အပိုင်း(၁၄) ဖုတ်ကောင် - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၁၄) ဖုတ်ကောင်

Share This

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                          ဖုတ်ကောင်
                           အပိုင်း (၁၄)
                စာရေးသူ - ထီးကလေး
            (ရင်နှင့်ရင်း၍ရေးသားသည်)
       
                      **



ကြုံးဝါးရယ်မောလိုက်သည်။ တပည့်ဖြစ်သူ ဒီပ၏ ပြောစကားများအား ကြားသိလိုက်ရသည်နှင့် ဦးသိပ္ပမှာဖုတ်ကောင်ကြီးအား ဆုံးရှုံးရမည်ကို လွန်စွာမှပင် တုန့်လှုပ်သွားခဲ့သည်။ ထို့ကြောင့် အချိန်မှီသာလျင် ယနေ့ည၌ အပိုင်စခန်းဆီသို့ ဝင်ရောက်ခါ ဖုတ်ကောင်ကြီးအား ပြန်လည်လုယူမည်ဟု ကြုံးဝါးပြောဆိုနေတော့သည်။
     
''ကျေးဇူးတင်ပါတယ်ဗျာ … ခင်ဗျားတို့ငါးယောက်နဲ့ ဒီကမှော်ဆရာကြီးကို ကျုပ်တို့ရဲတပ်ဖွဲ့နဲ့ နိုင်ငံတော်ကလဲ ဘယ်တော့မှ မမေ့ပါဘူး''
''ရပါတယ်ဗျာ … ရွာသားတွေအတွက် ဖုတ်ကောင်ကြီးကို ဖမ်းလိုက်နိုင်တာပဲ တော်သေးတာပေါ့ … ''
''ဟုတ်ကဲ့ဆရာကြီး … တရုတ်ပြည်ကို ကျုပ်တို့ရဲတပ်ဖွဲ့အကြောင်းကြားထားပြီးပါပြီ မနက်ဖြန် ဖုတ်ကောင်ကြီးကို တရုတ်ရဲအရာရှိတွေ လာသယ်ကြပါလိမ့်မယ်''
''သယ်တာတော့ဟုတ်ပါပြီ … ဖုတ်ကောင်ကြီးကို အပျက်ရှင်းပစ်မှ တော်ခါကြမှာနော် … မဟုတ်ကတော့ တစ်ချိန်ချိန်မှာ ပြန်ထလာဦးမှာပဲ''
''ဟုတ်ကဲ့ဆရာကြီး … ကျုပ်တို့သေချာပြောပြထားပါတယ် … ပြီးတော့ တရုတ်ပြည်သူပြည်သားတွေကလဲ ဒီဖုတ်ကောင်ကြီးအကြောင်းကို သိထားကြပုံရတယ်… ရဲတွေလဲ ကြားဘူးထားတယ်နဲ့ထင်တယ် … ကျုပ်တို့စကားပြောလိုက်ကတည်းက … ဖုတ်ကောင်ကြီးအကြောင်းကို သူတို့ကောင်းကောင်းသိနေခဲ့တယ်''
''သိတာပေါ့ဗျာ … သိပ်သိကြတာပေါ့ ကျုပ်တို့ကလေးဘဝတုန်းကဆို အဘိုးက အဲ့ဒီဖုတ်ကောင်ကြီးကို သူတို့ကိုယ်တိုင်နိုမ်နင်းခဲ့တဲ့အကြောင်း ပုံပြင်တစ်ပုဒ်လို ခဏခဏပြောပြဘူးတယ်ဗျ … လူကြီးတွေရဲ့ တစ်ဆင့်စကားနဲ့ အခုချိန်ထိ တရုတ်ပြည်သူပြည်သားတွေ ဖုတ်ကောင်ကြီးအကြောင်းကို ကြားဘူးနေကြတာပဲ … အချိန်တွေကြာလာတော့ ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုဖြစ်လာတာပေါ့ဗျာ ဒါနဲ့နေပါဦး ဒီဖုတ်ကောင်ကြီး မြန်မာနိုင်ငံကို ဘယ်လိုရောက်လာတာလဲဆိုတာရော … ခင်ဗျားတို့ရဲတပ်ဖွဲ့က သိထားကြပြီလား''

''ဟုတ်ကဲ့ ဆရာကြီး … တရားခံက မြန်မာနိုင်ငံ သုတေသနပညာရှင် ဦးသိပ္ပလို့ ကျုပ်တို့အနေနဲ့ ကောက်ချက်ချထားပါတယ် ပြီးတော့ အခုချိန်ထိလဲ ဦးသိပ္ပတစ်ယောက် နေအိမ်ဆီကိုပြန်မရောက်လာသေးဘူးလို့ ကျုပ်တို့သတင်းရထားတယ်''
''ဟုတ်တယ် … အဲ့ဒီသုတေသနပညာရှင် တရုတ်ပြည်ကနေ သယ်လာခဲ့တာပဲ ကျုပ်မိတ်ဆွေဆီက သိခဲ့ရတယ် … ပြီးတော့ အဲ့ဒီဖုတ်ကောင်ကြီးနောက်ကွယ်မှာ တန်ဖိုးမဖျက်နိုင်တဲ့ တရုတ်ရှေးဟောင်း ရတနာပစ္စည်းတွေရှိနေတယ်လို့ ကျုပ်ကြားဘူးတယ်''

''သြော် … ဖုတ်ကောင်ကြီးရဲ့အကြောင်းက စိတ်ဝင်စားဖို့ကောင်းပေမယ့် အရမ်းအန္တရယ်များတယ် …တရားခံဦးသိပ္ပကို ဖမ်းမိမှပဲအကြောင်းစုံမေးကြည့်ရမယ် ဘာပဲဖြစ်ဖြစ် လသာရွာသူရွာသားတွေရဲ့ အသက်ကို မှော်ဆရာကြီးနဲ့မိတ်ဆွေတွေ ကယ်တင်ပေးနိုင်ခဲ့တာပဲ ကျုပ်တို့ကျေးဇူးတင်လှပါပြီ''
''ရပါတယ်ဗျာ … ကျုပ်မှာပါတဲ့ ပစ္စည်းတွေအားလုံးနဲ့ လုံလုံလောက်လောက် ဖုတ်ကောင်ကြီးကိုဖမ်းပေးနိုင်ခဲ့တာပဲ ကျုပ်လဲကျေနပ်နေခဲ့တာ … ဟင် … ဒါနဲ့ရဲမင်းကြီးရဲ့လက်မှာဝတ်ထားတဲ့ လက်စွပ်က သာမာန်လက်စွပ်တော့ ဟုတ်မယ်မထင်ဘူး''
''ဟားဟား … ဆရာကြီးက ဘယ်လိုမြင်လို့လဲ''
''အင်း … မဟုတ်မှလွဲရော … ပတ္တမြားဖြူလက်စွပ်လား''
''ဟင် … ဟ … ကျုပ်တော့ဆရာကြီးရဲ့ ဗဟုသုတကိုတော့ ဘယ်လိုမှမချီးကျူးပဲ မနေနိုင်တော့ဘူးဗျာ … ဟုတ်တယ်ဗျ … ဒါရှေးဟောင်းပစ္စည်းတစ်ခုပဲ ရဲရဲတောက်ပတ္တမြားအနီတွေနဲ့ မတူဘူး အစွမ်းတွေရှိတယ် ရာထူး၊ အလုပ်အကိုင်၊ အစသဖြင့်ပေါ့ အဆင်ပြေစေနိုင်တယ်''
''ဒါတင်ဘယ်ကဦးမလဲဗျာ … ပရလောကသားတွေကိုတောင် မြင်နိုင်စွမ်းရှိတယ်လို့ ကျုပ်ဆရာပြောတာ ကြားဘူးတယ်ဗျ''

''အင်း … မှော်ဆရာကြီးရဲ့မိတ်ဆွေ ဒီကအစ်ကိုအောင်ပြောသလိုတော့ ကျုပ်တစ်ခါမှမမြင်ဘူးသေးဘူးဗျ … အဲ့ဒီအချက်တော့ ကျုပ်မကြုံဘူးသေးဘူးပေါ့လေ … ဟိုတစ်လောက ယောနယ်ဘက်မှာ မြွေစိမ်းမီးကျောက်ကိုက်လို့ ဒီပတ္တမြားသွေးလိမ်းပေးလိုက်တာ ချက်ချင်းကောင်းသွားတာပဲ … ပြီးတော့ တောကြီးမြွေဟောက်ကိုက်လို့ ကျုပ်မိတ်ဆွေတစ်ယောက် ဆေးရုံတင်ထားရတယ်ကြားတာနဲ့ ကျုပ်လဲတာဝန်တွေခဏထားပြီး အသက်အမှီပြေးရတယ် … ဆေးရုံရောက်တော့ ဆေးရာဝန်တွေအားလုံးကလဲ လက်လွတ်လိုက်ပြီလို့သိလိုက်ရတယ် … ဒါနဲ့ကျုပ်လဲ သေမထူးဖြစ်နေတဲ့ ကျုပ်မိတ်ဆွေကို ဒီပတ္တမြားသွေးပြီး ဒဏ်ရာပေါ်မှာလိမ်းပေးလိုက်တာ မယုံနိုင်စရာပဲဗျာ … ချက်ချင်းကိုကောင်းလာခဲ့တယ်''
''ဟုတ်တယ် အဲ့ဒါပတ္တမြားဖြူရဲ့ အစွမ်းတွေပေါ့ … ဒါကြောင့်ခင်ဗျား အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလိုရာထူးကြီးကြီးမားမား ထမ်းဆောင်နေရတာပေါ့ … ကဲ … စကားလဲပြောလို့ကောင်းတယ် … ကျုပ်တို့အားလုံးလဲ သုံးညရှိပြီ တစ်ယောက်မှမနားရသေးဘူး … တစ်မှေးလောက်ဖြစ်ဖြစ် ကျုပ်တို့နားပါရစေ''
''နားပါဆရာကြီး နားပါ … စခန်းမှာ ဆရာကြီးတို့နားဖို့ ကျုပ်တို့အားလုံးစီစဉ်ပေးထားပါတယ် ဆရာကြီးတို့အေးဆေးနားကြပါ''
''ကျေးဇူးတင်ပါတယ်''
''ဟုတ်ကဲ့ … ညကြရင် အောင်ပွဲအတွက် ကျုပ်တို့စီစဉ်စရာလေးတွေရှိသေးလို့ စီစဉ်လိုက်ပါဦး … ဆရာကြီးတို့လိုတာရှိရင်ပြောပါ''

လှိုက်လှဲစွာထိုသို့ဆို၏။ ရဲမင်းကြီးနှင့်ရဲအရာရှိများဟာ ကျွန်ုပ်တို့အား လွန်စွာမှပင်ကျေးဇူးတင်နေပုံရသည်။ မှော်ဆရာကြီးအား တလေးတစားပြောဆိုဆက်ဆံစေပြီး ကျွန်ုပ်တို့အား ယနေ့ည၌ ကြံခင်းနယ်အပိုင် ရဲစခန်းတွင်သာ အောင်ပွဲတစ်ခုအဖြစ် ပွဲတစ်ပွဲပြုလုပ်ပေးမည်ဟုဆိုသည်။ ထို့နောက် ရဲမင်းကြီး၏ဘယ်ဘက် လက်သန်းကြွယ်၌ ဝတ်ဆင်ထားသော ပတ္တမြားဖြူလက်စွပ်၏ အစွမ်းများအားနှစ်ဦးသားပြောဆိုကြပြီး ကျွန်ုပ်တို့သည်လည်း ထူးဆန်းသည့်ပစ္စည်းတစ်ခု၏အကြောင်းအား မှတ်သားခဲ့ရသေးသည်။

 ကြခင်းနယ်သို့စတင်ရောက်ရှိလာသည့် အချိန်မှစတင်ကာ ကျွန်ုပ်တို့အားလုံးသည်လည်း နေရောညပါ အနားမယူရသေးချေ။ ရဲမင်းကြီးနှင့်မှော်ဆရာကြီးတို့မှာ စကားလက်ဆုံကြနေခဲ့ပြီး မှော်ဆရာကြီးမှာ ကျွန်ုပ်တို့၏မျက်နှာများအား ကြည့်မိဟန်တူသည်။ ပင်ပန်းနေကာ မည်သည့်စကားမှ ဝင်ရောက်ပြောဆိုခြင်းမရှိသော ကျွန်ုပ်တို့အား မှော်ဆရာကြီးမှာ ကောင်းစွာရိပ်စားမိခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံး အနားယူရန် လိုအပ်နေပြီဖြစ်သောကြောင့် မှော်ဆရာကြီးမှာ အလိုက်သိစွာဖြင့် ရဲမင်းကြီးနှင့်ပြောဆိုနေသော စကားများအား ဖြတ်တောက်စေကာ ခေတ္တအနားယူရန်ခွင့်တောင်းချေခဲ့သည်။ ရဲမင်းကြီးသည်လည်း ကျွန်ုပ်တို့အား ကောင်းမွန်စွာ နေရာပေး၍ စခန်းအတွင်း၌သာ အနားယူစေခိုင်းခဲ့သည်။

မှော်ဆရာကြီးနင့်အစ်ကိုအောင် ကျွန်ုပ်နှင့်လမ်းကလေး၊ မျှားကလေးနှင့်ငါးကလေး၊ တန်ခိုးတ်ို့ဟာ လွန်စွာမှပင် ခရီးများပန်းလျက် အားတင်းထားသည့် မျက်လုံးအိမ်များအား ထိန်းချုပ်မရတော့ချေ။ ရဲမင်းကြီးနေရာပေးသည့် နေရာတွင်သာ ခေတ္တမျှလဲလျောင်းဦးမည်။ တရုတ်ပြည်မှ ရဲအရာရှိများမနက်ဖြန်၌ ကြံခင်းနယ်သို့ရောက်ရှိလာကာ ဖုတ်ကောင်ကြီးအား သယ်ဆောင်သွားပြီးသည့် အချိန်မှသာလျင် ကျွန်ုပ်တို့သည်လည်း လသာရွာသူရွာသားများအား နှုတ်ဆတ်လျက် ရန်ကုန်သို့ပြန်ကြတော့မည်ဟု တွေးတောထားခဲ့ချေသည်။

ရဲမင်းကြီးသည်လည်း တစ်ခြားနယ်၌နေထိုင်သူ တစ်ဦးဖြစ်ပြီး ကြံခင်းနယ်၌ယခုကဲ့သို့ ဖုတ်ကောင်ကြီးနှင့်ပတ်သတ်ပြီး ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဖုတ်ကောင်ကြီးအား လက်ရဖမ်းစီးပေနိုင်သည့် မှော်ဆရာကြီးနှင့်သူ၏ မိတ်ဆွေများအား ယနေ့ည၌ နှုတ်ဆတ်ပွဲနှင့်အတူ အောင်ပွဲဟု သဘောထားကာ အပိုင်စခန်းအတွင်း၌ ပျော်ရွှင်ပွဲပြုလုပ်ပေးမည်ဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေများအား အနားယူစေခိုင်းပြီး ရဲမင်းကြီးနှင့်ရဲအုပ်မောင်ဝင်းအပါဝင် ရဲအရာရှိများမှာ ယူနီဖောင်းမဟုတ် အပြင်အဝတ်စားများနှင့် ကြံခင်းနယ်၏အကောင်းဆုံး စားသောက်ဆိုင်ရှိရာသို့ ဦးတည်ထွက်ခွာလာခဲ့ချေသည်။

ဦးသိပ္ပနှင့်သူ၏တပည့်များသည်လည်း ဖုတ်ကောင်ကြီးအား သိမ်းဆည်းထားသည့် ရဲအရာရှိများအား မျက်ခြေအပျက်မခံ အပိုင်စခန်းပတ်ဝန်းကျင်၌ ရွာသူရွာသားများအယောင်ဆောင်ကာ ရှိနေလေခဲ့သည်။ ရဲမင်းကြီးဦးဆောင်သောအဖွဲ့ဟာ ကြံခင်နယ်၏ စားသောက်ဆိုင်တည်ရှိရာသို့ ဦးတည်သွားခဲ့ပြီး ဦးသိပ္ပတို့သည်လည်း အနောက်မှ မျက်ခြေမပျက် လိုက်ပါသွားချေခဲ့သည်။ ထို့နောက် ရဲမင်းကြီးနှင့်အဖွဲ့ဟာ စားသောက်ဆိုင်တည်ရှိရာသို့ ရောက်ရှိလာခဲ့ကြပြီး ဆိုင်အတွင်းသို့ဝင်ရောက်သွားကြသည်အား ဦးသိပ္ပနှင့်သူ၏ တပည့်များမြင်တွေ့နေခဲ့ရသည်။

''ဗျို့ … ဆိုင်ရှင်¡!''
''သြော် … ဧည့်သည်တွေပါလား ထိုင်ကြပါခင်ဗျ ထိုင်ကြပါ''
''ခင်ဗျားက ဆိုင်ရှင်လား !… ''
''ဟုတ်ပါတယ်ခင်ဗျ … ဘာများအလိုရှိကြလို့ပါလဲ''
''သြော် … ဒီည ကြံခန်းနယ်ရဲစခန်းမှာ ပွဲတစ်ပွဲလုပ်ဖို့ရှိတယ် … အဲ့ဒါခင်ဗျားဆိုင်က အကောင်းဆုံးအစားအစာတွေနဲ့ ဘီယာပေါ့လေ အဲ့ဒါတွေအားလုံး… အော်ဒါ ရနိုင်မလားလို့''
''ဟ … သိပ်ရတာပေါ့ဆရာတို့ရာ… လူဘယ်နှစ်ယောက်စာလောက် ယူမှာလဲ … ကြံခင်းနယ်မှာတော့ ကျုပ်ဆိုင်က နာမည်အကြီးဆုံးပဲနော်''
''သိပါတယ်ဗျာ … ဒါကြောင့်လဲ ကျုပ်တို့ရောက်လာကြတာပေါ့ … လူ(၅၀)စာလောက်ယူမယ် ဖြစ်မလား''
''သိပ်ဖြစ်တာပေါ့ဆရာ … ကျုပ်တို့အကောင်းဆုံး ဝန်ဆောင်မှုပေးမှာပါ … ဝိတ်တာ၊ ပန်ကန်ဆေး အစစ လိုလေးသေးမရှိအောင် ကျုပ်တို့လုပ်ပေးမှာပါ''
''ကောင်းပြီး … ဒါဆို အပိုင်စခန်းကို ညနေ(၅)နာရီလောက် အစားအသောက်တွေ အရောက်ပို့ပေးပါ''
''စိတ်ချပါဆရာ … စိတ်ချပါ … ကျုပ်တို့အမြန်ဆုံးနဲ့ အကောင်းဆုံးလုပ်ပေးမှာပါ''
''ကျေးဇူးတင်ပါတယ် ဒါဆို ကျုပ်တို့ကိုခွင့်ပြုပါဦး''
''ဟုတ်ကဲ့ဆရာတို့ … ''

စားသောက်ဆိုင်ပိုင်ရှင်ကြီးမှာ ရဲမင်းကြီးနှင့်အဖွဲ့အား သာမန် အရပ်သားများဟုထင်မြင်ကာ မှာကြားထားသည့် အစားအစာများအား ပြင်ဆင်ရန် ပြုလုပ်ချေတော့သည်။ လိုအပ်သည်များ မှာကြားစေခဲ့ပြီး ရဲမင်းကြီးနှင့်အဖွဲ့ဟာလည်း ဆိုင်အတွင်းမှပြန်လည်ထွက်ခွာခါ စခန်းဆီသို့ဦးတည်လေတော့သည်။ ရဲမင်းကြီးနှင့်အဖွဲ့ ဆိုင်အတွင်းမှထွက်ခွာသွားသည်နှင့် အပြင်၌စောင့်ကြည့်နေကြသော ဦးသိပ္ပနှင့်သူ၏တပည့်များသည်လည်း ဆိုင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြသည်။

''သြော် … ဆရာတို့ … လာ … ထိုင်ကြပါ''
ဖော်ရွေစွာဧည့်ခံနေသော ဆိုင်ရှင်ကြီးအား ဦးသိပ္ပမှာ စူးစိုက်စွာကြည့်လိုက်ပြီး
''အခုန ခင်ဗျားဆိုင်ထဲကိုဝင်လာတဲ့ သူတွေက ဘယ်သူတွေလဲ ဘာတွေလာပြောသွားတာလဲ''
''သြော် … ဒီညရဲစခန်းမှာ ပွဲတစ်ပွဲလုပ်မယ်ဆိုလား … အဲ့ဒါကျုပ်ဆိုင်ကနေ အစားအသောက်တွေ လာမှာသွားတာ … ဘယ်သူတွေလဲဆိုတာတော့ ကျုပ်လဲမသိဘူး''
''ကောင်းပြီး ခင်ဗျားဆိုင်က အစားအသောက်တွေ လာမှာသွားတာနော် … ရော့ … ဒီမှာပိုက်ဆံ အခုချိန်ကစပြီး ခင်ဗျားဆိုင်ကို ကျုပ်ဝယ်လိုက်ပြီ''
''ဗျာ !… ဟာဗျာ … ခင်ဗျားလာနောက်နေတာလဲ မရောင်းနိုင်ပါဘူး ကျုပ်မှာစီးပ္ပားရေးဆိုလို့ ဒီဆိုင်လေးပဲရှိတာ မရောင်းနိုင်ဘူး … ခင်ဗျားတို့ပြန်ကြတော့''
''ဟေ့လူ … ပိုက်ဆံပေးပြီး ဝယ်နေတာကို မရောင်းရင် ခင်ဗျားအသက်ပေးရလိမ့်မယ်နော် ''
''ဟင် ! … ခင် … ခင်ဗျားတို့ ဒါ … ဒါဘာလုပ်တာလဲ''

ဆိုင်ရှင်လူကြီး၏ပြောစကားများကြောင့် ရဲမင်းကြီးနှင့်အဖွဲ့ ထိုဆိုင်ဆီသို့လာရင်းအကြောင်းအား ဦးသိပ္ပတစ်ယောက်သိရှိသွားကာ ဆိုင်ရှင်လူကြီးဆီမှ ငွေများဖြင့်ထိုဆိုင်အား ဝယ်ယူလေသည်။ ဆိုင်ရှင်လူကြီးမှာ မရောင်းနိုင်ကြောင်း ဘုစပ်စပ်လေသံဖြင့် ပြန်လည်တုန့်ပြန်လိုက်သောကြောင့် ဦးသိပ္ပမှာအသင့်ဆောင်လာသော ခါးကြားမှ သေနတ်ဖြင့် ဆိုင်ရှင်လူကြီးအား ချိန်ဆထားလိုက်သည်။ ထို့နောက် မိုက်ကြေးခွဲနေသော ဦးသိပ္ပနှင့်သူ၏တပည့်များထံသို့ စားပွဲထိုးကောင်လေးတစ်ယောက်မှာ အသားလှီးဓားအား ကိုင်ဆောင်ထားလျက် ဦးသိပ္ပအားခုတ်မည်ဟု ရည်ရွယ်ခဲ့ပြီး အပြေးဝင်ရောက်လာလေသည်။ မိမိထံသို့ဦးတည်ပြေးလာသော ထိုလူငယ်လေးအား ဦးသိပ္ပ ၏ဟန်ဖြစ်သော ဆေးပြင်းလိပ်အား မီးခိုးထွက်အောင် ရှိုက်လျက် သွေးအေးအေးဖြင့် ဆိုင်ရှင်လူကြီးအား ချိန်ဆထားခဲ့သည့် သေနတ်ဖြင့်ပစ်လိုက်လေတော့သည်။ ဦးသိပ္ပ ၏ ပစ်ခတ်လိုက်သော သေနတ်ကျည်ဆံကြောင့် စားပွဲထိုးကောင်လေးမှာ ထိုနေရာ၌ပွဲချင်းပြီး သေဆုံးသွားရလေတော့သည်။

ထို့နောက်ဆိုင်ရှင်လူကြီး၏ ဇနီးသည်လည်းမှာ သေနတ်သံအားကြားလိုက်ရပြီး အခန်းအတွင်းမှ ငါးနှစ်သားကလေးအား လက်ဆွဲကာ အပြေးထွက်ရောက်လာလေသည်။ ထို့နောက်တပည့်ဖြစ်သူ ဒီပမှာတော့ ထိုအမျိုးသမီးနှင့်ကလေးအား ဓားဖြင့်ချိန်ဆထားလျက် ဆိုင်ရှင်လူကြီးအား အကြပ်ကိုင်လေတော့သည်။ မိမိ၏အရှေ့မှောက်၌ စားပွဲထိုးကောင်လေး အသက်ပေးလိုက်ရသည်အား မြင်တွေ့ခဲ့ရသည်ကြောင့် ဇနီးသည်နှင့်ကလေးအား ထိခိုက်မည်ကို ဆိုင်ရှင်လူကြီးစိုးရိမ်သွားမိသည်။ ထို့ကြောင့် ဦးသိပ္ပ ၏ စေခိုင်းချက်များအား ပြုလုပ်ပေးပါမည်ဟု ခေါင်းငြိမ့်လိုက်ရလေတော့သည်။

                                ****
ယနေ့၌ကြံခင်းနယ်အပိုင် လသာရွာရှိ ရွာသူရွာသားများ၏ မျက်နှာပြင်ပေါ်တွင် စိတ်ချမ်းသာမှုများ ဖုံးလွမ်းနေခဲ့ပြီး အပြုံးပန်းလေးများစွာ ဝေဆာနေလျက်ရှိကြသည်။ ဖုတ်ကောင်ကြီးအား ဖမ်းစည်းမိသွားသည့်အတွက် ရွာသားများမှာ လွန်စွာမှစိတ်ချမ်းသာနေခဲ့ကြပြီး မိမိတို့ရွာလေး၌ နောက်နောင်များတွင် အန္တရယ်များမဖြစ်ပေါ်စေရန် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြမည်ဟု ဆုံးဖြတ်ထားခဲ့ချေသည်။ ရွာလူကြီးသည်လည်း မိမိ၏ရွာသူရွာသားများအား လသာရွာဆီသို့ အေးချမ်းစွာဖြင့် ပြန်လည်နေထိုင်နေပြီဖြစ်ကြောင်း အကြောင်းကြားစေခဲ့သည်။ တာဝန်ရှိသူများမှ ပြုလုပ်ပေးသော ရွာခြံစည်းရိုးများအား ရွာရှိရွာသူရွာသားများ ဝိုင်းဝန်းလုပ်ကိုင်ပေးနေခဲ့ကြပြီး ထိုအထဲတွင် လူမှုရေးအရ ဆန်းလေးတစ်ယောက်သည်လည်း စည်းရိုးခတ်သည့် နေရာ၌ရှိနေခဲ့ချေသည်။

''ဟင် … မောင်ဆန်းလေး ငါနေရာပေးထားတဲ့ ကဟ်ဆယ်ရေးအဆောင်ထဲမှာ မင်းတို့လင်မယားနှစ်ယောက် ဘာဖြစ်လို့ပြောင်းသွားကြတာလဲ အခုရော နေရထိုင်ရတာ အဆင်ပြေကြရဲ့လား''
''ပြေပါတယ်လူကြီး … ကယ်ဆယ်ရေးအဆောင်ထဲမှာ ကေက နေသိပ်မကောင်းတော့ တစ်ခြားသူတွေကို အားနာတာနဲ့ ကျုပ်တို့ကိုယ့်အိမ် ကိုယ်ပြန်သွားကြတာပါ''
''အေးကွာ … မင်းတို့အဆင်ပြေရင်ပဲ ကျေနပ်ပါပြီ … အခုရော မင်းမိန်းနေကောင်းရဲ့လား''
''ဘယ်လိုပြောရမလဲဗျာ … ဒီလိုပါပဲ တစ်ရှောင်ရှောင်နဲ့ဖြစ်နေတာ''
''ဆေးဆရာပြပါလား … ငါတို့ရွာလေးလဲ အေးအေးချမ်းချမ်းဖြစ်သွားပြီပဲ ဟိုဘက်ရွာက ဆေးဆရာကို ညနေကြရင် ငါကိုယ်တိုင်လိုက်ပင့်ပေးမယ်''
''ရပါတယ်လူကြီးရ … ကျေးဇူးတင်ပါတယ် ကေက အိပ်ယာထဲလဲနေတာမျိုးတော့ မဟုတ်ဘူးဗျ … မိန်းမရောဂါဖြစ်နေတာ''
''အေးပါကွာ … မင်းအဆင်အပြေရင် ပြီးတာပါပဲ''
''ပြေပါတယ်ဗျ … သြော်ဒါနဲ့ … ဖုတ်ကောင်ကြီးကို ဖမ်းပေးခဲ့တာ မှော်ဆရာကြီးတစ်ယောက်နဲ့ လူငယ်ငါးယောက်နော်''
''အေးလေ … ငါတို့တစ်ရွာလုံး အသက်ကို သူတို့တွေကယ်ပေးခဲ့တာ''
''ဒါပေါ့ဗျ .… အဲ့ဒီလူငယ်ငါးယောက်ရဲ့ အကြောင်းတော့ ကျုပ်လဲကြားဘူးတယ်ဗျ … ဒါပေမယ့် လူတွေကိုတော့ တစ်ခါမှမမြင်ဘူးသေးဘူး သူတို့တွေရော အခုပြန်သွားကြပြီလား''

''မပြန်ကြသေးဘူးကွ … ရဲအရာရှိတွေက သူတို့ကိုကျေးဇူးတင်လို့ နှုတ်ဆတ်ပွဲဒီည ရဲစခန်းမှာလုပ်ပေးဦးမယ်လို့ ကြားတယ် … ငါနဲ့ရွာသားတစ်ချို့ကိုတောင် ဖိတ်ထားသေးတယ် … ဖုတ်ကောင်ကြီးကို ရှင်းပြီးတော့မှ သူတို့လဲ ရန်ကုန်ကိုပြန်မယ်ပြောတယ် … မပြန်ခင် ငါတို့ရွာကို ဝင်ဦးမယ်တဲ့''
''ကောင်းတယ်ဗျာ … သူတို့နဲ့တွေ့မှ ကျုပ်လည်းအကူညီ တောင်းရဦးမဟ်''
''တောင်းဟေ့ တောင်းတောင်း … ကဲ အခုတော့ အလုပ်တွေလည်းပြီးပြီး ငါလည်းရေးမိုးချိုးပြီး စခန်းကိုပြန်သွားရဦးမယ်''

မိမိနှင့်ဆုံတွေ့ခဲ့ဘူးသည်။ အဝေးပြေးလမ်းမ၌၊ ဓားပြများ၏ လက်အတွင်းမှ မိမိနှင့်မိမိချစ်သူကောင်မလေးအား ကယ်တင်ပေးခဲ့သူ လူနှစ်ဦးဟာ ထိုလူငယ်ငါးယောက်ထဲမှ နှစ်ယောက်ဟူ၍ မသိခဲ့ချေ။ ဇနီးဖြစ်သူ၏ အမူယာပြောင်းလဲနေသော အခြေအနေနှင့်ပတ်သတ်ပြီး ထိုလူငယ်ငါးယောက်နှင့် ဆုံတွေ့ဖြစ်လျင် အကူညီတောင်းမေးမြန်းဦးမည်ဟု ဆန်းလေးတစ်ယောက်ရည်ရွယ်ထားခဲ့ချေသည်။

လေးလံနေသည့် မျက်ခွံများ၊ ခေတ္တမျှလဲလျောင်းဦးမည်ဟု တွေးတောရင်း အိပ်ပျော်သွားခဲ့သည့် ကျွနိုပ်တစ်ယောက် ရုတ်တရက်နိုးလာခဲ့သည်။ စခန်းအတွင်း ကုတင်များ၌ မိတ်ဆွေဖြစ်သူများသည်လည်း အိပ်နေကြသည်မှာ မနိုးကြသေးချေ။ ပတ်ဝန်းကျင်အခြေအနေအား ကျွန်ုပ်အကဲခတ်မိသည်။ မှောင်ရီပျိုးစအချိန်သို့ ရောက်ရှိတော့မည်ဖြစ်သည်။ အချိန်ကား ညနေ(၅:၃၀)ပင်ရှိနေချေခဲ့သည်။ အိပ်နေသည့် မိတ်ဆွေများအား ညနေဆောင်းပြီးဖြစ်သောကြောင့် ကျွန်ုပ်တစ်ယောက် အားလုံးအား လိုက်လံနှိုးခဲ့ရသေးသည်။

ထို့နောက်မိတ်ဆွေများနှင့်အတူကျွန်ုပ် အခန်းအတွင်းမှ ကိုယ်ဆီထွက်ရောက်လာခဲ့ပြီး ။ ရဲမင်းကြီးမှာ ကျွန်ုပ်တို့အား အိပ်ယာမှနိုးလာသည်အား မြင်တွေ့လိုက်ရပြီး
''ဟ … မိတ်ဆွေတို့နိုးလာကြပြီလား … ကျုပ်လဲ ခဏနေရင် အားလုံးကို နိုးဖို့စောင့်နေတာ … ကဲလာ … အရှေ့သွားရအောင်''

အပြုံးမျက်နှာလေးဖြင့် ရဲမင်းကြီးမှာ မှော်ဆရာကြီးနှင့်သူ၏မိတ်ဆွေများအား စခန်းဝန်းအတွင်းသို့ ထွက်ရန် ခေါ်ဆောင်လေတော့သည်။ စခန်းဝန်းအတွင်း၌ ခုံတန်းရှည်များ ခင်းကျင်းထားခဲ့ပြီး စားသောက်ဖွယ်ရာများအား ပြင်ဆင်ထားခဲ့လေသည်။ စားပွဲဝိုင်းအရှည်၌ ရဲအုပ်မောင်ဝင်းနှင့်အတူ ရဲအရာရှိများတစ်ချို့သည်လည်း အရပ်ဝတ်ဖြင့် ဦးစွာထိုင်နေခဲ့ကြပြီး မိတ်ဆွေဖြစ်သူများ ရောက်ရှိလာသည်နှင့် နေရာများပေးကာထိုင်စေခိုင်းခဲ့သည်။

ဦးသိပ္ပနှင့်သူ၏တပည့်များဟာ စားသောက်ဆိုင်ပိုင်ရှင် လူကြီး၏ ဇနီးနှင့်ကလေးအား ဖမ်းချုပ်ထားကာ အကြပ်ကိုင်စေခဲ့ပြီး မိမိတို့ဟာ စားပွဲထိုးဝိတ်တာများအယောင်ဆောင်စေကာ အပိုင်စခန်းအတွင်းသို့ ရောက်ရှိနေခဲ့ကြသည်။ ထို့နောက် စားသောက်ဖွယ်ရာများအတွင်း၌ ဦးသိပ္ပဟာ သုတေသနပြုလုပ်ရာတွင် အသုံးပြုသော ဆေးတစ်ချို့အား ထည့်ထားစေခဲ့သည်။ ထိုဆေးဟာ ဝမ်းဗိုက်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် စက္ကန့်ပိုင်း၌ပင် အာရုံကြောများထုံထိုင်းစေကာ နှစ်ဆယ့်လေးနာရီမျှ အရူးတစ်ယောက်သဖွယ် ဖြစ်နေမည်မှာမလွဲချေ။

''ဆရာ … သူတို့တွေရဲ့အသက်က အခုချိန်မှာ ဆရာ့လက်ထဲမှာရှိနေတာလေ … တစ်ခါတည်း အဆိပ်ခတ်သတ်ပစ်လိုက်ပါလား''
''ဟ … တိတ်စမ်း !… ငါငယ်ငယ်တုန်းက လူမိုက်လုပ်စားခဲ့ဘူးတယ် … ငါ့ကိုရန်မမူပဲနဲ့ ဘယ်သူ့ကိုမှ ငါမရက်စက်ခဲ့ဘူး … ရဲတွေအားလုံးကို အပျက်ရှင်းလို့ရပေမယ့် သူတို့အားလုံးက လူတော်လူကောင်းတွေချည်းပဲကွ … ငါတို့နိုင်ငံမှာ အဲ့ဒီလိုလူတွေရှိနေဖို့လိုတယ် … မင်းဘာမှနားမလည်ပဲ ဝင်ပြောမနေနဲ့ … ငါတို့လိုချင်တာ အဓိက ဖုတ်ကောင်ကြီးကိုပဲ အဲ့ဒီတော့ ကျွန်းအခေါင်းကြီးဘယ်မှာ ထားသလဲဆိုတာကို မင်းရအောင်ရှာထား … ငါအရှေ့ကို ခဏသွားမယ် … ဒီဘီယာခွက်အားလုံးမှာ ငါဆေးခတ်ထားတယ် … နောက်နာရီဝက်ကြာတာနဲ့ သူတို့အားလုံး သွားပြီးပဲ … လုပ်တော့ သူတို့ရိမ်မိသွားလို့မဖြစ်ဘူး … စခန်းအပြင်မှာလဲ ငါ့လူတွေအများကြီးရှိနေတယ် လုပ် … မြန်မြန်ရှာ''
''ဟုတ် … ဟူတ်ကဲ့ဆရာ''

ဦးသိပ္ပဟာ မိမိလိုချင်သည့်အရာကိုသာ အဓိပစ်မှတ်ထားစေခဲ့ပြီး ရဲအရာရှိများအားလုံး မေ့မျောသွာရုံမျှသာ ကြံထားစေခဲ့သည်။ နိုင်ငံတကာ လှည့်လည်နေသည့် ဦးသိပ္ပမှာ သရုပ်ဆောင်ကောင်းသလောက် သူ၏နောက်လိုက် တပည့်ဖြစ်သူများဟာ ဝိတ်တာများအယောင်ဆောင်ထားသည်မှာ မပီပြင်ခဲ့ချေ။ ထို့ကြောင့် လူငယ်ငါးယောက်၏ မိတ်ဆွေဖြစ်သူ အောင်ကိုတစ်ယောက်မှာတော့ သူ၏ဘေးတွင်ရှိနေသော ထီးကလေးအား …

'ကိုထီးလေး … ဝိတ်တာတွေကိုကြည့်ရတာ တစ်ခုခုထူးခြားနေတယ်နော်''
''ဟင် … ဘာဖြစ်လို့တုန်းဗျ''
''သူတို့ကြည့်ရတာ ဝိတ်တာတွေနဲ့မတူဘူး အထက်တန်းစား ကြေးစားလူသတ်သမားတွေကြနေတာပဲ''
''ဟားဟား … ဟားဟား … အစ်ကိုအောင်ကတော့ ပြောတော့မယ် သူတို့အားလုံးက ဝိတ်တာတွေပါပဲဗျ … ကိုမောင်ဝင်းနဲ့ ရဲမင်းကြီးတို့ကိုယ်တိုင် အစားအစာတွေသွားမှာထားတာလို့ ပြောတာပဲစိတ်ချပါဗျ ကျုပ်တို့ရန်ကုန်က ဝိတ်တာတွေနဲ့တော့ ဘယ်တူပါ့မလဲ''
''မဟုတ်သေးဘူးနော် … ''
''ကဲပါဗျာ … ဘာမှတွေးမနေနဲ့ စား … ကျုပ်တို့ဒီည စောစောနားကြမယ်လေ''

''ဘီယာလာပါပြီဗျ ''
''ဆရာတို့ လိုအပ်တာရှိရင်ပြောနော် … ဒီမှာဘီယာခွက်တွေပါ … ဒီဘက်က ဆရာလေးတို့ ဘီယာပါ''
''ဟိုး … ကျုပ်တို့ဘီယာ မသောက်တတ်ဘူးဗျ''
''သောက်ပါဗျာ … အခုလို ပျော်ပွဲရွှင်ပွဲမှာ ဘီယာလေးနဲ့မှ ပိုပြီးပျော်ဖို့ကောင်းမှာပေါ့ဗျ''
''ရပါတယ်ဗျ … ကျုပ်တို့က ဘီယာမပါလဲ ပျော်တတ်ပြီသားပါ''

''ဟုတ်တယ်ဗျ ကျုပ်မိတ်ဆွေတွေက အထက်ဂုဏ်းဆရာတွေ ဘီယာမသောက်ကြဘူး … ကျုပ်တို့ဘက်ကို ပေး … ''

ဆေးခတ်ထားသည့် ဘီယာခွက်များအား ဟန်ဆောင်မှုကောင်းစွာဖြင့် ဦးသိပ္ပမှာ ယူဆောင်လာခဲ့ပြီး ခုံတန်းရှည်မှ လူငယ်ခြောက်ယောက်နှင့် ရဲအရာရှိများအား ပေးလေသည်။ ထီးကလေးနှင့် အောင်ကိုတို့မှာ အထက်ဆေးဂိုဏ်းများ တတ်မြောက်ထားသည်ကြောင့် မသောက်ပါဟု ငြင်းဆိုနေခဲ့ပြီး ကျန်လူငယ်များမှာ သောက်ချင်သော်လည်း ခေါင်းဆောင်ဖြစ်သော ထီးကလေး၏ မျက်ရိပ်မျက်ကဲကြောင့်ပဲ မသေက်ခဲ့ချေ။ ရဲအုပ်မောင်ဝင်းမှာလည်း မိတ်ဆွေဖြစ်သူများ၏ အကြောင်းအား သိရှိထားသည်ကြောင့် ဘီယူခွက်များအား မိမိတို့၏ဘက်သာ ယူဆောင်လိုက်လေသည်။

ဆေးခတ်ထားသည့် ဘီယာများအား မသောက်သည်ကြောင့် ထိုလူငယ်ခြောက်ဦးမှာ လွတ်မြောက်သွားမည်ကို ဦးသိပ္ပစိုးရိမ်မိသည်။ ထို့ကြောင့် တစ်နည်းဖြင့် ဆေးခတ်ဦးမည်ဟု ရည်ရွယ်ခဲ့ပြီး စားပွဲပြင်သည့် အခန်းအတွင်းသို့ ဝင်ရောက်သွားချေခဲ့သည်။ စခန်းဝန်းတစ်ခုလုံး၌ ဦးသိပ္ပ ၏ တပည့်များသာဖြစ်နေခဲ့ပြီး ဆိုင်ရှင်လူကြီးမှာ အရာအားလုံးသိနေခဲ့သော်လည်း ဇနီးနှင့် ကလေး၏ အသက်အန္တရယ်အား ထိခိုက်သွားမည်ဆိုးသောကြောင့် မျက်စိသာမှိတ်လျက်နေရတော့သည်။ ဦးသိပ္ပမှာ ဘီယာမသောက်တတ်သည့် လူငယ်များအတွက် အချိုလေးထဲ၌ ထိုဆေးများ ခတ်စေသည်။
ထို့နောက် …
''ကျော်ထက် … ရော့ … ဒီအချိုရည်ခွက်တွေ ဟိုလူငယ်ခြောက်ယောက်ဆီကို သွားပေးလိုက် ငါသွားပေးရင် ဒီကောင်တွေ ရိမ်မိသွားလိမ့်မယ်''
''ဟုတ်ကဲ့ဆရာ''
တပည့်ဖြစ်သူကျော်ထက်အား ဆေးခတ်ထားသည့် အချိုရည်ခွက်များပေးစေခိုင်းပြီး ကျော်ထက်မှာလဲ အခန်းအတွင်းမှထွက်ခါ သွားပေးမည်အလုပ် ကျွန်းအခေါင်းကြီးထားသည့် နေရာအားသိရှိလာပြီဖြစ်သောကြောင့် ဒီပတစ်ယောက်မှာလည်း ထိုအခန်းအတွင်းသို့ အလောတကြီးဝင်ရောက်လာခဲ့သည်။ ထို့ကြောင့် အခန်းအဝ၌ အချိုရည်ခွက်လင်ဗန်းအား ကိုင်ဆောင်ထားသည့်ကျော်ထက်နှင့် ဒီပနှစ်ဦးသား တိုက်မိကာ အချိုရည်ခွက်များ မှောက်ကျကုန်လေတော့သည်။

''ဟာ … သွားပြီ … ဒီပ … မင်းဘယ်လိုလုပ်လိုက်တာလဲ''
''ဆ … ဆရာ ကျွန်တော်''
''ကဲ့ကွာ … တောက် ! … ကုန်ပြီ ဆေးတွေကုန်ပြီ မင်းကွာ … ဘာဖြစ်လာတာလဲ''
''အား !… ဟို … ဟို ကျွန်တော်ကျွန်းအခေါင်းကြီး ထားတဲ့နေရာတွေ့ခဲ့ပြီ''
''ဟေး … သေချာလား ''
''သေချာတယ်ဆရာ … ''
''သွားပြီး မင်းနဲ့တိုက်မိလို့ ဆေးခတ်ထားတဲ့ အချိုရည်တွေမှောက်ကုန်ပြီ ဆေးလဲမရှိတော့ဘူး''
''ဒါဆိုဘယ်လိုလုပ်မလဲဆရာ … သြော် … ဟိုဆရာ့အိတ်ထဲကို ညနေက ကျွန်တော်အိပ်ဆေးပုလင်းထည့်ထားတယ်''
''အဲ့ဒီအိပ်ဆေးပုလင်းက ဘာလုပ်ရမှာလဲ''
''မထူးဘူးဆရာ,ရာ … ဟိုလူငယ်ငါးယောက်က ဘီယာမသောက်ဘူး မဟုတ်လား … အဲ့ဒီတော့ မရှိရှိတဲ့ အိပ်ဆေးတွေပဲ အကုန်ထည့်လိုက်တော့ပေါ့''
''အေးကွ … မင်းပြောတာ မဆိုးဘူး''

တပည့်ဖြစ်သူ ဒီပအကြံပေးသည့်အတိုင်း ဦးသိပ္ပတစ်ယောက်မှာတော့ အချိုရည်ခွက်များအတွင်းသို့ လျင်မြန်စွာဖြင့် အိပ်ဆေးများကိုသာ အချိုးကျရောစပ်၍ ခတ်စေခဲ့သည်။ ထို့နောက် လူငယ်ခြောက်ယောက်ထံသို့ ပို့ဆောင်ပေးခဲ့ပြီး အဝေးမှနေကာ ချောင်းကြည့်နေခဲ့သည်။ လူငယ်ငါးယောက်သည်လည်း မိမိတို့စိတ်အတွေးများဟာ လွန်နေခဲ့ပြီး သာမာန်ဝိတ်တာလေးများကိုပင် မသမာသူများဟု ထင်မြင်နေမိခဲ့လေသလား။ အတောများလွန်နေခဲ့သည်လား။ ရဲမင်းကြီးကိုယ်တိုင်ပင်လျင် စိတ်ချရသည့် ဆိုင်မှမှာယူထားခဲသည်ဟု သိရှိရသည်။ ဤသို့ပင်ဆိုလျင် မိမိတို့၏အတွေးများသာ လွန်နေခဲ့ခြင်းပင် ဖြစ်သည်ဟုဖြေဖျောက်ကာ အိပ်ဆေးများခတ်ထားသည့် အချို့ရည်ခွက်များကိုပင် သောက်ကြလေတော့သည်။

ခဏအကြာ၌ပင် ဘီယာများအား သောက်ထားကြသည့် ရဲအရာရှိများမှာ မူးမေ့သွားခဲ့ကြပြီး လသာကျေးရွာ ရွာလူကြီးနှင့်ရွာသားတစ်ချို့သည်လည်း ခုံအပေါ်သို့ငိုက်စိုက်ကာ မူးမေ့သွားခဲ့ကြသည်။ လူငယ်ငါးယောက်၏ အမြင်များသည်လည်း မူးဝေနေခဲ့ပြီး အိပ်ချင်လာသည်ဟု ထင်မှတ်နေကာ မူးမေ့သွားကြသည့် ရဲအရာရှိများအား စခန်းအတွင်းသို့ တွယ်လျက်ပို့ဆောင်ပေးနေရင်း မိမိတို့သည်လည်း မူးဝေကာ အိပ်ပျော်သွားကြလေတော့သည်။

''ကဲ … ဘာတတ်နိုင်ကြသေးလဲ … ဟားဟား … ဟားဟား အဲ့ဒါပြောတာပေါ့ကွ … လောကမှာ လူလည်တွေ၊ လူတော်တွေကို လိမ်ရတာကမှ ပိုတောင်လွယ်သေးတယ်ဆိုတာ ဟားဟား … ဟားဟား''
''သိပ်တော်တာပဲဆရာကြီးရာ သိပ်တော်တာပဲဗျာ''
''တော်ရမယ်လေကွ … ဒါကြောင့်လဲ မင်းဆရာလုပ်နေတာပေါ့ … အခုတော့ လူစွမ်းကောင်းငါးယောက်လဲ အတောင်ကျိုးတဲ့ ငှက်ကလေးတွေဖြစ်နေပြီ … ဟားဟား … နိုင်ငံတော်အသိမှတ်ပြု အခွင့်ရေးရဲအုပ်မောင်ဝင်းလဲ အရူးဘဝကို ရောက်ပြီ … ကဲ … စခန်းအပြင်ကောင်တွေ အားလုံးဝင်ခဲ့ကြတော့''

မိမိ၏အကြံများအောင်မြင်သွားခဲ့သည်ကြောင့် ဦးသိပ္ပတစ်ယောက်မှာ ဟားတိုက်ခါအောင်ပွဲခံ ရယ်မောလိုက်လေသည်။ ထို့နောက် စခန်းဝန်းကျင်၌ ပုန်းအောင်းနေကြသော သူ၏တပည့်များအား အသံပေးအော်ခေါ်လိုက်လေပြီး လူအင်များစွာနှင့် ကားကြီးတစ်စီးပါ စခန်းအရှေ့သို့ ရောက်ရှိလာခဲ့ချေသည်။ ထို့နောက် ကျွန်းအခေါင်းကြီးထားရဆီသို့ ဒီပတစ်ယောက်လမ်းပြစေခဲ့ပြီး ကျွန်းအခေါင်းကြီးအား ပြန်လည်ခိုးယူရန် စတင်လုပ်ဆောင်လေကြတော့သည်။

                                  ***

       ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                       ဆက်လက်၍ဖော်ပြပေးသွားပါမည်။
                         စာရေးသူ - ထီးကလေး
                     (ရင်နှင့်ရင်း၍ရေးသားသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages