အပိုင်း(၈)ဖုတ်ကောင် - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၈)ဖုတ်ကောင်

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                          ဖုတ်ကောင်
                           အပိုင်း (၈)
                စာရေးသူ - ထီးကလေး
            (ရင်နှင့်ရင်း၍ရေးသားသည်)
                                **



အရှေ့မှထူးဆန်းစွာကြုံတွေ့ခဲ့ရဘူးသော ပရလောကသားများနှင့် ဆက်စပ်နေသည့် ပျောက်ဆုံးနေသော အမှူ့ကြီးများအား ဖော်ထုတ်ပေးခဲ့သူများဖြစ်သည့် မိမိ၏မိတ်ဆွေများဖြစ်သော ထီးကလေး၊လမ်းကလေး၊မျှားကလေး၊ငါးကလေး၊တန်ခိုး ထိုသူများထံသို့ပင် ဖမ်းကောင်ကြီးအား တိတ်တဆိတ်ဖမ်းစီးရေးအတွက် အကူညီတောင်းရန် ရဲအုပ်မောင်ဝင်းတစ်ယောက်မှာတော့ ချက်ချင်းပင်လျင် ရဲချုပ်ကြီးအားခွင့်တောင်းခါ ရန်ကုန်သို့ အရောက်ပြန်လေတော့သည်။

ကြံခင်းနယ်အပိုင် လသာကျေးရွာလေး၌ ယနေ့နံနက်ခင်းတွင် ဖြစ်ပွားခဲ့သော ဖုတ်ကောင်ကြီး၏ကြောင်းအား ဦးသိပ္ပတစ်ယောက်မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီးနောက် စိတ်ဓာတ်ကျစွာဖြင့် မည်သူ့ကိုမှစကားများလည်းမပြော၊ သူ၏ဦးခေါင်းကိုသာ ဖြည်းညင်းစွာခါလျက်နေတော့သည်။

''ဆရာ … ဘယ်လိုဖြစ်နေတာလဲဟင် နေမကောင်းဘူးလား ကျွန်တော်တို့ဘာလုပ်ပေးရမလဲ''
''ဟူး … သွားပါပြီကွာ သွားပါပြီ ဖုတ်ကောင်ကြီးက တော်တော်လေးကို အင်အားကြီးနေပြီ ပြန်ဖမ်းဖို့အတွက် မလွယ်လောက်တော့ဘူး''
''ဟုတ်တယ်နော်ဆရာ ဘုန်းကြီးကိုတောင် သွေးစုတ်တယ် သူက မြန်မာဘုရားကိုဂရုမစိုက်ဘူးလား''
''ဦးရှောင်ဖိန်းတို့ လူမျိုးတွေက မြန်မာဘုရားကို ကိုးကွယ်ကြပေမယ့် သူတို့ကိုးကွယ်တဲ့ အယူအဆက မဟာရာဏဗုဒ္ဓဘာသာ ငါတို့မြန်မာနိုင်ငံမှာက ထေရဝါဒဗုဒ္ဓဘာသာဆိုတော့ အယူအဆခြင်းကွဲတယ် အဲ့ဒီတော့ မကောင်းဆိုးဝါးတွေကို နိမ်နင်းတဲ့နေရာမှာလဲ ပုံသဏ္ဍန်တော်တော်လေးကွဲသွားတယ် အဲ့ဒီတော့ သူတို့နည်းသူတို့ဟန်ဖြစ်တဲ့ တရုတ်လိုဖြေရှင်းမှပဲ ဖုတ်ကောင်ကြီးကိုအနိုင်ရမှာ မဟုတ်လို့ကတော့ မတွေးရဲစရာ ငါ့ကြောင့် ငါ့ကြောင့်''

''ဆရာ … ကိုယ့်ကိုကိုယ်ချည်းပဲ အပြစ်တင်မနေပါနဲ့ ကျွန်တော်တို့တစ်ခုခုစဉ်းစားကြတာပေါ့ ''
''ဒါတော့ဒါပေါ့ကွ … ဖုတ်ကောင်ရဲ့လက်ချက်နဲ့ ရွာသားတွေဒဏ်ရာရသွားကြတယ် … သူတို့ကို ဆေးရုံပို့လဲ ရမှာမဟုတ်တော့ဘူး အချိန်ပိုင်းအတွင်း ဖုတ်ကောင်အဖြစ်ပြောင်းသွားနိုင်တယ်''
''ဟင်!… ဒါဆိုဘယ်လိုလုပ်ကြမလဲဆရာ … အဲ့ဒီသူတွေ ဖုတ်ကောင်ဖြစ်သွားကြရင် ဆေးရုံက လူတွေအားလုံးအတွက် အရမ်းစိုးရိမ်ရတယ် ဘယ်လိုလုပ်မလဲဆရာ''
''လုပ်ဖို့နည်းလမ်းတစ်ခုပဲရှိတော့တယ် … ဆေးရုံကို မင်းလိုက်သွား … နောက်ပြီ ဖုတ်ကောင်ရဲ့ လက်ချက်ကြောင့် ဒဏ်ရာရထားတဲ့ သူတွေအားလုံးကို ဆေးကုနေမဲ့အစား လုံလုံခြုံခြုံရှိတဲ့ အခန်းထဲပိတ်ထားပေးပါလို့ သွားပြောချည် … ဘယ်လိုဆေးနည်းနဲ့မှလဲ ကုလို့မရတော့ဘူး တရုတ်မှော်ပညာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ မှော်ဆရာပဲကုလို့မှာ … အဲ့ဒီတော့ မှော်ဆရာနဲ့မတွေ့မချင်း သူတို့ကို ချုပ်ထားမှဖြစ်မယ်''
''ဟုတ် … ဟုတ်ကဲ့ဆရာ … ဒါပေမယ့် ကျွန်တော်ပြောတဲ့စကားကို ဆရာဝန်တွေက လက်ခံပါ့မလား ပြီးတော့ ကျွန်တော့ကို စစ်လားဆေးလား လုပ်လာရင် ဘယ်လိုလုပ်မလဲ''
''အဲ့ဒီအတွက်မပူနဲ့ ဖုတ်ကောင်ရဲ့ဒဏ်ရာက ဆရာဝန်တွေမြင်ဘူးနေကြ ဒဏ်ရာမျိုးနဲ့မတူဘူး ဒီတော့ကျန်တဲ့ကိစ္စ သူတို့ဘာသာသူတို့ တွေးကြလိမ့်မယ် သူတို့အားလုံးကို အသိပေးပြီးတာနဲ့ မင်းအမြန်ဆုံးပြန်လာခဲ့''
''ဟုတ် … ဟုတ်ကဲ့ဆရာ … သူတို့ကို ကျွန်တော်နားလည်အောင် သေချာရှင်းပြခဲ့ပါ့မယ်''
''ကောင်းပြီဒါဆို ဆေးရုံကို အမြန်ဆုံးလိုက်သွားတော့ သေချာရှင်းပြ လက်ခံတာမခံတာက သူတို့အပိုင်း ငါတို့က တာဝန်သိသူတစ်ယောက်အနေနဲ့ ပြောဖို့လိုတယ် ဒါမှလဲ ငါတို့ရဲ့လိပ်ပြာတွေ လုံကြမှာမဟုတ်လား''
''သိပ်ဟုတ်တာပေါ့ဆရာရယ် မဟုတ်ရင် ကျွန်တော်တို့ကြောင့်ဆိုပြီး လိပ်ပြာသန့်မှာမဟုတ်ဘူး''
''အဲ့ဒါပြောတာပေါ့ ကဲဟုတ်ပြီး ငါ့တပည့်ကြီးအဆင်ပြေပါစေ မြန်မြန်ပြန်လာခဲ့နော်''
''ဟုတ်ကဲ့ဆရာ ''
''မင်းပြန်ရောက်လာတာနဲ့ မနေ့ညက ရွာတောင်ပိုင်းလျိုထဲကိုပဲ ငါတို့ထပ်သွားကြမယ် ဖုတ်ကောင်ကြီးအခြေအနေကို ထပ်ပြီးစောင့်ကြည့်ကြတာပေါ့''
''စိတ်ချဆရာ … ကျွန်တော်အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်''

ဖုတ်ကောင်ကြီး၏အပြင်းအထန် တိုက်ခိုက်မှု့များကြောင့် ရွာသားတစ်ချို့မှာ ဒဏ်ရာကိုယ်ဆီရရှိသွားခဲ့ကြသည်။ ဒဏ်ရာများဟာ သွေးထွက်လွန်နေသည်ကို ရဲအရာရှိများဟာ မြင်တွေ့ခဲ့ရပြီး လုပ်ထုံးလုပ်နည်းအတိုင်း ဆေးရုံသို့သာ ပို့ဆောင်လေခဲ့သည်။ သို့ပေမယ့် ထိုဒဏ်ရာများဟာ သာမာန်ထိခိုက်ရှနာနှင့်မတူ ဖုတ်ကောင်ကြီးအဆိပ်များဟာ အချိန်ပိုင်းအတွင်း ပြန့်နှံသွားစေကာ ထိုသူများသည်လည်း ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့် သုတေသနပညာရှင်ဦးသိပ္ပမှာ တပည့်ဖြစ်သူဒီပအား အပိုင်နယ်ဆေးရုံဆီသို့ စေလွတ်စေခဲ့ပြီး ဆရာဝန်များထံသို့ အကြောင်းဆုံရှင်းလင်းပြောပြစေခိုင်းခဲ့သည်။

                                    ***
တစ်နေ့သ၌ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းဖြစ်သူများ မနက်ဖြန်စောနယ်ခရီးအတွက်လိုအပ်မည့် ထင်သည့်ပစ္စည်းတစ်ချို့အား မြို့ထဲ၌ဝယ်ယူခဲ့ပြီး မြောက်ဥက္ကလာအိမ်အပြန်လမ်းသို့ ပြန်ရန် ရန်ကုန်မြို့ဆူးလေမှတ်တိုင်၌ လိုင်းကားအား ငါးယောက်သားရပ်လျက်စောင့်နေခဲ့သည်။
''ဖြစ်ရပ်ဆန်း စာအုပ်ကလေးတွေ ပါတယ်နော် … တစ်အုပ်မှ တစ်ထောင်တည်း … အကြွေတစ်ထောင် ငွေတစ်ထောင်နော် ကွမ်းစား၊ဆေးလိပ်သောက် ကျပျောက်သလောက်လေးနဲ့ ဖြစ်ရပ်ဆန်းစာအုပ်လေးတွေကို ဖတ်ရမှာနော်''
''ဝိုး !… ဆရာကီးတို့ကိုကြည့်ရတာ ရင့်ကျက်နေသလိုပဲ ဖြစ်ရပ်ဆန်းစာအုပ်ကလေးတွေ ဖတ်ပါလား''

ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူလမ်းကလေးဟာ ကားမှတ်တိုင်၌ လွတ်နေသောခုံများပေါ်တွင် မထိုင်၊ တန်ခိုးနှင့်အတူ ငါးကလေး မျှားကလေးမှာတော့ မထသ(၄၃) မြောက်ဥက္ကလာသို့ ပြန်မည့်ကားအား အေးဆေးစွာဖြင့် ထိုင်လျက်စောင့်နေခဲ့သည်။ ထိုင်ခုံပေါ်တွင် မထိုင်ပဲ မှတ်တိုင်သို့စိုက်ရောက်လာမည့် ကားကိုသာ စောင့်ကြည့်နေသော ကျွန်ုပ်နှင့်လမ်းကလေးအနားသို့ ပေတေနေသည့် လူကြီးတစ်ယောက် လက်အတွင်းမှ မျက်နှာဖုံးမပါ စုတ်ပြဲနေသည့်စာအုပ်ကလေးများအား ကိုင်ဆောင်ထားပြီး ရောက်ရှိလာလေခဲ့သည်။

ထိုသူ၏ပုံစံမှာ အရပ်ပုပု၊ အသားဖြူဖြူအပေါ်၌ ပေတေနေသည့် အညစ်ကြေးများနှင့်အတူ ဖြူဖက်ဖက်ရှိနေသည့် မျက်နှာပြင်ပေါ်၌ ချွေးများစီးကျနေခဲ့ပြီး ပေစုတ်စုတ်အကျီအနီရောင်လေးအား ဝတ်ဆင်ထားကာ ဒူးအုပ်ဖြစ်သောဂျင်းဘောင်းဘီ အစုတ်ပြဲကလေးနှင့် စိတ်မနံှ့သည့် အရူးတစ်ယောက်ဟု ထင်မြင်ရသည်။ စကားသံဟာ ခပ်ဝဲဝဲ ကျွန်ုပ်တို့အား ခေါ်လိုက်သည့်လေသံဟာ 'ဆရာကီ'လေလား။ လှောင်သယောင်ယောင် ခေါ်ဆိုလိုက်ခြင်းလား။ သို့မှမဟုတ် သူဟာ တရုတ်လူမျိုးတစ်ယောက်လား။

ထိုသူ့အား ကျွန်ုပ်အကဲခတ်ကြည့်မိလိုက်၏။ ထိုသူဟာ ကျွန်ုပ်အား သွားမပေါ်သည့်အပြုံးဖြင့် ပြုံးပြခဲ့သည်။ အပြုံး။ အပြုံးဆိုစေကာမူ ထိုသူ၏အပြုံးမှာ မျက်လုံးအသေဖြစ်နေသောကြောင့် ကြောက်စရာကောင်းလှသည့် အပြုံးမျိုးပင်။ စိတ်မနှံ့သူလား စုတ်ပျက်နေသည့် စာအုပ်ကလေးများ ဆွဲကိုင်ထားကာ ဈေးရောင်းသမားတစ်ယောက်အဖြစ် ကားမှတ်တိုင်တွင် လိုက်လံရောင်းနေခဲ့သည်။ လူများစွာစည်ကားလှသည့် ဆူးလေကားမှတ်တိုင်ပင်ဖြစ်ပြီး လူကောင်းစိတ်ကောင်း သူတစ်ယောက်ဆိုလျင် ထိုသို့ပြုမူခြင်းများ ပြုမူလေ့မည်မဟုတ်ဟု ကျွန်ုပ်ကောင်းစွာ သဘောပေါက်၏။

ခေါင်းအစ၊ ခြေအဆုံး ထိုသူ့အား ထိုသို့ကျွန်ုပ်အကဲခတ်နေသည်ကို ထိုသူသည်လည်း ရိပ်မိဟန်တူသည်။ အချိန်ကြာကြာ ကျွန်ပ်အားပြုံးလျက်ကြည်နေသည်။ ထိုအချိန်တွင်း၌ အသက်အားဖြင့် လေးဆယ်ဝန်းကျင်ရှိ မိန်းမကြီးတစ်ယောက်မှာ အမှိုက်ထုတ်ကြီးကိုပိုက်လျက် တစ်ဦးတည်းစကားပြောဆိုကာ တစ်ဖက်လမ်းသို့ ဖြတ်ကူးမည်ရွယ်နေသည်။ ထိုသူ့အားစိုက်ကြည့်နေသည့် ကျွန်ုပ်၏မျက်လုံးစုံ ထိုသူ့ဆီမှအကြည့်လွဲ၍ လမ်းဖြတ်ကူးမည့် မိန်းမကြီးဆီသို့ အကြည့်များရောက်သွားသည်ကြောင့် ထိုသူသည်လည်း ကျွန်ုပ်၏မျက်လုံးအဆုံး လိုက်လံကြည့်မိလိုက်သည်။

ထို့နောက်ထိုမိန်းမကြီးဆီသို့ ထိုသူမှာ စိုးရိမ်တကြီးအပြေးသွားလိုက်ပြီး တစ်ဖက်လမ်းသို့ ကူညီဖေးမ လမ်းကူးပေးလေသည်။ ထို့နောက် ကျွန်ုပ်တို့ရပ်လျက်နေသည့် တစ်ဖက်ကားဂိတ်သို့ ပြန်လည်ကူးရောက်လာလေပြီး ကျွန်ုပ်အားစိုက်လျက်ကြည့်နေပြန်သည်။
''ဘာတွေဒီလောက်တောင် ငေးနေတာထီးလေး … ကားလာပြီသွားမယ်''

သူငယ်ချင်းဖြစ်သူ လမ်းကလေး၏ ပြောစကားပင်ဖြစ်ပြီး ကျွန်ုပ်၏လက်မောင်းအား ကိုင်လှုပ်ကာ မြောက်ဥက္ကလာဆီသို့ ပြန်မည့်ကားစိုက်ရောက်လာကြောင်း ပြောလေသည်။
''သြော် … အေး''
ကားမှတ်တိုင်ခုံပေါ်၌ ထိုင်လျက်နေသော တန်ခိုးနှင့် မျှားကလေး၊ ငါးကလေးတို့မှာ ဘတ်စ်ကားပေါ်၌ နေရာရရေးအတွက် ရှေ့ဆုံးမှဦးစွာ တတ်ရောက်သွားလေသည်။ ဘတ်စ်ကားပေါ်သို့ ခရီးသည်များ ကိုယ်ဆီတတ်ရောက်နေရင်း ကျွန်ုပ်သည်လည်း ကားအပေါ်သို့ တတ်မည်အလုပ်
''ဟင် … ဦးလေး ဘာလုပ်တာလဲ''

ကျွန်ုပ်နှင့်အချိန်ကြာကြာ အကြည့်ချင်းစုံခဲ့ဘူးသော ထိုလူကြီးပင်ဖြစ်သည်။ ဘတ်စ်ကားအပေါ်သို့ တတ်ရောက်နေသော ခရီးသည်များကြားမှ ကျွန်ပ်သည်လည်း ဘတ်စ်ကားအပေါ်သို့ တတ်မည်အလုပ် ထိုသူကြီးမှာ ကျွန်ုပ်၏လက်အား လူအများကြားမှ ရုတ်တရက်ဆွဲကိုင်လိုက်ချေသည်။ ဆောင်းတွင်းနေ့လည်ခင်း၏ အိုက်စက်စက်ခံစားမှုများကြားမှ အေးစက်စက်ဖြစ်သော ထိုလူကြီး၏ဆွဲကိုင်ထားသည့် လက်အား ကျွန်ုပ်တစ်ယောက်ရမ်ခါလျက် ရုံးနေခဲ့သည်။ သို့ပေမယ့် ဆွဲကိုင်ထားသည့် ထိုလူကြီး၏လက်အား ကျွန်ုပ်တစ်ယောက်ရုံးလျက်နေသော်လည်း လွတ်နိုင်ခြင်းမရှိ ထိုသူကြီးမှာ ကျွန်ုပ်၏ိံမျက်နှာအား ပြုံးလျက်စိုက်ကြည့်နေခဲ့သည်။

''ကဲကဲ … နောင်ကြီးတို့ ရွာကဆွေမျိုးတွေ တွေ့နေကြတာလား ဒါဆိုလည်း အိမ်ရောက်မှ အလွမ်းသည်ကြဗျို့ … အခုတော့ ကားပေါ်တတ်စရာရှိတာ တတ်ကြ''

ရွှတ်နောက်နောက်လေသံနှင့် ကားစပယ်ယာမှာ ကျွန်ုပ်နှင့်ထိုလူကြီး၏ အဖြစ်အပျက်မြင်ကွင်းအား တွေ့ရှိလိုက်ပြီး ကားအပေါ်သို့ ခြေတစ်လှမ်း လှမ်းထားမိသည့် ကျွန်ုပ်အားပြောဆိုလိုက်လေသည်။ သို့ပေမဟ့် ထိုလူကြီးမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားသည့် ကျွန်ုပ်၏လက်အား မလွှတ်သေးချေ။
''ဦးလေး … လွတ်လေ''
''မင်းငါ့ကိုလိုနေတာ''
အစ,မရှိသောစကား ၊ အဆုံးမရှိသော လေသံလေလား။ အစမရှိ အဆုံးမရှိ၊ ထိုလူကြီးမှာ ကျွန်ုပ်အားထိုသို့ပြောလေသည်။ ကျွန်ုပ်အား နှောက်ယှက်နေခဲ့ပြီး ဆွဲကိုင်ထားသည့် လက်အားမလွတ် ပြုံးပြုံးကြီးစိုက်ကြည့်နေသော ထိုလူကြီးဆီသို့ ဘတ်စ်ကားပေါ်တွင် နေရာယူထိုင်နေသော တန်ခိုးတစ်ယောက်မှာ ဘတ်စ်ကားအတတ်အဆင်းဆီသို့ ဦးတည်လာခဲ့ပြီး

''ဟေ့လူ … ဘာလုပ်တာလဲ ကျုပ်သူငယ်ချင်း လက်ကိုလွတ်လိုက်စမ်း''
''ကဲကဲ နောင်ကြီးတို့ ခင်ဗျားတို့နောက်ကားသာ စောင့်စီးကြတော့ ကျွန်တော်တို့ကအချိန်နဲ့ လုပ်စားနေရတာ စိတ်တော့မရှိနဲ့''

အပေါ်တစ်ဝက် အောက်တစ်ဝက် ဘတ်စ်ကားအတတ်အဆင်းသို့ ခြေတစ်လှမ်း လှမ်းထားပြီး မြေပြင်သို့ ခြေတစ်ဖက်ထောက်ထားသည့် ကျွန်ုပ်အား ကားစပယ်ယာမှ ထိုသ်ို့ပြောဆိုလေတော့သည်။ ထို့ကြောင့် ကားအတတ်အဆင်းအား ခြေထောက်ချလိုက်ပြီး ထိုကားနှင့်မလိုက်ပါတော့ရန် ကျွန်ုပ်ဆုံးဖြတ်လိုက်သည်။ ကျွန်ုပ်၏အရိပ်ကဲအား သိရှိထားသည့် သူငယ်ချင်းဖြစ်သူများမှာလည်း ထိုဘတ်စ်ကားမှ ကိုယ်ဆီဆင်းလာခဲ့ချေသည်။
''ဦးလေး … ခင်ဗျား ကျုပ်ကိုနှောက်ယှက်နေတာလား''
''ဟေ့လူ … ခင်ဗျား ဒါဘာလုပ်တာလဲ''
''တန်ခိုး … နေ … ငါမေးလိုက်မယ်''

စိတ်မရှည်တတ်သည့် တန်ခိုးအား ထိုလူကြီးအားရန်မမူရန် ကျွန်ုပ်တစ်ယောက်တားဆီးလိုက်ရသေးသည်။ ထို့နောက် ကားမှတ်တိုင် ခုံများဆီသို့ ကျွန်ုပ်တို့ငါးယောက်အပါအဝင် ထိုလူကြီးအားလည်း ခေါ်ဆောင်လာစေပြီ။
''ကဲပြော ဦးလေး … ဦးလေးဘာဖြစ်ချင်တာလဲ''
''မင်းတို့ပြဿနာတစ်ခု ဖြေရှင်းရလိမ့်မယ် … ငါကတရုတ်လူမျိုး … အဲ့ဒီပြဿနာထဲမှာ ငါပါမှဖြစ်မယ်''
''ဦးလေး … စကားကိုရှင်းအောင် ပြော … ဘာပြဿနာလည်း ဘာတွေလဲ''
''ထီးလေး … ရှည်ရှည်ဝေးဝေးတွေ မေးမနေနဲကွာ … ငါတို့မှာအလုပ်တွေရှိသေးတယ် … ဟိုမှာကားလည်း လာနေပြီ''
''ကဲ …  ကျုပ်တို့ကိုခွင့်ပြုဦး … ဟုတ်ပြီလား''

စိတ်တိုမိသည်မှာ အမှန်ပင်ဖြစ်သည်။ ဘာရယ်ကြောင့်မှန်းမသိ၊ လူမြင်ကွင်း ကားမှတ်တိုင်၌ တရားခံတစ်ယောက်အား ဖမ်းစီးသကဲ့သို့ ကျွန်ုပ်၏လက်အား ဆွဲကိုင်ထားပြီး ထိုသူကြီးဖြစ်ချင်သည့် ဆန္ဒအားထုတ်ဖော်ပြောဆိုရန် အခွင့်ပေးခဲ့သော်လည်း ပြောဆိုလိုက်သည့် ထိုလူကြီး၏ပြောစကားများအား ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများနားမလည်နိုင်ချေ။ ထို့ကြောင့် ခပ်မာမာလေသံဖြင့် ထိုလူကြီးအား နှုတ်ဆတ်ချေပြီ ထပ်မံရောက်ရှိလာသည့် ဘတ်စ်ကားဆီသို့ ကျွန်ုပ်တို့အားလုံး ဦးတည်လေသည်။ ထိုလူကြီးအရှေ့မှ ကျွန်ုပ်တို့အားလုံး ထွက်ခွာသွားသည်နှင့် ကားမှတ်တိုင်တွင် ကျန်ရစ်နေခဲ့သော ထိုလူကြီးမှာ
''ကောင်လေးတွေ …  ငါ့နာမည်က လန်ဘားလို့ခေါ်တယ် … မြောက်ဥက္ကလာ လမ်းဝကုန်းတံတား အဆင်းမှာနေတယ် အဲ့ဒီနားမှာ လန်ဘားလို့မေးလိုက်ရင် မသိတဲ့သူမရှိဘူး … မင်းတို့ငါ့ကို လာရှာရလိမ့်မယ် ငါကမှော်ဆရာ ဖုတ်ကောင်ကြီးကို ဖမ်းမယ့်မှော်ဆရာ …  ငါကမှော်ဆရာ''
''ဟားဟား … ဟား … ငါကမှော်ဆရာ တရုတ်မှော်ဆရာ ဖုတ်ကောင်ကြီးကိုဖမ်းမယ့် မှော်ဆရာ ''

ခြေလှမ်းညီညီ စိုက်ရောက်လာသည့် ဘစ်စ်ကားဆီသို့ ဦးတည်နေသော ကျွန်ုပ်တို့အား ကားမှတ်တိုင်၌ ကျန်ရစ်နေသော ထိုလူကြီးမှာ အရူးတစ်ယောက်သဏ္ဍန်ဖြင့် ထိုသို့အော်ဟစ်ပြောဆိုနေခဲ့သည်။ စိတ်ထဲမှာ မှတ်ထား၏။ ထိုသူဟာ စိတ်မနံ့သူ ယဉ်ယဉ်လေးဖြင့် ရူးနေသူ။ ပြောဆိုကာ ခုန်ပေါက်နေသည်က အပြစ်ကင်းသည့် ကလေးလေးလား။ အာရုံမထား ဘစ်စ်ကာအပေါ်သို့ တတ်ရောက်လျက် မြောက်ဥက္ကလာဆီသို့ ပြန်လေပြီ။

                                ***
ခွေးလေးဂျက်ကီမှာ ဖုတ်ကောင်အဖြစ်သို့ ကူးပြောင်းသွားခဲ့ပြီး သခင်ဖြစ်သူမအေးမြင့်အား ပြန်လည်ရန်မူခဲ့ရုံတင်သာမက ကေသရီအားလည်း သူ၏လက်ချက်ဖြင့် လက်မောင်း၌ဒဏ်ရာအနာတရ ရရှိသွားခဲ့ချေသည်။ လင်ယောကျားဖြစ်သူ ဆန်းလေးတစ်ယောက် လွန်စွာမှပင် စိုးရိမ်သွားမည်ကို စိုးရိမ်၍ဖုံးကွယ်ထားခဲ့ပြီး ယခုညနေဆောင်းအချိန်၌ ဂျက်ကီ၏အကိုက်ဒဏ်ရာမှာ မို့မောက်ယောင်းယမ်းလာခဲ့လေပြီ။ ဆောင်းတွင်းညနေခင်းမို့ ဒဏ်ရာမှာ ပိုမို၍ကိုက်ခဲနေလေသလား၊ ဟန်ဆောင်၍မရအောင်ပင် တဆစ်ဆစ်ဖြင့် နာကျင်လာခဲ့လေပြီ။

ပြောင်းရွှေ့နေထိုင်ခြင်းမရှိသော ရွာသူရွာသားများအား တာဝန်ရှိသူများမှ ကယ်ဆယ်ရေးစခန်းများဖွင့်လစ်ပေးထားခဲ့ပြီး လသာကျေးရွာလေး၌သာ အေးချမ်းစွာနေထိုင် စောင့်ရှောက်ပေးထားစေသည်။ လသာရွာပတ်ဝန်းကျင်တွင် ကင်းစောင့်တပ်များ မြောက်များစွာချထားပေးခဲ့ပြီး ဖုတ်ကောင်ကြီး၏အန္တရယ်များအား လုံခြုံစေရန် အစစအရာရာပြုလုပ်ပေးထားလေသည်။ ဖုတ်ကောင်ကြီးအား ကာကွယ်ခြင်းနှင့်ဖမ်းစီ်းခြင်း နှစ်ခုအနက် တာဝန်ရှိသူများမှာ ကာကွယ်ခြင်းကိုသာ ဦးစားပေးပြုလုပ်ထားပြီး ဖမ်းစီးရေးအတွက် တိတ်တဆိတ်လုပ်ဆောင်နေလေခဲ့သည်။

ညနေဆောင်းလာသည်နှင့် ကေသရီ၏ ဒဏ်ရာမှာ လွန်စွာမှပင် ကိုက်ခဲလာနေခဲ့ပြီး။ ဒဏ်ရာအရှိန်ကြောင့် ကေသရီမှာ အဖျားများတတ်လာကာ တခိုက်ခိုက်တုန်ခါနေလေခဲ့သည်။
''ကေ … ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား''
''ကောင်း … ကောင်းပါတယ်အစ်ကိုရဲ့''
''မဟုတ်သေးပါဘူး … ကေ့ကြည့်ရတာ တစ်ခုခုဖြစ်နေပါတယ် ဘာဖြစ်နေတာလဲ အစ်ကို့ကိုပြောပါ''
''ဘာ … ဘာမှမဖြစ်ပါဘူးအစ်ကိုရဲ့ ကေနေကောင်းပါတယ် နည်းနည်းချမ်းလာလို့''
''ဒါဆို ကေ စောစောအိပ်လိုက်တော့လေ … နော် … ရွာပတ်ဝန်းကျင်မှာ လူတွေအများကြီး စောင့်နေကြတယ်ကေရဲ့ … ဘာမှမကြောက်နဲ့သိလား''
''ဟုတ်ကဲ့ကို … ကို … ကေ့အနားကနေ ဘယ်ကိုမှထွက်မသွားပါနဲ့နော်''
''ကေရယ် … ကေ့အနားကနေ ကိုယ်ဘယ်ကိုမှထွက်မသွားပါဘူး''
''ကို … ကိုယ့်ကိုလေ ကေ အရမ်းချစ်တယ်သိလား''
''ကိုကလည်း ကေ့ထက်ပိုပြီး ချစ်ပါတယ်ဗျာ''

နာကျင်နေပြီ ဒဏ်ရာများ၊ သို့သော် ဟန်ဆောင်ပြုံးနေရသည့် နှုတ်ခမ်းပါးလေးနှင့် လင်ယောကျာ်းဖြစ်သူအား ပြောဆိုလိုက်သည့်လေသံများဟာ အက်ကွဲနေလျက် ဝဲလျက်မျက်ရည်များနှင့် သွားလေးများပင် မပေါ်အောင်ပြုံးပြနေလေခဲ့သည်။ သူမသိနေသည်။ တကယ်ပင်လျင် သူမဟာ ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲလာတော့မည်လား။ ဒီလိုဆိုလျင် လင်ယောကျာ်းဖြစ်သူနှင့် သေကွဲကွဲရတော့မည်မှာ သေချာသည်။ နောင်လာမည့် နေ့၊ရက်၊များ၌ လင်ယောက်ျားအား သိပ်ချစ်သည့်အကြောင်းလေးများ ပြောခွင့်မရနိုင်တော့ပြီ၊ ထို့ကြောင့် ယခုညလေး၌ လင်ယောကျာ်းဖြစ်သူအား သိပ်ချစ်ပါသည်ဆိုသော အကြောင်းအား ထပ်မံ၍ပြောဆိုလိုက်သည်။

ယမန်နေ့ အာရုံတတ်ချိန်၌ ရောက်ရှိလာခဲ့သော ဖုတ်ကောင်ကြီးဟာ ယနေ့အာရုံတတ်ချိန်သို့ ထပ်မံရောက်ရှိလာလျင် မလွယ်လှချေ။ လူသားမဟုတ်၊ သူ၏အသွင်ဟာ မည်သည့်အရာကိုမျှ ဂရုမစိုက် သွေးစုတ်ရေးသာ အလေးထားနေသည့် ဖုတ်ကောင်ကြီးအား တိုက်ခိုက်ရန်မှာ မလွယ်လှချေ။ မည်သို့ပင် ခက်ခဲနေပါစေ ကင်းစောင့်အထူးတပ်မျာဟာ ရွာသူရွာသားများအား မထိခိုက်စေရန် ရှေ့တန်းမှ အသက်ပေးကာကွယ်သွားမည့် ဟန်ပန်များတွေ့နေခဲ့ရသည်။ ညဦးပိုင်းသို့ ရောက်ရှိလာသည်နှင့် တစ်ရွာလုံးမှာ တိတ်ဆိတ်လျက် ငြိမ်သတ်နေခဲ့သည်က ရွက်ခြောက်ကြွေသံလေးများပင် ရှင်းလင်းစွာကြားနေခဲ့ရသည်။

ကေသရီနှင့်ဆန်းထွန်းပိုင်ဟာ ရွာလူကြီးနေရာပေးထားသည့် လုံခြုံစေသော ကယ်ဆယ်ရေးအဆောင်၌ နေထိုင်နေခဲ့ပြီး ယနေ့ညအဖို့ ကုန်ဆုံးမည်ဖြစ်သည်။ တစ်ခြားရွာသို့ ပြောင်းရွှေ့ခြင်းမရှိသော ရွာသူရွာသား အိမ်ထောင်စုများသည်လည်း ထိုအဆောင်အတွင်း၌ စိုးရိမ်ကြီးစွာ နေထိုင်နေခဲ့လေသည်။ အိပ်မောကျနေသည့် ဇနီးကေ၏ နှုတ်ခမ်းများ တစ်ဆက်ဆက်တုန်ခါလာရင်း ခန္ဓာကိုယ်တစ်ခုလုံးပင်လျင် ငှက်ဖျားတတ်သည့်အလား တုန်ခါလာသောကြောင့် ဆန်းလေးတစ်ယောက်မှာတော့ ဇနီးသည်ကေ၏ နှဖူးပြင်အား လက်ဖြင့်စမ်းလိုက်လေသည်။ ပူခြစ်နေသည့် အသားရည်ဖြစ်ပြီး ပြင်းထန်စွာအဖျားများ တတ်နေချေခဲ့သည်။
''ကေ …'' အက်ကွဲနေသည့် လေသံလေးဖြစ်ပြီး စိုးရိမ်မှုအပေါင်း သရဖူဆောင်းလေပြီ။ စိုးရိမ်သည်က လွန်စွာမှပင်။ အဘယ်ကြောင့်ဆိုသော် ယခုညဦးပိုင်းသို့ရောက်ရှိလာသည်နှင့် ရွာသားများအား ရွာအပြင်သို့ ထွက်ခွင့်မပြုတော့ပဲ ရွာအတွင်း၌သာ နေထိုင်ခိုင်းစေသည်။

ချစ်ဇနီးသည်ကေ ထိုသို့အပြင်းဖျားလာလျင် ဆေးဆရာအား သွားရောက်ပင့်ဆောင်ရမည်မှာ မလွယ်လှချေ။ ရွာအပြင်သို့ ထွက်ရောက်ခွင့်ရစေကာမူ ဆေးဆရာအား လသာရွာသို့ပင့်ဆောင်ရန်မလွယ်လှချေ။ မည်သို့ပင် ပြုလုပ်ရတော့မည်ကို မသိ။ ဆစ်ခနဲ နာကျင်သွားလေသလား၊ အိပ်မောကျနေသည့် ကေဟာ ဒဏ်ရာရထားသော လက်မောင်းသို့ ဖျက်ခနဲကိုင်လိုက်မိသည်။ ဝတ်ထားသည့် မထူးမပါး အကျီလက်မောင်းလေးမှာ အရည်တစ်ချို့ရွဲဆိုနေသည်ကို ဆန်းလေးတစ်ယောက် တွေ့လိုက်ရပြီး မျက်မှောင်အား ကြုံလျက် လျင်မြန်စွာဖြင့် ဇနီးသည်၏ အကျီလက်မောင်းအား လှန်ကြည့်လိုက်လေသည်။
''ဟင် ! … ''

အတွင်းစိတ်၌ မိမိ၏ဦးခေါင်းမှ ဆံပင်များစွာထောင်သွားလေသလား၊ ဆို့နစ်သွားခဲ့လေပြီ။ ဘယ်သော်အခါမှ မမြင်တွေ့ခဲ့ဘူးသော ဆိုးရွားလှသည့် ဒဏ်ရာကြီးပင်ဖြစ်ပြီး ထိုဒဏ်ရာဟာ ခွေးကိုက်ခံရသည့် ဒဏ်ရာသာလျင်ဖြစ်မည်။ နေ့လည်မှ ဖုတ်ကောင်အဖြစ်သို့ ကူးပြောင်းသွားသည့် ခွေးဟာ မိမိအားခုန်အုပ်လိုက်သည်ကို တွန်းဖယ်လိုက်ရင်း ဇနီးသည်ကေဟာ အစားဝင်ခံခဲ့ဘူးသည်။ ထိုစဉ်က ရရှိခဲ့သော ဒဏ်ရာပင်လျင်ဖြစ်သည်ဟု ဆန်းလေးတစ်ယောက် ကောင်းစွာတွေးမိသွားချေသည်။

ဖုတ်ကောင်၏ဒဏ်ရာဖြစ်ပြီး မိမိ၏ချစ်လှစွာသော ဇနီးသည်လည်း မကြာမီအချိန်၌ ဖုတ်ကောင်အဖြစ်သို့ ရောက်ရှိတော့မည်လား၊ ဤသို့ဆိုလျင် ရွာသူရွာသားများမှာ ကြောက်ကန်ကန်လျက် ဇနီးသည်အား ဝိုင်းဝန်းသတ်ဖြတ်ကြမည်မှာ မလွဲချေ။ ထို့ကြောင့် အဖျားများတတ်နေသည့် ဇနီးသည်အား အဆောင်အတွင်းမှ ပွေ့ဖတ်လျက် မိမိ၏နေအိမ်ဆီသို့ အပြေးပြန်မည်ဟု ဆုံးဖြတ်လိုက်ရင်း အဆောင်းအတွင်းမှ လျင်မြန်စွာပြေးထွက်လေတော့သည်။

                               ***

မနက်ဖြန်ဆိုလျင် ကျွန်ုပ်တို့၏ စောနယ်ခရီးစဉ်သို့ ထွက်ခွာတော့မည်ဖြစ်သည်။ ယနေ့ညနေဆောင်း၌ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ဌရပ်ကွက်ထဲမှ ကိုဟန်စိုးရဲ့ ရွှေအိုးလက်ဘက်ရည်ဆိုင်လေးတွင် ကော်ဖီပူပူလေးအား အရသာခံသောက်နေရင်း နေ့လည်ခင်းမှကြုံခဲ့သော စိတ်မနှံ့သည့်လူကြီး၏အကြောင်းအား ပြန်လည်ပြောဆိုနေမိခဲ့သည်။ ထိုအစဉ် ဆိုင်လေးအရှေ့သို့ ဆိုင်ကယ်တစ်စီး ထိုရပ်လာသည့်အသံအား ကြားလိုက်ရပြီး ဆိုင်ရှင်ကိုဟန်စိုး၏ စကားသံဟာ
''ဟာ … ဆရာကိုမောင်ဝင်း''

ကိုဟန်စိုး၏စကားအဆုံး၌ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများသည်လည်း ဆိုင်အဝသို့ လှည့်လည်ကြည့်လိုက်သည်။ မည်သူနည်း၊ ထိုသူဟာ ကျွန်ုပ်တို့၏ မိတ်ဆွေကြီးဖြစ်သော ရဲအုပ်မောင်ဝင်းပင်လျင်ဖြစ်သည်။ မတွေ့တာကြာပြီး ခြောက်လနီးပါးမျှရှိပြီး။ တာဝန်အရ နယ်တစ်ခုသို့ ခရီးထွက်သွားရင် ယခုအချိန်မှ ပြန်လည်ရောက်ရှိလာဟန်တူသည်။ ထို့ကြောင့် ကျွန်ုပ်တို့ထိုင်နေကြ ကိုဟန်စိုးဆိုင်သို့ သူသည်လည်း စိုက်မြိုက်စွာရောက်ရှိလာခဲ့ခြင်းဖြစ်နိုင်သည်။

''ဟာ … ကိုမောင်ဝင်း အကြောင်းမကြား ဘာမကြားနဲ့ ပြန်ရောက်လာတာလား''
တန်ခိုး၏စကားအား ကိုမောင်ဝင်းတစ်ယောက် ပြန်လည်၍မဖြေမပေး။ ထိုင်နေသည့် ကျွန်ုပ်တို့၏ဝိုင်းသို့ သွက်လက်သော ခြေလှမ်းများနှင့် အရောက်လှမ်းလာရင်း လွတ်နေသည့်ခုံလေး၌ ဝင်ရောက်ထိုင်လိုက်သည်။ ထို့နောက် သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်ပြီး
''ကိုဟန်စိုး … ပလိန်းတစ်ခွက်လုပ်ဗျာ''
''ကိုမောင်ဝင်း ဘယ်လိုဖြစ်နေတာတုန်းဗျ လောလော လောနဲ့''
''ဒီလိုဗျ မိတ်ဆွေတို့ရေ … ကျုပ်စိတ်အရမ်းလောနေတယ် ခင်ဗျားတို့ကိုလဲ အားနာနာနဲ့ မဖြစ်မနေအကူညီတောင်းစရာရှိတယ်''
''ဘာကိစ္စတုန်းဗျ''
''ဖုတ်ကောင် … ဖုတ်ကောင် ကိစ္စပဲ''
''ဟင် … ဖုတ်ကောင် … ဘယ်သူဖုတ်ဝင်လို့တုန်းဗျ''
''မဟုတ်ဘူးဗျ … မြန်မာပြည်က ဖုတ်မဟုတ်ဘူး တရုတ်ပြည်က ဖုတ်ကောင်''
''ဘယ်လို တရုတ်ပြည်က ဖုတ်ကောင်ဟုတ်လား''
''ဟုတ်တယ် သွေးစုတ်ဖုတ်ကောင်ပဲ ''
''ဟင် ဒါဆို ခုန်ဆွခုန်ဆွသွားတဲ့ တရုတ်သရဲလား''
''ဟုတ်တယ်ဗျ ''
''ဟားဟား … ဟားဟား … ကိုမောင်ဝင်းကတော့လေ နောက်စရာမရှိ ကြံဖန်နောက်နေပြန်ပါပြီ''
''ဟာဗျာ … ကျုပ်ပုံစံက နောက်နေတဲ့ ပုံစံပေါက်လို့လားဗျ … ဟုတ်မှာပါလေ … ဘယ်ယုံနိုင်ပါ့မလဲ … ကျုပ်ရှင်းပြမယ်''

မည်သည့်အခါမှ စနောက်ခြင်းမရှိသော မိတ်ဆွေကြီးကိုမောင်ဝင်း၏ နှုတ်မှထိုသို့စကားသံများ ကြားလိုက်ရသည်။ မယုံနိုင်ပြီ၊ သူဆို၏ ဖုတ်ကောင် ၊ ပိုဆိုးလေပြီ ဟာသရုပ်ရှင်သရဲကားများထဲမှ တရုတ်ဖုတ်ကောင်၊ သို့ပေမယ့် ကိုမောင်ဝင်းဆိုနေသည်က တည်ကြည်သော ဥပတိရုပ်ဖြစ်သည်။ ထို့ကြောင့် ရှင်းပြမည်ဟူသော သူ၏စကားအား ကျွန်ုပ်နှင့်အတူ သူငဟ်ချင်းများ နားစိုက်ထောင်မိသည်။
''ကိုင်း! … အဲ့ဒါပဲ''
မိတ်ဆွေကြီး၏ စကားအဆုံး ကျွန်ုပ်တို့၏သံပြိုင် ထွက်ပေါ်လာသည်က
''ဟင် … !…''
''တကယ်ပဲလား … ''
''တကယ်ပေါ့ … ကျုပ်တို့ရဲတပ်ဖွဲ့တွေလည်း လူသတ်တရားခံလား ဖုတ်ကောင်လား တိတိကျကျသိရအောင် စုံစမ်းရင်း ကြံခင်းနယ်အပိုင်စခန်းမှူးကြီးပါ သွေးစုတ်ခံလိုက်ရတာပဲ''
''ရွာဦးကျောင်းထိုင်ဘုန်းကြီးပါ သွေးစုတ်ခံလိုက်ရတယ်ဆိုတော့ မဟုတ်တော့မဟုတ်သေးပါဘူး''
''ဘယ်လိုဖုတ်ကောင်ပဲဖြစ်ဖြစ် ဗုဒ္ဒ္ဓဘုရားကိုတော့ ဂရုစိုက်ရမှာပေါ့''
''မသိတော့ဘူးဗျာ … ကျုပ်တော့တကဟ့်ကို အံ့သြထိတ်လန့်မိတယ်''
''ဒါဆို အဲ့ရွာမှာရော ရွာသာရွာသားတွေရှိနေသေးလား…''
''ရှိသေးတယ် … တာဝန်ရှိသူတွေ သေသေချာချာစီစဉ်ပေးထားတယ် … ဖုတ်ကောင်ကြီးလို့ ပြည်သူတွေသိသွားလို့မဖြစ်သေးဘူး … အားလုံးထိတ်လန့်သွားကြလိမ့်မယ် ဒါကြောင့် ပြသနာကို တိုးတ်ုးတိတ်တိတ်ဖြေရှင်းနေရတယ် … ကိုထီးလေး၊ ကိုလမ်းလေး၊ အစ်မမျှားလေး၊ ကိုငါးလေး၊ ကိုတန်ခိုး တို့က အစွမ်းရှိပြီးသား လူတွေဆိုတာ ကျုပ်အသိဆုံးပါ … ဒါကြောင့်ဖုတ်ကောင်ကြီးကို ဖမ်းမဟ့်နေရာမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီပေးဖို့ ကျုပ်တောင်းဆိုပါရစေ''

''ဟင် … ဖုတ်ကောင်ကြီးကို ဖမ်းမယ့်နေရာမှာ ကျွန်တော်တို့ငါးယောက်က အကူညီပေးရမယ်ဟုတ်လား''
''ဟုတ်ပါတယ်ဗျာ … ခင်ဗျားတို့ကူညီနိုင်မယ်ဆိုတာ ကျုပ်သိနေပါတယ် ကူညီပေးကြပါဗျ … ဒီညအဲ့ဒီရွာမှာ ဘာတွေဖြစ်လာဦးမလဲ မသိဘူး … ရွာသူရွာသားတွေအတွက် အရမ်းစိုးရိမ်ရတယ် … ဖုတ်ကောင်အကိုက်ခံရရင် နာရီပိုင်းအတွင် ဖုတ်ကောင်ရဲ့အဆိပ်တွေပြန့်ပြီး ဖုတ်ကောင်အဖြစ်ပြောင်းသွားနိုင်တယ်ဆိုတာ တကယ်ပါပဲဗျာ … ဖုတ်ကောင်တစ်ကောင်တည်းကနေ အများကြီုးဖြစ်သွားနိုင်တယ်''
''ဒါနဲ့နေပါဦးဗျှ … အဲ့ဒီဖုတ်ကောင်ကြီး ဘယ်လိုဖြစ်ပြီး မြန်မာနိုင်ငံကို ရောက်လာရတာလဲ''
''အဲ့ဒီအကြောင်းကိုတော့ ကျုပ်တို့ရဲတပ်ဖွဲ့က စုံစမ်းနေတုန်းပဲဗျ''

''မင်းတို့ပြဿနာတစ်ခု ဖြေရှင်းရလိမ့်မယ် … ငါကတရုတ်လူမျိုး … အဲ့ဒီပြဿနာထဲမှာ ငါပါမှဖြစ်မယ်''
''ကောင်လေးတွေ …  ငါ့နာမည်က လန်ဘားလို့ခေါ်တယ် … မြောက်ဥက္ကလာလမ်းဝကုန်းတံတား အဆင်းမှာနေတယ် အဲ့ဒီနားမှာ လန်ဘားလို့မေးလိုက်ရင် မသိတဲ့သူမရှိဘူး … မင်းတို့ငါ့ကို လာရှာရလိမ့်မယ် ငါကမှော်ဆရာ ဖုတ်ကောင်ကြီးကို ဖမ်းမယ့်မှော်ဆရာ …  ငါကမှော်ဆရာ''
''ဟားဟား … ဟား … ငါကမှော်ဆရာ တရုတ်မှော်ဆရာ ဖုတ်ကောင်ကြီးကိုဖမ်းမယ့် မှော်ဆရာ ''

အချိန်ကြာကြာ ကျွန်ုပ်တွေဝေသွားမိသည်။ ထိုစကားသံများ ပြန်လည်၍ကြားယောင်နေမိရင်း အရှေ့စူးစူးသို့ငေးကြည့်နေမိကာ မျက်မှောင်အားကြုတ်လျက်ထားမိသည်။
''ကိုထီးလေး … ကိုထီးလေး ဘာတွေစဉ်းစားနေတာလဲ ကျုပ်ပြောတာကို အကူညီပေးမယ်မဟုတ်လားဟင်''
''ဟင် … ဗျာ … သြော် … ဟုတ်ပြီ ဦးလန်ဘား ''
''ထီးလေး ဘာတွေပြောနေတာတုန်း … ကိုမောင်ဝင်းပြောတာကို မင်းဘယ်လိုသဘောရလဲ''
''နေ့လည်က ငါတို့နဲ့ဆုံခဲ့တဲ့ လူကြီးကိုသွားရှာရမယ် ကိုမောင်ဝင်းပြောတဲ့ ဖုတ်ကောင်ကြီးကို သူပဲဖမ်းပေးနိုင်မှာ''
''ဟင် … ဟိုအရူးကြီးလား''
''အေး … သူကအရူးမဟုတ်ဘူး … ကဲပါ ဘာပဲဖြစ်ဖြစ် သူ့ကိုတွေ့မှဖြစ်မယ် … ကိုမောင်ဝင်း ကျုပ်တို့အားလုံး အကူညီပေးပါ့မယ်''
''ဗျာ … ကိုထီးလေး တ … တကယ်ပြောတာနော် … ကျေးဇူးတင်လိုက်တာဗျာ''
''ရပါတယ်ဗျာ မိတ်ဆွေအရင်းကြီးတွေပဲ … အခု … ကျုပ်တို့နဲ့ မြောက်ဥက္ကလာကုန်တံတားဆီ လိုက်ခဲ့ပေးဦး''
''ဟုတ် … ဟုတ်ကဲ့ပါ''

ကျွန်ုပ်၏ပြောစကားများအား သူငယ်ချင်းဖြစ်သူများမှာ နားမလည်နိုင်ချေ။ ကျွန်ုပ်၏ခေါ်ဆောင်ရာ နောက်သို့သာ ကြောင်တောင်တောင်ဖြစ် လိုက်ပါလာချေရင်း နေ့လည်မှ ဆုံတွေ့ခဲ့ရသော လူကြီးအား သွားရောက်ရှာဖွေရန် ယခု ညဦးပိုင်းတွင်းသာ ဦးတည်လေတော့သည်။

                                  ***

            ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                            ဆက်လက်၍ဖော်ပြပေးသွားပါမည်။
                         စာရေးသူ - ထီးကလေး
                       (ရင်နှင့်ရင်း၍ရေးသားသည်)
အပိုင်း (၁) (၂) (၃) (၄) (၅) (၆) (၇) သို့>> www.hteekalay.tk  ဖုတ်ကောင် စာရေးသူ ထီးကလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages