တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ဖုတ်ကောင်
အပိုင်း (၆)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
ကြံခင်းနယ်အပိုင် လသာကျေးရွာဆီသို့ ထွက်ခွာလာခဲ့လေတော့သည်။
ဖုတ်ကောင်၏အကြောင်းအား သတင်းအစနရရှိစေရန် ဦးသိပ္ပတစ်ယောက်မှာတော့ မိမိ၏တပည့်ဖြစ်သူ ဒီပအား ကြံခင်းနယ်အပိုင် ကျေးရွာများဆီသို့ တိတ်တဆိတ်စေလွတ်ထားစေခဲ့သည်။ ဆရာဖြစ်သူ ဦးသိပ္ပရှိနေသည့် နေရာဆီသို့ ကြံခင်းနယ်အပိုင် ကျေးရွာများအနက် လသာကျေးရွာလေးမှ ဒီပတစ်ယောက် အကြောင်းစုံ စုံစမ်းသိရှိလာခဲ့ပြီး စုံစမ်းရသမျှ အကြောင်းတို့အား ရှင်းလင်းပြာဆိုလေတော့သည်။
' ဘာ … ဘယ်လို ကြံခင်းနယ်မှာ ဖုတ်ကောင်သောင်းကြမ်းနေပြီဟုတ်လား'
' ဟုတ်တယ်ဆရာ … အစတုန်းက ဖုတ်ကောင်က တိရိစ္ဆာန်တွေရဲ့ သွေးကိုပဲစုတ်တတ်တာ နောက်တော့ တစ်ဆင့်တိုးပြီး လူတွေကိုပါသွေးစုတ်နေပြီ '
' သေချာလို့လား ဒီပ … '
' သေချာတယ်ဆရာ .… လသာရွာမှာ ဖုတ်ကောင်က အဓိကသောင်းကြမ်းနေတာ အဲ့ဒီအကြောင်းတွေ အကုန်လုံး ဆရာစုံစမ်းခိုင်းလိုက်လို့ကြံခင်းနယ်ထဲက လသာရွာကနေ သိခဲ့ရတာ … ဖုတ်ကောင်သွေးစုတ်လို့ သေသွားတဲ့သူတွေနဲ့ ပတ်သတ်ပြီး စုံးစမ်းနေတဲ့ ရဲအရာရှိတစ်ယောက် ဒီမနက်ပဲ သွေးစုတ်ခံလိုက်ရလို့သေပြီ'
' ဟာ … တကယ်ပါပဲလား … တကယ်ပဲဖုတ်ကောင် လွတ်သွားပြီပဲ … ငါလုပ်ရက်ကြောင့် လူတွေသေကုန်တော့မှာပဲ '
' ဆရာ … ဘာဆက်လုပ်ကြမလဲ အဲ့ဒီဖုတ်ကောင်ကြီးကို ဘယ်လိုဖမ်းမလဲ'
' ဖုတ်ကောင်ကြီးကိုဖမ်းနိုင်ဖို့ အသာထား … ဖုတ်ကောင်တစ်ကောင်တည်းကနေ အများကြီးပွားသွားနိုင်တယ် ဖုတ်ကောင်လက်ချက်ကြောင့် သေသွားတဲ့ သူတွေကရော … ဘာမှမဖြစ်ကြဘူးလား'
' ဘာပြောကောင်းမလဲဆရာ,ရာ … နာရီပိုင်းအတွင်မှာပဲ ပုံစံတွေပြောင်းလဲလာလို့ ရွာသားတွေ ကြောက်ကြောက်လန့်လန့်နဲ့ မီးရှို့သင်္ဂျိုလိုက်ကြတယ်လို့ကြားတယ်'
' ဟူး … မှော်ဆရာကြီး … မှော်ဆရာကြီး … သူသာရှိနေရင် အဲ့ဒီဖုတ်ကောင်ကို ပြန်ဖမ်းပေးနိုင်မှာ '
' ဟုတ်တယ်ဆရာ … အဲ့ဒီအကြောင်းတွေးမိရင် ထင်ခကို ကျုပ်နှစ်ခါပြန်သတ်ချင်တယ် သူ့ကြောင့်မှော်ဆရာကြီး သေခဲ့ရတာ … သြော်ဒါနဲ့ မှော်ဆရာကြီးလွယ်အိတ်ကိုတော့ ဆရာရထားလိုက်တယ်မဟုတ်လား အိတ်ထဲက ပစ္စည်းတွေကရော ဘာတွေလဲ… '
' ဒါတော့ ငါလဲဘယ်လိုလုပ်သိမှာလဲ သေချာတာတစ်ခုကတော့ အိတ်ထဲကပစ္စည်းတွေကို ဖုတ်ကောင်ကြောက်မှာတော့ သေချာတယ်'
' ပြီးတော့ အဲ့ဒီဖုတ်ကောင်က အလင်းရောင်ကြောက်တယ် အောက်ဆီဂျင်ရှုတတ်တဲ့ သက်ရှိအားလုံးအနားကို အချိန်တိုအတွင်း အနံ့ခံပြီး သူရောက်သွားနိုင်တယ် အဲ့ဒီလောက်ထိပဲ ငါလည်းသိထားတယ် ဘဟ်လိုဖမ်းရမလဲဆိုတာတော့ ငါလဲမသိဘူး'
' ပိုသေချာအောင် အဲ့ဒီရွာကို ငါသွားလေ့လာကြည့်မယ် ငါ့ကိုလမ်းပြစမ်း ဒီပ'
' ဟုတ်ကဲ့ဆရာကြီး '
' ကဲ … ကျန်တဲ့ကောင်တွေ ဒီမှာ အနားယူနေကြ … အရေးကြုံရင်မင်းတို့ကိုပဲ အားကိုးရမှာ'
' ဟုတ် … ဟုတ်ကဲ့ဆရာကြီး'
တရုတ်ပြည်မှ မိမိကိုယ်တိုင် သယ်ဆောင်လာခဲ့သော ကျွန်းအခေါင်းကြီးအတွင်းမှ ဖုတ်ကောင်ကြီးမှာ အမှန်တကယ်ပင် လွတ်မြောက်သွားခဲ့ပြီး ကြံခင်းနယ်၌ သွေးစုတ်သောင်းကြမ်းနေကြောင်း သုတေသနပညာရှင် ဦးသိပ္ပတစ်ယောက်သိရှိသွားခဲ့လေသည်။ သို့နှင့် တပည့်ဖြစ်သူဒီပ ပြောဆိုသော စကားများအား ကြားရသည်နှင့် ကြံခင်းနယ်အပိုင် လသာကျေးရွာဆီသို့ ဖုတ်ကောင်ကြီး၏အကြောင်းအား တိတ်တဆိတ်လေ့လာရန် ဦးသိပ္ပနှင့်အတူ တပည့်ဖြစ်သူဒီပတို့ ထွက်ခွာလာခဲ့ချေတော့သည်။
***
ကြံခင်းနယ်အပိုင် ရဲစခန်းဆီသို့ ရွာ၏အဖြစ်အပျက်များအား အကြောင်းစုံရှင်းလင်းပြောကြားစေခဲ့ပြီး အမြန်ဆုံးမိမိတို့ရွာသို့ ရဲအရာရှိများလိုက်ပါစေရန် ပြောကြားကာ ရွာလူကြီးတစ်ယောက်မှာတော့ လသာရွာလေးဆီသို့ အပြေးပြန်လည်ရောက်ရှိလာခဲ့လေသည်။
' ထွန်းလှ … အလောင်းပုံစံပြောင်းလဲသွားသေးလား'
' ဟာ လူကြီး … မြန်မြန်လာပါဗျ ရဲစခန်းကိုအကြောင်းကြားပြီးပြီလား'
' အေး အခုပဲ အကြောင်းကြားပြီးတာနဲ့ မင်းတို့ဆီအမြန်ဆုံး ပြန်လာခဲ့တာ အလောင်းရဲ့အခြေအနေရော'
' ပုံစံကတော့ ပြောင်းလဲမလာဘူး … ကျုပ်တို့လဲ မောင်ဌေးတို့လိုပုံစံပြောင်းလာတာနဲ့ မီးရှို့ပစ်ဖို့ အဆင်သင့်လုပ်ပြီးသား'
' တော်သေးတာပေါ့ကွာ … ရွာထဲက လူတွေရော သိသွားကြပြီလား'
' ရွာအစွန်ဖြစ်နေတော့ ရွာထဲကလူတွေ အသွားအလာ မလုပ်တော့ မသိကြသေးဘူး … ကဲအခု ဒီအလောင်းကြီးကို ဘာလုပ်ရမှာတုန်း သင်္ဂျိုးလိုက်ရတော့မှာလား'
' နေဦး … ရဲတွေရောက်လာလိမ့်မယ် အခုလောလောဆယ် ဒီအလောင်းကြီးကို ဒီအတိုင်းစောင့်ကြည့်ထားမှဖြစ်မယ် ပုံစံပြောင်းလဲလာလို့ကတော့ ရဲတွေလဲစောင့်မနေတော့ဘူး သင်္ဂျိုးပစ်လိုက်ကြတော့'
' ဟုတ်ကဲ့လူကြီး … ကျုပ်တို့ကတော့ အခုပဲသင်္ဂျိုးချင်နေပြီ'
သွေးစုတ်တတ်သည့် ဖုတ်ကောင်လေဟု ရွာလူကြီးအပါအဝင် ရွာသားများမှာ မသိကြချေ။ သာမာန်တောကောင်ကြီး တစ်ကောင်၏လက်ချက်ကြောင့်ဟုသာ ထင်မြင်နေခဲ့ကြသည်။ ဖုတ်ကောင်၏ သွေးစုတ်ခြင်းခံလိုက်ရသော စခန်းမှူးကြီးဝင်းနိုင်၏ အလောင်းမှာ ဖုတ်ကောင်၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သော ရွာသားများကဲ့သို့ ပုံစံပြောင်းလဲလာခြင်းမရှိခဲ့ချေ။ ဖုတ်ကောင်၏အကြောင်းအား လေ့လာထားခဲ့ဘူးသော ဝင်းနိုင်ဟာ မိမိ၏နှလုံးသို့ ဖုတ်ကောင်၏အဆိပ်များ မပျံ့နံ့ခင် မိမိကိုယ်တိုင်နှလုံးအား အသေသတ်နိုင်ခဲ့သည့်အတွက် မိမိဟာ ဖုတ်ကောင်အဖြစ်သို့ ကူးပြောင်းသွားခြင်း မရှိတော့ချေ။
ဝင်းနိုင်၏အလောင်းမှာ ပုံစံပြောင်းလဲလာပါက အမြန်ဆုံးမီးရှို့သင်္ဂျိုရန် ထိတ်လန့်စွာဖြင့် ရွာသားများနှင့် ရွာလူကြီး အသင့်ပြင်ကာစောင့်ကြည့်နေခဲ့ကြသည်။ ရွာလူကြီး၏ အကြောင်းကြားချက်ဖြင့် မကြာမီအချိန်၌ ကြံခင်းနယ်အပိုင် လသာကျေးရွာလေးဆီသို့ ရဲမှူးကြီးနှင့်အတူ အခွင့်ရေးရဲအုပ်မောင်ဝင်းတို့ ရောက်ရှိလာခဲ့ကြလေပြီး။ထို့နောက် ကြံခင်းနယ်၌ လွတ်မြောက်ခါသောင်းကြမ်းနေသော ဖုတ်ကောင်ကြီးအကြောင်းအား တိတ်တဆိတ်လေ့လာရန် သုတေသနပညာရှင်ဦးသိပ္ပ ဆရာတပည့်နှစ်ယောက်ပါ ရောက်ရှိလာခဲ့တော့သည်။ ဦးသိပ္ပနှင့် တပည့်ဖြစ်သူ ဒီပမှာ ကုန်ရောင်းကုန်ဝယ်သမားများ အယောင်ဆောင်ထားခဲ့ပြီး လသာကျေးရွာလေးသို့ ရောက်ရှိလာကာ သေဆုံးသူစခန်းမှူးကြီး၏ အလောင်းအား တိတ်တဆိတ်အကဲခတ်လေတော့သည်။
' ဟာ … ဆရာတို့ရောက်လာကြပြီ '
' အလောင်းဘယ်မှာတုန်း '
' ဒီမှာပါဆရာတို့'
' ဟင် … ဆရာဝင်းနိုင်ဘယ်လိုဖြစ်ရတာလဲ ကဲကဲ … ရွာသားတွေအားလုံး အနားမကပ်ကြနဲ့ ဆရာမောင်ဝင်း သဲလွန်စတစ်ခုခုရှာပေးပါ'
' ဖြစ်မှဖြစ်ရလေဗျာ … '
' ရဲမှူးကြီး… ဆရာဝင်းနိုင် မသေခင်က ရေးသွားခဲ့တာနဲ့တူတယ် … ဒီမှာကြည့်'
' ဖုတ်ကောင် … ဖုတ်ကောင် ဟင် … ဒါဆို ဆရာဝင်းနိုင်ပြောတဲ့ ဖုတ်ကောင်ဆိုတာများလား'
' လူကြီး … ဒီဖုတ်ကောင်ဆိုတဲ့ စာကို ကိုဝင်းနိုင်အလောင်းနဲ့ အတူတူတွေ့ခဲ့တာလား'
' ဟုတ်ပါတယ်ဆရာ … စခန်းမှူးကြီးနဲ့ကျုပ်တို့ တစ်ညလုံး တောကောင်ကြီးကို စောင့်ဖမ်းနေကြတာပါ … စခန်းမှူးကြီးက ဟိုးအနားက ကင်းစင်အပေါ်မှာ စောင့်တယ် … ကျုပ်တို့တွေက စခန်းမှူးကြီးနေရာချထားပေးတဲ့ဆီမှာ စောင့်ကြတယ်'
'တစ်ညလုံး တိတ်ဆိတ်နေပြီ ရွာထဲကို ခွေးတစ်ကောင်ကြောင်တစ်မှီးတောင် ဝင်မလာခဲ့ပါဘူး မိုးလင်းခါနီးရောက်လာတော့ ကျုပ်တို့အားလုံးရွာထဲပြန်ဝင်ဖို့ စခန်းမှူးကြီးဆီမှာ ခွင့်တောင်းခဲ့ပါတယ် … ကျုပ်တို့အားလုံးကို ဝင်ခွင့်ပေးလိုက်ပြီး မိုးလင်းမှ ရွာထဲကို စခန်းမှူးကြီးပြန်ဝင်လာမယ်လို့ပြောတယ် … ကျုပ်တို့လဲ အိမ်ရောက်တာနဲ့ ခဏလေးမှေးနေတုန်း သေနတ်သံကြားလို့ အပြေးရောက်လာကြတာ … ဒီရောက်တော့ စခန်းမှူးကြီးအလောင်းကိုတွေ့ရတာပဲ သူ့ကိုယ်သူလဲ ဓားနဲ့ထိုးထားတယ် ပြီးတော့ မြေပေါ်မှာလဲ သွေးတွေနဲ့ ဖုတ်ကောင်ဆိုပြီးရေးသွားခဲ့တာပါ'
' အင်း …¡ '
ရွာသားတစ်ဦး၏ ရှင်းလင်းပြောဆိုသော စကားများအား ရဲအုပ်မောင်ဝင်းနှင့်အတူ ရဲမှူးကြီးတို့ကြားသိလိုက်ရပြီး နှစ်ဦးသား အကြည့်ချင်းဆုံးမိကာ ရဲမှူးကြီးမှာအဓိပ္ပာယ်ရှိစွာဖြင့် ခေါင်းအားငြိမ့်လိုက်လေသည်။
' ကဲကောင်းပြီ … ခင်ဗျားတို့အားလုံး သတိဝီရိနဲ့နေကြပါ … ခင်ဗျားတို့ရွာကို ကျွန်တော်တို့ရဲတပ်ဖွဲ့က ကင်းစောင့်တွေ အပြည့်ချထားပေးပါ့မယ်'
' ဟုတ် … ဟုတ်ကဲ့ဆရာ … ဘယ်လိုတောကောင်မျိုးက အခုလိုဒုက္ခပေးရနေရတာလဲ စခန်းမှူးကြီးရေးသွားသလို ဖုတ်ကောင်ဆိုတာများလား !… '
' ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အစွမ်းကုန် တရားခံအစစ်အမှန်ကို ဖော်ထုတ်ပေးသွားမှာပါ … အခု ရွာမှာ ကင်းစောင့်ရဲဘော် လေးဦးထားခဲ့ပေးမယ် … နေ့လည်ကြရင် … ကင်းစောင့်အကူတွေ ထပ်ပြီး လွတ်ပေးမယ် စိတ်အေးအေးထားကြပါ … ရွာက လူတွေအားလုံးကိုလဲ အခုအဖြစ်အပျက်အတွက် လူကြီးကပဲ မကြောက်လန့်ရအောင် အားလုံးကို ရှင်းပြပေးဖို့တောင်းဆိုပါတယ်'
' ဟုတ်ကဲ့ ဆရာ … ကျွန်တော်တို့ရွာကို ပစ်မထားပါနဲ့နော် စခန်းမှူးကြီးလဲ အကိုက်ခံလိုက်ရတော့ ကျွန်တော်တို့တစ်ရွာလုံး ပိုပြီးလန့်သွားကြပြီး'
' စိတ်ချပါလူကြီး ဒီကိစ္စအတွက် ကျွန်တော်တာဝန်ယူ ဖြေရှင်းပေးသွားပါ့မယ်'
' ဟုတ်ကဲ့ဆရာမောင်ဝင်း ဆရာဝင်းမောင်ဝင်းအကြောင်းကိုတော့ ကျွန်တော်တို့အားလုံးကြားဘူးပြီးသားပါ အားကိုးပါတယ်ဆရာ … ကျေးဇူးလည်းတင်ပါတယ် အကူညီပေးပါဆရာ'
' စိတ်ချပါ … ကျွန်တော်တို့တရားခံကို အမြန်ဆုံးဖော်ထုတ်ပေးသွားပါ့မယ် … ကဲ … ရဲဘော်တို့ အလောင်းကို ဆေးရုံပို့စီစဉ်ကြပါ'
မိမိတို့မကြားဘူးခဲ့သော ဖုတ်ကောင်၏အကြောင်းအား သေဆုံးသူ စခန်းမှူးကြီးဝင်းနိုင်မှ အကြောင်းစုံရှင်းလင်းပြောပြခဲ့ဘူးသည်။ ယခုသေဆုံးသူ ဝင်းနိုင်၏ နံဘေး၌သွေးဖြင့် 'ဖုတ်ကောင်'ဟူသော စာလုံးအား သဲလွန်စရေးသားပေးခဲ့ပြီး သေဆုံးနေခဲ့သည်အား တွေ့ရှိလိုက်ရသည့်အတွက် မိတ်ဆွေဖြစ်သူများမှာ လွန်စွာမှပင် ဝမ်းနည်းကြေကွဲခဲ့ရလေပြီ။ သို့ပေမယ့် ရွာသူရွားသားများအား နှိမ့်သိမ့်စကားပြောဆိုကာ ရဲမှူးကြီးနှင့် ရဲအုပ်မောင်ဝင်းတို့ အပိုင်စခန်းဆီသို့ ပြန်လည်ထွက်ခွာလာခဲ့ချေတော့သည်။
ရွာသူရွာသားများအား ရပ်ရွာအုပ်ချူပ်ရေးမှူးမှ လော်စပီကာဖြင့် ဆင့်ခေါ်ခါ ကျေးရွာ၏ ဓလေ့ထုံးစံအတိုင်း ရွာရှိတစ်အိမ်တစ်ယောက် ရွာလူကြီး၏နေအိမ်သို့ ရောက်ရှိလာကာ ဆုံစည်းကြရသည်။ သို့နှင့် ရွာလူကြီးမှာ မိမိတို့ရွာ၏ ဖြစ်ကြောင်းကုန်စဉ်များအား ရှင်လင်းပြောဆိုပြခဲ့ပြီး ကြောက်လန့်ခြင်းများမရှိစေရန် နှစ်သိပ့်ထားခဲ့လေသည်။
' အစ်ကို ရွာမှာဘာတွေဖြစ်နေကြတာလဲ … လူကြီးကရော အရေးတကြီး ဘာကြောင့်ခေါ်ရတာလဲ … ဟင် အစ်ကို … မျက်နှာလဲမကောင်းပါလား ဘာဖြစ်လာတာလဲလို့'
' ဟူး … ဘာမှမဖြစ်ပါဘူးကေရယ် … ရွာမှာတောကောင်ကြီး သောင်းကြမ်းနေတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အသွားအလာဆင်ခြင်ဖို့ ခေါ်ပြောတာ'
' သြော် … ဒါများ … မနက်ကလဲ အစ်မအေးရဲ့ ဝက်တွေမသေဘူး အစ်ကိုရဲ့ … အခုတစ်လော နှစ်ရက်ရှိပြီး တောကောင်ကြီး ငြိမ်နေတာ'
' အင်း … မိန်းမရေ ဘာပဲဖြစ်ဖြစ် ရွာလူကြီးပြောလိုက်သလို အသွားအလာလေးတော့ ဆင်ခြင်မှဖြစ်မယ်'
' ဟုတ်ကဲ့ပါရှင့် … ကေက အပြင်ထွက်တာမဟုတ်ပါဘူး အစ်ကိုပဲအပြင်ထွက်နေတဲ့သူ အစ်ကိုပဲဂရုစိုက်ပါ'
ရွာလူကြီး၏ ပြောဆိုလိုက်သော စကားများအား ခေတ်ပညာတတ် ဆရာဝန်လောင်းလေး ဆန်းထွန်းပိုင်မှာ ကောင်းစွာသဘောပေါက် နားလည်စေခဲ့ပြီး သွေးစုတ်တတ်သည့် ဖုတ်ကောင်မျိုးသားဖြစ်လိမ့်မည်ဟု သူ၏ရင်အတွင်း၌ သိရှိနေခဲ့သည်။ သို့ပေမယ့် သွေးစုတ်တတ်သည့် သွေးစုတ်ဖုတ်ကောင်ဆိုသည်မှာ မိမိတို့မြန်မာနိုင်ငံ၌ ယုံရခတ်လှသည့် အဖြစ်အပျက်တစ်ခုပင်ဖြစ်သည်။ သွေးစုတ်ဖုတ်ကောင်ဆိုလျင်လည်း မည်သည့်နေရာဆီမှ မည်သို့ပင်ရောက်ရှိလာခဲ့သနည်း။
အထက်တန်းကျောင်းသားဘဝ ငယ်စဉ်မှမိမိကြည့်ခဲ့ဘူးသော ရုပ်ရှင်များအထဲမှ စိတ်ကူးယဉ်ဆန်ဆန်သွေးစုတ်ဖုတ်ကောင်လေလား။ ဤသို့ပင်ဆိုလျင် မိမိကိုယ်တိုင်တွေးတောကာ ရယ်မောနေမိမှာသေချာလှသည်။ အဘက်ဘက်မှတွေးတောကြည်လျင် သွေးစုတ်ဖုတ်ကောင်ဆိုသည်မှာ မည်သိုမှပင် မဖြစ်နိုင်ဟုစဉ်းစားနေမိခဲ့သည်။ ထို့ကြောင့်သူ၏ရင်တွင်း၌ တကယ်ပင်လျင် သွေးစုတ်ဖုတ်ကောင်လေလား၊ တောကောင်ကြီးပင်လားဟူ၍ ကောင်းစွာဝေခွဲမရသေးချေ။ ထို့ကြောင့်သိပ်ချစ်ရသည့် ဇနီးသည်ကေအားလည်း မသေချာသေးသည့် အဖြစ်အပျက်အတွက် ထိတ်လန့်ကြောက်ရွံ့သွားမည်ကို စိုးရိမ်၍ သာမာန်မျှသာ ပြောဆိုထားခဲ့သည်။
ရဲအရာရှိများဟာ ရပ်ရွာလုံခြုံရေးအတွက် ကင်းစောင့်ရဲဘော်လေးဦးအား ထားရစ်ခဲ့သော်လည်း အဖြစ်အပျက် အစအဆုံးအား သိရှိထားခဲ့သည့် ရွာလူကြီးနှင့်ရွာသားတစ်ချို့မှာတော့ စိုးရိမ်စွာနှင့် ရွာဦးကျောင်းထိုင်ဘုန်းကြီးထံသို့ အကြောင်းစုံလျောက်တင်ကာ အကူညီတောင်းလေတော့သည်။
' ဟေး … ရွာမှာ ဒကာတွေအလုပ်ရှုတ်နေကြတာတော့ အုန်းကြီသတိထားမိတယ်ကွယ့်… အုပ်ချုပ်ရေးမှူးကြီးပြောပြမှပဲ ဖြစ်နေတဲ့ အကြောင်းတွေရှင်းရှင်းလင်းလင်း သိရတော့တယ်'
' တင်ပါ့ဘုရား … ဘယ်လိုတောကောင်မျိုးလဲဆိုတာ တပည့်တော်ဒီအသက်အရွယ်အထိ တစ်ခါမှမကြုံဘူးခဲ့ပါဘူး ပြီးတော့ မောင်ဌေးတို့သေသွားတုန်းကဆိုရင် မျက်လုံးတွေပွင့်လာပြီး လက်သည်းတွေလဲ သိသိသာသာကြီးရှည်ထွက်လာခဲ့တယ် … စခန်းမှူးကြီးရေးသွားသလို … ဖုတ်ကောင်ဆိုတာများလား!'
'ဟေး … ဟားဟား ဒကာတို့ … ဥပ္ပါတ်ဒဏ်ကြောင့် ဥပ္ပါတ်မရောက်ပါစေနဲ့ ဘာဖုတ်ကောင်မျိုးမှ မဟုတ်ပါဘူး ဒကာကြီးပြောတဲ့ သွေးစုတ်တဲ့ဖုတ်ကောင်ဆိုရင် ဟာသတစ်ခုနေနဲ့ ဖြစ်နေပါလိမ့်မယ် … ပြီးတော့ ဦးဇင်းတို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေမှာ သွေးစုတ်ဖုတ်ကောင်ဆိုတာ အကောင်အထည်မရှိပါဘူး ပရလောကတစ်ခုအနေနဲ့ အကောင်အထည်မမြင်ရတဲ့ ဖုတ်၊ဗြိတ္တာဆိုတာမျိုးပဲရှိတာပါ … ဒါဟာ တောကြီးအရိုင်းစိုင်း တိရိစ္ဆာန်တစ်ကောင်ပဲဖြစ်ပါလိမ့်မယ် သေသွားခဲ့တဲ့ ရွာသားတွေအလောင်းက ရွာပြင်နားမှာဆိုတော့ အပမှီတဲ့သဘောမျိုးလဲဖြစ်ပါလိမ့်မယ်'
'တင်ပါ့ဘုရား … တပည့်တော်တို့ရွာလေး ကပ်ဆိုက်နေတာများလား အရှင်ဘုရား '
' အင်း … ဘာပဲဖြစ်ဖြစ် ရပ်ရွာအတွက်ဆိုတော့ ဒီည ဘုန်းကြီးကိုယ်တိုင် မေတ္တာလေးပို့ပေးပါ့မယ် … ဒကာတို့မကြောက်ကြပါနဲ့ ဘယ်လိုအရိုင်းစိုင်တောကောင်မျိုးပဲ ဖြစ်နေပါစေ ဗုဒ္ဓမြတ်စွာဘုရားရဲ့ မေတ္တာတရားတော်တွေကို နာကြားမိတာနဲ့ လူတွေကိုအန္တရယ်ပေးမှာ မဟုတ်တော့ပါဘူး'
' တင်ပါ့ဘုရား … ရွာအတွက် စောင့်ရှောက်ပေးပါဦး … အဲ့ဒီတောကောင်ကြီးက မနက်အာရုံတတ်ခါနီးအချိန်မှ ရောက်ရောက်လာတတ်တယ် အရှင်ဘုရား'
' ကောင်းပြီ ဒီည ကင်းစောင့်ရဲဘော်တွေလဲ ရှိနေတယ်ဆိုတော့ ရွာထိပ်မှာတစ်ညလုံး ဘုန်းကြီးတို့ကျောင်းမှာရှိနေတဲ့ ကိုယ်တော်တွေအားလုံး ပရိတ်တရားရွတ်ဖတ်ပေးပါ့မယ်'
'တင်ပါ့ဘုရား … တပည့်တော်တို့ လိုအပ်တာတွေ ပြင်ဆင်ထားလိုက်ပါ့မယ်'
'အေးကွယ် !… ကောင်းပါပြီ'
သုတေသနပညာရှင် ဦးသိပ္ပကိုယ်တိုင်ပင်လျင် တရုတ်ပြည်မှ ဖုတ်ကောင်ကြီးအား သယ်ဆောင်လာခဲ့သည်ကိုမသိ အဆက်စပ်မရှိ မည်သည့်နေရာဆီမှ ရောက်ရှိလာခဲ့ခြင်းအားလည်း ရွာဦးကျောင်းထိုင် ဘုန်းကြီးမှာမသိခဲ့ချေ။ မည်သည့်ဒေသ မည်သည့်နေရာဆီမှ ထိုဖုတ်ကောင်ဆိုသည်မှာ ရောက်ရှိလာခဲ့သနည်း။ အဘက်ဘက်မှ တွေးတောဆင်ခြင်မိပြီး ရွာလူကြီးပြောဆိုသော စကားများအား ကျောင်းထိုင်ဘုန်းကြီးမှာ ခပ်ပြုံးပြုံးအမူယာဖြင့် ပြန်လည်ပြောဆိုခဲ့သည်။ မိမိတို့၏ ဗုဒ္ဓဘာသာရာဇဝင် အယူအဆများတွင်လည်း သွေးစုတ်ဖုတ်ကောင်ဆိုသည်မှာ မရှိခဲ့ချေ။
ထို့အယူအဆများကြောင့် ကျောင်းထိုင်ဘုန်းကြီးမှာ တောကောင်ကြီးသာလျင် ဖြစ်လိမ့်မည်ဟု ဆုံးဖြတ်ချက်ချထားခဲ့ပြီး ယနေ့ည၌ ကျောင်းတွင်ရှိနေသော သံဃတော်များနှင့်အတူ ပရိတ်တရားရွတ်ဖတ်ပေးမည်ဟု မိန့်ကြားခဲ့လေတော့သည်။ ကျောင်းထိုင်ဘုန်းကြီး၏ မိန့်ကြားချက်များအား ရွာလူကြီးနှင့်အတူ ရွာသားတစ်ချို့ကြားသိလိုက်ရပြီး အားရှိစွာနှင့် ယနေ့ညတွင် ပရိတ်တရားရွတ်ဖတ်ရန်အတွက် ရွာထိပ်တွင် လိုအပ်သည်များစီစဉ်လေတော့သည်။
***
ကြံခင်းနယ်အပိုင် လသာကျေးရွာလေးသို့ ဦးသိပ္ပတစ်ယောက်ရောက်ရှိလာခဲ့ပြီး ဖုတ်ကောင်၏သွေးစုတ်ခြင်းခံလိုက်ရသော စခန်းမှူးကြီးဝင်းနိုင်၏ အလောင်းအား လာရောက်အကဲခတ် ကြည့်ရှု့ခဲ့ပြီး
' အင်း … ဒဏ်ရာကတော့ ဖုတ်ကောင်ရဲ့လက်ချက်ဆိုတာ သေချာတယ် … ဖုတ်ကောင်ကြီးလို့ ရဲတွေကို ငါသွားပြောပြလိုက်ရင်လဲ ငါပါဒုက္ခရောက်သွားနိုင်တယ်'
' ဟုတ်တယ်ဆရာ … ဆရာသွားပြောလို့ မဖြစ်ဘူး ကျွန်တော်မနေ့တုန်းက ဆရာကတော်ရဲ့ အခြေအနေကို သွားလေ့လာတုန်းက ဆရာ့အိမ်ကို ရဲတွေလာသွားတယ်လို့ ကြားခဲ့ရတယ်ဆရာ'
' အေးကွ … အခုလောက်ဆိုရင် ကားမှောက်သွားတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ကားကြီးက ငါ့ရဲ့ကားဆိုတာ ရဲတွေသိသွားလောက်ပြီ ဒီတော့ … မောင်ဝင်းဆိုတဲ့ ရဲက ငါ့အပေါ်ကို သံသယရှိနေမှာ သေချာတယ်'
' ဘယ်လို …ဆရာ … မောင်ဝင်းဆိုတာ ပျောက်ဆုံးနေတဲ့ အမှုကြီးတော်တော်များကို ဖော်ထုတ်ပေးခဲ့တဲ့ နိုင်ငံတော်အသိမှတ် အခွင့်ရေးရဲအုပ်မောင်ဝင်းဆိုတာလား'
' ဟုတ်တယ် … သူက လူတော်တစ်ယောက်ကွ … အခုလောက်ဆို သဲလွန်စတစ်ခုခြင်းဆီကို သူလိုက်ပြီး ဖုတ်ကောင်ကြီးသောင်းကြမ်းနေတယ်ဆိုတာ သူသိသွားလောက်မှာပါ'
' ဒါဆိုဆရာ … ဖုတ်ကောင်ကြီးကို မောင်ဝင်းဆိုတဲ့သူက ဖမ်းပေးနိုင်သွားပြီပေါ့ဟုတ်လား'
' ဘယ်ကသာဖမ်းနိုင်ရမှာလဲကွာ … အခုလောက်ဆိုရင် ဖုတ်ကောင်ကြီးက လူသွေးဝလို့ အသားအရည်တောင် ပြည့်နေလောက်ပြီ လွယ်လွယ်နဲ့ မဖမ်းနိုင်တော့ဘူး'
' ဟင် … ဒါ … ဒါဆို လူတွေအတွက်ကရော '
' ဘယ်တတ်နိုင်ပါ့မလဲ … ဖုတ်ကောင်ကြီးဆိုတာ ရဲတွေသိသွားရင် နိုင်ငံတော်ကလဲ ဒီအတိုင်းကြည့်နေမှာ မဟုတ်ပါဘူး မရရအောင်ရှင်းမှာပေါ့ကွ'
' ဒါဆို ရတနာတွေကရော … '
' ဟုတ်တယ်ကွ … ရတနာတွေရဖို့ တရုတ်ပြည်ကနေ ငွေကုန်ကြေးကျခံပြီး ဖုတ်ကောင်ကြီးကိုသယ်လာတာငါ … နိုင်ငံတော်က ဖုတ်ကောင်ကြီးကို ဖမ်းမိသွားရင် ရတနာတွေအားလုံး နိုင်ငံတော်လက်ထဲရောက်သွားလိမ့်မယ် … အဲ့ဒီတော့ သူတို့ထက်အရင် ဖုတ်ကောင်ကြီးကို ငါဖမ်းနိုင်မှဖြစ်မယ်'
' ဒါဆိုလဲ လုပ်တော့လေဆရာ … အချိန်ဆွဲနေလို့မဖြစ်တော့ဘူး … တော်ကြာ ရဲတွေဖမ်းမိသွားမှ ကျွန်တော်တို့ဘာမှ မရလိုက်ပဲဖြစ်နေမယ်'
' အေးပါကွ … သေသွားတဲ့ စခန်းမှူးကြီးဆိုတာ ဖုတ်ကောင်ရဲ့အကြောင်းကို သိထားတယ်နဲ့ထင်တယ် သူ့ရဲ့နှလုံးတည့်တည့်ကို သူကိုယ်တိုင်ဓားနဲ့ထိုးပြီး ဖုတ်ကောင်ရဲ့အဆိပ်တွေ မပျံအောင် ထိန်းသွားခဲ့တယ် … သွားပါပြီကွာ … ဖုတ်ကောင်အကြောင်းကို သိထားတဲ့သူတွေအားလုံး တစ်ယောက်ချင်းသေကုန်ပြီ … ငါကလဲ တစ်စွန်းတစ်စပဲသိထားတာ … အိုးကွာ … ဘာပဲဖြစ်ဖြစ် ရအောင်ပြန်ဖမ်းရမှာပဲ'
' လုပ်ဆရာ … ဆရာ့အနောက်မှာ ကျွန်တော်တို့အားလုံးရှိနေတယ် '
' ကောင်းပြီ … ဒါဆိုနေမဝင်ခင် ကြံခင်းနယ်ကို ငါတို့အားလုံးသွားမယ် … ရွာသားတွေနဲ့ ရဲတွေရိမ်မိသွားလို့ မဖြစ်ဘူးနော် … တစ်ညလုံးစောင့်ကြည့်ကြမယ် … ဖုတ်ကောင်ရဲ့ အားနည်းချက်ကို သေချာကြည့်ပြီး အခွင့်ရေးရတာနဲ့ ဖမ်းဖို့အတွက် စပြီးလှုပ်ရှားကြမယ်'
' ဟုတ်ကဲ့ဆရာ '
မိမိကိုယ်၌ပင် တရုတ်ပြည်မှ ငွေကုန်ကြေးကျခံကာ မြန်မာပြည်အထိ သယ်ယူလာခဲ့သော ဖုတ်ကောင်ကြီးအား ပြန်လည်ဖမ်းယူမည်ဟု ကြုံးဝါးပြောဆိုခဲ့ပြီး ဦးသိပ္ပနှင့်အတူ သူ၏တပည့်ဖြစ်သူများ ကုန်ရောင်းကုန်ဝယ်သမားများ အယောင်ဆောင်ကာ ကြံခင်းနယ်အပိုင် လသာကျေးရွာဆီသို့ ထွက်ခွာလာခဲ့လေတော့သည်။
မိတ်ဆွေဖြစ်သူ ရဲအုပ်ကြီးဝင်းနိုင်၏ အဖြစ်ပျက်အား မြင်တွေ့ခဲ့ရပြီး ရဲမှူးကြီးနှင့်အတူ ရဲအုပ်မောင်ဝင်းတို့မှာ လွန်စွာမှပင် ဝမ်းနည်းကြေကွဲလျက် တရားခံအစစ်အမှန်အား ဖော်ထုတ်နိုင်ရန် တိုင်ပင်ကြလေသည်။
' ကိုဝင်းနိုင်အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ဆရာမောင်ဝင်း ဘယ်လိုမြင်သလဲ'
' လူသတ်သမားလား တောကောင်ကြီးပဲလား … သေချာဝေခွဲမရသေးဘူး ရဲမှူးကြီး '
' အင်း … ဆရာဝင်းနိုင်အလောင်းဘေးမှာ တွေ့ခဲ့ရတဲ့ ဖုတ်ကောင်ဆိုတဲ့ စာလုံးကိုရော ကိုမောင်ဝင်ဘယ်လိုမြင်လဲ ပြီးတော့ ရင်ဘတ်မှာစိုက်နေတဲ့ ဓားချက်ကိုရော … '
' ဆရာဝင်းနိုင်ရေးသွားခဲ့တဲ့ စာလို့ကျွန်တော်တို့အနေနဲ့ ကောက်ချက်ချလို့လဲ မရသေးပါဘူး … လူသတ်တရားခံက တမင်သတ်သတ်အကွက်ဆင်တာမျိုးလဲ ဖြစ်နေနိုင်တယ် … ရင်ဘတ်က ဓားချက်ကတော့ ဆေးစစ်ချက်အရ ကိုဝင်းနိုင်ကိုယ်တိုင် မသေခင်အချိန်ပိုင်းလေးမှာ ကိုယ့်ကိုကိုယ်ထိုးသွားခဲ့တယ်လို့ ယူဆလို့ရပါတယ်ရဲမှူးကြီး'
' ဘာကြောင့်လဲဆို ဆေးစစ်ချက်အရ … နှလုံးနေရာတည့်တည့်ကို သေဆုံးခါနီး အားအင်မျိုးနဲ့ထိုးသွင်းခဲ့တာပါ … ဂုတ်အပေါ်က ဒဏ်ရာကိုတော့ ကျွန်တော့်တစ်သက် တစ်ခါမှမမြင်ဘူးသေးတဲ့ ဒဏ်ရာမျိုးဖြစ်နေတော့ ပြောရခတ်တယ်ရဲမှူးကြီး'
' အင်း … အားလုံးကိုခြုံကြည့်လိုက်ရင် အမှုကွင်းဆက်တွေ ပျက်နေတယ် … သဲလွန်စ သုံးခုစလုံးမှာလဲ တစ်ခုတစ်မျိုးစီတွေ့နေရတယ် … ကျုပ်အထင် … ဆရာဝင်းနိုင်ပြောပြသွားတဲ့ ဖုတ်ကောင်ဆိုတာများ ဖြစ်နေရင် ရွာသူရွာသားတွေအတွက် သိပ်ကိုအန္တရယ်များသလို မြန်မာပြည်ကြီးအတွက်လဲ သိပ်ကိုစိုးရိမ်မိတယ်ဆရာမောင်ဝင်းရေ'
' ဟုတ်ကဲ့ရဲမှူးကြီး … မှောက်သွားတဲ့ ကားပိုင်ရှင်ဦးသိပ္ပရဲ့ သတင်းလဲအစနပျောက်နေပါတယ် … အခုချိန်ထိလဲ နေအိမ်ကို ပြန်ရောက်မလာသေးဘူးလို့ ထောက်လှမ်းရေးဆရာက သတင်းပေးပို့ထားပါတယ် … ကားပေါ်မှာတွေ့ရတဲ့ ကျွန်းအခေါင်းကြီးထဲက ဖုတ်ကောင်ဆိုတာ ဟုတ်မဟုတ် ကျွန်တော်အစွမ်းကုန် စုံးစမ်းသွားပါ့မယ် '
' ဟုတ်ပြီဆရာမောင်ဝင်း … ဒီည လသာရွာလုံခြုံရေးအတွက် ကင်းစောင့်ရဲဘော် လုံလုံလောက်လောက်ချထားပေးပါ … ဒီတစ်ည ကျွန်တော်တို့အနေနဲ့ စောင့်ကြည့်ဖို့လိုတယ်'
' ဟုတ်ကဲ့ရဲမှူးကြီး ကျွန်တော်စီစဉ်လိုက်ပါ့မယ်'
သေဆုံးသွားသူ မိတ်ဆွေရဲအုပ်ဝင်းနိုင်၏ အလောင်းနံဘေးတွင် ဖုတ်ကောင်ဟူသော သွေးစာလုံးအားတွေ့ရှိခဲ့သော်လည်း ဖုတ်ကောင်ကြီးဟုပင် ရဲအရာရှိများမှာ သေချာစွာကောက်ချက်မချနိုင်ပင်။ သဲလွန်စကွင်းဆက်များမှာလည်း မသည်းမကွဲ ဖုတ်ကောင်လေလား လူသတ်တရားခံလေလားဟူ၍ ခွဲခြားရခက်နေခဲ့ပြီး ကြံခင်းနယ်အပိုင် လသာကျေးရွာလေးမှာသာ ကင်းစောင့်ရဲဘော်အမြောက်အမြား ချထားပေးစေကာ ယနေ့ညအဖို့ အဖြူအမည်းသည်းကွဲစေရန် ရဲအရာရှိများမှာ ထပ်မံ၍စောင့်ကြည့်ကြမည်ဖြစ်သည်။
ရွာဦးကျောင်းထိုင်ဘုန်းကြီး၏ မိန့်ကြားချက်ဖြင့် ရွာလူကြီးနှင့်အတူ ရွာသားများမှာ ရွာထိပ်တွင် ပရိတ်တရားရွတ်ပွဲအတွက် လိုအပ်သည်များ ပြင်ဆင်ပြီးသည်နှင့် ညနေဆောင်းအချိန်သို့ပင် ရောက်ရှိလာချေခဲ့သည်။ ကျေးငှက်များ၏ အိပ်တန်းတတ်ချိန်နှင့်အတူ ရွာရှိသက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များမှာ အိမ်အပြင်သို့မထွက်စေရန် ရွာလူကြီးမှ နှိုးဆော်ထားခဲ့ရသည်။ မကြာမီအချိန်၌ပင် ကြံခင်းနယ်အပိုင်ရဲစခန်းဆီမှ ရဲမှူးကြီး၏စေလွတ်ချက်ဖြင့် နယ်ထိန်းအရာရှိတစ်ယောက်နှင့်အတူ ကင်းစောင့်ရဲဘော်များ ရောက်ရှိလာခဲ့ကြသည်။
နယ်ထိန်းအရာရှိ၏ သတ်မှတ်နေရာချထားပေးသည့် နေရာများတွင် ကင်းစောင့်ရဲဘော်များ ကိုယ်ဆီနေရာယူထားကြပြီး ထိုတစ်ညအဖို့ စောင့်ကြပ်ကြမည်ဖြစ်သည်။ သေဆုံးသွားသည့် ရွာသားသုံးဦးနှင့်အတူ စခန်းမှူးကြီးဝင်းနိုင်မှာ ရွာတောင်ပိုင်းဝင်ပေါက်၌ သေဆုံးသွားခဲ့ရပြီး ရွာဦးကျောင်းထိုင်ဘုန်းကြီးမှာ ရွာတောင်ပိုင်းဝင်ပေါက်၌သာ ဦးစားပေး ပရိတ်တရားရွတ်ဖတ်ရန် စီစဉ်နေလေခဲ့သည်။
ကုန်ရောင်းကုန်ဝယ်သမားများ အယောင်ဆောင်ကာ ဦးသိပ္ပနှင့်တပည့်များသည်လည်း လသာကျေးရွာလေးဆီသို့ ဦးတည်ကာရောက်လာခဲ့ကြလေပြီး။
' နေဦးကွ … ငါတို့ရွာထဲဝင်လို့ အဆင်ပြေမှာမဟုတ်ဘူး … အဲ့ဒီရွာမှာ အခုပြသနာကတတ်နေတော့ … သူစိမ်းဝင်လာရင် စစ်လားဆေးလားလုပ်နေမှာသေချာတယ်'
' ဟုတ်တယ်ဆရာ … ဒါဆိုဆရာဘယ်လိုလုပ်ချင်လဲ'
' အင်း … ငါတို့ရဲ့ အဓိကရည်ရွယ်ချက်က ဖုတ်ကောင်ကြီးရဲ့အခြေအနေကို စောင့်ကြည့်ဖို့ပဲ သူ့ရဲ့အားသာချက် အားနည်းကို သိဖို့ပဲလိုတယ်… ခက်တာက ဖုတ်ကောင်ဒီညလာမှာလား မလာဘူးလားဆိုတာ သိဖို့ရယ် ၊ရွာအဝင်လမ်းတွေအထဲက ဘယ်လမ်းကနေ လာမလဲဆိုတာရယ် သိမှဖြစ်မယ်'
' အဲ့ဒီအတွက်တော့ ဘာမှမပူနဲ့ဆရာ … ဖုတ်ကောင်ဒီည လာ,မလာဆိုတာတော့ ကျွန်တော်သေချာမပြောနိုင်ပေမယ့် လာခဲ့မယ်ဆိုရင်တော့ သူလာနေကြ ရွာတောင်ပိုင်းဝင်ပေါက်ကိုပဲ လာမယ်နဲ့ထင်တယ်'
'ဟင် … မင်းကဘယ်လိုလုပ်သိတုန်း'
' သြော် … ဖုတ်ကောင်ကြောင့် သေသွားတဲ့ ရွာသားသုံးယောက်အပါအဝင် စခန်းမှူးကြီးပါ ရွာတောင်ပိုင်းကနေ ဖုတ်ကောင်ဝင်လာလို့ ရွာတောင်ပိုင်းမှာသေခဲ့ရတာပဲ ရွာတောင်ပိုင်းကနေပဲ ဝင်လာမှာသေချာတယ်ဆရာ'
' အေးဟုတ်ပြီး … ဒါဆို ငါတို့ရွာတောင်းပိုင်နဲ့ အနီးဆုံးနေရာမှာ စခန်းချပြီး ဖုတ်ကောင်ရဲ့အခြေအနေကို စောင့်ကြည့်ကြတာပေါ့'
''ဟုတ်ကဲ့ဆရာ … ''
''ကဲအားလုံးပဲ … ငါ့အမိန့်မရပဲနဲ့ ဘာမှမလုပ်ကြနဲ့နော် … ဒီတစ်ညအဖို့ ငါတို့မတွက် ဖုတ်ကောင်ကြီးကိုစောင့်ကြည့်ဖို့ပဲလိုတယ် … အားနည်းချက်ကို သိပြီးဆိုတာနဲ့ စပြီးလှုပ်ရှားကြမယ်''
''ဟုတ်ကဲ့စိတ်ချပါဆရာ''
ဆောင်းတွင်းညနေခင်း၏ နေဝင်ဆည်းဆာ ရဲရဲတောက်နေသည့် နေမင်းကြီးဟာ အနောက်အရပ်သို့ ဖြေးညင်းစွာဝင်ရောက်သွားခဲ့ပြီး ညဦးပိုင်းအချိန်သို့ပင် ရောက်ရှိလာခဲ့ချေသည် ။ ကင်းစောင့်ရဲဘော်များသည်လည်း ကြောက်စိတ်များကင်းစင်နေလေသလား ရဲတင်းစွာဖြင့် ရွာဝင်ပေါက်များအား အထူးကြပ်မတ်နေခဲ့ကြသည်။ ရွာ၏ အရှေ့၊အနောက် ၊မြောက် ဝင်ပေါက်များ၌ ကင်းစောင့်ရဲဘော်များ များပြားစွာရှိနေခဲ့ပြီး ရွာဦးကျောင်းထိုင်ဘုန်းကြီးအပါအဝင် ကျောင်းတွင်ရှိသော ရဟန်းလေးပါးနှင့် ရွာတောင်ပိုင်းဝင်ပေါက်၌ နယ်ထိန်းအရာရှိနှင့်အတူ ကင်းစောင့်ရဲဘော်လေးဦးသာ စောင့်ကြပ်နေခဲ့သည်။
''ကဲ … အားလုံးပဲ ရွာတောင်ပိုင်းနဲ့ အနီးဆုံးဒီလျိုထဲမှာ စခန်းချမယ်''
''ဟ … ဆရာ … ရွာတောင်းပိုင်မှာ ဘုန်းကြီးတွေရော ရဲတွေရော ဘာတွေလုပ်နေတာလဲမသိဘူး''
''ဘာလုပ်ရမှာတုန်းကွ … ဖုတ်ကောင်ကြီးကိုပဲ စောင့်နေကြတာနေမှာပေါ့ … ဘာပဲဖြစ်ဖြစ် ငါတို့အားလုံးကို ဘယ်သူမှတွေ့သွားလို့မဖြစ်ဘူးနော်''
''ဟုတ်ကဲ့ ဆရာ''
ဦးသိပ္ပဦးဆောင်သော အဖွဲဟာလည်း ရွာတောင်ပိုင်းဝင်ပေါက်နှင့် အနီးဆုံးလျိုကြီးတစ်ခုအတွင်း၌ စခန်းချကာ ဖုတ်ကောင်ကြီး၏အခြေအနေအား စောင့်ကြည့်ကြမည်ဖြစ်သည်။ ဦးသိပ္ပနှင့်သူ၏ တပည့်များမှာ သွေးစုတ်တတ်သည့် ဖုတ်ကောင်ဟူ၍ ကောင်းစွာသိရှိထားသော်လည်း ရွာသူရွာသာများနှင့် ရဲအရာရှိများအပါအဝင် ရွာဦးကျောင်းထိုင်ဘုန်းကြီးမှာ အဖြူအမည်းမသည်းကွဲ တောကောင်လေးလား၊ လူသတ်သမားလားဟု ဝေခွဲမရသေးချေ။
ရပ်ရွာအကျိုးအတွက် ရွာဦးကျောင်းမှဘုန်းကြီးများမှာ ညဥ့်ဦးပိုင်းအချိန်မှစတင်ကာ ပရိတ်တရားတော်များ သံပြိုင်ရွတ်ဖတ်နေခဲ့ကြပြီး ကင်းစောင့်ရဲဘော်များသည်လည်း ရွာအတွင်းသို့ ခွေးတစ်ကောင်ကြောင်တစ်မှီးမျှ မဝင်ရောက်နိုင်ရန် အထူးပင်စောင့်ကြည့်နေခဲ့ကြသည်။ ညဦးပိုင်းအားကျော်လွန်လာခဲ့ပြီး သန်းခေါင်ယံအချိန်ထိ အရှေ့၊အနောက်၊တောင်၊မြောက် ရွာအဝင်လမ်းမကြီးများမှာ ရှင်းလင်းတိတ်ဆိတ်နေကာ မည်သည့်အရိပ်ယောင်တစ်ခုမျှ မတွေ့ရချေ။ ညဦးပိုင်းမှစတင်ပြီး ရွာဝင်ပေါက်အားလုံးအား လှည့်ပတ်ခါ ပရိတ်တရားများရွတ်ဖတ်နေခဲ့ပြီး အာရုံတတ်ချိန် အချိန်၌ပင် မိမိတို့၏နေရာ ရွာတောင်ပိုင်းဆီသို့ ပြန်လည်ရောက်ရှိလာကာ ဘုန်းကြီးများ၏ပရိတ်တရား ဆုံးခဲ့လေပြီ။
ထိုအချိန်ထိ ရွာအဝင်လမ်းများ၌ မည်သည့်အရိပ်အယောင်တစ်ခုမျှ မတွေ့ရသေးချေ။ အထက်အရာရှိ ရဲမှူးကြီး၏အထူးအမိန့်ပင် ဖြစ်သည်ကြောင့် ကင်းစောင့်ရဲဘော်များသည်လည်း တစ်ညလုံးမျှ မညည်းမညူစောင့်ကြပ်နေခဲ့ကြသည်။
မိုးစင်စင်လင်းရန် နာရီပိုင်းမျှသာလိုတော့သည့် အာရုံတတ်ချိန်သို့ပင် ရောက်ရှိလာခဲ့လေပြီး။ ထုံးစံအတိုင်းသာလျင် ရွာတောင်ပိုင်းဝင်ပေါက်ဆီသို့ ဖုတ်ကောင်ကြီးမှာလှမ်းလာနေခဲ့ပြီး ရွာတောင်ပိုင်း၌ စောင့်ကြပ်နေသော ဘုန်းကြီးများနှင့်အတူ ရဲအရာရှိမှာလည်း အဝေးမှလှမ်းလာနေသည့် ဖုတ်ကောင်ကြီးအား မသည်းမကွဲမြင်နေခဲ့သည်။
' အရှင်ဘုရား … ရွာထဲကို ဒီအချိန်လူဝင်လာတတ်လား'
' မဝင်တတ်ပါဘူး ဒကာ … '
' ဟင် … ဒါဆိုအရှေ့မှာ ခုန်ပေါက်ပြီးလာနေတဲ့ သူက လူစိမ်းပဲဖြစ်လိမ့်မယ် …ကဲရဲဘော်တို့ ကျုပ်အမိန့်ရမှ လှုပ်ရှားကြပါ'
ခုန်ပေါက်ကာ လှမ်းလာနေသည့် ဖုတ်ကောင်ကြီးအား လူစိမ်းတစ်ယောက်ဟုပင် ထင်မြင်မိကာ နယ်ထိန်းအရာရှိကြီးမှာတော့
' ဟေ့ … ရပ်လိုက်စမ်း '
မာန်ပါလှစွာဖြင့် ရဲအရာရှိ၏ တားဆီးလိုက်သော အသံကိုပင်ဂရုမစိုက် လာမြဲတိုင်းသာလှမ်းလာနေခဲ့သည်။
' ဟေ့ … ပြောနေတယ်လေ ရပ်လိုက်စမ်း ! … ပစ်လိုက်မှာနော်'
' ဒကာကြီး … မလုပ်ပါနဲ့ဦး … သူ့ကြည့်ရတာ ပုံမှန်နဲ့မတူဘူး ကဘိုကယိုနဲ့ စိတ်မနံ့ဘူးနဲ့ထင်တယ် ဦးဇင်းတားပေးပါ့မယ်'
အသင့်ရှိနေသည့် ခြောက်လုံးပြူးသေနတ်ဖြင့် နယ်ထိန်းကြီးမှာ ချိန်ဆထားခဲ့ပြီး တားဆီးနေခဲ့သော်လည်း ဖုတ်ကောင်ကြီးမှာ လာရာလမ်းအတိုင်း လာနေခဲ့သည်ကြောင့် ဘုန်းကြီးမှာ အရူးတစ်ယောက်ဟု ထင်မြင်နေခဲ့ပြီး ရွာဝင်လမ်းအတိုင်း ဖုတ်ကောင်ကြီးနှင့် ထိပ်တိုက်တွေ့ရန် ဖြေးညှင်းစွာလျောက်လှမ်းသွားလေသည်။
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
င်ဆက်လက်၍ ဖော်ပြပေးသွားပါမည်။
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ ရေးသားသည်)
Post Top Ad
Responsive Ads Here
အပိုင်း(၆) ဖုတ်ကောင်
Share This
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment