တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
ဝိဥာဉ်နှင့်
ပျောက်ဆုံးနေသော သူ၏
အလောင်း
အပိုင်း (၁၆)
စာရေးသူ-ထီးကလေး၊
(ရင်းနှင့် ရင်း၍ ရေးသည်။)
ဦးခိုင်ခံ့တင်၏ ခိုင်လုံသော တရားစွဲဆိုမှု့ဖြင့် ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ဒုတိယအကြိမ်မြောက် သူငယ်ချင်းဖြစ်သူ ငါးကလေးရှိနေသည့် အချုပ်ခန်းအတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။
ရထားသည့် ဒဏ်ရာများက မကြီးမားပေမယ့် နာကျင်လွန်းနေသည်။ မပီပြင်ဝိုးတဝါး အမြင်များနှင့် အချုပ်ခန်းအတွင်းသို့ အရောက် အံ့သြကြီးစွာဖြင့် အသင့်ရှိနေသည့် သူငယ်ချင်းဖြစ်သူ ငါးကလေးက
' ဟင်… မင်း… မင်းတို့ ဘယ်လိုဖြစ်ပြီး အချုပ်ထဲ ပြန်ရောက်လာရတာလဲ … ဟာ … မျက်နှာမှာလဲ ဒဏ်ရာတွေနဲ့ ပြောပါဦး … ဘယ်လိုဖြစ်လာကြတာလဲ…'
စိုးရိမ်ကြီးစွာ တရက်ဆက် မေးနေသော ငါးကလေး၏ အမေးစကားများအား ကျွန်ုပ်လက်ကာပြလျက် နာကျင်နေသော ဝေဒနာများအား ခေတ္တ မေ့ဖျောက်လိုက်ပြီး ဖြစ်ကြောင်းကုန်စင် အားလုံးအား ရှင်းပြလိုက်ချေတော့သည်။
' ဟင် … ဒါဆို ဒီတစ်ခါ ငါတို့ ငါးယောက်စလုံး အလွတ်အကျွတ် ထောင်ကျမှာ သေချာပြီးပေါ့ မျှားလေးရော … မင်းတို့လိုပဲလား …'
' သေချာတာပေါ့ … ငါတို့လိုပဲ သူလဲ ဟိုဘက် အမျိုးသမီး အချုပ်ခန်းထဲမှာ … '
' သွားပြီး သွားပြီး … ဘာမှ မတတ်နိုင်တော့ဘူး ဒီတစ်ခါ ငါတို့ ဘဟ်လို အကြောင်းပြချက်မှ ပေးလို့ရမှာ မဟုတ်တော့ဘူး … ဦးခိုင်ခံ့တင်ရဲ့ လုပ်ရက်တွေအားလုံးကို မင်းတို့ သိထားတော့ ဘယ်နည်းနဲ့မှ ငါတို့ကို အလွတ်ပေးမှာ မဟုတ်တော့ဘူး … ဘာဆက်လုပ်ကြမတုန်း'
' ဝိဥာဉ်မောင်ကျော်လဲ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိဘူး … သူလာရင် မင်းတစ်ခုခု သိနိုင်သေးတယ် '
' မောင်ကျော်ကို မမျှော်နဲ့တော့ အခုလောက်ဆို ဦးမျိုးမြင့်လက်ထဲ ရောက်နေလောက်ပြီ … '
' ဖြစ်နိုင်တယ် … ငါတို့ခြံထဲမှာ ရှိနေတုန်းက သူတို့ ယောက်ယပ်ခတ်နေတာ ဝိဥာဉ်မောင်ကျော်ကို ချောင်းဖမ်းနေတာပဲ ဖြစ်ရမယ် … '
' ဒီလူကြီး ခံထားရတာတောင် မမှတ်သေးဘူး … စောနယ်ကနေ ပြေးလာပြီး ရန်ကုန်မှာ လာသောင်းကြမ်းနေတယ် '
' တန်ခိုးပြောသလို … မောင်ကျော်ကို ဦးမျိုးမြင့်ကြီး ဖမ်းထားတယ်ဆိုရင် သူ့ကို နိုင်မယ့်သူတစ်ယောက်တော့ ရှိတယ် '
' ဘယ်သူလဲ … ဦးမျိုးမြင့်ကိုနိုင်မှ ငါတို့အားလုံးနဲ့ မောင်ကျော်လွတ်နိုင်မှာ … ဘယ်သူလဲ မြန်မြန်ပြော'
' ဘယ်သူရမှာတုန်း … စောနယ်က ဒုတိယမြောက် စင်္ကြာမင်းသားလေး ဖိုးချစ်လေ … '
' ဟုတ်သားပဲ … ဒါပေမယ့် ငါတို့က အခု အချုပ်ထဲ ရောက်နေတာ ဘဟ်လိုလုပ် ဖိုးချစ်ဆီ သွားနိုင်မှာလဲ ပြီးတော့ ခရီးကြာချိန်နဲ့ ဘဟ်လိုမှ မမှီနိုင်တော့ဘူး … '
' ဟုတ်တယ် … ကဝေ ဘုရင် ဦးမျိုးမြင့်ကို ဖိုးချစ်နိုင်ပေမယ့် သူ့ဆီကို ငါတို့သွားဖို့ အချိန်မရှိတော့ဘူး '
' ဒါဆို ဘယ်လို လုပ်ကြမလဲ … ငါတို့မှာ လမ်းစကပျောက်နေပြီ … လက်လျော့ပြီး ထောင်ကျခံဖို့ပဲ ရှိတော့တယ် '
' နေဦးကွ … တစ်ခုတော့ ရှိတယ် … စခန်းမှူးကြီးကို ဦးခိုင်ခံ့တင်အကြောင်း နားလည်အောင် ရှင်းပြပြီး တိတ်တဆိတ် စုံစမ်းပါရစေလို့ ညှိနှိုင်းကြည့်ရင် မကောင်းဘူးလား' ' ဟာ … ဟုတ်တယ် … တကယ်တမ်း ငါ့တို့ ငါးယောက်စလုံးဆီမှာ အပြစ်မရှိဘူး … စခန်းမှူးကြီးကို အသေးစိပ်ရှင်းပြပြီး ညှိကြည့်ရင် ရနိုင်မယ် '
အချုပ်ခန်းအတွင်းမှ လွတ်မြောက်ရေး ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ တိုင်ပင်မိကြသည်။ ကဝေဘုရင် ဦးမျိုးမြင့်အား စောနယ်မှ ဖိုးချစ်ဟူသော လူငယ်လေး အနိုင် ရနိုင်ပေမယ့် စောနယ်သို့ သွားဖို့ရာတွင် အချုပ်ထဲရောက်နေသည့် ကျွန်ုပ်တို့အဖို့ ခဲခက်လှသည့်အတွက် စခန်းမှူးကြီးအား ဦးခိုင်ခံ့တင်၏ ရက်စက်ယုတ်မာမှုများကို အသေးစိတ်ရှင်းပြကာ အချုပ်ဆီမှ လွတ်မြောက်ရန် ကြိုးစားဦးမည်ဟု တိုင်ပင်မိကြတော့သည်။
' ဟား ဟား ဟား … ကျုပ်အကြံဘယ်လိုလဲ ဆရာကြီး … အခုဆို ကျုပ်မှာ အပူတွေမရှိတော့ဘူး ဟိုချာတိတ် ငါးယောက်ကိုလဲ ပိုင်ပိုင်နိုင်နိုင်နဲ့ အချုပ်ထဲ ထည့်လိုက်နိုင်ပြီ … ဟား ဟား … ကျုပ်ကို ဘယ်သူက ဖမ်းရဲဦးမှာလဲ '
' ကဲ … ခင်ဗျားမှာ ပြသနာတွေ မရှိတော့ဘူးဆိုရင် ကျုပ်လဲ ဒီမှာကြာကြာမနေချင်တော့ဘူး … အရှေ့ကို ခရီးဆက်ရဦးမယ် … ကျုပ်တောင်းထားတဲ့ ကတော့ကြေးတွေကို ခင်ဗျား အဆင်သင့် ပေးဖို့လုပ်ထားတော့ '
' ပေးမှာပေါ့ ဆရာကြီးရ … ကျုပ်အသက်ထက် ဘဟ်အရာမှ အရေးမကြီးပါဘူး … ဒါပေမယ့် ဆရာကြီး ကျုပ်အိမ်မှာ နောက်နှစ်ရက်လောက် ဖြစ်ဖြစ်နေပါဦး … ပြသနာတွေ အားလုံးပြီးသွားပေမယ့် … ကျုပ်စိတ်ထဲ သိပ်မသန့်သေးဘူး … ဒါကြောင့် နောက်နှစ်ရက်လောက် နေပေးပါဦးလား'
' ရတယ် … ကျုပ်ကလဲ နေစရာရှိတဲ့ သူမဟုတ်ဘူး … နေပေးလို့ရတယ် … ခင်ဗျားဆီကနေ ပြန်တာနဲ့ ကျုပ်သွားမယ့် နေရာက စောနယ်ကိုပဲ '
' ဆရာကြီးက စောနယ်ဇာတိလား'
' သိပ်ဟုတ်တာပေါ့ … ကျုပ်စောနယ်မှာ ဘုရင်တစ်ပါးလို နေလာတာ … ဖိုးချစ်ဆိုတဲ့ သူနဲ့ ဟိုချာတိတ်ငါးယောက်ကြောင့် စောနယ်ကနေ ပညာတွေ ရှုံးပြီး ကျုပ်ပြေးလာရတာပဲ … ဒါပေမယ့် သူတို့တွေကို ကျုပ်တစ်သက်လုံး မကျေဘူး နိုင်အောင် ပြန်တိုက်မယ် … စောနယ်ကနေ ထွက်လာပြီး နယ်တကာမှာ ကျုပ်မှော်ပညာ အဆင့်မြင့်ဖို့ ကျင့်နေခဲ့တာ အခုဆို ဟိုဖိုးချစ်ဆိုတဲ့ လူကို ကျုပ်နိုင်အောင် တိုက်လို့ရမယ့် အဆင့်ရောက်နေပြီ … '
' ယုံပါတယ် ဆရာကြီးရာ … ယုံပါတယ် … ဆရာကြီးက သိပ်တော်ပါပေတယ် … ဟိုဖမ်းထားတဲ့ သရဲကို ကမ္ဘာပေါ်ကနေ ပျောက်သွားအောင် ဆရာကြီး တာဝန်ယူပေးပါ … '
' ဒီအတွက်တော့ မပူနဲ့ ကျုပ်တာဝန်ယူတယ် '
အငြိုးကြီးစွာ
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် ကဝေဘုရင် ယမမင်းရှင် မှ ဖိုးချစ်အား ရှုံးနိမ့်ခဲ့ခြင်းကြောင့် စောနယ်မှ ပြေးလာလျက် မိမိ၏ မှော်ပညာများအား အဆင့်တိုးပွားစေရန် ကျင့်ကျန်ကာ ဒုတိယမြောက် စင်္ကြာမင်းသားလေး ဖိုးချစ်အား အနိုင်တိုက်နိုင်မည့် အချိန်ရောက်ပြီးဟု ဦးမျိုးမြင့်တစ်ယောက် မာန်ပါပါဖြင့် ကြုံးဝါးပြောဆိုနေလေသည်။ ထိုအချိန်၌ အိမ်ကြီး၏ အပေါ်ထပ်ဆီမှ သမီးဖြစ်သူ ဖြူဖြူသျှင်းတစ်ယောက် ဖခင်နှင့် မှော်ဆရာကြီးရှိနေသည့် ဧည့်ခန်းဆီသို့ ငြိုးငယ်သော မျက်နှာထားဖြင့် ဝင်ရောက်လာလေသည်။
' ဖေဖေ… '
' ဟင် … သမီးလေး … လာလေ နေမကောင်းဘူးလား '
' ဖေဖေ့ကို သမီး ပြောစရာရှိလို့ မနေ့က ဝိဥာဉ်ပြောသွားတဲ့ သူ့သမီးလေးကို သမီးတွေ့ဘူးချင်တယ် … '
' ဟင်.… သူ့သမီးလေး … ဟုတ်လား … သမီး'
' ဟုတ်တယ် … ဖေဖေ … သူပြောပြခဲ့တဲ့ အဲ့ဒီအကြောင်းတွေကို သမီးသတိရတိုင်း ဘာကြောင့်မှန်းမသိဘူး မျက်ရည်တွေ ကျနေမိတယ် … သမီးတကယ်ဖြစ်နေသလိုပဲ ခံစားမိတယ် '
အဝေးသို့ မျှော်ကြည့်လျက် ငေးငိုင်ကာ သူမ၏ နှုတ်မှ ပြောစကားများအား ဖခင်ဖြစ်သူ ကြားလိုက်သည်နှင့် အနီးရှိ မှော်ဆရာကြီး၏ မျက်နှာအား ကြည့်မိလိုက်သည်။ ထို့နောက် တစ်ခုခုအား စိုးရိမ်သွားခါ
' သမီးရယ် ဖေဖေပြောပြီးပြီးပဲ … ဝိဥာဉ်တွေက တစ်ဖက်သားကို လွမ်းဆွေးအောင် ပြောတတ်ပါတယ်လို့ '
' မဟုတ်သေးဘူးဖေဖေ … သူပြောတဲ့ အထဲမှာသမီးရယ် ခွေးလေးရယ် သမီးလေးတစ်ယောက်နဲ့ တစ်ချိန်တစ်ခါတုန်းက ပျော်ပျော်ရွှင်ရွှင်နေခဲ့ဘူးတယ်တဲ့ … ပြီးတော့သမီးက သမီးမွေးထားတဲ့ ကလေးလေးကို စွန့်ပစ်လိုက်တယ် … အဲ့ဒီကလေးလေးကို သူက ပြန်ခေါ်ပေးပါလို့ ပြောတယ် '
' ဟင် … ကလေးလေးကို ပြန်ခေါ်ခိုင်းတယ် ဟုတ်လား … '
' ဟုတ်တယ် ဖေဖေ … ဖေဖေက သိနေတာလား'
'မ … မသိပါဘူး … စိတ်ဝင်စားလို့ မေးကြည့်တာ အခု အဲ့ဒီကလေးလေးက ဘယ်ရောက်နေတယ်လို့ သမီးကို ပြောသွားသေးလဲ … '
' သူပြောတာတော့ … (… … )စက်ရုံစောင့် အဘိုးအိုလင်မယားနှစ်ယောက်ဆီမှာတဲ့'
' ဟင် … အဲ့ဒီစက်ရုံက ဒီရပ်ကွက်နားလေးတင်ပဲ … တင်အောင်ကတော့ လုပ်ချလိုက်ပြန်ပြီ '.
' ရှင် … ဖေဖေ … ဘာပြောတာလဲ '
' ဟင် … ဟို … ဟို … ဘာမှ မဟုတ်ပါဘူး သမီးရဲ့ … ကဲ … ဘာမှ တွေးမနေနဲ့တော့ … အလကားပါ သမီးရယ် … သူလျောက်ပြောသွားတာ ဖြစ်မှာပါ … စိတ်ထဲထားမနေနဲ့'
' ဒါပေမယ့် … ဖေဖေ သူပြောတဲ့ စက်ရုံကို သမီးသွားကြည့်ချင်တယ် '
' ဟင် … အေးအေး … ညနေကြမှ သွားလေ … ဖေဖေလိုက်ပို့ပေးမယ် … '
' ဟင့်အင်း … သမီး အခုပဲ သွားချင်လို့ ဖေဖေ့ကို လာပြောတာ … '
' ဟာ … ဘဟ်ဖြစ်မလဲ သမီးရဲ့ ဆရာဝန်ကြီးက မှာထားတယ် … သမီးက နေသိပ်မကောင်းတော့ … အပြင်ကို ထွက်လို့မရသေးဘူးတဲ့ … ဒီတော့ ငါ့သမီးလေး အရမ်းသွားချင်နေရင် ဖေဖေကိုယ်တိုင် ညနေလိုက်ပို့ပေမယ် … ဟုတ်ပြီလား '
' တကယ်နော် … ဖေဖေ … ဒါဆို သမီး… အခန်းထဲမှာပဲရှိနေမဟ် '
' အေးအေး … သမီးလေး နားလိုက်ဦး '
သမီးဖြစ်သူ၏ ပြောစကားများအား ကြားရသည့် ဦးခိုင်ခံ့တစ်ယောက် နည်းအမျိုးမျိုးဖြင့် လိမ်လည်ဖြေဖျောက်ခါ ဖြူဖြူသျှင်းအား နှစ်သိမ့်ခဲ့လေသည်။ ဧည့်ခန်းအတွင်းမှ သူမထသွားသည်နှင့် ဦးခိုင်ခံ့တင်မှာ သက်ပြက်းတစ်ချက်အား ခပ်ပြင်းပြင်းချလျက်
' ဟူး … ပြသနာတွေ ပြီးသွားပြီ ထင်တာ … အောင်ထွန်း … အောင်ထွန်း ဒီရပ်ကွက်နဲ့ အဝေးဆုံးမှာ ပစ်ပါဆိုတာကို … ဒီနားမှာ ပစ်လိုက်တယ် … ဟေ့ကောင်တွေ … အောင်ထွန်းကို သွားခေါ်ကြစမ်း !…'
ထိုင်နေသည့် ခုံအနောက် ဦးခိုင်ခံ့တင် မှီလိုက်ပြီး သမီးလေးအား စွန့်ပစ်ခိုင်းခဲ့သည့် လူမိုက်ကြီး အောင်ထွန်းအား အမိန့်ပေး ခေါ်ခိုင်းလိုက်လေသည်။ မကြာမီအချိန်မှာ ဦးခိုင်ခံ့တင်၏ အရှေ့သို့ သွက်လက်စွာဖြင့် ထိုလူရောက်လာခဲ့သည်။
' ဆရာကြီး ကျွန်တော် ရောက်ပါပြီ '
' မင်းကလေးကို ဘယ်နားမှာ ပစ်လိုက်တာလဲ'
' ဟိုဘက် … ရပ်ကွက်မှာ ပစ်လိုက်တယ် ဆရာကြီး'
' ခတ်တာပဲ … တော်သေးတာပေါ့ … အခု ပြသနာတတ်နေပြီ … ကလေးကို အဝေးဆုံးနေရာမှာ ပစ်ခိုင်းလိုက်ပါတယ်ဆိုမှ ဟိုဘက်ရပ်ကွက်မှာ သွားပစ်ရသလား … ငတုံးရဲ့ အခု ငါ့ကို အမှု့ပတ်သတ်တော့မယ် … အဲ့ဒီကလေးကို အခုချက် အပျက်သွားရှင်းလိုက်တော့'
' ဦးခိုင်ခံ့တင် '
' ကျုပ်ကို ခွင့်လွတ်ပါ ဆရာကြီး … ကျူပင်ခုတ် ကျူငုတ်ပါမကျန် ရှင်းပစ်မှ ကျုပ်စိတ်အေးရမယ် … မဟုတ်ရင် ကျုပ် စိတ်အေးရမှာ မဟုတ်ဘူး … ငါပြောသလိုလုပ် … အမြန်ဆုံးသွား…'
' ဗျာ … ဆရာကြီး … ကလေးမလေးကို သတ်ပစ်ရမှာလား … ဘယ်မှာလဲ … ဆရာကြီး'
' ဟိုဘက် ရပ်ကွက်က (…. …)စက်ရုံစောင့် အဘိုးကြီး လင်မယားနှစ်ယောက်ဆီမှာ ရောက်နေတယ်တဲ့ … အမြန်ဆုံး သွားရှင်းလိုက်တော့ … အဲ့ဒီမှာ ရှိနေတဲ့ လင်မယားနှစ်ယောက်ကို အဲ့ဒီနေရာကနေ ပိုက်ဆံပေးပြီး ရှောင်ခိုင်းလိုက် … ဂျစ်ကန်ကန်လုပ်နေရင် တစ်ခါတည်း အပျက်ရှင်းပစ်လိုက် … ပြီးတော့ သူတို့ လင်မယားနှစ်ယောက်အစား တစ်ခြား နှစ်ယောက်ကို ငွေပေးပြီး ခဏ အစားထိုးလိုက် … ကြားလား … အမြန်ဆုံးလုပ် '
' ဟုတ် … ဟုတ်ကဲ့…'
ရက်စက်စွာဖြင့် စေခိုင်းစေသည်။ လူမိုက်ကြီးအောင်ထွန်းမှာ ဦးခိုင်ခံ့တင် စေခိုင်းလိုက်သည့်အတိုင်း ထိုစက်ရုံရှိရာသို့ အရောက်သွားလျက် အဘိုးအို လင်မယားရှိနေသည့် ထံသို့ ရောက်သွားခဲ့သည်။ စက်ရုံကြီး၏ ညစောင့်အလုပ်သမားများဖြစ်သော အဘိုးအိုလင်မယားနှစ်ယောက်ဟာ စွန့်ပစ်ထားသည့် သမီးလေးအား တယုတယ ချစ်နေကြသည်ကို လူမိုက်ကြီး အောင်ထွန်း တွေ့ရှိခဲ့ရသည်။ ထို့နောက်ဖြေးညင်းသော ခြေလှမ်းတို့ဖြင့် အဘိုးအိုလင်မယားအနားသို့ လှမ်းသွားခါ
' အဲ့ဒီကလေးလေး ကျုပ်ကို ပြန်ပေးပါ '
' ဟင် … မောင်ရင်က ဘယ်သူတုန်း … ကလေးကို ဘာဖြစ်လို့ လာတောင်းနေရတာလဲ … '
' အဲ့ဒီကလေးလေးက ကျုပ်သူဌေးရဲ့ မြေးလေးပဲ အခု လာပြန်ခေါ်တာ '
' အိုး … မပေးနိုင်ပါဘူး … ဘာမှခိုင်လုံတဲ့ အကြောင်းရင်းမရှိပဲနဲ့ ဘာဖြစ်လို့ ပေးရမှာလဲ '
' ဒီမှာ အဘိုးကြီး … ရော့ … ဒီငွေတွေယူပြီးတော့ ခင်ဗျားတို့ လင်မယားနှစ်ယောက် ဒီနေရာကနေ အမြန်ဆုံး သွားကြတော့ … ကလေးလေး ကျုပ်ဆီပေးခဲ့ … ခင်ဗျားတို့ကို ထွေထွေထူးထူး ပြောပြဖို့ အချိန်မရှိဘူး … ပေး …ကလေး'
' မပေးနိုင်ဘူး … ဒီနေရာကနေလဲ ဘယ်မှ မသွားနိုင်ဘူး … '
' တော်တော် ခေါင်းမာတဲ့ အဘိုးကြီးပဲ … ကဲ့ကွာ'
' အား !…'
သမီးလေးအား လာရောက်တောင်းနေသူ လူမိုက်ကြီးအောင်ထွန်းအား အဘိုးအို လင်မယားမှ ပြန်လည်၍ မပေးခဲ့ချေ။ ထို့နောက် ရက်စက်စွာဖြင့် အဘိုးအိုလင်မယားနှစ်အား စကားများ ပြန်လည်၍ မတုန့်ပြန်တော့ပဲ ထိုလူမိုက်ကြီး ဓားဖြင့်ထိုးလျက် ရက်စက်စွာ သက်လိုက်တော့သည်။ အဖိုးအို လင်မယားနှစ်ယောက်၏ အလောင်းအား ဖျောက်ဖျက်လျက် အစွန့်ပစ်ခံ သမီးလေးအား ထိုလူမိုက်ကြီး အသေသက်ပစ်ရန် လူပျက်သည့် နေရာဆီသို့ ခေါ်ဆောင်လာလေခဲ့သည်။
' မင်းကို မသက်ချင်ပေမယ့်လဲ သတ်ကတော့မှာပဲ မင်းကို မသတ်ရင် ငါ့ကို သတ်လိမ့်မယ် … ကလေးရေ ငါ့ကို ခွင့်လွတ်ပါ '
အပြစ်ကင်းစင်လှသည့် သမီးလေးအား စကားများ ပြောလျက် အသင့်ပါလာသည့် ဓားမြှောင်ဖြင့် ထိုးသတ်ရန် ရွဟ်လိုက်ပြီး
' ဟာ … မဖြစ်သေးပါဘူး … ဒီကလေးကို ဓားနဲ့ ထိုးဖို့မှ မလိုတာ … ဒီနားမှာ ပြန်ပစ်ထားခဲ့ရင်ရော … မဖြစ်သေးပါဘူး … ဒီတစ်ခါဆို ဆရာကြီးက ငါ့ကို သတ်လိမ့်မယ် …ရှုတ်ပါတယ်ကွာ '
အတွေးများစွာဝင်လျက် မိမိလက်အတွင်း၌ ရှိနေသော သမီးလေးအား မည်သို့ သတ်ရမည်နည်းကို စဉ်းစား၍ မရ ။ ထို့နောက် ရွယ်လျက်ထားသော ဓားမြှောင်ဖြင့် ထိုးမည်အလုပ် အပြစ်ကင်းစင်လှသည့် သမီးလေး၏ အပြုံးလေးအား လူမိုက်ကြီးတွေ့လိုက်ရသည်။
' ဟင် … ငါ့ကို ပြုံးပြနေပါလား … ကလေးလေး နင်ငါ့ကို ပြုံးပြနေတာလား … ဟာကွာ … ငါ့လက်က လူကြီးတွေကိုပဲ သတ်တာ နင့်လို အပြစ်ကင်းတဲ့ ကလေးလေးကို သတ်ပစ်ဖို့ ငါ့မှာ သတ္တိမရှိဘူး … ဘယ်လို လုပ်ရပါမလဲ '
လူသတ်သမား၏ လက်ဝယ်အတွင်း၌ ရှိနေသော သမီးလေးဟာ ငိုယိုလျက်မရှိ အပြစ်ကင်းစင်သော အပြုံးလေးအား လူမိုက်ကြီးကို ပြုံးပြနေခဲ့သလား ရွယ်လျက်ထားသော မိမိလက်အတွင်းမှ ဓားမြှောင်အား မြေပြင်ပေါ်သို့ ပစ်ချလိုက်ချေတော့သည်။
သမီးလေးအား မသတ်ရက်တော့ပဲ လူမိုက်ကြီးမှာ အပြစ်ကင်းစင်လှသည့် သမီးလေး၏ ပါးပြင်အား နမ်းရှိုက်လျက် သူ၏ ညီဖြစ်သူထံသို့ ငွေများပေးကာ ထိုမြို့နှင့် ဝေးရာသို့ သမီးလေးအား ခေါ်ဆောင်သွားရန် ပြောချေတော့သည်။ ထို့နောက် ဦးခိုင်ခံ့တင်ထံသို့ ပြန်သွားလျက် သမီးလေးအား အပျက်ရှင်းခဲ့ပြီဟု ဆိုလေတော့သည်။ မိမိ၏ အားကိးုရသော လူသတ်သမား အောင်ထွန်း၏ ပြောစကားအား ယုံကြည်စွာဖြင့် ဦးခိုင်ခံ့တင် လက်ခံခဲ့ချေသည်။ ညနေဆောင်းသည်နှင့် သမီးဖြစ်သူ ဖြူဖြူသျှင်းအား ထိုစက်ရုံကြီးရှိရာသို့ ပို့ဆောင်ပေးလျက် ဝိဥာဉ်မောင်ကျော် လိမ်လည်၍ ပြောဆိုခဲ့ကြောင်း ထင်ရှားစွာ ပြချေတော့သည်။ ဖြူဖြူသျှင်း၏ ရင်တွင်း၌ ဝိဥာဉ်မောင်ကျော်၏ စကားများအား ခံစားနေရသော်လည်း သမီးလေး ရှိသည်ကို မတွေ့ခဲ့ခြင်းကြောင့် မိမိ၏ စိတ်အား ဖြေသိမ့်ကာ နေလေတော့သည်။
ဒုတိယမြောက် အချုပ်ခန်းဆီသို့ ကျွနိုပ်၏ မိဘများနှင့်အတူ သူငယ်ချင်းဖြစ်သူများ၏ မိဘများ ရောက်ရှိလာကြပြီး ကျွန်ုပ်တို့အား စိုးရိမ်မှု့ကြီးစွာ ဂရုဏာဒေါသများနှင့် အပြစ်တင်ပြောဆိုလေတော့သည်။ စခန်းမှူးကြီးဆီမှ အာမခံဖြင့် တောင်းဆိုခဲ့သော်လည်း တရားလို ဦးခိုင်ခံ့တင်မှ အမှု့အား ကျေအေးပေးမှသာလျင် လွတ်မြောက်နိုင်မည်ဟု သိရှိခဲ့ရသည်။ ထို့နောက် စိုးရိမ်မှု့များနှင့် မိဘများ လိုအပ်သည်များ ဆောင်ရွက်ရနိ အိမ်သို့ပြန်သွားကြပြီးနောက် စခန်းမှူးကြီးနှင့် ခေတ္တတွေ့ဆုံခွင့်အား ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ခွင့်တောင်းချေတော့သည်။ ကြည်ဖြူစွာဖြင့် စခန်းမှူးကြီးဟာ ကျွန်ုပ်တို့အား ခင်မင်သွားလေသလား ကျွန်ုပ်တို့၏ တောင်းဆိုမှု့ကို လက်ခံခဲ့ချေသည်။
' ကဲ … ထိုင်ကြ '
ဦးစွာ ပထမ တွေ့ဆုံချိန်နှင့်မတူ ထိုအခါ၌ ကျွန်ုပ်တို့အား သူ၏ စားပွဲအရှေ့ခုံ၌ ထိုင်ခွင့်ပေးစေသည်။ ပြောဆိုလိုက်သည့် လေသံမှ အစ ကျွန်ုပ်တို့အား တရားခံဟု သတ်မှတ်ခြင်းမရှိသည့် လေသံဖြင့်
' ကဲ … ဘာပြောချင်လို့လဲ '
' စခန်းမှူးကြီး ကျွန်တော်တို့ပြောတာကို ယုံပါ … ကျွန်တော်တို့မှာ တကဟ်အပြစ်မရှိပါဘူး … အပြစ်ရှိတဲ့ ဦးခိုင်ခံ့တင်အမှု့ကို ကျွန်တော်တို့ ပေါ်အောင်ဖော်ထုတ်ရင်း အခုလို မလိုအပ်တာတွေ ဖြစ်လာရတာပါ '
' မင်းတို့ ပြောလို့ တာဝန်နဲ့ ဦးခိုင်ခံ့တင် အိမ်ကို ငါတို့ တစ်အိမ်လုံး မွှေပြီးပြီးလေ … မင်းတို့ပြောတဲ့ မိန်းကလေးလဲ မရှိဘူး … ပြီးတော့ သမီးလေးဆိုတာလဲ မတွေ့ခဲ့ဘူး … တွေ့ခဲ့တာက ငါတို့ရောက်လာတဲ့အချိန် မင်းတို့တွေ ဦးခိုင်ခံ့တင် အိမ်ကို ဒုတိယအကြိမ် ခိုးဝင်တာကိုပဲ '
' ဟုတ်ပါတယ် … စခန်းမှူးကြီး ဖြူဖြူသျှင်းကို မတွေ့ခဲ့ဘူး ပြောလို့ အဲ့ဒီအိမ်မှာ ဖြူဖြူသျှင်း ရှိ မရှိ သိချင်တာနဲ့ ခိုးပြီးဝင်ခဲ့ကြတာ … ဒါပေမယ့် အိမ်မကြီးထဲကို မရောက်ခဲ့ဘူး … ခြံထဲမှာပဲ ကျွန်တော်တို့ကို တိုက်ခိုက်ရင်း အသေသတ်ဖို့ လုပ်နေတဲ့ အချိန် စခန်းမှူးကြီးတို့ ရောက်လာတာနဲ့တိုက်ဆိုင်သွားလို့ ကျွနိတော် မသေပဲကျန်နေခဲ့တာ … '
' ဟုတ်ပါတယ် စခန်းမှူးကြီး … အဲ့ဒီအိမ်မှာ တကဟ်ပဲ ကျွန်တော်တို့ ပြောတဲ့အတိုင်း ဖြစ်နေတာပါ… အဲ့ဒီအိမ်မှာ မှော်ပညာတတ်တဲ့ လူကြီးတစ်ယောက်ရှိနေတယ် … ကျွန်တော့အထင် သူ့ရဲ့ မှော်ပညာနဲ့ ဖြူဖြူသျှင်းကိုများ ဖျောက်ထားခဲ့သလားလို့ … ထင်မိတယ် '
' ဟား … ဟား … ဟား'
သူငယ်ချင်းဖြစ်သူ လမ်းကလေး၏ စကားအဆုံး၌ စခန်းမှူးကြီး၏ ရယ်မောသံထွက်ပေါ်လာချေသည်။ သူ၏ ရယ်သံက သူငယ်ချင်းဖြစ်သူ လမ်းကလေး၏ ပြောစကားအား သရော်သည့် ပုံစံ
' ခတ်တယ် … ခတ်တယ် … မင်းတို့ လူငယ်တွေ မှော်ရူး ရူးနေကြပါလား … မင်းတို့ပြောတဲ့ ပုံစံက နိုင်ငံခြားကားတွေအထဲမှာတော့ ငါကြည့်ဖူးတယ် အပြင်မှာတော့ မင်းတို့ … ဟား … မင်းတို့ပြောမှပဲ ကြားဘူးတော့တယ် …'
မကြုံဘူးလို့ မယုံဘူးလေလား ။ စခန်းမှူးကြီး၏ အတွေ့ကြုံဟာ ဥပဒေမှာသာ ကျွမ်းကျင်နိုင်ပေမယ့် ထိုသို့အတွေ့ကြုံများအား ကျွန်ုပ်တို့ အားလုံးလောက် မရင့်ကျက်ချေဘူးဟု ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ကောင်းစွာ သဘောပေါက်ချေခဲ့သည်။ သို့နှင့် မမြင်နိုင်သည့် မှော်အကြောင်းအား ဆက်လက်၍ မပြေတော့ပဲ
' ထားပါတော့ … ကျွန်တော်တို့ စခန်းမှူးကြီးကို တစ်ခုလောက် တောင်းဆိုချင်တယ် '
' ပြောလေ '
' ကျွန်တော်တို့ကို ဒီည အဲ့ဒီအိမ်ကြီးဆီ သွာခွင့်ပြုပါလား '
' ဘာ… …! ငါ့ကို အလုပ်ပြုတ်အောင် လုပ်နေတာလား အခုချိန်မှာ မင်းတို့က တရားခံတွေ … တရားခံတွေကို လွတ်ပေးမယ်ဆို ငါအလုပ်ပြုတ်ရုံတင်မကဘူး … မင်းတို့နဲ့အတူ ရဲဘက်မှာ ကျောက်ထုနေရမယ် '
' ကျွန်တော်တို့ကို ယုံပါဗျာ … ကျွန်တော်တို့ ထွက်မပြေးပါဘူး … '
' မင်းတို့ ထွက်ပြေးမှာ ဆိုးလို့ ပြောနေတာမဟုတ်ဘူး … အဲ့ဒီအိမ်ကြီးထဲကို ထပ်ဝင်လို့ တစ်ယောက်ယောက်က မင်းတို့ကို တွေ့သွားခဲ့ရင် … ငါပါအလုပ်ပြုတ် ထောင်ထဲဝင်ရပြီပဲ '
' ကျွန်တော့တို့ကို ယုံပါဗျာ … ဝိဥာဉ်မောင်ကျော်ရဲ့ လူတစ်ယောက်လို အားကိုရတဲ့ ခွေးလေးတစ်ကောင်ရှိတယ် … သူ့ကို လမ်းပြခိုင်းရင် ဖြူဖြူသျှင်းရှိတဲ့ နေရာကို ကျွန်တော်တို့ သိနိုင်တယ်'
' ဟင် … ဘာ … ခွေးလေး ဟုတ်လား '
ကျွန်ပ်၏ စကားအဆုံး၌ ပြုံးနေသည့် စခန်းမှူးကြီး ရုတ်တရက် တည်သွားခါ တစ်ခုခုအား တွေဝေသွားလေတော့သည်။
' ဟုတ်တယ်လေ … အဲ့ဒီခွေးလေးက လူတစ်ယောက်လိုပဲ အရမ်းအားကိုရတာ… ကျွန်တော့အဖေပြောတာ ကြားဘူတယ် … အောက်လမ်းဆန်တဲ့ ပညာတွေက ကံနိမ့်လွန်းတဲ့ ခွေးတွေကို မထိန်းချုပ်နိုင်ဘူးတဲ့ … အဲ့ဒါကြောင့် ဖြူဖြူသျှင်းရှိတဲ့ နေရာကို ခွေးလေးပဲသိနိုင်မယ် '
' ဟုတ်ပြီ … မင်းတို့ပြောတဲ့ ခွေးလေးက ခြေလေးဘက်မှာ အဖြူရောင်အရစ်နဲ့ နားရွက်ကားကား ခါးလျားရှည်ရှည်နဲ့ အမွှေးတုံး ခွေးလေးကို ပြောတာလား '
' ဟင် … သိပ်ဟုတ်တာပေါ့ … စခန်းမှူးကြီးက သိလို့လား …'
' ဟုတ်ပြီကွ … မင်းတို့ ဦးခိုင်ခံ့တင်ကို အမှု့ဖွင့်တိုင်တဲ့ နေ့က အဲ့ဒီခွေးလေးနဲ့ ငါဆုံခဲ့ဘူးတယ် … ငါ့ဘောင်းဘီကို ဆွဲပြီး တစ်နေရာကို ခေါ်နေသလိုပဲ ဆွဲနေခဲ့တာ … အခုအဲ့ဒီခွေးလေးက ဘယ်မှာလဲ … ဦးခိုင်ခံ့တင်ကို မေးကြည့်တော့ ဘေးမဲ့ပစ်လိုက်ပြီလို့ ပြောတယ်'
' ဟုတ်တယ် ဘေးမဲ့ ပစ်တာမဟုတ်ဘူး … ခွေးလေးကို သတ်ပစ်ခိုင်းလိုက်တာ … ကျွန်တော်တို့ အချုပ်က ထွက်တဲ့နေ့ပဲ ခွေးလေးကို လူတစ်ယောက် သတ်ဖို့လုပ်နေတုန်း … ကျွန်တော့ သူငယ်ချင်း မျှားကလေးရဲ့ လက်စွပ်နဲ့ ခွေးလေးအသတ်နဲ့ လဲလာခဲ့ရတယ် '
' ဟင် … ဒါဆို မင်းတို့ ပြောတာတွေ အမှန်တွေပဲလား …'
' ကျွန်တော်တို့ အခုလို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခံပြီး အလကားသတ်သတ် ဘာကြောင်းနဲ့ ဒီလိုတွေ လျောက်လုပ်နေရမှာလဲ … တကယ့် ပြစ်မှု့ကြီးဖြစ်နေလို့ အစွမ်းကုန် ကူညီပေးနေခဲ့တာပေါ့ '
' ဒါဆို ငါတို့ ဖမ်းဝရမ်နဲ့ ရှာဖွေခဲ့တုန်းကလဲ မတွေ့ခဲ့ဘူးဆိုတော့ အခုထပ်ပြီး အထက်ကို စာတင်မယ်ဆိုရင်လဲ အချိန်တွေက ကြာနေဦးမယ် … ဒီတော့ မင်းတို့ပြောသလို အဲ့ဒီဖြူဖြူသျှင်းဆိုတဲ့ မိန်းကလေးကို အမြန်ဆုံးတွေ့မှ ရမယ် … '
' အဲ့ဒါကြောင့် ပြောတာပေါ့ … ကျွန်တော်နဲ့ သူငယ်ချင်း လမ်းကလေး ဒီည အဲ့ဒီအိမ်ကြီးထဲမှာ ဖြူဖြူသျှင်းကို ရအောင် ရှာခဲ့မယ် … ကျွန်တော်တို့ကိုယုံပါ … ဘာမှ မလွဲစေရဘူး … '
ခွေးလေးတိုးပွားနှင့် ဆုံတွေ့ခဲ့ဘူးသော စခန်းမှူးကြီးဟာ ကျွန်ုပ်တို့၏ ပြောစကားများအား လက်ခံလာချေတော့သည်။ အပိုင်ရဲစခန်း၌ ကျွနု်ပ်တို့နှင့်အတူ တာဝန်ရှိ စခန်းမှူးကြီးတို့ စကားလက်ဆုံကြနေစဉ်မှာပဲ စခန်းအတွင်းသို့ တားစီးမရပဲ ခွေးလေးတစ်ကောင် အပြေးဝင်လာချေသည်။ အပြေးဝင်လာသည့် ခွေးလေးအား ရဲဘော်တစ်ဦး၏ တားဆီးလိုက်သော အသံအား ကြားလိုက်သောကြောင့် ကျွန်ုပ်တို့နှင့်အတူ စခန်းမှူးကြီး ကြည့်မိလိုက်လေရာ စခန်းမှူးကြီးရှိနေရာသို့ အပြေးဝင်ရောက်လာသော ခွေးလေးမှာ ဝိဥာဉ်မောင်ကျော်၏ အားကိုးရသော ခွေးလေးတိုးပွားပင် ဖြစ်နေချေတော့သည်။
မိမိရှိနေရာသို့ အပြေးဝင်ရောက်လာသော ခွေးလေးအား တားဆီးခြင်းမပြုရန် စခန်းမှူးကြီး ပြောလိုက်ပြီး ခွေးလေးအား ငုတ်ကြညိ့လျက်
' မင်းတို့ပြောတာ ဒီကောင်ကြီးလား '
' သိပ်ဟုတ်တာပေါ့ … အခုလဲ ကြည့်ရတာ သူ့သခင်အတွက် သူကိုယ်တိုင် အမှု့လာတိုင်နေသလိုပဲ '
' ဟုတ်ပါ့ကွာ … တော်တော်လည်တဲ့ ကောင်ကြီးပါလား … ခေါင်းမှာလဲ အချုပ်ရာနဲ့ … '
' ဒဏ်ရာက မကျက်သေးဘူး … ကျွန်တော့ အိပ်ခန်းထဲမှာ သူ့ကို ထားထားတာ … အိမ်ကနေ ကျွန်တော်တို့ရှိတဲ့ နေရာကို အနံ့ခံပြီး ရောက်လာတာပဲ ဖြစ်ရမယ် '
' သိပ်လိမ်မာတဲ့ ကောင်ကြီးကွာ … ဟုတ်ပြီ… မင်းတို့ပြောတာကို ငါအပြည့်ဝ လက်ခံလိုက်ပြီ … ဒီည မင်းတို့ ပြောတဲ့အတိုင်း လုပ်ပေတော့ မနက်ရောက်မှ အထက်ကို အကြောင်းကြားပြီး အမှု့စစစ်မယ် .… လုံးဝ လွဲချော်သွားလို့ မရဘူးနော် တစ်ခုခုလွဲသွားတာနဲ ငါလဲ အလုပ်ပြုတ်ပြီ … '
' စိတ်ချပါဗျာ … ကျွန်တော်တို့ စခန်းမှူးကြီး ထိခိုက်အောင် မလုပ်ပါဘူး … ကဲ … လမ်းလေး … မင်းနဲ့ငါ နှစ်ယောက် သွားကြမယ် '
' ထီးလေး … လမ်းကလေးနဲ့ သွားလို့ဖြစ်ပါ့မလား ငါလိုက်မယ်'
' နေ့ခင်းက မင်းတော်တော် အထိနာထားတယ် တန်ခိုး … ဒီမှာပဲ မင်းကောင်းကောင်းအနားယူနေ စိတ်ချ ငါတို့ ဖြူဖြူသျှင်းကို ပါအောင် ခေါ်ခဲ့မယ် '
' ကောင်းပြီ သူငယ်ချင်းတို့ အစစအရာရာ ဂရုစိုက်'
ကျွန်ုပ်၏ မိဘများကမူ ထိုခွေးလေးအား အလေးမထား သာမာန်ခွေးလေးဟု ထင်မှတ်လျက် သွားလိုရာသွား ပစ်ထားခဲ့လေသလား ကျွန်ုပ်တို့၏ အနံ့အား ခံလျက် အပိုင်ရဲစခန်းသို့ ခွေးလေးအရောက် လှမ်းလာနိုင်ချေသည်။ ခွေးလေးအား မြင်လိုက်သည်နှင့် စခန်းမှူးကြီးမှာ ကျွနိုပ်တို့၏ ပြောစကားများအား အပြည့်အဝ လက်ခံလျက် ခြံအမှတ် B-12 မှ ဝိဥာဉ်မောင်ကျော်၏ မိန်းမအား ခိုးဝင်လျက် ရှာဖွေခြင်းပြုမည့် အကြံအား သဘောတူလိုက်ချေတော့သည်။
အချိန်ကား ည၁နာရီနီးပါးမျှ ရှိနေခဲ့ပြီ။ ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူ လမ်းကလေး ခရေပင်ရပ်မွန် အိမ်ယာ ရပ်ကွက်အတွင်း ခြေလှမ်းများ စတင်လှမ်း လာချေပြီး ပတ်ဝန်းကျင် အခြေအနေ အမျိုးမျိုးအား ဂရုစိုက်လျက် ခြံအမှတ် B- 12 ရှိရာသို့ ရောက်ရှိလာချေတော့သည်။ နေ့လည်ခင်းမှ ဝင်ရောက်ခဲ့သော ဝင်ပေါက်အတိုင်း ခြံစည်းရိုးအား ကျော်လွှားလျက် ခြံကြီးအတွင်းသို့ ဒုတိယအကြိမ်မြောက် ရင်ခုန်မှု့ကြီးစွာနှင့် ထပ်မံ ရောက်ရှိလာခဲ့တော့သည်။ လမ်းပြမည့် ခွေးလေးကမူ လစ်ဟာနေသည့် စည်းရိုးအပေါက်မှ ခြံအတွင်းသို့ လွယ်ကူစွာ ဝင်ရောက်လာပြီး အရှေ့မှ ဦးဆောင်ကာ အိမ်မကြီးအတွင်း၌ ရှိနေသော သခင်ဖြူသူ ဖြူဖြူသျှင်းထံသို့ လမ်းပြရန် ခေါ်ဆောင်နေလေတော့သည်။
**********************************
Post Top Ad
Responsive Ads Here
အပိုင်း (၁၆) ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း
Share This
Tags
# ၀၇.ဝိဥာဉ်နှင့်ပျောက်ဆုံးနေသောအလောင်း
Share This
About Unknown
၀၇.ဝိဥာဉ်နှင့်ပျောက်ဆုံးနေသောအလောင်း
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment