အပိုင်း၃ ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း၃ ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် 
          ဝိဥာဉ်နှင့် 
ပျောက်ဆုံးနေသော သူ၏ 
             အလောင်း 
                     အပိုင်း (၃)
စာရေးသူ-ထီးကလေး။🌂




အားရှိစွာ ပြောလိုက်သော သူငယ်ချင်းဖြစ်သူ တန်ခိုး၏ စကားကြောင့် ကျွန်ုပ်ပီတိဖြစ်ကာ ပြုံးမိလျက် ဝိဥာဉ်ကောင်လေး မောင်ကျော်၏ ရင်နှစ်ဖွယ် ဖြစ်ရပ်တို့အား ပြန်လည် ပြောပြနေတော့သည်။
အတန်ကြာ မောင်ကျော်၏ ဖြစ်ရပ်အား ပြောပြလိုက်ပြီး ကြားလိုက်ရသည့် သူငယ်ချင်းဖြစ်သူများက ဝမ်းနည်းသော ဟန်ဖြင့် သက်ပြင်းများ ချခါ
`တောက်!…တော်တော်လူစိတ်မရှိတဲ့ ဂုဏ်ကြီးရှင်တွေ ရက်စက်လိုက်တာကွာ ကြားရတာ ဒေါသဖြစ်လိုက်တာ…´
`သနားပါတယ်…ဒါဆို သူ့မိန်းမက အခုချိန်ထိ သူသေသွားတာ မသိသေးဘူးပေါ့…ငါတို့ ဘယ်လိုကူညီပေးရမလဲ…´
`သူ့မိန်းမကို အကြောင်းကြားပေးလိုက်မယ်ဆိုရင်ရော မကောင်းဘူးလား…´
`ဒါတော့ ဟုတ်ပါပြီ မောင့်ကျော့် မိန်းမက ဘယ်မှာနေတာလဲ…ထီးလေး မင်းရော သိပြီးပြီလား.…´
`ဟာ…အဲ့ဒါမှ ဒုက္ခပဲ ငါမမေးထားမိလိုက်ဘူး ပြီးတော့ သူ့အလောင်းရှိတဲ့ နေရာကို မေးနေတုန်းရှိသေးတယ် ငါ့အဖေ အခန်းတံခါးလာခေါက်တာနဲ့ ချက်ချင်းပျောက်သွားတာပဲ… မမေးထားမိလိုက်ဘူး´
`မင်းဆီ ပြန်လာမယ်လို့ ပြောသွားသေးလား ဘာပဲဖြစ်ဖြစ် သူ့ကို သေသေချာချာ လိပ်စာမေးပြီးမှ ငါတို့ သူ့မိန်းမဆီကို အကြောင်းသွားကြားပေးမယ်…ပြီးရင် အဲ့ဒီလူတွေ အားလုံးကို ရဲတိုင်ပြီး အမှု့ဖွင့်လိုက်မယ်…´
`ရဲတိုင်ဖို့တော့ ငါတို့ဆီမှာ ခိုင်လုံတဲ့ သက်သေမရှိသေးဘူး…မောင်ကျော့် အလောင်းမြှုပ်ထားတဲ့ နေရာကို အရင်သိမှ သက်သေတစ်ခု ငါတို့ဘက်မှာ ပြနိုင်မယ်…မဟုတ်ရင် ငါတို့တောင် အသေရည်ဖျက်မှု့နဲ့ တရားစွဲခံနေရမယ်…´
`ဒါဆို ဘယ်လို လုပ်မလဲ…´
`မတတ်နိုင်ဘူး ဒီနေ့တစ်နေ့လုံး မောင်ကျော့်ကိုပဲ စောင့်နေလိုက်ကြတာပေါ့…သူရောက်လာမှ လိပ်စာမေးပြီး သေချာသွားစုံစမ်းရမယ်…သြော်…ဒါနဲ့ ငါတို့ ဒီအကြောင်း လူကြီးတွေကို အသိပေးလိုက်ရင် ကောင်းမလား…တန်ခိုး…မျှားလေး မင်းတို့ရော ဘယ်လို သဘောရလဲ…´
`ငါ့အထင် ပြောရရင် လူကြီးတွေကို အသိမပေးသေးတာ ကောင်းလိမ့်မယ် ဘာဖြစ်လို့လဲဆိုရင် ငါတို့ ကိစ္စက စိတ်ကူးယဉ်ဆန်ပြီး ဘာသက်သေမှ မပြနိုင်သေးဘူးလေ…ဒီတော့ အသိမပေးသေးတာ ကောင်းမယ်…´
`ဟုတ်တယ်…တန်ခိုးပြောတာ မှန်တယ်…ထီးကလေး ပြောသလို မောင့်ကျော့်ရဲ့ အလောင်းကို တွေ့မှ ငါတို့ အသိပေးလိုက်တာ ပိုကောင်းလိမ့်မယ်…´
`ကောင်ပြီလေ…ငါလဲ မင်းတို့ကို ပြောသာပြောရတာ မင်းတို့မယုံမှာဆိုးတယ် ဒီနေ့သာ မောင်ကျော်ငါ့ဆီ ထပ်ရောက်လာမယ်ဆိုရင် မင်းတို့ကိုလဲ ငါသေချာ အကူညီတောင်းရဲမှာပါ…´
`မင်းကို ငါတို့က ယုံပြီးသားပါကွာ အဓိက မောင့်ကျော့်မိန်းမနေတဲ့ လိပ်စာနဲ့ သူ့အလောင်းမြှုပ်ထားတဲ့ နေရာကို သိဖို့လိုတယ် ဒီတော့ သူ့သာ တကယ်လို့ ဒီနေ့မင်းဆီကို ထပ်လာဦးမယ်ဆိုရင် မင်းမေးထားပေး…´
`စိတ်ချ ဒီတစ်နေ့လုံး သူ့ကိုပဲ ငါမျှော်နေမယ်…´
`ကဲ…ကောင်းပြီ…ငါတို့ကို ခွင့်ပြုဦး မင်းခရီး မသွားဖြစ်တော့ဘူးဆိုတော့ ငါတို့လဲ အိမ်ခဏပြန်ဦးမယ် ညနေမှ ငါတို့ ပြန်ဆုံကြမယ်´

ရင်နစ်ဖွယ် ဝိဥာဉ်ကောင်လေး မောင်ကျော်၏ ဖြစ်ရပ်ကား သူငယ်ချင်းဖြစ်သူများကို ပြောလျက် အချိန်ကား နေ့လည်ခင်းသို့ ရောက်ရှိလာခဲ့ချေသည်။ သို့နှင့် ကျွန်ုပ်အား နှုတ်ဆတ်လျက် သူငယ်ချင်းများ မိမိအိမ်သို့ ခေတ္တပြန်ဦးမည်ဟုဆိုကာ ကိုယ်ဆီထွက်ခွာသွားကြတော့သည်။ ခရီးမထွက်ဖြစ်တော့ကြောင်း မိဘနှစ်ပါးအား ပြောလျက် အိပ်ခန်းအတွင်းသို့ ဝင်ကာ မောင်ကျော့်ကိုသာ ကျွန်ုပ်မျှော်နေမိတော့သည်။
`မိန်းမ ငါ့စိတ်ထဲမှာ တစ်မျိုးပဲ အိမ်ရှင်းဦးမှ ဖြစ်မယ်နဲ့ထင်တယ်…နေရတာ စိတ်မသန့်ဘူး´
`ဘယ်လိုဖြစ်လို့လဲ ညကအိပ်ရေး မဝဘူးလား…နေရော ကောင်းရဲ့လား…´
`နေတော့ကောင်းတယ် စိတ်ထဲမှာ ပယောဂါတစ်ခုခု ငါတို့အိမ်မှာ ရှိနေသလိုကြီး ခံစားနေရတယ်…မဖြစ်သေးပါဘူး ဘုရားရှစ်ခိုးပြီး အိမ်ဝိုင်းကို စည်းချထားဦးမှ…´
အဖေကား အထက်လမ်းဆရာတစ်ယောက် ဖြစ်ပြီး ပယောဂါလည်း လက်ရှိကုသနေသော ဆရာတစ်ယောက်ဖြစ်လျက် အိမ်တွင် အနှောက်ယှက်များ ရှိနေသလားဟုဆိုကာ ဘုရားရှစ်ခိုးလျက် အိမ်အတွင်းနှင့်ခြံအထိ စည်းချ ရေမန်းများဖြင့် လိုက်လံပတ်ဖျန်းနေတော့သည်။ ထိုအချိန် ခြံဝသို့ မောင်ကျော်ရောက်လာပြီး ခြံထဲသို့ ဝင်ရန် ကြံဆလိုက်ချိန်မှာပဲ
`အား…ပူလိုက်တာ…ငါဘာလို့ ခြံထဲ ဝင်လို့ မရတာပါလိမ့်…မဟုတ်သေးပါဘူး…ညကတောင် ဝင်လို့ရသေးတာပဲ…ဘာဖြစ်လို့ပါလိမ့်…´
တစ်ယောက်တည်း တွေးလျက် ခြံထဲသို့ ဝင်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း မောင်ကျော်မှာ ဝင်၍မရ ခြံအပြင်သို့သာ လွှင့်စင်နေခဲ့သည်။ ထိုနောက် လက်လျော့လျက် ခြံအပြင် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး
`ငါဘယ်လို လုပ်ရပါ့မလဲ…ထီးကလေးဆီကိုမှ သွားလို့မရရင် ငါဘယ်လို လုပ်ရမလဲ…ဟိုဦးလေးကိုလဲ ဘယ်မှာ သွားရှာရမှန်းမသိဘူး…ဘယ်လိုလုပ်ရမလဲ ငါဘယ်လိုလုပ်ရမလဲ…မထူးပါဘူး…ဖြူ့တို့အိမ်ဘက်ကို တစ်ချက်လောက် သွားကြည့်ဦးမှ…´
အတွေးပေါက်ခါ မောင်ကျော်တစ်ယောက် စိတ်လွှင့်၍ မရ ခေါင်းငိုက်စိုက်ခါ သူ၏ မိန်းမဖြူနေထိုင်ရာ အိမ်သို့ လျောက်လှမ်းသွားချေသည်။ လမ်းခုလပ် တစ်နေရာအရောက်တွင် ခေါင်းငိုက်စိုက် လျောက်လှမ်းလာသော မောင်ကျော်အား မိန်းမကြီးတစ်ယောက်မှ
`ဟဲ့ကောင်လေး…နင်ဒီအတိုင်း လျောက်သွားနေလို့ကတော့ တစ်ချိန်ချိန်မှာ အောက်လမ်းဆရာတစ်ယောက်ယောက်ရဲ့ လက်ထဲရောက်သွားလိမ့်မယ် ပြီးရင် နင့်ကို ခိုင်းစားနေလိမ့်မယ် လျောက်သွားမနေနဲ့ နေစရာ တစ်ခုခုရှာ မဟုတ်ရင် ငါပြောသလို နင်ခိုင်းစားခံနေရတော့မှာ သေချာတယ်…´
အထုတ်ကြီးအား ခေါင်းပေါ်တွင် ရွက်လျက် ၆နှစ်သားကလေးအား လက်ဆွဲပြီး မျက်နှာချင်းဆိုင် လျောက်လှမ်းလာသော မိန်းမကြီး၏ ပြောစကားကြောင့် မောင်ကျော်တစ်ယောက် ခြေလှမ်းများ ရပ်တန့်သွားလျက်
`ဟင်!…အဒေါ်ကြီးကလဲ ဝိဥာဉ်ပဲလား…´
`အေးလေ…ငါတို့ သားအမိက ကားတိုက်ခံရလို့ သေသွားတာ လွန်ခဲ့တဲ့ ငါးနစ်လောက်က နင့်ကြည့်ရတာ ဒီဘဝရောက်တာ သိပ်မကြာသေးဘူးနဲ့ ထင်တယ် ဟုတ်လား´
`ဟုတ်တယ်ဗျ…ကျုပ်သေသွားချိန်နဲ့ အခုအချိန်တွက်ကြည့်တာ ခြောက်လကျော်နေပြီ ဒါပေမယ့် ကျုပ်စိတ်ထဲမှာ မနေ့ တစ်နေ့ကလိုပဲ အောင်းမေ့နေတယ်…´
`ဒါကြောင့်ကို အေးပေါ့လေ နောက်တော့လဲ နင်နေသားကျသွားမှာပါ…ငါတို့ကို ခွင့်ပြုဦး နေစရာလေးရတုန်း ပြောင်းလိုက်ဦးမယ်…ဟဲ့…ငါပြောတာနားထောင်နော် နေစရာ မြန်မြန်ရှာ ကြားလား…ငါတို့တော့ သွားတော့မယ်.´
`ဟုတ်…ဟုတ်ကဲ့…´
နှုတ်ဆတ်ထွက်ခွာသွားသော သားအမိနှစ်ယောက်အား မောင်ကျော်တစ်ယောက် အနောက်မှ ခေါင်းကုတ်လျက် ကြောင်တောင်တောင်ကြည့်နေမိသည်။ ထို့နောက် ခဏအကြာမှာပဲ အိမ်ကြီးတစ်လုံး အရှေ့သို့ ရောက်ရှိလာပြီး ခြံအတွင်းသို့ ဝင်ရန် ခြေလှမ်းစတင်လှမ်းလိုက်စဉ်တွင်
`ကောင်လေး…မင်းမကျွတ်သေးဘူးလား´
ခြံစည်းရိုးတန်းပေါ်တွင် အခန့်သား ထိုင်နေသော လူဝကြီးတစ်ယောက်မှ မောင့်ကျော်အား စကားလှမ်းပြောလိုက်လေသည်။ အသံလာရာဆီသို့ မောင်ကျော်လှမ်းကြည့်လိုက်ပြီး
`ဟင်!…ဘယ်သူများလဲ မှတ်တယ်…ခြံစောင့်နတ်ကြီးပါလား ကျုပ်ကို ခင်ဗျား ခြံထဲမဝင်နိုင်အောင် တားဦးမလို့လား´
`ဟားဟား…မတားပါဘူးကွာ ဒီအပိုင်းက ငါနဲ့ မဆိုင်တော့ဘူး မင်းဝင်ချင်တိုင်းဝင်လို့ရနေတဲ့ အချိန်ကာလဖြစ်ပေမယ့် အိမ်ရှင်တွေ မင်းကို မဝင်နိုင်အောင် တားမယ်ဆိုရင်တော့ မင်းကို ငါတားပိုင်ခွင့်ရှိတယ် အခုတော့ မင်းခြံထဲဝင်တာမြင်လဲ ငါ့မှာ တားပိုင်ခွင့်မရှိပါဘူး´
`ခင်ဗျား သဘောပေါက်ရင် ပြီးတာပဲလေ ကျုပ်ကို ခွင့်ပြုဦး…´
မာဆတ်ဆတ်လေသံဖြင့် ခြံစောင့် နတ်ကြီးဆိုသူအား ပြောလျက် ခြံအတွင်းသို့ မောင်ကျော်တစ်ယောက် ဝင်ရောက်လာလေသည်။ ခြံအတွင်းတွင် လူသန်ကြီး လေးယောက်ကား အရက်သေစားများ သောက်စားလျက် ခြံစောင့်သဘောမျိုးနှင့် စောင့်ကြပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူလေးယောက်အား မောင်ကျော်တစ်ယောက် မဲ့ပြုံးပြုံးလျက် မကျေနပ်သော အကြည့်များနှင့် ကြည့်လျက် အိမ်မကြီးအထဲသို့ ဝင်ရောက်ရန် ခြေဦးစတင်ရွယ်လိုက်တော့သည်။ ထို့နောက် ကျယ်ဝန်းလှသည့် အိမ်ကြီးအတွင်းသို့ ရောက်ရှိလာပြီး ပြောင်လက်နေသော ကြမ်းပြင်အပေါ်မှ ဟိုကြည့် ဒီကြည့်လိုက်ကြည့်နေလျက်
`ဖြူ…ဖြူ…သမီးလေး…တိုးပွားရေ…´
သူ၏ စကားသံများအား မည်သူမှ မကြားနိုင်သည်ကို သိထားသော်လည်း ငြိုးငယ်သော စိတ်ဖြင့် နှုတ်မှ အော်ခေါ်နေမိခဲ့သည်။ မကြာခင်အချိန်တွင်းမှာ အိမ်ကြီး၏ အပေါ်ထပ် တစ်နေရာမှ ခွေးလေး တိုးပွား၏ ဟောင်သံအား ကြားရလိုက်သည်ကြောင့် မောင်ကျော်မှာ ပျော်ရွှင်သော မျက်နှာဖြင့် အိမ်ကြီး၏ အပေါ်ထပ်သို့ ပြေးတတ်သွားချေတော့သည်။ နှုတ်မှ ခွေးလေး တိုးပွား၏အမည်အား အော်ခေါ်နေလျက် အပေါ်ထပ် အိပ်ခန်းများထဲမှ အသံကြားရာ အခန်းကိုသာ ပြာပြာသလဲ လိုက်ရှာနေခဲ့သည်။အိမ်ကြီးက ကြီးမားလျက် ကျယ်ဝန်းစွာ တည်ဆောက်ထားသည်။ ကြမ်းပြင်မှ အစ ခေါင်မိုး မျက်နှာကြပ်အထိ ပြောင်လက်စွာ ရွှေရောင်အလား တောက်ပနေသည်။ ခွေးလေး၏ အမည်ကို တမ်းတခေါ်နေရင်း အသံကြားရာ အခန်းရှေ့သို့ မောင်ကျော်တစ်ယောက် ရောက်ရှိသွားတော့သည်။
`တိုးပွား…တိုးပွား…သားကြီး မင်းဒီအခန်းထဲမှာလား…မင်းသခင်ဖြူရော ငါ့သမီးလေးရော…´
အခန်းထဲသို့ မဝင်သေးပဲ အိပ်ခန်းအပြင်မှ အလောတကြီး ခွေးလေးတိုးပွားအား မေးနေတော့သည်။ ထို့နောက် အိပ်ခန်းအတွင်းသို့ အလွယ်တကူ ဝင်ရောက်သွားပြီး ခွေးလေးတိုးပွားအား လည်ပင်းမှ သိုင်းဖတ်ခါ အားပါးတရ ငိုချလိုက်လေသည်။ ခွေးလေးတိုးပွားမှာ သခင်ဖြစ်သူ ဝိဥာဉ်မောင်ကျော်အား မမြင်မတွေ့ရသည်မှာ အချိန်ကြာနေသော်လည်း ယခုအချိန်ထိ မှတ်မိလျက် မောင်ကျော်၏ တစ်ကိုယ်လုံးအား လျှာဖြင့်ရက်ကာ မြူးတူးနေခဲ့သည်။ အငိုမျက်လုံးများနှင့် သခင်ဖြစ်သူ မောင်ကျော်က ခွေးလေးတိုးပွားအား အားပါးတရ ဖတ်လျက် ငိုပြီးသည့်နောက်
`မင်း…မင်းသခင်ရော…ငါ့သမီးလေးရော အခုဘယ်မှာလဲ´
ပြန်မပြောနိုင်သည့် ခွေးလေးအား အဆက်မပျက်မေးနေလျက် ခွေးလေးတိုးပွားကား နားလည်နေသလား မောင်ကျော်၏ မျက်နှာကို ငြိုးငယ်စွာ စိုက်ကြည့်နေခဲ့သည်။ ထိုနောက် သခင်ဖြစ်သူ ဝိဥာဉ်မောင်ကျော်အား လမ်းပြသကဲ့သို့ အခန်းတံခါးဆီသို့ ခေါ်ဆောင်နေခဲ့သည်။ အခန်းတံခါးအား ဖွင့်ခိုင်းနေသည်ကို နားလည်သော မောင်ကျော်ကား အခန်းတံခါးအား ဖွင့်ရန် တံခါးလော့အား ကိုင်လက်သည်နှင့် လက်နှင့်မထိ ချော်ထွက်သွားခဲ့သည်။
`ငါဖွင့်လို့ မရဘူး…တိုးပွား…ငါမဖွင့်နိုင်ဘူး…သမီးလေးနဲ့ ငါ့မိန်းမကို သူတို့ ဘယ်ပို့ထားလဲ…မင်းသိရဲ့လား´
မောင်ကျော်၏ အမေးကား ပြန်ဖြေနေလေသလား ခွေးလေး တိုးပွားမှာ မောင့်ကျော့်အား ကြည့်လျက် ထိုးဟောင်နေလေခဲ့သည်။ အခန်းအား အပြင်မှ အတွင်းထိ တံခါးများ အလုံပိတ်ထားပြီး ခွေးလေးတိုးပွားဆီသို့ မည်သူမှ မလာနိုင်ရန် လုပ်ထားလေသည်။ အခန်းအပြင်သို့ မောင်ကျော်ထွက်သွားပြီး ခွေးလေးတိုးပွား ထွက်နိုင်မည့် အပေါက်အား ယောက်ယပ်ခပ်စွာ ရှာနေခဲ့ သို့သော် အိမ်ကြီးဟာ အပေါက်တစ်ခုမျှ မရှိ ။ထို့နောက် အိပ်ခန်းအတွင်းသို့ ပြန်လည် ဝင်ရောက်သွားပြီး အခန်းအား မောင်ကျော်တစ်ယောက် အကဲခတ်လေ့လာကြည့်လေရာ မိန်းကလေး အသုံးဆောင် ပစ္စည်းများနှင့်အတူ ကလေး ကစားစရာ အရုပ်လေးများအား တွေ့လိုက်ရလေသည်။ထို့နောက် မိမိ၏ဘေးတွင် ရှိနေသော မှန်ဘီရိုအား ကြည့်မိလေရာ မောင်ကျော်နှင့် သူ၏ မိန်းမဖြူတို့ မင်္ဂလာဆောင် ဝတ်ဆင်ခဲ့သော အဝတ်စားလေးအား အမြတ်တနိုး သိမ်းထားသည်ကို တွေ့လိုက်ရလေသည်။
`ဟာဒါ!…ဒါ ဖြူတို့ သားအမိနေတဲ့ အခန်းပဲဖြစ်ရမယ်…ဟုတ်လား တိုးပွား…´
အနီးရှိ ခွေးလေးတိုးပွားအား မောင်ကျော်တစ်ယောက် အားကိုးကြီးစွာ မေးလိုက်လေရာ ခွေးလေးမှာ ကလေး သံပုခတ်လေးဆီသို့ အပြေးခုန်ပေါက် တတ်ပြလိုက်လေသည်။ ထိုနောက် ဖြူ့အဝတ်စားများအား ပါးစပ်ဖြင့် ချီပြလျက် ကလေးအဝတ်လေးများကိုလည်း ကိုက်ချီပြလိုက်လေသည်။ ခွေးလေး၏ အပြုမှုများကို တွေ့လိုက်ရသော မောင်ကျော်ကား ပီတိဖြစ်ကာ အငိုမျက်လုံး အပြုံးမျက်နှာဖြင့် တိုးပွား၏ ခေါင်းလေးအား ပွတ်သပ်လိုက်လေသည်။
`ဒါဆို ဖြူတို့ သားအမိ ဒီမှာပဲ နေတာပေါ့…ဒါသူတို့ သားမိနဲ့ မင်းနေတဲ့ အခန်းပေါ့ ဟုတ်လား တိုးပွား…ဖြူက မင်းကို အခန်းအလုံပိတ်သွားတယ်ပေါ့လေ မင်းက အရင်လို မဟုတ်ပဲ ဆိုးနေလို့ နေမှာပေါ့ တိုးပွားကြီး မဆိုးရဘူးနော်…´
သခင်ဖြစ်သူ ဝိဥာဉ်မောင်ကျော်၏ ပြောစကားတို့အား ခွေးလေး စိုက်ကြည့်နေလျက် မျက်တောင်လေးအား ဖြေးညင်းစွာ ခတ်နေခဲ့သည်။ ခွေးလေးအား မောင်ကျော်တစ်ယောက် စနောက် စကားပြောဆိုနေစဉ် အိမ်ကြီး၏ အောက်ထပ်မှ လူသံတစ်ချို့အား သဲ့သဲ့ကြားလိုက်ရလေပြီ။ ထိုစကားသံများက မောင်ကျော်၏ မိန်းမအသံပင် ဖြစ်နေချေတော့သည်။ မိန်းမဖြစ်သူ အသံအား ကြားလိုက်ရသည်ကြောင့် အိပ်ခန်းအတွင်းမှ မောင်ကျော်တစ်ယောက် အပြေးထွက်သွားပြီး အပေါ်ထပ် လှေကား မှ အောက်သို့ ကြည့်လိုက်လေရာ
`ဖြူ…သမီးလေး…´
မိန်းမဖြစ်သူ ဖြုကား ၇ လနီးပါးမျှ ရှိနေသော ကလေးတစ်ယောက်အား ချီထားလျက် အပြင်တစ်နေရာမှ ပြန်လာပုံဟန်ကို မောင်ကျော်တွေ့လိုက်ရသည်ကြောင့် မိမိ၏ နှုတ်မှ တမ်းတခေါ်လိုက်သည်။ သို့ပေမယ့် သူ၏ အသံအား မိန်းမ ဖြစ်သူ ဖြူတစ်ယောက် မကြားနိုင် အပေါ်ထပ် လှေကားဆီသို့  တတ်လာလေခဲ့သည်။ မောင်ကျော့်အား ထိုးဖောက် လျောက်သွားလျက် ခွေးလေးတိုးပွားရှိနေသည့် အခန်းအတွင်းသို့ တံခါးအား သော့ဖွင့်ကာ ဝင်ရောက်သွားခဲ့တော့သည်။ ဖြူနှင့် သမီးလေး ဝင်သွားသော အခန်းအတွင်းသို့ မောင်ကျော် အနောက်မှ လိုက်ဝင်သွားပြီး အိပ်ခန်းအတွင်းသို့ ရောက်သည်နှင့် ခွေးလေးတိုးပွားမှာ ဖြူ့၏ လုံချည်စအား ကိုက်ဆွဲလျက် ဝိဥာဉ်မောင်ကျော် ရပ်နေသည့် နေရာနားသို့ ဆွဲခေါ်နေခဲ့တော့သည်။
`ဘာဖြစ်လို့တုန်း…တိုးပွားရဲ့ နင့်ကြည့်ရတာ ဒီနေ့တစ်မျိုးပါလား…ငါ့ကို စိတ်မဆိုးပါနဲ့ဟာ နင့်ကို အခုလို တံခါးအလုံပိတ်မသွားရင် ဖေဖေတို့နင့်ကို သတ်ပစ်လိမ့်မယ် ဒါကြောင့် ငါတံခါးတွေ အလုံပိတ်သွားရတာပါ…´
ခွေးလေး တိုးပွားအား သိတတ်နားလည်သည့် လူတစ်ယောက်ကဲ့သို့ ရှင်းပြ ပြောဆိုနေသည်ကို မောင်ကျော်တွေ့ရသည်ကြောင့် မျက်ရည်များကျလျက် ပြုံနေမိခဲ့သည်။ ခွေးလေး ဆွဲခေါ်ရာသို့ ဖြူပါလာပြီး မောင့်ကျော်အနားသို့ ရောက်သည်နှင့် ရင်းနှီးစွာ ရခဲ့ဘူးသော် အနံ့တစ်ချို့အား ဖြူတစ်ယောက်ရသွားလေသလား အသက်အား ခပ်ပြင်းပြင်းရှု့လျက် တစ်စုံတစ်ခုကို တမ်းတသတိရသွားမိသည်။ ထို့နောက် သတိရသွားသည့် စိတ်အား နာကျည်းသော ပုံစံသို့ ပြောင်းလဲသွားလျက် မျက်နှာထားအား ခပ်တင်းတင်းပြုမှုလိုက်ခါ ထိုနေရာမှ လှည့်ထွက်သွားခဲ့သည်။
`ဖြူ…မင်းအရှေ့မှာ ငါရပ်နေတယ်လေ…မင်းငါ့ကို မတွေ့နိုင်ပါဘူး ငါ့အနံ့သတ်တွေကိုတော့ မင်းရနိုင်ပါတယ်…ဘာကြောင့် မင်းမျက်နှာပြောင်းလဲ သွားရတာလဲ ငါ့ကို စိတ်နာနေတာလား…ငါမင်းကို ဘယ်တော့မှ ထားမသွားဘူးလို့ ကတိတွေ ပေးခဲ့တယ်လေ…အခုလဲ ငါမင်းကို ထားသွားတာ မဟုတ်ပါဘူး…ငါသေသွားခဲ့တာပါဖြူရယ်…မင်းကို ငါအကုန်လုံးရှင်းပြချင်တယ်ဖြူ…ဒါပေမယ့်လေ မင်းငါ့စကားတွေကို မကြားနိုင်တော့ဘူး…ငါ့ကိုခွင့်လွတ်ပါ တစ်နေ့နေ့ရောက်ရင် မင်းကို ငါရှင်းပြနိုင်မှာပါ…ငါလေ မင်းကို သိပ်သတိရတာပဲ သမီးလေးက အခုချိန်ထိ မင်းနဲ့အတူရှိနေတာ တွေ့ရတော့ ငါအရမ်းဝမ်းသာတာပဲဖြူရယ်…´
လှည့်ထွက်သွားသော ဖြူ၏ အနောက်မှ ကပ်လျက် မောင်ကျော်တစ်ယောက် စကားများပြောနေသော်လည်း ဖြူတစ်ယောက် မကြားနိုင် ခွေးလေးတိုးပွားကတော့ ပုခတ်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကလေးလေးအား ငုတ်တုတ်ထိုင် ကြည့်နေသည်က လူတစ်ယောက် ပမာ။ ပုခတ်ထဲတွင် ရှိနေသော သမီးလေးအား မောင်ကျော် စိုက်ကြည့်လိုက် မျက်ရည်များ ကျနေခဲ့သည်။ ခွေးလေး တိုးပွားကား မောင်ကျော်ရှိနေသည့် နေရာနှင့် ဖြူရှိနေသော နေရာတို့အား ယောက်ယပ်ခတ်စွာ ပြေးပြနေလျက် တိုးပွားနှင့် နီးကပ်စွာ နေထိုင်လာသော ဖြူကား ယခုဖြစ်ပျက်နေသော တိုးပွား၏ အပြုမှုအား နားမလည်နိုင် ကုတင်းပေါ်တွင် လဲလိုက်စဉ်
`သမီး…သမီး…´
အိပ်ခန်းအပြင်မှ မိန်းမကြီးတစ်ယောက်၏ ခေါ်သံအား ကြားလိုက်ရသည်ကြောင့် လဲလျောင်းနေသည့် ဖြူတစ်ယောက် ဆတ်ခနဲ ထလိုက်ပြီး
`ရှင်…မေမေ…´
`ဧည့်ခန်းကို ခဏဆင်းခဲ့ဦး သမီးဖေဖေလည်း ဧည့်ခန်းမှာ စောင့်နေတယ် ဖေဖေနဲ့ မေမေ သမီးကို ပြောစရာလေးရှိလို့´
ထိုမိန်းမကြီးကား ဖြူ၏ အမေဖြစ်ပေသည်။ ထို့နောက် အိပ်နေသည့် သမီးလေးအား နမ်းရှိုက်လျက် မိန်းမကြီးခေါ်ရာ ဧည့်ခန်းဆီသို့ ဖြူတစ်ယောက် ဆင်းရန် အိပ်ခန်းတံခါးအား ဖွင့်လိုက်စဉ်
`ဟေ့…တိုးပွား…ဘယ်လိုက်မလို့လဲ…သွားသွား သမီးလေးကို ခဏစောင့်နေပေး…နိုးမှ ငါ့ကို လာခေါ် ကြားလား…´
ဖြူနှင့်အတူ အောက်ထပ်ဧည့်ခန်းသို့ ခွေးလေးတိုးပွား လိုက်ပါမည်အလား ဖြူ၏ပြောလိုက်သော စကားတို့ကြောင့် အိပ်ခန်းဝတွင် ငုတ်တုတ်ထိုင်လျက် ကျန်နေခဲ့တော့သည်။ ဖြူ၏ အနားမှ ထပ်ကြပ်မကွာ မောင်ကျော်လိုက်ပါလာရင်း မိန်းမကြီး ရှိနေသည့် ဧည့်ခန်းဆီသို့ ရောက်ရှိလာခဲ့လေသည်။
`ဘာပြောမလို့လဲ မေမေ…´
`ဒီလို သမီးကို ဖေဖေနဲ့မေမေတို့ နောက်ထပ်အိမ်ထောင်ချပေးရင် ကောင်းမလားလို့ တိုင်ပင်ထားတယ်…သမီးလေး သဘောကရော´
`ရှင်!…သမီး…အိမ်ထောင်မပြုချင်တော့ဘူးမေမေ…သမီး အိမ်ထောင်ရေးကို တော်တော်လေး စိတ်ကုန်သွားပြီး…အခုလိုမျိုး သမီးရဲ့ သမီးလေးနဲ့ တစ်ဘဝလုံး အတူတူပဲ နေသွားတော့မယ်လို့ စိတ်ကူးထားတယ်…´
`ဒီလိုလဲ ဘယ်ဟုတ်ပါ့မလဲ သမီးလေးရယ်…လင်မရှိတဲ့ မယားဆိုတာ မတင့်တယ်ဘူးလေ…အိုး…ဘာပဲဖြစ်ဖြစ် သမီးကို အခုချိန်ထိ စွဲစွဲလမ်းလမ်းချစ်နေရှာတဲ့ ဖေဖေမိတ်ဆွေရဲ့သား သင်္ဘောသားလေးနဲ့ လက်ထပ်ပေးမယ်…သူက သမီးလေးအကြောင်းကို သိထားတာတောင် အခုချိန်ထိ ဘာဖြစ်ဖြစ်ချစ်နေပါသေးတယ်တဲ့…´
`သမီး လက်မထပ်နိုင်ဘူး ဖေဖေ…သမီးရင်ထဲက ဒဏ်ရာအဟောင်းကိုတောင် မဖြေနိုင်သေးဘူး…နောက်ထပ် အိမ်ထောင်ရေး ကိစ္စတွေကို သမီး စိတ်မဝင်စားတော့ဘူး…ဖေဖေနဲ့ မေမေ သမီးကို နားလည်ပေးပါ…´
ဖြူရဲ့ မိဘနှစ်ပါးက သူမအား သင်္ဘောသား တယောက်နှင့် လက်ထပ်ပေးရန် စီစဉ်ထားကြောင်း ပြောနေသည်ကို ဘေး၌ ရှိနေသော မောင်ကျော်တစ်ယောက် အားလုံးကြားနေရသည်။ ဖြူ့ကား ထိုကိစ္စ ငြင်းပယ်နေသည်ကြောင့် မောင်ကျော်မှာ သူ့အား မမြင်နိုင်သည့် မိန်းမဖြစ်သူကို ကြည့်လျက်
`ကျေးဇူးတင်ပါတယ်ဖြူရယ်…မင်းအိမ်ထောင် ထပ်ပြုလိုက်ရင် ငါတို့ရဲ့ သမီးလေးကို ဘယ်သူ စောင့်လျောက်ပေးမှာလဲ…မင်း အိမ်ထောင်မပြုလိုက်ပါနဲ့…ငါတောင်းပန်ပါတယ်´
သူ၏ အသံအား ဖြူတစ်ယောက် မကြားနိုင်သည်ကို သိသော်လည်း ငိုလျက်သာ မောင်ကျော် ပြောနေမိခဲ့သည်။ ထိုနောက် အိမ်ကြီး၏ အပေါ်ထပ်မှ ခွေးလေးတိုးပွား ပြေးဆင်းလာပြီး ဖြူ၏ လုံချည်စလေးအား ကိုက်လျက် ကလေးနိုးနေပြီဖြစ်ကြောင်း အသိပေးပြောနေခဲ့သည်။ ခွေးလေးတိုးပွား၏ အပြုမူအား ဖြူတစ်ယောက် ကောင်းစွာနားလည်၍ မိဘနှစ်ပါးအား နှုတ်ဆတ်လျက် အပေါ်ထပ်အိပ်ခန်းသို့ ပြန်လည် တတ်သွားချေတော့သည်။
`အဲ့ဒီခွေးကို ငါနည်းနည်းလေးမှ ကြည့်မရဘူး…တော်တော်လည်တဲ့ ခွေး…တစ်နေ့လောက် အဲ့ခွေးကို ငါသတ်ပစ်ဦးမယ်…´
လူတစ်ယောက်ကဲ့သို့ သိတတ်နားလည်လွန်းသည့် ခွေးလေးတိုးပွား၏ အပြူမူအား ဖြူ၏ ဖခင်ဖြစ်သူမှ ကြိမ်းဝါးလျက် စောင့်ကြည့်နေလေသည်။ ဖြူကား ဖခင်၏ ရက်စက်တတ်သော စိတ်အား သိထားသူ ပီပီ ခွေးလေးအား မျက်စိအောက်မှ အပျောက်ခံ သွားလေရာ ခေါ်သွားတတ်သည်။ မောင်ကျော်နှင့် မွေးထားသော သမီးလေးအား ထိုအိမ်ကြီ၌ ဆင်းရဲသား အပေတေကောင်၏ သွေးသားဟုဆိုခါ မည်သူမှ ဂရုမစိုက်ကြချေ။ ဖြူတတ်သွားသော လှေကားတို့မှ တစ်ဆင့် ဖြူနှင့်အတူ မောင်ကျော်ပါ တစ်ပါတည်း အိပ်ခန်းအတွင်းသို့ လိုက်ပါသွားလျက် သူ့အားမြင်နိုင်သည့် ခွေးလေးတိုးပွားကိုသာ အားကိုတကြီး ပြုံရယ်ပြနေခဲ့သည်။

🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂🌂

အချိန်ကား ညနေ ၅နာရီနီးပါးမျှ ရှိနေခဲ့ပြီ။ မိုးတွင်းကာလရဲ့ အေးစက်စက် အငွေ့သတ်လေးက ပြင်းထန်စွာ တိုက်ခိုက်လျက် ကျွန်ုပ်၏ ထိုင်းမှိုင်းနေသော စိတ်တို့ကား ထိုလေတို့နှင့်အတူ မျောပါသွားလေသလား။ ရှုတ်ထွေးမှု့များနှင့်ဖိစည်းမှု့အားလုံးကို ထိုလေညင်းလေးက ခေါ်ဆောင်သွားစေခဲ့သည်။ တနေ့ကုန် မောင်ကျော်ပြန်လာမည့် အချိန်ကို စောင့်မျှော်နေခဲ့သော်လည်း သူကား ယခုအချိန်ထိ ကျွန်ုပ်ရှိရာသို့ ရောက်မလာခဲ့ချေ။ အိမ်ထဲမှထွက်လာပြီး ခြံထဲရှိခုံများဆီသို့ ကျွန်ုပ်၏ ဖြေးညင်းသော ခြေလှမ်းတို့ ဦးတည်မည်အလုပ်
`ထီးကလေး…´
ခြံရှေ့မှ ကျွန်ပ်အား ခေါ်လိုက်သည့် အသံကြားလိုက်သည်ကြောင့် လှည့်ကြည့်လိုက်လေရာ ကျွန်ုပ်၏ သူငယ်ချင်းများ ဖြစ်သည့် လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုးတို့က ကျွန်ုပ်အား ခြံရှေ့မှ ပြုံးပြလျက် ကျွန်ုပ်ရှိနေရာဆီသို့ ဦးတည်လျောက်လာခဲ့လေသည်။ သူတို့အား မြင်လိုက်သည်နှင့် ဝိဥာဉ်ကောင်လေး မောင်ကျော်၏ အကြောင်းအား စတင်မေးမြန်တော့မည်ကို ကျွန်ုပ်ကောင်းစွာ နားလည်ထားချေခဲ့သည်။ ထို့နောက် ခုံများဆီသို့ ကိုယ်ဆီထိုင်လိုက်ကြပြီ
`မောင်ကျော် ရောက်လာသေးလား…ထီးလေး´
ကျွန်ုပ်ထင်သည့်အတိုင်း သူငယ်ချင်းဖြစ်သူ ငါးကလေး၏ အမေးစကားအား စတင်ကြားလိုက်ရတော့သည်။ သူငယ်ချင်းဖြစ်သူ ငါးကလေး၏ အမေးကား ကျွန်ုပ်ပြန်မဖြေသေး ခေါင်းလေးသာ အသာခါပြလျက်
`ဟင်!…မရောက်လာဘူးပေါ့…ဟုတ်လား´
`ငါလဲ တစ်နေ့လုံး သူ့ကို မျှော်နေတာ အခုချိန်ထိပဲ ညက အကြောင်း ပြန်တွေးမိရင် ငါအိပ်မက်မက်နေတာလားတောင် ထင်မိတယ်…´
`နေဦးကွ…ခဏစောင့်ကြည့်လိုက်ဦး…မင်းဆီကို သူအချိန်မရွေး ရောက်လာဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလေ…သူ့မှာလဲ ပြသနာတစ်ခုခု ရှိနေလိမ့်မယ်…ဒီတော့ ဒီတစ်ညတော့ သူ့ကို ဆက်စောင့်ကြည့်လိုက်ပေါ့…´
`ဟုတ်တယ်…ငါ့အထင် နေ့ခင်းဘက်ကို သူတို့ မလာလောက်ဘူးနဲ့ထင်တယ်…ဝိဥာဉ်လောကဆိုတာ ငါတို့ ကြုံခဲ့ရတဲ့ စုန်း ကဝေ အောက်လမ်း ပညာတွေလိုမဟုတ်ဘူးလေ…ဝိဥာဉ်က အလင်းကို ကြောက်တယ်…နူးညံ့မှု့ကို သိပ်မြတ်နိုးတယ် ပြီးတော့ ဝိဥာဉ်ဆိုတဲ့ အစွဲအရ နင့်ဆီကို သူလာနေကြ အချိန်ပဲ လာလိမ့်မယ်ထင်တယ်…´
`ဟုတ်တယ်…မျှားလေး ပြောတာ မှန်တယ်…မင်းဆီကို ညမှ လာမယ်ထင်တယ်…´
`ဒီလိုလုပ်ကွာ…ဘယ်အချိန်ပဲ ရောက်လာ ရောက်လာ သူ့မိန်းမနေတဲ့ လိပ်စာကိုသာ သေချာမေးထား…လူစိတ်မရှိတဲ့ ကောင်တွေကို ငါသိပ်မုန်းတယ်…ငါတို့ကိုယ်တိုင် သူတို့ကို ရဲလက်အပ်မယ်…´
`မင်းစိတ်ဓာတ်ကို ငါတို့ အားလုံး သိပြီးသားပါတန်ခိုးရာ…ဒါပေမယ့် ဒီပြသနာက သွေးအေးအေးနဲ့ လုပ်မှ ရမယ်နော် …အဲ့ဒါကြောင့်…တန်ခိုးသူငယ်ချင်း မင်းစိတ်လိုက်မာန်ပါ မလုပ်မိအောင် နေပေးပါ…´
`အေးပါကွ…ငါခံပြင်းလွန်းလို့ ပြောမိတာပါ…စိတ်ချပါ ငါအဲ့ဒီလို မလုပ်တော့ပါဘူး…´
သူငယ်ချင်းဖြစ်သူ တန်ခိုးကား မဟုတ်မခံ စိတ်ဆတ်တတ်ပြီး မတရားသည့် လုပ်ရက်များအား လက်မခံ စိတ်လိုက်မာန်ပါ လုပ်တတ်သည်ကြောင့် သူ့အား အကျိုးအကြောင်း ရှင်းပြထားလျက် ဇွတ်မလုပ်ရန် မှာထားခဲ့ရသည်။ သူငယ်ချင်း ဖြစ်သူများ၏ အမေးအား ကျွန်ုပ်ကောင်းစွာ မဖြေလိုက်နိုင် အားနာနာဖြင့် ကျွန်ုပ်အား မယုံကြည်မှာလည်း ဆိုးမိ၏။သို့သော် သူငယ်ချင်းဖြစ်သူများက ကျွန်ုပ်အား အယုံအကြည်မပျက် ဆက်လက်သာ အားပေးကူညီမည်ဟု သိလိုက်ရသည်ကြောင့် ဒီညအဖို့ ကျွန်ုပ်တစ်ယောက် မအိပ်ရလျင် နေပါတော့လေ။ ဝိဥာဉ်ကောင်လေး မောင်ကျော် ရောက်လာမည့် အချိန်ကိုသာ မျှော်လင့်တကြီး စောင့်မျှော်နေခဲ့တော့သည်။ အချိန်ကား ည ၁၀ ကျော်နေခဲ့ပြီ။ မိုးဖွဲလေးများက တစ်ဖွဲဖွဲကျလျက် မိုးဦးပေါက်ကာလ ဖားအော်သံလေးများနှင့် ပြည့်နပ်နေသည့် ညထဲတွင် ပြတင်းပေါက် တံခါးလေးအား ဖွင့်ထားလျက် အဝေးကို မျှော်ကြည့်နေသော် မျက်ဝန်းတစ်စုံနှင့် မောင်ကျော်တစ်ယောက် ကျွန်ုပ်ဆီပြန်လာမည့် အချိန်ကိုသာ စောင့်စားနေလေတော့သည်။
ကျွန်ုပ်ထိုင်နေသည့် အခန်းပြတင်းနားတွင် အချိန်မည်မျှ ကြာသွားသည်မသိ နာရီအား ကြည့်မိလိုက်သည့်နှင့် အချိန်ကား ၁၁ :၃၀ ယခု ချိန်ထိ မောင်ကျော်၏ အရိပ်ယောင်အား မတွေ့ရသေး။ သိုနှင့်အိပ်ခန်းတံခါးအား ဖွင့်လျက် ခြံထဲတွင် လမ်းလျောက်ပြီးမှ အိပ်မည်ဟုဆိုသညိ့ အတွေးနှင့် အိမ်မကြီး တံခါးအားဖွင့်ပြီး ခြံထဲသို့ ရောက်ရှိသွားခါ ဘေး ဘယ် ညာ ကြည့်လျက် ခြံအတွင်း ကျွန်ုပ်လမ်းလျောက်နေတော့သည်။ အတန်ကြာသည့်အထိ လမ်းလျောက်နေပြီး အိမ်ထဲသို့ ဝင်မည်အလုပ်
`အစ်ကို…အစ်ကိုထီးကလေး…´
ထိုအသံအား ကျွန်ုပ်ကောင်းစွာ နားဆွဲလျက် မှတ်မိနေသော အသံပင်ဖြစ်ချေသည်။ အသံပိုင်ရှင်က ဝိဥာဉ်ကောင်လေး မောင်ကျော်၏ အသံပင်။ မောင်ကျော့်အသံအား ကြားလိုက်ရသည်ကြောင့် ကျွန်ုပ်ဝမ်းသာလျက် ခြံအရှေ့သို့ အပြေးထွက်သွားပြီး
`ဟာ…မောင်ကျော်…မင်းကို ငါတစ်နေ့လုံး မျှော်နေတာ…ငါ့ဆီမလာပဲ ဒီမှာ ဘာထိုင်လုပ်နေတာလဲ…လာ… အိမ်ထဲဝင်ရအောင်´
ကျွန်ုပ်အား ခြံပြင်သို့ ရောက်သည်နှင့် မောင်ကျော်မှာ မြေပြင်ပေါ်သို့ စိတ်ပျက်စွာ ထိုင်ချလိုက်သည်။ ထို့နောက် အိမ်ထဲသို့ ဝင်ရန် သူ့အား ပြောလိုက်စဉ်တွင်
`ကျုပ် နေ့လည်တည်းက ကိုထီးလေးဆီရောက်နေခဲ့တာ ဒါပေမယ့် ခြံထဲဝင်မရတာနဲ့ စိတ်ညစ်ပြီး ကျုပ်မိန်းမအိမ်ဘက်ကို ရောက်သွားတာပဲ…´
`ဟင်!…ဒါဆို မင်းအခု ငါ့ခြံထဲ ဝင်လို့မရဘူးပေါ့…´
`ဟုတ်တယ်…ကျုပ်ခြံထဲဝင်လို့မရဘူး…´
`ဘာလို့ ဝင်လို့မရတာလဲ…ဘယ်လိုဖြစ်တာလဲ…´
`မသိပါဘူး…ခြံထဲဝင်လိုက်တိုင်း အပြင်ကို လွှင့်ထွက်သွားတာပဲ သိတယ်…´
မောင်ကျော်၏ ပြောစကားအား ကြားလိုက်ရသည်နှင့် ခြံအတွင်းအား ကျွန်ုပ်၏ ဖခင်ဖြစ်သူ စည်းချထားလိုက်ပြီဆိုသည်အား ကျွန်ုပ်ကောင်းစွာ သိရှိသွားချေခဲ့ပြီ။ သို့နှင့်
`အေးအေး…ဒီညတော့ မင်းဘယ်လိုမှ ဝင်နိုင်မှာ မဟုတ်တော့ဘူး…ဒီတော့ ဒီမှာပဲ ငါသိချင်တာလေးတွေ ဖြေပေး…မင်းကို ငါတို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကူညီပေးမယ်…မင်းမိန်းမနဲ့ မင်းသမီးလေးက အခု ဘယ်မှာနေကြတာလဲ…´
`သူတို့က ခရေပင်ရိပ်မွန် အိမ်ယာ ရပ်ကွက်မှာ နေကြတယ်…အခုထိ ကျုပ်ခွေးလေးတိုးပွားနဲ့ ကျုပ်မိန်းမနဲ့ သမီးလေးအခုထိ အဲ့ဒီအိမ်မှာ ရှိနေတုန်းပါပဲ…´
`ဘယ်လို…ခရေပင်ရိပ်မွန် အိမ်ယာ ရပ်ကွက်နော်…´
`ဟုတ်တယ်…အိမ်အမှတ်က B- 12 ခရေပင်ရိပ်သာအိမ်ကြီးဆို အဲ့ရပ်ကွက်မှာ မသိတဲ့ သူ မရှိဘူးဗျ…´
`ဟုတ်ပြီ…ရပြီ…ငါတို့မင်းကို ကူညီလိုရပြီ စိတ်ချ မင်းရဲ့ မတရားအသက်ခံရတဲ့ အဖြစ်ကို ငါတို့ ပြန်ဖော်ပေးမယ်…´
`အားကိုးပါရစေဗျာ…ကျုပ်မိန်းမကို ကျုပ်သေသွားတဲ့ အကြောင်းလေး အရင် သွားပြောပေးပါ…´
`စိတ်ချပြောပေးမယ်…သြော်…ဒါနဲ့…မင်းအလောင်းကို သူတို့တွေ ဘယ်မှာ မြှုပ်ထားကြလဲ…´
ကျွန်ုပ်၏ အမေးစကားအား မောင်ကျော်တစ်ယောက် တုန့်ပြန်မှု့ ချက်ချင်း မလာချေ။ အတန်ကြာမှ တွေးဝေစဉ်စားပြီး
`ကျုပ်ကို သတ်ခဲ့တဲ့ နေရာမှာပဲ သူတို့ မြှုပ်ထားတာ ဖြစ်မယ်ဗျ…ဟုတ်တယ် ကျုပ်ကို သတ်ခဲ့တဲ့ ပဲခူးမြို့အနားမှာ မြှုပ်ထားခဲ့တာ…´
`ဟာ…ရပြီ…ငါနဲ့အတူ ငါ့သူငယ်ချင်းတွေ မနက်ဖြန် မင်းအတွက် အစွမ်းကုန်ကူညီပေးမယ် စိတ်ချတော့…´
`ကျေးဇူးတင်ပါတယ်ဗျာ…ကျုပ် တစ်ချိန်ချိနိမှာ ခင်ဗျားကို တစ်လှည့်ပြန်ကူညီခွင့် ရချင်တယ်…´
ကျွန်ုပ်အား ပြောလျက် ရုတ်တရက် အနားမှ ဝိဥာဉ်မောင်ကျော် ပျောက်ကွယ်သွားလေတော့သည်။ ထို့နောက် ခြံအပြင်မှ ခြံအတွင်းသို့ ဝင်လျက် မောင်ကျော်၏ ပြောစကားများအား သေချာစွာမှတ်သားပြီး မနက်လင်းသည်နှင့် သူငယ်ချင်းများအား အကြောင်းစုံရှင်းပြမည်ဟု တွေးတောကာ ကျွန်ုပ်ကောင်းစွာ အိပ်ပျော်သွားချေတော့သည်။

*********************************-
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား ဆက်လက် ဖော်ပြပေးပါမည်ခင်ဗျာ။
မကြီး Soe San အား ဂါရဝပြုလျက်ပါ။
စာရေးသူ-ထီးကလေး။

ို့

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages