အပိုင်း(၇) ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏ အလောင်း - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၇) ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏ အလောင်း

Share This

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် 
                 သက်ဝင်မြေးဘွား 
                 အောက်လမ်း မာယာ 
                      အပိုင်း (၇)      
စာရေးသူ-ထီးကလေး ။
( ရင်နှင့် ရင်း၍ ရေးသားသည်။) 



ဟန်ဆောင်ကောင်းစွာဖြင့် ရဲဘော်လေးအား မာန်လျက် စခန်းအတွင်းမှ ရဲအုပ်မောင်ဝင်း အသွင်ဖြင့် သက်ဝင်အဘွားအိုနှင့် ကိုသူရတို့ ပြုံးရွှင်လျက် ထွက်လာကြသည်။ ထိုအချိန်၌ပင် အပြင်မှ ပြန်လာသော ထိုနယ်မြေပိုင် စခန်းမှူးကြီးနှင့်အတူ ဦးခွန်းဒေါင်းအပါအဝင် စခန်းအတွင်းသို့ ဝင်မည်အလုပ် ရန်ကုန်မှ ကျွန်ုပ်နှင့်အတူ ရဲအုပ်မောင်ဝင်တို့အားလည်း ထိုနယ်မြေပိုင် စခန်းအရှေ့သို့ ရောက်ရှိလာခဲ့ချေတော့သည်။
ရဲစခန်းအတွင်းမှ ပြုံးရွှင်လျက် ထွက်လာသော ကိုသူရအား သက်ဝင်အဖွားအို ကြည့်မိလျက် ပီတိဖြစ်နေခဲ့ပြီး စခန်းဝန်းမှ ထွက်မည့်အပေါက်အား လှမ်းကြည့်မိလိုက်လေရာ
' ဟင် … မောင်ဝင်း … ရဲအုပ်မောင်ဝင်း '
နယ်မြေပိုင် စခန်းအရှေ့သို့ အုပ်စုလိုက်ရောက်ရှိလာကြသော ရဲအုပ်မောင်ဝင်းအပါအဝင် စာရေးထီးကလေးနှင့်အတူ လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး အစ်ကိုအောင်တို့အား စခန်းဝန်းအတွင်းမှ သက်ဝင်အဖွားအို တွေ့ရှိလိုက်ပြီး မောင်ဝင်း၏ အမည်အား နှုတ်မှတမ်းတလျက် အရှေ့သို့ ဦးတည်နေသော သူ၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားချေသည် ။
' ဆရာ ဘာဖြစ်လို့လဲ'
' ဟို … ဟိုမှာ '
ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသော သက်ဝင်အဖွားအိုအား စာရေးဆရာ ကိုသူရတစ်ယောက် ကြောင်တောင်တောင် အကြည့်မျိုးဖြင့် မေးလိုက်လေရာ သက်ဝင်အဖွားအိုမှာ တုန်လှုပ်လျက် အရှေ့စူးစူးသို့ လက်ညိုးသာညွှန်ပြလေတော့သည်။
' ဟင် … ဟိုမှာလဲ ရဲအုပ်မောင်ဝင်း '
' ဟုတ်တယ် ငါသွားပြီး … ငါက တကယ့်ရဲအုပ်မောင်ဝင်း မဟုတ်ဘူး … မင်းကို မောင်ဝင်းအယောင်ဆောင်ပြီး လာကယ်တာ … သူနဲ့ထိပ်တိုက်တွေ့ရင် ငါခံရလိမ့်မယ် … သူက သီလရှိတဲ့ လူကောင်းတစ်ယောက်ပဲ သူအယောင်ဆောင်လို့ ငါ့မှော်ပညာတွေ ငါ့ကိုတန်ပြန်ပြီး ထိသွားလိမ့်မယ် … ငါလဲ ငါလွတ်ရာ ငါပြေးပြီဟေ့ မင်းကိုလဲ မကယ်နိုင်တော့ဘူး ငါသွားပြီဟေ့ '
' ဟာ … ဆ … ဆရာ ကျွန်တော့က်ု မထားခဲ့နဲ့လေ'
သီလတရားအားကောင်းသော ရဲအုပ်မောင်ဝင်း အယောင်ဆောင်ထားသည့် သက်ဝင်အဖွားအိုမှာတော့ မောင်ဝင်းအား တွေ့ရှိလိုက်သည်နှင့် မိမိ၏အကြောင်းအား ကိုသူရကိုပြောလျက် ရုတ်တရက်အနားမှ ပျောက်ကွယ်သွားခဲ့ချေပြီး ရဲစခန်းဝန်းအတွင်း၌ ကြောင်တောင်တောင်ဖြစ်ကာ ကိုသူရတစ်ယောက် ကျန်ရစ်နေလေခဲ့တော့သည်။
' ဟင် … ဟိုမှာ တရားခံ '
ရဲအုပ်မောင်ဝင်းတို့အဖွဲ့နှင့် ဦးစွာ ရဲစခန်းဝန်းအတွင်းသို့ နယ်မြေပိုင်ရဲအရာရှိနှင့်အတူ ဦးခွန်းဒေါင်းတို့ ရောက်ရှိသွားပြီး ကြောင်တောင်တောင်ရပ်နေသော စာရေးဆရာ ကိုသူရအား တွေ့လိုက်ရလေသည်။ ထို့နောက် စခန်းအတွင်းမှ အပြေးထွက်လာသော ရဲဘော်လေးတစ်ဦးဟာ နယ်မြေပိုင် စခန်းမှူးကြီးအား
' စခန်းမှူးကြီး … ဒီတရားခံကို အခွင့်အရေး ရဲအုပ်မောင်ဝင်း လာခေါ်သွားတာပါ'
' ဘာ … အခွင့်အရေး ရဲအုပ်မောင်ဝင်း လာခေါ်သွားတာ ဟုတ်လား'
' ဟုတ် … ဟုတ်ပါတယ်စခန်းမှူးကြီး … ဆရာပြန်လာမှ ခေါ်ပါလို့ ကျွန်တော်ပြောခဲ့ပါသေးတယ် သူက ကျွန်တော့ကို မာန်ပြီး အတင်းခေါ်သွားတာပါ'
အယောင်ဆောင်ထားသည့် သက်ဝင်အဖွားအိုကား ကိုသူရကို အချုပ်ခန်းအတွင်းမှ စေလွတ်ခဲ့ကြောင်းအား နယ်မြေပိုင် စခန်းမှူးကြီးအား အကြောင်းစုံရှင်းပြနေခဲ့ချိန်တွင် စခန်းဝန်းအတွင်းသို့ ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့ ထပ်မံဝင်ရောက်လာလေပြန်သည်။
မောင်ဝင်းအား တွေ့ရှိလိုက်ရသည့် နယ်မြေပိုင် စခန်းမှူးကြီးမှာတော့
' ကိုမောင်ဝင်း '
နှုတ်မှ ရဲအုပ်မောင်ဝင်း၏ အမည်အား တမ်းတခေါ်လိုက်ပြီး
' ဒီလူသတ်တရားခံကို ပြန်ခေါ်သွားတော့'
' ဟာ … ကျုပ်တရားခံမဟုတ်ပါဘူး … ကျုပ်မသတ်ပါဘူး … ကယ်ပါဦး '
စခန်းဝန်းအတွင်းသို့ ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့ ဝင်ရောက်လာခဲ့သည်အား နယ်မြေပိုင်စခန်းမှူးကြီး တွေ့ရှိလိုက်သည်နှင့် ကြောင်တောင်တောင်ဖြစ်နေသော ကိုသူရအား အချုပ်ခန်းအတွင်းသို့ ပြန်လည်ခေါ်ဆောင်သွားရန် ရဲဘော်လေးအား အမ်န့်ပေးစေခိုင်းလိုက်သည်။ မိမိဟာ လူသတ်တရားခံမဟုတ်ကြောင်း ကိုသူရတစ်ယောက်မှာ ငြင်းဆန်လျက် ရဲဘော်လေး၏ ခေါ်ဆောင်ရာနောက်သို့ ပေကပ်စွာဖြင့် ပြန်လည်လိုက်ပါသွားရလေတော့သည်။
'ကိုမောင်ဝင်း ဘာကိစ္စနဲ့ ဒီနယ်ကိုရောက်လာရတာလဲ'
မျက်နှာထားဖြင့် တည်ကြည်လှသည်။ သူ၏ ရဲရင့်သော မျက်ဝန်းတစ်စုံက နယ်မြေပိုင် စခန်းမှူးကြီးအား စိုက်ကြည့်လျက် နှုတ်ခမ်းအား စေ့ထားသည့် ကိုမောင်ဝင်းမှာတော့
' ကျုပ်လာရင်း ကိစ္စက သူဌေးလေးနေသူရှိန် ပျောက်နေတဲ့ ကိစ္စနဲ့ပတ်သတ်တယ် '
'ဗျာ … ဘယ်လို သူဌေးလေး ပျောက်နေတယ် ဟုတ်လား'
' ဟုတ်တယ် … ဒီနယ်ဘက်ကို သာမာန်လူတစ်ယောက်ပုံစံနဲ့ လေ့လာရေး ခရီးထွက်ရင်း လမ်းမှာ လုပ်ကြံခံရတယ်လို့ ကျုပ်သတင်းရထားလို့ '
' ဒီနယ်ဘက်မှာတော့ အားလုံးအေးအေးဆေးဆေးပါပဲ ဘာပြသနာမှ မကြားပါဘူး …'
' ဘယ်လို … ကျုပ်တို့ သူဌေးလေး ပျောက်နေတယ် ဟုတ်လား … တွေ့ရတာ ဝမ်းသာပါတယ် … ကျုပ်က လုပ်ငန်းအားလုံးကို အုပ်ချုပ်လုပ်ကိုင်နေရတဲ့ မန်နေဂျာဦးခွန်းဒေါင်းပါ'
' ဟုတ်ကဲ့ … ဦးခွန်းဒေါငိး … ကျုပ်မောင်ဝင်းပါ … ဦးခွန်းဒေါင်းရဲ့ ကောင်းသတင်းတွေကိုတော့ ကျုပ်ဖြင့် သူဌေးလေး ချီးမွန်းလွန်းအားကြီးလို့ နာမည်ကို ရင်းနှီးနေတာ ကြာပါပြီ … လူကိုတော့ အခုမှပဲ မြင်ဘူးတော့တယ်'
' ဟုတ်ကဲ့တွေ့ရတာ ဝမ်းသာပါတယ် … သြော်ဒါနဲ့ ဒီဘေးက သူငယ်လေးက ထီးကလေးဆိုတာလား '
' ဟုတ်ပါတယ် ကျွန်တော်ပါပဲ … မကြာသေးမီအချိန်ကပဲ သူဌေးလေးဆီမှာ စာရေးအလုပ်နဲ့ အလုပ်ဝင်ခဲ့တာပါ'
' ဟား … ဟား မောင့်ရင်အကြောင်းတော့ ကျုပ်တို့သိပြီးသားပါ … မောင်ရင်ကလဲ ဘယ်ဆိုးလို့လဲ အချိန်တိုအတွင်းမှာ သူဌေးလေးနေသူရှိနိရဲ့ ယုံကြည်အားကိုမှု့ကို ခံရတာပဲ '
ဦးခွန်းဒေါင်း၏ ခပ်ပြုံးပြုံးအမူယာဖြင့် ကျွန်ုပ်အား ပြောနေသည်က လှောင်နေခဲ့သည်များလား။ ကျွန်ုပ်တစ်ယောက် ဝေခွဲမရ ။ လူပုံစံအားဖြင့် ခန့်ခန့်ညားညားရှိလှပြီး ရင့်ကျက်တည်ကြည်သည့် မျက်နှာထားအား ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်သည်။ အပေါ်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်း နှစ်ခုကြား ဆေးပြင်းလိပ် ဆေးလိပ်အား ကိုက်ထားပြီး တစ်ချက်ချက် ရှိုက်လိုက်သည့် သူ၏ ဆေးလိပ်သောက်ပုံမှာ ဆွဲဆောင်မှု့ရှိလှပြီး ရင့်ကျက်တည်ကြည်လှသည် ။
' သြော် … စကားကောင်းနေလိုက်ကြတာ … ဧည့်သည်တွေကို အထဲခေါ်ဦးလေ …'
' ကျေးဇူးပါပဲ … ကျုပ်တို့ အခုလောလောဆယ် နေရာထိုင်ခင်းအတွက် ပြင်စဉ်စရာလေးတွေ ရှိလို့ ခွင့်ပြုပါဦး … နောက်မှပဲ အေးအေးဆေးဆေးလာခဲ့ပါ့မယ် '
' ကောင်းပါပြီဗျာ … ကောင်းပါပြီ … နိုင်ငံတော် အသိအမှတ်ပြု အခွင့်ရေးရဲအုပ်ကြီးနဲ့ စကားပြောခွင့်ရလို့ ကျုပ်ခွန်းဒေါင်း ကိုယ့်ကိုကိုယ် ဂုဏ်ယူမိပါတယ် … '
' ဟုတ်ကဲ့ ဦးခွန်းဒေါင်း … ကျုပ်တို့ကို ခွင့်ပြုပါဦး'

မိတ်ဆွေ ရဲအုပ်မောင်ဝင်းအား ပြောလိုက်သည့် မန်နေဂျာဦးခွန်းဒေါင်း၏ စကားဟာ အင်မတန်မှ ရင့်ကျက်တည်ကြည် ခန့်ညားလှသည်။ အပြုံးဖြင့် ပြောသော ဦးခွန်းဒေါင်း၏ စကားအဆုံး၌ ရဲအုပ်ကိုမောင်ဝင်းနှင့်အတူ ကျွန်ုပ်တို့အားလုံး ထိုနယ်မြေပိုင် ရဲစခန်းအရှေ့မှ လှည့်ထွက်မည်အလုပ်
' ကျုပ်ကိုကယ်ပါဦး … ကျုပ်လူသတ်တရားခံ မဟုတ်ပါဘူး … ဆရာမောင်ဝင်း ကျုပ်ကိုကယ်ပါဦး'
စာရေးဆရာ ကိုသူရပင် ဖြစ်ချေသည်။ မိမိအား ခေါ်ဆောင်သွားပြီး အချုပ်ခန်းအတွင်းသို့ ပြန်လည်ပို့ဆောင်ခဲ့သည့် ရဲဘော်လေးအား တိုက်ခိုက်ကာ ကျွန်ုပ်နှင့်ရဲအုပ်မောင်ဝင်းရှိနေသည့် စခန်းအရှေ့သို့ အတင်းအဓ္ဓမသာလျင် ပြေးထွက်လာပုံရသည်။ ထိုသို့ပြေးထွက်လာသော ကိုသူရအား မိတ်ဆွေ ရဲအုပ်မောင်ဝင်းရှိနေသည့် နေရာဆီသို့ပင် မရောက်နိုင်ပဲ လမ်းခုလပ်တွင်သာ နယ်မြေပိုင်စခန်းမှူးကြီး၏ အကွက်ကျကျ ချုပ်နှောင်တိုက်ခိုက်ခြင်းအား ခံလိုက်ရလေသည်။
' လွတ်ပါ … ကျုပ်ကိုလွတ်ပါ '
လက်ပြန်ချုပ်ထားသည်ကြောင့် ကိုသူရမှာ နာကျင်မှု့များခံစားနေရပြီး ချုပ်ထားသည့် လက်အား လွတ်ပေးရန် တောင်းဆိုနေခဲ့သော်လည်း စခန်းမှူးကြီးမှာ အလွတ်မပေး ချုပ်မြဲတိုင်းသာ ချုပ်ထားလိုက်သည်။ စခန်ူအရှေ့မှ လှည့်ထွက်သွားမည့် ရဲအုပ်ကိုမောင်ဝင်း၏ ခြေလှမ်းများဟာ အချုပ်ခန်းအတွင်းမှ ပြေးထွက်လာသော ကိုသူရ၏ဘက်သို့ လျင်မြန်စွာ ဦးတည်လှည့်လိုက်ပြီး
' သူက ဘယ်သူလဲ … ဘာဖြစ်တာလဲ '
တည်ငြိမ်လှသော ကိုမောင်ဝင်၏လေသံအမေး ရင့်ကျက်လှသော ဦးခွန်းဒေါင်း၏လေသံအဖြေ
' လူသတ်မှု့နဲ့ ဖမ်းထားတာပါ'
ရဲအုပ်ကိုမောင်ဝင်း၏ အမေးစကားဟာ နယ်မြေပိုင် စခန်းမှူးကြီး၏ အဖြေသာလျင် ကြားချင်ခဲ့သောလည်း မဆိုင်သည့် ဦးခွန်းဒေါင်း၏ အဖြေစကားအား ကြားလိုက်ရလေသည်။
' မဟုတ်ဘူး … ကျုပ်လူမသတ်ဘူး ဆရာမောင်ဝင်း ကျုပ်ကိုကယ်ပါဦး … ကျုပ်ကသာမာန် စာရေးဆရာတစ်ယောက်ပါ … ကျုပ်အဲ့ဒီလူကို တကယ်မသတ်ပါဘူး '
' ဟာကွာ … ဒီကောင် ကဲ့ကွာ '
ဦးခွန်းဒေါင်း၏ စကာအဆုံး၌ စာရေးဆရာ ကိုသူရတစ်ယောက်မှာတော့ မိမိလူမသတ်ပါကြောင်း ငြင်းဆန်ပြောဆိုနေခဲ့သည့် စကားတို့ဟာ အဆုံးထိမတိုင် လက်ပြန်ချုပ်နှောင်ထားသည့် စခန်းမှူးကြီး၏ ပြောင်မြောက်လှသော လက်ဝါဇောင်းဖြင့် ရိုက်နှပ်ခြင်းခံလိုက်ရလေသည်။
' ဟာ … ကိုယ့်လူ ဒီလိုရိုက်ပိုင်ခွင့် မရှိဘူးလေ '
' ကျုပ်ကိုခွင့်ပြုပါကိုမောင်ဝင်း … ဒီတရားခံက အရမ်းဆိုးလို့ ကျုပ်လက်ပါမိတာပါ … ဟေ့ကောင်တွေ သူ့ကို အချုပ်ခန်းထဲ သေချာထည့်ထားလိုက်ကြစမ်း '
ပြင်းထန်လှသော နယ်မြေပိုင် ရဲအရာရှိဆန်းထွန်း၏ ရိုက်ချက်ဖြင့် ကိုသူရတစ်ယောက်မှာတော့ ခွေလျက်မျော့မျော့သာ ဖြစ်သွားတော့သည်။ ကိုသူရအား စကားအဆုံးတိုင်သို့ ပြောခွင့်ပေးမည်မဟုတ် ထိုကြောင့်သာလျင် ပြောလက်စ စကားများ ရပ်တန့်သွားရန် နှုတ်ပိတ်ရိုက်ခဲ့ခြင်းဖြစ်သည် ။ ထိုမြင်ကွင်းအား ရဲအုပ်မောင်ဝင်းနှင့်အတူ ကျွန်ုပ်တို့အားလုံး မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပြီး
' ကိုမောင်ဝင်းတို့ သွားစရာရှိတာ သွားကြပါ … ဒီတရားခံကြောင့် စိတ်အနှောက်ယှက်ဖြစ်ခဲ့ရတာ ကျုပ်တောင်းပန်ပါတယ်'
ကိုသူရအား ရဲဘော်နှစ်ဦးဆီသို့ အပ်လျက် အချုပ်ခန်းအတွင်းသို့ ပြန်လည်ခေါ်ဆောင်သွားရန် စေခိုင်းစေပြီး ထိုမြင်ကွင်းအား ရပ်လျက်ကြည့်နေသည့် ကျွနိုပ်တို့အား ရဲအုပ်ဆန်းထွန်း တစ်ယောက်မှာတော့ အပြုံးမပျက် လိုရာခရီးသို့သာ ဆက်လက်သွားရန် ပြောဆိုခဲ့ပြီး ဦးခွန်းဒေါင်းနှင့်အတူ စခန်းအတွင်းသို့ ဝင်ရောက်သွားချေတော့သည်။
' ကိုမောင်ဝင်း … အဲ့ဒီလူကိုကြည့်ရတာ … လူသတ်တရားခံပုံစံတော့ မပေါ်ဘူးဗျ … ကျုပ်ကနယ်တကာ လှည့်နေတော့ ကောင်းကောင်းအကဲခတ်တတ်တယ် … ခင်ဗျားဘယ်လိုမြင်လဲ '
ကျွန်ုပ်၏ ဘယ်ဘက်ဘေး သူငယ်ချင်းဖြစ်သူ တန်ခိုး၏ ညာဘက်ဘေးမှ ရှိနေသော အစ်ကိုအောင်တစ်ယောက်မှာတော့ စခန်းအတွင်းသို့ ဝင်ရောက်သွားသော ဦးခွန်ဒေါင်းနှင့်အတူ ရဲအုပ်ဆန်းထွန်းတို့အား ရပ်လျက်ကြည့်နေသော ရဲအုပ်မောင်ဝင်းအား ပြောဆိုလိုက်သည်။ အစ်ကိုအောင်၏ ပြောစကားအဆုံး၌ နှုတ်ခမ်းအား စေ့ထားပြီး ကိုမောင်ဝင်းတစ်ယောက်မှာတော့ သူ၏ခေါင်းအား ဖြေးညင်းစွာ ငြိမ့်နေခဲ့သည်။
' ဟုတ်တယ် … ဒါဟာ သာမာန်ကိစ္စတော့ မဖြစ်လောက်ဘူး … ကျုပ်တို့လာရင်း ပြသနာနဲ့ ပတ်သတ်နေလိမ့်မယ် ထင်တယ် '
' ဒါဆို ကိုမောင်ဝင်း … ဘာလုပ်မယ် စိတ်ကူးထားလဲ '
' ကျုပ်အဲ့ဒီလူနဲ့ တွေ့ချင်တယ် … ဒီတော့ စခန်းထဲကို ကျုပ်တို့အားလုံး လိုက်သွားကြမဟ် '
သို့နှင့် လူသတ်မှု့အား မကျူးလွန်ပါဟု ငြင်းဆန်နေခဲ့သော် ကိုသူရအား ရဲအုပ်မောင်ဝင်းနှင့်အတူ ကျွန်ုပ်တို့အားလုံး တွေ့ခွင့်ရရေးအတွက် နယ်မြေပိုင် စခန်းဝန်းအတွင်းမှ စခန်းမှူးကြီး၏ တာဝန်စားပွဲဝိုင်းအရှေ့သို့ သွားရောက်ရန် ခြေဦးများလှည့်လိုက်လေတော့သည်။

**********************************
နှစ်တစ်ရာ သက်ဝင်းမြေးမလေးနှင့်အတူ ကလေးမလုံး မိခင်မခင်ထား ပြန်ရောက်လာမည့် အချိန်အား စောင့်မျှော်နေခဲ့ပြီး နှစ်တစ်ရာ သက်ဝင်အဖွားအို ကိုသူရအား ပြန်လည်ခေါ်ဆောင်လာမည့် အချိန်ကိုပါ နေအိမ်၌ ထိုကလေးနှစ်ဦးသာ စောင့်မျှော်နေလေခဲ့သည်။
' မိလုံး … နင်စိတ်မကောင်း မဖြစ်ပါနဲ့ဟာ … ငါ့ဖွားဖွား နင့်အဖေကို ပြန်ခေါ်လာပေးမှာပါ '
' အေးပါဟာ … နင့်ကိုငါက အရုပ်ကလေးထင်နေခဲ့တာ အခုနင်က စကားပြောတတ်တဲ့ အရုပ်ကလေးဖြစ်နေတယ်နော် '
' ငါ့ဖွားဖွားအစွမ်းတွေကြောင့်ပေါ့ … ငါပူစာလို့ လူ့ပြည်ကို လာလည်ကြတာ '
နေအိမ်၏ အပေါက်ဝလေး၌ ကလေးမလေးနှစ်ယောက်ဟာ စကားများပြောနေကြပြီး မြေးမလေးမှာတော့ သူ၏ အကြောင်းအား ကလေးမလေး မိလုံးကို သူငယ်ချင်းတစ်ယောက်တစ်ဖွယ် ပြောပြနေစဉ်တွင် ရုတ်တရက် ကလေးမလေးနှစ်ယောက်၏ အရှေ့မောက်သို့ နှစ်တစ်ရာ သက်ဝင်အဖွားအို ပြန်လည်ရောက်ရှိလာချေခဲ့သည်။
' ဟင် … ဖွားဖွား … ဖွားဖွားပြန်လာပြီ မိလုံးရဲ့အဖေရော ပြန်မခေါ်လာဘူးလား '
' ဟာ … ဖွားဖွားပြန်ခေါ်လာခဲ့ပါတယ် … အပေါက်ဝရောက်မှ တကယ့်ရဲအုပ် မောင်ဝင်းရောက်လာလို့ ဖွားဖွားတောင် ကိုယ်လွတ်ရုံးပြေးလာရတာ … သီလအားကောင်းတဲ့ သူရဲ့ အယောင်ဆောင်လို့ သူနဲ့ ထိပ်တိုက်တွေ့မိရင် ကမ္ဘာပေါ်ကနေ ဖွားဖွားပျောက်ကွယ်သွားရလိမ့်မယ် '
' ဟင့်အင်း … ဖွားဖွားကလဲ … ရအောင်ပြန်ခေါ်ပေးပါ '
' မြေးလေးကလဲ … ဖွားဖွားလဲပြန်ခေါ်လာပေးတာပဲ … အပေါက်ဝရောက်မှ မောင်ဝင်းအစစ်နဲ့ တွေ့လို့ မိလုံးလေးအဖေကို ထားခဲ့လိုက်ရတာ '
' ဟင့်အင်း … မိလုံးအဖေက မီးမီးကို ကယ်ပေးခဲ့တာ သူအိမ်ပြန်မရောက်မချင်း မီးမီး ဖွားဖွားနဲ့ ပြန်မလိုက်ဘူး … ဖွားဖွားရအောင် ကယ်ပေးရမယ် '
'အေးပါ မြေးရယ် ဖွားဖွားကြံပါဦးမယ် '
မြေးမလေးအား သိပ်ချစ်သည့် နှစ်တစ်ရာဖွားဖွားပင်ဖြစ်ချေသည်။  မြေးမလေး၏ တောင်းဆိုနေသော စကားများအား သက်ဝင်အဖွားအို ခေါင်းအား ကိုက်လျက် ကိုသူရအား ထပ်မံကယ်တင်နိုင်မည့် နည်းလမ်းအား စဉ်းစားနေချိန်တွင်
' ဟင် … မိလုံးရဲ့ အမေပြန်လာပြီ … ဖွားဖွားတို့ ခဏရှောင်နေမှ ဖြစ်မယ် '
မိမိ၏ အာရုံအတွင်း၌ မခင်ထား နေအိမ်သို့ ပြန်လည် ရောက်ရှိလာသည်ကို မြင်လျက် မြေးမလေးအား ပြောဆိုကာ မမြင်နိုင်သည့် နေရာ၌ ခေတ္တပုံးရှောင်နေဦးမည်ဟု ဆိုကာ မိလုံးလေးအား ပြောဆိုလျက် ပျောက်ကွယ်သွားချေတော့သည်။ နှစ်တစ်ရာ သက်ဝင်မြေးအဖွား ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် နေအိမ်ခြံအတွင်းသို့ မိခင်ဖြစ်သူ မခင်ထားတစ်ယောက်မှာတော့ သာမာန်မဟုတ်သော အမူယာနှင့်အတူ ခြေလှမ်းတို့ဖြင့် ဝင်ရောက်လာလေခဲ့သည်။
' မေမေပြန်လာပြီ … ညနေတောင်ဆောင်းတော့မယ် … '
' သမီး … သမီးဖေဖေပြန်လာပြီလား '
' ဟင့်အင်း … ဖေဖေ့ကို ရဲတွေခေါ်သွားကြတယ် '
' ဟင် … ဖေဖေ့ကို ရဲတွေခေါ်သွားကြတယ် ဟုတ်လား '
' ဟုတ်တယ် … ဖေဖေကပြောသွားတယ် … မေမေပြန်လာမှ ရဲစခန်းကို လိုက်လာခဲ့ကြတဲ့ '
' ဟာ … ဘယ်လိုတွေ ဖြစ်ကုန်ရတာလဲ … ဒုက္ခပါပဲ ဟိုလူလဲ ငါ့အနောက်ကို လိုက်လာမှာ သေချာတယ် … ကဲ … သမီးလေး မေမေတို့ ဖေဖေ့ဆီကို အမြန်ဆုံး လိုက်သွားကြမှ ဖြစ်မယ် '

အလောတကြီး မောဟိုက်စွာ ပြန်ရောက်လာခဲ့သော် မိခင်မခင်ထားအား သမီးဖြစ်သူ မိလုံးလေးမှ မိမိသိသလောက် သူမ၏ ဖခင်ဖြစ်ရပ်အကြောင်းတို့အား ပြန်လည် ပြောဆိုနေခဲ့သည်။ တောသူမဟု မိမိအထင်မြင်သေးခဲ့သော မခင်ထားတစ်ယောက်၏ ပရိယာယ်အတွင်း၌ လိမ်လည်ခြင်းခံလိုက်ရသော သစ္စာဖောက် ကိုတင်မောင်တစ်ယောက်မှာတော့ မခင်ထားအား ကြုံးဝါးလျက် မန်နေဂျာဦးခွန်းဒေါင်းရှိနေမည့် နယ်မြေပိုင် ရဲစခန်းအတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့သော်လည်း စခန်းအတွင်း၌ မိမိအား ကောင်းစွာသိရှိထားသော ရဲအုပ်မောင်ဝင်းနှင့်အတူ စာရေးအလုပ်သမား ထီးကလေးတို့အား မြင်တွေ့လိုက်ရသည်နှင့် စခန်းအတွင်းသို့ မဝင်ရောက်သေးပဲ
' ဟင် … မောင်ဝင်းတို့ ဒီကိုရောက်နေကြပါလား … ဘာဖြစ်လို့ပါလိမ့် … ဒီလောက်ဆိုရင် ငါနဲ့သူဌေးလေးတို့ လေ့လာရေးခရီး ထွက်သွားကြတာ သူတို့သိနေလောက်ပြီ … ဒီတော့ ငါ့ကိုတွေ့သွားလို့ မဖြစ်ဘူး … ဟုတ်ပြီး … ဟိုလူလည်မ တောသူမဆီ သွားပြီး ပုဝါရအောင်ပြန်ယူရမယ် '
စခန်းအတွင်းသို့ ဝင်ရောက်မည့် သူ၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားကာ မခင်ထား၏ နေအိမ်ဆီသို့ သွေးပုဝါလေးအား ယူရန် ခြေဦးပြင်လိုက်လေတော့သည်။
မခင်ထား၏ နေအိမ်အား မိမိကောင်းစွာသိရှိထားပြီး မကြာမီအချိန်အတွင်း၌ပင် မခင်ထား၏ နေအိမ်အတွင်းသို့ ပေါ့ပါးသွက်လပ်စွာဖြင့် ဝင်ရောက်လာနိုင်ခဲ့သည် ။
' ဟင် … ရှင် … ရှင် '
' ဟား ဟား … ငါကတောသူမလေးဆိုပြီး လျော့တွက်လိုက်မိတာ ငါ့အမှားပဲ … နင်ကတော်တော်လည်တာပဲ … ဘယ်မှာလဲ သွေးပုဝါ '
' ဘာသွေးပုဝါလဲ ဘာတွေလာပြောနေတာလဲ … ဘာမှ မရှိဘူး '
' အောင်မာ ငါ့ကိုလိမ်ချင်သေးတယ်ပေါ့လေ … ပေးစမ်းမြန်မြန် '
' မရှိဘူး … ဘာမှ မရှိဘူး'
' ဒါဆို စာရေးအလုပ်သမား ထီးကလေးကို ဘာဖြစ်လို့လာရှာရတာလဲ … ဘာကိစ္စလဲ '
' အဲ့ဒါ … ကျွန်မ သူ့ဆီမှာ အလုပ်လိုချင်လို့ သူနဲ့တွေ့ချင်ခဲ့တာ … တစ်ခြားဘာအကြောင်းမှ မရှိဘူး '
' ဟား ဟား ဟား … ဒါဘာလဲ '
အခြေအတင် စကားများပြောဆိုနေရာမှ စာပွဲအပေါ်တွင် တင်ထားသော မိမိကိုယ်တိုင် ယောကျာ်းဖြစ်သူအား ရေးသားပေးခဲ့သည့် စာလေးအား ကိုတင်မောင်တစ်ယောက် ပြလိုက်လေသည်။
' ဒါ … ဒါ … '
မည်သည့်စကားမှ မခင်ထားတစ်ယောက် ပြန်လည်၍ မတုန့်ပြန်နိုင်တော့ချေ။ သစ္စာဖောက် တင်မောင်မှာလဲ မည်သည့်စကားမှ ပြန်လည်၍ မတုန့်ပြန်တော့ပဲ ခါးကြားတွင် အသင့်ပါလာသော ဓားမြှောင်အား ထုတ်လိုက်ပြီး အနီးရှိ ကလေးမလး မိလုံး၏ လည်ပင်းပေါ်တွင် ထက်မြတ်လှသည့် ဓားမြှောင်အား တင်ထားလိုက်လေတော့သည်။
' ရှင်ဘာလုပ်တာလဲ '
' မမြင်ဘူးလား … ငါတောင်းနေတဲ့ ပုဝါကို ကောင်းကောင်းထုတ်ပေးနော် … မပေးလို့ကတော့ ဒီမှာ တွေ့လား '
' ရှင် … ရှင် … ကျွန်မသမီးလေးကို မထိနဲံနော် … ရှင်လိုချင်တဲ့ ပုဝါက ကျွန်မဆီမှာ အခုမပါလာဘူး '
' တိတ်စမ်း … မင်းငါ့ကို ထပ်လိမ်ဖို့မကြိုးစားနဲ့ … ငါစိတ်မရှည်တော့ဘူးနော် … အခုပေး '
' ရှင့်အတွက် ဒီပုဝါက တော်တော်အရေးကြီးနေတယ်ဆိုရင် ကျွန်မသမီးလေးကို လက်ဖျားနဲ့တောင် မထိနဲ့ … ထိလို့ကတော့ အဲ့ဒီပုဝါ အစနပျောက်ပြီးသာ မှတ်ပေတော့ .'
' ကောင်းပြီ … ပြေပြေလည်လည်ပေါ့ … ပုဝါဘယ်မှာလဲ '
' နေဦး … အခုလောလောဆယ် ကျွန်မယောကျာ်းနဲ့ အရင်တွေ့ချင်တယ် … သူနဲ့တွေ့ပြီးရင် ရှင်တောင်းတဲ့ ပုဝါပေးမယ် '
' တောသူမ နင်ဥာဏ်များမယ်တော့ မကြံနဲ့နော် '
' ကျွန်မတကယ်ပြောနေတာ … ကျွန်မတို့အတွက် ဒီပုဝါလေး ထုတ်ပေးလိုက်ရတာ ဘဟ်လောက်မှ အပန်းမကြီးဘူး … ပေးနိုင်တယ် … ဒါပေမဟ့် အခု ကျွန်မယောကျာ်းနဲ့ တွေ့ချင်သေးတယ် '
' ကောင်းပြီ '
အကြပ်ကိုင်ထားသည့် ကိုတင်မောင်အား မခင်ထားတစ်ယောက်မှာတော့ တောင်းနေသော ပုဝါအား အလွယ်တကူနှင့် ထုတ်မပေးပဲ သူမ၏ လင်ယောကျာ်းဖြစ်သူ ကိုသူရအား အလျင်သာလျင် တွေ့ချင်သေးသည်ဟု ပြန်လည် တောင်းဆိုနေခဲ့သည်။ မခင်ထား၏ိံ တောင်းဆိုနေသော စကားများအား ကိုတင်မောင်တစ်ယောက်အချိန်တို အတွင်း၌ စဉ်းစားလိုက်ပြီး
' အင်း … ဒီလောက်ဆို စခန်းကနေ မောင်ဝင်းတို့ ပြန်သွားလောက်ပြီ … သူတောင်းဆိုတဲ့ အရာကိုလိုက်လျောပြီး သွေးပုဝါက်ု ယူရမယ် … သူ့ယောကျာ်းက ငါတို့လက်ထဲမှာ ရှိနေတာပဲ သူလူလည်မကျရဲပါဘူး '
အချိန်တိုအတွင်း၌ စဉ်းစားမိကာ မခင်ထားအား နယ်မြေပိုင် ရဲစခန်းအတွင်း၌ ချုပ်နှောင်ခံထားရသော လင်ယောကျားဖြစ်သူ ကိုသူရထံသို့ တွေ့ခွင့်ပေးရန် သဘောတူလိုက်ပြီး မခင်ထားနှင့်အတူ ကိုတင်မောင်တို့ နယ်မြေပိုင် ရဲစခန်းဆီသို့ပင် ဦးတည်လေတော့သည်။

**--**********************-*-*-*-*-*-*

လူသတ်တရားခံ မဟုတ်ပါဟု ပြင်းဆန်နေခဲ့သော ထိုသူအား တွေ့ခွင့်ရရေးအတွက် ကျွန်ုပ်နှင့် ရဲအုပ်ကိုမောင်ဝင်းတို့ စခန်းမှူးကြီး၏ တာဝန် စားပွဲဝိုင်းအရှေ့သို့ပင် ရောက်ရှိလာချေခဲ့သည် ။
' ဟော့ … ကိုမောင်ဝင်းတို့ လာကြ လာကြ … လိုရာခရီးကို ဆက်သွားကြပြီထင်တာ … ဘာများ ပြောစရာရှိကြလို့လဲ '
တာဝန်စားပွဲဝိုင်းတွင် အခန့်သား ထိုင်လျက်ရှိနေသော စခန်းမှူးကြီး၏ စကားအဆုံး၌ မိတ်ဆွေရဲအုပ်မောင်ဝင်းကား
' အခုန လူသတ်တရားခံကို ကျုပ်တို့တွေ့ချင်တယ် '
'ဟင် … ကိုမောင်ဝင်း … ဒီအမှု့ဟာ ကျွန်တော် လက်ရှိကိုင်တွယ်နေတဲ့ အမှု့နော် … ကျွန်တော့တာဝန်ပါ … အဲ့ဒီတရားခံအတွက် ကိုမောင်ဝင်းအလုပ်မရှုတ်စေချင်ဘူး '
' ရပါတယ် … ကျုပ်သူနဲ့ စကားနည်းနည်းလောက် ပြောယုံလေးပါပဲ … '
' ခတ်တာပဲ ကိုမောင်ဝင်းရာ … ကျုပ်အမှု့ကို ကျုပ်ကောင်းကောင်းနိုင်ပါတယ် … ကိုမောင်ဝင်းလိုရာ ခရီးသာ ဆက်ပါ '.
' မဟုတ်သေးဘူး … ကိုဆန်းထွန်း ကျုပ်တောင်းဆိုတာပါ … အဲ့ဒီလူနဲ့ ကျုပ်တွေ့ပါရစေ '
မည်သို့ပင် ဆိုစေကာမူ မိတ်ဆွေရဲအုပ်မောင်ဝင်း၏ တောင်းဆိုနေခဲ့သော စကားတို့အား နယ်မြေပိုင် စခန်းမှူးကြီးတစ်ယောက်မှာတော့ ထိုတရားခံနှင့် လုံးဝတွေ့ခွင့်မပေးခဲ့ချေ။ ထို့နောက်အနီးရှိ ဦးခွန်းဒေါင်းအား အမူယာဖြင့် အဓိပ္ပာယ်ပါသော စကားတို့အား ပြောလိုက်လေသလား။ ဦးခွန်းဒေါင်းတစ်ယောက်မှာတော့ တာဝန်စားပွဲဝိုင်းအနီးမှနေလျက် အနောက်ပေါက်သို့ ထွက်ခွားသွားချေခဲ့သည်။
' ဆရာကြီး … လုပ်ပါဦး … ဒီတစ်ခါ ဆရာကြီးရဲ့တာဝန်ဖြစ်နေပြီ '
တည်ငြိမ်စွာ တရားထိုင်နေသည့် အောက်လမ်းဆရာ ဦးဒီပဆီသို့ ဦးခွန်းဒေါင်းသွားရောက်ခါ ပြောဆိုလိုက်လေသည်။ နယ်မြေပိုင် ရဲအုပ်ဆန်းထွန်း အောက်လမ်းဆရာကြီးဦးဒီပ သစ္စာဖောက်ကိုတင်မောင် အပါအဝင် မန်နေဂျာဦးခွန်းဒေါင်းတို့်မှာ မကောင်းမှု့များအား အတူတကွ ကျူးလွန်နေလျက် မခွဲအတူ နေထိုင်နေကြသူများ ဖြစ်ချေကာ စခန်းအနောက်တွင်ရှိသော အခန်းလွတ်အတွင်းမှ ဦးဒီပထံသို့ သွားကာ အောက်လမ်းအစွမ်းတို့ဖြင့် အကူညီပေးပါဟု ဦးခွန်းဒေါင်းတစ်ယောက် တောင်းဆိုနေလေတော့သည်။

***********************************

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages