အပိုင်း(၃)
တစ္ဆေတို့၏စာမျက်နှာ
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
တစ္ဆေတို့၏ စာမျက်နှာ
စာရေးသူ -ထီးကလေး၊
အားလုံးရဲ့အရှေ့မှ ထိုလူကြီး နှုတ်ဆတ်ထွက်ခွာသွားချေတော့သည်။ ကျွန်တော်တို့ တစ်ဖွဲ့လုံး ကြောင်တောင်တောင် ။ ဘယ်နေရာကို သွားရမှန်းမသိ။ ဦးအောင်ကြီးဆိုတာလဲ ဒီရွာမှာ နာမည်တောင် မကြားဖူးဘူးဆိုတော့ နောက်ကြောင်းပြန်လှည့် ရမလား ဘာဆက်လုပ်ရမှန်းမသိတော့ပဲ အားလုံး ရွာထိပ်မှာ စိတ်ပျက်စွာ ထိုင်ချလိုက်တော့သည်။
-************-********-*
`ကဲ…ငါတို့ဘာဆက်လုပ်ကြမလဲ´
`ငါလဲ မသိတော့ဘူး…´
`နောက်ကြောင်းပြန် လှည့်မှာလား´
`ဟာ…ဘယ်ဖြစ်ပါ့မလဲ…နောက်ကြောင်းပြန်လှည့်လို့စာအုပ်နဲ့ပတ်သတ်နေတာဆို ငါတို့ အားလုံး နောက်ဘာတွေ ဆက်ဖြစ်ဦးမလဲ အကုန် ဒုက္ခရောက်ကုန်လိမ့်မယ်…´
`ဟုတ်တယ်…ထီးလေး …ပြောတာ မှန်တယ်…ငါတို့ဒီလူကြီး တစ်ယောက်ကိုပဲ မေးရသေးတယ်…သူ့ကြည့်ရတာလဲ ကြောင်တောင်တောင်နဲ့ နင်တို့ဇွဲလျော့နေတာလား…´
`ဟုတ်တယ်…ငါတို့ရွာထဲ ရောက်မှ အသက်ကြီးပိုင်းတွေကို မေးမယ်…သူတို့တွေ မသိဘူးဆိုတော့မှ တို့တွေ တစ်မျိုး စဉ်းစားကြတာပေါ့…´
`ဟာ…ဟိုးမှာ လှည်းတစ်စီးလာနေတယ်…ရွာထဲဝင်မယ့် လှည်းပဲ ဖြစ်ရမယ်…´
`အေးဟုတ်မယ်…အဲ့လှည်းနဲ့တို့ရွာထဲကို လမ်းကြုံလိုက်သွားကြမယ်…´
လှည်းလာနေသည့် လမ်းကို ကျွန်တော်တို့ တားလိုက်ပြီး
`ဗျို့…နောင်ကြီး လှည်းကြုံလိုက်ချင်လို့ရမလား…´
လှည်းသမားက အနောက်မှ ခမောက် ငိုက်စိုက်စောင်းထားသော လူတစ်ယောက်ကို လှည့်ကြည့်လိုက်တယ်။ ထိုလူက ခေါင်းငြိမ့်ပြလိုက်သောကြောင့်
`ရတော့ ရတယ်…ကျုပ်တို့က ရွာထဲ ဝင်မှာ ခင်ဗျားတို့က ဘယ်သွားမှာမို့လဲ…´
`ကျွန်တော်တို့လဲ ရွာထဲပဲဗျ …´
`ကဲ …လာ ဒါဆို တတ်…´
လှည်းသမားရဲ့ခွင့်ပြုချက်ကြောင့် အားလုံး လှည်းအနောက်ဘက်သို့သွားလိုက်တယ် ။ ခမောက် ငိုက်စိုက်စောင်းထားသူက ကျွန်တော်တို့ကို ဦးစားပေးသည့် အနေဖြင့်အရှေ့သို့တိုးပေးလိုက်ပြီး ကျွန်တော်တို့အားလုံးကို သူ အကဲခတ်သလို တစ်ချက်ကြည့်လိုက်တော့
`ဟင်!…ကိုထီးလေး…´
`ဟာ…ကို…ကိုအောင်…ကိုအောင် ဟုတ်ပါတယ်နော်…´
`သိပ်ဟုတ်တာပေါ့ဗျာ…ဟ…ငါးယောက်စလုံးပါလား…ဘယ်…ဘယ်သွားကြမလို့လဲ…´
`ဟင်…ကိုအောင် ဝမ်းသာလိုက်တာဗျာ…ဒီတစ်သက် ကိုအောင်နဲ့ပြန်မဆုံရတော့ဘူး ထင်နေတာ…´
`ဟုတ်ပါရဲ့ကိုအောင်ရယ်…ကျမတို့ အားအရမ်းရှိတာပဲ…ဝမ်းသာလိုက်တာရှင်…ပြန်ဆုံရပြန်ပြီ…´
`ကျုပ်လဲ…ခင်ဗျားတို့ငါးယောက်စလုံးကို အမြဲ အမှတ်ရနေတာပါ…ကျုပ်တို့မတွေ့ဖြစ်တာ ငါးနှစ်လောက်တောင် ကျော်နေပြီ…အခုလို အမှတ်မထင် ပြန်ဆုံရတာ …အရမ်းဝမ်းသာမိတယ်…´
`ကိုအောင်က အခု ဘယ်သွားမလို့လဲ…´
`အော်…လှည်းဆရာ ခင်ဗျား သွားနှင့်တော့ဗျ ကျုပ်မိတ်ဆွေတွေနဲ့ပဲ လမ်းလျောက်တော့မယ်…ကျုပ်လဲ ယောနယ်ဘက်ကို အလည်လာတယ် ဆိုပါတော့…ဒါနဲ့ခင်ဗျားတို့ကရော…´
`ကိုအောင်ရေ…ကျွန်တော်တို့က ဒုက္ခနဲ့လာတာဗျ…´
`ကိုတန်ခိုး စကားက ထူဆန်းလှချည်လားဗျ …ဘာကို ဆိုလိုတာလဲ …´
`ဒီလိုဗျ…ကိုအောင်…´
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
နှစ်၁၀၀ ကျိန်စာ သင့်အိမ်ကြီးမှ အားလုံးကို အကာကွယ်ပေးကာ အကြံကောင်းများ ပေးခဲ့သော ကိုအောင်ကို နဲ့ကျွန်တော်တို့အားလုံး အမှတ်မထင်ပဲ ယောနယ်လေးမှာ ပြန်ဆုံမိခဲ့ချေပြီး။ သိပ်ကို ထူးဆန်းပါတယ်။ ကျွန်တော်တို့ အခက်ခဲနဲ့ကြုံနေတိုင်း ကိုအောင်နဲ့ဆုံဖြစ်ခဲ့တယ်။
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
နှစ်၁၀၀ ကျိန်စာ သင့်အိမ်ကြီးမှာ ကိုအောင့်အပေါ် ကျွန်တော်တို့အားလုံး မသင်ကာ ဖြစ်မိခဲ့သည်ကို အခုမှ ပြန်ပြီး အားနာနေမိတော့သည်။ ကြုံခဲ့ရတဲ့ မိသားစုဖြစ်ရပ်များအားလုံးကို ကိုအောင့်အား အားလုံးပွင့်ပွင့်လင်းလင်း ပြောပြလိုက်တယ်။
`အော်…ခင်ဗျားတို့ဖြစ်ရပ်က ထူးဆန်းလှချည်းလား…ဒီစာအုပ်က ဘာစာအုပ်မို့လို့လဲ…စာအုပ်ကြောင့်ရော ဟုတ်ပါ့မလား…ပြပါဦး…ကျုပ်ကို အဲ့စာအုပ်…´
`ကျွန်တော့အိတ်ထဲမှာ ပါတယ် ကိုအောင် ခဏလေး ထုတ်လိုက်မယ်´
`နေနေ မထုတ်နဲ့ဦး လမ်းမကြီးမှာ မကောင်းဘူး အခု ကျုပ်တို့ တည်ဖို့နေရာ အရင် ရှာရမယ်…´
`ကိုအောင်က ဒီနယ်မှာ အသိရှိလို့လာလည်တာလား…´
`ဆိုပါတော့…ကျုပ် ဆရာရဲ့ပညာ ညီအစ်ကို တစ်ယောက်ကို လာရှာတာ…ကျုပ်လိုက်ရှာနေခဲ့တာ ၆လလောက်ရှိနေပြီ အခုမှ ဒီရွာဘက်ကို ရောက်လာတာပဲဗျ…သူ့ကို ရှာနိုင်မှ ဆရာ့က ကျွန်တော့ကို ပညာဆက်သင်ခွင့် ပေးမယ်တဲ့…ဟူး…သူ့ကို ရှာတွေ့ဖိုကကလဲ မလွယ်ပါဘူး…´
`ကဲ…ကိုကြီးအောင်ရေ နောက်မှ ရှာကြမယ်ဗျ အခုတော့ ချေထောက်လဲ ညောင်းနေပြီ…တည်ဖို့နေရာ အရင်ရှာမှ ရတော့မယ်…´
`အဲ့တွက်တော့ ဘာမှ မပူနဲ့ဗျ ကျုပ်ဆရာ ညွှန်ပေးလိုက်တဲ့ ဘုန်းကြီးကျောင်း ဒီရွာရဲ့ဟိုဘက်အစွန်မှာ ရှိတယ်…အဲ့မှာ အရင်တည်မယ်…´
`တော်သေးတာပေါ့…ကိုအောင်ရာ…နောက်မို့ဆို ကျွန်တော်တို့တော့ ဘယ်မှာ သောင်တင်နေမလဲ မသိတော့ဘူး…´
`ခတ်တာက ကျုပ်လဲ ဘုန်းကြီးကျောင်း ဘယ်နေရာမှာ ရှိလဲဆိုတာ မသိဘူးဗျ…´
`ဟင်!…´`ဘာမှ မပူပါနဲ့ဗျ ပါးစပ်တစ်ခုလုံး ရှိနေတာပဲ ဟိုမှာ လျောက်လာတဲ့ ကောင်လေး ကိုမေးလိုက်ကြတာပေါ့…´
ရွာအဝင်လမ်းအတိုင်း စကားတစ်ပြောပြောဖြစ် လျောက်လာလိုက်တာ ရွာလယ်လောက်တော့ ရောက်လာခဲ့ပြီ။ အရှေ့စူးစူးမှ လျောက်လာတဲ့ ကောင်လေး တစ်ယောက်ကို ကိုအောင် အကူညီတောင်းလိုက်တယ်။
`ညီလေး…ဒီရွာမှာ ရှင်ဇောတိက ဆိုတဲ့ဦးဇင်းတစ်ပါး တည်းတဲ့ ကျောင်းဆိုတာ ဘယ်နားမှာတုန်း…´
ကိုအောင် မေးလိုက်တော့ ကောင်လေးက အားလုံးရဲ့မျက်နှာကို တစ်ယောက်ချင်း လိုက်ကြည့်နေပြီ ရီလိုက်တယ်။
`ခင်…ခင်ဗျားတို့…လာနောက်နေတာတော့ မဟုတ်ပါဘူးနော်…´
`ဟာ…မနောက်ပါဘူး…တကယ်မသိလို့´
`ဟားဟား…ဒီရွာမှာ ဘုရားတို့ ဘုန်းကြီးကျောင်းတို့ကို မေးတာကြားဘူးတာ ကျွန်တော် မွေးကတည်းက အခုမှ ကြားဘူးတာ ပထမဆုံးပဲဗျို့…´
`ဟင်!…ဘာလို့တုန်း…´
`ဘာဖြစ်ရမှာတုန်းဗျ .…ဒီရွာကလူတော်တော်များများက နတ်ပဲ ကိုးကွယ်ကြတာ…ခင်ဗျားမေးတဲ့ ဘုန်းကြီးတော့ ဟုတ်လား မဟုတ်လား မသိဘူး…ရွာအစွန်မှာ ဘုန်းကြီးတစ်ယောက်…အဲ့လေ…ဘယ်လိုခေါ်တာလဲ…´`တစ်ပါး…´
`မသိဘူးဗျာ အဲ့မှာ ဘုန်းကြီးတစ်ပါးတော့ နေတာ တွေ့တယ်…ဒီအတိုင်း လျောက်သွားလိုက် အရှေ့နားဆို ရောက်လိမ့်မယ်…´
ဒီရွာက သူတွေ ကြည့်ရတာ ဘုရား တရားနဲ့တော်တော်လေး အလှမ်းများဝေးနေသလား'။ ဘုန်းကြီးကိုတောင် မည်သို့ခေါ်မှန်း မပြောတတ်ရှာဘူး။ ကောင်လေး ညွှန်ပေးလိုက်သည့် အတိုင်း အားလုံး လျောက်လာခဲ့ကြတယ်။ အိမ်တစ်အိမ်ရှေ့အရောက်မှာတော့
`မှတ်ပါလား…ဟေ့ကောင်တွေ မှတ်လောက်သားလောက် ရှိအောင် လုပ်ပေးလိုက်ကြကွာ…ဟားဟား´
`ကဲ့ကွာ…´
ရွာထိပ်မှာ အားလုံးနဲ့ဆုံလိုက်ရသည့် ရေထမ်းသမား ဦးကြီးကို မိန်းမကြီးတစ်ယောက်ရဲ့အမိန့်ဖြင့် အားကောင်းမောင်းသန် လူသုံးယောက်က ဝိုင်းထိုးနှပ်နေကြတယ်။ မဟုတ်မခံ တန်ခိုးက ထိုနေရာသို့ သွားမယ်အလုပ် ထီးလေးနဲ့ကိုအောင်က ပုခုံးကို လှမ်းအဆွဲ
`လွှတ်စမ်းပါကွာ…ကိုဟ့်အဖေလောက်ရှိတာကို ဝိုင်းထိုးနေတာ ငါလက်ပိုက် ကြည့်မနေနိုင်ဘူး…´
`တန်ခိုး…မင်းစိတ်ကို ထိန်းစမ်း…သူများနယ်မှာနော်…´
`ဟုတ်တယ်…ကိုတန်ခိုး…ခင်ဗျား မသွားတာ ကောင်းလိမ့်မယ်…´
`တော်!…မိုက်ရိုင်းလိုက်တဲ့ကောင်တွေ´
ထိုမြင်ကွင်းအား တစ်ဖွဲလုံး စိတ်ထိန်း ကြိတ်မှိတ် မျက်ကွယ်ပြုကာ ဦးတည်ရာသို့ ခြေဦးလှည့်လိုက်ရောတ့သည်။
*****************************
ခြောက်သွေ့လှတဲ့ ရွာရိုးလမ်းနှင့်အတူ အပင်ကြီးတွေကလဲ နှစ်ကာလ ကြာရှည်စွာ ရှင်သန်နေတော့သည်။ ငါးပေ ပတ်လည်လောက် အပင်ကြီး သုံးပင်ကို ကျော်လာပြီးနောက်
`ဟာဟိုမှာ…အဲ့ဒါပဲ ဖြစ်ရမယ်…´
ကျွန်းအိမ်ကြီး တစ်လုံးကို တွေ့သည်ကြောင့် ကိုအောင်နှင့်အတူ အားလုံး ဝင်သွားကာ
`ဗျို့…´
ကိုအောင်အသံကြောင့် အိမ်ကြီးထဲမှ လူတစ်ယောက်ထွက်လာပြီး
`ဘာလဲ…ဘယ်သူနဲ့တွေ့ချင်လို့လဲ´
`ဒါ…ဒါဘုန်းကြီးကျောင်းလားဗျ…´
`ဘာ!…ဘာပြောတယ်…တောက် မင်းတော့ကွာ ဒီရွာက မဟုတ်ဘူးလား…ငါတို့မမကြီး အိမ်ကိုများ ဘုန်းကြီးကျောင်းနဲ့နှိုင်းရတယ်
်လို့…တောက်…´
`ကျုပ် မှားသွားလို့ပါ နောင်ကြီးရာ…´
`ဟေ့လူ…ခင်ဗျား ဘယ်လိုလူလဲ ခင်ဗျားတို့ရွာကို လာတဲ့ဧည့်သည်တွေကို ဒီလိုပဲ ဆက်ဆံသလား…´
ထိုသူ၏အပြောကို တန်ခိုးက မခံနိုင်ဖြစ်၍ ဝင်ပြောလိုက်တယ်။ ထိုသူ အောက်စင်းလာပြီး
`ဘာကွ…မင်းက ဘာကောင်လဲ…ငါ့ကို ဘာထင်နေလဲ…ဒီရွာမှာ လက်မရွှံ့လှမင်းကို ဘယ်ကောင်မှ ပြန်မပြောရဲဘူး…မင်းက ဘာကောင်လဲ…´
`ကျွန်တော် တောင်းပန်ပါတယ် အစ်ကိုကြီးရာ ကျွန်တော့ သူငယ်ချင်းက စကားပြောမတတ်လို့ပါ တောင်းပန်ပါတယ်…´
`အေး…မင်းတို့ဧည့်သည်ဆိုလို့ ငါလျောပေးလိုက်မယ်…ငါ့နာမည်လဲ မှတ်ထား လက်မရွှံ့လှမင်းတဲ့…မင်းတို့ပြောတဲ့ ဘုန်းကြီးကျောင်းဆိုတာ ဟိုဘက်မှာ နည်းနည်း လျောက်သွား…´
`ဟုတ်ကဲ့ဗျ…ကျေးဇူးပါပဲ…´
ထိုသူအား တောင်းပန်၍ ထွက်လာခဲ့တောသည်။အိမ်ကြီဟာ ကျွန်းအိမ်ကောင်းကောင်းကြီးဆိုတော့ အားလုံး ဘုန်းကြီးဟုထင်ကြသည်မှာ မမှားချေ။
`တန်ခိုး…မင်းစိတ်လိုက်မာန်ပါ လုပ်လို့ မရဘူးလေ…ငါတို့လာတဲ့ရည်ရွယ်ချက်က ဘာလဲ မင်းမေ့နေပြီလား…အရာအားလုံး သည်းခံမှ ငါတို ပန်းတိုင်ကို ရောက်မှာ…´
`အေးပါကွာ အားလုံးကို ငါတောင်းပန်ပါတယ်…ငါစိတ်လောသွားလို့ပါ…နောက် မဖြစ်စေရပါဘူး
ထိုသူ ညွှန်ပေးလိုက်သည့် နေရာမှာတော ဝါးကျောင်းလေးကို တွေ့ခဲ့ချေပြီ။ ကိုအောင် ဦးဆောင်ပြီး ထိုဝါးကျောင်းလေးသို့ ဝင်လာခဲ့တယ်။ ဘုန်းဘုန်းအား သူ့ဆရာပေးလိုက်သည့် စာကို ပြလိုက်တော့ ကျွန်တော်တို့ အားလုံးကို ဘုန်းဘုန်းက ကြည်ဖြူစွာပဲ တည်းခိုခွင့် ပြုလိုက်တယ်။ အချိန်ကား ညနေဆောင်း ဘုန်းကြီးကျောင်း အနောက် တဲအစုတ်လေးမှာ ကျွန်တော်တို့အားလုံး သည်းခံပြီး။ တည်လိုက်တယ်။
`ဒီမှာလေ …ကိုအောင် ဒီသေတ္တာထဲက စာအုပ်ပဲ…´
ထီးလေး ပြလိုက်သည့် စာအုပ်ကို ကိုအောင် လှမ်းယူပြီး စာအုပ်ကို ဖွင့်မည် အလုပ်
`ကိုအောင် …မဖွင့်နဲ့နေဦး…´
`ဘာဖြစ်လို့တုန်းဗျ…´
`ဒီစာအုပ် ဖတ်ပြီး ကျမတို့ မိသားစုအားလုံး ဒီစာအုပ်ထဲမှာ ပါတဲ့ဇာတ်လမ်းအတိုင်း မိသားစု ဖရိုဖရဲတွေ ဖြစ်လာရတယ်…အစက သတိမထားဘူး…အားလုံးရဲ့ဖြစ်ရပ်တွေဟာ…တစ်ချိန်တည်းမှာ ဖြစ်ခဲ့တာ…ထီးလေးအဖေ ပြောပုံအရ ဒီစာအုပ် ဖတ်မိသူတိုင်း ကျိန်စာသင့်ပြီ´
`ဟုတ်တယ်…ကိုအောင် …ကျနော်တို့အားလုံး စာမျက်နှာ ပါသလောက်ထိ ဖတ်ခဲ့ရတာက မိသားစု ပြိုပျက်တဲ့အထိ အဲ့နောက်ပိုင်း စာရွက်တွေက ပါမလာခဲ့ဘူး…တကယ်လို့အဲ့နောက်စာမျက်နှာတွေမှာ အားလုံး သေဘေးနဲ့ကြုံရမယ်ဆိုရင် ကျွန်တော်တို့အားလုံး ကျိန်စာကို မဖြေနိုင်တာနဲ့အားလုံး ဒုက္ခရောက်ပြီး…အဲ့တော့ ကျွန်တော်တို့ငါးယောက်တည်းမှာ ကိုအောင်တစ်ယောက်က မဖတ်ထားမိဖို့လိုမယ်ထင်တယ်´
`ကျုပ်သဘောပေါက်ပြီ…ခင်ဗျားတို့ ဒီစာအုပ်အကြောင်း သိတဲ့သူကို ဒီမှာ လာရှာတယ်ဆိုတော့ နာမည်ကရော…´
`ဣစ္ဆာသယ ဦးအောင်ကြီး…´
`ဗျာ!…ဣစ္ဆာသယ ဦးအောင်ကြီး …ဟုတ်လား…ကိုတန်ခိုး…´
`ဟုတ်…ဟုတ်တယ်လေ…ကိုအောင်သိနေတာလား…´
`ကျုပ်လဲ…သူ့ကို လာရှာတာပဲ…´
`ဟာ…တိုက်ဆိုင်လိုက်တာ…´
`ဟုတ်တယ်…ကျုပ် ဟိုးဘက်ရွာကနေ ရှာပြီးလို့ လှည်းသမားလေးကို မေးစမ်းပြီး ဒီရွာမှာ ရှိနေတယ်ဆိုတာ သဲလွန်စ ရလို့ ရောက်လာခဲ့တာ…ဒါပေမယ့် လှည်းသမားလေးဆီက သိရသလောက်ကတော့ ဦးအောင်ကြီးကို ပညာသည် တစ်ယောက်က ပညာပြိုင်ဖို့ချိန်းဆိုခဲ့တယ်…တကယ်လို့ပညာ ပြိုင်တာ ရှုံးတဲ့သူဟာ မိမိတတ်ထားတဲ့ပညာတွေကို စွန့်လွတ်ပြီး သာမာန် ရိုးရိုး လယ်သမားအဖြစ်နဲ့နေရမယ်လို့နှစ်ဦးသဘောတူ ပြိုင်ခဲ့ကြတယ်…အဲ့လိုပြိုင်တဲ့အချိန်မှာ ဦးအောင်ကြီးက တပည့်တပန်းတွေနဲ့ဖရိုဖရဲဖြစ်လို့စိတ်ညစ်နေတဲ့ကာလ ပြီးတော့ တစ်ရွာလုံး တစ်နယ်လုံးကလဲ ဦးအောင်ကြီးဟာ လူလိမ်ပါဆိုပြီး ဝိုင်းစွတ်ဆွဲနေတဲ့အချိန်ဆိုတော့ သူစိတ်ဓာတ်တွေ ကျနေခဲ့တဲ့အချိန်ပဲ…ဒါကို တစ်ဖတ်ပညာသည်က အခွင့်ကောင်းယူပြီး စိန်ခေါ်ခဲ့တယ်…စပြိုင်တဲ့နေ့မှာ ဦးအောင်ကြီးဟာ ခံစစ်နဲ့အရင်ထိုးခဲ့တယ်…တစ်ဖတ်က ပညာသည်က ဦးအောင်ကြီး ပညာကို မထိုးဖောက်နိုင်ခဲ့ဘူး…ဒုတိယနေ့မှာလဲ ဦးအောင်ကြီးကို မထိုးဖောက်နိုင်ခဲ့ဘူး…တတိယမြောက်နေ့မှာတော့ ဦးအောင်ကြီးရဲ့သားတပည့်လို နေတဲ့သူ့လူယုံက သစ္စာဖောက်လို့ ဦးအောင်ကြီး သွေးပွက်ပွက်အန်ပြီး ဒုက္ခတ ဘဝရောက်သွားခဲ့တယ်…ရူးကြောင်ကြောင် ဖြစ်ပြီး ရွာကနေ ပျောက်သွားခဲ့တယ်…လို့ကျုပ် လှည်းသမားလေးဆီက သိလာရတယ်…´
`ဟင်!…ဒါ…ဒါဆို ငါတို့ဘယ်လို လုပ်ကြမလဲ…´
`ကျုပ်လဲ…ဣစ္ဆာသယ ဦးအောင်ကြီးကို ရှာနေခဲ့တာ ရွာတွေ နံ့နေပြီး အခုချိန်ထိ မတွေ့သေးဘူး…´
`ဒါဆို ဒုက္ခပါပဲဗျာ…ကျွန်တော်တို့မှာ အချိန်သိပ်မရှိဘူး…ကျွန်တော့ကြောင့် မဆိုင်တဲ့မိသားစုတွေ ဒုက္ခရောက်မှာ ဆိုးတယ်…ဘာဆက်လုပ်ရမလဲ…´
အချိန်က မှောင်ရီပျိုးစပြုနေခဲ့ပြီ။ သူတို့အားလုံး ရှိနေရာသို့ ကျောင်းပိုင် ဘုန်းဘုန်း ရောက်လာကာ
`ဟေး…ဒကာတို့…´
ဘုန်းဘုန်း အသံကြားတာကြောင့် တဲထဲမှ အားလုံး ထွက်လာပြီး
`တင်ပါ့ဘုရာ…တပည့်တော်တို့ရှိပါတယ်…´
`အေးအေး…ဒကာတို့အတွက် ဘုန်းဘုန်း ကျောင်းထဲမှာ ဆွမ်းကျန်လေးတွေ ရှိတယ်…ယူပြီး…စားလိုက်ကြဦး…´
`တင်ပါ့ဘုရာ…´
`အေးကွယ် …ဒါဆို ဘုန်းဘုန်း ပြန်ကြွမယ်…´
`အရှင် ဘုရား အချိန်ရရင် တပည့်တော်တို့ကို ဒီရွာအကြောင်းလေး နည်းနည်းလောက် ပြောပြထားပါလား…ဘုရား…´
`ဘုန်းကြီးလဲ…ဒကာတို့ကို ပြောပြထားမလို့ပါပဲ…သို့ပေမယ့် ခရီပန်းလာတာကြောင့် မပြောသေးတာ…ကဲလာကြ မှောင်တော့မယ်…ကျောင်းပေါ်ကို လိုက်ခဲ့ကြ…´
ဘုန်းကြီးခေါ်ရာသို့ ကျွန်တော်တို့တွေ လိုက်လာခဲ့ကြတယ်။ သက်တော်ဖြစ် ၅၀ကျော်လောက်ရှိနေခဲ့ချေပြီ။့် ဥပတိရုပ်အား တည်ကြည်ဖြောင့်မတ်ပြီး လေသံကား သြဇာသံနှင့် ပြည့်စုံလှသည့် ဘုန်းကြီးတစ်ပါးက ထိုရွာမှာ သတင်းသုံးနေလျက် ကျောင်းပေါ်သို့ရောက်တော့
`ဒီရွာက နတ်ကိုးကွယ်ကြတာ…အားလုံးကလဲ တစ်ယောက်နဲ့တစ်ယောက် တစ်အိမ်နဲ့တစ်အိမ် အခေါ်အပြော မရှိကြဘူး…တစ်ရွာလုံးကလဲ အောက်လမ်းလိုလို စုန်းပညာလိုလို တတ်သလားပဲ…မနက်တွေ့လိုက်တဲ့သူ ညနေရောက်ရင် သေရင် သေနေတာတွေ ကြုံရတယ်…ဦးဇင်းကိုလဲ သူတို့အဖို့ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မထင်ကြပါဘူး…ဦးဇင်းကျောင်းမှာ ခေါ်ထားတဲ့ ရေထမ်းသမား ဒကာလေးတစ်ယောက်ကြောင့် ဦးဇင်း ဆွမ်းစားနိုင်တာ။ ဒီရွာအစွန်က ခင်မမဆိုတဲ့ မိနိးကလေးကို တစ်ရွာလုံးက ကြောက်ရတယ်…သူ့ဆီမှာ လူမိုက်တွေလဲ ရှိသလို လက်ရဲဇာတ်ရဲ ကောင်တွေလဲ မွေးထားသေးတယ်…အဲ့ထဲမှာ ပတ်ဝန်းကျင်ကြောင့် ရိုင်းသွားရတဲ့ လှမြင့်ဆိုတဲ့သူငယ်လေးကတော့ တစ်ယောက်လုံးမှာ အလိမ်မာဆုံးလို့ ပြောလို့ရတယ်…´
`ဘုန်းဘုန်း လှမြင့် ဆိုတာ…ဟို…ဟိုလက်မရွှံ့လှမြင့်ဆိုတာကို ပြောတာလား…ဘုရား…´
`အေးကွယ့်…မင်းတို့နဲ့ဆုံခဲ့ကြပြီလား´
လှမြင့်နှင့် ဆုံခဲ့သည်ကို ဘုန်းဘုန်းအား လျောက်လိုက်တော့
`အဲ့လို ဆက်ဆံလိုက်တာကိုက တစ်ရွာလုံးမှာ သူအလိမ်မာဆုံးလို့ ပြောလို့ရတယ်…´
`ဟင်!…´
`အံ့သြသွားကြပြီ မဟုတ်လား´
`ဘုန်းဘုန်း မိန့်ချင်တာက ဒီရွာမှာ လက်မရွှံ့လှမြင့်ထက် ဆိုးတဲ့သူတွေချည်းပဲလို့ ဆိုလိုတာလား…ဘုရား…´
`သိပ်သေချာတာပေါ့…´
`ဒီရွာကို ဦးဇင်းထက် သူက အရင်ရောက်နေခဲ့တယ်…အပြင်ပန်းမှာ ဆိုးချင်ယောင်ဆောင်ထားပေမယ့် တကယ့်တော့ သူက သိပ်လိမ္မာတဲ့သူငယ်လေးပါ…´
`ဒါဆို ဘုန်းဘုန်း…လှမြင့်နေတဲ့အိမ်က´
`ဒကာမ ခင်မမ အိမ်မှာပေါ့…ဟုတ်တယ်…ခင်မမက ရုပ်ကလေး လှသလောက် သိပ်ကို သွေးအေးအေးနဲ့ရက်စက်တတ်တဲ့မိန်းမတစ်ယောက်…သူနဲ့မတည့်တဲ့သူ အားလုံးဆို နာရီပိုင်းပဲ နောက်ပြီး အဲ့လူကို သွားမကြည့်နဲ့ သေနေပြီ…ဒကာတို့အခုလို ရောက်နေတာ သူမသိသေးလို့သိရင် သူတစ်ခုခု လာပြောမှာ သေချာတယ်…ဒကာတို့ သည်းခံပေးပါ…သူမကြည်ဖြူရင် တို့အားလုံး သူ့နယ်မှာဆိုတော့ ဘာမှ မတုန့်ပြန်နိုင်ဘူး…´
`စိတ်ချပါ ဘုန်းဘုန်း တပည့်တော်တို့ သည်းခံမှာပါ…အော်ဒါနဲ့ ဘုန်းဘုန်း တစ်လက်စတည်း လူတစ်ယောက် အကြောင်းမေးချင်လိုပါ…´
`မေးလေကွယ့်…ဒီရွာမှာ ဘုန်းဘုန်း မသိတဲ့သူက ခပ်ရှားရှား…ဘယ်သူ့အကြောင်းလဲ…´
`တင်ပါ့ ဘုရား…ဒီရွာမှာ အရင်တုန်းက ဣစ္ဆာသယ ဦးအောင်ကြီးဆိုတာများ ရှိခဲ့သလား ဘုရား…´
`ဟင်!…ဘယ်သူ…´
`ဣစ္ဆာသယ ဦးအောင်ကြီးဆိုသူပါ ဘုရာ…´
ဦးအောင်ကြီး နာမည်ကြားတာနှင့် တစ်ပြိုင်နက် ဘုန်းဘုန်းမှာ အံ့သြတသဖြစ်သွားခဲ့တယ်။ နောက် သက်ပြင်းတစ်ချက် ချလိုက်ပြီး
`သိပ်ရှိခဲ့တာပေါ့…ဦးအောင်ကြီးဟာ ယောနယ်မှာ သိပ်ကို နာမည်ကြီးခဲ့တဲ့ ဆရာတစ်ယောက်ပဲ…ဦးဇင်းလဲ…ဒီရွာမှာ ဦးအောင်ကြီးကို ဘုန်းကြီးဘဝနဲ့စောင့်မျှော်နေခဲ့တာ…အခုဆို ၆ဝါ ပြည့်တော့မယ်…´
`ဟင်!…ဒါ…ဒါဆို …ဦးဇင်းလဲ…ဣစ္ဆာသယ ဦးအောင်ကြီကို ရှာနေသူပဲပေါ့ ဟုတ်လား…ဘုရား´
`သိပ်ဟုတ်တာပေါ့…ဦးဇင်းလဲ အရေးကြီး အကြောင်းရာ တစ်ခုကြောင့် သူ့အကူညီကို မျှော်နေခဲ့တာ…သူပဲ ကူညီနိုင်မှာ…´
`ဟင်!…´
`ဒါနဲ့…ဒကာတို့ကရော ဘာလို့သူ့ကို သိနေရတာလဲ…ပြီးတော့ သူအကြောင်းတွေ ဘာလို့မေးရတာလဲ…´
`တင်ပါ့ ဘုရားတို့တပည့်တော်တို့အားလုံးကလဲ ဣစ္ဆာသယ ဦးအောင်ကြီးကို ရှာနေကြသူပါပဲ…ဘုရား´
`ဟေး!……´
ဘုန်းကြီး အပါဝင် ကျွန်တော်တို့အားလုံးရဲ့ရှာနေသူက တစ်ယောက်တည်းပင် ။ အားလုံး ဘာပြောရမှန်း မသိတော့ပဲ ငြိမ်ကျသွားခဲ့လေတော့သည်။
*****************************
အပိုင်း(၄)တွင် ဆက်လက် ဖော်ပြပါမည်။









No comments:
Post a Comment