ပုဏ္ဏကစားတဲ့ အိမ်မဲကြီး အပိုင်း(၄) - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ပုဏ္ဏကစားတဲ့ အိမ်မဲကြီး အပိုင်း(၄)

Share This


ပုဏ္ဏကစားတဲ့ အိမ်မဲကြီး
(ဖြစ်ရပ်မှန်)
အပိုင်း(၄)
ပုဏ္ဏကတိုက်ခံရသည့် ရာဇ၀င်အိမ်ကြီး
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)

-လူစားလဲတဲ့အိမ်မဲကြီး….
-ဘယ်လို… လူစားလဲတဲ့အိမ်မဲကြီးဟုတ်လား..
-ဟုတ်တယ်… အဲ့ဒီအိမ်ကြီးဆီရောက်ပြီသွားရင် ပြန်လမ်းမရှိနိုင်ဘူး… နှစ်တိုင်းအဲ့ဒီအိမ်မဲကြီးမှာ လူစားလဲတယ်..
-မျက်စိလည်တတ်တယ်… ၀င်္ကပါလိုထွက်ပေါက်မရှိဘူး
-ပုဏ္ဏကစားတဲ့အိမ်မဲကြီးဆိုတာကရော….
-အတူတူပဲ ပွဲစားကြီးဦးမြ၀င်းဖေ…ပိုင်ဆိုင်တဲ့ အိမ်ကြီးတစ်အိမ်ပဲ
-အိုးကွာ… နောက်ဆုံးပြောချင်တယ် မင်းတို့ခေတ်လူငယ်တွေ အရာရာမစပ်စုချင်ကြနဲ့ အားလုံးသေကုန်ကြလိမ့်မယ်

     နိုင်ငံခြားသားကြီးအား အိမ်ရှေ့ခန်းလေးအတွင်း၌ ခေတ္တဧည့်ခံထားစေရင်း အင်းများစွာဖြင့် နက္ခသင့်ပန်းချီကားချပ်အား ဖျက်စီးရန်ထားရှိသည့် အိမ်ခန်းလေးအတွင်းသို့ ဦးအာကာတစ်ယောက် ဝင်ရောက်သွားစေခဲ့သည်။ ထို့နောက် ပန်းချီကားသီးသန့် သိမ်းဆည်းထားသည့် သံသေတ္တာလေးအား သော့ဖွင့်လိုက်ခ်ျန်တွင် ထူးဆန်းစွာဖြစ်ပေါ်နေသည့် ပန်ချီကားချပ်အား ဦးအာကာတစ်ယောက် မြင်တွေ့လိုက်ရလေတော့သည်။        ။

ဦးအာကာတစ်ယောက် မြင့်တွေ့လိုက်ရသည်က အရောင်အသွေးစုံလင်နေခဲ့သော ဘီလူးရုပ်ပန်းချီကားချပ်ပင်လေသည်။ မိမိတစ်ယောက် ထိုပန်းချီကားချပ်အား နောက်ဆုံးမြင်တွေ့ထားခဲ့ဘူးသည်က မိမိဟာ ညဥ့်နက်အချိန်ခါ၌ ထိုဘီလူးပုံစတင်ရေးဆွဲနေခဲ့ရင်း ဘီလူးရုပ်၏ အောက်ခြေပိုင်းမှ စတင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး မိန်းမဖြစ်သူနှင့် ခေတ္တစကားပြောဆိုပြီးချိန်တွင်မူ ခါးပိုင်းမျှသာ ရေးဆွဲထားရသေးသော ပန်းချီကားချပ်မှာ အချောသပ်ရန်သာ ကျန်ရှိနေတော့သော် ဘီလူးရုပ်အဖြစ် ပြောင်းလဲသွားစေခဲ့သည်။ ထိုကဲ့သို့ပြောင်းလဲသွားခဲ့ရခြင်းကြောင့် ဦးအာကာမှာ မိမိရေးဆွဲနေခဲ့သော ဘီလူးရုပ်ပန်းချီကားမှာ ဆရာဖြစ်သူများ၏ အကြိမ်ကြိမ်အခါခါပြောဆိုခဲ့ဘူးသည့်အတိုင်း နက္ခသင့်လျက် ပုဏ္ဏကဘီလူးဝင်စီးသွားခဲ့ပြီးဟု ကောင်းစွာသိရှိလိုက်ရစေသည်။

ထို့ကြောင့်လည်း အလိုလိုသာလျင် အချောသပ်ရန် ကျန်ရှိနေတော့သော ထိုပန်းချီကားချပ်ကိုမူ မိမိမှာ အချိန်မီဖျက်စီးနိုင်ရန်အတွက် အစဉ်ရင်များစွာဖြင့် ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။ ယခုအခါ ထပ်မံမြင်တွေ့လိုက်ရသည်က အချောသပ်ရန်သာကျန်ရှိနေတော့သော ပန်းချီကားချပ်မှာမူ မိမိကိုယ်တိုင်သည်လည်း ဆေးမချယ်၊ မည်သူတစ်ဦးတစ်ယောက်မှလည်း ဆေးချယ်သခြင်းမရှိခဲ့ပဲ အရောင်အသွေး စုံလင်စွာဖြင့် တောက်ပနေခဲ့သည့် ပုံစံများကိုပင် ထူးဆန်းစွာ မြင်တွေ့လိုက်ရခြင်းဖြစ်လေသည်။

''အင်း… အရောင်အသွေးတောင် တော်တော်စုံနေပါရောလား ဒီလောက်ထိဖျက်စီးထားတာတောင် ဒင်းကအရောင်သွေးတွေ စုံလင်လာတယ်ဆိုတော့ ငါမနိုင်တော့ဘူးဆိုတာ သေချာသွားပြီ… ဒီအတိုင်းဆိုရင် ဒီပန်းချီကားကို ဟိုလူဝယ်သွားတာနဲ့ ဒုက္ခဖြစ်တော့မှာပဲ ဟာကွာ ငါ့ကြောင့် သူများတကာဒုက္ခရောက်တော့မယ်… ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ… အိုး…မတတ်နိုင်ဘူးကွာ ငါ့မိသားစုအသက်ကိုတော့ ငါကယ်မှဖြစ်မယ်''

ထိုကဲ့သို့တွေးမိလေခဲ့ရင်း အရောင်အသွေးစုံလင်နေခဲ့သော ဘီလူးရုပ်ပန်းချီကားကိုမူ ဦးအာကာတစ်ယောက် အိမ်အရှေ့ခန်းဆီသို့ ယူဆောင်လာခဲ့လေတော့သည်။ ထို့နောက် အိမ်ရှေ့ခန်းလေးတွင် ထိုင်လျက်ရှိနေခဲ့သော ပြင်သစ်နိုင်ငံသားကြီးထံသို့ အ၀တ်ဖြူလေးဖြင့် သယ်ယူလာခဲ့ရင်း ငြိုးငယ်နေခဲ့သော မျက်နှာထားလေးဖြင့် ပြသလေခဲ့တော့သည်။

''ဒီမှာပါ စစ်စတာ''
''သြော်!… ဟုတ်ကဲ့ဆရာ''

ဦးအာကာယူဆောင်လာခဲ့ပေးသော အ၀တ်ဖြူဖြင့် ထုတ်ထားသည့် ပန်းချီကားချပ်အား ပြင်သစ်နိုင်ငံသားကြီးမှာ ထုတ်ယူကြည့်လိုက်ရင်း မျက်နှာပြင်၌ ရွှန်းရွှန်းဝေေ၀သွားလျက် နှုတ်မှလည်း ထိုသို့စကားသံများ ပြောဆိုလာခဲ့လေတော့သည်။

''ဟာ အရမ်းမိုက်တယ်ဗျာ အရမ်းမိုက်တယ် ဆရာက တကယ့်ကိုးတော်တယ်ဗျာ ကျွန်တော်ဖြင့် ဆရာ့လက်ရာ ဒီလောက်ထိကောင်းလိမ့်မယ်လို့ မထင်ခဲ့မိဘူးဗျ တကယ်ပါဆရာရယ် အရမ်းကိုကြိုက်တယ်ဗျာ အရမ်းကိုကြိုက်တယ်''
“ဆေးချယ်ထားတာကလည်း သူ့နေရာနဲ့ ပြောစရာမရှိဘူး… ကြိုက်တယ်ဆရာရယ်.. ကြိုက်တယ်”

     အဝတ်ထုတ်လေးအတွင်းမှ အလျား(၁၅)လက်မနှင့် အနံ(၉)လက်မခန့်ရှိသော ပန်းချီကားချပ်အား ပြင်သစ်နိုင်ငံသားကြီးမှာ ထုတ်ယူကြည့်လိုက်ရင်း ကျေနပ်စွာဖြင့် ပီတိစကားများစွာလည်း ပြောဆိုလာခဲ့သေးသည်။ ထို့နောက် ဦးအာကာမှာ

''ဟုတ်တယ်!… ပန်းချီကားက အားလုံးအားလုံးအချောသပ်ပြီးသွားပါပြီ ခင်ဗျားအခုပဲလိုချင်ရင် အခုပဲဝယ်သွားနိုင်ပါပြီမစ်စတာ''
''ဗျာ!… ဒါဒါဆို ကျွန်တော် ကျွန်တော်အခုပဲ ဒီပန်းချီကားကို ယူသွားလို့ရပြီပေါ့ဟုတ်လားဆရာ ဆရာရယ် အမှန်တိုင်းပြောရရင်လေ ကျွန်တော်လိုချင်တဲ့ ဘီလူးရုပ်ပန်ချီကားရဲ့ပုံစံကို စိတ်ထဲမှာရှိနေတာဗျ ဒါပေမယ့် အဲ့ဒီအတိုင်း ဆရာရေးဆွဲပေးပါလို့ ကျွန်တော်ထုတ်မပြောတတ်ခဲ့ဘူး ဒါပေမယ့်ဗျာ အခု ကျွန်တော့စိတ်ကူးထဲမှာ လိုချင်နေတဲ့ ပုံစံနဲ့တစ်ထပ်တည်း တူနေအောင် ဆရာကဆွဲပေးနိုင်ခဲ့တယ် ကျွန်တော်အရမ်းကြိုက်တယ်ဆရာရယ် မြန်မာငွေနဲ့ ဒီပန်းချီကားတန်ဖိုး ဘယ်လောက်ပေးရမလဲဆရာ ကျွန်တော့်ကိုအားမနာပါနဲ့ ပြောပါဆရာပြောပါ''
''ဟုတ်ပြီ!… ခင်ဗျားအကြိုက်တွေ့တယ်ဆိုရင်ပဲ ကျွန်တော်လည်းဆွဲပေးရကျိုးနပ်ပါပြီ အင်း ဒီပန်းချီကားကို မြန်မာငွေနဲ့ ငါးသိန်းလောက်ဆိုရင်ဖြစ်မလား”

''ဖြစ်…ဖြစ်တာပေါ့ဆရာ.. မြန်မာငွေ ငါးသိန်းဟုတ်လား''
'ဟုတ်ပါတယ် ဘာများဖြစ်လို့တုန်း''
''ဘာမှမဖြစ်ပါဘူး ပန်းချီကားဈေးနှုံးက မြန်ငွေငါးသိန်း ဆရာ့ကိုလေးစားလွန်းလို့ နောက်ထပ် မြန်မာငွေ ငါးသိန်းကန်တော့ပါ့မယ်ဆရာ''
''ရပါတယ်ဗျာ မလိုပါဘူး ပန်းချီကားတန်ဖိုးပဲရရင် ကျွန်တော်ကျေနပ်ပါပြီ ဖြစ်နိုင်မယ်ဆိုရင် အခုပဲ ငွေငါးသိန်းကျွန်တော်လိုချင်တယ် ဖြစ်နိုင်မလားမစ်စတာ''
''ဖြစ်နိုင်ပါတယ်ဆရာ ဖြစ်နိုင်ပါတယ် လောလောဆယ် ကျွန်တော့်မှာ ငွေငါးသိန်းတော့ပါလာပါတယ် ဆရာ့ကိုသီးသန့် နောက်ထပ်ငါးသိန်းနဲ့ ကန်တော်ပါရစေဦးဆရာ… ပြီးတော့ မနက်ဖြန်ကြမှပဲ တစ်ခါတည်း ပန်းချီကားယူသွားမယ်ဆရာ”
''ကောင်းပါပြီဗျာ ကောင်းပါပြီ ဒါဆိုအခုလောလောဆယ်တော့ ပန်းချီကားကို ခင်ဗျားမယူသွားသေးဘူးမဟုတ်လား အဲ့ဒါကောင်းတယ် အဲ့ဒါကောင်းတယ်''

''ဟင်!… ဘာဖြစ်လို့လဲဆရာ ကျွန်တော်ယူမသွားသေးပါဘူး''
''ဟင်!… သြော် ဟို ဟို ခင်ဗျား ခင်ဗျားယူမသွားသေးတော့ ပန်းချီကားမှာ လိုအပ်မယ်ထင်တဲ့ နေရာလေးတွေ ကျွန်တော်ပြည့်စုံအောင် ထပ်ထည့်ပေးလို့ရသေးတာပေါ့ အဲ့ဒါကြောင့်ပြောတာပါ''
''သြော်ဗျာ ကျေးဇူးတင်ပါတယ်ဆရာ ကျေးဇူးတင်ပါတယ် အခုလည်း တော်တော်လေးပြည့်စုံနေပါပြီဗျ ဒါပေမယ့် ကျွန်တော်မနက်ဖြန်မှ တစ်ပါတည်းယူပါ့မယ်ဆရာ လိုအပ်မယ်ထင်တဲ့နေရာလေးတွေ ဆရာဖြည့်စွက်ပေးပါဦးနော်''
''စိတ်ပါခင်ဗျ စိတ်ချပါ''

       ၁၉၉၃-၁၉၉၄ ခုနှစ်အတွင်း၌ မြန်မာငွေ ငါးသိန်းဟူသည် အင်မတန်မှ တန်ဖိုးရှိလှ၏။ ဆန်တစ်ပြည်လျင် ××××××× ခွဲခန့်သာရှိသေးပြီး၊ တစ်ကျပ်သားသော ရွှေဈေးနှုန်းသည် ×××××× သာရှိသေးသည်။ မိမိ၏သားဖြစ်သူ ခွဲစိတ်နိုင်ရန်အတွက် ငွေငါးသိန်းဆိုလျင် လုံလုံလောက်လောက် ရှိမည်ဖြစ်သော်ကြောင့် ဦးအာကာမှာ ပုဏ္ဏကဘီလူး နက္ခသင့်နေခဲ့သော ဘီလူးရုပ်ပုံပန်းချီကားချပ်အား ပြင်သစ်နိုင်ငံသားကြီးထံသို့ ရောင်းချခဲ့လေသည်။ ပြင်သစ်နိုင်ငံသားကြီးသည်လည်း ဦးအာကာတောင်းဆိုခဲ့သော မြန်မာငွေ ငါးသိန်းအား အိတ်စောင်ပါလာခဲ့သည်ကြောင့် ချက်ချင်းပင်လျင် ကျေနပ်စွာဖြင့် ဦးအာကာထံသို့ ပေးအိပ်စေခဲ့သည်။       ။

    ထို့နောက် နိုင်ငံခြားသားကြီးသည်လည်း ပန်းချီကားအား မယူဆောင်ခဲ့သေးပဲ မနက်ဖြန်မှသာလျင် တစ်ပါတည်းယူဆောင်ပါမည်ဟု ပြောဆိုလျက် လာရာလမ်းအတိုင်းပြန်လည် ထွက်ခွာသွားခဲ့လေသည်။ ဦးအာကာသည်လည်း နိုင်ငံခြားသာကြီး ပေးခဲ့သည့် ငွေငါးသိန်းအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် မိမိအားစောင့်မျှော်နေကြသော ခွဲစိတ်ဆရာဝန်ကြီးများထံသို့ အပြေးဦးတည်လေတော့သည်။
                             *******

     တပေါင်းလချိန်ခါလေး၏ ညချမ်းအချိန်ခါလေးဆီသို့ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ တစ်နေ့ကုန် ပူပြင်းထားခဲ့သော နေမင်းကြီး၏ အရှိန်အဟုန်များကြောင့် ယခုညခင်းအချိန်ထိတိုင်အောင် အိုက်စပ်စပ်ခံစားမှု့များမှာ ဖြစ်ပေါ်နေစေခဲ့သည်။ ထို့ကြောင့် ဦးချစ်တင်နှင့်အတူ မခင်အေးနိုင်တို့မှာ သုံးနှစ်သားကလေးလေးအား ခြံအတွင်းသို့ ခေါ်ဆောင်လေခဲ့ရင်း သားမိသားဖသုံးဦးသားမှာ ပျော်ရွှင်စွာဖြင့် ရှိနေစေခဲ့သည်။ ဒေါ်ဘွားရှင်မှာမူ ညနေခင်းအချိန်ခါမှ သူမမြင်တွေ့ခဲ့ရသော အရိပ်မည်းကြီးနှင့်ပတ်သတ်ပြီး စိတ်အတွင်း၌ ဘဝင်မကျခဲ့ချေ။ အောက်လမ်းပညာသည်တို့၏ အတတ်တွင် မိမိမှ ကိုယ်ထင်ပြပါဟု အမိန့်မပေးမချင်း မည်သည့်ပရလောကသားမှ အောက်လမ်းပညာသည်အား ကိုယ်ထင်မပြရဲခဲ့ချေ။

     အဘယ့်ကြောင့်ဆိုသော် အောက်လမ်းပညာရှင်အား ပရလောကသားတစ်ဦးဦးမှ ကိုယ်ထင်ပြလာခဲ့လျင် ယဉ်ပြိုင်အံ့တုမည့် အနေအထားပင်ဖြစ်သည်ကြောင့် ကိုယ်ထင်မပြ၊ ပရလောကသားမှ ကိုယ်ထင်ပြခဲ့လျင်လည်း အောက်လမ်းပညာရှင်မှာ မိမိအား ထိုပရလောကသား ယှဉ်ပြိုင်အံ့တုမည်ဟု ထင်မှတ်လျက် အောက်လမ်းအတတ်တို့ဖြင့် စင်္ကြာဝဏာတံတိုင်းအပြင်ထိ နှင်ထုတ်ပစ်နိုင်သည်။ ထို့ကြောင့် အောက်လမ်းပညာရှင်အား ကြောက်ရသည်ကြောင့် မည်သည့်ပရလောကသားများမှ ကိုယ်ထင်မပြခဲ့ချေ။ ထိုအကြောင်းများအားလည်း အောက်လမ်းပညာအား လေ့လားထားခဲ့ဘူးသည့် ဒေါ်ဘွားရှင်တစ်ယောက် ကောင်းစွာသိရှိနေခဲ့သည်။

     ဤသို့ဆိုလျင် ယနေ့ညနေခင်းအချိန်ခါမှ မိမိအား ကိုယ်ထင်ပြခဲ့သည့် အရိပ်မည်းကြီးမှာ အောက်လမ်းပညာရှင်ဖြစ်သော မိမိအား ထိုပရလောကသားမှ ယှဉ်ပြိုင်အံ့တုမည်ဖြစ်သောကြောင့် ကိုယ်ထင်ပြခဲ့ခြင်းပေလား။ ဒေါ်ဘွားရှင်၏ စိတ်အတွင်း၌ ထိုပရလောကသားအား မကျေမချမ်းဖြစ်နေခဲ့လေသည်။

''ဟော့ အမေ ဧည့်ခန်းထဲမှာ ဘာတွေများစဉ်းစားနေတာတုန်း''
''သြော် ဘာမှမဟုတ်ပါဘူးချစ်တင်ရဲ့ မင်းတို့တွေအိပ်ကြတော့မလို့လား''
''ဟုတ်တယ်အမေ မနက်ဖြန် ရေကျော်ဘက်မှာ တာဝန်တစ်ခုရှိတယ် အဲ့ဒါကြောင့် စောစောအိပ်ပြီး စောစောသွားရမှာဖြစ်နေလို့ အမေလည်းအိပ်တော့လေ ဆယ်နာရီတောင်ထိုးနေပြီ''
''အေးပါ!… အမေလည်းအိပ်တော့မှာပါ မြေးလေးရော''
''ဒီမှာလေ အမေ့မြေး ဆော့ရင်းမောပြီးအိပ်ပျော်သွားပြီး''
''ဒါဆိုအမေ သမီးတို့သွားအိပ်တော့မယ်နော် အမေလည်းအိပ်တော့လေ အခန်းထဲမှာ အမေ့အတွက် စောင်တွေခြင်ထောင်တွေ အာလုံးအဆင်သင့်ပြင်ပြီးသားသိလား''
''အေးပါ အေးပါ သွားသွား ညင်းတို့သွားအိပ်ကြတော့''

    အိပ်ပျော်နေခဲ့သော ကလေးလေးအား ပွေ့ချီထားလျက် ကိုချစ်တင်နှင့်မခင်အေးနိုင်တို့မှာမူ အပေါ်ထပ်ရှိ အိပ်ခန်းဆီသို့ တတ်ရောက်သွားခဲ့ရင်း ဒေါ်ဘွားရှင်သည်လည်း သူမ၏အိပ်ခန်းအတွင်းသို့ ဝင်ရောက်မည့်ဟန်အမူယာများအား ပြသလေခဲ့သည်။ ထို့နောက် သမီးနှင့်သမတ် အပေါ်ထပ်ဆီသို့တတ်ရောက်သွားခဲ့သည်နှင့် သူမသည်လည်း အိမ်တံခါးလေးအား အသာဖွင့်လေခါ ခြံအတွင်းသို့ ဆင်းသတ်သွားလေခဲ့သည်။ ခြံအတွင်းသို့ ရောက်ရှိလာသည်နှင့် သူမဟာ မွေးရပ်ဇာတိအတွင်း၌ အောက်လမ်းပညာရှင်အဖြစ် အမည်ခံထားခဲ့ရင်း အောက်လမ်းပညာများအားလည်း အသုံးချခဲ့ဘူးလေသည်။ ထို့ကြောင့်လည်း သူမဟာ မမြင်မတွေ့နိုင်ခဲ့သော တစ္ဆေ၊ သရဲများအား ထိတ်လန့်ကြောက်ရွှံ့ခြင်းမရှိခဲ့ချေ။

''ငါ့ကိုကိုယ်ထင်ပြရဲတဲ့ ငမိုက်သား နင်ဘာကောင်လဲ နင်ကငါ့ကို အံတုချင်တာလား ထွက်လာခဲ့စမ်း နင်ထွက်လာခဲ့စမ်း''

    သူမ၏နှုတ်မှ ထိုသို့ရည်ရွတ်လိုက်ရင်း တိုးတိတ်စေသောအသံ သို့မဟုတ် နက်ရှိုင်းနေခဲ့သော အသံကြီးဖြင့် ပြောဆိုစေခဲ့သည်။ ပြည့်လုနီးပါးဖြစ်နေခဲ့သော လမင်းကြီးဟာလည်း ယခုကဲ့သို့ ညနက်အချိန်ခါမျိုး၌ သူ၏အလင်းရောင်မှာ သိသိသာသာ ထိန်လင်းနေစေခဲ့သည်။ လရောင်၏ ထွန်းလင်းမှု့များကြောင့် လရောင်အား ကွယ်လျက်ပေါက်ရောက်နေခဲ့သော သစ်ပင်၊သစ်ရိပ်များမှာလည်း မြေပြင်နှင့် အိမ်ကြီး၏နံရံတို့တွင် အရိပ်ထင်ထားစေခဲ့သည်။

   ဒေါ်ဘွားရှင်ဟာ အောက်လမ်းပညာသည်တစ်ဦးပီပီ မာန်သွင်းလေခါ တမ်းတပြောဆိုခဲ့ပြီးသည့် အနောက်တွင်မူ သူ၏ညာလက်ဖျံအပေါ်သို့ ဖားဖြုတ်ကလေးတစ်ကောင်မှ မည်သည့်နေရာဆီမှ ရောက်ရှိလာခဲ့ခြင်းမသိပဲ ရုတ်တရက် တွယ်ကပ်သွားခဲ့လေသည်။ ထို့ကြောင့် ဒေါ်ဘွားရှင်သည်လည်း ဆတ်ခနဲထိတ်လန့်သွားလေခါ သူမ၏လက်ကိုပင် ခါချလိုက်မိသည်။ ထိုအခါ ဖားပြုတ်လေးသည်လည်း လရောင်ထွန်းလင်းနေခဲ့သော မြေပြင်အပေါ်သို့ အရှင်းသား ပြုတ်ချသွားခဲ့သည်အား မြင်တွေ့လိုက်ရလေတော့သည်။ သူမ၏ခါချလိုက်ခြင်းကြောင့် ဖားပြုတ်ကလေးမှာလည်း မြေပြင်အပေါ်သို့ ကားယားကလေး ဖြစ်သွားလေခါ သေဆုံးသွားခဲ့ပုံပေါ်သည်။

''သြော်!… သောက်ရေးထဲ ဖားပြုတ်စုတ်က တစ်မျိုး''
''ဘယ်မှာတုန်းငမိုက်သား ကောင်းပြီကောင်းပြီ ဒင်းက ငါခေါ်နေတာကို ထွက်မလာသေးဘူးပေါ့ဟုတ်လား တွေ့ကြသေးတာပေါ့''

     ထိုကဲ့သို့ ကြုံးဝါးပြောဆိုလိုက်စဉ်မှာပင် ခြံထောင်ဆီမှနေ၍ လူရိပ်လူယောင်တစ်ခုအား ဖြတ်ခနဲမြင်တွေ့လိုက်ရရင်း ဒေါ်ဘွားရှင်သည်လည်း ထိုခြံထောင့်ဆီသို့ လက်နှိတ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်လေသည်။ ထို့နောက်

''ဟေ့ ဘယ်သူလဲ ဟေ့ မေးနေတယ်လေ ဘယ်သူလဲ''
''အမေကြီး ''
''ဟင်!… ဘတုတ် မောင်ဘတုတ် မောင်ဘတုတ် ဒီအချိန်ကြီး ဒီအချိန်ကြီး မင်းဘာလာလုပ်တာလဲ''
''ဟုတ် ဟုတ်ပါတယ်အမေကြီး ကျွန်တော်ဘတုတ်ပါ ဆရာတို့မိသားစုကို ကျွန်တော်ပြောစရာရှိလို့ အခက်အခဲကြားတွေထဲကနေ လာခဲ့တာပါ ဆရာနဲ့ဆရာကန်တော်ကို ပြောလိုက်ပါအမေကြီးရယ် ဒီအိမ်ကြီးမှာ ဆက်မနေပါနဲ့ ဒီအိမ်ကြီးကနေ ဝေးရာကို ထွက်သွားကြပါလို့''
''ဟင်!… ဘာပြောလိုက်တယ် မင်းဘာပြောလိုက်တယ်ဘတုတ် ငါတို့က ဒီမှာမနေလို့ ဘယ်မှာသွားနေရမှာလဲ''
''အမေကြီး ကျွန်တော်အရမ်းပင်ပန်းတယ်ဗျာ ကျွန်တော်ဒီခြံထဲမှာပဲရှိနေတယ်အမေကြီး အမေကြီးတို့ ဒီကနေ အမြန်ထွက်သွားကြပါ''
''အိုး!… ဒီကောင်လေးဘာတွေလာပြောနေတာလဲ ဘာဖြစ်လို့ထွက်သွားရမှာလဲ ထွက်သွားရမှာကနင် ဒီအချိန်ကြီး သူများအိမ်ကို ခိုးကြောင်ခိုးဝှက်ရောက်လာတယ်ဆိုတော့ နင့်မှာဘာအကြံစည်တွေရှိနေလဲ ပြောစမ်းဘတုတ်''
''အမေကြီး!… ကျွန်တော်က ''
''တိတ်စမ်း နင်ဘာမှလာမပြောနဲ့တော့ မဖြစ်ပါဘူး နင့်ဆရာကိုခေါ်ပြီး နင့်ကိုစစ်ဆေးခိုင်းရမယ်''
''မလုပ်ပါနဲ့ မလုပ်ပါနဲ့ ကျွန်တော် ကျွန်တော်သွားပါ့မယ်''
''ဟေ့ဘတုတ် ဟေ့ဘတုတ် အိုး!… ဒီကောင်ဒီအခ်ျန်ကြီး ခြံထဲကို ဘာလာလုပ်နေတာပါလိမ့်”

    ခြံထောင့်ဆ်ီမှ အရိပ်ယောင်တစ်ခုအား မြင်တွေ့ခဲ့ရ၏။ ထိုအရိပ်ယောင်ဟာ ဘတုတ်၏အရိပ်ယောင်ပင်ဖြစ်ပြီး၊ ဘတုတ်ဆိုလျင် ဒေါ်ဘွားရှင်တစ်ယောက် သူမနှင့် ကောင်းစွာခင်မင်ရင်နှီးနေခဲ့သည်။ ကိုချစ်တင်ဟာ သမီးဖြစ်သူ ခင်အေးနိုင်နှင့်အိမ်ထောင်စကျသည့် အခ်ျန်ခါမှစတင်ခါ ဘတုတ်ဟူသော ထိုသူသည် ကိုချစ်တင်၏ တောက်တိုမရ စေခိုင်းနေခဲ့သည့် ဖင်ပေါ့သော လူငယ်တစ်ဦးပင်ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့မြင်တွေ့လိုက်ရသည်နှင့် ဒေါ်ဘွားရှင်ဟာ ဘတုတ်ပြောဆ်ုနေခဲ့သော စကားများကိုပင် နားမလည်နိုင် ဘုကန့်လန့်အပြောများဖြင့်သာ ပြန်လည်ချေပပြောဆိုလေခဲ့သည်။

     ညကြီးအချိန်မတော် ခြံဝန်းအတွင်းသို့ ရောက်ရှိလာခဲ့သော ဘတုတ်အား အိမ်ပိုင်ရှင်ကြီး ဦးချစ်တင်နှင့် တိုင်မည်ဟု ဆိုလိုက်သည်နှင့် အိမ်စောင့်ဘတုတ်မှာ အမှောင်ထုအတွင်းသို့ ပြေးဝင်ပုန်းရှောင်သွားခဲ့လေတော့သည်။ ဘတုတ်ဟာ မိမိတို့၏မိသားစုနှင့် ညီအစ်ကိုမောင်နှမ သဖွယ်နေထိုင်လာခဲ့သည်ကြောင့် ယခုကဲ့သို့ ထွက်ပြေးတိမ်ရှောင်သွားခဲ့သော ဘတုတ်အား အာရုံထားမနေတော့ပဲ ဒေါ်ဘွားရှင်မှာမူ နေအိမ်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဦးတည်လိုက်လေသည်။ ထိုအခါတွင်မူ ညနက်နက် လရောင်အောက်၌ ထင်ကျန်နေခဲ့သော သူမ၏အရိပ်အပေါ်သို့ အရိပ်မည်းကြီးတစ်ခုမှ အုပ်စိုးနေခဲ့သည်အား အရိပ်ထင်နေခဲ့သော မြေပြင်ပေါ်၌ ဒေါ်ဘွားရှင်တစ်ယောက် မြင်လိုက်ရစေသည်။

    ထို့ကြောင့် သူမသည်လည်း အနောက်သို့ လျင်မြန်စွာဖြင့် လှည့်ကြည့်မိလိုက်၏။ ထိုအခါမြင်တွေ့လိုက်ရသည်က သူမ၏လက်ဖျံပေါ်သို့ ရုတ်တရက် တွယ်ကပ်လာခဲ့သော် ဖားဖြုတ်ကလေးပင် ဖြစ်နေလေခဲ့သည်။ မိမိ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သော ဖားဖြုတ်ကလေးမှာမူ အဘယ့်ကြောင့် ပြန်လည်အသက်ဝင်လာလျက် စောင့်စောင့်ကလေး ထိုင်လျက်ရှိနေခဲ့ရသနည်း။ ထိုတင်မက လက်သီးဆုပ်အရွယ်အစားခန့်မျှတောင် အရွယ်အစားကြီးမနေခဲ့သော ဖားဖြုတ်လေး၏ အရိပ်မှာ သူမ၏အရိပ်ကိုပင် လွှမ်းခြုံနေခဲ့သည်က ထူးဆန်းနေလှသည်။ သူမသည်လည်း လွန်စွာသဘောပေါက်သွားစေခဲ့သည်။

     ပရလောကမှတ်တမ်းများနှင့် အောက်လမ်းပညာရှင်တို့၏ လေ့လာထားခဲ့ဘူးသော အောက်လမ်းပညာရပ်များတွင် ဖော်ပြထားခဲ့သည့်အတိုင်း ပုတ်သင်ညိုဆိုလျင် သာမာန်တစ္ဆေမျှသာ သက်တမ်းရှိပြီး၊ သမင်း၊ ဒရယ်၊ တောင်ဆိတ်၊ ခွေး ပုံသဏ္ဍန်များဖြင့် အကောင်အထည် ပြသလာခဲ့လျင် ထိုပရလောကသားမှာ တစ္ဆေအကြီးစားပင်ဖြစ်ပေသည်။ ယခု သေဆုံးသွားခဲ့သော ဖားဖြုတ်ကလေးမှ ပြန်လည်အသက်ဝင်လာ၍ ကြီးကြီးမားမား အရိပ်အယောင်ကြီးကဲ့သို့ အကောင်အထည် ဖော်ပြလာခဲ့လျင် ထိုပရလောကသားမှာ နဂါး၊ ဂဠုန်၊ ဂုမာန်၊ ယက္ခ၊ အာဠာဝက၊ ပုဏ္ဏက ဟူသည့် နတ်ဘီလူးအမျိုးအစားရှိသော ကြီးမားသည့် ပရလောကအနွယ်ဝင်ပင်ဖြစ်သည်အား ဒေါ်ဘွားရှင်တစ်ယောက် ကောင်းစွာသိရှိလိုက်ရလေသည်။

သို့နှင့်
“အင်း ဒီပုံစံတိုင်းဆိုရင် ဒီကောင်ကြီးကို ငါမနိုင်ပါလား ဘယ်လိုလုပ်ရမလဲ ငါ့အတွေ့ကြုံမှာလည်း ဒီလိုကောင်မျိုးနဲ့ တစ်ခါမှမတွေ့ခဲ့ဖူးဘူး မဖြစ်သေးပါဘူး သူ့ကိုမနိုင်မယ့်အတူတူ အပေါင်းအသင်းလုပ်ထားလိုက်တာ ပိုကောင်းမယ်နဲ့ထင်တယ်”

သူမ၏စိတ်အတွင်း၌ ထိုကဲ့သို့တွေးမိလေခဲ့ရင်း ထိုသို့ပင်ပြောဆိုလိုက်လေသည်။
“သြော် နင်ကအကောင်ကြီးပဲ ဟုတ်ပါပြီ ငါနင့်ကို ဒီခြံကြီးထဲကနေ မောင်းမထုတ်ပါဘူး ဒါပေမယ့် ငါ့တို့မိသားစုတွေကိုတော့ နင်ရန်မရှာပါနဲ့နော်”
ထိုကဲ့သို့ပင် ပြောဆိုလေခဲ့ရင်း ဒေါ်ဘွားရှင်သည်လည်း နေအိမ်အတွင်းသို့ပင် လျင်မြန်စွာဖြင့် ၀င်ရောက်စေခဲ့သည်။ ဒေါ်ဘွားရှင်တစ်ယောက် နေအိမ်အတွင်းသို့ ၀င်ရောက်လာခဲ့သည်နှင့် ဧည့်ခန်းတွင်း၌ ရှိနေခဲ့သော ထိုင်ခုံများမှာမူ အိမ်ပေါက်ဝတံခါးအနီး၌ရှိနေခဲ့သည့် သူမ၏အနီးဆီသို့ ရွှေ့လျားလာခဲ့လေသည်။ သူမသည်လည်း ထိုအဖြစ်အပျက်အား ကြောင်ကြည့်နေခဲ့မိရင်း အောက်လမ်းပညာသည်ဖြစ်သော မိမိအားမည်ကဲ့သို့သော ပရလောကသားများမှ ပြန်လည် ခြောက်လန့်နေခဲ့ရသနည်းဟု ဒေါသထွက်သွားလေခဲ့သည်။

နေအိမ်တံခါးအနီးတွင် ရပ်လျက်ရှိနေခဲ့သော မိမိထံသို့ ရွှေ့လျားလာခဲ့သည့် ခုံများပါအ၀င် နေအိမ်တစ်ခုလုံးတွင်ရှိနေသော အသုံးဆာင်ပစ္စည်းများမှာလည်း တစ်ပြိုင်နက် စတင်ရွှေ့လျားလာခဲ့သည်။ သူမသည်လည်း အရာဝတ္ထူများဟာ ယခုကဲ့သို့ ရွှေ့လျားနေခဲ့သည့် အဖြစ်များကိုပင် ကြောက်လန့်ရမည့်အစား ပရလောကသားများအား လိုသလိုစေခိုင်းလာခဲ့သည့် မိမိမှာမူ ထိုကဲ့ခြောက်လန့်လာခဲ့သော ပရလောကသားကိုပင် ကြောက်စိတ်အစား ဒေါသစိတ်များသာလျင် ဖြစ်ပေါ်လာခဲ့လေသည်။ ထို့ကြောင့် ဒေါ်ဘွားရှင်သည်လည်း သူမ၏ အောက်လမ်းအတတ်တို့နှင့် ထိုပရလောကသားအား ပြန်လည်တိုက်ခိုက်ရန်အတွက် အိပ်ခန်းအတွင်းသို့ပင် ဒေါသတကြီးဝင်ရောက်သွားခဲ့လေတော့သည်။

ကျေးငှက်လေးများ၏ အော်ဟစ်သီကြူးသံများနှင့်အတူ နံနက်ခင်းအချိန်ခါဆီသို့ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ မခင်အေးနိုင်သည်လည်း ယနေ့၌ လင်ယောက်ျားဖြစ်သူ ကိုချစ်တင်မှာမူ နံနက်စောစော တာဝန်ချိန်ရှိသည်ကြောင့် သူမသည်လည်း စောစောထလေခါ လင်ယောက်ျားဖြစ်သူအတွက် လိုအပ်သည်များအား ပြင်ဆင်ပေးနေစေခဲ့သည်။ လင်ယောက်ျားဖြစ်သူအတွက် အ၀တ်အစားများအား ပြင်ဆင်ပြီးခဲ့ပြီးနောက် ချက်ပြုတ်ရန် ကိစ္စများသာ ကျန်ရှိတော့သည်ကြောင့် မခင်အေးနိုင်မှာမူ လှေကားအတိုင်း အောက်ထပ်ဆီသို့သာ ဆင်းသတ်လာခဲ့ချေသည်။

“သြော် ဒီလောက်ဆိုရင် အမေလည်းနိုးနေလောက်ပါပြီး”
“ဟင်ခုံတွေဘယ်လိုဖြစ်ရတာလဲ”
“ဟာ… အိမ်တံခါးကြီလည်း ပွင့်လို့ပါလား”
“ဘယ်လိုတွေဖြစ်ရတာလဲ”
“ကိုချစ်တင် ညက သေသေချာချာပိတ်ခဲ့တာပါ”
“အမေ အမေနိုးနေတာလား အမေ အမေ”

လှေကားအတိုင်း အောက်ထပ်ဆီသို့ မခင်အေးနိုင်တစ်ယောက် ဆင်းသတ်လာခဲ့သည်နှင့် အောက်ထပ်တွင်ရှိနေသည့် ပရိဘောဂပစ္စည်းများဟာ ဖရိုဖရဲဖြစ်ပျက်နေခဲ့သည့် မြင်ကွင်းများကိုပင် ဦးစွာမြင်တွေ့လိုက်ရစေတော့သည်။ သူမ၏ မိခင်ဖြစ်သူ စောစွာနိုးထနေခဲ့ခြင်းကြောင့် အိမ်မကြီးတံခါးမှာ ပွင့်လစ်နေခဲ့ရခြင်းပင်လား၊ ထို့ကြောင့် သူမသည်လည်း အောက်ထပ်ဆီသို့ လျင်မြန်စွာဖြင့် ဆင်းသတ်သွားခဲ့စေပြီး မိခင်ဖြစ်သူ ဒေါ်ဘွားရှင်၏အိပ်ခန်းဆီသို့ မျှော်ငေးကြည့်ရှု့လိုက်လေသည်။ ထိုအခါ မြင်တွေ့လိုက်ရ၏။ မိခင်ဖြစ်သူ ဒေါ်ဘွားရှင်၏ အိပ်ခန်းတံခါးကြီးမှာ ပွင့်လစ်နေခဲ့ရရင်း ထို့ကြောင့် သူမသည်လည်း ``အမေ’’ဟု တမ်းတလေခဲ့ရင်း အိပ်ခန်းအတွင်းသို့ ဦးတည်ဝင်ရောက်လိုက်လေသည်။

“ဟင်’’
“အမေ အမေ အမေဘယ်လိုဖြစ်ရတာလဲ’’
“ကိုချစ်တင် ကိုချစ်တင်လာပါဦး အမေ့ကိုကယ်ပါဦး’’

မိခင်ဖြစ်သူ ဒေါ်ဘွားရှင်၏ အိပ်ခန်းအတွင်းသို့ ၀င်ရောက်လိုက်သည်နှင့် သမီးဖြစ်သူ မခင်အေးနိုင်တစ်ယောက် မြင်တွေ့လိုက်ရသည်က အလွန်ပင် ကြောက်စရာကောင်းလှသည့် မြင်ကွင်းပင်ဖြစ်နေစေခဲ့သည်။ ဒေါ်ဘွားရှင်မှာ ခြုံစောင်ကြီးကိုပင် ကြိုးအသွင်ပြုလုပ်ထားခဲ့ရင်း ဆွဲကြိုးချ သေဆုံးနေခဲ့ပြီး အသက်မဲ့နေခဲ့သော မျက်လုံးအိမ်ကြီးမှာလည်း ပြူးထွက်နေလျက် ပါးစပ်အတွင်းမှ လျှာကြီးဟာလည်း ရှည်လျားစွာထွက်ရောက်နေခဲ့သည်။ အောက်ထပ်ဆီမှ မိန်းမဖြစ်သူ၏ အော်ဟစ်ခေါ်လိုက်သံများကြောင့် အ၀တ်စားလဲလှယ်နေခဲ့သော ကိုချစ်တင်သည်လည်း အောက်ထပ်ဆီသို့ လျင်မြန်စွာဖြင့် ဆင်းသတ်လေခါ အသံကြားရာအိမ်ခန်းဆီသို့ ဦးတည်ဝင်ရောက်လိုက်လေသည်။

“ဟာ အမေ အမေဘယ်လိုဖြစ်ရတာလဲ”
“လုပ်ပါဦး အမေကိုကယ်ပါဦး”

   အဖြစ်ဆိုးစွာသေဆုံးနေခဲ့သော ဒေါ်ဘွားရှင်၏ အလောင်းကြီးအား ကိုချစ်တင်မှာ အောက်သို့မနိုင်မနင်း ချစေခဲ့ရင်း သတ်ဆိုင်ရာဆီသို့ပင် လျင်မြန်စွာဖြင့် အကြောင်းကြားစေခဲ့ရသည်။ ထို့နောက် ဒေါ်ဘွားရှင်၏အလာင်းကြီးအား ဆေးရုံသို့ပို့ဆောင်စေခဲ့ရင်း ထိုကဲ့သို့သော အဖြစ်ဆိုးကြီးအား မကြုံတွေ့မီအချိန်ကာလမှ ဒေါ်ဘွားရှင်၏အကြာင်းများကိုပင် သက်ဆိုင်ရာ ရဲအရာရှိကြီးများထံသို့ သမီးဖြစ်သူနှင့် သမတ်ဖြစ်သူတို့မှာ အကြောင်းစုံတင်ပြခဲ့ရချေသည်။ သေဆုံးသူ ဒေါ်ဘွားရှင်တွင် ကြီးကြီးမားမား ဖိစီးမှု့ဟူမည်သည့်အရာတစ်ခုမှ မရှိခဲ့ပဲ ဆွဲကြိုးချသေဆုံးခဲ့ရသည့် အဖြစ်များကိုပင် စစ်ဆေးရန်အတွက် သက်ဆိုင်ရာရဲအရာရှိကြီးများမှ ခုနှစ်သက္ကရာဇ်အပြည့်စုံများဖြင့် မှတ်တမ်းတင်ထားခဲ့ရချေသည်။
                                      *****

တစ်မနက်လင်းလာခဲ့သည်နှင့် ဦးအာကာသည်လည်း သူ၏နေအိမ်ထံသို့ စိတ်ပျက်နေခဲ့သည့် အမူယာများဖြင့် ဦးခေါင်းအားငိုက်စိုက်နေခဲ့ရင်း ပြန်လည်ဦးတည်လာခဲ့ပြန်လေသည်။ နေအိမ်အတွင်း၌ စောင့်ကြပ်ပေးနေခဲ့သည့် တပည့်ဖြစ်သူ မောင်မြင့်ဝေနှင့် မိန်းမဖြစ်သူတို့သည်လည်း ဦးအာကာအား မြင်တွေ့လိုက်ရသည်နှင့် အလောတကြီး ထိုကဲ့သို့သော် စကားများအား တရတ်ဆတ်မေးမြန်းလေတော့သည်။

“ဆရာ…. ဆရာဘယ်လိုလဲဆရာ ဆရာကတော်နဲ့အကြီးကောင် သက်သာကြရဲ့လားဟင်’’
 “အင်း”

တပည်ဖြစ်သူ မောင်မြင့်ဝေ၏ အလောတကြီးမေးမြန်းနေခဲ့သော စကားများကိုပင် ဦးအာကာတစ်ယောက် ပြန်လည်အဖြေမပေးနိုင်ခဲ့ပဲ ဦးခေါင်းကလေးသာ အသာခါရမ်းပြလျက် သက်ပြင်းတစ်ချက်ကိုပင် ခပ်ပြင်းပြင်းချမိလေတော့သည်။
“မသက်သာပါဘူးမြင့်ဝေရာ အကြီးကောင်အတွက် အခုငွေလိုနေပြန်ပြီကွ မင်းတို့ဆရာကတော်ကလည်း သွေးတွေအရမ်းတတ်နေတယ်”
“ဗျာ… ဟာဗျာ ဒါဆို… ဒါဆို ဘယ်လိုလုပ်မလဲဆရာ”
 “အင်း… မနက်ကတည်းက မယ်ကြည်သတိလစ်နေတာ ညကတော့ တစ်ချက်တစ်ချက် သတိပြန်ပြန်လည်လာတာပဲကွ အခုတော့ သတိလစ်နေဆဲပါပဲ သြော်ဒါနဲ့ မနက်က နိုင်ငံခြားသားကြီး ငါ့အိမ်ကိုရောက်လာသေးလား”
“ဟင်အင်းဆရာ ရောက်မလာပါဘူး ဘာဖြစ်လို့လဲ”
“သူရောက်လာမှ ပိုက်ဆံထပ်ရမှာကွ ငါ့မှာအခု မယ်ကြည်နဲ့အကြီးကောင်အတွက် ဆေးဖိုးလိုအပ်နေပြန်ပြီ”
“ဒုက္ခပါပဲဆရာရယ်… ကျွန်တော်တို့ဘယ်လိုလုပ်ပေးရမလဲဟင်..”

တပည့်ဖြစ်သူ မောင်မြင့်ဝေနှင့် ဦးအာကာတစ်ယောက် စိတ်ပျက်စွာဖြင့် စကားများစွာပြောဆိုခဲ့ပြီးသည့်နောက်တွင်မူ ဦးအာကာ၏နေအိမ်ဆီသို့ အငှားကားတစ်ဆီး တည့်မတ်စွာဖြင့် ဦးတည်လာခဲ့လေသည်။ ထိုကားအတွင်း၌ လိုက်ပါလာခဲ့သူမှာ ပြင်သစ်နိုင်ငံသားကြီးပင်ဖြစ်လေခဲ့ရင်း ဦီးအာကာ၏နေအိမ်အရှေ့ဆီသို့ ရောက်ရှိလာခဲ့သည်နှင့် အငှားကားအပေါ်မှ ဆင်းသတ်လာလခါ ဦးအာကာအား အပြုံးလေးဖြင့် စတင်နှုတ်ဆတ်လေခဲ့သည်။

“မင်္ဂလာပါဆရာ”
“ဟုတ်ကဲ့ မင်္ဂလာပါ”
“ဆရာကျွန်တော် ပန်းချီကားလာယူတာပါ”
“ကောင်းပါပြီ မစ်စတာ ယူသွားနိုင်ပါပြီ လာပါ အိမ်အပေါ်ကိုလိုက်ခဲ့ပါ”

မျှော်လင့်စောင့်စားနေခဲ့သည့် ပြင်သစ်နိုင်ငံသားကြီး ရောက်ရှိလာခဲ့သည့်ကြောင့် ဦးအာကာသည်လည်း သူ၏စိတ်တွင်း၌ အနည်းငယ်မျှ ပျော်ရွှင်သွားမိသည်။ ထို့နောက် နေအိမ်အပေါ်သို့ခေါ်ဆောင်လေခဲ့ရင်း အိမ်အရှေ့ခန်းလေးအတွင်း၌ ခေတ္တဧည်ခံထားစေသည်။ ပန်းချီကားသိမ်းဆည်းထားခဲ့သော သံသေတ္တာလေးထားရှိရာဆီသို့ ဦးတည်လေခဲ့ရင်း သေတ္တာလေးအား သော့ဖွင့်လေခါ ပန်းချီကားအား ထုတ်ယူလိုက်သည်နှင့် အံ့သြစရာကောင်းလှသော မြင်ကွင်းကိုပင် ထပ်မံမြင်တွေ့လိုက်ရပြန်လေသည်။

“ဟာ… သွေးစက်တွေပါလား ငါ့ဆရာကြီးပြောပုံအရဆိုရင် ဒီနက္ခနဲ့ပတ်သတ်ပြီး တစ်ဦးတစ်ယောက် အသတ်ဆုံးရှုံးလိုက်ရပြီနဲ့တူတယ်”
“ဘယ်သူတွေထိခိုက်နေတာလဲ ဒုက္ခပါပဲ”
“အိုးကွာ… ငါ့မိသားစုတွေထဲက ထိခိုက်တဲ့သူမရှိရင် ပြီးတာပါပဲလေ’’

သံသေတ္တာလေးအတွင်း၌ သိမ်းဆည်းထားခဲ့သော ပုဏ္ဏကနက္ခသင့် ပန်းချီကားချပ်အပေါ်၌ သွေးစက်များအား မြင်တွေ့လိုက်ရ၏။ ဤသို့ဆိုလျင် မိမိ၏ အထက်ဂိုဏ်းဆရာကြီး ပြောဆိုခဲ့ဘူးသော စကားများကိုပင် ပြန်လည်ကြားယောင်စေခဲ့မိသည်။ သို့သော်လည်း ယခုကဲ့သို့ မိမိ၏မိသားစုဝင်များ အသက်အန္တရယ်နှင့် ရင်ဆိုင်နေရသည့် အချိန်ကာလမျိုးတွင်မူ ပန်းချီဆရာကြီး ဦးအာကာမှာ မည်သည့်အခါမျိုးမှ မထားခဲ့သည့် တစ်ကိုယ်ကောင်းဆန်စိတ်များ ၀င်ရောက်လာခဲ့ရင်း သွေးစွန်းနေခဲ့သည့် ပန်းချီကားကိုပင် သန့်ရှင်းများစွာ ပြုလုပ်လျက် အိမ်ရှေ့ခန်းဆီသို့ ယူဆောင်လာခဲ့ချေတော့သည်။

“ရပါပြီမစ်စတာ”
“ဟုတ်ကဲ့ပါဆရာ… ဆရာဘာတွေများ ထပ်ထည့်ပေးထားလဲဆိုတာ ကျွန်တော်ကြည့်ပါရစေ”
“ဟာ… ကျေးဇူးတင်ပါတယ်ဆရာရယ် ကျေးဇူးတင်ပါတယ်”
“ဘာဖြစ်လို့ကျေးဇူးတင်ရတာလဲဗျ”
“ဒီမှာလေဆရာရဲ့… ဘီလူးပါးစပ်မှာ ကျနေတဲ့ သွေးစက်တွေထပ်ထည့်လိုက်မှပဲ ပန်းချီကားက ပိုပြီးပြည့်စုံသွားသလို ခံစားရတယ်ဗျ”
“ဟင်…. ဘယ်မှာတုန်း”
“သြော်…. ဆရာကလည်း ဒီမှာလေ”
“ဟင်!...’’

ဦးအာကာယူဆောင်လာခဲ့ပေးသော ပန်းချီကားချပ်အား ပြင်သစ်နိုင်ငံသားကြီးမှာ ထုတ်ယူကြည့်လျက် ခပ်ပြုံးပြုံးးအမူယာများဖြင့် ပီတိစကားများစွာ ပြောဆိုလိုက်လေသည်။ ပြင်သစ်နိုင်ငံသားကြီး ပြောဆိုလာခဲ့သော စကားများအား ဦးအာကာမှာနားမလည်နိုင်၊ ကြောင်တောင်တောင် အပြုမူများဖြင့် ပြန်လည်မေးမြန်းလိုက်စေသည်။ ထိုအခါ ပြင်သစ်နိုင်ငံသားကြီးမှာ ဦးအာကာဘက်သို့ ပန်းချီကားလေးလှမ်းပြလိုက်ရင်း ဘီလူးရုပ်၏ပါးစပ်အတွင်းမှ သွေးစက်များစွာ ကျဆင်းနေသည့် ဆေးသားများကိုပင် လက်ညိုးကလေး အသာထိုးပြလိုက်လေသည်။ ပြင်သစ်နိုင်ငံသားကြီး ပြသလိုက်မှသာလျင် ဦးအာကာသည်လည်း မိမိသတိမထားခဲ့မိသော ပန်းချီကားအတွင်းမှ ထပ်မံဖြစ်ပေါ်နေခဲ့သည့် ဆေးသားများကိုပင် တွေ့ရှိလိုက်ရစေသည်။

ထို့ကြောင့် ဦးကာအာ၏စိတ်အတွင်း၌ စိုးရိမ်ခြင်း၊ ထိတ်လန့်ခြင်းများ ဖြစ်ပေါ်လာခဲ့သော်လည်း ပြင်သစ်နိုင်ငံသားကြီးကဲ့သို့ပင် ပြုံးရွှင်စွာဖြင့် အမူယာများစွာ ပြောင်းလဲလိုက်ရလေသည်။ လွန်စွာပီတိဖြစ်နေခဲ့သော ပြင်သစ်နိုင်ငံသားကြီး၏ အမူယာများအား ဦးအာကာမှာ ကြည့်လျက် ထိုသူတစ်ယောက် ဒုက္ခအကြီးအကျယ် ရောက်တော့မည်အား ကြိုတင်သိရှိနေခဲ့သော်လည်း ယခုအခါ မိမိအဖို့ ကမ္ဘာမီးလောင်နေခဲ့သည့် အချိန်ပင်ဖြစ်ပြီး ပြင်သစ်နိုင်ငံသားကြီးအား သားကောင်သဖွယ် သဘောထားလေခါ နင်းချပစ်နေခဲ့ရလေတော့သည်။

ထို့နောက် ဦးအာကာအား ပြင်သစ်နိုင်ငံသားကြီးမှာ ပေးရန်ကျန်ရှိနေသေးသည့် မြန်မာငွေငါးသိန်းအား ပေးအပ်စေခဲ့ရင်း သူတစ်ယောက် ပျော်ရွှင်စွာဖြင့် ပြန်လည်ထွက်ခွာသွားခဲ့လေသည်။ ဦးအာကာသည်လည်း ပြင်သစ်နိုင်ငံသားကြီးပေးသည့် ငွေငါးသိန်းအား ဆုပ်ကိုင်လျက် သူ၏နေအိမ်တွင်မူ တပည့်ဖြစ်သူမောင်မြင့်ဝေနှင့် မိန်းမဖြစ်သူတို့အား အိမ်စောင့်ထားစေခဲ့ရင်း မိမိမှာမူ သားဖြစ်သူနှင့် မိန်းမဖြစ်သူတို့ ရှိနေခဲ့ကြသည့် ဆေးရုံဆီသို့သာ အပြေးပြန်လည်ဦးတည်လေတော့သည်။

''ကိုမြင့်ရယ် ဆရာအခုလို ဒုက္ခရောက်နေတဲ့အချိန်မျိုးမှာ ကျွန်မတို့လင်မယားနှစ်ယောက် ဘာမှအကူညီမပေးနိုင်ခဲ့ဘူး''
''ဟုတ်တယ်မိန်းမရယ် ဆရာ့ကိုကြည့်ရတာ သိပ်သနားဖို့ကောင်းတာပဲ နှစ်ရက်ရှိနေပြီး တစ်ရေးမှသူမအိပ်ရသေးဘူးတဲ့ အခုလည်းဆေးရုံကို ပြန်သွားရပြန်ပြီ!… ဟွန်း ဆရာဆရာ သူ့မိသားစုအပေါ် တော်တော်ကိုးသံယော်ဇဉ်ကြီးတာပဲ''
''အော်!… ဆရာ မအိပ်ရသလို ကျွန်မတို့ကရော နှစ်ညရှိပြီ ကောင်းကောင်းအိပ်ရလို့လားတော့်''
''ဟင်!… ဘာဖြစ်လို့တုန်း မိန်းမရ''
''ဘာဖြစ်ရမှာလဲ ညတုန်းကလည်း တစ်အိမ်လုံး ဝုန်းဒိုင်းကိုကြဲနေတာပဲ ခြေသံတွေလည်းကြားတယ် ပြီးတော့ တစ်ညလုံးလမ်းလျောက်နေတာ ဘယ်သူမှန်းကိုးမသိဘူး ကျွန်မအထင်တော့ ဆရာ့အိမ်မှာ သရဲသရဲများခြောက်နေတာလား''
''ဟာကွာ!… ကြောင်တွေဘာတွေပဲဖြစ်မှာပေါ့ကွ မင်းကလည်း ငါတို့ဆရာက အထက်ဂိုဏ်းဆရာကြီးကွ ဘယ်သရဲက လာခြောက်နိုင်မှာမို့လို့လဲ''

''ရှင်မသိပါဘူးတော်!… ရှင်က ခေါင်းချတာနဲ့ အိပ်ပျော်သွားတဲ့သူ ညက ဝုန်းဆိုတဲ့ အသံကြားတော့ ရှင်ရောကျွန်မရော နိုးသွားတယ်လေ ပြီးတော့ ချက်ချင်းပဲ ရှင်ပြန်အိပ်ပျော်သွားတယ်မဟုတ်လား အေး!ကျွန်မကတော့ တော်တော်နဲ့ပြန်အိပ်မပျော်ဘူး လမ်းလျောက်သံတွေလည်းကြားရတယ် ပြီးတော့ တစ်ယောက်ယောက်က ချုပ်နှောင်ထားလို့ ရုံးကန်နေတဲ့ အသံမျိုးတွေလည်း ကျွန်မနားထဲမှာကြားနေရတယ်''
''မိန်းမရယ် မင်းစိတ်ထင်လို့ပဲ နေမှာပါ ဆရာ့အိမ်မှာ ဘာမှမရှိပါဘူးကွ''
''ဟင် ဟုတ်မှာပါလေ ပယောဂါနဲ့ပတ်သတ်လာရင် ဆရာ့ကို ဒီပတ်ဝန်းကျင်ကလူတွေ အားလုံး အားကိုးအားထားပြုထားကြတာ သူ့အိမ်မှာ ဘယ်လိုသရဲကရှိနေမှာမို့လို့လဲ… ရှင်ပြောတာလဲ ဟုတ်မှာပါ”
''အဲ့ဒါပြောတာပေါ့မိန်းမရ ကဲကဲ အဲ့ဒါခဏထား… အခုမင်းမှာရှိသေးတဲ့ ဈေးဖိုးလေးနဲ့ပဲ ဈေးသွားဝယ်လိုက်ဦးမိန်းမရယ် ပြီးရင် ဆရာတို့မိသားစုအတွက် ဆေးရုံကို ထမင်းချိုင့်လေးတော့ ပို့ပေးလိုက်ကြတာပေါ့''
''ဟုတ်ပါတယ် ကျွန်မလည်း အဲ့လိုပဲစဉ်းစားထားတာ အများကြီးမကူညီနိုင်ပေမယ့်လည်း တတ်နိုင်ဘက်ကနေ ဆရာ့တို့မိသားစုကို လုပ်ပေးရမှာပေါ့ရှင့်''

     သူမမေးမြန်းလိုက်ချင်သေးသည်။ ဆရာဖြစ်သူ ဦးအာကာအား။ သူမဟာ နှစ်ညတိတိကြုံတွေ့ ခံစားနေခဲ့ရသော အဖြစ်အပျက်များအား။ ဆရာဖြစ်သူဦးအာကာ၏ နေအိမ်အတွင်း၌ အိမ်စောင့်သဘောမျိုး အိပ်ပေးနေခဲ့ရင်း ခြေသံများသည်လည်း ညစဉ်တိုင်းလိုလိုပင် ကြားနေခဲ့ရသည်။ ထိုတင်မက တစ်ဦးတစ်ယောက်မှ အချုပ်နှောင်ခံထားရခြင်းကြောင့် အော်ဟစ်ညည်းထွားနေခဲ့သည့် သံများအားလည်း ကြားနေခဲ့ရသေးသည်။ သို့သော် ပြောဆိုခွင့်မရရှိခဲ့ပဲ အလုပ်များနေသော ဆရာဖြစ်သူ၏ အခြေနေများကိုသာ နားလည်ပေးနေခဲ့ရသည်။ လင်ယောကျာ်းဖြစ်သူအားလည်း ပြောဆိုကြည့်သေးသည်။ သ်ို့သော် လင်ယောကျာ်းမှာ မိမိကိုသာလျင် အပြစ်တင်စေလျက် ဖြေဖြေဖျောက်ဖျောက်စကားများဖြင့်သာ နစ်သိမ့်ထားစေခဲ့သည်။

     နေ့လည်ခင်းအခ်ျိန်သို့ရောက်ရှိလာခဲ့သည်နှင့် ထမင်း၊ဟင်းလျာများအား ချက်ပြုတ်စေခါ ဆရာဖြစ်သူမိသားစု တတ်ရောက်နေခဲ့သော မြို့နယ်ဆေးရုံဆီသ်ို့ ထမင်းချိုင့်ပို့ဆောင်ရန်ပြင်ဆင်နေခ်ျန်၌ ဦးအာကာ၏နေအိမ်ဆီသို့ ရပ်ကွက်အတွင်းရှိ လူကြီးနှစ်ဦးမှ အလောတကြီးရောက်ရှိလာခဲ့သည်အား ကြုံကြိုက်လိုက်ရသည်။

     ဦးအာကာသည်လည်း ငြိုးငယ်နေခဲ့သော မျက်နှာထား၊ ငိုပစ်လိုက်ချင်သည်။ သို့သော် ငိုကြွေး၍မရနိုင်သော ရင်အတွင်းမှ အပူလုံးကြီးဆို့နစ်နေခဲ့ရခြင်းကြောင့် ဦးအာကာ၏မျက်နှာပြင်တွင် မို့မောက်နီးမြန်းနေခဲ့သည်။ ထိုကဲ့သို့သော် အမူယာများဖြင့် သူ၏နေအိမ်ဆီသို့ ရိုင်တိုင်တိုင်ဦးတည်လာခဲ့ရင်း ဆေးရုံဆီသို့ ထမင်းချိုင်းပို့ဆောင်ရန် ဦးတည်ထွက်ခွာလာသည့် တပည့်ဖြစ်သူ မောင်မြင့်ဝေတို့ဇနီးမောင်နံနှင့်အတူ လမ်းအတွင်း၌ ထိပ်တိုက်တွေ့ဆုံကြလေတော့သည်။

''ဆရာ ဆရာအိမ်ပြန်လာတာလား ဆရာဘာဖြစ်နေတာလဲဆရာ''
''မြင့်ဝေ မြင့်ဝေ''
''ပြော ပြောပါဆရာ''
''မင်းတို့ဘယ်သွားကြမလို့လဲ ငါ့ကို ငါ့ကိုတစ်ယောက်တည်းမထားခဲ့ပါနဲ့ ငါ့ကိုမထားခဲ့ကြပါနဲ့''
''ဟာဗျာဆရာကလည်း ကျွန်တော်တို့က ဘာဖြစ်လို့ဆရာ့ကို ထားခဲ့ရမှာလဲ အခုပဲဆရာတို့မိသားစုအတွက် ထမင်းချိုင့်လာပို့ပေးမလို့ဗျ ဆရာကရော အခုအိမ်ကိုပြန်လာတာလား.. ဒါနဲ့ဆရာ ကျွန်တော်တစ်ခုလောက် ပြောချင်လို့ပါ ဟိုလေ မနက်ကဆရာ့ဆီလာသွားတဲ့ နိုင်ငံခြားသားကြီး အဝေးပြေးလမ်းမဘေးမှာ ကားမှောက်လို့ဆုံးသွားပြီတဲ့ဗျ…. အဲ့ဒါရပ်ကွက်လူကြီးတွေ လာအကြောင်းကြားလို့ အခုပဲသိခဲ့ရတာဆရာ''
''ဘာ"

   ဆရာဖြစ်သူ၏ ဖြစ်ပျက်နေခဲ့သော အခြေနေများအား မြင့်ဝေဟူသည့် ဦးအာကာ၏တပည့်ဖြစ်သူမှာ သတိမမူခဲ့ပဲ ပန်းချီကားဝယ်ယူသွားခဲ့သည့် ပြင်သစ်နိုင်ငံသားကြီးမှာ ကားမှောက်၍ သေဆုံးသွားခဲ့သော အကြောင်းများအား ပြောဆိုလိုက်မိလေသည်။ ထိုအကြောင်းများအား ကြားသိလိုက်ရသော ဦးကာအာမှာ မျက်လုံးပြူးနေလျက် မျက်ခမ်းတောင့်များမှ သွေးမျက်ရည်ကဲ့သို့သော် အနီရောင်မျက်ရည်စက်များမှာလည်း ကျဆင်းလာခဲ့လေရင်း ပါးစပ်အဟောင်းသား ဖြစ်ပေါ်သွားခဲ့ရလေသည်။

ထိုအချိန်တွင်းမှာပင် မြင့်ဝေတို့နှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ပန်းရံသမားလေးတစ်ဦးမှာလည်း မြင့်ဝေအား လမ်းမကြီးအတွင်း၌ အမှတ်တမဲ့ မြင်တွေ့လိုက်ရသည်ကြောင့် မြင့်ဝေနှင့်ဦးအားကာတို့ရှိနေရာဆီသို့ ထိုသူမှာ အလောတကြီးဦးတည်လာခဲ့ရင်း ထိုကဲ့သို့ပင် ထပ်မံပြောဆိုလေခဲ့သေးသည်။

''ကိုမြင့်ဝေ ကိုမြင့်ဝေ.. ဟော့.. ဆရာဦးအာကာလည်းရှိနေတာပဲ''
''ဟ!… ကောင်းမြတ် ဘာဖြစ်လာတာတုန်းကွ''
''ဟို ဟို ကျွန်တော် ကျွန်တော်တို့ဆောက်ပေးခဲ့တဲ့ ဝါးရုံတောနားက အိမ်ကြီးလေ''
''ဟင်!… ဟိုအရာကြီးအိမ်ကိုပြောတာလား''
''ဟုတ်ဟုတ်တယ်''
''ဘာဖြစ်တုန်းကွအဲ့ဒါ''
''ဟို ဟို အခုပဲ အဲ့ဒီတစ်အိမ်သားလုံး အသေဆိုးတွေနဲ့ သေကုန်ကြပြီးဗျ ကျွန်တော်လည်း အခုပဲသွားကြည့်ပြီး ပြန်လာခဲ့တာ အရာရှိကြီးရဲ့ယောက်ခမကြီးက ဒီမနက်ပဲ သူ့ကိုသူ ဆွဲကြိုးချသေသွားတယ် ပြီးတော့ အရာရှိကြီးမိန်းမနဲ့ကလေးက အဆိပ်သောက်ပြီးသေသွားတယ် အရာရှိကြီးကလည်း ဝရမ်တာပေါ်ကနေ ခုန်ကျပြီး ကိုယ့်ကိုကိုယ်သက်သေလိုက်တာတဲ့ဗျ''
''ဘာ!…''
''ဟုတ်တယ်ဗျကိုမြင့်ဝေရ အဲ့ဒီအိမ်ကြီးမှာ အခုရဲတွေနဲ့ရှုတ်ရှပ်ကိုး ခတ်နေတာပဲ ကျွန်တော်တောင် တော်တော်လေးလန့်သွားတယ်ဗျာ ဘာဖြစ်လို့ ကိုယ့်ကိုကိုယ်အဲ့ဒီလိုတွေ လုပ်ကြရတာလဲမသိဘူး”

     ထိုသူပြောဆိုလာခဲ့သော စကားများအား ဦးအာကာမှာ နားစိုက်ထောင်နေလျက် တစ်စုံတစ်ခုကိုပင် တွေးတောလိုက်မိသည်။ မိမိ၏ပယောဂါကြောင့် စိတ်ကောင်းရှိလှသော ထိုသူများ ယခုကဲ့သ်ို့ အသေဆိုးများဖြင့် သေဆုံးသွားခဲ့ရခြင်းပင်လား။ အခ်ျန်တိုလေးအတွင်းမှာပင် ဦးအာကာတစ်ယောက် စဉ်းစားနေမိရင်း ပြန်လည်သတိရမိသွားသည်က ဒေါ်လာအမြောက်အမြားရရှိမည့် ဘီလူးရုပ်ပန်းချီကားကိုသာ စိတ်ဆွဲနေလျက် ထိုအိမ်၏ကြမ်းပြင်တစ်နေရာတွင် ဘီလူးရုပ်ပုံသဏ္ဍန်ရေးဆွဲခဲ့မိသည်။

    သေချာလေသည်။ မိမိဟာ သာမာန်သူမဟုတ်။ အထက်ဂိုဏ်းဆရာတစ်ဦးဖြစ်လျက် ဘီလူးနက္ခပိုင်ရှင်လည်း ဖြစ်ပြန်သည်။ ထိုကဲ့သို့သော် အာဏာတည်၊ အာဏာစက်ရှိနေခဲ့သည့် ဆရာတစ်ဦးမှာ မည်သည့်နေရာအတွင်းမှ ဘီလူးရုပ်ပုံမရေးဆွဲသင့်။ ပုဏ္ဏက နက္ခသင့်သွားစေနိုင်မည်။ မိမိဟာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်လိုက်ခြင်းမဟုတ်သော်လည်း အထက်လမ်းဆရာဖြစ်သည့်အတွက် ဘီလူးရုပ်ရေးဆွဲမိခဲ့လျင် ပုဏ္ဏကတိုက်သကဲ့သို့ဖြစ်ပေါ်သွားစေနိုင်သည်။ ယခုအခါ ရေးဆွဲမိလိုက်ပြီးဖြစ်သည်ကြောင့် ထိုအိမ်ကြီးတွင်း၌ ပုဏ္ဏကတိုက်သကဲ့သ်ို့ ဖြစ်သွားခဲ့ရရင်း နေအိမ်ရှိမိသားစုများမှာ အဖြစ်ဆိုးများဖြင့် သေဆုံးသွားခဲ့ရခြင်းပင်ဖြစ်လိမ့်မည်ဟု ဦးအာကာတစ်ယောက် ကောင်းစွာသိရှိလိုက်ရလေတော့သည်။

“ဟာကွာ ဖြစ်မှဖြစ်ရလေ…”
“ဟုတ်တယ်ဗျ ကျွန်တော်လည်း စိတ်မကောင်းဘူး”
“မောင်မြင့်ဝေ….”
“ဗျာဆရာ….”
“ငါမှားခဲ့ပြီ ငါ့ကြောင့် အပြစ်မဲ့တဲ့သူတွေ စိတ်ကောင်းရှိတဲ့သူတွေ သေကုန်ကြပြီ”
“ဟင် ဆရာ…. ဆရာဘာတွေပြောနေတာလဲ…”
“မြင့်ဝေ ငါ့ကြောင့်ငါ့မိန်းမ ငါ့သားကြီး လူမမယ်အရွယ်ငါ့မြေးလေး ငါ့ချွေးမ အားလုံး….သူတို့အားလုံးသေကုန်ကြပြီကွ အခုလည်း စိတ်ထားကောင်းတဲ့ ဟိုအိမ်ကြီးက မိသားစုတွေ သေကြရပြန်ပြီ…. ငါကိုယ်တိုင် အသက်သွင်းမိခဲ့တဲ့ နက္ခဆိုးကြီးကို ငါ့ကိုယ်တိုင်ပြန်ဖျက်စီးရမယ် မြင့်ဝေ ငါနဲ့အဲ့ဒီအိမ်ကြီးကို လိုက်ခဲ့ပေး အခုချက်ချင်းသွားမယ်”
“ဗျာ… ဆရာ ဆရာကတော်နဲ့ ဆရာ့မိသားစုတွေ ဘယ်လို… ဘယ်လိုဖြစ်ရတာလဲ သူတို့.. သူတို့အားလုံးဘာဖြစ်လို့ အသတ်ဆုံးရှုံးလိုက်ရတာလဲ”
“အဲ့ဒါတွေနောက်မှမေး အခုဟိုအိမ်ကြီးကို အချိန်မှီသွားမှဖြစ်မယ်… နောက်ကျသွားတာနဲ့ အပြစ်မဲ့တဲ့သူတွေ ထပ်သေကုန်ကြလိမ့်မယ်.. အမြန်သွားမှဖြစ်မယ်”
“ဆရာ… အရှေ့မှာ… ရှေ့မှာကား…  ကား..”
“အား…..”

အမျိုးမျိုးသော် အကြောင်းကိစ္စများဖြင့် ဆေးရုံပေါ်သို့ တတ်ရောက်နေခဲ့ရသည့် ဦးအာကာ၏ မိသားစုဝင်များမှာ သေဆုံးသွားခဲ့ရပြီဟု မောင်မြင့်ဝေတစ်ယောက် အံ့သြတကြီးသိရှိလိုက်ရသည်။ အဘယ့်ကြောင့် သေဆုံးသွားခဲ့ရသနည်းဟု မောင်မြင့်ဝေဟာ မသိရှိလိုက်ရချေ။ မိမိကိုယ်တိုင်ပြုမူမိခဲ့သော ပုဏ္ဏကနက္ခသင့်အစဉ်ရင်များအား ဦးအာကာတစ်ယောက် အချိန်မီပြန်လည်ဖျက်စီးနိုင်ရေးအတွက် ပြင်ဆင်ခဲ့သော်လည်း ယောက်ယပ်ခတ်နေခဲ့သည့် သူ၏စိတ်များကြောင့် အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့သော် ကုန်တင်ကားကြီးကိုမမြင်၊ လှည့်ထွက်လိုက်ချိန်၌ သူ့အား အရှိန်ပြင်းထန်စွာ ၀င်ရောက်တိုက်ခိုက်မိသွားခဲ့လေတော့သည်။
                                         *****

-ပုဏ္ဏကတိုက်ခံရသည့် အိမ်ကြီး၏သမိုင်းများကြောင်း စတင်ခဲ့ပြီဖြစ်သည်။ ထိုအိမ်ကြီးနှင့်ပတ်သတ်ပြီး မည်သည့်အဖြစ်ဆိုးများစွာ ဖြစ်ပေါ်လာကြဦးည်နည်း။

-ကားတိုက်မှု့ဖြင့် သွပ်သွပ်ခါအောင် ရူးသွပ်သွားခဲ့သော ပန်းချီဆရာကြီးဦးအာကာသည်လည်း ပုဏ္ဏကအစီရင်များအား ဖျက်စီးပေးနိုင်တော့မည်မဟုတ်ချေ။

-ထိုအိမ်ကြီးအတွင်းမှ ခြံစောင့်ဘတုတ်နှင့် မန်နေဂျာမြင့်ခိုင်တို့၏ မကျွတ်လွတ်နိုင်သေးသော ၀ိဥာဉ်များ၊ ဒေါ်ဘွားရှင်နှင့် သေဆုံးပြီးသည့်ဝိဥာဉ်များ၏ ပတ်သတ်ဆက်နွယ်မှု့များ၊

-ပရလောကသားများအား လိုက်စားလျက် တစ္ဆေလိုက်သူများဟု ခံယူထားကြသော လူငယ်လေးများနှင့် ထိုအိမ်မဲကြီးတို့၏ ပတ်သတ်ဆက်နွယ်မှု့များ။

…….……အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၅)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
              ကျန်ရှိနေသေးသော ဇာတ်လမ်းအဆက်အား
                  (၉.၁.၂၀၁၇) မြန်မာစံတော်ချိန်
                        မွန်းလွဲ(၃)နာရီတွင်
                   ဆက်လက်ဖော်ပြပေးသွားပါမည်။
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေ။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages