လိုက်သူများနှင့်
ဖုတ်ကောင်
အပိုင်း (၂)
'တရုတ်ပြည်မှ ကျွန်းအခေါင်းကြီး'
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
တရုတ်ဘာသာစကားဖြင့် ဆရာဖြစ်သူ ဦးသိပ္ပပြောစကားများအား တပည့်နှစ်ဦးဖြစ်သူ ထင်ခနှင့်ဒီပတို့မှာ နားမလည်နိုင်ချေ။ ထို့ကြောင့် ဆရာဖြစ်သူမှာ သေချာစွာရှင်းလင်းပြောဆိုခဲ့ပြီး ညတွင်းချင်းပင်လျင် ထိုကျွန်းအခေါင်းကြီးအား စတင်ဖွင့်ရန်လုပ်ဆောင်ကြလေတော့သည်။
ထီးကလေးနှင့်တန်ခိုး ကယ်တင်ပေးလိုက်သည်ကြောင့် ဆန်းထွန်းပိုင်နှင့် ကေသရီတို့ဟာ သာစည်နယ်ဘက်သို့ ကောင်းမွန်စွာရောက်ရှိလာချေခဲ့သည်။ သို့သော် အလာကောင်းပေးမယ့် အခါနှောင်းခဲ့ပြီဟုဆိုရလေမလား ခြံစောင့်အလုပ်သမားကြီးမှာ ကွယ်လွန်သွားခဲ့လေပြီ။ ထို့ကြောင့် ထိုလူကြီး၏ အိမ်ဝိုင်းနှင့်ခြံအား ပိတ်ထားခဲ့ပြီး ပတ်ဝန်းကျင်ရှိလူများထံမှ သိရှိရသည်ကား ထိုလူကြီးမကွယ်လွန်မီအချိန်က ရွာလူကြီးအား ထိုခြံဝိုင်းအပ်နှံထားစေခဲ့ပြီး ဆန်းထွန်းပိုင်ဟူသော လူငယ်လေးရောက်ရှိလာပါက ပေးအပ်လိုက်ပါဟု မှာကြားခဲ့ခြင်းကြောင့် ဆန်းထွန်းပိုင်နှင့် ကေသရီဟာ ထိုခြံဝိုင်းလေးတွင် ခေတ္တမျှနေထိုင်နေမည်ဟု ဆန္ဒရှိသော်လည်း သာစည်နယ်၏ တစ်ဘက်နယ်မြို့လေးမှာသာ ပြောင်းရွှေ့နေထိုင်ချေခဲ့သည်။
ကေသရီဟာ ကျန်းမာရေး ချုချာနေခဲ့ပြီး ငယ်စဉ်ကတည်းမှ ရွှေပေါ်မြတင်နေလာရသော ဆရာဝန်လောင်းလေး ဆန်းထွန်းပိုင်မှာ မိမိတွင်ပါလာသော ရွှေငွေများအား ထုခွဲရောင်းချလျက် လင်မယားနှစ်ယောက် နေထိုင်ရေး အဆင်ပြေစေရန်အတွက် ပြုလုပ်ခဲ့ရသည်။ သိပ်ချစ်ရသည့် မိမိ၏ဇနီးသည် ကေသရီအားလည်း နေအမြန်ကောင်းလာစေရန် အစွမ်းကုန်ကုသပေးနေခဲ့သည်။
' ကေ … သက်သာရဲ့လား '
' သက်သာပါတယ် အစ်ကိုရယ် … ဒီလိုပဲဖြစ်တတ်ပါတယ် ကေ့အတွက်နဲ့ အစ်ကိုလဲ ပင်ပန်းနေခဲ့ပါပြီ '
' မဟုတ်တာ ကေကလဲ … ကေ့အတွက်ဆို အကိုယ့်ရဲ့အသက်ကိုတောင် ပေးဖို့ဝန်မလေးပါဘူး ကေရယ်'
' ကို … ကိုယ့်ကိုလေ ကေအရမ်းချစ်တယ်သိလား … ကို … ကေလေ … ဒီတစ်ခါနေကောင်းလာရင် အစ်ကိုနဲ့အတူတူ ဈေးသွားကြမယ်နော် … '
' သွားမှာကေရဲ့ … ကေလိုချင်တာတွေ ကေစားချင်တာတွေ အစ်ကိုဝယ်ကျွေးမယ်လေနော် '
ဝဲလျက်မျက်ရည်များနှင့် ချစ်ဇနီး၏ နဖူးပြင်အပေါ်မှ ဆံနွယ်များအား ပွတ်သပ်ပေးနေခဲ့ပြီး ဆန်းထွန်းပိုင်တစ်ယောက် ချစ်စကားလေးများစွာ ပြောဆိုနေလေခဲ့သည်။ ကေသရီဟာ မိန်းကလေးရောဂါဖြစ်နေခဲ့ပြီး ကျန်းမာရေးမကောင်း အိပ်ယာထ၌ လှဲလျောင်းနေခဲ့ရသည်။ လင်ယောကျာ်းဖြစ်သူ ဆန်းထွန်းပိုင်မှာ ဇနီးသည်ကေသရီ၏ မျက်နှာလေးတစ်ချက် အငြိုးမခံ အရိပ်တကြည့်ကြည့်နှင့် ချစ်နေရှာခဲ့သည်။ ထို့ကြောင့် လင်ယောကျားအား စိတ်မပူစေရန် မိမိ၏ခံစားနေခဲ့ရသော ဝေဒနာများအား ကြိတ်မှိတ်ဖျောက်ထားခဲ့ပြီး ဟန်ဆောင်ပြုံးကာ သက်သာနေသည့်ဟန်အား ဆောင်ထားခဲ့ရသည်။
တစ်နေ့သ၌ ကျွန်ပ်သည် မြောက်ဥက္ကလာဈေး အတွင်း၌ မိမိတွင် လိုအပ်မည့်အဝတ်စားလေးတစ်ချို့အား သွားရောက်ဝယ်ယူရန် တစ်ကိုယ်တည်းထွက်လာခဲ့ချေသည်။ ဈေးအတွင်း အထည်ဆိုင်မှ အဝတ်စားလေးတစ်ချို့အား စိတ်တိုင်းကြ ဝယ်ယူလာပြီးသည့်နောက်မှာတော့ ဆောင်းတွင်း၏ိံ နေအပူရှိန်များဟာ ပြင်းထန်နေခဲ့ပြီး အိုက်စက်စက်ရှိသောကြောင့် ဈေးမကြီးလှသည့် အအေးဆိုင်လေးတစ်ခုအတွင်းသို့ ဝင်ရောက်လျက် လွတ်နေသည့်ထိုင်ခုံတွင် နေရာယူထိုင်လိုက်ပြီး အအေးတစ်လုံးအား မှာယူလိုက်လေသည်။
ခုံအပေါ်သို့ အဝတ်ထုတ်များ တင်ထားလိုက်ပြီး ဆိုင်ပတ်ဝန်းကျင်အား အကဲခတ်ကြည့်မိလိုက်စဉ် ကျွန်ုပ်၏ဆယ်တန်းကျောင်းသား ဘဝမှ ကျွန်ုပ်အား စိတ်ရှည်စွာ နားမလည်နိုင်သည့် စာများအား သေချာစွာရှင်းလင်း သင်ပြပေးခဲ့သော ကျူရှင်ဆရာအား ဆိုင်၏ဒေါင့်ဆုံးဝိုင်း၌ တစ်ကိုယ်တည်းထိုင်နေသည်ကို တွေ့ရှိလိုက်ရသည်။ မတွေ့တာကြာပြီးဖြစ်သည့် ဆရာ့အား ကျွန်ပ်တစ်ယောက် နှလုံးသားထဲ၌ အသည်းဆွဲလောက်အောင် အမှတ်တရရှိနေခဲ့ပြီး ဆရာမှာမူ ကျွန်ုပ်အား ကျောင်းသားအများကြီးအထဲမှ သေချာစွာ မှတ်မိနိုင်မည်မဟုတ်ဟု ကျွန်ပ်ကောင်းစွာသဘောပေါက်ချေခဲ့သည်။
ကျွန်ုပ်အား စိတ်ရှည်စွာ စေတနာ၊အနစ်နာ၊ဝါသနာ ဟူသော နာသုံးနာနှင့် သင်ကြားပြသပေးခဲ့သော ဆရာ့အား ကျွန်ုပ်တစ်ယောက် သွားရောက်နှုတ်ဆတ်မည်ဖြစ်သည်။ ထို့ကြောင့် ထိုင်နေသည့်ခုံမှ ထလိုက်ပြီး တစ်ကိုယ်တည်းတွေဝေစွာ ထိုင်နေသော ဆရာ၏ခုံအရှေ့သို့ အရောက်သွားကာ တရိုတသေဖြင့်
' ဆရာ … မင်္ဂလာပါ … ကျွန်တော့ကို မှတ်မိလားမသိဘူး'
ကျွန်ုပ်၏စကားသံအား ကြားလိုက်ရသည့် ဆရာတစ်ယောက်မှာတော့ မတ်တပ်ရပ်လျက်ရှိနေသော ကျွန်ုပ်အား ဆတ်ခနဲ မော့ကြည့်လိုက်ပြီး မျက်မှောင်အားကျူတ်လျက်
' အင်း … '
' ဟို … ! ဟာ … မှတ်မိတာပေါ့ကွ … ဆယ်ကျောင်းပြိုင် စာစီစာကုံးမှာ ပထမဆုရတဲ့ ကောင်လေးမဟုတ်လား'
ကျွန်ုပ်အားကြည့်လျက် တစ်လုံးချင်း ပြောထွက်လာသော ဆရာ့၏စကားအား ကျွန်ုပ်တစ်ယောက် ကြားလိုက်ရသည်နှင့် လွန်စွာမှပင် ဝမ်းသာသွားမိသည်။ ထိုသို့ပြောဆိုလိုက်သော ဆရာ၏စကားဟာ ကျွန်ုပ်အား ကောင်းစွာမှတ်မိနေခဲ့သည်မှာ မလွဲနိုင်ချေ။ ထို့ကြောင့်
' ဟုတ်တယ်လေဆရာ … ကျွန်တော်လေ'
' အေး … မှတ်မိတာပေါ့ ထိုင် !… နာမည်ကတော့ ပါးစပ်ဖျားလေးတင် မေ့နေတယ် ဘာပါလိမ့် … !'
' ထီးကလေးပါဆရာ'
' အာ ! .. ဟုတ်ပါရဲ့ မောင်ထီးကလေး မင်းတောင်ကလေးဘဝတုန်းကလို မဟုတ်တော့ပါလား လူကြီးတစ်ယောက်လိုဖြစ်နေပြီ အိမ်ထောင်ကျနေပြီလား '
' ဟာဗျာ … ဆရာကလဲ မကျသေးပါဘူး ချစ်သူတောင်မရှိသေးဘူး'
' ဟားဟားဟား … ကျောင်းသားလေးတွေကို ပြန်တွေ့ရတော့ ရယ်မောနိုင်တယ်ကွာ ဟူး … '
ထို့သို့ပြောဆိုကာ ဆရာတစ်ယောက် သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်လေသည်။
' ဆရာ … ဘာဖြစ်လို့လဲ နေမကောင်းဘူးလား '
' နေကတော့ ကောင်းပါတယ်ကွာ … စိတ်မကောင်းဖြစ်နေတာ'
' ကျွန်တော့ကို ပြောပြလို့ရရင် ပြောပြပါလား ကျွန်တော်တတ်နိုင်တဲ့ဘက်က အကူညီပေးမယ်ဆရာ'
' သြော် … ဒီလိုပြောတဲ့ စကားကိုကြားရတော့ မင်းအကြောင်းကို ငါပြန်သတိရလာပြီး ကျောင်းတုန်းက အကူညီပေးတာပါဆိုပြီး စာရေးပြင်းတဲ့ ကလေးတွေကို စာတွေရေးပေးလို့ အတန်းရှေ့မှာ နားရွက်ဆွဲ ထိုင်ထလုပ်ခဲ့ရတာ မှတ်မိသေးလား '
' ဟားဟားဟား … ဆရာက အခုချိန်ထိမှတ်မိနေသေးပေါ့လေ'
' မှတ်မိတာပေါ့ကွ … အထူးသဖြင့် ၂၀၁၀တုန်းက ကျောင်းသားတွေကို ငါပိုပြီးချစ်တယ် ပိုပြီးသတိရတယ် မင်းတို့အပါအဝင်ပေါ့ '
' ဟုတ်ဆရာ … ကျေးဇူးတင်ပါတယ် ဆရာအခုဖြစ်နေတဲ့ အကြောင်းလေး ပြောပြပေးပါလား ကျွန်တော်လဲ အကူညီပေးလို့ရတာပေါ့'
' အေးကွ … ဒီလို ဆရာ့သားက ဆေးကျောင်းနောက်ဆုံးနှစ် တတ်နေတာ ရှေ့နှစ်ဆိုရင် ဆရာဝန်ကြီးဖြစ်ပြီ အခု ဘာမဟုတ်တဲ့ မိန်းမတစ်ယောာက်ကို ခိုးပြေးသွားတယ်လေ … ဆရာတို့လင်မယားနှစ်ယောက်ဆီကိုလဲ အဆက်အသွယ်မလုပ်ဘူး ဆရာ့မိတ်ဆွေတွေဆီကိုလဲ ရောက်မလာဘူးလို့ပြောကြတယ် … ဆရာတို့မှာ ဒီသားလေးတစ်ယောက်တည်းရှိတာ အခုဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိပါဘူး … ဆရာ့ဇနီးလဲ သူ့သားစိတ်နဲ့ အိပ်ယာထဲလဲနေပြီ '
' ဟုတ်ကဲ့ဆရာ … ဒါဆိုဆရာ့သားက မိန်းမခိုးပြေးတာပေါ့ '
' အေးကွ … မိန်းကလေးက အရင်အိမ်ထောင်ရှိခဲ့ဘူးတယ် ပြောရရင် တစ်ခုလပ်မလေးပေါ့ ယူစရာရှားလို့ အဲ့ဒီမိန်းကလေးကိုမှ ခိုးပြေးသွားရတယ်လို့ကွာ တကယ်ရင်နာတယ် ဟူး … ဘာပဲဖြစ်ဖြစ် ပေါက်တဲ့နဖူး မထူးတော့ဘူးလေ … ခိုးပြေးသွားမှတော့ ပေးစားဖို့ပဲရှိတော့တာပေါ့ … ဒါပေမယ့် ဆရာ့သားက သူတို့နှစ်ယောက်ကို ခွဲမှာဆိုးလို့ ဘယ်မှာပုန်းနေမှန်းလဲ မသိပါဘူး '
' ဆရာ အဲ့ဒီကိစ္စကြောင့် စိတ်ညစ်နေတာလား '
' အေးကွ … သားလုပ်တဲ့သူက မိန်းမခိုးပြေး … မိန်းမလုပ်တဲ့သူက သားစိတ်နဲအိပ်ယာထဲ လဲနေတော့ အပူနှစ်ခုတတ်နေတာပေါ့လေ '
' ဟုတ်ကဲ့ဆရာ … ဆရာ့သားရဲ့ ဓာတ်ပုံပါလား ကျွန်တော့ကိုပြပါလား '
' အေးအေး … ခဏ … '
ထိုသို့ပြောဆိုကာ ထိုင်နေသည့် စားပွဲဝိုင်းမှ ဆရာတစ်ယောက် ရုတ်တရက် ထလိုက်ပြီး ဆိုင်အရှေ့တွင် ရပ်လျက်ထားသော သူ၏ကားဆီသို့ သွားကာ ကားတံခါးဖွင့်လိုက်ပြီး အထဲမှဓာတ်ပုံလေး တစ်ပုံယူဆောင်လာလေသည်။ ထို့နောက် ကျွန်ုပ်အား ထိုဓာတ်ပုံလေး လက်ကမ်းပေးလိုက်ပြီး
' သူပဲ ထီးကလေးရေ !'
' ဟင် !… '
ဆရာလက်ကမ်းပေးသည့် ဓာတ်ပုံလေးအား ကျွန်ုပ်ယူဆောင်လိုက်ပြီး ဓာတ်ပုံအတွင်းမှ လူငယ်လေးဟာ ကျွန်ုပ်နှင့်တန်ခိုး အဝေးပြေးလမ်းမပေါ်၌ ဓားပြများ၏လက်အတွင်းမှ ကယ်တင်ပေးလိုက်ခါ သာစည်နယ်ဘက်သို့ ကားကြုံတားပေးလိုက်သော လူငယ်ကောင်လေးပင်ဖြစ်ချေသည်။
' တွေ့ဘူးလို့လား ထီးလေး '
' တွေ့ဘူးရုံတင်မကဘူး ဆရာ … ဒီကောင်လေး အဝေးပြေးလမ်းမှာ ဒုက္ခရောက်နေတုန်းက ကျွန်တော်နဲ့ကျွန်တော်သူငယ်ချင်းတောင် အကူညီပေးလိုက်သေးတယ် … ဘေးမှာလည်း ကောင်မလေးတစ်ယောက်ပါတယ် … အခုမှခိုးပြေးလာကြတာ … သာစည်နယ်ဘက်က ခြံစောင့်အဘကြီးဆီကို သွားမယ်လို့သိရတယ် ဆရာ'
' ဟေး … ဒီဓာတ်ပုံထဲကကောင်လေး သေချာပါတယ်နော် သာစည်နယ်ဘက်ကို သွားကြတာပေါ့ဟုတ်လား'
' ဟုတ်တယ်ဆရာ … ကျွန်တော်တို့တောင် ကားတားပြီး သာစည်နယ်ဘက်ကို လမ်းကြုံအကူညီတောင်းပေးလိုက်သေးတယ်'
' ဟာ … ကျေးဇူးပဲထီးလေးရာ … သာစည်ဘက်မှာ သားလေးကို ငယ်ငယ်တည်းက ထိမ်းကျောင်းပေးခဲ့တဲ့ အိမ်ကခြံစောင့်လူကြီးဆီ သွားတာပဲဖြစ်ရမယ် '
' ဟုတ်တယ်ဆရာ … သူပြောသွားတယ် … အခုလောလောဆယ်တော့ သူအိမ်ကခြံစောင့် အဘကြီးမှာပဲ ခဏသွားရှောင်နေမယ်လို့ ပြောတယ် '
' ကျေးဇူးပါပဲထီးလေးရာ … ဆရာတို့လဲ သူတို့နှစ်ယောက်ကို မခွဲတော့ပါဘူး ဒါဆို ဆရာ့ကိုခွင့်ပြုဦး သူ့အမေကိုခေါ်ပြီး သာစည်နယ်ဘက်ကို ချက်ချင်းလိုက်သွားမှဖြစ်မယ် '
' ဟုတ်ကဲ့ဆရာ … အကြောင်းကိစ္စထူးရင်လဲ ကျွန်တော့ကိုအကြောင်းကြားပါဦး'
'အဲ့ဒါတော့စိတ်ချ ထီးလေးရေ … မင်းအရင်အိမ်မှာပဲ မဟုတ်လား … သားလေးကိုခေါ်လာပြီးရင် ဆရာမင်းအိမ်ကို လာလည်ခဲ့ဦးမယ် '
' ဟုတ်ကဲ့ဆရာ … ကျွန်တော်ထီးလေး မျှော်နေပါ့မယ်'
တိုက်ဆိုင်စွာပင် ကျွနိုပ်နှင့်တန်ခိုး အကူညီပေးခဲ့ဘူးသော လူငယ်ကောင်လေးမှာ ကျွန်ုပ်ဆရာ၏ သားလေးပင်ဖြစ်နေချေခဲ့သည်။ မှိုင်တွေနေသည့် ဆရာ့၏မျက်နှာမှာ ကျွန်ုပ်၏အပြောစကားများအား ကြားသိလိုက်ရသည်နှုင့် စိတ်ချမ်းသာသွားခဲ့ပြီး အအေးဖိုးရှင်းကာ ကျွန်ုပ်အားနှုတ်ဆတ်လျက် ဆိုင်အတွင်းမှ ထွက်ခွာသွားခဲ့ချေတော့သည်။
****
မြေအောက်မှ တူးဖော်ရရှိထားသည့် ကျွန်းအခေါင်းကြီးအား သုတေသနပညာရှင် ဦးသိပ္ပနှင့်အတူ သူ၏တပည့်များ အစွမ်းကုန်ကြိုးစားဖွင့်နေကြသော်လည်း ထိုကျွန်းအခေါင်းကြီးမှာ အနည်းငယ်မျှ ပွင့်ဟမလာခဲ့ချေ။ ခြေကုန်လက်ပန်းကျကာ မောဟိုက်လျက် ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး
' ဆရာ … ကျုပ်တို့ချည်းပဲဆို ဘဟ်လိုမှ ဖွင့်လို့ရမှာမဟုတ်ဘူး … အလုပ်သမားတစ်ယောက် နှစ်ယောက်လောက် ခေါ်မှဖြစ်မယ် '
' အလုပ်သမားခေါ်လို့ဖြစ်ပါ့မလား …အပြင်လူ မသိစေချင်လို့ကွ '
' ဖြစ်ပါတယ်ဆရာရ … ဘာမှမစိုးရိမ်ပါနဲ့ အခေါင်းကြီးနည်းနည်းလေး ဟလာပြီးဆိုတာနဲ့ အလုပ်သမားတွေကို ပြန်လွတ်လိုက်ရုံပဲ အထဲမှာဘာတွေရှိနေလဲဆိုတာ သူတို့ကို မကြည့်ခိုင်းတော့ဘူး … မဟုတ်ရင် ကျွန်တော်ချည်းပဲ ဖွင့်လို့လွယ်မှာမဟုတ်ဘူး '
' အိုး … မိတ်ဆွေကြီးတို့ဆရာတပည့်တွေ ဘာတွေများပြောနေကြတာလဲ … ကျုပ်ကိုလဲပြောဦးလေ'
' ထွေထွေထူးထူးမဟုတ်ဘူး ဦးရှောင်ဖိန်းရေ … အခေါင်းကြီးကို ကျုပ်တို့ချည်းပဲ ဖွင့်ဖို့မလွယ်ဘူးဗျ … ဒါကြောင့် အကူနှစ်ယောက်လောက် ခေါ်ဖို့တိုင်ပင်နေတာ'
' ကျုပ်ထင်တယ် … ဒီအခေါင်းကြီးက နှစ်မနည်းတော့ဘူးဆိုတော့ တော်ရုံတန်ရုံဖွင့်နိုင်ဖို့မလွယ်ဘူး အကူခေါ်မယ်ဆိုရင် စိတ်ချယုံကြည်ရတဲ့ သူကို ခေါ်မှဖြစ်မယ် '
' ဟုတ်တယ် … ကျုပ်လဲအဲ့ဒါပဲပြောနေတာ … လုပ်ပါဦး ဦးရှောင်ဖိန်း စိတ်ချရတဲ့ အကူနှစ်ယောက်လောက် ခေါ်ပေးပါဦး'
' ကျုပ်တူတွေတော့ရှိတယ် … သူတို့ကို အရက်ဖိုးပေးပြီး ကူဖွင့်ခိုင်းရင်တော့ အဆင်ပြေလောက်မယ်ထင်တယ်'
' လုပ်ဗျာ … ခေါ်ပေး ကျုပ်ပေးမယ် ဟုတ်ပြီးလား'
' ကောင်းပြီ ကောင်းပြီး ကျူပ်ခေါ်ပေးမယ် '
အားကောင်းမောင်းသန် တရုတ်လူမျိုးနှစ်ယောက် ခဏအကြာ၌ပင် ရောက်ရှိလာခဲ့ပြီး ပစ္စည်းအစုံအလင်နှင့် ထိုကျွန်းအခေါင်းကြီးအား စတင်ဖွင့်လေတော့သည်။ ညလုံးပေါက်နီးပါး နည်းမျိုးစုံဖြင့် ဖွင့်နေခဲ့ပြီး မနက်လင်းခါနီးအချိန်၌ ထိုအခေါင်းကြီးမှာ စတင်ပွင့်ဟလာခဲ့လေသည်။
မိုးခြိမ်းသံနှင့်အတူ ကောင်ကင်တစ်ခုလုံး ရဲရဲတောက်လျက် သည်းထန်စွာဖြင့် မိုးများဟာ ရုတ်တရက်ရွာသွန်းကျလေပြီ။ လေနှင့်အတူ လိုက်ပါလာသည့် လေသံကြီးမှာလဲ ထိတ်လန့်စရာကောင်းလောက်အောင်ပင် တိုက်ခိုက်နေလေခဲ့ပြီး။ မိုးရာသီမဟုတ် အချိန်အခါမဟုတ် သည်းထန်စွာရွာသွန်းနေသော မိုးများအား ဦးသိပ္ပနှင့်ဦးရှောင်ဖိန်းတို့မှာ ဂရုမစိုက်နိုင် အခေါင်းကြီးပွင့်လစ်လာခဲ့သည်နှင့် အားလုံးမှာ စိတ်ဝင်တစားဖြစ်နေကြပြီး
' နေကြဦး … နေကြဦး ဖယ်ဖယ် … အနားမကပ်နဲ့ '
' ဦးသိပ္ပ … အခေါင်းကြီးပွင့်သွားပြီး အထဲမှာ ဘာရှိမလဲဆိုတာ ခင်ဗျားကိုယ်တိုင်ပဲ သွားကြည့်ပေတော့'
တစ်ပေခန့်မျှ ဟနေခဲ့သော အခေါင်းအတွင်းသို့ ဦးသိပ္ပတစ်ယောက် စိုက်ကြည့်နေခဲ့သော်လည်း မည်သည့်အရာတစ်ခုမှ ကွဲပြားစွာမတွေ့ရချေ။
' ကဲရော့ … မင်းတို့အတွက် မုန့်ဖိုး … ရပြီး မင်းတို့သွားတော့'
' ကျေးဇူးပဲ နောင်လဲ လိုအပ်ရင်ခေါ်လိုက်ဦး'
' ဗျို့ … ဦးသိပ္ပ ဘာတွေ့တုန်းဗျ '
' ဟင့်အင်း … ဘာမှမတွေ့ဘူးဦးရှောင်ဖိန်း… ကျုပ်ကိုနည်းနည်းလောက် လာကူးဦးဗျ … နည်းနည်းလေးတွန်းဖွင့်ကြည့်ရအောင် … ထင်ခ …ဒီပ မင်းတို့နှစ်ယောက်လဲ လာကူဦး '
' ဆ … ဆရာ ဖြစ် … ဖြစ်ပါ့မလား '
' ဟာကွာ … ယောကျာ်းတွေဖြစ်ပြီး သွေးကြောင်နေတယ် … လာစမ်းပါကွ … သေရင် မင်းတို့ချည်းပဲ သေမှာမဟုတ်ဘူး … ငါလဲသေမှာပဲ လာ နည်းနည်းတွန်းဖွင့်ကြည့်မယ် '
ထင်ခနှင့်ဒီပ နှစ်ဦးသားမှာ ဦးသိပ္ပ ၏ ခေါ်ဆောင်မှုဖြင့် ထိတ်လန့်ကြောက်ရွှံ့နေသော အမူယာဖြင့် အနည်းငယ်မျှ ဟနေခဲ့သည့် အခေါင်းအဖုံးအား ဝိုင်းဝန်းတွန်းဖွင့်လေကြတော့သည်။ ယောကျာ်းကြီးများ၏ အစွမ်းကုန်အင်အားဖြင့် တွန်းဖွင့်လိုက်သော်ကြောင့် အခေါင်းအဖုံးမှာ နှစ်ပေခန့်မျှ ပွင့်လစ်လာခဲ့လေသည်။ အခေါင်းကြီးပွင့်လစ်လာခဲ့သည်နှင့် ဦးသိပ္ပမှာ ဝမ်းသာအားရဖြစ်သွားလျက် အလောတကြီး အခေါင်းဘေးဘောင်သို့ လက်ထောက်လိုက်စဉ် သူ၏လက်မှာ ချော်ထွက်သွားပြီး အခေါင်းဘောင်နှင့် ခြစ်မိသွားခဲ့လေတော့သည်။
' အား … !
' ဟင် … ဦးသိပ္ပ … ရရဲ့လား '
' ရတယ် … လက်ချော်သွားတာ '
' ဘာဖြစ်သွားသေးလဲ … အဆင်ပြေရဲ့လား '
' ခြစ်မိသွားတာပါ ရတယ် ဘာမှမဖြစ်ဘူး '
ထို့သို့ပြောဆိုလိုက်သော်လည်း ဦးသိပ္ပ ၏ လက်အား အခေါင်းဘောင်နှင့် ခြစ်မိလိုက်သည်ကြောင့် အနည်းငယ်မျှ သွေးဆို့သွားခဲ့ရသည်။ အခေါင်းဘောင်၌လည်း ဦးသိပ္ပ ၏သွေးစများ အနည်းငယ်ပေစွန်းသွားခဲ့ချေသည်။ သို့ပေမယ့် စိတ်လောနေသည့် သူများအားလုံးဖြစ်သည်ကြောင့် ထိုဖြစ်ရပ်အား လစ်လျုရှု့သတိမထားမိချေ။ အခေါင်းအတွင်း၌ မည်သည့်အရာရှိနေသည်ဟူသော သိချင်စိတ်များသာ ပြင်းထန်နေလေခဲ့သည်။
' ဟာ … သေချာသွားပြီး ဒါကျုပ်ပြောတဲ့ အခေါင်းပဲ ဦးသိပ္ပရေ'
' ဟင် … အလောင်းကြီးက အခုထိ မပျက်မစီးပဲရှိနေသေးပါလား'
' ဆရာ … ဒီအပေါ်က ကြိုးတွေက ဘာတွေလဲ '
' ငါလဲမသိဘူး … '
'ဦးရှောင်ဖိန်း … ဒါဘာတွေတုန်း '
' ဘာတွေဖြစ်ရမှာတုန်းဗျ သေချာသွားပြီး ဒီအခေါင်းကြီးက ကျုပ်သိထားတဲ့ ဖုတ်ကောင်ရဲ့အခေါင်းကြီးပဲ '
' ဘာဖြစ်လို့ ဦးရှောင်ဖိန်းက အဲ့ဒီလိုပြောနိုင်ရတာလဲ '
' ဒီမှာကြည့်လေ … ဒီကြိုးတွေက မှော်ဆရာတွေရဲ့ ကြိုးတွေပဲ ဖုတ်ကောင်ကို ဖမ်းတုန်းက အဲ့ဒီကြိုးတွေကို အသုံးပြုခဲ့ရတာ '
'ပြီးတော့ အခုချိန်ထိ အခေါင်းထဲမှာရှိနေတဲ့ အလောင်းကောင်ကြီးက မပျက်မစီးပဲရှိနေသေးတယ် … ဒါတွေကိုကြည့်ခြင်းအားဖြင့် မှတ်တမ်းတွေအထဲက အခေါင်းကြီးဆိုတာ လုံးဝသေချာတယ်'
' ဟင် … ဒီမှာ သွေးစတွေပါလား '
' ဟုတ်တယ် ကျုပ်လက်ခြစ်မိသွားတာ '
' ဟာ … ဒုက္ခပါပဲ သွေးဆို နည်းနည်းလေးမှ စွန်းလို့မဖြစ်ဘူး အားလုံးတော့ ဒုက္ခရောက်ကုန်တော့မှာပဲ '
' ခါဆိုဘယ်လိုလုပ်ကြမလဲ ဦးရှောင်ဖိန်း တစ်ခုခုစဉ်းစားပေးပါဦး'
' နေဦးဗျ … ဟိုဘက် ရပ်ကွက်ထဲမှာ မှော်ဆရာတစ်ယောက်တော့ရှိတယ် … သူ့ကိုအကြောင်းကြားပြီး ဘာဆက်လုပ်ရမယ်ဆိုတာ တိုင်ပင်ကြမှ ဖြစ်မယ် မဟုတ်ရင် အားလုံးအတွက် အန္တရယ်ရှိနိုင်တယ် '
' ကျေးဇူးပါပဲဗျာ … ကျေးဇူးပါပဲ '
' မနက်လင်းတာနဲ့ မြန်မာပြည်ကို ကျုပ်ပြန်မယ် … ဒီအလောင်းကြီးကို အမြန်ဆုံး သုတေသနလုပ်ချင်နေပြီ … လိုအပ်ရင် အဲ့ဒီမှော်ဆရာကြီးကိုပါ မြန်မာပြည်ထိခေါ်သွားလိုက်မယ်'
အခေါင်းအတွင်းမှ နှစ်ကာလကြာမြင့်စွာ မပျက်မစီးပဲရှိနေခဲ့သော အလောင်းကြီးအား အဝါရောင်မှော်ကြိုးများကြားမှ မကွဲမပြားမြင်တွေ့နေခဲ့ရသည်။ ဦးသိပ္ပလက်နှင့် အခေါင်းဘောင်ခြစ်မိသွားခဲ့ပြီး အခေါင်းဘောင်လေး၌ သွေးစလေးများ စွန်းပေခဲ့ရသည်။ ထို့ကြောင့် တရုတ်လူမျိုး ဦးရှောင်ဖိန်းမှာ စိုးရိမ်ကြီးစွာဖြင့် မှော်ဆရာဟုခေါ်တွင်သော တရုတ်လူကြီးတစ်ယောက်အား သွားရောက်သွားဆောင်လာလေခဲ့သည်။ ထို့နောက်ဖြစ်ကြောင်း ကုန်စဉ်အားလုံးအား မှော်ဆရာဟုခေါ်တွင်သော ထိုလူကြီးအား အကြောင်းစုံရှင်းပြပြောဆိုလိုက်လေတော့သည်။
' သိပ်ဟုတ်တာပေါ့ အဲ့ဒါလွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀၀)ကျော်လောက်တုန်းက တရုတ်ပြည်မှာ သောင်းကြမ်းခဲ့တဲ့ သွေးစုတ်ဖုတ်ကောင်ပဲ … ခင်ဗျားတို့ ဒီအခေါင်းကြီးကို သက်ဆိုင်ရာဆီ အပ်သင့်တယ်နော်'
' ကျုပ်က မြန်မာပြည်ရဲ့ သုတေသနပညာရှင်တစ်ယောက်ပါ နာမည်က ဦးသိပ္ပလို့ခေါ်တယ် … ဒီအခေါင်းကြီးနဲ့ပတ်သတ်ပြီး မှော်ဆရာကြီးသိထားသလောက် ကျုပ်ကို ပြောပြပါလား'
' တစ်ချို့တစ်ဝက်ကတော့ ဦးရှောင်ဖိန်းပြောပြထားသလိုပေါ့ … အခုအခေါင်းထဲမှာ တွေ့နေရတဲ့ ကြိုးအဝါတွေက ဖုတ်ကောင်ကို ဖမ်းတုန်းက အသုံချခဲ့ရတဲ့ မှော်စွမ်းအင်ကြိုးတွေပဲ … အဲ့ဒီဖုတ်ကောင်အပေါ်ကို သွေးတစ်စက်ကျတာနဲ့ ဒုတိယမြောက် ဒီဖုတ်ကောင်အသက်ပြန်ဝင်လာနိုင်တယ် … ခင်ဗျားတို့ရဲ့လုပ်ရက်က လူသားတွေအားလုံးကို ဒုက္ခရောက်သွားစေနိုင်တယ်နော်'
' အဲ့ … အဲ့လိုလဲ မဟုတ်ပါဘူးဆရာကြီး … လူတွေဒုက္ခရောက်အောင် ကျုပ်မလုပ်ပါဘူး … ကျုပ်ကမြန်မာပြည်မှာ နာမည်တစ်လုံးနေတဲ့ သုတေသနပညာရှင်တစ်ယောက်ပါ … ထူးဆန်းနက်နဲတဲ့ အရာအားလုံးကို သုတေသနပြုလုပ်နေတာပါ'
' အင်း … ဒါပေမယ့် ဒီလိုအရာမျိုးကိုတော့ ခင်ဗျားသုတေသနမလုပ်သင့်ဘူးထင်တယ် … ဘာဖြစ်လို့လဲဆိုရင် တစ်ချက်မှားသွားတာနဲ့ အားလုံးဒုက္ခရောက်သွားရလိမ့်မယ်'
'ဟုတ်ကဲ့ဆရာကြီး … အခုလိုစိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ် … ဒီအခေါင်းကြီးကို ကျုပ်မြန်မာပြည်သယ်သွားမှာပါ'
' အင်း … ခင်ဗျားကိုကြည့်ရတာ လုပ်ချင်ရင်ဇွတ်လုပ်မယ့်သူမျိုး တားလို့လဲရမှာမဟုတ်ဘူး … ဘာပဲဖြစ်ဖြစ်အစစအရာရာဂရုစိုက်ပါ'
' ဟုတ်ကဲ့ဆရာကြီး … ကျုပ်လက်နဲ့အခေါင်းဘောင်နဲ့ ခြစ်မိပြီး သွေးစလေးနည်းနည်း စွန်းသွားတယ် အဲ့ဒါဘယ်လိုလုပ်ရမလဲ'
' ဒီလောက်ကတော့ ပြသနာမရှိပါဘူး အဓိက အဲ့ဒီအလောင်းကောင်ပေါ်ကို သွေးမကျဖို့အရေးကြီးတယ်'
' ဆရာကြီး … ကျုပ်မိတ်ဆွေက မြန်မာပြည်ကို ဒီအခေါင်းကြီးသယ်သွားမှာဆိုတော့ အဲ့ဒါကျေးဇူးပြုပြီး ဆရာကြီးမြန်မာပြည်ကို အဖော်အဖြစ် ခေတ္တလိုက်သွားပေးပါလား '
' ဟာဗျာ … ကျုပ်မှာက အလုပ် ! … '
ဦးရှောင်ဖိန်း၏ိံပြောစကားအား မှော်ဆရာကြီးငြင်းဆန်မည်အလုပ် ဦးသိပ္ပဟာ ရွှေငွေအပြည့်ရှိနေသည့် ယွန်းသေတ္တာလေးအား ဖွင့်ဟပြလိုက်ပြီး မှော်ဆရာကြီးဆီသို့ ဦးတည်ကာ လှမ်းပေးလိုက်လေသည်။ ထိုသေတ္တာလေးအတွင်းမှ အဖိုးတန်ပစ္စည်းများအား တွေ့ရှိလိုက်ရသည့် မှော်ဆရာကြီးမှာတော့
' ဟဲဟဲ … ကျုပ်အကူညီပေးမှဖြစ်မယ့် ကိစ္စဆိုတော့လဲ ကူညီပေးရတာပေါ့လေ … ဒါပေမယ့် တစ်ခုတော့ရှိတယ်နော် … ခင်ဗျားကို မြန်မာပြည်ထိ လိုက်ပို့ပြီးတာနဲ့ ကျုပ်ပြန်မှာ နောက်အကြောင်းကိစ္စတွေကို ခင်ဗျားဘာသာ ခင်ဗျားဆက်လုပ်ပေတော့'
' ကျေးဇူးတင်ပါတယ်ဗျာ … မြန်မာပြည်လေဆိပ်ရောက်တာနဲ့ မှော်ဆရာကြီးရဲ့ တာဝန်ကျေပါပြီ လမ်းခုလပ်မှာ အန္တရယ်ဖြစ်မှာဆိုးလို့ မှော်ဆရာကြီးကို အကူညီတောင်းရတာ … တကယ်လို့များ ဒီဖုတ်ကောင် အသက်ဝင်လာတယ်ဆိုရင် မှော်ဆရာကြီးနိမ်နင်းပေးနိုင်ပါ့မလား'
' ဟားဟားဟား … ခင်ဗျားကျုပ်ကို အထင်သေးတာပဲ … ကျုပ်ရဲ့ဘိုးဘေတွေ လက်ထပ်တုန်းက ဒီဖုတ်ကောင်ကြီးကို နိမ်နင်းခဲ့ကြတာ ပြီးတော့ ကျုပ်တို့တစ်မျိုးက တရုတ်ပြည်မှာ မှော်ဆရာလုပ်စားလာကြတာ ကျုပ်လက်ထက်အထိပဲ … အေးဆေးနိမ်နင်းနိုင်တယ် ဒါပေမယ့် ပေါ့ပေါ့ဆဆလုပ်လို့တော့ မဖြစ်ဘူးပေါ့လေ'
' ကောင်းပြီး ဒီလောက်ဆို ကျုပ်သဘောပေါက်ပြီ … ဒါဆို မိုးလဲလင်းပြီးဆိုတော့ မြန်မာပြည်ကို အမြန်ဆုံးပြန်ကြမယ်'
' ကောင်းပါပြီဗျာ … ကောင်းပါပြီ'
'ဦးရှောင်ဖိန်း ခင်ဗျားနဲ့ကျုပ်ရဲ့ အရောင်းအဝယ်ကိစ္စ ဖြစ်မြောက်သွားပြီးနော် အခုချက်ချင်း ခင်ဗျားတောင်းတဲ့ ငွေအမောက်ထပ် တစ်ဆပိုပေးခဲ့မယ် '
' ကျေးဇူးတင်ပါတယ်ဗျာ … မိတ်ဆွေကြီးရဲ့ သုတေသနလုပ်ငန်းတွေ ဒီထက်ပိုပြီး အောင်မြင်လာပါစေဗျာ'
ဖုတ်ကောင်ကြီးအား သုတေသနမပြုလုပ်ရန် တားစီးနေခဲ့သော မှော်ဆရာကြီး၏ ပြောစကားများအား ဦးသိပ္ပတစ်ယောက် လက်မခံ ဇွတ်အတင်းသာလျင် လုပ်မည်ဟုပြောဆိုနေခဲ့ခြင်းကြောင့် မှော်ဆရာကြီးမှာ တားစီမနေတော့ပဲ အလျော့ပေးခွင့်ပြုလိုက်ရချေတော့သည်။
ဦးရှောင်ဖိန်းတောင်းဆိုသည့် ငွေပမာအထက် ဦးသိပ္ပမှာ ပိုမိုပေးခဲ့ပြီး ထိုကျွန်းအခေါင်းကြီးအား မြန်မာပြည်သို့ သယ်ဆောင်ရန် စီစဉ်လေတော့သည်။ လမ်းခုလပ်၌ အန္တရယ်တစ်ခုခုကြုံဆုံမည်အား စိုးရိမ်၍ တရုတ်ပြည်မှ မျိုးရိုးအစဉ်ဆက် မှော်ပညာတတ်ကျွမ်းလာသော မှော်ပညာရှင်ဆရာကြီးအား အခကြေးငွေပေး၍ ခေါ်ဆောင်စေခဲ့ပြီး မြန်မာပြည်သို့ အရောက်ပြန်ရန်စီစဉ်လေတော့သည်။
' ဆရာ … သူတို့တွေကို ပေးတဲ့ငွေ အရမ်းများနေသလားလို့'
' ဟားဟားဟား … မှတ်ထား ထင်ခရ … လောကမှာ ထောင်မြင်ရင် ရာစွန့်ရတယ်ဆိုတာ ဒီဖုတ်ကောင်ရဲ့အောက်မှာ တရုတ်ရှေးဟောင်းရတနာပစ္စည်းတွေ ရှိသလို ဒီဖုတ်ကောင်ကို ငါ့ရဲ့သုတေသနလုပ်ငန်းထဲမှာ အကောင်အထည်ဖော် အသုံးချလိုက်ရင် သူတို့ကိုပေးတဲ့ ငွေထက် အဆပေါင်းတစ်ရာကျော်လောက် ငါပြန်ရလာမှာကွ'
' တ … တကယ် '
' တကယ်ပေါ့ကွ … မင်းတို့ကိုပြောထားရဦးမယ် ဒီအခေါင်းကြီး ငါတို့မြန်မာပြည်ကိုသယ်လာတာ ဘဟ်သူမှသိလို့မဖြစ်ဘူးနော် … လမ်းတစ်လျောက်လုံးကိုလည်း ငွေနဲ့လမ်းခင်းခဲ့မယ် ဒါဆိုရင် မြန်မာပြည်လေဆိပ်ကို ငါတို့ကောင်းကောင်းမွန်မွန် ပြန်ရောက်လာနိုင်ပြီပဲ'
' ဟုတ် … ဟုတ်ကဲ့ပါဆရာကြီး… စိတ်ချပါ'
' ရော့ … မိတ်ဆွေကြီး ခင်ဗျားအတွက် မြန်မာပြည်ပြန်ဖို့ လေဆိပ်လက်မှတ်ကို လက်ဆောင်အဖြစ် ကျုပ်ပေးလိုက်ပါရစေ'
' ဟ … ဦးရှောင်ဖိန်း ကျေးဇူးတင်ပါတယ်ဗျာ … '
' ရပါတယ်ဗျာ … သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ'
သို့နှင့် ဦးသိပ္ပဦးဆောင်ပြီး သူ၏တပည့်နှစ်ဦးဖြစ်သူ ထင်ခနှင့်ဒီပ အပါအဝင် တရုတ်လူမျိုးမှော်ဆရာကြီးတို့မှာ မြန်မာပြည်သို့ ထွက်ခွာရန် တရုတ်ပြည်လေဆိပ်ဆီသို့ ကျွန်းအခေါင်းကြီးအား တိတ်တဆိတ် သယ်ဆောင်လာခဲ့လေတော့သည်။
***
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
ဆက်လက်၍ ဖော်ပြပေးသွားပါမည်။
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ ရေးသားသည်)









No comments:
Post a Comment