အပိုင်း(၁၆) လူသားစားဆေးရုံ သည်းထိတ်ရင်ဖိုဇာတ်လမ်း - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၁၆) လူသားစားဆေးရုံ သည်းထိတ်ရင်ဖိုဇာတ်လမ်း

Share This
              တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၁၆)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **  
               *********************

ဆေးရုံမှ သက်ဆိုင်ရာ ခန့်ခန့်ညားညားဆရာဝန်တစ်ဦးအား မြင်တွေ့လိုက်ရသည်ကြောင့် ကိုထိန်ဝင်းမှာမူ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်သည်။ ထို့နောက် ဆေးရုံအဝမှ ဆေးရုံအတွင်းသို့ မိမိအား နှုတ်ဆတ်လျက် ဖော်ရွေစွာခေါ်ဆောင်သော ဒေါက်တာသန်းနိုင်၏အနောက်မှ လိုက်ပါရင်း ဆေးရုံအတွင်းသို့ ရောက်ရှိလာချေခဲ့သည်။



ဆေးရုံအတွင်းသို့ ရောက်ရှိလာခဲ့သည်နှင့် ကိုထိန်ဝင်း၏စိတ်အတွင်း၌မူ တစ်စုံတစ်ခု လေးလံထိုင်းမှိုင်းမှု့များ ဖြစ်ပေါ်လာစေသည်။ ထို့နောက် ရဲအရာရှိကြီးတစ်ဦးပီပီ ဆေးရုံအတွင်း၌မြင်တွေ့နေခဲ့ရသော အရာများအား လှည့်ပတ်အကဲခတ်ကြည့်နေမိ၏။ ဆေးရုံ၏အခြေနေမှာ ဗဟိုရဲဌာနချုပ်မှ ညွန်ညားပြောဆိုခဲ့သော ပိတ်ထားသည့်ဆေးရုံနှင့်မတူ ယခုလက်ရှိ ဖွင့်လစ်ကုသနေခဲ့သော ဆေးရုံတစ်ခု၏ ပုံစံများပင်ဖြစ်နေချေသည်။

မျက်နှာထားမှာ ပြုံးနေ၏။ မျက်လုံးအိမ်မှာလဲ ကိုထိန်ဝင်းတစ်ယောက် လှည့်ပတ်အကဲခတ်ကြည့်နေခဲ့သည့်အတိုင်း ဒေါက်တာသန်းနိုင်မှာလည်း လိုက်လံကြည့်ရှု့နေခဲ့သည်။ အချိန်ကြာကြာ တစ်ဦးကိုတစ်ဦး မည်သည့်စကားမှ ပြောဆိုခြင်းများ မရှိခဲ့သေးချေ။ ထို့နောက် ကောင်ဒါစားပွဲ အနီးရှိထိုင်ခုံလေးတွင် ကိုထိန်ဝင်းအား နေရာပေးထိုင်ခိုင်းစေရင်း မိမိသည်လည်း ရဲအရာရှိကြီးနှင့်အတူ မျက်နှာချင်းဆိုင် ထိုင်ခုံလေးတွင် ဝင်ရောက်နေယူ ထိုင်လိုက်ချေသည်။

ကိုထိန်ဝင်းတစ်ယောက် လာရင်းအကြောင်းများအား မည်သို့ပင်ပြောဆိုရမည်နည်း။ ဆေးရုံ၏အခြေနေမှာလည်း အထက်မှညွန်ကြားခဲ့သော ပိတ်ထားသည့်ဆေးရုံနှင့်မတူ ထို့အပြင် မိမိ၏နယ်အစွန်၌ ပိတ်ထားခဲ့သော ဆေးရုံတစ်ခုတည်ရှိနေသည်ဟု လေ့လာထားခဲ့ဘူးသော်လည်း သူတစ်ယောက် မသွားရောက်ခဲ့ဘူးချေ။ ထို့ကြောင့် ယခုရောက်ရှိနေခဲ့သော ဆေးရုံဟာ ပိတ်ထားခဲ့သည့် မြို့မဆေးရုံလေလာဟု ကိုထိန်ဝင်း၏ နှုတ်မှမေးမထွက်ခဲ့ချေ။

ပြုံးနေခဲ့သော မျက်နှာထားနှင့်အတူ ဒေါက်တာသန်းနိုင်တစ်ယောက် စားပွဲခုံပေါ်ရှိ ဘောပင်လေးအား ကောက်ကိုင်လိုက်ရင်း မိမိ၏မျက်နှာဆီသို့ အကြည့်တစ်စုံရောက်ရှိလာခဲ့သော ရဲအရာရှိကြီးအား ပြုံးပြစေခဲ့သည်။ ကိုထိန်ဝင်းမှာလည်း ဒေါက်တာသန်းနိုင်အား အပြုံးလေးဖြင့် ပြန်လည်ချေပစေခဲ့သည်။ ထို့နောက်

''လာရင်းအကြောင်းလေး ဆိုပါဦး ရဲအရာကြီး''
''အေးဗျာ… ကျုပ်လဲ ဘယ်ကနေ ဘယ်လိုစပြောရင်ကောင်းမလဲလို့ စဉ်းစားနေတာ''
''ဟော့ဗျာ… ရပါတယ်ဗျ ပွင့်ပွင့်လင်းလင်းသာပြော ကျွန်တော်တို့ဆေးရုံရဲ့ အကူညီလိုအပ်လို့လား''
''အဲ့လိုမဟုတ်ဘူးဗျ ကျုပ်တစ်ခုလောက် မေးပါရစေ''
''မေးပါဗျ မေးပါ တစ်ခုမဟုတ်ဘူး ရဲအရာကြီးမေးချင်သလောက်တာမေး''

''ဒီလိုဗျ ဒီဆေးရုံနာမည်က မြို့မဆေးရုံနော်''
''ဟုတ်ပါတယ်… မြို့မဆေးရုံပါ ''
''ကျုပ်ဒီနယ်ဘက်ကို တာဝန်နဲ့ ပြောင်းလာတာ မကြာသေးပါဘူး ကျုပ်နယ်အပိုင်မှာ ပိတ်ထားတဲ့ ဆေးရုံတစ်ခုရှိတယ်လို့တော့ ကျုပ်လေ့လာထားခဲ့ရတယ်… နာမည်က မြို့မဆေးရုံပဲ''
''ဟင်… သြော်… ဟားဟားဟား!… ဒါဆိုရင်တော့ ရဲအရာရှိကြီး ဆေးရုံမှားလာပြီနဲ့ထင်တယ်… ကျွန်တော်တို့ဆေးရုံနာမည်ကလဲ မြို့မဆေးရုံပါပဲ ဒါပေမယ့် ပိတ်ထားတဲ့ ဆေးရုံတော့မဟုတ်ဘူးဗျ ရဲအရာရှိကြီးမြင်တဲ့ အတိုင်းပဲလေ ပိတ်ထားတဲ့ ဆေးရုံနဲ့တူလို့လားဗျ''

''အဲ့ဒါကြောင့် ကျုပ်လဲစဉ်းစားနေတာ… ဒါပေမယ့် မြေပုံအရဆိုရင်လဲ ပိတ်ထားတဲ့ မြို့မဆေးရုံဆိုတာ ဒီဆေးရုံလို့ သတ်မှတ်နိုင်တယ်လေ… ဒါပေမယ့် အခုဟာက…!''
''သြော်!… ဘာအကြောင်းများရှိလို့ ရဲအရာရှိကြီးက ပိတ်ထားတဲ့ မြို့မဆေးရုံကို သွားချင်ရတာလဲ… ပြောပြလို့ရရင် ပြောပြပေးလေ ကျွန်တော်လဲ ညွှန်ပေးလို့ရတာပေါ့''
''အကြောင်းကတော့!… ထွေထွေထူးထူး မဟုတ်ပါဘူး ဒီလိုဗျ… !''

ပြုံးရွှင်နေခဲ့သော ဒေါက်တာသန်းနိုင်၏ိံ အမေးစကားများအား ရဲအရာရှိကြီးကိုထိန်ဝင်းတစ်ယောက် လေသံခပ်လေးလေးဖြင့် ပြောဆိုရန် ရွယ်လိုက်ချိန်တွင် ကြမ်းပြင်ပေါ်သို့ တစ်စုံတစ်ခုပြုတ်ကျသွားခဲ့သော အသံအားကြားလိုက်ရလေသည်။ ကိုထိန်ဝင်းသည်လည်း အသံကြားရာ ဒေါက်တာသန်းနိုင်၏အနီးအနား ကြမ်းပြင်ဆီသို့ ခေါင်းလေးအား အသာဝှေ့ရမ်းကြည့်လိုက်၏။

မိမိ၏ဘောင်းဘီခါးကြားတွင် ထိုးထားခဲ့သော ဓားမြောင်လေးမှာ ထိုင်ခုံပေါ်တွင် ထိုင်လိုက်စဉ်ကတည်းမှ ချောင်တယောင်ယောင် ဖြစ်သွားခဲ့မှန်း ဒေါ့က်တာသန်းနိုင်တစ်ယောက် ခံစားမိခဲ့သည်။ သို့သော်လည်း ဟန်အမူယာမပျက်စေရန် ထိမ်းသိမ်းထားခဲ့ရသည်ကြောင့် ခါနောက်ကျောမှ ချောင်ကျနေသော ဓားမြောင်လေးအား မပြင်ဆင်ခဲ့ချေ။ ထို့ကြောင့် ယခုအခါ စားပွဲအပေါ်မှ ရေခရားအား လှမ်းယူလိုက်သည့်အချိန်၌ပင် ထိုဓားမြောင်လေးမှာ ကြမ်းပြင်အပေါ်သို့ ပြုတ်ကျသွားခဲ့ရသည်။

ဆေးရုံအတွင်း၌ တိတ်ဆိတ်နေခဲ့သည်ကြောင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သော ဓားမြောင်လေး၏ အသံဟာလျင် ပဲ့တင်ထပ်နေခဲ့သည်။ ကိုထိန်ဝင်းတစ်ယောက်သည်လည်း ကြမ်းပြင်ပေါ်မှ ဓားမြောင်ကလေးအား တွေ့ရှိလိုက်ရပြီး ဒေါက်တာသန်းနိုင်၏ မျက်နှာပြင်သို့ အကြည့်တစ်စုံရောက်ရှိစေခါ သူတစ်ယောက် နားမလည်နိုင်စွာဖြင့် မျက်မှောက်ကြုတ်မိလိုက်သည်။

     မိမိကိုင်ဆောင်နေကြဖြစ်သော လူသတ်ပုဆိန်အား ကိုင်မြောက်လျက် ရေခဲတိုက်အခန်းဆီသို့ ဖြေညင်းစွာလှမ်းသွားခဲ့ရင်း အခန်းအတွင်း၌ရှိနေခဲ့သော ပစ္စည်းတစ်ခုအား တိုက်မိလိုက်သည်ကြောင့် ဆူညံတစ်ချို့ထွက်ပေါ်လာချေခဲ့သည်။ ထို့ကြောင့် အခန်းတွင်း၌လူငယ်များ ပုန်းခိုနေခဲ့လျင် မိမိရောက်ရှိကြောင်း သိရှိသွားလောက်မည်မှာ သေချာလှသည်။ ထို့ကြောင့် ဖြေးညင်းစွာလျောက်လှမ်း မနေတော့ပဲ အခန်းအတွင်းသို့ ခပ်သွက်သွက်ဝင်ရောက်ရန် ရွယ်လိုက်၏။

''ဆရာ… ''
''ဟင်!… သြော်… လာ''
''ဆရာ အခန်းထဲမှာ တစ်ယောက်ယောက်ရှိနေတယ် ထင်လို့လား''
''ဟုတ်တယ် ထင်နေတာမဟုတ်ဘူး… ရှိကိုရှိနေတာ''
''ဒါဆိုလဲ ဆရာရာ… ကျွန်တော်တစ်ယောက်လုံးရှိပါတယ် ဆရာဖယ်… အလောင်းဝင်ထားရင်းနဲ့ ကျွန်တော်ဖမ်းခေါ်လာခဲ့မယ်''
''ကောင်းပြီး… စန်းမြင့်သေချာဂရုစိုက်နော်''

လူငယ်နှစ်ဦး ဝင်ရောက်သွားကြသော ရေခဲတိုက်အခန်းအတွင်းသို့ ပုဆိန်အား ဆွဲကိုင်လျက် ဖြေညင်းစွာဝင်ရောက်တော့မည့် အချိန်၌ပင် အခန်းဝမှ သေဆုံးသွားခဲ့သော နပ်စ်မလေး၏အလောင်းအား ရေခဲတိုက်ခန်းအတွင်းသို့ ပို့ဆောင်ရန် ရောက်ရှိလာခဲ့သော မောင်စန်းမြင့်၏ ခေါ်သံအားကြားလိုက်ရလေသည်။ ထို့ကြောင့် ဝင်ရောက်တော့မည့် ခြေလှမ်းများ ရပ်တန့်သွားစေခါ မောင်စန်းမြင့်နှင့်အပြန်အလှန် စကားများစွာ ပြောဆိုဖြစ်ခဲ့သည်။

အခန်းဝဘောင်၌ ငြိမ်သတ်စွာ ကပ်လျက်ရှိနေခဲ့သော လူငယ်နှစ်ဦးသည်လည်း ဆရာဝန်ကြီးနှင့် မောင်စန်းမြင့်နှစ်ဦးသား အပြန်အလှန်ပြောဆိုနေကြသော စကားများအား ကြားသိလိုက်ရသည်။ ထို့ကြောင့် အခန်းဝဘောင် တစ်ဖက်ဆီ၌ရှိနေကြသော လူငယ်နှစ်ဦးမှာလည်း တစ်ဦးကိုတစ်ဦး မျက်ရိပ်မျက်ကဲများဖြင့် အချက်ပြစေသည်။ အခန်းအတွင်းသို့ တစ်ဦးတစ်ယောက် ဝင်ရောက်လာခဲ့သည်နှင့် စတင်တိုက်ခိုက်ရန် ကြံဆထားချေသည်။

အခန်းအတွင်း၌ ခေတ္တထားရစ်ခဲ့သော မျှားကလေးနှင့်လူငယ်နှစ်ဦး မည်သည့်အန္တရယ်များနှင့် ကြုံတွေ့နေရသနည်း။ သို့သော်လည်း မျှားကလေး၏ ရဲစွမ်းသတ္တိနှင့် ဥာဏ်စွမ်းအား သိရှိထားခဲ့သည့် ရေခဲတိုက်အခန်းတွင်းမှ လူငယ်နှစ်ဦးမှာမူ မိမိတို့၏သူငယ်ချင်းများ လွတ်ရာဆီသို့ ပုန်းခိုနေကြမည်မှာ မလွဲလောက်ချေ။ ထို့ကြောင့် ယခုအခန်းတွင်းသို့ ဝင်ရောက်လာတော့မည့် ရန်သူကိုသာ အာရုံစိုက်တိုက်ခိုက်ရန် ဟန်ပြင်ထားချေတော့သည်။ တံခါးကြားထဲ၌ရှိနေခဲ့သော လူငယ်သုံးဦးမှာလည်း ကျင်းကြပ်စွာရှိနေစေရင်း စိုးရိမ်မှု့များနှင့် မျက်လုံးစုံမှိတ်ငြိမ်သတ်နေခဲ့ရသည်။

''ဟင်း… ဟင်… ကြောက်တယ် ကြောက်တယ်''
အသံဟာမကျယ် သို့သော်လည်း ယခုအချိန်၌ မည်သည့်အသံမှ မထွက်လျင်အကောင်းဆုံးပင်ဖြစ်ချေမည်။ တံခါးကြားအတွင်း၌ ရှိနေခဲ့သော မောင်ကဲတစ်ယောက် အသံမထွက်သည့် လေသံမျိုးဖြင့် သွေးရူးသွေးတမ်းစကားများ စတင်ပြောဆိုလာချေသည်။ အသံမထွက်ပါနဲ့မောင်ကဲရယ်။ တိုးတိုးလေး ခဏလေး ငြိမ်နေပေးပါ။ အသံမထွက်သည့် စကားသံများနှင့် မျှားကလေးတစ်ယောက် မောင်ကဲအား အမူယာများဖြင့် ပြောဆိုနေသည်။

စာမိမှာလည်း မောင်ကဲ၏ပါးစပ်အား လက်ဖြင့်အုပ်လျက် ရှုးတိုးတိုးဟူသော အမူယာများဖြင့် ဟန့်တားနေချေခဲ့သည်။ သို့သော်လည်း မောင်ကဲမှာမူ ခေါင်းအားတဆတ်ဆတ်ရမ်းခါလာပြီး အသားများမှာလည်း တဆတ်ဆတ်တုန်ခါလာချေသည်။ ထိုသို့ကြမ်းတမ်းလာခဲ့သော မောင်ကဲ၏အပြုမူများကြောင့် ပုန်းအောင်းနေခဲ့သော တံခါးမှာလည်း လှုပ်ရမ်းလာချေတော့သည်။

အလောင်းအားထမ်းလျက် ရေခဲတိုက်အတွင်းသို့ ပို့ဆောင်ရန်ဦးတည်နေခဲ့သော မောင်စန်းမြင့်အား ညွှန်ပြပေးနေခဲ့သည့် ဆရာဝန်ကြီးတစ်ယောက် အခန်းတံခါးလှုပ်ရမ်းလာခဲ့သည်အား မြင်တွေ့သွားစေခဲ့သည်။ မျှားကလေးသည်လည်း ရိပ်စားမိ၏။ လူသတ်သမားများ၏ ပြောလက်စ စကားသံများ ရုတ်တရက်ရပ်တန့်သွားခဲ့သည်ကြောင့် မိမိတို့၏ပုန်းခိုနေခဲ့သော နေရာ၏အဖြစ်ပျက်များအား မြင်တွေ့သွားခဲ့မည်မှာ သေချာလှသည်။

ထို့ကြောင့် စာမိအား ဟန်အမူယာများဖြင့် တံခါးအနားသို့ ရန်သူကပ်ရောက်လာခဲ့လျင် တံခါးအား လျင်မြန်စွာဖြင့် တွန်းလျက် အပြင်သို့ အပြေးထွက်ကြမည်ဖြစ်သည်။ စာမိသည်လည်း မျှားကလေး၏ ဟန်အမူယာများအား ကောင်းစွာနားလည်စေသည်။ ထို့ကြောင့် လူသတ်သမားလျောက်လှမ်းနေသော ခြေလှမ်းများအား ဇောချွေးများစွာပြန်လျက် တံခါးအနားသို့ ကပ်ရောက်လာမည့်အချိန်ကို စောင့်စားနားစွင့်နေစေသည်။

ဆရာဝန်ကြီးသည်လည်း ပုဆိန်အား ချိန်ဆလျက် လှုပ်ရမ်းသွားခဲ့သော တံခါးအနားသို့ ဖြေးညင်းစွာလျောက်လှမ်းလာစေသည်။ မောင်စန်းမြင့်သည်လည်း ပရိယာယ်ကြွယ်ဝစွာဖြင့် သေဆုံးနေခဲ့သော နပ်စ်မလေး၏အလောင်းအား အပြင်၌အသာချလျက် ရေခဲတိုက်အခန်းဆီသို့ လူသတ်ဓားအားကိုင်ဆောင်စေရင်း တစ်လှမ်းချင်းဝင်ရောက်ချေမည်ဖြစ်သည်။

''ကြောက်တယ် ငါကြောက်တယ် ငါပြေးမယ် ငါ့ကိုလွတ်''

ရည်ရွယ်ချက်များ လွဲချော်သွားခဲ့ရသည်။ တံခါးအနားသို့ လူသတ်သမားကပ်ရောက်လာလျင် တံခါးအား အရှိန်ပြင်းစွာတွန်းထုတ်လိုက်ခြင်းဖြင့် အနားကပ်လာသော လူသတ်သမားမှာ တံခါးနှင့်အရှိန်ပြင်းစွာ တိုက်မိစေရင်း အထိနာသွားစေနိုင်သည်။ သ်ု့သော် သွေးပျက်ထိတ်လန့်နေခဲ့သည့် မောင်ကဲတစ်ယောက် သွေးရူးသွေးတမ်းများစွာနှင့် ပုန်းခိုနေခဲ့သော တံခါးအနောက်မှ ကျယ်လောင်စွာအော်ဟစ်စေရင်း တံခါးအားတွန်းကန်လိုက်ချေသည်။

ထို့ကြောင့် တံခါးအနားသို့ ဖြေညင်းစွာလျောက်လှမ်းလာသော ဆရာဝန်ကြီးမှာလည်း အနောက်သို့လျင်မြန်စွာ ရှောင်တိမ်းလိုက်နိုင်သည်။ မောင်ကဲ၏တွန်းကန်လိုက်ခြင်းကြောင့် တံခါးမှာလည်း အခန်းအား ပိတ်လျက်သားဖြစ်သွားချေခဲ့သည်။ ရေခဲတိုက်အခန်းတွင်းသို့ ဝင်ရောက်ရန် လျောက်လှမ်းသွားခဲ့သော မောင်စန်းမြင့်သည်လည်း ရုတ်တရက် ခြေလှမ်းများရပ်တန့်သွားစေရင်း ဝုန်းဟူသော အသံကြားရာဆီသို့ လှည့်ကြည့်စေခဲ့သည်။

''ဟင်!… မောင်ကဲ မင်းဘယ်လိုလုပ်လိုက်တာလဲ''
''အောင်မာ… ဒင်းတို့က ဒီအနောက်မှာ ပုန်းနေကြတယ်ပေါ့လေ… သေပေတော့''

ကြုတ်ကြုတ်ကလေးများ ထိုင်လျက်သားဖြစ်နေခဲ့သော လူငယ်သုံးဦး၏ကြားသို့ အရှိန်ပြင်းလွန်းလှသော ဆရာဝန်ကြီး၏ ပုဆိန်အုပ်မိုးလာချေသည်။ ကြောက်လန့်တကြား ထိုလူငယ်သုံးဦးသည်လည်း ရှောင်တိမ်းလိုက်မိသည်ကြောင့် ပုဆိန်အသွားနှင့် သီသီကလေးမျှသာ လွဲချော်သွားစေသည်။ ထို့နောက် စာမိမှာမူ အခန်တံခါးအား လျင်မြန်စွာဆွဲဖွင့်စေခဲ့ရင်း

''အစ်မ… မောင်ကဲကိုခေါ်ပြီး အစ်မတို့ပြေးတော့ ကျွန်တော်တားထားလိုက်မယ်''
''မဖြစ်ဘူး…  စာမိ…နင်မောင်ကဲကို ခေါ်ပြီးပြေး… ငါတားမယ်''
''ဟာဗျာ… အစ်မ ကျွန်တောပြောတဲ့ အတိုင်းပဲလုပ်… အစ်မသူ့ကိုခေါ်ပြီးပြေးတော့''
''ဟားဟားဟား… လွတ်မယ်ထင်ရင် ပြေးပေါ့ ကဲ့ကွာ''

အရှိန်ပြင်းလွန်းလှသော ပုဆိန်အသွား ဆရာဝန်ကြီးနှင့် အနီးစပ်ဆုံးရှိနေခဲ့သော မောင်ကဲအပေါ်သို့ ထပ်မံအုပ်မိုးလာချေသည်။ စာမိ၏ပြောစကားများကြောင့် မျှားကလေးသည်လည်း စဉ်းစားမနေတော့ပဲ အခန်းအတွင်းမှ အလွတ်ထွက်ရန် မောင်ကဲအား လက်ဆွဲလိုက်ချေသည်။ ထို့ကြောင့် ဆရာဝန်ကြီး၏ ပုဆိန်နှင့် ကံကောင်းလေသလား။ ထပ်မံလွဲချော်သွားခဲ့ရပြန်သည်။ မောင်ကဲအား လက်ဆွဲလျက် မျှားကလေးတစ်ယောက် အခန်းအပြင်သို့ လျင်မြန်စွာထွက်စေရင်း လှေကားအတိုင်း အောက်ထပ်သို့ အပြေးဆင်းသတ်ချေတော့သည်။

 ရေခဲတိုက်အရှေ့မှ မောင်စန်းမြင့်သည်လည်း အခန်းအတွင်းသို့ မဝင်ရောက်တော့ပဲ ဆရာဝန်ကြီးအား ဝိုင်းဝန်းကူရန် အနားသို့အပြေးလှမ်းလာချေသည်။

မိမိအသေခံလိုက်မည်။ အပြင်သို့ထွက်ခွာသွားခဲ့သော မျှားကလေးနှင့်မောင်ကဲ၏အနောက်သို့ ထိုသူများ လိုက်ပါမသွားစေနိုင်ရန် စာမိတစ်ယောက် အခန်းတံခါးအားပိတ်လျက် ကျောဖြင့်ကပ်ထားချေသည်။ ဆရာဝန်ကြီးနှင့် မောင်စန်းမြင့်မှာလည်း အပြင်သို့ထွက်ခွာသွားခဲ့သော လူငယ်နှစ်ဦးအနောက်သို့ အမှီလိုက်ရန် စာမိအား ကျော်လွှားပြီးမှ လိုက်ပါသွားနိုင်မည်။ ထို့ကြောင့် စာမိအား အသေသတ်ရန် ဟန်ပြင်နေချိန်၌ ရေခဲတိုက်အခန်းတွင်းမှ လူငယ်နှစ်ဦးသည်လည်း အပြင်သို့ လျင်မြန်စွာဖြင့် အပြေးထွက်ရောက်လာချေသည်။

ကိုယ်ခံပညာတတ်ထားခြင်းတော့မဟုတ်။ သို့သော်လည်း လူသတ်သမားများနှင့် နပန်းလုံး၍ သူသေကိုယ်သေ လုံးထွေးတော့မည့်အနေအထား။ ယခုအခါ လူငယ်များ၏ဘက်မှ လူအင်အားများသော်လည်း လက်အတွင်း၌ မည်သည့်လက်နတ်ပစ္စည်းတစ်ခုမှ ကိုင်တွယ်ထားခြင်းမရှိချေ။ စာမိဆီသို့ ဦးတည်နေသော မောင်စန်းမြင့်တစ်ယောက် ရေခဲတိုက်အတွင်းမှ ထွက်ရောက်လာခဲ့သော လူငယ်များဘက်သို့ ဦးတည်လိုက်သည်။

တိုက်ခိုက်ရေး၌ မိန်းမဥာဏ်ဟု ဆိုရလေမလား။ ဦးတည်ရာပြောင်းလဲ၍ သားကောင်းများဖြစ်သော လူငယ်မျာအား လှည့်စားမည်ဖြစ်သည်။ စာမိအား အသေသတ်ရန် ဦးတည်ထားခဲ့သည့် ဆရာဝန်ကြီးမှာ ရုတ်တရက် လူငယ်နှစ်ဦးဘက်သို့ လှည့်စေခဲ့ရင်း ကိုင်ဆောင်ထားခဲ့သော ပုဆိန်ဖြင့် အုပ်မိုးခုတ်ချစေသည်။ မောင်စန်းမြင့်ဟာလည်း စာမိဆီသို့ ဦးတည်လိုက်ရင်း အရှိန်ပြင်းစွာ လူသတ်ဓားဖြင့် အုပ်မိုးခုတ်ပိုင်းလေချေသည်။

သွက်လက်သော လူငယ်များ သို့မဟုတ် ကြောက်ကန်ကန်နေကြသော လူငယ်များ။ ထိုလူငယ်နှစ်ဦးသည်လည်း ခန္ဓာကိုယ်ချင်း ကပ်လျက်ထားရာမှာ တစ်ဖက်စီတိမ်းရှောင်လိုက်လေသည်။ ထို့ကြောင့် ဆရာဝန်ကြီး၏ အရှိန်ပြင်းလွန်းလှသော ပုဆိန်အသွားမှာ ကြမ်းပြင်ဆီသို့သာ အရှိန်လွန်ရောက်ရှိသွားစေခဲ့သည်။ ကြမ်းပြင်မှတဆင့် ပုဆိန်အား ဝှေ့ရမ်း ပတ်ထုတ်လိုက်သည်ကြောင့် ညာဘက်တွင်ရှိနေသော ငါးကလေး၏ ညာဘက်ပေါင်းအား ပုဆိန်အသွားဖြင့် ထိခိုက်မိလိုက်ချေသည်။

မောင်စန်းမြင့်၏ ဓားချက်ဟာလည်း တံခါးနောက်ကျောပေးကပ်ထားသည့် စာမိအား အပြင်းထန်ခုတ်ပိုင်းလိုက်လေသည်။ ရှောင်တိမ်းနိုင်ခဲ့၏။ စာမိတစ်ယောက်။ မောင်စန်းမြင့်၏ ခုတ်ပိုင်းလိုက်သော ဓားသွားမှာလည်း အရှိန်လွန်၍ ကျွန်းတံခါးဆီကြီးကိုသာ ခုတ်မိလိုက်ချေသည်။ တိတ်ဆိတ်နေခဲ့သော ဆေးရုံကြီး၏ ညဦးပိုင်း၌ ထိုအသံဟာ ပဲ့တင်ထပ်လျက် ထွက်ပေါ်သွားချေခဲ့သည်။

ဟန်မပျက် ခါးကြားထဲမှ ဓားမြောင်ကလေး ကြမ်းပြင်ပေါ်သ်ို့ပြုတ်ကျသွားခဲ့သော်လည်း ဒေါက်တာသန်းနိုင်မှာ မပြုံးမပျက်သည့် မျက်နှာထားလေးဖြင့် အသာယာ ကောက်ယူလျက် စားပွဲအပေါ်သို့ တင်လိုက်ချေသည်။ ဓားမြောင်နှင့် ဆရာဝန်။ မည်သည့်ဆီမှ ထိုဓားမြောင်ဟာလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာရသနည်း။ ကိုထိန်ဝင်းတစ်ယောက် နားမလည်နိုင်။ သို့သော်လည်း သူ၏စိတ်အတွင်း၌ ဒေါက်တာသန်းနိုင်အား သံသယတစ်စွန်းတစ်စမှ မမြင်ခဲ့သေးချေ။

မိမိ၏နံဘေး ကြမ်းပြင်အပေါ်သို့ ပြုတ်ကျသွားခဲ့သော ဓားမြောင်လေးအား ကောက်ယူလျက် စားပွဲအပေါ်သို့ တင်လိုက်သည်နှင့် တပြိုင်နက် ဒေါက်တာသန်းနိုင်၏နှုတ်မှ ပြုံးရယ်သံများ ရောနှောနေခဲ့သော စကားသံနှင့်အတူ ဓားမြောင်ဆီသို့ အားရုံမထားသည့်အမူယာဖြင့် ထိုသို့ဆိုချေသည်။

''သြော်… ဓားကျသွားပါ ဆက်ပြောပါရဲအရာရှိကြီး ဆက်ပြောပါ''

ဒေါက်တာသန်းနိုင်၏ပုံစံမှာ ဟန်ပျက်ခြင်းမရှိသည့်အပြင် ဓားမြောင်လေးအား စားပွဲဘေးသို့ တွန်းကပ်လိုက်ရင်း ကိုထိန်ဝင်း၏ထပ်မံပြောဆိုလာမည့် စကားများအား နားစိုက်ထောင်ရန် ဟန်ပြင်လိုက်သည်။ ကိုထိန်ဝင်းသည်လည်း ကြောင်တောင်တောင်ဖြစ်နေသည့် အမူယာမှ ချောင်းတစ်ချက်ဟန့်ခါ ဆက်လက်ပြောဆိုရန် ရွယ်လိုက်သည့်အချိန်၌ပင် ဆေးရုံအတွင်းမှ ပဲ့တင်ထပ်နေသော အသံတစ်ချို့ထပ်မံကြားလိုက်ရသည်။ ထိုအသံဟာ မောင်စန်းမြင့်၏ အရှိန်ပြင်းလွန်းလှသော ဓားချက်ဟာ အခန်းတံခါးအား အရှိန်လွန်ခုတ်မိလိုက်သော အသံပင်ဖြစ်ချေသည်။

ဆက်လက်ပြောဆိုရန် ရွယ်လိုက်သော ဟန်အမူယာများပျက်လျက် အသံကြားရာ အပေါ်ဆီသို့ မော့ကြည့်မိလိုက်သည်။ ထို့နောက်အရှေ့တွင်ရှိနေသော ဒေါက်တာသန်းနိုင်အား တစ်ချက်ပြန်လည်ကြည်မိလေသည်။ ထိုအခါ ဒေါက်တာသန်းနိုင်၏ မျက်နှာပြင်၌ိံ မျက်မှောင်ကြုတ်လိုက်သော အမူယာအား မြင်တွေ့လိုက်ရပြီး သူသည်လည်း ကိုထိန်ဝင်းကဲ့သို့ မျက်နှာကြပ်အား မော့ကြည့်မိသည်။ ထို့နောက်

''ဟင်… အဲ့ဒါဘာသံတုန်းဗျ''
''ဟာ!… လုပ်ပြန်ပြီ… အဲ့ဒီလူနာက ဒီအတိုင်းပဲ ဒါတောင် စိတ်ငြိမ်ဆေးတွေ ခဏခဏထိုးထားပေးလို့ပေါ့''
''မူးယစ်ဆေးဝါးဖြတ်ထားတဲ့ လူနာကောင်လေးတစ်ယောက်ပါ သူကဒီအတိုင်းပဲ သူ့အခန်းထဲမှာ သတိရလာပြီဆိုရင် ကုတင်းတွေကိုင်လှုပ် ဟိုဟာလွှင့်ပစ် ဒီဟာလွှင့်ပစ်လုပ်နေတာ နေတော့ပြန်ကောင်းတော့မှာပါ ဒါကြောင့်ဆေးရုံမှာ ခဏနေခိုင်းထားတာ''
''သြော်!… ''

''ဟုတ်တယ်ဗျ ကျုပ်တို့ဆေးရုံမှာက လူနာစုံတယ်လေ ထားပါ ခင်ဗျားပြောစရာရှိတာပဲ ဆက်ပြော''
''အေးဗျာ… ပြောနေတဲ့ စကားတောင် ဘယ်ရောက်သွားမှန်း မသိတော့ဘူး… ဒီလိုဗျ… ဗဟိုရဲဌာနချုပ်ကနေ ကျုပ်ကိုတာဝန်ပေးလိုက်တယ် ကျုပ်ရဲ့အပိုင်နယ်မြေထဲမှာ ရှိတဲ့ ပိတ်ထားတဲ့မြို့မဆေးရုံမှာ လူငယ်တစ်စု ဒုက္ခရောက်နေပါတယ်လို့ အကြောင်းကြားတယ်လေ… အဲ့ဒါကြောင့် နယ်မြေအပိုင်စခန်းမှူးဖြစ်တဲ့ ကျုပ်ကို အထက်ကအရာရှိတွေက သွားလေ့လာဖို့ တာဝန်ပေးခဲ့တာပဲ''
''ဟင်!… ဘယ်လို ပိတ်ထားတဲ့ ဆေးရုံမှာ လူငယ်တစ်စု ဒုက္ခရောက်နေတယ်ဟုတ်လား သေချာလို့လားဗျာ''
''မသိဘူးဗျ အဲ့ဒါကြောင့် ကျုပ်လဲ နယ်မြေပိုင် မြေပုံအရ ပိတ်ထားတဲ့ မြို့မဆေးရုံကို လာရင်းနဲ့ ခင်ဗျားတို့ဆေးရုံကို ရောက်လာတာပဲ''

ဒေါက်တာသန်းနိုင်တစ်ယောက် ခေတ္တငြိမ်သတ်သွားသည်။ မည်သည့်အချိန်၌ မည်သို့သော အဆက်သွယ်ဖြင့် ဆေးရုံရှိလူငယ်များ ရဲဌာနဆီသို့ အကြောင်းကြားစေခဲ့သနည်း။ အံ့ကိုကြိတ်လျက် လူငယ်များအား ဒေါသထွက်မိသည်။ ထိုအချိန်အတောတွင်း ဆေးရုံအတွင်းမှ အသံတစ်ခုကျယ်လောင်စွာဖြင့် ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။

ဆတ်ခနဲ့ ကိုထိန်းဝင်းတစ်ယောက် မျက်နှာကြပ်ဆီသို့ ထပ်မံမော့ကြည့်မိလိုက်၏။
ကြမ်းပြင်ပေါ်သို့ အရှိန်လွန်ခါ ပုဆိန်အသွားကျရောက်သွားခဲ့ပြီး ဝှေ့ရမ်းလိုက်ရာမှာ ငါးကလေး၏ညာဘက် ဘောင်ဆီသို့ ထိခိုက်မိသွားချေသည်။ ဝှေ့ရမ်းလိုက်သော ပုဆိန်အသွားဟာ အရှိန်ပါသည်ကြောင့် ငါးကလေးတစ်ယောက်မှာမူ ခွေလဲကျသွားခဲ့ရသည်။ လဲကျသွားခဲ့သော ငါးကလေးအား ထပ်မံခုတ်ပိုင်းမည်အလုပ် လမ်းကလေးတစ်ယောက် ဆရာဝန်ကြီးအား အနောက်မှ အရှိန်ပြင်းစွာ ခြေစုံကန်ပစ်လိုက်ချေသည်။

မောင်စန်းမြင့်၏လူသတ်ဓားကြီးမှာလည်း အရှိန်လွန်သွားခဲ့ပြီး ကျွန်းတံခါးအတွင်းသို့ နစ်ဝင်နေခဲ့သည်ကြောင့် နုတ်မရခဲ့ချေ။ ထို့ကြောင့် စာမိမှာမူ မောင်စန်းမြင့်အား လက်ဖျံဖြင့်ရိုက်ချစေခဲ့သည်။ ကြောင်ကန် ကန်ခါ အားပြင်းစွာရိုက်ချလိုက်သည်ကြောင့် မောင်စန်းမြင့်၏ နှာနုသို့ရိုက်မိခဲ့စေသည်။ ထို့ကြောင့် မောင်စန်းမြင့်၏နှာခေါင်းအတွင်းမှ သွေးများစွာထွက်စေရင်း စာမိအား လွန်စွာဒေါသထွက်သွားခဲ့သည်။ သို့သော် သူ၏အာရုံများ မူးနောက်နေခဲ့လေပြီး ဒေါသစိတ်ဖြင့် စာမိကိုသာ အသေသတ်ရန် အားသန်နေခဲ့သည်။

မိမိ၏ကန်ချက်ဖြင့် ငါးကလေးအား ခုတ်ပိုင်းမည်ပြုမူနေသော ဆရာဝန်ကြီးတစ်ယောက် အရှိန်လွန်ခါ အရှေ့သို့ စိုက်ကျသွားခဲ့စဉ် ငါးကလေးသည်လည်း ထိုင်လျက်ကျနေရာမှ မိမိ၏အနားသို့ ထိုးကျလာခဲ့သော ဆရာဝန်ကြီးအား အနီးရှိသံတုတ်ဖြင့် ဂုတ်အားရိုက်ချစေခဲ့သည်။ အားဟူသော ဆရာဝန်ကြီး၏ အသံကြောင့် တုန်ရီနေခဲ့သော စာမိထံသို့ ဦးတည်နေခဲ့သည့် မောင်စန်းမြင့်တစ်ယောက် ဆရာဝန်ကြီးအနားသို့ အပြေးလှမ်းလာစဉ် ကြမ်းပြင်၌ထိုင်လျက်အနေထားဖြစ်နေသော ငါးကလေးမှာမူ မတ်တပ်အနေထားဖြစ်နေသည့် လမ်းကလေးအား မိမိကိုင်ဆောင်ထားခဲ့သည့် သံတုတ်ပစ်ပေးလိုက်ချေသည်။

သခင်ဖြစ်သူဆရာဝန်ကြီး မူးမောက်သွားသောကြောင့် မျက်စိထဲ၌ သခင်ဖြစ်သူကိုသာ အာရုံထားမိသွားသော မောင်စန်းမြင့်တစ်ယောက် အပြေးလှမ်းလာသည့်ချိန်၌ လမ်းကလေး၏လက်အတွင်းသို့ သံတုတ်သည်လည်း ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် ရန်သူအား သတိမမူမိသော မောင်စန်းမြင့်တစ်ယောက်မှာတော့ လမ်းကလေး၏ ပြင်းထန်လွန်းလှသော သံတုတ်ဖြင့် မွဲဒူရိုးသို့ အရိုက်ခံလိုက်ရသည်။ နာကျင်စွာခွေလဲသွားချိန်၌ မောင်စန်းမြင့်၏ဦးခေါင်းအား လမ်းကလေးမှာမူ ထပ်မံ၍ရိုက်နှပ်စေသည်။

''လမ်းလေး… လမ်းလေး မလုပ်နဲ့တော့ သူသေသွားရင် မင်းတစ်ခုခုဖြစ်သွားလိမ့်မယ်… ထားလိုက်တော့ သူတို့အားလုံးကို ဥပဒေကအပြစ်ပေးလိမ့်မယ်''
''တောက်!… ခွေးကောင်တွေ ငါ့သူငယ်ချင်းတွေကို ဒုက္ခပေးတဲ့ခွေးကောင်တွေ သေ… သေကြစမ်း''
''ကိုလမ်းလေး… ထားလိုက်တော့ အခုလောလောဆယ် ကျွန်တော်တို့ဒီအခန်းထဲကနေ မြန်မြန်ထွက်မှဖြစ်မယ်''
''ငါးလေး… မင်းရရဲ့လာ''
''အေးဆေးပါကွာ… ဖုတ်ကောင်ကြီးနဲ့တောင် တိုက်ခိုက်လာကြသေးတာပဲ… ဒီလောက်ကတော့ အေးဆေးပါကွ''

အားတင်းထား၏။ သို့သော်လည်း ကြမ်းပြင်ပေါ်မှ သူတစ်ယောက်မထနိုင်သေး။ ဒဏ်ရာဟာလည်း ကြမ်းပြင်ပေါ်သို့ သွေးများစွာ အိုင်ထွန်းနေခဲ့ပြီးပြင်းထန်းလွန်းလှသည်။  ထို့နောက် ငါးကလေးအား တွဲလျက် စာမိအပါအဝင် လမ်းကလေးတို့မှာ ထိုအခန်းတွင်းမှ အမြန်ဆုံးသာလျင် ထွက်ရောက်ရန် တစ်ဦးကိုတစ်ဦး ဖေးမမှု့များဖြင့် ပိတ်လျက်သားဖြစ်နေသော အခန်းတံခါးဆီသို့ လှမ်းလာချေသည်။

ထို့နောက်မောင်စန်းမြင့်၏ လူသတ်ဓားကြီး ကျွန်ဝင်နေခဲ့သော အခန်းတံခါးအား အသာအယာလေး ဆွဲဖွင့်လိုက်ချေသည်။ ထိုအခါအပြင်၌တွေ့ရှိလိုက်ရသည်က ဒေါက်တာရဲမောင်နှင့် လူသတ်လက်နတ်ကိုင်ဆောင်ထားခဲ့သော နပ်စ်မလေးတစ်ဦးမှာမူ ဒေါသမျက်လုံးများဖြင့် လူငယ်များအား စိုက်ကြည့်နေခဲ့ရင်း အသေသတ်စေတော့မည့် အနေထားပင်တွေ့ရှိလိုက်ရသည်။

အရှေ့သို့လှမ်းနေသော ခြေလှမ်းများ အခန်းတွင်းသို့ နောက်ဆုတ်ဝင်သွားစေရင်း မည်သည့်ဒဏ်ရာမှ မရှိထားသေးသော လမ်းကလေးတစ်ယောက် စိတ်ပျက်မှု့များနှင့် သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းလေးချလိုက်သည်။ အခန်းတွင်း၌ လဲကျနေခဲ့သော မောင်စန်းမြင့်နှင့် ဆရာဝန်ကြီးတို့မှာလည်း သွေးထွက်ဒဏ်ရာတစ်ချို့နှင့် ကြမ်းပြင်ပေါ်မှ ပြန်လည်သတိလည်ခါ စတင်လှုပ်ရမ်းလာချေခဲ့သည်။ အဘယ်ဆီသို့ ပြေးရမည်နည်းမသိတော့ချေ။ အပေါက်ဝ၌ ဒေါက်တာရဲမောင်မှာ ပိတ်စောင့်နေခဲ့ပြီး အခန်းအတွင်း၌ လဲကျနေကြသော ဆရာဝန်ကြီးနှင့် မောင်စန်းမြင့်မှာလည်း သတိပြန်လည်လာခဲ့လေပြီ။

                              ****
ဆေးရုံအတွင်းရှိ လူသတ်သမားများမှာ အခန်းတွင်း၌လဲကျနေခဲ့သော ဆရာဝန်ကြီးစွန်ရဲနိုင်အပါအဝင် မောင်စန်းမြင့်။ ဒေါက်တာရဲမောင်နှင့်ယခုအခန်းရှေ့တွင် လိုက်ပါလာခဲ့သော နပ်စ်မလေးတစ်ဦး။ သွေးဆက်ကုသခြင်းခံထားရသော တင်ဇာနွယ်အား စောင့်ကြည့်နေသော နပ်စ်မလေးတစ်ဦး။ ဒေါက်တာသန်းနိုင်နှင့် ဆရာဝန်လေးနှစ်ဦးကျန်ရှိနေခဲ့ပြီး ဆေးရုံဝန်ထမ်း ယူနီးဖောင်းအပြာများနှင့် လူသတ်သမားနှစ်ဦးသာလျင် ရှိနေခဲ့ချေသည်။

လူလည်ကျလွန်းလှသော တန်ခိုးအား ပထမထပ်အခန်းအတွင်း၌ ဒေါက်တာရဲမောင်တစ်ယောက် ချုပ်နှောင်ထားစေခဲ့ရင်း လူသတ်ဆရာဝန်နှစ်ဦးနှင့် စောင့်ကြည့်ရန် စေခိုင်းထားခဲ့သည်။ ထို့နောက် သူငယ်ချင်းဖြစ်သူများ မိမိထံသို့ရောက်ရှိရန် နောက်နှေးနေသောကြောင့် ဒေါက်တာရဲမောင်မှာလည်း တန်ခိုးအား ဆရာဝန်နှစ်ဦးနှင့် အစောင့်ချထားစေခါ အပေါ်ဆုံးထပ်သို့ ဓာတ်လှေကားအတိုင်း တတ်ရောက်လာချေခဲ့သည်။

ယခုအခါ ထပ်မံ၍ ထွက်ပြေးခြင်းများ မပြုလုပ်နိုင်ရန် တန်ခိုး၏ ခြေလက်သွေးကျောများအား ဖြတ်ထားချေခါ တန်ခိုးတစ်ယောက် အသတ်မျော့မျော့သာလျင် ရှိနေခဲ့တော့သည်။ တင်းထားခဲ့သော သူ၏ စိတ်ဓာတ်ကိုပင် ချပစ်လိုက်ပါက အသက်ပျောက်သွားစေနိုင်မည့် အနေအထားပင်။ လွန်စွာနာကျင်လွန်းလှသည်။ သို့သော် သူ၏စိတ်အတွင်း၌ သူငယ်ချင်းဖြစ်သူများအား ကယ်တင်ပေးချင်သေးသည်။ သို့သော်လည်း မတတ်နိုင်တော့ချေ။ သွေးကျောများ ပျက်လျက် မိမိ၏အသက်ကိုပင် ရှင်သန်နိုင်ရန် မွေးထားချေခဲ့ရသည်။
သွေးပျက်သွားခဲ့သော မောင်ကဲအား လက်ဆွဲလျက် လှေကားအတိုင်း မျှားကလေးတစ်ယောက်သည်လည်း အပြေးဆင်းသတ်လာချေပြီး ပထမထပ်လှေကားဆီသို့ပင် ရောက်ရှိလာခဲ့ချေတော့သည်။
ပထမအထပ်မှ တဆင့် မြေညီထပ်ဆီသို့ ဆင်းသတ်လာခဲ့ချိန်၌ ယူနီဖောင်းအပြာရောင် ဝတ်ဆင်ထားခဲ့သော ဆေးရုံရှိလူသတ်သမားတစ်ဦးနှင့် အတတ်အဆင်း လှေကားအရင်း၌ မျှားကလေးတစ်ယောက် ထိပ်တိုက်ဆုံတွေ့ခဲ့ချေသည်။ မျှားကလေးနှင့် မောင်ကဲအား တွေ့ရှိလိုက်ရသည်နှင့် ထိုသူမှာ ခါးနောက်ကျောမှ ဓားမြောင်အား ဆွဲထုတ်စေခဲ့ရင်း တိုက်ခိုက်ရန် ဟန်ပြင်လိုက်ချေသည်။
ဒုတိယအကြိမ်မြောက် ပဲ့တင်ထပ်နေခဲ့သော အသံအား ဆေးရုံအတွင်းမှ ထပ်မံကြားလိုက်သည်ကြောင့် ရဲအရာရှိကြီး ကိုထိန်ဝင်းမှာမူ ဒေါက်တာသန်းနိုင်အား မျက်မှောက်ကြုတ်ကြည့်စေခဲ့ရင်း
''ဒေါက်တာ!… အသံကြားရပြန်ပြီ ကျုပ်အပေါ်ထပ်ကို ခဏတတ်ကြည့်လို့ရမလား''
''ဟင်!… ထားလိုက်ပါဗျာ ဘာမှဂရုစိုက်မနေနဲ့… ခင်ဗျားလိုရာခရီးကိုသာ ဆက်ပါ… ကျုပ်လဲလုပ်စရာလေးတွေရှိသေးလို့ ခွင့်ပြုဦး''
''မဟုတ်သေးဘူးဗျ!… ကျုပ်စိတ်ထဲမှာ တစ်ခုခုခံစားနေရတယ် ကျုပ်ကိုခွင့်ပြုပါ လေ့လာရုံသတ်သတ်ပါပဲ''
''ဟာဗျာ… ခင်ဗျားကလည်း… အင်း!… ကောင်းပြီလေ ခင်ဗျားသဘောပါပဲ''
   ထိပ်တိုက်တွေ့ဆုံနေသော လူသတ်သမားဟာ မျှားကလေးအား အသင့်ကိုင်ဆောင်ထားခဲ့သော ဓားဖြင့်ဝင်ရောက်ထိုးချေသည်။ ရှောင်တိမ်းလိုက်နိုင်၏။ ထိုသူသည်လည်း တစ်ဖက်ဆီသို့ အရှိန်လွန်ရောက်ရှိသွားချေသည်။ ထို့ကြောင့် ထိုသူနှင့် ဆက်လက်တိုက်ခိုက်မနေတော့ပဲ ပြေးလမ်းလွတ်မြောက်သွားသည်ကြောင့် အောက်ထပ်သို့သာ အပြေးဆင်းသတ်ချေတော့သည်။
မြေညီထပ်သို့ ရောက်ရှိစေခဲ့လေပြီ။ ကောင်ဒါစားပွဲဝိုင်းမှ အပေါ်ထပ်သို့ တတ်ရောက်ရန် လှမ်းလာခဲ့သော ရဲအရာရှိကြီးနှင့် ဒေါက်တာသန်းနိုင်အား မြင်တွေ့လိုက်ရသည်နှင့် မျှားကလေးမှာမူ ကွေ့အချိုးလေးတွင်း၌ ပုန်းခိုကပ်ရှောင်နေလိုက်၏။ သို့သော် အရူးတစ်ပိုင် သွေးပျက်နေခဲ့သော မောင်ကဲ့မှာမူ ရဲအရာရှိကြီးအား မြင်တွေ့လိုက်ရသည်နှင့် မျှားကလေး၏နံလေးမှ ရုတ်တရက်ပြေးထွက်သွားခဲ့ပြီး ကိုထိန်ဝင်း၏ ခြေသလုံးအား အပြေးဖတ်ခါ

''ကယ်ပါဦးရဲအရာရှိကြီးရယ် ကျွန်တော်တို့ကိုကယ်ပါဦး… ကယ်ပါ ကယ်ပါ…  ကျွန်တော်တို့ကို ဆရာဝန်တွေ သတ်တော့မယ်''
''ဟင်… ကောင်လေး!… မင်းဘယ်သူလဲ ဘာတွေပြောနေတာလဲ''

လျောက်လှမ်းလာသော မိမိ၏ခြေသလုံးအား ပြေးဖတ်လိုက်ရင်း ထိုသို့ပြောဆိုနေခဲ့သော မောင်ကဲ၏စကားများအား ကိုထိန်ဝင်းတစ်ယောက် နားမလည်နိုင်ချေ။
မောင်ကဲနှင့် ရဲအရာရှိကြီး၏ အခြေနေများအား ကွေ့အချိုးလေးမှ မျှားကလေးတစ်ယောက် အကဲခတ်ကြည့်ရှု့မိသည်နှင့် ထိုရဲအရာရှိကြီးမှာ မိမိ၏အကြောင်းကြားချက်ဖြင့် ရောက်ရှိလာခဲ့သော ရဲသားတစ်ဦးပင်ဖြစ်လိမ့်မည်ဟု ကောင်းစွာ ခန့်မှန်းမိလိုက်ချေသည်။ သို့နှင့် ပုန်းခိုနေရာမှ လျင်မြန်စွာထွက်ရောက်လာရင်း ကိုထိန်ဝင်း၏အရှေ့သို့ မျှားကလေးတစ်ယောက် အပြေးရောက်ရှိလာချေသည်။

လှေကားဆီမှ အရှိန်လွန်သွားခဲ့သော လူသတ်သမားသည်လည်း မျှားကလေးနှင့်မောင်ကဲ၏အနောက်သို့ အပြေးလိုက်လာခဲ့ရင်း ရဲအရာရှိကြီးအား မြင်တွေ့လိုက်ရသည်ကြောင့် သူ၏ခြေလှမ်းအရှိန်သတ်လိုက်ရလေသည်။ ကိုထိန်ဝင်းသည်လည်း အနောက်မှ လူသတ်ဓားအားကိုင်ဆောင်လျက် မိမိအားမြင်တွေ့လိုက်သည်နှင့် ရပ်တန့်သွားခဲ့သော ထိုသူအား မြင်တွေ့ခဲ့ရချေသည်။

မိမိအား အကူညီတောင်းဆိုနေသည့် လူငယ်နှစ်ဦး။ လူသတ်ဓားအား ကိုင်ဆောင်ထားစေရင်း ထိုလူငယ်နှစ်ဦးအနောက်သို့ အပြေးလိုက်လာဟန်တူသည့် ဆေးရုံယူနီဖောင်းဖြင့် ထိုသူ့အား တပြိုင်နက်မြင်တွေ့လိုက်ရသည်ကြောင့် ကိုထိန်ဝင်းမှာမူ မိမိ၏နံဘေး၌ရှိနေသော ဒေါက်တာသန်းနိုင်အား မျက်မှောင်ကြုတ်ကြည့်မိလိုက်ချေသည်။

                              ။                                  
*အပေါ်ဆုံးအထပ်မှ လူငယ်သုံးဦး မည်သိုပင် တွေ့ကြုံလာရဦးမည်နည်း။

*ကိုထိန်ဝင်းတစ်ယောက် မိမိထံသို့ အကူညီတောင်းခံနေသော လူငယ်နှစ်ဦးအား မည်သို့ပင်အကူညီပေးနိုင်မည်နည်း။

* ထိုနယ်အတွင်းမှ လိုရာခရီးဆီသို့ ထွက်ခွာသွားခဲ့သော မိတ်ဆွေရဲအုပ်မောင်ဝင်းသည်လည်း ထိုနယ်လေးဆီသို့ ပြန်ရောက်လာနိုင်ဦးမည်လား။

* ထောက်ချောက်အတွင်းသို့ ကျရောက်သွားခဲ့သော လူငယ်တစ်ဦးနှင့် သူ၏ သူငယ်ချင်းဖြစ်သူများ မည်သို့ပင် ဆုံတွေ့လာမည်နည်း။

* ဆေးရုံအတွင်းမှ ထွက်ရောက်နိုင်ကြမည်လား။ မည်သူများ အသက်ရှင်လျက် ထွက်ရောက်နိုင်ကြမည်နည်း။

* အရေးကြုံတိုင်း တိုက်ဆိုင်စွာရောက်ရှိလာတတ်သော မိတ်ဆွေအစ်ကိုအောင်နှင့်လည်း ထိုဆေးရုံအတွင်း၌ မည်သို့ပင် ဆုံတွေ့လာကြဦးမည်နည်း။

 … … … … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၁၇)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်…


                             *****
          ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                ဆက်လက်၍ဖော်ပြပေးပါမည်။
                      စာရေးသူ-ထီးကလေး
                 (ရင်နှင့်ရင်း၍ရေးသားသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages