ဖက် ပြေလည်သွားခဲ့ပြီး မိုးစင်စင်လင်းသည်နှင့် ကြံခင်းနယ်သို့ခရီးသို့ထွက်ရန် မှော်ဆရာကြီးမှာ လိုအပ်သည်များ စီစဉ်လေတော့သည်။ မိတ်ဆွေကြီးမှာ ကျွန်ုပ်တို့အား ကြံခင်းနယ်သို့ လာပါလာစေရန် အနူးအညွှန့်တောင်းဆိုနေခဲ့ပြန်ပြီး။ ကျွန်ုပ်သည်လည်း ခေါင်းငြိမ့်မိလိုက်၏။ ထိုအခါ လမ်းကလေးနှင့် မျှားကလေး ငါးကလေးနှင့်တန်ခိုးတို့ဟာ ကျွန်ုပ်၏မျက်နှာအား ပြိုင်တူစွာကြည့်လိုက်ကြသည်။ ကျွန်ုပ်သိသည်။ ကျွန်ုပ်တို့သည်လည်း ယနေ့စောနယ်သို့ ခရီးထွက်ရန် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ထိုကြောင့် ခေါင်းငြိမ့်လိုက်သော ကျွန်ုပ်အား သူငယ်ချင်းဖြစ်သူများမှာ အဓိပ္ပာယ်ရှိလှသော မျက်လုံးများဖြင့် စကားများစွာပြောဆိုနေခဲ့ခြင်းပင် ဖြစ်သည်။
********
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား ဆက်လက်၍ဖော်ပြပေးသွားပါမည်။
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)









No comments:
Post a Comment