အပိုင်း(၁၂) လူသားစားဆေးရုံ မြို့မဆေးရုံကြီး - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၁၂) လူသားစားဆေးရုံ မြို့မဆေးရုံကြီး

Share This
    တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၁၂)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **  
               *********************




                 ခရီးရောက်မစိုက် ထူးဆန်းစွာဖြင့် လမ်းနံလေးတွင် တိမ်းမှောက်နေခဲ့သော ကားကြီး၏အကြောင်းအား ထိုသားဖနှစ်ယောက်၏ အကြောင်းကြားချက်ဖြင့် အပိုင်စခန်းမှရဲအရာရှိများ သိရှိသွားခါ ရဲအုပ်မောင်ဝင်းတစ်ယောက်သည်လည်း ထိုကားကြီးတိမ်းမှောက်ရာဆီသို့ လိုက်ပါသွားခဲ့ရချေသည်။

အပိုင်စခန်းမှ အသင့်ရှိနေခဲ့သော ကားလေးဖြင့် သားဖနှစ်ယောက် လမ်းပြရာဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြလေသည်။ အတန်ကြာမောင်းနှင်ခဲ့ပြီးနောက် ရောက်ရှိလာခဲ့သော နေရာဟာ အဝေးပြေးကားများပြေးဆွဲရာ ရန်ကုန်-ပုသိမ် အမြန်လမ်းမကြီး၏ တစ်နေရာပင်ဖြစ်ချေသည်။ ရောက်ပြီဟူသော စကားသံကြောင့် ကားအား မောင်းနှင်နေခဲ့သော ရဲအရာရှိမှာ ရပ်တန့်လိုက်သော်လည်း ထိုလမ်းနံဘေး၌ မည်သည့်အရာတစ်ခုမှ မတွေ့ရှိရချေ။

''ဟင်!… ဘယ်မှာတုန်းဗျ''
''ဒီအတိုင်းကားလမ်းပေါ်ကကြည့်ရင် မမြင်ရဘူးဗျ… ကြည့်ရတာ တော်တော်အရှိန်ပြင်းပြင်း မှောက်သွားတာနဲ့တူတယ်… လာလာ… ကျုပ်တို့ပြမယ်''

ကားလမ်းနံဘေးတွင် ရပ်တန့်စေခဲ့ပြီး ထိုသားဖနှစ်ဦး၏ ပြောစကားများအား နားစွင့်လျက် ထိုသူများဦးတည်ခေါ်ဆောင်ရာနောက်သို့ ရဲအရာရှိများ လိုက်ပါသွားချေခဲ့သည်။ ကားလမ်းပေါ်မှ ဆင်းလိုက်သည်နှင့် ရွာများဆီသို့ ဝင်ရောက်နိုင်သော ဇောက်နက်နက်လမ်းသွယ်တစ်ခုအား မြင်တွေ့ရသည်။ ထိုဇောက်နက်နက် တောလမ်းအတွင်းသို့ သားဖနှစ်ဦး ဦးတည်လျောက်လှမ်းသွားခဲ့ပြီး တိမ်းမှောက်နေခဲ့သော ကားကြီးအား အဝေးမှ လှမ်းမြင်လိုက်ရသည်နှင့် လက်ညိုးညွှန်ပြစေခဲ့သည်။

''ဟိုးမှာပဲဆရာတို့''
''ဟင်!…''
''ဟာ… ''
ရဲအုပ်မောင်ဝင်းအပါအဝင် ရဲအရာရှိများ၏နှုတ်မှ အာမေဋိတ်သံများ ကိုယ်ဆီထွက်ပေါ်လာချေခဲ့သည်။ သားဖနှစ်ဦးအနက် အဖေဖြစ်သူ၏ လက်ညိုးညွှန်ရာဆီသို့ မျှော်ငေးကြည့်လိုက်သည်နှင့် အရှိန်ပြင်းစွာ ပက်လက်အနေထား တိမ်းမှောက်နေခဲ့သော ကားကြီးအား မြင်တွေ့လိုက်ရလေသည်။ စိုးရိမ်ကြီးစွာဖြင့် အရေးပေါ်ကားဆီသို့ အကြောင်းကြားရန် ပြင်ဆင်လိုက်သော်လည်း သားအဖနှစ်ယောက်၏ ပြောစကားအရ ကားကြီးအတွင်း၌ မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေကြောင်း သိရှိခဲ့ရသည်။ သို့နှင့် တိမ်းမှောက်နေခဲ့သော ကားကြီး၏အနားသို့သာ ရဲအရာရှိများ အပြေးသွားရောက်ခါ ကားကြီးအား အကဲခတ်စေခဲ့သည်။

''အင်းဗျ… ကားလမ်းပေါ်ကနေ ဒီလောက်ဇောက်နက်နက်ထဲ ထိုးကျသွားတာဆိုတော့ တော်ရုံတန်ရုံအရှိန်မျိုးတော့ မဟုတ်ဘူးဗျ… ပြီးတော့ ကားပုံစံကလဲ ခရီးသည်တင်တဲ့ အဝေးပြေးကားလဲမဟုတ်ဘူး မိသားစုတွေ ပျော်ပွဲစားထွက်လာကြတဲ့ ကားပဲဖြစ်ရမယ်''
''ဆရာ… ကားနံပါတ်ပြားတွေလဲ မရှိတော့ဘူး ဘယ်မှာပြုတ်ကျန်နေခဲ့လည်းတော့ မသိဘူး''
''ဆရာမောင်ဝင်း… ကျွန်တော်တို့ ကားကြီးထဲ ဝင်ကြည့်ရအောင်… ''
''အင်း… ''

ကားကြီး၏ နောက်ကျောနှင့် ထိပ်ဘက်တွင်လည်း ကားနံပါတ်ဆိုဒ်းပုဒ်များ ချိတ်ဆွဲထားခဲ့ခြင်း မရှိခဲ့သည်များအားလည်း ရဲအရာရှိများ အကဲခတ်မိစေခဲ့သည်။ သို့နှင့် ရဲအုပ်မောင်ဝင်းအား ထိုမြို့အပိုင်ရဲအရာရှိ ကိုထိန်ဝင်းမှာတော့ တလေးတစားပြောဆိုလျက် ကားကြီးအတွင်းသို့ ဝင်ရောက်အကဲခတ်ကြည့်ရှု့ရန် ပြောဆိုချေခဲ့သည်။ ရဲအုပ်မောင်ဝင်းအပါအဝင် နယ်မြေပိုင်ရဲအရာရှိနှင့်အတူ ရဲဘော်များဟာလည်း ထိုကားကြီးအတွင်းသို့ ဝင်ရောက်အကဲခတ်စေခဲ့သည်။

ကားကြီးဟာ ကားသင်္ချိုင်းအတွင်း၌ စွန့်ပစ်ထားသကဲ့သို့ အခွံကြီးသီးသန့်သာ ရှိနေခဲ့ပြီး ကားကြီးအတွင်း၌ မည်သည့်ပစ္စည်းတစ်ခုမျှ ရှိမနေခဲ့ချေ။ ထို့ကြောင့် ရဲအရာရှိများ၏အတွေး၌ မသင်္ကာစဖွယ်အတွေးများ ဝင်ရောက်လာစေခဲ့သည်။ ထိုကားကြီးတိမ်းမှောက်သွားခဲ့သည်မှာလဲ လောလေလတ်လတ်ပင်ရှိဦးဖြစ်သည်။ သို့သော် ကားကြီးအတွင်း၌ မည်သည့်အရာတစ်ခုမှ မတွေ့ရှိရသည်ကြောင့် ရဲအရာရှိများအားလုံးဟာလည်း မျက်မှောင်များကြုတ်လျက် အတွေးကိုယ်ဆီနှင့်ပင် ဖြစ်နေခဲ့ကြသည်။

''ကိုမောင်ဝင်းရေ မနက်ဖြန်ကျုပ်တို့လဲ ခရီးထွက်စရာရှိတယ်ဗျ''
''ဟင် … ဘယ်ကိုတုန်းဗျ… ကိစ္စရှိလို့လား''
''ကိစ္စတော့မရှိပါဘူး ကျုပ်တို့အထက်တန်းကျောင်းသားဘဝတုန်းက သူငယ်ချင်းတွေ ပြန်ဆုံကြတုန်း ပျော်ပွဲစားလေးထွက်မလားလို့ … ကျုပ်တောင်စဉ်းစားနေတာဗျ ဒီညနေစခန်းကိုလာပြီး ကိုမောင်ဝင်းအားရင် ခေါ်သွားမလို့ပဲ''
''အေးဗျ … ကျုပ်ကလဲ အခုရက်ပိုင်း ခရီးတွေတောက်လျောက်ထွက်နေရတော့ မလိုက်ဖြစ်တော့ပါဘူးဗျာ … ကိုလမ်းလေးတို့ရော ပါသွားမှာလား''
''အင်း … ကျုပ်တို့ငါးယောက်စလုံးပဲ''
''ကောင်းတဟ်ဗျို့ … ခင်ဗျားတို့ငါးယောက်ပါသွားမယ်ဆိုရင်တော့ ခရီးတောက်လျောက် စိုးရိမ်စရာမရှိတော့ပါဘူး…ဒါနဲ့ ဘယ်ကိုတုန်းဗျ''
''ပုသိမ်ဘက်က အိမ်ကြီးတစ်လုံးဆီ''

ထိုစကားများ။ ရဲအုပ်မောင်ဝင်းတစ်ယောက် မိတ်ဆွေဖြစ်သူ ထီးကလေးဆီသို့ အလည်ပတ်သွားရင်းမှ ပြောဆိုဖြစ်ခဲ့သော စကားများပင်ဖြစ်သည်။ ယခုအခါ ထိုကားကြီးအတွင်းသို့ ဝင်ရောက်အကဲခတ်ကြည့်ရှု့နေခဲ့ရင်း မျက်မှောင်အားကြုတ်လျက် ခေါင်းအား တစ်ဆတ်ဆတ်ငြိမ့်နေရာမှ ထိုစကားသံများ သူ၏နားအတွင်းသို့ ပြန်လည်ကြားယောင်စေခဲ့သည်။ ထို့ကြောင့် ခါးကြားမှ အသင့်ရှိနေခဲ့သော လက်ကိုင်ဖုန်းအားထုတ်ယူလိုက်ရင်း မိတ်ဆွေဖြစ်သူ ထီးကလေးတစ်ယောက် မည်သည့်ဆီသို့ရောက်ရှိနေခဲ့သနည်းဟု မေးမြန်းမည်ဖြစ်သည်။ ထို့ကြောင့် နံပါတ်အား နှိတ်လျက် ဖုန်းနှင့်နား ကပ်လိုက်သည့်အချိန်၌ပင်

''လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်ပိတ်ထားပါတယ်ရှင်''

ချက်ချင်းဆိုသကဲ့သို့ တယ်လီဖုန်းအတွင်းမှ မိမိအားပြန်လည်ဖြေကြားစေခဲ့သည်။ သို့သော် မိတ်ဆွေဖြစ်သူထီးကလေး၏အသံပင်မဟုတ်။ ခေါ်ဆိုခဲ့သော တယ်လီဖုန်းဟာလည်း ခေါ်ဆို၍မရ ဆက်ပိတ်ထားခဲ့သည်ဟုသာ ပြန်လည်ဖြေကြားနေခဲ့သည်။ သို့သော်လည်း ဇွဲမလျော့အကြိမ်ကြိမ်အခါခါ ထပ်ခေါ်နေသေးသည်။ အကြိမ်ကြိမ်အခါခါ ထပ်မံခေါ်ဆိုနေခဲ့သောလည်း တယ်လီဖုန်းအတွင်းမှ မိမိအားပြန်လည်ဖြေကြားနေခဲ့သည့် အသံဟာလည်း ပြောင်းလဲသွားခြင်းမရှိခဲ့ချေ။

''ဟ… ဘာဖြစ်လို့ဆက်ပိတ်ထားရပါလိမ့်''
တိမ်းမှောက်နေခဲ့သော ကားကြီးအတွင်း၌ ဖုန်းတစ်လုံးနှင့် အလုပ်ရှုတ်နေခဲ့သော ရဲအုပ်မောင်ဝင်းအား နယ်မြေပိုင်ရဲအရာရှိ ကိုထိန်ဝင်းတစ်ယောက် အဝေးမှ အကဲခတ်နေမိခဲ့သည်။သို့နှင့် ခဏအကြာ၌ မောင်ဝင်း၏အနားသို့ နယ်မြေပိုင်ရဲအရာရှိ ကိုထိန်ဝင်းရောက်ရှိလာခဲ့ရင်း

''ဆရာ!… ဘယ်သူ့ဆီဆက်နေတာလဲ''
''ကျုပ်မိတ်ဆွေတစ်ယောက်ဆီပါ''
''ဆက်လို့ရလားဆရာ… ဘာကိစ္စရှိများရှိလို့လဲ''
''မရဘူးဗျ… ဆက်ပိတ်ထားတယ်တဲ့… ကိစ္စတော့မရှိပါဘူး ကျုပ်မိတ်ဆွေတွေလဲ ပုသိမ်ဘက်ကို ခရီးထွက်မယ်လို့သိထားရတယ်ဗျ… ဒါကြောင့် သူတို့ကိုစိုးရိမ်လို့… ဆက်ကြည့်တာ''
''ဟင်… ဒီကားကြီးနဲ့ ပတ်သတ်နေလိမ့်မယ်လို့ ပြောချင်တာလားဆရာ''
''အဲ့ဒီလိုလဲ ပြောလို့မရသေးဘူးဗျ သူတို့ဘယ်ကားနဲ့ သွားကြတယ်ဆိုတာလဲ ကျုပ်သေချာမသိဘူး… ဒါပေမယ့် စိုးရိမ်လို့ ဆက်ကြည့်တာပါ ဆက်မလို့မရဘူးဖြစ်နေတယ်''

''ဆရာတို့… ကျွန်တော်တို့ ကားပတ်ဝန်းကျင်ကို အကဲခတ်မိသလောက် ဒီကားကြီးပတ်ဝန်းကျင်မှာ ဖိနပ်အရာတစ်ချို့တွေ့တယ်ဆရာ''
''ပြီးတော့ ကားဘီးအရာတစ်ချို့လဲ တွေ့တယ်ဆရာ… တစ်ခြားဘာထူးထူးခြားခြားမှာတော့ မတွေ့ပါဘူး''
''ဟင်… ကဲကောင်းပြီး ကျုပ်တို့တစ်ချက်လောက် သွားကြည့်ကြရအောင်… ''

''ဒီမှာလဲ ဖိနပ်တစ်ဖက်တွေ့တယ်ဆရာ''
''ဆရာ… ဆရာတို့''
''ဟင်… ဘာဖြစ်လို့တုန်းဗျ''
''ကျူပ်… ကျုပ်မောလို့ မြေပြင်ပေါ်မှာ ထိုင်ချလိုက်တာ ပုဆိုးမှာ ဆိုစိစိဖြစ်လာတာနဲ့ကြည့်လိုက်တော့ သွေးတွေဖြစ်နေတယ်ဆရာ… ဒီ… ဒီမှာပဲ''
''ဟင်…ခင်ဗျားက ဘယ်နားမှာထိုင်လိုက်လို့လဲ''
''ဟို… ဟိုနားမှာပါဆရာ ကျုပ်… ကျုပ်လိုက်ပြပါ့မယ်''

''ဒီ… ဒီမှာပါဆရာ သွေးတွေကို မြေကြီးနဲ့ဖုံးထားတာပါဆရာ ဒီမှာပါ''
''ဟင်!… ''

တိမ်းမှောက်နေခဲ့သော ကားကြီးအတွင်း၌ ရဲအုပ်မောင်ဝင်းနှင့်အတူ နယ်မြေပိုင်ရဲအရာ နှစ်ဦးသား စကားများစွာပြောဆိုနေချိန်၌ ကားကြီး၏ပတ်ဝန်းကျင်အား အကဲခတ်ကြည့်ရှု့ရန် စေခိုင်းထားခဲ့သော ရဲဘော်နှစ်ဦးမှ ကားကြီး၏ ပတ်ဝန်းကျင်တွင် ဖိနပ်အရာတစ်ချို့နှင့် ကားဘီးအရာတစ်ချို့အား တွေ့ရှိကြောင်း ပြောဆိုချေခဲ့သည်။ ထို့ကြောင့် ရဲအုပ်မောင်ဝင်းနှင့် နယ်မြေပိုင်ရဲအရာကြီးမှာတော့ လိုက်လံအကဲခတ်ကြည့်ရှု့ရန် ထိုနေရာများသို့ လှမ်းသွားချိန်၌ သားဖနှစ်ဦးအနက် သားဖြစ်သူမှာ အလောတကြီးပြေးလာခဲ့ရင်း မြေပြင်ပေါ်မှ သွေးများစွာတွေ့ရှိခဲ့ကြောင်း ထိတ်လန့်စွာပြောဆိုချေခဲ့သည်။

ထို့နောက် ထိုနေရာအား လိုက်လံ အကဲခတ်ကြည့်ရှု့ခဲ့သည်နှင့် မြေပြင်ပေါ်တွင် သွေးအိုင်ကဲ့သို့ ဖြစ်ပွားခဲ့သော နေရာအား မြေကြီးမှုန်များနှင့် ဖုံးအုပ်ထားခဲ့ကြောင်း မြင်တွေ့လိုက်ရလေသည်။

''ဆရာမောင်ဝင်း… ဒါကိုကြည့်ရတာ သွေးရိုးသားရိုးတော့ ဖြစ်မယ်မထင်ဘူး… သွေးအိုင်ကို မြေကြီးတွေနဲ့ သေသေချာချာ ဖုံးသွားခဲ့တာ''
''အင်း!… ဒီကားကြီးတိမ်းမှောက်ပုံနဲ့ ပတ်သတ်ပြီး မသင်္ကာစရာတွေတော့ အများကြီးပဲဗျ… အခုနောက်ထပ်တစ်ခု ထပ်တွေ့ရပြန်ပြီဆိုတော့ ရာဇဝဏ်မှု့တစ်ခုခုနဲ့တော့ ပတ်သတ်နေတာ သေချာပြီ''
''ဒါဆို ပြစ်မှု့ကျူးလွန်သူတွေက သည်းလွန်စဖျောက်တဲ့အနေနဲ့ ကားထဲက လူတွေရော ကားထဲမှာရှိနေတဲ့ ပစ္စည်းတွေကိုရော ပြီးတော့ ကားနံပါတ်ပြားတွေပါ အစနဖျောက်သွားခဲ့တာပဲဖြစ်မယ်''
''ကဲ… ဆရာထိန်ဝင်း ကားကြီးကို အမြန်ဆုံးဓာတ်ပုံရိုက်ပါ … ပြီးတာနဲ့ ဒီနေ့ချက်ချင်းပဲ သတင်းစာထဲထည့် … ပိုင်ရှင်ဆိုရင်တော့ သူ့ကားဘယ်လိုပုံစံပဲဖြစ်ဖြစ် မှတ်မိမှာသေချာတယ်… ကားပိုင်ရှင် ဘယ်သူလဲဆိုတာ ကျွန်တော်တို့ဘက်က သိမှဖြစ်မယ်… ဒါမှရှေ့ဆက်လုပ်ရမယ့် အလုပ်တွေ အဆင်ပြေနိုင်မယ် အခုချက်ချင်းစီစဉ်ပါ''
''ဟုတ်ကဲ့ဆရာမောင်ဝင်း ကျွန်တော်အခုပဲ စီစဉ်လိုက်ပါ့မယ်''

                        *******
''ကိုလေး… ကိုလေးရေ လာပါဦး ကြီးမေကြီး မူးလဲလို့''

အိမ်အပေါ်ထပ်မှ အိမ်ဖော်ကောင်မလေး၏ အော်ဟစ်ပြောဆိုလိုက်သော စကားများ ကြားလိုက်ရသည်ကြောင့် ဆန်းထွန်းပိုင်တစ်ယောက်မှာတော့ ဆေးရုံသွားရန်ပြင်ဆင်နေရာမှ အလောတကြီးအပေါ်ထပ်ဆီသို့ ပြေးတတ်သွားခဲ့၏။ ထို့နောက် မိခင်ဖြစ်သူမှာ သူမ၏အခန်းရှေ့၌ လဲကျနေခဲ့သည်အား မြင်တွေ့လိုက်ရလေသည်။ သို့နှင့် မိခင်အား ပွေ့ဖက်လိုက်ရင်း အိပ်ခန်းကုတင်းလေးပေါ်သို့ တင်ဆောင်ပေးခဲ့သည်။

ထို့နောက် သွေးပေါင်ချိန်တိုင်းခါ လိုအပ်သည်များ စစ်ဆေးပေးနေခဲ့ရင်း မိခင်ဖြစ်သူတစ်ယောက် ပြန်လည်သတိလည်လာစေခဲ့သည်။

''အမေ… သက်သာရဲ့လား''
''သက်သာသွားပါပြီသားရယ်''
''ဘယ်လိုဖြစ်တာလဲမေမေ''
''အောက်ဆင်းမလို့ အခန်းထဲကနေ ထွက်လာတာ ခေါင်းထဲကနေ မိုက်ခနဲဖြစ်သွားတာပဲ''
''ကိုလေး…ညတုန်းကလဲ ကြီးမေ ကောင်းကောင်းအိပ်မပျော်ဘူး ခဏခဏလန့်နိုးနေတယ်''

''ဟင်… ဟုတ်လားမေမေ ဘာဖြစ်လို့လဲ… ဒါကြောင့် မေမေအားနည်းနေတာဖြစ်မယ်''
''ဟုတ်တယ်သားရယ် ညတုန်းကလည်း မေမေအိပ်မက်ဆိုးတွေ မက်တယ်… မင်းအဖေတစ်ယောက် လမ်းခရီးမှာ အဆင်မှပြေရဲ့လားမသိပါဘူး ဖုန်းလေးတစ်ချက်တောင် အခုချိန်ထိ ဆက်ဖို့သတိမရဘူး။''
''ပြေမှာပါ မေမေရဲ့… ကိုထီးလေးတို့တွေလဲ ပါသွားတာပဲ ဘာမှစိုးရိမ်စရာသိပ်မရှိပါဘူး… မေမေစိတ်အေးအေးထားနော်''
''အေးပါသားလေးရယ်… သွားသွား မင်းလဲဆေးရုံသွားစရာရှိသေးတယ်မဟုတ်လား သွားတော့လေ နောက်ကျနေဦးမယ်''
''ဟုတ်မေမေ… ကေ… မေမေ့ကိုဂရုစိုက်နော်''

''စိတ်ချပါအစ်ကိုရဲ့''
''သြော်!… သား … မင်းမသွားခင် မင်းအဖေဆီကို ဖုန်းတစ်ချက်လောက်ဆက်ကြည့်ပါဦး အဆင်မှပြေရဲ့လားလို့''
''ဟုတ်မေမေ သားဆက်လိုက်ပါ့မယ်''

နေအိမ်ဆီမှ တပည့်ဖြစ်သူများနှင့် ထွက်ခွာသွားခဲံ့သည့် လင်ယောကျာ်းတစ်ယောက် ယခုအချိန်ထိ မိမိထံသို့ ဖုန်းအဆက်သွယ်မပြုလုပ်သေးသည်ကြောင့် လင်ယောကျာ်းအား စိတ်ဆိုးချင်ယောင်ဆောင်ကာ မိမိကိုယ်တိုင်ဖုန်းဖြင့်မဆက် သားဖြစ်သူအား တစ်ဖက်မှဆက်သွယ်စေခိုင်းခဲ့သည်။ သားဖြစ်သူသည်လည်း မိခင်တစ်ယောက် ဖခင်ဖြစ်သူအား စိတ်ဆိုးချင်ယောင်ဆောင်လျက် မိမိကိုယ်တိုင်မဆက်သွယ် သူ့အားဆက်သွယ်ခိုင်းကြောင်း ရိပ်စားမိခဲ့ပြီး အခန်းပြင်သို့ထွက်ရောက်ခဲ့သည်နှင့် ဖခင်ထံသို့ ဆက်သွယ်ချေခဲံ့သည်။

ဖုန်းဝင်သွားခဲ့၏။ သို့သော် ကိုင်တွယ်ခြင်းမရှိ။ ကျူရှင်ဆရာကြီး၏ လက်ကိုင်ဖုန်းဟာလည်း သားဖြစ်သူ၏ခေါ်ဆိုမှု့ကြောင့် မြည်သံများစွာ ထွက်ပေါ်လာချေခဲ့သည်။ သို့သော် ဖခင်ဖြစ်သူမှာ အသက်ခံလိုက်ရပြီး သူ၏လက်ကိုင်ဖုန်းဟာလည်း လူသားစားဆေးရုံ၏ ရေခဲတိုက်အတွင်းမှ မြည်သံများစွာထွက်ပေါ်နေခဲ့ခြင်းဖြစ်သည်။ သားဖြစ်သူ၏ဖုန်းအား ဖခင်ဖြစ်သူ ကျူရှင်ဆရာကြီးတစ်ယောက် မည်သည့်အခါမှ ကိုင်တွယ်နိုင်တော့မည်မဟုတ်တော့ချေ။

 မျက်မှောင်ကြုတ်လျက် အဘယ့်ကြောင့် မိမိ၏ဖုန်းအား ဖခင်ဖြစ်သူ မကိုင်ရသနည်း။ မအား၍ပဲနေမှာပါ။ ထိုစကားနှင့်ချေပသွားရင်း ဆက်၍ခေါ်ဆိုမနေတော့ပဲ မိမိ၏ဦးတည်ရာဆီသို့သာ ဆန်းထွန်းပိုင်တစ်ယောက် ထွက်ခွာသွားခဲ့ချေတော့သည်။

                               ***
''ဆရာထိန်းဝင်း… အဆင်ပြေရဲ့လား''
''ဟုတ်ကဲ့ဆရာ အဆင်ပြေပါတယ်… မကြာခင်မှာ ကျွန်တော်တို့ဆီ မှောက်သွားတဲ့ကားပိုင်ရှင် ဆက်သွယ်လာတော့မှာပါ''
''အင်း… ဘယ်သူ့ကားဆိုတာ သိမှဖြစ်မယ် ဒါမှလဲ ကျုပ်တို့ဘက်က ရှေ့ဆက်လုပ်စရာရှိတာတွေ ဆက်လုပ်ရမှာ… ကျုပ်မိတ်ဆွေတွေဆီကိုလဲ အခုချိန်ထိ ဖုန်းခေါ်လို့မရသေးဘူးဖြစ်နေတယ်''
''ဖုန်းများ အားကုန်လို့ပိတ်နေလားမှမသိတာဆရာ''
''မဟုတ်လောက်ဘူးဗျ… တစ်ယောက်တည်းကိုခေါ်နေတာ မဟုတ်ဘူး… ကျုပ်မိတ်ဆွေငါးယောက်စလုံးကို ခေါ်နေတာ အာလုံးရဲ့ဖုန်းကလဲ ဆက်ပိတ်ထားတယ်ဆိုတာချည်းပဲ''

''ကျွန်တော့အထင်… ကားကြီးနဲ့များ… ဟာမဟုတ်တာ လွဲပါစေဖယ်ပါစေ''
''ရပါတယ်ဆရာထိန်ဝင်း ရပါတယ် ကျုပ်လဲ ကျုပ်မိတ်ဆွေတွေရဲ့ ကားကြီးမဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းနေမိတော့တယ်''

(ဖုန်းမြည်သံ)
''ဟယ်လို… ရဲအုပ်မောင်ဝင်းပြောနေပါတယ်''
''ဟုတ်ကဲ့ဆရာ… ကျွန်တော်ပုသိမ်မြို့က အပိုင်စခန်းမှူးပါ ဆရာမောင်ဝင်းလာမယ်ဆိုလို့ ကျွန်တော်တို့ကားဂိတ်မှာ စောင့်နေခဲ့တာကြာပါပြီဆရာ… အဲ့ဒါ ဆရာဒီနေ့ လာဖြစ်မလာဖြစ် သိချင်လို့ဖုန်းဆက်ကြည့်တာပါ''
''သြော်… ဟုတ်ကဲ့ပါ… ကျုပ်အခုပဲလာခဲ့ပါ့မယ်''
''လေးစားပါတယ်ဆရာမောင်ဝင်း''
''လေးစားပါတယ်''

''ကဲ… ကိုထိန်ဝင်းရေ ဒီအမှု့ပြီးမှ လိုရာခရီးကိုသွားတော့မယ်လို့ တွေးထားပေမယ့် အခုပုသိမ်မြို့က ရဲအရာရှိတွေ ကျုပ်လာမယ်ဆိုလို့ ကားဂိတ်မှာလာစောင့်နေကြတယ်တဲ့''
''ဟုတ်ကဲ့ဆရာ… ဆရာသွားစရာရှိတဲ့ ခရီးကိုသွားပါဆရာ ဒီမှာကျွန်တော်ဆက်လုပ်ထားလိုက်ပါ့မယ် ဆရာမောင်ဝင်း ပုသိမ်က အပြန်ဝင်လာခဲ့ဖို့သာ ကျွန်တော်မျှော်လင့်ပါမယ်'
''စိတ်ချပါ… ကျုပ်ပြန်ဝင်လာဦးမှာပါ… ကိုထိန်ဝင်းရဲ့ တာဝန်ကျေတဲ့အကြောင်းတွေကိုလဲ ကျုပ်မောင်ဝင်းသိသင့်သလောက် သိထားပါတယ်… ကဲဒါဆိုကျူပ်ကို ခွင့်ပြုဦး''
''ဟုတ်ကဲ့ဆရာ''
''ဆရာ… ကျုပ်တို့သားဖကရော ပြန်လို့ရပြီလား''
''သြော်… ရပါပြီဗျ… ကျွန်တော်တို့လိုအပ်တဲ့ အချိန်ကျရင်တော့ ခေါ်ပါရစေနော်… အခုလိုအကြောင်းကြားပေးတာ ခင်ဗျားတို့သားဖနှစ်ယောက်ကို ကျေးဇူးတင်ပါတယ်''
''ရပါတယ်ဗျာ… ဒါဆိုကျုပ်တို့သွားမယ် ဒါကျုပ်တို့ဖုန်းနံပါတ်ပါ လိုအပ်တဲ့အချိန် ဆက်သွယ်လို့ရပါတယ်''
''ကောင်းပါပြီဗျာ… ကောင်းပါပြီ''

မသင်္ကာစဖွယ်တိမ်းမှောက်နေခဲ့သော အဝေးပြေးလမ်းမကြီး၏ ဇောက်နက်နက် လမ်းနံဘေးတွင် ယာဉ်တိမ်းမှောက်မှု့နှင့်ပတ်သတ်ပြီး ရဲအုပ်မောင်ဝင်းတစ်ယောက် ထိုအမှု့ပြီးဆုံးသွားမှသာလျင် မိမိ၏လိုရာခရီးသို့ ဆက်လက်သွာမည်ဟု ရည်ရွယ်ထားခဲ့သော်လည်း ယခုအခါ မိမိအား မျှော်လင့်စောင့်စားနေခဲ့သည့် ပုသိမ်မြို့မှရဲအရာရှိများအား အားနာသောအားဖြင့် ထိုအပိုင်ရဲအရာရှိ ကိုထိန်ဝင်းအား နှုတ်ဆတ်လျက် ပုသိမ်မြို့ဆီသို့ ချက်ချင်းပင်ထွက်ခွာသွားခဲ့ချေသည်။

ကားကြီးတိမ်းမှောက်နေခဲ့သော ပုံစံများအား မှတ်တမ်းတင်ဓာတ်ပုံများရိုက်လျက် တစ်ချို့သော ပုံများအား နေ့ချင်းပင်လျင် သတင်းဌာနများသို့ ပေးပို့စေခဲ့သည်။ ကားနံပါတ်မရှိသည်ကြောင့် ကားပိုင်ရှင်အား လွယ်ကူစွာဖြင့် ဆက်သွယ်၍မရနိုင်ချေ။ ထို့ကြောင့် ကားပိုင်ရှင်သာလျင် ကားကြီးတိမ်းမှောက်နေခဲ့သော သတင်းအား ဖတ်ရှု့မိလျင် သူ၏ကားအား ကောင်းစွာ မှတ်မိချေနိုင်သည်။ ဤသို့ဆိုလျင် ကားကြီးတိမ်းမှောက်မှု့နှင့် ပတ်သတ်ပြီး ကားပိုင်ရှင်သို့မဟုတ် ကားကြီးနှင့်ပတ်သတ်သူ တစ်ဦးတစ်ယောက် မိမိတို့၏ရဲဌာနများသို့ ဆက်သွယ်လာချေနိုင်သည်။

 ထို့ကြောင့် ရဲအုပ်မောင်ဝင်း ထွက်ခွာသွားခဲ့သည်နှင့် အပိုင်ရဲအရာရှိဟာလည်း ဆက်လက်လုပ်ဆောင်စရာရှိသည်များအား လုပ်ဆောင်လျက် ကားကြီး၏ပိုင်ရှင် မိမိတို့အား အကြောင်းကြားလာမည့်အချိန်ကိုသာ စောင့်စားမျှော်လင့်နေခဲ့လေတော့သည်။

                               ***
ဆရာဝန်ကြီးစွန်ရဲနိုင်နှင့် ဒေါက်တာရဲမောင်အပါအဝင် ဆေးရုံရှိဆရာဝန် ဆရာမများမှာ ဆေးရုံ၏အကြောင်းအား မည်သည့်အရာတစ်ခုမှ သိရှိမထားခဲ့သော တိမ်းမှောက်နေခဲ့သည့် ကားကြီးအတွင်းမှ ဆေးရုံဆီသို့ ရောက်ရှိလာခဲ့သော လူငယ်များအား အိပ်ဆေးပြင်းပြင်းထိုးလျက် နေ့လည်ခင်းတစ်ချိန်လုံးအား ကုန်ဆုံးထားစေခဲ့သည်။ လူငယ်များဟာလည်း ထိုသို့သော ဟန်ဆောင်ကောင်းလှသည့် ခန့်ခန့်ညားညားဆရာဝန်များအား မြင်တွေ့လိုက်ရသည်နှင့် လွန်စွာမှပင် အားကိုးကာ ပြုသမျှခံယူလေခဲ့သည်။

ထို့ကြောင့် ယခုအခါ ပထမအထပ်၌ ပြန်လည်သတိလည်လာခဲ့သော လူငယ်များအား ပြင်းလွန်းလှသော အိပ်ဆေးများ ထိုးထားနိုင်ခဲ့ချေသည်။ နေ့လည်ဘက်တွင်မူ ဆေးရုံရှိဆရာဝန်များမှာ အလှည့်ကျအနားယူလျက် ဆေးရုံကြီးတစ်ခုလုံး၏ ပတ်ဝန်းကျင်အား လူသတ်သမား မောင်စန်းမြင့်မှ အဓိကတာဝန်ယူ စောင့်ရှောက်စေခဲ့သည်။ ဝိဥာဉ်မလေး သီရိမေဟာလည်း တစ်ဖက်တစ်လှမ်းမှ ထိုဆေးရုံနားသို့ လူသားများမကပ်နိုင်ရန် ခြိမ်းခြောက်စေလွတ်ခဲ့သည်။

ထို့ကြောင့် နေ့လည်ဘက်တွင်မူ ထိုဆေးရုံကြီးဟာ လွန်ခဲ့သော ၁၅နှစ်ခန့်မှ ပိတ်ထားခဲ့သော ဆေးရုံကြီးအတိုင်းတည်ရှိနေလေခဲ့ပြီး ညဘက်အချိန်ခါမှသာ မီးအရောင်တချို့ ထွန်းလင်းလိုက်သောကြောင့် မသည်းမကွဲ အဝေးတစ်နေရာမှ မြင်တွေ့စေနိုင်သည်။ သို့သော် ထိုမီးရောင်များအား မြင်တွေ့ခဲ့ဘူးသော သာမာန်လူတစ်ချို့မှာမူ လူနေအိမ်သာလျင်ဖြစ်မည်ဟု တွေးထားခဲ့ရင်း သတိမမူခဲ့ချေ။

 နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ ဆေးရုံရှိလူသတ်ဆရာဝန်များဟာလည်း ထိုဆေးရုံဟာ ပိတ်ဆို့ခြင်းခံထားရသော ဆေးရုံတစ်ခုမဟုတ်သကဲ့သို့ သာမာန်ဆေးရုံတစ်ခုအသွင်ဖြင့် အတင့်ရဲစွာ ထိုဆေးရုံအတွင်း၌ ယခုကဲ့သို့ ရက်စက်မှု့များ ပြုလုပ်စေခဲ့သည်။

လွန်ခဲ့သော(၁၅)နှစ်ခန့်မှ ထိုဆေးရုံ၏အတွင်းကျကျ အကြောင်းများအားလည်း သတ်ဆိုင်ရာမှသာလျင် ကောင်းစွာသိရှိထားစေခဲ့ပြီး တစ်ခြားသော ပြည်သူများမှာမူ ထိုဆေးရုံ၏အကြောင်းများအား ရှင်းလင်းစွာမသိရှိခဲ့ချေ။

လွန်ခဲ့သော (၁၅)နှစ်ခန့်မှ ထိုဆေးရုံဟာ အချက်ချာကျသော နေရာတွင်တည်ရှိနေခဲ့သော်လည်း ယခုအခါ အလွန်ပင်ခေါင်ခိုက်သည့်နေရာဟု သတ်မှတ်ထားချေနိုင်သည်။ ဆေးရုံ၏တည်နေရာမှာ လေးဘက်လေးလံ၌ သက်တမ်းရှင့် အပင်အိုကြီးမှာ အုပ်စိုင်းနေခဲ့သည်ကြောင့် တော်ရုံတန်ရုံမမြင်တွေ့နိုင်ချေ။ မြေပြင်ပေါ်၌ ဝမ်းလျားအနေထားဖြင့် ဝပ်လျက်ကြည့်မှသာလျင် ရှင်းလင်းစွာမြင်တွေ့စေနိုင်ခဲံ့သည်။

''ကဲစွန်ရဲ… မင်းလဲတစ်ညလုံး မနားရသေးဘူးမဟုတ်လား သွားနားလိုက်တော့လေ… အခုချိန်လောက်ဆို ဖြူလေးလဲ သတိရလောက်ရောပေါ့''
''နားလို့မဖြစ်သေးပါဘူး အခုပျောက်နေတဲ့ တစ်ယောက်ကိုတွေ့မှဖြစ်မယ် မဟုတ်ရင် ငါတို့အားလုံးအတွက် အန္တရယ်ဖြစ်လာနိုင်တယ်''
''အဲ့လောက်ထိလဲ မဆိုးရိမ်ပါနဲ့ကွာ ဒီကောင်လေး ဆေးရုံထွက်ပေါက်ကို ရှာမတွေ့နိုင်သေးပါဘူး အပေါက်မှားထွက်မိရင်တော့ သူ့ဒိုက်နဲ့သူ့ကံပေါ့… မင်းတပည့်စန်းမြင့်တစ်ယောက်လုံး ရှိနေတယ်မဟုတ်လား… စိတ်အေးအေးထား ငါတို့အားလုံးလဲ သူ့ကိုအခုလိုက်ရှာမယ် မင်းကတော့ အခန်းထဲမှာပဲ သွားနားနေလိုက်တော့နော်''
''အေးပါကွာ သန်းနိုင်လဲ တော်တော်လေးအထိနာသွားတယ် ဘယ်ကောင့်လက်ချက်လဲတော့မသိသေးဘူး''
''အေးကွ သူပြောတော့လဲ ပျောက်နေတဲ့ ကောင်လေးမဟုတ်ဘူးဆိုတော့ ဟို… သီရိမေများလား''

''အင်း… ဖြစ်နိုင်တယ် ဆေးရုံပတ်ဝန်းကျင် နယ်တွေမှာလည်း ပိတ်ထားတဲ့ဆေးရုံအဟောင်းကြီးမှာ သရဲမတစ်ကောင် သောင်းကြမ်းနေတယ်လို့ ပြောနေကြတယ်… ဘာပဲဖြစ်ဖြစ် သီရိမေကို ထိမ်းချုပ်နိုင်တဲ့ စန်းမြင့်ကိုတော့ ပြောထားမှဖြစ်မယ်''
''ကဲဟုတ်ပြီသူငယ်ချင်း မင်းအပေါ်သွားတော့ ညကျရင်လဲ ငါတို့လုပ်စရာတွေရှိသေးတယ် မင်းပင်ပန်းနေလိမ့်မယ် … ငါတော့ ဒုတိယအထပ်က ကောင်လေးကို ခဏဝင်ကြည့်ပြီး ပျောက်နေတဲ့ ကောင်ကို မြေလှန်ရှာမယ်''
''ရဲမောင် အစစဂရုစိုက်နော်''
''အေးပါကွ… ငါ့အတွက်မပူပါနဲ့''

                             ****
''အား… ''
''ထီးလေ… လမ်လေး''
တမ်းတမိ၏။ မိမိ၏သူငယ်ချင်းဖြစ်သူများ။ တန်ခိုး ထိုသူဟာ အင်မတန်မှခေါင်းမာသူ တစ်ဦးဖြစ်သည့်အလား လွန်စွာမှ အပေတေခံနိုင်သူတစ်ယောက်လဲ ဖြစ်သည်။ ကားကြီးတိမ်းမှောက်မှု့ဖြင့် ဦးခေါင်းကွဲရှသွားသည့်အလား ဒေါက်တာသန်းနိုင်၏ရိုက်ချက်ဖြင့်လဲ အပြင်းထန်းဦးခေါင်း၌ ဒဏ်ရာရရှိထားသေးသည်။

ထို့ကြောင့်လည်း ယခုအချိန်၌ သူတစ်ယောက် လွန်စွာသွေးအားနည်းနေခဲ့သည်။ သို့သော်လည်း ယခုနေ့လည်ခင်း၌ ပြန်လည်သတိတစ်ချက်လည်လာခဲ့သည်။ သံကုတင်းပေါ်၌ လူးလိမ့်ရင်း သူ၏မျက်လုံးတစ်စုံ စုံဖွင့်လိုက်သည်။ သေချာလေသည်။ ထိုအချိန်ဟာ နေ့လည်ခင်းပင်ဖြစ်လိမ့်မည်။ သံကုတင်းပေါ်မှ လျင်မြန်စွာထလိုက်၏။ အခန်းပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်သည်။ လူသတ်လက်နတ်ပစ္စည်းမှအပ မည်သည့်အရာတစ်ခုမှ မတွေရှိရ။

ထိုဆေးရုံ၏အကြောင်းများအား မိမိ၏ပြောဆိုမှု့ဖြင့် သူငယ်ချင်းထီးလေး သိရှိသွားပြီ။ သို့သော် သူတစ်ယောက် ယခုအချိန်၌ အဘယ်ဆီသို့ရောက်ရှိနေသနည်း။ ကျန်ရှိနေသော သူငယ်ချင်းဖြစ်သူများသည်လည်း အသက်ရှင်လျက်မှ ရှိနေကြသေးရဲံ့လား။ ထိုသို့သော အတွေးများစွာ တွေးလျက် လှုပ်ရှားနေသော သူ၏စိတ်အား တည်ငြိမ်စေရန် ထိမ်းချုပ်ထားရသည်။ အခန်းအတွင်း၌ အဆက်သွယ်ပြုလုပ်နိုင်မည့် အရာများအား လိုက်လံရှာဖွေခဲ့သေးသည်။ သို့သော်မတွေ့။

ထိုအခန်းအတွင်း၌ပိတ်ထားခဲ့သော ပြတင်းပေါက်တံခါးများအားလည်း သူတစ်ယောက် တွန်းလျက် ဖွင့်ကြည့်သေးသည်။ သို့သော်မပွင့် အပြင်မှ ကန့်လန့်အနေထား ဂျက်ထိုးထားသည်။ အခန်းအပြင်သို့ထွက်မည်။ ဆေးရုံကြီးအတွင်းမှ လွတ်မြောက်နိုင်ရန် သူတစ်ယောက်ကြိုးစားခါမှ သူငယ်ချင်းများအား ကယ်တင်နိုင်မည်ဖြစ်သည်။ ထိုသို့တွေးတောရင်း မူးနောက်နေသော အာရုံများနှင့် အခန်းတံခါးပွင့်စေခါ အပြင်သို့ခြေလှမ်း စတင်လှမ်းလိုက်၏။

''ကဲစွန်ရဲ… ငါအခန်းထဲခဏဝင်ကြည့်ဦးမယ်… မင်းသွားတော့နော်''
ဒုတိယအထပ်သို့ ဒေါက်တာရဲမောင်နှင့် နပ်စ်မလေးနှစ်ဦး ဓာတ်လှေကားအတွင်းမှ ထွက်လာခဲ့ရင်း ဓာတ်လှေကားအတွင်း၌ ရှိနေသော ဆရာဝန်ကြီးအား နှုတ်ဆတ်နေခဲ့သည်။ ထိုစကားသံများနှင့် ထိုသူများအား တွေ့ရှိလိုက်ရသည်ကြောင့် တန်ခိုးတစ်ယောက် မည်သို့ပင်ရှေ့ဆက်ရမည်နည်း။ ဘေးဘယ်ညာသို့ ခပ်သွက်သွက်ကြည့်လိုက်ရင်း အရေးပေါ်ခန်းအတွင်းသို့သာ ပြန်လည်ဝင်ပြေးလေခဲ့သည်။

အဘယ်သို့ပြုလုပ်ရမည်နည်း။ အရေးပေါ်ခန်းအတွင်းသို့ ဒေါက်တာရဲမောင်တစ်ယောက် ရောက်ရှိလာတော့မည်မှာ သေချာလှသည်။ သူတစ်ယောက်စဉ်းစားနေမိ၏။ လက်ရုံးရည်အား အားကိုးရမည်လား။ ထိုသို့ဆိုလျင် မဖြစ်သေး။ ပရိယာယ်များသော ထိုသူများကြောင်း မိမိတစ်ယောက် ကိုယ်တွေ့ကြုံထားဘူးခဲ့သည်။ ထို့ကြောင့် လက်ရုံရည်ဖြင့် မတိုက်ခိုက် ပရိယာယ်နှင့်သာ တိုက်ခိုက်တော့မည်။ သို့နှင့် သံကုတင်အပေါ်၌ မေ့မျောခြင်းယောင် ပြန်လည်လဲလျောင်း နေခဲ့လေသည်။

မိမိတစ်ယောက် သေချင်ယောင်ဆောင်ခဲ့ဘူးသည်။ နှစ်တစ်ရာသက်ဝင်မြေးဘွာနှင့် အောက်လမ်းမာယာဖြစ်ရပ်ဆန်း၌ ယခုအခါမှုမူ ထိုသို့ပြန်လည်ဟန်ဆောင်စေရင်း အရေးပေါ်ခန်းဆီသို့ ဦးတည်ဝင်ရောက်လာမည့် ဒေါက်တာရဲမောင်အား စောင့်စားနေလိုက်သည်။

တန်ခိုးတစ်ယောက် သံကုတင်ပေါ်၌ လဲလျောင်းနေခဲ့ပြီး ခဏအကြာ ဒေါက်တာရဲမောင်နှင့်အတူ နပ်စ်မလေးနှစ်ဦးသည်လည်း အရေးပေါ်ခန်းအတွင်းသို့ စိုက်မြိုက်စွာဝင်ရောက်လာချေသည်။ အရေးပေါ်ခန်းအတွင်းသို့ ဒေါက်တာရဲမောင်တစ်ယောက် ဝင်လာလာသည်ဆိုလျင်ပဲ သံကုတင်းပေါ်၌ မေ့မျောချင်ယောင်ဆောင်လျက်ထားသော တန်ခိုးအား ဘုကြည့်ကြည့်လျက် သူ၏ခေါင်းအား ငြိမ့်နေလိုက်သည်။

''အင်း… ဒီကောင်ကတော်တော်လည်တာပဲ ဟင်းဟင်း မင်းလည်သလောက်ကတော့ ရဲမောင်ဆိုတဲ့ငါက ငါ့ကိုယ်ငါ နုံလှချည်လားလို့ အပြစ်တင်နေမိတဲ့ အချိန်လောက်ပဲ ရှိမှာပါကွာ… ဟားဟားဟား… သိပ်လည်ချင်တဲ့ကောင်ကို ပညာကောင်းကောင်းပေးရတာပေါ့''

မိမိတစ်ယောက် ယခုအခါ မေ့မျောချင်ယောင်ဆောင်ထားခဲ့သော အကြောင်းများအား ဒေါက်တာရဲမောင်တစ်ယောက် ကြိုတင်ကာ သိရှိထားခဲ့လေသလား။ တန်ခိုး၏သံကုတင်းအား လှည့်ပတ်လျက် နှုတ်မှထိုသို့ပြောဆိုနေခဲ့သည်။ ထို့နောက် တန်ခိုး၏လည်ပင်း သွေးကျောမကြီးအား လက်ဖြင့်အသာစမ်းလိုက်ရင်း

''အင်း… သေတော့မသေသေးပါလား… ကဲဆရာမ… စလင်းပေး… ဒီကောင့်ကို ဒုက္ဒီတဖြစ်အောင်လုပ်ထားမှ ဖြစ်မယ်''

အဘယ်သို့တုန့်ပြန်ရမည်နည်း။ နပ်စ်မတစ်ဦးဆီမှ ဆေးထိုးအပ်အား တောင်းယူလျက် မိမိအား ထိုးသွင်းစေတော့မည်။ တိုက်ခိုက်လျက် ထွက်ပြေး၍လည်းမဖြစ်သေး။ ဆေးရုံအတွင်း၌ မိမ်၏ သူငယ်ချင်းဖြစ်သူများအား ကယ်တင်ပေးချင်သေးသည်။ ထို့ကြောင့် မိမိအားမည်သို့ပင်ပြုလုပ်မည်နည်းဟု စောင့်ကြည့်နေခဲ့ရင်း ကြံခင်းနယ်ဖြစ်ရပ် ဖုတ်ကောင်ကြီးအား ဦးဆောင်နိမ်နင်းပေးခဲ့သော မှော်ဆရာကြီးဦးလန်ဘားထံမှ သွေးကျောများအား ထိမ်းချုပ်နိုင်သော တရုတ်ပညာရပ်အား သူတစ်ယောက်သင်ယူထားခဲ့ဘူးသည်။

အချိန်ကျလေပြီ။ ထိုပညာရပ်အား အသုံးချလျက် ကာကွယ်ရမည်လား။ သို့သော်လည်း မှော်ဆရာကြီးဦးလန်ဘားမှာ ထိုပညာရပ်အား ဆုံးခန်းတိုင်ထိ မသင်ကြားနိုင်ခဲ့ ဖုတ်ကောင်ကြီး၏လက်ချက်ဖြင့် အသက်ပေးသွားခဲ့ရသည်။ မိမိသည်လည်း ထို့ကြောင့် တရုတ်သွေးကြောထိမ်း ပညာရပ်အား ပြည့်စုံစွာ မတတ်မြောက်နိုင်ခဲ့ချေ။ ထို့ကြောင့် ထိုပညာရပ်ဖြင့် ကာကွယ်ပြန်လျင်လည်း ထိရောက်မှု့ရှိမည်မဟုတ်။

 ယခုအချိန်ဟာ စိတ်လိုက်မာန်ပါပြုမူတတ်သော တန်ခိုးတစ်ယောက် များစွာစဉ်းစားနေခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ စဉ်းစားမနေချင်တော့ချေ။ ကျွမ်းကျင်စွာတတ်မြောက်ထားသည့် မိမိ၏ကိုယ်ခံပညာကိုသာ အသုံးချချင်နေပြီ။ ထို့ကြောင့် ဆေးထိုးအပ်အား ကိုင်ဆောင်ထားပြီး မိမိ၏လက်မောင်သွေးကြောဆီသ်ို့ ထိုးသွင်းရန်ဟန်ပြင်နေသော ဒေါက်တာသန်းနိုင်အား တန်ခိုးတစ်ယောက် လျင်မြန်စွာတိုက်ခိုက်လိုက်ချေသည်။

ပြင်းထန်လှသော တန်ခိုး၏ ညာခြေကန်ချက်ကြောင့် ဒေါက်တာရဲမောင်မှာ အခန်းဒေါင့်လေးဆီသို့ အရှိန်ပြင်းစွာရောက်ရှိသွားရင်း နံရံနှင့်ဦးခေါင်း တိုက်မိခါ သွေးများစွာထွက်လျက် လဲကျသွားခဲ့သည်။ ထို့နောက် နပ်စ်မလေးနှစ်ဦးမှာလဲ အခန်းအပြင်သို့ အပြေးထွက်မည်အလုပ် နပ်စ်မတစ်ဦးအား လက်ဝါးစောင့်ဖြင့် ရိုက်နှပ်စေခဲ့သည်။ သူမသည်လည်း ထိုနေရာ၌ လဲကျသွားခဲ့ပြီး ကျန်ရှိနေသော နပ်စ်မတစ်ဦးမှာ သူမအား အသေမသတ်ရန် တန်ခိုးထံ၌ တောင်းဆိုလေခဲ့သည်။

''အောင်မာ… မင်းတို့အလှည့်ကျတော့ သေရမှာတော်တော်ကြောက်နေပုံပဲ… ကောင်းပြီ မင်းကိုမသတ်ဘူး ငါ့သူငယ်ချင်းတွေရှိနေတဲ့ နေရာ ငါ့ကိုလိုက်ပြ''
''ဟုတ်… ဟုတ်ကဲ့ပြ… ပြပါ့မယ် ကျွန်… ကျွန်မကိုမသတ်ပါနဲ့နော်''
''မသတ်ပါဘူး… အေး… ရုတ်ရုတ်လုပ်မယ်တော့ မကြံနဲ့ ဒီမှာတွေ့လား… လာ''

ဒေါက်တာရဲမောင်တစ်ယောက် ပြုတ်ကျသွားခဲ့သော ဆေးထိုးအပ်အား ကောက်ယူလျက် နပ်စ်မလေးအားချိန်ဆခါ အရေးပေါ်ခန်းအတွင်းမှ ထွက်ရောက်စေခဲ့သည်။ ထိုဆေး မည်မျှပင် ပြင်းထန်ကြောင်းအား ထိုနပ်စ်လေးအသိဆုံးပင် ဖြစ်ချေလိမ့်မည်။ ထို့ကြောင့် တန်ခိုး၏ပြောဆိုခဲ့သော စကားများအား နားထောင်လျက် ပထမထပ်မှ သူ၏သူငယ်ချင်းဖြစ်သူများ ရှိနေရာဆီသို့ လိုက်လံပြသရန် ဓာတ်လှေကားဆီသို့ ဦးတည်သွားရောက်ချေခဲ့သည်။

                            ******
* အရေးပေါ်ခန်းအတွင်းမှ ထွက်ရောက်သွားနိုင်ခဲ့သော တန်ခိုးတစ်ယောက် သူ၏ သူငယ်ချင်းဖြစ်သူများအား ကယ်တင်ပေးနိုင်မည်လား။

* ထိုနယ်အတွင်းမှ လိုရာခရီးဆီသို့ ထွက်ရောက်သွားခဲ့သော မိတ်ဆွေရဲအုပ်မောင်ဝင်းသည်လည်း ထိုနယ်လေးဆီသို့ ပြန်ရောက်လာနိုင်မည်လား။

* ထောက်ချောက်အတွင်းသို့ ကျရောက်သွားခဲ့သော လူငယ်တစ်ဦးနှင့် သူ၏ သူငယ်ချင်းဖြစ်သူများ မည်သို့ပင် ဆုံတွေ့လာမည်နည်း။

* ဆေးရုံအတွင်းမှ ထွက်ရောက်နိုင်ကြမည်လား။ မည်သူများ အသက်ရှင်လျက် ထွက်ရောက်နိုင်ကြမည်နည်း။

* အရေးကြုံတိုင်း တိုက်ဆိုင်စွာရောက်ရှိလာတတ်သော မိတ်ဆွေအစ်ကိုအောင်နှင့်လည်း ထိုဆေးရုံအတွင်း၌ မည်သို့ပင် ဆုံတွေ့လာကြဦးမည်နည်း။

 … … … … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၁၃)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်…

                             *****
          ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                        (၂၅.၂.၂၀၁၆)
             မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
                  ဆက်လက်၍ဖော်ပြပေးပါမည်။
                      စာရေးသူ-ထီးကလေး
                 (ရင်နှင့်ရင်း၍ရေးသားသည်)





No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages