အပိုင်း(၄)ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၄)ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
          ဝိဥာဉ်နှင့်
ပျောက်ဆုံးနေသော သူ၏
             အလောင်း
                     အပိုင်း (၄)
စာရေးသူ-ထီးကလေး။🌂



ကျွန်ုပ်အား ပြောလျက် ရုတ်တရက် အနားမှ ဝိဥာဉ်မောင်ကျော် ပျောက်ကွယ်သွားလေတော့သည်။ ထို့နောက် ခြံအပြင်မှ ခြံအတွင်းသို့ ဝင်လျက် မောင်ကျော်၏ ပြောစကားများအား သေချာစွာမှတ်သားပြီး မနက်လင်းသည်နှင့် သူငယ်ချင်းများအား အကြောင်းစုံရှင်းပြမည်ဟု တွေးတောကာ ကျွန်ုပ်ကောင်းစွာ အိပ်ပျော်သွားချေတော့သည်။

မနက်လင်းသည်နှင့် ကျွန်ုပ်၏ နေအိမ်သို့ ငယ်ချင်းဖြစ်သူ လမ်းကလေးကား ဦးစွာရောက်ရှိလာပြီး
`ထီးကလေး…ဘာအကြောင်းထူးလဲ…´
လမ်းကလေး၏ အမေးစကားအား ကြားလိုက်ရသည့်ကျွန်ုပ် သူ့အား ပြုံးပြလိုက်ပြီး
`သိပ်ထူးတာပေါ့လမ်းကလေးရာ…တန်ခိုးတို့ရော ပါမလာဘူးလား…´
`သူတို့က လက်ဖက်ရည်ဆိုင်မှာ မင်းကို ကြိုစောင့်နေကြတယ်…မင်းမနိုးသေးဘူးထင်လို့ ငါလာခေါ်တာ…ပြောစမ်းပါဦးကွ ဘာထူးသေးလဲ မောင်ကျော် မိန်းမနေတဲ့ လိပ်စာ သိပြီးပြီလား´
`လိပ်စာတင်မကဘူး လူစိတ်မရှိတဲ့ ကောင်တွေကို ရဲလက်အပိဖို့ သက်သေ အလောင်းမြှုပ်ထားတဲ့ နေရာပါ သိသွားပြီး…´
`ဟင်!…ဟာ…ကောင်းလိုက်တာကွာ လူယုတ်မာတွေကို ကောင်းကောင်း အပြစ်ပေးရမယ်…ပြောစမ်းပါဦး…ဘယ်လို သိတာလဲ…´
`ကဲလာ…လက်ဖက်ရည်ဆိုင် ရောက်မှ ငါတို့ အားလုံး တိုင်ပင်ကြတာပေါ့…´
သို့နှင့် သူငယ်ချင်းဖြစ်သူ လမ်းလေးအား ပုခုံးဖတ်လျက် ထိုင်နေကြ လမ်းထိပ်လက်ဖက်ဆိုင်ရှိရာသို့ နှစ်ယောက်သား လျောက်လှမ်းလာခဲ့ကြသည်။ လမ်းထိပ် လက်ဖက်ရည်ဆိုင်လေး အရောက်တွင် ကျွန်ုပ်အား ကြိုတင်စောင့်မျှော်နေကြသော သူငယ်ချင်းများဖြစ်သည့် မျှားကလေး ငါးကလေး တန်ခိုးတို့ကား လက်ဖက်ရည်ဆိုင်လေးတွင် ရှိနှင့်နေခဲ့ပြီ။လွတ်နေသည့် ခုံလေးတွင် ကျွန်ုပ်ဝင်ထိုင်လိုက်သည်နှင့် သူငယ်ချင်းများ၏ မျက်နှာပြင်ပေါ်တွင် ကျွန်ုပ်၏ ပြောစကားများအား သိချင်စိတ် ပြင်းပြနေကြသည့် ပုံစံများဖြင့် မောင်ကျော့်၏ အကြောင်းအား စတင်မေးမြန်းလေကြတော့သည်။ မနေ့ညမှ ကျွန်ုပ်အား ဝိဥာဉ်မောင်ကျော် ပြောပြခဲ့သည့် အကြောင်းအားလုံးအား မချွန်းမချန် ပြောပြလိုက်ပြီးနောက် သူငယ်ချင်းဖြစ်သူ တန်ခိုးက ထိုင်နေသည့် ခုံမှ ဆတ်ခနဲ ရုတ်တရက် ထလိုက်သည်။ တန်ခိုးထလိုက်သည်နှင့် ကျွန်ုပ်ကောင်းစွာ သဘောပေါက်ခဲ့ပြီး သူ၏ လက်အား ဆွဲလျက် ထိုင်ခုံပေါ်တွင် ပြန်လည် ထခိုင်းလိုက်ပြီး
`တန်ခိုး…မင်းဘာလုပ်မလို့လဲ.´
`ဘာလုပ်ရမှာလဲကွ…ဒီလောက် လူစိတ်မရှိ အတ္တကြီးတဲ့ လူယုတ်မာတွေဆီ သွားမလို့ပေါ့´
`ဟာဟေ့ယောင်…ဒီလို လုပ်လို့ ဘယ်ဖြစ်မလဲကွ…မင်းကို ငါတို့ပြောထားတယ်လေ ဒီကိစ္စကို သွေးအေးအေးနဲ့ စီစဉ်မှရမယ်လို့ အခု ငါတို့ လုပ်ရမှာက မောင်ကျော်ပေးခဲ့တဲ့ လိပ်စာအတိုင်းသွားပြီး သူ့မိန်းမနဲ့သွားတွေ့ရမယ် ပြီးရင် မောင်ကျော့်ဖြစ်ရပ်အားလုံးကို ရှင်းပြမယ်…ပြီးတာနဲ့ လူသတ်တရားခံတွေအားလုံးကို ဖမ်းဖို့အတွက် ငါတို့ လူကြီးတွေနဲ့ တိုင်ပင်ရမယ်…´
`တောက်!…အေးပါကွာ…ငါစိတ်လွတ်သွားတယ်´
သူငယ်ချင်းဖြစ်သူ တန်ခိုးအား အကွက်ကျကျ စီစဉ်ပြီးမှ ပြုလုပ်မည်ဖြစ်ကြောင်းကို ရှင်းပြလျက် သူ့အား ကျွန်ုပ်ဖြေသိမ့်ခဲ့ရသည်။
`ခရေပင်ရိပ်မွန် အိမ်ယာ ရပ်ကွက်ဟုတ်လား…ဘယ်နားမှာလဲ ထီးလေး မင်းသိလား…´
`အေး…ငါလဲ နာမည်တော့ကြားဘူးတယ်…အဲ့ဒီရပ်ကွက်ကို တစ်ခါမှ မရောက်ဖူးသေးဘူး…မင်းတို့ရော…´
`ဟာကွာ…မင်းတောင် မရောက်ဘူးသေးတာ ငါတို့က ဘယ်လိုလုပ် ရောက်ဘူးမှာလဲ…မျှားလေး နင်ရော…´
`အေးဟ…ခရေပင်ရိပ်မွန်ဆိုတာ သူဌေးတွေချည်းပဲ သီးသန့်နေတဲ့ ရပ်ကွက်တစ်ခုဟ…အငြိမ်းစား အရာရှိကြီးတွေနေတဲ့ စိတ်ငြိမ်ရပ်ကွက်တစ်ခုပဲ´
`နင်ရောက်ဘူးလား…´
`ရောက်တော့ မရောက်ဖူးဘူး…ဒါပေမယ့် ငါ့သူငယ်ချင်းတစ်ယောက်နေတဲ့ ရပ်ကွက်လေ…သူပြောပြလို့ ငါလဲ သိတာ…´
`ဟုတ်ပြီ ငါ့ဆီမှာ အိမ်လိပ်စာရှိတယ်…အဲ့ဒီလိပ်စာအတိုင်း သွားပြီး မောင်ကျော့်မိန်းမ ဖြူဖြူသျှင်းကို သွားရှင်းပြရမယ်´
`ဘယ်လို သွားမှာလည်း…ဖြူဖြူသျှင်းက ငါ့တို့ကိုမှ မသိတာ ငါတို့ပြောရင် လက်ခံပါ့မလား…´
`ဒီ့အတွက်တော့ ဘာမှမပူနဲ့ သူနဲ့မောင်ကျော်အကြောင်းကို ငါတို့ အစအဆုံးပြောပြနိုင်ရင် သူလက်ခံမှာပဲ…ပြီးတော့ မောင့်ကျော့် ဝိဥာဉ်ကလဲ ငါတို့ဘက်က ကူညီနေမှာပါ…´
`သိပ်ကောင်းတယ်…ဒါပေမယ့် သူ့အဖေသိလို့တော့ လုံးဝ မရဘူးနော် ဖြူုဖြူရှင်းနဲ့ ငါတို့အားလုံး အေးအေးဆေးဆေး ပြောမှဖြစ်မယ် မဟုတ်ရင် ဖော်ကောင်တွေဆိုပြီး ငါတို့ကိုပါ ဒုက္ခပေးနိုင်တယ်…´
`ဟုတ်တယ်…ငါးကလေးပြောတာမှန်တယ်… မောင်ကျော်ကလည်း ပြောသွားတယ် သူက သူ့မိန်းမနဲ့ သူ့သမီးလေးအနားမှာ ရှိနေတယ်တဲ့…တစ်ဖတ်တစ်လမ်းကနေ မောင်ကျော်ကလဲ ငါတို့ကို ကူညီနေမှာ သေချာတယ်…´
`ကဲ…ဟုတ်ပြီ ဒါဆို လိပ်စာအတိုင်း ငါတို့ အခုပဲသွားမယ်…ပြီးရင် ဖြူဖြူသျှင်းကို မောင့်ကျော်အကြောင်းပြောမယ်…ပြီးရင် လူကြီးတွေနဲ့ တိုင်ပင်ပြီး မောင့်ကျော်အလောင်းကို ပြန်ဖော်ရမယ်…´
သဘောတူစွာ အားလုံးတိုင်ပင်လျက် ဖြူဖြူသျှင်းအား မောင်ကျော်၏ ရင်နှင့်ဖွယ်ဖြစ်ရပ်တို့ကို အသိပေးပြောပြရန် ကျွန်ုပ်တို့သူငယ်ချင်းများ ကိုယ်ဆီ ဆိုင်ကယ်များနှင့် လိပ်စာအတိုင်း ထိုရပ်ကွက်သို့ ထွက်ခွာသွားကြတော့သည်။

ဝိဥာဉ်မောင်ကျော်ကား အချိန်ပြည့် သူ၏ မိန်းမနှင့် သမီးလေးဖြစ်သူတို့၏ အနားမှာသာ ရှိနေခဲ့သည်။ သမီးလေးနိုးလာလျင် အမြဲအသိပေးတတ်သည့် ခွေးလေးတိုးပွားဟာ ဝိဥာဉ်မောင်ကျော် ရောက်ရှိလာသည့် အချိန်မှစပြီး ဖြူ့အား အသိမပေး သမီးလေးအား မြူနေတတ်သော ဝိဥာဉ်မောင်ကျော်အား ကြည့်လျက် စိတ်မကောင်းဖြစ်နေလေသလား။ ငြို့မှိုင်းသော မျက်နှာလေးဖြင့် စိုက်ကြည့်နေလေ့ရှိသည်။ ထိုနောက်ဖြူ အိပ်ယာမှ နိုးလားပြီး ပုခတ်ထဲတွင် အိပ်ယာနိုးနေသော သမီးလေးက မငို ရယ်သံတစ်ချို့အား ကြားနေရသည်ကြောင့်
`ဟင်…တိုးပွားကြီး…သမီးလေးနိုးနေတာ ငါ့ကို ဘာလို့ မပြောတာလဲ…ထူးထူးဆန်းဆန်းပါလား ဒီမနက် သမီးလေး ငိုသံမကြားတဲ့ အပြင် ရယ်တောင် ရယ်နေသေးတယ်…´
ဖခင်ဖြစ်သူ ဝိဥာဉ်မောင်ကျော်က အိပ်ယာနိုးလာသည့် သမီးလေးအား မြူတူးနေပြသည်ကြောင့် သမီးလေးမှာ လက်ကလေး ကားယား ခြေကလေး ကားယားဖြင့် ရယ်မောပျော်ရွှင်နေခဲ့သည်ကို ဖြူတစ်ယောက်မသိ သာမာန်မျှသာ ထင်လျက် နှုတ်မှ ရည်ရွတ်နေမိသည်။
`ဖြူ…ဒီနေ့ ငါ့အကြောင်းကို လာပြောမယ့် ကယ်တင်ရှင်တွေ လာကြလိမ့်မယ်…မင်း ငါ့အကြောင်းကိုသိရင် မျက်ရည်ကျမိမှာ သေချာပါတယ်…ဘာပဲဖြစ်ဖြစ်လေ မင်းငါ့ကို အထင်မလွဲရင်ပဲ ငါကျေနပ်ပါပြီ…´
အိပ်ယာနိုးလာသော မိန်းမဖြစ်သူ၏ အနောက်မှ ထပ်ကြပ်မကွာလိုက်လျက် မကြားနိုင်သည့် သူ့စကားများအား ဝိဥာဉ်မောင်ကျော် ပြောနေမိခဲ့သည်။ ရေချိုးခန်းထဲ ဝင်လျက် မျက်နှာသစ် သန့်ရှင်းရေးလုပ်ပြီး သမီးလေးအားချီလျက် ခွေးလေးတိုးပွားအပါအဝင် ဖြူတို့သားအမိ အောက်ထပ် မနက်စာစားရန် ဆင်းလာခဲ့ကြသည်။ စားပွဲဝိုင်းအောက်တွင် ခွေးလေးတိုးပွားမှာ ဝင်းလျားထိုးလျက် ဖြူကား သမီးလေးကို ချီထားသည်။ မနက်စာပြင်ထားသည့် စားပွဲဝိုင်းတွင် ဖြူ၏ မိဘနှစ်ပါးကား ဦးစွာရှိနေပြီး သူမအား မနက်စာတူတူစားရန် စောင့်စားနေခဲ့သည်။ ထိုနောက် ဖြူက လွတ်နေသည့် ခုံတွင်နေရာယူထိုင်လိုက်ပြီး သမီးလေးအား ပွေ့ချီထားရာမှ မချ သူမ၏ ဖခင်ဖြစ်သူက
`သမီးရယ်…နင့်မလဲနော် ငယ်ငယ်ရွယ်နဲ့ ကလေးတစ်ယောက် အဖတ်တင်ရုံမကဘူး ယောက်ျားကပါ သစ္စာမရှိပဲ ပစ်သွားတာ ခံလိုက်ရတယ်…ငါ့သမီးလေး ကံဆိုးလိုက်တာ ငယ်ငယ်ရွယ်နဲ့ တစ်ခုလပ်ဆိုတဲ့ နာမည်ဆိုးကြီးရနေပြီ…အစတည်းက ဖေဖေတို့ တားခဲ့ပါတယ် သမီးလေးက လက်မခံပဲ အဲ့ဒီကောင်နောက် လိုက်သွားတာကို…ကဲပါ…ပြီးခဲ့တာတွေလဲ ပြီးခဲ့ပါပြီ…´
ဖခင်ဖြစ်သူ၏ လိမ်လည်ပြောဆိုသော စကားများအား ဖြူတစ်ယောက် နေ့တိုင်းလိုလိုကြားနေရပေမယ့် ဖခင်၏ ပြောစကားကိုသာ အမှန်ဟု ထင်မှတ်လျက် မနက်စာ စားပွဲဝိုင်းတွင် အတိတ်အားပြန်လည် တမ်းတပြီး မောင်ကျော့်အား နာကျည်းသော စိတ်ဖြစ်ပေါ်ကာ ငြိမ်သတ်နေခဲ့သည်။ ထို့နောက်ချီထားသော သမီးလေးအား ငုတ်ကြည့်လျက် ပြုံးရယ်လိုက်သည်။ သမီးလေးက ဖြူ့အား ပြန်လည် ပြုံးပြနေသလား ရွှင်မြနေသည့် သမီးလေး၏ မျက်လုံး မျက်နှာကို တွေ့ရသည်။ ဖြူ၏ ဖခင်ပြောသော အလိမ်စကားတို့ကို မောင်ကျော်တစ်ယောက် ကြား၍ မဟုတ်ပါဟု ငြင်းဆိုနေသော်လည်း မည်သူမှ မကြားနိုင် သူ့အား မည်သူမှ ဂရုမစိုက်ချေ။ ချီထားသော သမီးလေးအနားသို့ မောင်ကျော်ရောက်သွားပြီး သမီးလေးအား မြူတူးနေခဲ့သည်ကြောင့် သမီးလေးမှာ ကလေးတို့သဘာဝအရ မြူတူးလျက်ရှိနေသည်။ ဖြူက ထိုဖြစ်ရပ်များကို သတိထားမိသောလည်း သာမာန်မျှ သမီးလေးပျော်မြုးနေသည်ဟုသာ ထင်နေခဲ့သည်။ မနက်စာ စားပွဲဝိုင်းသို့ ဖခင်ဖြစ်သူ၏ တပည့်တစ်ယောက်ကား ဝင်ခွင့်တောင်းလျက် ရောက်ရှိလာပြီး
`သူဌေး…ခြံရှေ့မှာ လူကြီးတစ်ယောက်လာပြီး ခြံထဲဝင်ခွင့်တောင်းနေတယ်…သူဌေးနဲ့ စကားနည်းနည်းပြောချင်လို့တဲ့…´
`ဟင်!…ဘယ်ကလူကြီးလဲ…´
`မသိဘူးသူဌေး…ခြံရှေ့မှာ ကျွန်တော် ပန်းအိုးတွေ ရွှေ့နေတုန်း သူရောက်လာပြီး သူဌေးနဲ့ စကားပြောပါရစေ အရမ်းအရေးကြီးလို့ပါဆိုပြီး ဝင်ခွင့်တောင်းနေလို့ ကျွန်တော် လာပြောတာပါ…´
`ကဲ…ကောင်းပြီး ခြံထဲမှာ စောင့်ခိုင်းထားလိုက် ငါအခုလာခဲ့မယ်…´
မနက်စာ စားပွဲဝိုင်းမှ ဖြူ၏ဖခင်ဖြစ်သူ ထသွားလျက် တပည့်ဖြစ်သူ လာပြောသော ထိုလူကြီးအား သွားတွေ့ရန် ခြံထဲသို့ လျောက်သွားတော့သည်။ ထိုလူကြီးရှိနေရာ ခြံတံခါးအနာသို့ ရောက်သွားပြီး
`ကျုပ်ကို ဘာလို့ တွေ့ချင်ရတာလဲ…´
မျက်နှာထားအား တင်းလျက် ထိုလူကြီးကို မေးလိုက်သည့် စကားတို့က ခပ်မာမာ ထိုလူကြီးမှာ ခြံကြီး၏ ပတ်ဝန်းကျင်တစ်ခုလုံးအား မျက်လုံး တစ်ဆုံးကြည့်လိုက်ပြီး သူ၏ ခေါင်းအား တစ်ဆတ်ဆတ်ငြိမ့်နေခဲ့သည်။ ထို့နောက် သူဌေးအားကြည့်လိုက်ပြီး
`ခင်ဗျားအိမ်မှာ…အနှောက်အယှက်တွေ ရှိနေတယ်…သူ့ကို ဒီအတိုင်းလွတ်ထားမယ်ဆိုရင် ကြာရင် ခင်ဗျားတို့ မိသားစုအတွက် အန္တရယ်ရှိလာနိုင်တယ်…´
ထိုလူကြီး၏ ပုံစံကား အညိုရောင် ယောကီဝတ်စုံတို့အား ဝတ်ဆင်ထားပြီး တောင်မွှေးတစ်ချောင်းအား လက်မှ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားချေသည်။ သူဌေးအား ဘူစပ်စပ်လေသံဖြင့် ပြန်ပြောလေလျက် ထိုအခါ သူဌေးက
`ဟားဟား…ခင်ဗျား ဘာတွေ လာပြောနေတာလဲ…ဘာအနှောက်ယှက်တွေလဲ ကျုပ်လို လူမျိုးကို ဘယ်သူက နှောက်ယှက်ရဲမှာလဲ…ခင်ဗျား ငွေလိုလို့လား…ဒါဆို ရော့…´
ဖြူ၏ ဖခင်ဖြစ်သူ သူဌေးကြီးက ထိုလူကြီးအား ရယ်မောလှောင်ပြောင်လျက် မိမိအိတ်ထဲမှ ငွေ ငါးထောင်အား မြေပြင်ပေါ်သို့ ပစ်ချပေးလိုက်သည်။ ထိုလူကြီးမှာ မြေပြင်ပေါ်သို့ ကျသွားသည့် ပိုက်ဆံငါးထောင်အား ကောက်ယူလိုက်ပြီး
`ကျုပ်ငွေလိုနေတာတော့ အမှန်ပဲ…ဒါပေမယ့် ခင်ဗျားတို့ မိသားစု ဒုက္ခရောက်မှာဆိုးလို့ ကျုပ် အသိလာပေးတာ…ခင်ဗျားအိမ်မှာ မမြင်နိုင်တဲ့ အမောက်ပယောဂါတွေ ရှိနေတယ်…အဲ့ဒီ ပယောဂါတွေအားလုံးကို ကျုပ်ကူညီပေးမယ် ကျုပ်ကို ငွေငါးသိန်း ကန်တော့ရမယ်…´
`ဘာ…ဟားဟား…ဒီမှာ ဟေ့လူ…ခင်ဗျားစကားကို ကျုပ်နားထောင်နေလို့ အကောင်းမမှတ်နဲ့ ငွေငါးသိန်းဟုတ်လား…ကျုပ်အဖို့ ဒီငွေငါးသိန်းလောက်က လွှန့်ပစ်သလောက်ပဲရှိတယ်…ခင်ဗျားပြောတဲ့ ပယောဂါတွေ ဘာတွေ ကျုပ်ယုံလဲ မယုံဘူး သိလဲ မသိဘူး…ဒီတော့ ခင်ဗျားကျုပ်အိမ်ထဲက အခုချက်ချင်းထွက်သွားပါ…´
`သူဌေး…ကျုပ်ပြောတာကို ယုံပါ…ခင်ဗျားအိမ်မှာ မကောင်းဆိုးရွားတွေ ရှိနေတယ်…ကျုပ်ပြောတာ ယုံပါ…´
`တိတ်စမ်း…ဟေ့ကောင်တွေ ဒီအရူးကို ခြံပြင်ဆွဲထုတ်လိုက်ကြစမ်းကွာ…´
သူဌေး၏ ပြောစကားကြောင့် ခြံထဲရှိ လူလေးယောက် ရောက်ရှိလာပြီး ထိုလူကြီးအား ခြံပြင်သို့ ဆွဲထုတ်ကြတော့သည်။ သို့ပေမယ့် ထိုလူကြီးဟာ မိမိပြောလက်စ စကားတို့အား ရပ်တန့်မသွား တရွှတ်တိုက် နောက်ပြန်ဆွဲထုတ်ရာသို့ ပါသွားသည့်အထိ
`ဟေ့လူ…ကျုပ်ကို ယုံပါ ခင်ဗျား ဒုက္ခရောက်လိမ့်မယ်…ကျုပ်ကို ယုံပါ…´
အဆက်မပျက် ပြောနေတော့သည်။ ခြံအပြင်သို့ ရောက်သွားသည့်အထိ ခြံတံခါးသံတိုင်များကြားမှ ထိုသို့ပင် အကြိမ်ကြိမ်အော်ပြောနေခဲ့သည်။
`ဟေ့လူ…ဒီပယောဂါကို ခင်ဗျားမှာရှိတဲ့ ငွေတွေနဲ့ ရှင်းလို့မရဘူးနော်…ခင်ဗျားကို သူဒုက္ခပေးလိမ့်မယ် ကျုပ်ပြောတာကိုယုံပါ…ကျုပ်ကို ယုံပါ…ခင်ဗျား အိမ်မှာ အငြိုးတစ္ဆေရှိနေတယ်…ကျုပ်ပြောတာကို ယုံပါ…´
ခြံပြင်မှ အကြိမ်ကြိမ်အော်ပြောနေသည်ကြောင့် သူဌေးက သူ၏ တပည့်များအား ထိုလူကြီးကို ထိုးနှပ်စေရန် အမိန့်ပေးစေခိုင်းလိုက်တော့သည်။ သူဌေး၏ စေခိုင်းချက်ကြောင့် ထိုလူမိုက်များမှာ လူကြီးအား ထိုးနှပ်လေကြတော့သည်။ မြေပြင်ပေါ်မှ ပြန်လည် မထနိုင်တော့သည့်အထိ ထိုလူကြီး၏ နှုတ်မှ
`မင်းတို့ သူဌေးကိုပြောလိုက်ပါ…လိုအပ်ရင် ငါ့ကို လာခေါ်ပါလို့…ဟိုးအနောက်လမ်းက အိမ်အပျက်ကြီးမှာ ငါနေတယ်…´
`ကဲ့ကွာ…ဒီလောက်ရိုက်နေတာတောင် ပြောချင်သေးတယ်…ကဲ့ကွာ´
ထိုလူကြီးမှာ လူမိုက်များ၏ ရိုက်နှပ်မှု့ကြောင့် ပြန်လည် တုန့်ပြန် မပြောနိုင်တော့သည့် အခါမှာသာ သူနေထိုင်ရာ အိမ်အပျက်ကြီးဆီသို့ လိုက်လံပို့ဆောင်ပေးပြီး ဆေးဖိုးအဖြစ် ငွေတစ်သိန်းအား သွေးထွက်သံယိုဖြစ်နေသည့် ထိုလူကြီး၏ ကိုယ်ပေါ်သို့ ပစ်ချပေးခဲ့သည်။
`လိုက်ပို့ပေးလိုက်ပြီလား…´
`ဟုတ်ကဲ့…သူဌေး´
`ဘာတွေလာပြောနေမှန်းမသိဘူး… ရူးနေတာဖြစ်မယ်…မင်းတို့ အားလုံးမှတ်ထားကြ နောက်တစ်ခါ ငါတို့မိသားစု အကြောင်း သူစိမ်းတစ်ယောက်ယောက်လာမေးရင် မသိဘူးလို့သာ ပြန်ပြောလိုက် ကြားကြလား…´
`ဟုတ်ကဲ့…သူဌေး´
ဖြူ၏ ဖခင်ဖြစ်သူ ဦးခိုင်ခံ့တင်က အရာရာကို ငွေနဲ့ ဖြေရှင်းတတ်သည့် လူတစ်ယောက်ဖြစ်ပြီး ရက်စက်တတ်သည့် လူတစ်ယောက်လည်း ဖြစ်ပေသည်။ ထိုရပ်ကွက်တွင် ပိုက်ဆံရှိအချမ်းသာဆုံး လူတစ်ယောက်ဖြစ်သည့်လား လူတိုင်းလိုလိုကား ဦးခိုင်ခံ့တင်၏ အမည်ကိုကြားယုံနှင့် လေးစားကြည်ညိုလျက် ချစ်ကြောက်ရိုသေကြသည်။ မိမိအိမ်တွင် လမ်းပေါ်ရှိ ဆိုပေတေနေသော လူမိုက်များအား တပည့်မွေးထားပြီး ထောင်ထွက် လူမိုက်အများစုကလည်း သူ၏ တပည့်တပန်းများ ဖြစ်ကြသည်။ အရာရာအား နောက်ကွယ်မှ ကြိုကိုင်လျက် ရက်စက်စွာ ပြုမူတတ်သော လူဂုဏ်တန်သူဌေးတစ်ဦး ဖြစ်ပြီး ယခု လူကြီးအားလည်း ထိုးရိုက်လျက် ငွေပေးခါထားစေခဲ့သည်။ ထို့နောက် သူ၏ တပည့်များအား စကားတစ်ချို့မှာထားလျက် ဦးခိုင်ခံ့တင် အိမ်မကြီးပေါ်သို့ ပြန်လည်ဝင်ရောက်လာပြီး ဧည့်ခန်းခံပေါ်တွင် ချေပစ်လက်ပစ် ထိုင်လျလိုက်ပြီး သက်ပြင်း တစ်ချက်အား ခပ်ပြင်းပြင်းချလိုက်သည်။ ဖြူနှင့်သမီးလေး၏ အနားတွင် အချိန်ပြည့်ရှိနေသော ဝိဥာဉ်မောင်ကျော်ကား ခွေးလေးတိုးပွား၏ လည်ပင်ကို သိုင်းဖတ်လျက်
`တိုးပွားကြီး…မင်းက သိပ်လိမ်မာတာပဲ… ငါမင်းကို မွေးရကျိုးနပ်ပါပေတယ်ကွာ…မင်းဖြူနဲ့ သမီးလေးကို အမြဲစောင့်လျောက်ပေးပါ…´
ဝိဥာဉ်မောင်ကျော်၏ ပြောစကားတို့အား ခွေးလေးတိုးပွား နားလည်နေသလား မောင်ကျော်အား စိုက်ကြည့်လျက် မျက်တောင်လေးအား ဖြေးညင်းစွားခတ်နေခဲ့သည်။
`ငါ…သမီးလေးကို အရမ်းချီချင်တာပဲတိုးပွားကြီးရာ…ဘယ်လိုလုပ်ရမလဲ ငါ့သမီးလေးမွေးတည်းက ငါဝအောင် မချီရသေးဘူး သမီးလေးကို ငါအရမ်းချီချင်တာပဲကွာ…သမီးလေးပါးကို ငါတစ်ခါလောက် ဝဝကြီးနမ်းလိုက်ရရင် ကျေနပ်ပါပြီကွာ……´
လူတစ်ယောက်အလား မောင်ကျော်တစ်ယောက် ခွေးလေးတိုးပွားကို ရင်ဖွင့်ပြောဆိုနေခဲ့သည်။ ခွေးလေးက မောင်ကျော်၏ ဖြစ်ရပ်အားလုံးကို ပြန်မပြောပြနိုင်ပေမယ့် သူသိနေသလား။ မောင်ကျော်၏ စကားအဆုံးတွင် ဝင်းလျားထိုးနေရာမှ မောင့်ကျော်၏ တစ်ကိုယ်လုံးအား လျာဖြင့်ရပ်လျက်နေတော့သည်။ ထိုနောက် သမီးလေးကို ပုခတ်ထဲထည့်လျက် အိပ်ခိုင်းစေခဲ့ပြီး ဖြူက
`တိုးပွား…ငါ အပြင်ခဏလေးသွားဦးမယ် အခုပြန်လာမှာ မကြာဘူး သမီးလေးကို ကြည့်ထားဦးနော်…ငါစိတ်ချမယ်နော် အခုပြန်လာမှာ…´
ခွေးလေးတိုးပွားအား လူတစ်ယောက်ကဲ့သို့ ပြောဆိုလျက် ဖြူက အိပ်ခန်းအပြင်သို့ ထွက်သွားခဲ့သည်။ ဖြူ၏ အနောက်သို့ မောင်ကျော် လိုက်မည်အလုပ် အတွေးပေါက်ကာ သမီးလေးနှင့်ကစားရန် ကျန်ရစ်နေခဲ့သည်။ ခွေးလေးတိုးပွားက ဖြူ့အား အိပ်ခန်းအဝသို့ လိုက်ပို့ပေးခဲ့ပြီး မောင်ကျော်အနားသို့ အမြှီးလေးနန့်လျက် ရောက်လာခဲ့သည်။ ထိုနောက် အပြင်ကင်းစွာ အိပ်မောကျနေသော သမီးလေး အနားသို့ မောင်ကျော်ရောက်သွားပြီး မျက်ရည်များဝိုင်းလျက် ပြုံးကာကြည့်နေမိတယ်။ ထ်ုနောက် စိတ်မထိန်းနိုင်တော့ပဲ အိပ်နေသည့် သမီးလေးအား ပွေ့ချီလိုက်တော့သည်။ သို့ပေမယ့် သမီးလေးအား ချီ၍မရ အကြိမ်ကြိမ်ချီ၍နေသော်လည်း မည်သို့မှ ချီ၍မရ။ ထိုနောက်ဝမ်းနည်းသွားလျက် အိပ်ခန်းနံရံတို့အား လက်ဖြင့် ငိုလျက် ထိုးနေတော့သည်။ ထိုဖြစ်ရပ်အား မြင်တွေ့နေရသည့် ခွေးလေးတိုးပွားဟာ အိပ်နေသည့် သမီးလေးအား လက်ကလေးဖြင့် နှိုးလိုက်လေသည်။

အိပ်မောကျနေသည့် သမီးလေးကား ခွေးလေးတိုးပွား၏ လှုပ်နိုးမှု့ကြောင့် ရုတ်တရက် အိပ်နေရာမှ နိုးသွားပြီး ငိုသံများထွက်ပေါ်လာချေသည်။ စိတ်ပျက်စွာ ခေါင်းငိုက်စိုက်လျက် နံရံအား မှီထားသော မောင်ကျော်တစ်ယောက် သမီးလေး၏ ငိုသံအားကြားလိုက်ရသည်ကြောင့် ဆတ်ခနဲ လှည့်ကြည့်လိုက်ပြီး သမီးလေးအနားသို့ သွားခါ နည်းအမျိုးမျိုးဖြင့် မြူးတူးနေပြခဲ့သည်။ ဖခင်ဖြူသူ ဝိဥာဉ်မောင်ကျော်အား သမီးလေးမြင်နေရလေသလား မောင်ကျော့်အားစိုက်ကြည့်လျက် ငိုသံများရပ်တန့်သွားခဲ့သည်။ သံပုခတ်လေးထဲတွင် ထည့်ထားသော သမီးလေးအား ခွေးလေးတိုးပွားမှ ကုတင်းပေါ်သို့ ကိုက်ချီထုတ်လိုက်ပြီး မောင်ကျော်၏ အနားသို့ ချပေးလိုက်သည်။ သမီးလေးမှာ ဝမ်းလျားထိုးလျက် မောင်ကျော်အား လက်ကလေးဖြင့် လက်ဆွဲနေခဲ့သည်။ မောင်ကျော်ကား ထိ၍ မရ သမီးလေးအား နည်းအမျိုးမျိုးဖြင့် မြူးတူပြနေခဲ့သည်က အနားရှိခွေးလေးတိုးပွား ဝမ်းနည်းနေလေသလား သားဖနှစ်ယောက်အား လိုက်ကြည့်နေချေသည်။ မကြာခင်အချိန်တွင်းမှာပဲ အိပ်ခန်းအတွင်းသို့ ဖြူတစ်ယောက်ပြန်လည် ဝင်ရောက်လာပြီး သံပုခတ်လေးထဲမှ သမီးလေးက အပြင်ကုတင်းပေါ်တွင် ရောက်ခါ ပြုံးရယ်လျက် ကလေးစားနေပြီး ခွေးလေးတိုးပွားကား ထိုင်ကြည့်နေခဲ့သည့် မြင်ကွင်းအား မြင်တွေ့လိုက်ရသည်ကြောင့်
` ဟာ…သမီးလေး…သမီးလေးဘယ်လိုလုပ် အပြင်ရောက်နေရတာလဲ…တိုးပွား´
ကုတင်းပေါ်ရှိသမီးလေးအား ဖြူတစ်ယောက် လျင်မြန်စွာ ပွေ့ချီလိုက်ပြီး ခွေးလေးတိုးပွားဘက်သို့ ကြည့်လျက်
`ဟာ…တိုးပွား ဘာလို့ ကလေးကို အပြင်ထုတ်ရတာလဲ…ကဲ့ဟာ…´
နှုတ်မှ ပြောဆိုလျက် အနီးရှိ တုတ်သေးသေးဖြင့် ခွေးလေးတိုးပွားအား ဖြူရိုက်တော့သည်။ ခွေးလေးတိုးပွား ထွက်ပြေးခြင်းမရှိ ဖြူ၏ ရိုက်နှပ်မှု့အောက်တွင် ငြိမ်သတ်စွာ ရှိနေခဲ့သည်။
`ဖြူ…ဖြူ တိုးပွားကြီးကို မရိုက်ပါနဲ့ ငါ့ဝမ်းနည်းနေတာ တွေ့လို့ တိုးပွားကြီးက သမီးလေးကို အပြင်ထုတ်ပေးတာပါ…တိုးပွားကြီးကို မရိုက်ပါနဲ့´
မကြားနိုင်သည့် သူ့စကားမျာအား မိန်းမဖြစ်သူကို ပြန်ပြောနေမိတော့သည်။ သို့ပေမယ့် သူ့အား ဂရုမစိုက် စိတ်ဆိုးစွာဖြင့် ခွေးလေးတိုးပွားအား ရိုက်နေခဲ့သည်။ ထို့နောက် ခွေးလေးတိုးပွားမှာ ဖြူမကြိုက်သည့် အပြစ်လုပ်မိသည်ကြောင့် အရိုက်ခံပြီးသည့်နောက် အိပ်ခန်းဒေါင့်လေးတွေ ငြိမ်သတ်စွာ ဝမ်းလျားထိုးနေခဲ့သည်။
`ငါ့ကြောင့် မင်း အရိုက်ခံရတာပါကွာ…ငါတောင်းပန်ပါတယ်…ငါအပြင်ခဏသွားဦးမယ်…ဖြူနဲ့ သမီးလေးကို မင်းစောင့်လျောက်ထားပေးပါဦး…ဒီတစ်ခါ ငါအပြင်က ပြန်လာရင် သမီးလေးကို ချီလို့ရအောင် ငါသင်ခဲ့မယ်…ငါသွားမယ်နော် တိုးပွားကြီး ငါစိတ်ချမယ်နော်…
ပြောဆိုလျက် စိတ်မချစွာဖြင့်မောင်ကျော်တစ်ယောက် အိပ်ခန်းအပြင်သို့ ထွက်သွားခဲ့တော့သည်။ မောင်ကျော်၏ အတွေးက ဝတ္တုပစ္စည်းများအား ကိုင်တွယ်၍ ရနိုင်မည့်နည်းလမ်းအား သင်ယူရန် သူ့အား စိတ်ကောင်းရှိစွာ ပြောဆိုခဲ့သော ဝိဥာဉ်ဦးလေးကြီးအား ရှာရန် ထွက်သွားခြင်းပင်ဖြစ်သည်။

**********************************
ခရေပင် ရိပ်မွန် အိမ်ယာရပ်ကွက်သို့ အဆင့်ဆင့်မေးမြန်းကာ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ရောက်ရှိလာခဲ့တော့သည်။ ထိုရပ်ကွက်က တိတ်ဆိတ်လျက် အိမ်ကြီး အိမ်ကောင်းများနှင့် ပြည့်နှပ်နေခဲ့သည်။ လမ်းပေါ်တွင် မောင်းနှင်နေသော ကျွန်ုပ်တို့၏ မော်တော်ဆိုင်ကယ်များ အသံများပင် ပဲ့တင်ထပ်နေသည်က ထိုရပ်လေး မည်မျှပင် တိတ်ဆိတ်နေသည်နည်းဟု ထင်ရှားစွာ သိရှိရသည်။ ထိုရပ်ကွက်လေးသို့ ဝင်ရောက်လာသည်နှင့် အိမ်အမှတ်များအား တစ်အိမ်ခြင်းလိုက်ကြည့်လျက် ဝိဥာဉ်မောင်ကျော် ပေးခဲ့သော အိမ်အမှတ် B-12 ဟုသော အိမ်အား ရှာနေခဲ့သည်။ ထိုနောက် Bသင်္ကေတများဖြင့် မှည့်တွင်ထားသော လမ်းချိုးတစ်ခုအတွင်းသို့ ဝင်ရောက်လာပြီး B-12ဟုသော အိမ်အမှတ်အား တွေ့လိုက်ရတော့သည်။
`တွေ့ပြီ…တွေ့ပြီ…ဒီအိမ်ပဲ…´
`အိုး…ကောင်းလိုက်တဲ့အိမ်ကြီး…ကြည့်စမ်းပါဦး နန်းတော်ကြီးကြနေတာပဲ…´
B-12ဟု ဆိုင်းပုဒ်ချိတ်ဆွဲထားသော အိမ်ကြီးမှာ အလွန်ပင်ကြီးမား သပ်ရက်လျက် နန်းတော်ကြီးအလား ထင်မှတ်နေရသည်။ ထိုအိမ်ရှေ့သို့ ရောက်သည်နှင့် ကိုယ်ဆီ မော်တော်ဆိုင်ကယ်များအား ရပ်တန့်လျက် ခြံအတွင်းသို့ လူရိပ်များအား ချောင်းမြောင်းကြည့်နေခဲ့သည်။ သို့ပေမယ့် မည်သည့် လူရိပ်လူယောင်မှ မတွေ့ရပဲ တိတ်ဆိတ်နေခဲ့တော့သည်။ သူငယ်ချင်းဖြစ်သူ တန်ခိုးက
`လူလည်း တစ်ယောက်မှ မတွေ့ဘူး…အော်ခေါ်လိုက်ရမလား..´
`နေဦးကွ…ခြံရှေ့မှာ ဘဲလ် များရှိမလားကြည့်လိုက်ဦး တော်ကြာ အော်ကြီးဟစ်ကျယ် ခေါ်လို့ အပြောခံနေရဦးမယ်…´
`ဒီမှာ…ဒီမှာ…အဲ့ဒါကို နှိပ်လိုက် အသံကြားရင် ထွက်လာလိမ့်မယ်…´
ခြံရှေ့ စည်းရိုးအုတ်တိုင်ပေါ်တွင် ကပ်လျက်ထားသော အချက်ပေး ဘဲလ်ခလုတ်အား အဆက်မပျက်နှိပ်လိုက်သည့် အချိန်တွင် ခြံအတွင်းမှ လူသန်ကြီးတစ်ယောက် ခြံတံခါးဆီသို့ ရောက်လာပြီး တံခါးသံတိုင်များကြားမှ
`ဘာလဲ…ဘယ်သူနဲ့တွေ့ချင်လို့လား´
ထိုလူကြီးမေးလိုက်သည့် အမေးက ခပ်ပျက်ပျက် စိတ်မရှည်သော လေသံဖြင့် ကျွန်ုပ်တို့အားလုံးအား တစ်ယောက်ချင်းလိုက်ကြည့်လျက် မျက်နှာထားအား တင်းမာလျက် မေးလိုက်ချေသည်။
`ဟို…ဟိုလေ…ဒါ ဖြူဖြူသျှင်းတို့ အိမ်လားမသိဘူး´
သူငယ်ချင်းဖြစ်သူ မျှားကလေး၏ အမေးအား ကြားလိုက်ရသည့် ထိုလူကြီးက အတန်ကြာ တွေးတောလျက် မျက်မှောင်ကျုတ်လိုက်ပြီး
`မဟုတ်ဘူး…´
ထိုသို့ပြန်ဖြေချေသည်။ ထိုနောက် ထိုလူကြီး လှည့်ထွက်မည်အလုပ်
`အစ်ကိုကြီး…ခဏလေးပါဗျ…ကျွန်တော်တစ်ခု မေးချင်လို့…ဒါတကယ်ပဲ ဖြူဖြူသျှင်းတို့ အိမ်မဟုတ်ဘူးလား…´
`မင်းတို့မှာ နားမပါဘူးလား…မဟုတ်ပါဘူးလို့ ဘယ်နှခါပြောရမလဲ…သွားသွား…ခြံရှေ့က အခုချက်ချင်းထွက်သွားကြ…´
ထိုလူကြီး၏ ဂျစ်ကန်ကန် ပြောစကားများအား သူငယ်ချင်းဖြစ်သူ တန်ခိုးကြားလိုက်ရပြီး ဒေါသဖြစ်လျက်
`တောက်!…´
တန်ခိုး၏ ကျယ်လောင်စွာ ဒေါသဖြစ်လျက် ခေါက်လိုက်သော တောက် ခေါက်သံကြားလိုက်သည်ကြောင့် ခြံတံခါးဆီမှ လှည့်ထွက်သွားသော ထိုလူကြီး နောက်ပြန်လှည့်လာခါ
`ဘယ်ကောင် တောက်ခေါက်တာလဲ…မလောက်လေး မလောက်စားကောင်တွေကများ ငါ့ကို တောက်ခေါက်ရဲတယ်…တွေ့ကြသေးတာပေါ့ကွာ´
ခြံထဲမှ ထိုလူကြီး ဒေါသဖြစ်၍ ခြံတံခါးဖွင့်ခါ ခြံရှေ့သို့ ထွက်လာတော့သည်။ သူငယ်ချင်းဖြစ်သူများအား အနှောက်ဆုတ်ရန် ကျွန်ုပ်တားလျက် ထိုလူကြီးက
`ဘယ်ကောင် တောက်ခေါက်တာလဲ မကျေနပ်ဘူးလား…မေးနေတယ်လေ…မပြောရင် မင်းတို့အားလုံးကို အရည်ခွံစုတ်ပစ်မယ်…´
ဟုဆိုလျက် ထိုလူကြီး အရှေ့သို့ တစ်လှမ်းလှမ်းလိုက်ချိန်တွင်
`ရပ်စမ်း…´
ခြံအတွင်းမှ ဖြေးညင်းစွာ လျောက်လှမ်းလာသော သန့်သန့်ပြန့်ပြန့် လူကြီးတစ်ယောက်မှ ထိုလူကြီးအား ရပ်တန့်ရန် တားလိုက်ချေသည်။ ထိုလူကြီးတားလိုက်သည့် စကားအား ကြားလိုက်ရသည်ကြောင့် အရှေ့တိုးလာသော ထိုလူသန်ကြီး ရပ်တန့်သွားချေခဲ့သည်။
`ဘာဖြစ်နေကြတာလဲ…´
`ဒီလိုပါ သူဌေး ဒီကောင်လေးတွေက ဖြူဖြူသျှင်းအိမ်လား မေးလို့ မဟုတ်ဘူးပြောတာကို မကျေနပ်ပဲ တောက်ခေါက်လို့ ကျွန်တော် ဆုံးမမလို့ပါ…´
`တော်စမ်း…သွား…မင်းအလုပ်မင်းသွားလုပ် ကလေးတွေကိုများ အနိုင်ကျင့်ချင်သေးတယ် သေချင်လို့…သွားသွား…´
ထိုလူကြီးက ကျွန်ုပ်တို့၏ ဘက်မှ ကာကွယ်လျက် လူသန်ကြီးအား မောင်းထုတ်လိုက်တော့သည်။ ထို့နောက် ထိုလူကြီးက
`မောင်ရင်လေးတို့ ဘယ်သူနဲ့ တွေ့ချင်လို့လဲ…´
`ဒီလိုပါဦးလေး…ကျွန်တော်တို့က ဖြူဖြူသျှင်းရဲ့ သူငယ်ချင်းတွေပါ…သူနဲ့ တွေ့ချင်လို့ ဒီကိုလာကြတာပါ…´
`ဟင်!…ဖြူဖြူသျှင်း ဟုတ်လား…မသိဘူးကွယ့် ဦးလေးတို့ ပြောင်းလာတာ မကြာသေးဘူး ဒီအိမ်မှာ ဦးဇနီးရယ် ဦးတပည့်တွေရယ်ပဲ နေကြတာ မိန်းကလေးဆိုလို့ ဦးမိန်းမ ခင်ခင်ကြည်ပဲရှိတာ မောင်ရင်တို့ ပြောတဲ့ ဖြူဖြူသျှင်းဆိုတာ မရှိဘူး…´
`ဗျာ!…ဦးလေး…ဦးလေး တကယ်ပြောနေတာလား…´
`မင်းတို့ကို လိမ်လို့ ငါမှာဘာအကျိုးမှ မရှိဘူး…မယုံရင်လဲနေ ဒါပေမယ့် ခြံရှေ့မှာတော့ ရှုတ်ရှုတ်ရှက်ရှက်မလုပ်နဲ့လို့ ဦးလေးပြောပါရစေ…´
ထိုသို့ပြောကာ ဦးလေးကြီး ခြံအတွင်းသို့ ပြန်လည် ဝင်ရောက်သွားချေသည်။ ကျွန်ုပ်အား သူငယ်ချင်းဖြစ်သူများက ကြည့်လျက် ကျွန်ုပ်ပင်လျင် သူတို့အား စိတ်ကူးယဉ်လျက် ပြောနေသလားဟု ထင်မြင်ကြသည့် အကြည့်များနှင့် အကဲခတ်ကြည့်နေကြတော့သည်။
**********************************
Facebook မှ စလုံးရေ ခွင့်ပြုသမျှ တင်ပြပေးလိုက်ပါသည်ခင်ဗျာ။ ကျနိရှိနေသေးသော ဇာတ်လမ်းအဆက်အား
ဆက်လက်ဖော်ပြပေးပါမည်။
စာရေးသူ-ထီးကလေး
မကြီး Soe San အား ဂါရဝပြုလျက်ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages