အပိုင်း(၇) ဖုတ်ကောင် - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၇) ဖုတ်ကောင်

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                          ဖုတ်ကောင်
                           အပိုင်း (၇)
                စာရေးသူ - ထီးကလေး
            (ရင်နှင့်ရင်း၍ရေးသားသည်)
                                **

အသင့်ရှိနေသည့် ခြောက်လုံးပြူးသေနတ်ဖြင့် နယ်ထိန်းကြီးမှာ ချိန်ဆထားခဲ့ပြီး တားဆီးနေခဲ့သော်လည်း ဖုတ်ကောင်ကြီးမှာ လာရာလမ်းအတိုင်း လာနေခဲ့သည်ကြောင့် ဘုန်းကြီးမှာ အရူးတစ်ယောက်ဟု ထင်မြင်နေခဲ့ပြီး ရွာဝင်လမ်းအတိုင်း ဖုတ်ကောင်ကြီးနှင့် ထိပ်တိုက်တွေ့ရန် ဖြေးညှင်းစွာလျောက်လှမ်းသွားလေသည်။ မသည်းမကွဲအမှောင်ရိပ်ကြောင့် ဖုတ်ကောင်၏မျက်နှာအား ကောင်းစွာမမြင်ရပဲ ဖုတ်ကောင်ကြီးနှင့် ငါးပေမျှကျော်မျှ နီးကပ်လာသည်နှင့် ဘုန်းကြီးမှာ
' ဒကာကြီး … ဘုန်းကြီးက ဒီရွာရဲ့ ကျောင်းထိုင်ဘုန်းကြီးပါ ဒကာကြီးရွာထဲကိုဝင်မလို့လား'

မျက်လွှာလေးအား ချထားကာ အေးဆေးလှသော လေသံ ၊ တည်ကြည်လှသော မေတ္တာစကားနှင့် ပြောဆိုလိုက်သော ဘုန်းကြီး၏ပြောစကားများကိုလဲ ဂရုမစိုက်၊ ဘုန်းကြီး၏ အနားသို့နီးကပ်စွာရောက်ရှိလာသည်နှင့် ဖုတ်ကောင်ကြီးမှာ ရပ်တန့်လိုက်သည်။ ထို့နောက် သွေးဆာနေသည့် အော်ဟစ်သံပင်လား ကျယ်လောင်စွာအော်ဟစ်လိုက်လေပြီ။
ထိုမြင်ကွင်းအား မြင်တွေ့နေရသည့် ဦးသိပ္ပနှင့်သူ၏တပည့်များမှာတော့

'' ဟာ … ဘုန်းကြီးကတော့ သေတော့မှာပဲ''
ပုန်းကွယ်နေသည့်လျိုထဲမှ အရူးတစ်ယောက်ဟု ထင်မြင်ကာပြောဆိုနေသော ဘုန်းကြီးအတွက် စိုးရိမ်ပူပန်မိရင်း လျိုအတွင်းမှ ဦးသိပ္ပတစ်ယောက်ထွက်မည်အလုပ်
''ဟာ … ဆရာ … ဆရာထွက်လို့မဖြစ်ဘူးလေ … ဆရာပါဒုက္ခရောက်သွားမှာပေါ့ မထွက်ပါနဲ့ဆရာရယ်''

ဆရာဖြစ်သူဦးသိပ္ပ ၏ လက်အား တင်းကြပ်စွာဆုပ်ကိုင်လိုက်ရင်း လျိုအတွင်းမှမထွက်ရန် တပည့်ဖြစ်သူ ဒီပတစ်ယောက် လျင်မြန်စွာတားဆီး သတိပေးလိုက်ခြင်းကြောင့် ဦးသိပ္ပတစ်ယောက်မှာတော့ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်ပြီး လျိုအတွင်း၌ ဘုန်းကြီးနှင့်ဖုတ်ကောင်တို့အား စိတ်လှုပ်ရှားစွာဖြင့် စောင့်လျက်သာကြည့်နေရတော့သည်။

သွေးဆာနေသော ဖုတ်ကောင်ကြီး၏အော်ဟစ်သံအား ဘယ်သော်အခါမှမကြားခဲ့ဘူးသော် ဘုန်းကြီးမှာ မိမိအရှေ့တွင်ရှိနေသော ဖုတ်ကောင်ကြီးအား စူးစိုက်ကြည့်မိလိုက်သည်။ အသားအရည်ခြောက်ခန်းနေကာ အရိုးမျှသာရှိနေသည့် မျက်နှာပြင်အား မြင်တွေ့လိုက်ရပြီး ဘုန်းကြီးမှာ အံ့သြကြီးစွာရပ်ကြည့်နေခဲ့မိပြန်သည်။ ထို့နောက်ဖုတ်ကောင်ကြီးမှာ အစွယ်များပေါ်အောင် ပါးစပ်အားဟလျက် ဆန့်တန်းထားသည့် သူ၏လက်ဖြင့် ဘုန်းကြီး၏လည်ပင်အား ကိုင်မြောက်ခါ လည်ပင်မှသွေးကြောမကြီးအား စုတ်ယူရန်ဟန်ပြင်လေတော့သည်။

ဘုန်ကြီးနှင့်ဖုတ်ကောင်တို့၏ အဖြစ်အပျက်မြင်ကွင်းအား အဝေးမှလှမ်းမြင်နေရသည့် နယ်ထိန်းအရာရှိကြီးနှင့်အတူ ပရိတ်တရားရွတ်ဖတ်နေသည့် သံဃာတော်များအပါအဝင် ရွာသားများမှာ ဘုန်းကြီးနှင့်ဖုတ်ကောင်တို့၏ အနီးမဝေးအနားသို့အပြေးရောက်လာကြပြီး။ နယ်ထိမ်းကြီးနှင့် ရဲသားများမှာ ဘုန်ကြီးအား ထိုသို့မပြုလုပ်ရန် ပြောဆိုလိုက်လေသည်။ သို့ပေမယ့် လူ့စကားနားမလည်နိုင်သည့် တရုတ်လူမျိုးဖုတ်ကောင်ကြီးပင်ဖြစ်ပြီး ဗုဒ္ဓဘုရား၏တရားတော်များအားလည်း ဂရုမစိုက်ကြောက်လန့်ခြင်းမရှိသည့် ဖုတ်ကောင်ကြီးမှာတော့ ပြုမြဲသာပြုမူနေလေခဲ့သည်။ ထို့ကြောင့် ရဲအရာကြီးမှာ မိမိ၏နောက်လိုက် ရဲဘော်များအား အချက်ပြစေပြီး ဖုတ်ကောင်ကြီးအား သေနတ်များဖြင့် စတင်ပစ်ခတ်လေတော့သည်။

သေနတ်ကျည်ဆံ၏ ပြင်းထန်လှသော အရှိန်ကြောင့်သာ ဖုတ်ကောင်ကြီးမှာ အနောက်သို့ တွန်ဆုတ်လျက်ဖြစ်နေသောလည်း နာကျင်ခြင်းမရှိ။ လက်အတွင်းမှ သွေးစုတ်ရန်သားကောင်ဖြစ်သော ဘုန်းကြီးကိုသာ သွေးစုတ်လေတော့သည်။ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်စွာ တစ်ဆက်စက်တုန်ခါလျက် ဘုန်းကြီးမှာတော့ ဖုတ်ကောင်ကြီး၏ သွေးစုတ်ခံရခြင်းကြောင့် သေဆုံးသွားခဲ့လေပြီ။ ထို့နောက်ဖုတ်ကောင်ကြီးမှာ သေဆုံးသွားသည့် ဘုန်းကြီးအား မြေပြင်ပေါ်သို့ပစ်ချလိုက်ပြီး မိမိအားသေနတ်များဖြင့် ပစ်ခတ်နေသော ရဲများနှင့်ရွာသာများအနားသို့ လျင်မြန်ခုန်ပေါက်စွာ ဦးတည်နေပြန်သည်။ နှုတ်မှကျယ်လောင်စွာနှင့်လည်း အော်ဟစ်နေခဲ့ပြီး မည်သည့်အခါမှ အတွေးထဲ၌မရှိခဲ့ဘူးသော သွေးစုတ်ဖုတ်ကောင်ကြီးအား မျက်ဝါးထင်ထင်မြင်တွေ့နေရသည့် ရွာသားများဟာ ပါးစပ်အဟောင်းသား မျက်လုံးများပြူးလျက် အံ့သြကြီးစွာ စိုက်ကြည့်နေခဲ့သည်။

ထိုသို့ဖြစ်ပျက်နေသော ရွာသားများနှင့် ဘုန်းကြီးတစ်ချို့အား ဖုတ်ကောင်ကြီးမှာ ပြင်းထန်စွာတိုက်ခိုက်လျက် အထိနာသွားကာ ပြေးလွှားခြင်းမရှိတော့သော ရွာသားများအား ဖမ်းယူသွေးစုတ်လေတော့သည်။ မိုးလင်းစပြုလာသည့် အချိန်မှာပင် ရွာသားလေးယောက်နှင့် ကျောင်းထိုင်ဘုန်းကြီးအား သတ်ဖျက်သွေးစုတ်ခဲ့ပြီး ဖုတ်ကောင်ကြီးမှာ လာရာလာအတိုင်း ပုန်းခိုနေရာ ရွာတောင်ပိုင်းဂူကြီးအတွင်းသို့ ပြန်လည်ထွက်ခွာမည်အလုပ် ရွာရှိခွေးတို့မှာလည်း ဖုတ်ကောင်ကြီးအား ဝိုင်းဟောင်းလျက် ကိုက်ကြလေတော့သည်။

သို့ပေမယ့် ဖုတ်ကောင်ကြီး၏တစ်ချက် ပြန်လည်တိုက်ခိုက်လိုက်လျင် ခွေးများမှာ အသတ်ပါလျင်ပျောက်ကွယ်သွားခဲ့ရသည်။ ရွာရှိခွေးများထဲတွင် မအေးမြင့်၏ ခွေးလေးဂျက်ကီးသည်လဲ ရွာသားများကဲ့သို့ ဖုတ်ကောင်ကြီးအား မိမိတတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းတိုက်ခိုက်ပေးလေသလား။ ဖုတ်ကောင်ကြီးအား အဝေးမှခုန်အုပ်လျက် ကိုက်မည်အလုပ် ဖုတ်ကောင်ကြီးမှာ ဒေါသထွက်သွားကာ ခွေးလေးဂျက်ကီအား ချွန်ထက်လှသော သူ၏လက်သည်းဖြင့် ကုတ်ဖဲ့မိသွားခဲ့လေသည်။

ထို့နောက်ခွေးလေးဂျက်ကီမှာ နာကျင်လွန်းသော အော်သံများနှင့်အတူ အမှီးကုတ်ခါ ရွာအတွင်းသို့ပြေးဝင်လေတော့သည်။ မိုးစင်စင်လင်းတော့မည်ဖြစ်သောကြောင့် အလင်းရောင်အားကြောက်ရသော ဖုတ်ကောင်ကြီးမှာ တစ်ကြိမ်မျှခုန်လိုက်လျင် သုံးပေအကွာသို့ရောက်ရှိသွားကာ လာရာလမ်းအတိုင်းပြန်လည် ထွက်ခွာသွားလေတော့သည်။

သွေးစုတ်ခြင်းခံလိုက်ရသည့် ရွာသားများ၏အလောင်းများမှာမူ မျက်လုံးအိမ်များပွင့်ဟနေခဲ့ပြီး မျက်နှာပြင်တစ်ခုလုံး၌ ဖုတ်ကောင်၏လက်သည်းဒဏ်ရာများ ဆိုးရွားစွာရှိနေလေခဲ့သည်။ ခန္ဓာကိုယ်အလောင်းတစ်ခုလုံး၌ ဖြူဖက်နေခဲ့ပြီး သွေးများမရှိတော့ချေ။ ဖုတ်ကောင်ကြီးနှင့် တိုက်ခိုက်စဉ်မှထွက်ပေါ်လာခဲ့သော သေနတ်သံများကြောင့် ရွာဝင်ပေါက်များအားလုံးမှ ကင်းစောင့်ရဲဘော်များနှင့်အတူ ရွာသားများမှာလည်း ရွာတောင်ပိုင်းဝင်ပေါက်ဆီသို့ အပြေးရောက်ရှိလာခဲ့ကြတော့သည်။

ရွာတောင်းပိုင်း၌ အသက်ရှင်လျက်ကျန်ရှိနေခဲ့သော ရွာသားသူများနှင့် ဖုတ်ကောင်၏လက်ချက်ဖြင့် ဒဏ်ရာအနာတရ ဖြစ်သွားကြသွားသော ရွာသားများမှာမူ သွေးပျက်မတတ်ကြောက်လန့်သွားကာ ကြောင်တောင်တောင်များသာ ဖြစ်နေခဲ့ကြသည်။ သို့ပေမယ့် နယ်ထိန်းကြီးတစ်ယောက်မှာတော့ အဖြူအမည်းသည်းကွဲစွာဖြင့် သွေးစုတ်ဖုတ်ကောင်ကြီးသာ ဖြစ်သည်ဟု သေချာစွာသိရှိလိုက်ရလေတော့သည်။

''ဟင် … အရှင်ဘုရား … ဟာ … တင်မြ … ဟင် … သွားပြီ အားလုံးအကိုက်ခံလိုက်ရပြီ''
''ဟုတ်တယ်လူကြီး … ခင်ဗျားတို့ထင်နေသလို တောကောင်ကြီးမဟုတ်ဘူး ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိတဲ့ သွေးစုတ်ဖုတ်ကောင်ကြီးပဲ''
''ဟင် … ဘယ် … ဘယ်လို … သွေး … သွေးစုတ်ဖုတ်ကောင်ကြီး ဟုတ်လားဆရာ''
''ဟုတ်တယ် … ဒဏ်ရာရသွားတဲ့ သူတွေအားလုံးကို ဆေးရုံအမြန်ဆုံးပို့မှဖြစ်မယ် … အလောင်းတွေကို ဒီအတိုင်းခြေရာလက်ရာမပျက်ပဲ ထားပေးပါ … အခုချက်ချင်း ကျုပ်အထက်ကိုအကြောင်းသွားကြားမယ်''
''ဟင် … မ … မဖြစ်ဘူးဆရာ … ကျောင်းထိုင်ဘုန်းကြီးအလောင်းနဲ့ ရွာသားတွေအလောင်းက သွေးလဲတစ်စက်မှမရှိကြတော့ဘူး အကုန်လုံးဖြူဖက်ဖြူရောတွေချည်းပဲ …  ဒီအတိုင်းထားလို့မဖြစ်ဘူးနဲ့ထင်တယ်နော် … မြန်မြန်မီးရှို့ပစ်မှဖြစ်မယ်''
''မစိုးရိမ်ပါနဲ့ … အပိုင်ဂတ်ကို ကျွန်တော်အကြောင်းကြားပြီး ချက်ချင်းပြန်လာမှာပါ မကြာပါဘူး''
'' အိုးဗျာ … လုံးဝမဖြစ်ဘူး … ''
''လူ … လူကြီး … ဒီ … ဒီမှာကြည့်ဦး''
''ဟင် … ဟာ … ဘုန်းကြီးအလောင်းက လက်သည်းတွေရှည်လာပြီ တွေ့လား … ကဲကဲ အားလုံးပဲ ဒီအလောင်းတွေကို မီးရှို့ပစ်လုပ်ကြတော့''
''လူကြီး … ကျုပ်ပြောတဲ့စကားကို နားထောင်ပါ အလောင်းတွေကို မီးမရှို့ပါနဲ့ဦး''
''ဟာဗျာ … ခင်ဗျားမမြင်ဘူးလား ဒီမှာလက်သည်းတွေရှည်ထွက်လာတာ ဘုန်းကြီးလဲ အချိန်ပိုင်းအတွင်းမှာ ဖုတ်ကောင်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ''

''ဟုတ်တယ် ရဲအရာရှိကြီး … ခင်ဗျားစကားကို ကျုပ်တို့နားမထောင်နိုင်ဘူး … နောက်ပြီးကျရင် မျက်လုံးတွေ ပွင့်လာလိမ့်မယ် ကျုပ်တို့အရှေ့မှာလည်းတွေ့ခဲ့ဘူးတယ်''
''ဘာပဲဖြစ်ဖြစ် … ကျုပ်ပြောတာကို နားထောင်ပါ အလောင်းတွေကိုဘယ်သူမှ မထိကြနဲ့''
''ဟာကွာ … ရွာသားတွေ သူ့စကားနားထောင်နေရင် ငါတို့ပဲဒုက္ခရောက်သွားလိမ့်မယ် ကဲအားလုံးသဂျိုးဖို့ စီစဉ်ကြတော့''
''လူကြီး ! … တာဝန်ရှိသူတစ်ယောက်အနေနဲ့ ကျုပ်တားနေတာနော် အလောင်းတွေကို တစ်ယောက်မှမထိကြနဲ့''
''ဟာကွာ … တောက်! … ဒီရဲကတော့''
''ဘာ … ဘာပြောတယ်''

ဖုတ်ကောင်၏လက်ချက်ဖြင့် ဦးစွာသေဆုံးသွားခဲ့ဘူးသော ရွာသားများ၏အဖြစ်ပျက်များအား မြင်တွေ့ထားခဲ့ဘူးရုံတင်မက မိမိတို့၏ကြားဘူးနားဝရှိခဲ့သော နိုင်ငံခြားမှဖုတ်ကောင်ဟူသော အဖြစ်ပျက်များအား သိရှိထားခဲ့သော ရွာသားများဟာ နယ်ထိန်းအရာရှိ၏ ပြောစကားကိုပင် နားမထောင်တော့ပဲ ချက်ချင်းသားလျင် အလောင်းများအား မီးရှို့သဂျိုရန်ပြုလုပ်လေတော့သည်။ နယ်ထိန်းအရာရှိကြီးမှာလည်း မိမိ၏တာဝန်အရ သက်သေခံအလောင်းများအား အထက်သို့တင်ပြပေးရဦးမည်ဖြစ်သည်။ ထို့ကြောင့် ကြောက်ကန် ကန်နေသော ရွာသားများနှင့်နယ်ထိန်းအရာကြီးမှာ မသင့်မြတ်တော့ပဲ အပြန်အလှန်စကားများကုန်ကြတော့သည်။

ဖုတ်ကောင်၏ဦးစွာသွေးစုတ်ခံလိုက်ရသော ရွာဦးကျောင်းထိုင်ဘုန်းကြီး၏ အလောင်းမှာ အချိန်တိုအတွင်း၌ ဖုတ်ကောင်၏အစိတ်များ ပျံ့နှံကာ ပုံစံများပြောင်းလဲလာခဲ့ပြီး လက်သည်းများသည်လည်း သိသိသာသာရှည်ထွက်လာနေခဲ့ပြီ။ သို့ပေမယ့် မီးရှို့သဂျိုးရန်ပြုလုပ်မည့် ရွာသားများအား နယ်ထိန်းအရာရှိကြီးမှာ ခွင့်မပြုခြင်းကြောင့် ရွာသားများနှင့်ရွာလူကြီးမှာ ရဲအရာရှိကြီးအား ဒေါသများထွက်လျက် အငြင်းခုန်ဖြစ်နေကြစဉ် …

ကြံခင်းနယ်အပိုင် လသာကျေးရွာလေး၏ ယနေ့ညအခြေအနေအား အကြောင်းစုံသိရှိစေရန် ယနေ့နံနက်ခင်းစောစော၌ နယ်မြေပိုင်စခန်းမှ ရဲမှူးကြီးနှင့်အတူ ရဲအုပ်မောင်ဝင်းတို့သည်လည်း လသာကျေးရွာလေးဆီသို့ လှမ်းလာနေခဲ့လေသည်။ စစ်အရောင် ဂျစ်ကားလေးဖြင့် မြူနှင်းများကြားမှ မောင်းနှင်လာရင်း ရွာတောင်ပိုင်းဝင်ပေါက်၌ ရွာသားများစုဝေးနေကြသည်ကို အဝေးမှလှမ်းမြင်ခဲ့ရပြီး အနီးသို့လျင်မြန်စွာမောင်းနှင်လာခဲ့သည်။ ထို့နောက် ဂျစ်ကားလေးအပေါ်မှ ရဲမှူးကြီးနှင့်ရဲအုပ်မောင်ဝင်းတို့ မျက်မှောင်များကြုံခါ ထိုအနားသို့ ခြေလှမ်းလှမ်းညီဖြင့် လှမ်းသွားခဲ့လေသည်။

သွေးစုတ်ခံထားရသော အလောင်းများအား အလယ်တွင်ထားစေခဲ့ပြီး တစ်ဖက်၌ရွာလူကြီးဦးဆောင်သော ရွာသားများအဖွဲ့နှင့် တစ်ဖက်မှ နယ်ထိန်းကြီးဦးဆောင်သော ရဲသားများအဖွဲ့ဟာ နှစ်ဦးနှစ်ဖက် တိုက်ခိုက်ကြတော့မည့် ဟန်ပန်များဖြစ်နေခဲ့သည်။ ကားအပေါ်မှ ဆင်းလာခဲ့သော ရဲမှူးကြီးနှင့်ကိုမောင်ဝင်းအား တွေ့ရှိလိုက်ရသည့် နယ်ထိန်းကြီးတစ်ယောက်မှာတော့ အားရဝမ်းသာ ခရီးဦးကြိုဆိုလိုက်သည်က

''ဟာ … အတော်ပဲ … ရဲမှူးကြီး၊ ဆရာမောင်ဝင်း … လူသတ်တရားခံက သွေးစုတ်ဖုတ်ကောင်ကြီး''
''ဟင် … သွေးစုတ်ဖုတ်ကောင်ကြီး … သေချာသွားပြီးလား''
''ဒီမှာအလောင်းတွေကိုပဲ ကြည့်ကြပါတော့ဆရာ''
''ခင်ဗျားတို့တွေကရော ဘာတွေဖြစ်နေကြတာလဲ''
''ဒီလိုပါဆရာ … ကျောင်းထိုင်ဘုန်းကြီးအလောင်းက ပုံစံတွေပြောင်းနေပါပြီ လက်သည်းတွေရှည်ထွက်နေတာကိုပဲ ကြည့်ပါတော့ နောက်ပိုင်းဘာတွေဖြစ်လာမလဲဆိုတာတော့ ကျွန်တော်တို့အားလုံးတွေးမိတယ် ဒါကြောင့် အမြန်ဆုံးသဂျိုဖို့ပြောနေတာကို နယ်ထိန်းကြီးက ခွင့်မပြုပါဘူး''
''ဟင် … ဟာ … ဟုတ်ပါရဲ့ … ကဲကဲ ဒီအလောင်းတွေနဲ့ သေနေတဲ့ခွေးလေးတွေကိုပါ အမြန်ဆုံးမီးသဂျိုးလိုက်ကြပါတော့''
''ဒဏ်ရာရထားတဲ့ သူတွေကိုတော့ ကျွန်တော်တို့ဆေးရုံပို့ပေးပါ့မယ် … ဆရာမောင်ဝင်း ဆေးရုံကားကို အကြောင်းကြားပေးပါ''
''ဟုတ်ကဲ့ရဲမှူးကြီး''

ဖုတ်ကောင်၏တိုက်ခိုက်ခြင်းခံထားရသော သူများ၏ ဒဏ်ရာများမှာ ချွန်ထက်လှသော လက်သည်းဒဏ်ရာများဖြစ်စေခဲ့ပြီး ထိုဒဏ်ရာများမှာ သာမာန်ထိခိုက်ဒဏ်ရာမျိုးနှင့်မတူ မို့မောက်လျက်ယောင်ယမ်းနေသည်က ကြက်သီးထစရာကောင်းလှသည်။ လက်မောင်း၊ မျက်နှာပြင်၊ ကျောကုန်း တို့၌ ဖုတ်ကောင်၏ကုတ်ခြစ်ခြင်း ဒဏ်ရာများရရှိသွားသည့် ရွာသားသုံးဦးနှင့် ဘုန်းကြီးနှစ်ပါးအား ဆေးရုံသို့ ပို့ဆောင်လေခဲ့သည်။

သာယာအေးချမ်းစွာ နေထိုင်လာခဲ့ကြသော ကြံခင်းနယ်အပိုင် လသာကျေးရွာလေးအတွင်း၌ ဖုတ်ကောင်ကြီး၏အန္တရယ်ဖြင့် တစ်ရွာလုံးမှာ ဖိန့်ဖိန့်တုန်တုန်အောင် ထိတ်လန့်နေခဲ့ကြတော့သည်။ ထိုကျေးရွာလေးမှာ တစ်ရွာနှင့်တစ်ရွာ အလှမ်းဝေးလှပြီး တစ်ဖက်ရွာသို့ ခြေလျင်သွားလျင် တစ်ညအိပ်ခရီးမျှ ကြာလှသည်။ အလွန်ခေါင်သော ကျေးရွာလေးတစ်ခုဖြစ်သော်လည်း ရွာသူရွာသားများ စည်းလုံးညီညွှတ်စွာဖြင့် နေထိုင်လာခဲ့ခြင်းကြောင့် အေးချမ်းခဲ့သည့် လသာရွာလေးပင်ဖြစ်သည်။

ယခုအခါ မည်သည့်ဒေသမှ မည်သို့ပင်ရောက်ရှိလာခဲ့ခြင်း မသိသော သွေးစုတ်ဖုတ်ကောင်ကြီး၏ အန္တရယ်ကြောင့်ပင် လသာကျေးရွာလေးမှာ တိတ်ဆိတ်ငြိမ်သတ်သွားခဲ့ပြီး စိုပြေမှုများကင်းဝေးကာ ခြောက်ကပ်ခြင်းများဖြစ် တည်ရှိနေခဲ့တော့သည်။ ရွာမှပျောက်ကွယ်သွားခဲ့သည်ဟု သတင်းလွှင့်ထားခဲ့သော ဖုတ်ကောင်၏လက်ချက်ဖြင့် ဦးစွာသေဆုံးသွားခဲ့သော ရွာသားများ၏ အဖြစ်မှန်အားလည်း ရွာလူကြီးမှာ မချွန်းမချန်ပြောဆိုလိုက်လေတော့သည်။ ထို့ကြောင့် လသာကျေးရွာရှိ ရွာသူရွာသားများမှာ ဆွေမျိုးသားချင်းများရှိသော ပတ်ဝန်းကျင်ရွာများဆီသို့ နေ့ချင်းသာလျင် ပြောင်းရွှေ့ကြလေတော့သည်။ တခြားရွာ၌ ဆွေမျိုးသားချင်းမရှိသော ရွာသူရွာသားများအား လသာရွာလေး၌သာ လုံခြုံစွာနေထိုင်နိုင်ရန် ရွာလူကြီးမှ စီစဉ်ပေးမည်ဟုပြောဆိုလေခဲ့သည်။

''ဆန်းလေး … ကေ … နင်တို့လင်မယားနှစ်ယောက်လည်း ငါ့အစ်ကိုရှိတဲ့ဇီးကုန်းရွာကို တစ်ခါတည်းလိုက်ခဲ့ပါလား ငါကတော့ဒီရွာမှာ မနေရဲတော့ဘူး အခုပဲပြောင်းတော့မှာ''
''ကျွန်တော်တို့လဲ လိုက်ချင်တယ်အစ်မအေး … ကျွန်တော်တို့နှစ်ယောက်ကို ပစ်မသွားပါနဲ့နော်''
''အေးလေ … အဲ့ဒါကြောင့် ငါခေါ်နေတာပေါ့ … နင်တို့လင်မယားနှစ်ယောက် ပြင်ဆင်စရာရှိတာတွေ အားလုံးပြင်ဆင်ထားကြတော့ မွန်းမတည့်ခင် ရွာထဲကနေ ငါတို့ထွက်ကြမယ် ရွာလူကြီးကလဲ ခွင့်ပြုထားတယ် ဆွေမျိုးသားချင်းတွေရှိတဲ့ ရွာတွေကိုပြောင်းနေကြတဲ့ … တခြားသူတွေလဲ ပြောင်းကုန်ကြပြီ မြန်မြန်စီစဉ်စရာရှိတာတွေ စီစဉ်ကြတော့''
''ဟုတ်ကဲ့အစ်မအေး … ကျွန်တော်တို့အခုပဲ လုပ်စရာရှိတာတွေ လုပ်ပြီး အစ်မအေးဆီကို လာခဲ့ပ့ါမယ်''
''အေးအေး ကောင်းပြီး သိမ်းစရာရှိတာတွေသိမ်းပြီး ငါအိမ်မှာပဲစောင့်နေမယ် နင်တို့လင်မယားနှစ်ယောက် ငါ့အိမ်ကိုပဲ လာခဲ့ကြ''
''ဟုတ်ကဲ့အစ်မအေး''
''ကေ … ယူစရာရှိတာလေးတွေယူပြီး အစ်ကိုတို့လဲ အစ်မအေးနဲ့လိုက်သွားကြမယ်''
''အစ်ကို ကေကြောက်တယ်''
''အစ်ကိုတစ်ယောက်လုံးရှိပါတယ်ကေရယ် … မကြောက်နဲ့နော် ကဲအခု သိမ်းစရာရှိတာတွေ သိမ်းတော့ အစ်မအေးသူ့အိမ်မှာစောင့် နေလိမ့်မယ်''

မောင်နှမကဲ့သို့ ခင်မင်ရင်းနှီးလှသော အပျိုကြီးမအေးမြင့်တစ်ယောက်မှာတော့ ဆွေမျိုးသားချင်းမရှိ တစ်ခြားသို့ပြောင်းရွှေ့နေထိုင်စရာလဲ မရှိသော ဆန်းထွန်းပိုင်နှင့်ကေသရီတို့အား မိမိနှင့်တစ်ခြားရွာသို့ တစ်ပါတည်းလိုက်ပါစေရန် ခေါ်ဆောင်စေခဲ့သည်။ အားကိုရာမဲ့နေသည့် ဆန်းထွန်းပိုင်နှုင့်ကေသရီတို့မှာ မအေးမြင့်နှင့် လိုက်ပါသွားမည်ဟု ဆုံးဖြတ်ချက်ချကာ လိုအပ်သည့်ပစ္စည်းများအား သိမ်းဆည်းလေတော့သည်။

မိမိ၏တကိုယ်တည်း အထီးကျန်ဆန်လှသော အပျိုကြီးဘဝအတွင်းသို့ ခွေးလေးဂျက်ကီမှာ ငယ်စဉ်ကတည်းမှ ကလေးတစ်ယောက်ကဲ့သို့ ဝင်ရောက်လာခဲ့ပြီး အရွယ်ရောက်လာသည့် ယခုအချိန်အထိလည်း ခြံစောင့်တစ်ယောက်ကဲ့သို့ အားကိုးအားထားပြုရသော ခွေးလေးဂျက်ကီအား ထိုရွာ၌မထားရစ်ခဲ့နိုင်။ ထို့ကြောင့် မိမိပြောင်းရွှေ့မည့်ရွာလေးဆီသို့ ခွေးလေးအားလည်း ခေါ်ဆောင်သွားမည်ဟု အတွေးရှိသောကြောင့် ခွေးလေးအား မိမိ၏ခြံအတွင်းသို့ လိုက်လံရှာဖွေလေတော့သည်။

''သားကြီး ဂျက်ကီရေ … သားကြီး''
''ဘယ်ရောက်နေပါလိမ့် ဒီကောင်ကြီး''
''သြော် … မေ့သားကြီးက ဒီရောက်နေတာကို လာခဲ့ … အမေတို့အိမ်ပြောင်းရတော့မယ် … သားကြီးရဲ့''

ပြောပြောဆိုဆိုဖြင့် အိမ်အောက်တွင် ဝမ်းလျားထိုးကာ တစ်ကောင်တည်း မှေးနေသည့် ခွေးလေးဂျက်ကီးအား မအေးမြင့်တစ်ယောက်မှာတော့ လူတစ်ယောက်ကဲ့သို့ စကားများပြောဆိုကာ လည်ပတ်ကလေအား ဆွဲလိုက်စဉ်
''ဟင် … ဘယ်လိုဖြစ်ရတာလဲ''
ညာဘက် ဝမ်းဗိုက်၌ ကြီးမားလှသော ဖုတ်ကောင်၏လက်သည်းအရာကြီးမှာ ယောင်ယမ်းမို့မောက်နေခဲ့ပြီး သွေးများစွာဖြင့် စီးကျနေခဲ့သည်။ ခွေးလေးဂျက်ကီ၏ မျက်လုံးအိမ်များမှာလည်း သာမာန်မဟုတ်တော့ ရဲရဲတောက်လျက် သခင်ဖြစ်သူမအေးမြင့်အား မာန်ဖီကာစိုက်ကြည့်နေခဲ့လေသည်။

ဝေဒနာအား ငြိမ်လျက်ခံစားနေခဲ့ပြီး ခွေးလေးဂျက်ကီမှာတော့ ဆုံးပါးသွားခဲ့ချေပြီး။ ယခုအခါခွေးလေးဂျက်ကီ၏ အသိစိတ်ပင်မဟုတ်တော့ပဲ စိတ်ရိုင်းများဝင်ရောက်လာခါ သခင်ဖြစ်သူ မအေးမြင့်အား ခုန်အုပ်လျက်ရန်မူကာ တိုက်ခိုက်လေတော့သည်။
''အစ်မအေးရေ … အစ်မအေး ကျွန်တော်တို့အဆင်သင့်ဖြစ်ပြီဗျ … သွားကြမယ်လေ''
''အမလေး … ဟဲ့ … ဂျက်ကီ … မ … မလုပ်နဲ့လေ ဟဲ့ … အား…''

ဖုတ်ကောင်၏လက်ချက်ဖြင့် ဒဏ်ရာအနာတရဖြစ်သွားကာ အဆိပ်များဟာ ခွေးလေးဂျက်ကီ၏ နှလုံးအထိပျံ့နှံသွားစေခဲ့ပြီး ဖုတ်ကောင်အဖြစ်သို့ကူးပြောင်းသွားကာ သခင်ဖြစ်သူမအေးမြင့်နှင့် အပြန်အလှန်တိုက်ခိုက်နေလေခဲ့သည်။ ထိုအချိန်၌ တစ်ခြားရွာသို့ ပြောင်းရွှေ့ရန် ပြင်ဆင်လာခဲ့သော ဆန်းထွန်းပိုင်နှင့်ကေသရီတို့မှာလည်း မအေးမြင့်၏ခြံအတွင်းသို့ရောက်ရှိလာခဲ့ကြသည်။ ထို့နောက် မအေးမြင့်အား ခွေးလေးဂျက်ကီမှာ ခုန်အုပ်လျက်ကိုက်နေခဲ့သည်ကို ဆန်းထွန်းပိုင်တစ်ယောက် တွေ့ရှိသွားခါ အနီးရှိသစ်တားချောင်းဖြင့် ဂျက်ကီအား ရိုက်ချလိုက်လေတော့သည်။

ဆန်းထွန်းပိုင်၏ ပြင်းထန်လှသော ရိုက်ချက်ဖြင့် ခွေးလေးဂျက်ကီမှာလွှင့်ထွက်သွားခဲ့ချေသည်။ ထို့နောက်မိမိအားရန်ပြုလိုက်သော ဆန်းထွန်းပိုင်ရှိရာသို့ ခွေးလေးဂျက်ကီမှာ ဦးတည်လိုက်ပြီး ချွန်ထက်လှသည့် သွားများပေါ်အောင် မာန်ဖီလျက် ခုန်အုပ်ရန်ရွယ်လိုက်သည်။ ဂျက်ကီ၏ကိုက်ချက်များကြောင့် မအေးမြင့်တစ်ယောက်မှာ အကိုက်ဒဏ်ရာများနှင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ဒဏ်ရာများနှင့် မအေးမြင့်အား အာရုံစိုက်ကြည့်ရှုနေချိန်မှာပင် ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲနေသော ခွေးလေးအား လစ်လျူရှုထားမိခဲံသည်။ ထို့ကြောင့် ခွေးလေးမှာ ဆန်းထွန်းပိုင်အား ခုန်အုပ်မည်ဟန်ပြင်နေခဲ့ပြီး ခုန်အုပ်တော့မည့်အချိန်၌ပင် လင်ယောကျာ်းဖြစ်သူ ဆန်းထွန်းပိုင်အား ကေသရီတစ်ယောက်မှာတော့ အဝေးသို့ တွန်းထုတ်လိုက်လေသည်။

ထို့ကြောင့် ခွေးလေး၏ဦးတည်သူမှာ ဆန်းထွန်းပိုင်မဟုတ်တော့ပဲ ကေသရီသာဖြစ်သွားခဲ့ပြီး ကေသရီအား ဖုတ်ကောင်ဖြစ်နေသည့်ခွေးလေးမှာ အလုအယက်ကိုက်လေတော့သည်။ ကေသရီ၏တွန်းဖယ်မှုကြောင့် ဆန်းထွန်းပိုင်းမှာ လဲကျသွားခဲ့ပြီ ထို့နောက်ရုန်းကန်ကာ လျင်မြန်စွာထလိုက်ခါ ဇနီးဖြစ်သူအား ကိုက်ဖဲ့နေသည့် ခွေးလေးအား သစ်သားချောင်းဖြင့် မသေမချင်းရိုက်သတ်ပစ်လေတော့သည်။
''ကေ … ကေ … ကေဘာဖြစ်သွားလဲ''
''အား … ကျွတ် … ဘာ … ဘာမှမဖြစ်ပါဘူးအစ်ကိုရဲ့ … အကျီင်္လက်မောင်းပဲ ပြဲသွားတယ်''
''တော်သေးတာပေါ့ကေရယ် … တော်သေးတာပေါ့''
''အစ်မအေး … အစ်မအေး''

လဲကျနေသည့် ဇနီးဖြစ်သူအား ပွေ့ထူးလျက် ပြာပြာသလဲ အမေးများဖြင့် မေးနေခဲ့သည်။ ဇနီးဖြစ်သူကေဟာ မည်သည့်ထိခိုက်မှုမျှ မဖြစ်ပါဟု ငြင်းဆိုလိုက်သော်လည်း ခွေးလေး၏ကိုက်ဖဲ့မှုများကြောင့် ညာလက်မောင်း၌ ဒဏ်ရာအနာတရဖြစ်သွားခဲ့လေသည်။ သို့ပေမယ့် လင်ယောကျာ်းဖြစ်သူ ဆန်းလေးတစ်ယောက် လွန်စွာမှပင် စိုးရိမ်သွားမည်ကို ကြိုသိရှိထားသောကြောင့် မည်သည့်ထိခိုက်မှုမျှ မဖြစ်ပါဟုပြောဆိုခဲ့လေသည်။ ဇနီးသည်၏အဖြေစကားကြောင့် ဆန်းလေးတစ်ယောက်မှာ စိတ်အေးစွာနှင့် ဖုတ်ကောင်ဖြစ်နေခဲ့သော ခွေးလေးဂျက်ကီနှင့် တိုက်ခိုက်ခဲ့သော မအေးမြင့်ဆီသို့ အကြည့်တစ်စုံရောက်သွားခဲ့လေသည်။

ခွေးလေး၏အကိုက်ဒဏ်ရာများဟာ မအေးမြင့်၏ လည်ပင်းသွေးကြောမကြီးအား ကိုက်မိသွားခဲ့ပြီး မြေပြင်ပေါ်၌ တစ်ဆတ်ဆတ်တုန်ခါလျက် မအေးမြင့်တစ်ယောက် သေလုဆဲဆဲဖြစ်နေခဲ့သည်။ မအေးမြင့်၏ အနားသို့ ဆန်းလေးနှင့်ကေ အပြေးသွားရောက်ခါ
''အစ်မအေး … အစ်မအေး သတိထားပါဦး''
''ဆန်းလေး … ကေ … နင် … နင်တို့ကို ငါမစောင့်ရှောက်ပေးနိုင်တော့ဘူး နင်တို့ကိုယ်ဟာကိုယ် အလွတ်ပြေးကြတော့''
''အစ်မအေး … အစ်မအေး''

သွေးကြောမကြီးအား ထိခိုက်မိသွားပြီး သွေးထွက်လွန်ခါ မအေးမြင့်တစ်ယောက် ထိုအနား၌သာ အသက်ပျောက်ကွယ်သွားခဲ့ချေတော့သည်။ နေ့ချင်းသာလျင် တစ်ခြားရွာများသို့ ပြောင်းရွေ့ရန် ဆင်ပြင်နေကြသော ရွာသားများဟာလည်း တစ်ရွာလုံး၌ ရုတ်ရုတ်သည်းသည်းဖြစ်နေချေခဲ့သည်။ ထိုအချိန် မအေးမြင့်အား ရွာပြောင်းရွေ့မည့် ကိစ္စများပြောကြားရန် မအေးမြင့်၏ခြံအတွင်းသို့ ရွာလူကြီးရောက်လာခဲ့လေပြီး။
''ဟင် … အေးမြင့် ဘယ်လိုဖြစ်ရတာလဲ''
''မအေးမြင့်အသတ်မရှိ လူကြီး … သူ့ခွေးက သူ့ကိုယ်ပြန်ကိုက်သွားတာ''
''ဟေး … ''
တစ်လုံခြင်းပြောထွက်လာသော ဆန်းထွန်းပိုင်၏ ပြောစကားများအား ရွာလူကြီးတစ်ယောက်မှာ ကြားသိလိုက်ရပြီး စုတ်ပျက်သပ်စွာသေဆုံးနေသော ဂျက်ကီ၏အလောင်းအား ကြည့်လိုက်လေသည်။ ထို့နောက် မနက်အချိန်ခါမှ ဖုတ်ကောင်ကြီးနှင့် ရွာရှိခွေးများ တိုက်ခိုက်ခဲ့ခြင်းကို သတိတရဖြစ်သွားကာ ဂျက်ကီသည်လည်း ဖုတ်ကောင်အဖြစ်သို့ပြောင်းလဲသွားပြီး သခင်ဖြစ်သူ မအေးမြင့်အား ရန်မူခဲ့ကြောင်း နားလည်သွားခဲ့လေသည်။

''ဟုတ်တယ် … မနက်က ဖုတ်ကောင်ကြီးကို ရွာထဲကခွေးတွေ ဝိုင်းကိုက်ကြတယ် … တစ်ချို့ခွေးတွေ သေကုန်ပေမယ့် အေးမြင့်ခွေးလေးတစ်ကောင် ဒဏ်ရာဖြစ်ပြီး ရွာထဲပြန်ဝင်သွားတယ်လို့ ငါသိထားရပေမယ့် အေးမြင့်ဆီလာပြောဖို့ အချိန်ဘယ်လိုမှ မရတာနဲ့ မပြောဖြစ်လိုက်တာပဲ … အေးမြင့် … အေးမြင့်နင်လဲ မကြာခင်ဖုတ်ကောင်ဖြစ်လာတော့မယ် မြန်မြန်သဂျိုပစ်မှဖြစ်တော့မယ်''
''ဆန်းလေး … မင်းတို့လင်မယားနှစ်ယောက်က တစ်ခြားရွာမှာ ဆွေမျိုးသားချင်းမရှိဘူးမဟုတ်လား''
''ဟုတ်…ဟုတ်ကဲ့လူကြီး … အစတုန်းက အစ်မအေးနဲ့တစ်ခြားရွာကို ပြောင်းဖို့စီစဉ်နေခဲ့တာ အခုတော့သွားပါပြီဗျာ''
''ဘာမှမပူပါနဲ့ကွာ … ရွာမှာ ငါတို့ယောက်ျားသားတွေ ရှိပါသေးတယ် မင်းတို့လင်မယားနှစ်ယောက်နဲ့ ဆွေမျိုးသားချင်းမရှိတဲ့ တစ်ခြားသူတွေကို ငါတို့အသက်ပေးပြီး ကာကွယ်ပေးသွားမှာပါ''
''လူကြီးရဲ့စကားကို ကြားရတာ ကျွန်တော်တို့လင်မယားနှစ်ယောက် သိပ်ကိုအားရှိရပါတယ်''
''ကဲဟုတ်ပြီ … ဒါဆိုလာ …မင်းတို့နှစ်ယောက် ငါနဲ့လိုက်ခဲ့ကြ အေးမြင့်အလောင်းကိုတော့ ချက်ချင်းမီးရှို့ပစ်မှ ဖြစ်တော့မယ်''

စိတ်မကောင်းစွာဖြင့် မအေးမြင့်၏အလောင်းအား အုပ်ချုပ်ရေးမှူးကြီးစိုက်ကြည့်လျက် ဝဲလျက်မျက်ရည်များနှင့်အတူ ရွာသားများအားခေါ်ဆောင်စေခဲ့ပြီး ချက်ချင်းသာလျင် မီးရှို့သဂျိုလိုက်လေတော့သည်။
                              ***
အဖြူ၊အမည်းသည်းကွဲစွာ သိရှိသွားခဲ့သလို ဖုတ်ကောင်ကြီးနှင့် လူသတ်တရားခံဟူသည်လည်း ရဲအရာရှိများမှာ ယနေ့၌ ကြံခင်းနယ်အပိုင် လသာကျေးရွာလေးတွင် သိရှိသွားခဲ့ချေပြီ။ ဖုတ်ကောင်ကြီး၏ အဓိကဝင်ပေါက်ဖြစ်သော ရွာတောင်ပိုင်းအပါအဝင် ရွာဝင်ပေါက်များအား ခိုင်မာလှသော သံဆူးကြိုးများ ကာရံထားစေခဲ့ပြီး လသာရွာ၌ ကင်းစောင့်တပ်များ များပြားစွာချပေးစေခဲ့သည်။ ကယ်ဆယ်ရေးအနေနှင့်လည်း တာဝန်ရှိသူများမှာ ပြောင်းရွှေ့နေထိုင်ရာများ ပြုလုပ်ဆောင်ရွက်ပေးထားခဲ့ချေသည်။ မည်သည့်ဒေသမှ မည်သို့ပင်ရောက်ရှိလာသည့် ဖုတ်ကောင်ကြီးဟု မစုံစမ်းခင်၌ ဖုတ်ကောင်ကြီးအား အမြန်ဆုံးနိမ်နင်းနိုင်ရန်သာ တာဝန်ရှိများမှာ ကြိုးစားနေခဲ့ရသည်။

တစ်ပြည်လုံးအတွက် စိုးရိမ်ပူပန်နေခဲ့ပြီး ထိုသတင်းများအား တစ်ပြည်လုံးသို့ မပေါက်ကြားသွားစေရန် ဖုန်းဖိထားခဲ့ရပြီး ခရိုင်မှူးကြီးမှာ ရဲအုပ်မောင်ဝင်းအား နှစ်ကိုယ်ကြား အားကိုတကြီးခေါ်ဆောင်တွေ့လေတော့သည်။
''ဆရာမောင်ဝင်း''
မိမိထက်ရာထူးသေးသိမ်သော ရဲအုပ်အဆင့်ရှိရဲဝန်ထမ်း ကိုမောင်ဝင်းအား ရဲချုပ်ကြီးမှာတော့ တရိုတသေဖြင့် ဆရာဟူသော အသုံးနုံးအား သုံးဆောင်စေကာ အားကိုတကြီးလေသံနှင့် ခေါ်လိုက်လေသည်။
''ဟုတ်ကဲ့ ဆရာ … ပြောပါ''
''အခုဖြစ်နေတဲ့ ပြဿနာက ပေါ့သေးသေးမဟုတ်ဘူး အချိန်တိုအတွင်း တစ်တိုင်းပြည်လုံး ဒုက္ခရောက်သွားနိုင်တယ် အထက်က တာဝန်ရှိသူတွေကိုလဲ ကျူပ်အနေနဲ့ ဒီပြဿနာအကြောင်း မသိစေချင်သေးဘူး … အားလုံးတုန့်လှုပ်သွားမှာ စိုးရိမ်ရတယ်''
''ဟုတ်ကဲ့ဆရာ … ဆရာပြောတာကို ကျွန်တောသဘောပေါက်ပါတယ်''
''ဟုတ်တယ်ဆရာမောင်ဝင်း … ကျုပ်ခေါင်းတစ်ခုလုံး ပူထူးနေပြီ ဘယ်လိုဖြေရှင်းရမှန်းမသိတော့ဘူး ဆရာမောင်ဝင်းတစ်ခုခုစဉ်းစားပေးပါဦး''

''ဟုတ်ကဲ့ဆရာ ကြံခင်းနယ်အပိုင် လသာကျေးရွာလေးကိုတော့ ကျွန်တော်တို့ ကင်းစောင့်တပ်တွေ အပြည့်ချထားပေးပြီး ကယ်ဆယ်ရေးစခန်းတွေလဲ ဖွင့်ထားပေးပါတယ်… ဒါပေမယ့်ဒီပြသနာက တိုးတိုးတိတ်တိတ်ဖြေရှင်းမှ ပြီးမယ့်အကြောင်းတစ်ခုဖြစ်နေတယ် … ပြည်သူတွေသာသိသွားခဲ့မယ်ဆိုရင် အားလုံးထိတ်လန့်စရာတွေ ဖြစ်ကုန်ရလိမ့်မယ်''
 ''အဲ့ဒါပြောတာပေါ့ဆရာမောင်ဝင်းရာ … အဲ့ဒါပြောတာပေါ့''
''ကျွန်တော်မှာ အရမ်းအားကိုးရတဲ့ မိတ်ဆွေတွေရှိတယ်ဆရာ … ဒီမှာပါ''

စိတ်ပျက်စွာစိုးရိမ်မှုများကြီးစွာဖြစ်နေသည့် ရဲချုပ်ကြီးအား အသင့်လွယ်ထားသည့် အိတ်အတွင်းမှ ဓာတ်ပုံတစ်ပုံအား ရဲအုပ်မောင်ဝင်းတစ်ယောက် လက်ကမ်းပေးလိုက်လေသည်။ ကိုမောင်ဝင်းပေးလိုက်သည့် ဓာတ်ပုံအား ရဲချုပ်ကြီးမှာ လက်ကမ်းယူလိုက်ပြီး မျက်မှောင်အားကျူတ်လျက် စူးစိုက်စွာကြည့်လိုက်လေသည်။ ထို့နောက်
''ဘယ်သူတွေလဲ ဆရာမောင်ဝင်း''
''ကျွန်တော်နဲ့ကျွန်တော့မိတ်ဆွေ ငါးယောက်ပါ''
''သူတို့က !…''
''သူတို့ငါးယောက်က ဖုတ်ကောင်ကြီးကိုဖမ်းဖို့အတွက် အကူညီပေးနိုင်ပါလိမ့်မယ်''
''ဟင် … ဟားဟား … ဆရာမောင်ဝင်းဖြစ်ပါ့မလား သူတို့ကိုကြည့်ရတာ ကျုပ်သားအရွယ်လောက်ပဲ ရှိပါဦးမယ်… မလုပ်ပါနဲ့ဗျာ … ကလေးတွေအန္တရယ်ဖြစ်ကုန်ပါ့မယ်''
''ဟုတ်ကဲ့ဆရာ … အခုလို ကျွန်တော်မောင်ဝင်းဟာ နိုင်ငံတော်အသိအမှတ်ပြု အခွင့်ရေးရဲအုပ်ဘွဲ့ကို ရခဲ့တာဟာ ဒီလူငယ်ငါးယောက်ကြောင့်ပါ သူတို့အကူညီပေးနိုင်လိမ့်မယ်ဆိုတာ ကျွန်တော်အပြည့်အဝယုံကြည့်ပါတယ်''
''ဟုတ်ကဲ့ဆရာမောင်ဝင်း တစ်မျိုးမထင်ပါနဲ့ ကျုပ်က သူတို့လေးတွေအတွက် စိုးရိမ်လို့ပြောတာပါ… ဘာပဲဖြစ်ဖြစ် အဓိက ဖုတ်ကောင်ကြီးကို နိမ်နင်းဖို့အဓိကပဲ မဟုတ်လား … ဒါကြောင့်ဆရာမောင်ဝင်း အဆင်ပြေသလိုတာ စီစဉ်ပေးပါ''
''ဟုတ်ကဲ့ဆရာ … ဒါဆိုကျွန်တော်အခုပဲ ရန်ကုန်ကိုပြန်ခွင့်ပေးပါ … ကျွန်တော့်မိတ်ဆွေတွေနဲ့ အမြန်ဆုံးသွားတွေ့ပါရစေ''
''ဟုတ်ကဲ့ အဆင်ပြေပါစေ ဆရာမောင်ဝင်း''

အရှေ့မှထူးဆန်းစွာကြုံတွေ့ခဲ့ရဘူးသော ပရလောကသားများနှင့် ဆက်စပ်နေသည့် ပျောက်ဆုံးနေသော အမှူ့ကြီးများအား ဖော်ထုတ်ပေးခဲ့သူများဖြစ်သည့် မိမိ၏မိတ်ဆွေများဖြစ်သော ထီးကလေး၊လမ်းကလေး၊မျှားကလေး၊ငါးကလေး၊တန်ခိုး တို့ထံသို့ပင် ဖမ်းကောင်ကြီးအား တိတ်တဆိတ်ဖမ်းစီးရေးအတွက် အကူညီတောင်းရန် ရဲအုပ်မောင်ဝင်းတစ်ယောက်မှာတော့ ချက်ချင်းပင်လျင် ရဲချုပ်ကြီးအားခွင့်တောင်းခါ ရန်ကုန်သို့ အရောက်ပြန်လေတော့သည်။

                         ************

            ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                         ()
        မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီအချိန်တွင်
                 ဆက်လက်၍ဖော်ပြပေးသွားပါမည်။



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages