ဦးစားပေးရေးသားလိုက်သော
ဖြစ်ရပ်ဆန်းကြယ်
'နာမည်တူ လူလွဲ '
စာရေးသူ - ထီးကလေး
(ရင်နှင့် ရင်း၍ရေးသားသည်။)
လောကီပညတ်၌ နာမည်သည် အရေးကြီး၏။ လူမှုဆက်ဆံရေးပညာရှင် ဒေးလ်ကာနက်ဂျီက
' လောက၌ မိမိနာမည်ကို တစ်စုံတစ်ယောက်က ခေါ်လိုက်သော အသံသည် သုတိသာယာ အရှိဆုံဖြစ်သည်'
ဟုဆို၏။ လူပုဂ္ဂိုလ်ကဲ့သို့ပင် စာရေးသူကလောင်နာမည်၊ ကုမ္ပဏီ၊ လုပ်ငန်း၊ စက်ရုံတို့၏ အမည်များသည်လည်း အရေးကြီးသည်။
နာရီဆိုလျင် မည်သည့်အမျိုးအစား Brand Name မှာကောင်းသည်။ ဆေးဝါးဆိုလျင် မည်သည့်ကုမ္ပဏီကကောင်းသည်။ မော်တော်ယဉ်ဆိုလျင် မည်သည့်အမျိုးစားက ကောင်းသည်။ မည်သည့်ကုန်ပစ္စည်းဆိုလျင် မည်သည့်ဒေသက ကောင်းသည်။ စသည်တို့မှာလဲ နာမည်ပညတ်ကို ရည်ညွန်းရသည်။ နာမည်ကောင်းလျင် စီးပ္ပားရေး ခိုင်ခံ့မှု့အတွက် အင်အားဖြစ်၏။
ထို့ကြောင့် နာမည်ပညတ်မှည့်ခေါ်ရာ၌ အဆင်ပြေစေရန်၊ ထူးခြားစေရန်၊ ဆွဲဆောင်မှုရှိစေရန်၊ ထင်သာမြင်သာ ရှိစေရန် စဉ်းစားရ၏။ ထို့အတူ ဗေဒင်ပညာ၊ လောကီပညာအရလည်း တတ်ကျွမ်းသူများနှင့် တ်ုင်ပင်၍ အပြစ်နာဆာကင်းစေရန် နာမည်ပေးလေ့ရှိကြသည်။
ထိုသို့နာမည်ပေးရာ၌ နာမည်တူများလည်း ရှိနိုင်သည်။ လောက၌ သန်းထောင်ပေါင်းများစွာသော လူသားများ အရေအတွက်ခြင်းငှာ များစွာခက်ခဲသော အရေအတွက်ရှိ လုပ်ငန်းများ၏ အမည်များသည်လည်း မလွဲမသေ တစ်စုံတစ်ခုနှင့် တူညီနိုင်မည်မှာ သဘာဝကျပါသည်။
ထိုသို့နာမည်တူညီမှုများကြောင့် တိုက်ဆိုင်စွာဖြင့် မလိုလားအပ်သော ကောင်းကျိုးဆိုးကျိုးများ ရရှိတတ်သည်လည်းရှိ၏ိံ။ ယခုတင်ပြမည့် အဖြစ်အပျက်မှာ နာမည်တူ သူနှစ်ဦး၏ ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခု ဖြစ်ပါသည်။ အမှန်စင်စစ် ထိုကဲ့သို့ ဖြစ်ရပ်မျိုးသည် ထူးခြားသော်လည်း လူသိများသော ဖြစ်ရပ်များအနက်မှ တစ်ခုသာဖြစ်သည်။ အချို့သော လူများ၏ အယူအဆ၌ သေခြင်းတရားကို စီမံသူ ယမမင်း၌ အမည်စာရင်းရှိပြီး ထိုအမည်များမှ သေနေ့စေ့သူအား သူ၏ငရဲသားများဖြင့် လာရောက်ခေါ်ယူသည်ဟုသော အယူအဆများလည်း ရှိသည်။
ယမမင်းဖြစ်စေ၊ သေမင်းဖြစ်စေ၊ သေမှုကိုစီမံသူ နတ်မင်း၏ စီမံမှုအတိုင်း အသက်ဆုံးရှုံးရသည်ဟူသော အယူမျိုးဖြစ်သည်။ အထူးသတိပြုစေလိုသည်မှာ ဤအယူအဆသည် လူတစ်ချို့ယုံကြည်စွဲလမ်း လက်ခံသော အယူအဆများသာဖြစ်ပြီး ဘာသာတရား၏ ညွှန်ပြချက်မဟုတ်သည်ကို ဂရုပြုစေလိုပါသည်။ ထိုစွဲလမ်းယုံကြည်မှုကို အားဖြည့်သက်သေလိုက်သော တင်ပြချက်လဲမဟုတ်ပါ။ ထူးခြားသော ဖြစ်ရပ်အနေနှင့် တင်ပြခြင်းသာဖြစ်ပါသည်။
ဖြစ်ရပ်မှာ ဤသို့ပင်ဖြစ်ချေသည်။
နေပြည်တော်ပျဉ်းမနား ဒေသသို့ အစိုးရရုံများ ရွှေ့ပြောင်းခြင်းမပြုမီ ရန်ကုန်မြို့၏ ရုံးချုပ်တစ်ခုတွင် ဖြစ်ပေါ်ခဲခြင်းဖြစ်သည်။ ရုံးချုပ်အဆင့်ဖြစ်၍ ဝန်ထမ်းများသည် ဌာနဆိုင်ရာဖယ်ရီ ဝန်ထမ်း ကြို့/ပို့ယာဉ်ဖြင့် သွားလာရသည်လည်း ရှိသည်။ ထိုဌာနကြီး၏ ဝန်ထမ်းကြို/ပို့ဖယ်ရီကားကို မောင်းသော ယာဉ်မောင်၏အမည်မှာ ဦးညိုမြင့်ဖြစ်သည်။
ထို့အတူ ထိုဌာနကြီး၏ ညွှန်ကြားရေးမှူးတစ်ဦး၏ အမည်မှာလဲ ဦးညိုမြင့်ဖြစ်သည်။ နာမည်တူသကဲ့သို့ ခန္ဓာကိုယ် အချိုးအစားလည်းတူးသည်။ နှစ်ဦးစလုံး အသားညိုညို၊ ပိန်ပိန် ၊ မျက်နှာရှည်ရှည်ဖြစ်သည်။ အသက်အရွယ်လည်း တူသည်။ နှစ်ဦးစလုံး ငါးဆယ်ကျော်ဖြစ်သည်။ ညွှန်ကြားရေးမှူး ဦးညိုမြင့်မှာ ငယ်စဉ်က ကြက်တောင် ဘောလီဘော စသော အားကစားများတွင်ပါဝင်ခဲ့ပြီး ယခုအသက်အရွယ်တွင်လည်း တစ်ပတ်လျင် နှစ်ကြိမ်,သုံးကြိမ်မျှ ဂေါက်ရိုက်ကစားလေ့ရှိသူ ဖြစ်သည်။
ယာဉ်မောင်းဦးညိုမြင့်မှာလဲ ငယ်စဉ်က ဘောလုံးကန်ကောင်းသူ တစ်ဦးဖြစ်သည်။ အသက်အရွယ်ရလာသည့်အခါ ကိုယ်လက်အားကစား မပြုနိုင်တော့သည့်အပြင် ညနေတိုင်း အရက်သောက်တတ်လာသော အကျင့်ဆိုးလဲ ရှိနေပြီဖြစ်သည်။ ယာဉ်မောင်းဦးညိုမြင့်မှာ ညွှန်ကြားရေးမှူးဦးညိုမြင့်၏ ကျေးဇူးကြောင့် ဤဌာနတွင် အလုပ်ရရှိလာခဲ့ပြီး ယခုအခါ ယာဉ်မောင်းဝန်ထမ်းတစ်ဦး ဖြစ်လာရသည်။ ထို့အပြင် အခက်အခဲရှိသည့် အခါတွင်လည်း ညွှန်ကြားရေးမှူး ဦးညိုမြင့်က အတန်အသင့် ပေးကမ်းထောက်ပံ့လေ့ရှိသောကြောင့် နှစ်ဦးစလုံး၏ ဆရာတပည့် ဆက်ဆံရေးမှာ မင်္ဂလာရှိသည်ဟု ဆိုနိုင်သည်။
ညွန်ကြားရေးမှူး ဦးညိုမြင့်မှာ ရုံးတတ်ရုံးဆင်းသည့်အခါ ဝန်ထမ်းဖယ်ရီဖြင့် လိုက်ပါခြင်းမပြုပဲ ဌာနမှ ပေးထားသည့် မာဇဒါဂျစ်ဖြင့်သာ အခြားယာဉ်မောင်းတစ်ဦးက မောင်းနှင်၍ သွားလာလေ့ရှိသည်။ ဦးညိုမြင့်မှာ သူ၏ရာထူးအရ ရုံကြီးမှာလည်း ကျယ်ဝန်း၍ လေးထပ်အဆောက်အအုံဖြစ်သည့် အားလျော်စွာ အသင့်အတင့်ကျယ်ဝန်းသော ရုံးခန်းရှိသည်။
သူ၏ရုံးခန်းအတွင်းသို့ ရုံးလုလင် မောင်အေးသန်း (သို့မဟုတ်) သန်ရှင်းရေးဝန်ထမ်း မောင်စန်းဌေးတို့ နှစ်ဦးက ဝင်ရောက်သန့်ရှင်းခြင်း၊ ရုံ ဝင်စာ / ထွက်စာများ ပေးပို့ခြင်း၊ လိုအပ်သော နေ့လည်စာ ပြင်ဆင်ပေးခြင်း၊ ဓာတ်ဘူးအတွင်းသို့ ရေနွေးဖြည့်ပေးခြင်းများကို ပြုလုပ်ပေးရလေသည်။
တစ်နေ့သ၌ မောင်စန်းဌေးမှာ ရုံးသို့ စောစောရောက်ရှိလာပြီး ညွန်ကြားရေးမှူး၏ အခန်းအား သန့်ရှင်းရေး ပြုလုပ်ရလေသည်။ မောင်စန်းဌေးမှာ ရုံးနှင့်မနီးမဝေး ထမင်းဆိုင်ဖွင့်ထားသော အဒေါ်တစ်ယောက်၏ အိမ်တွင် ကပ်ရပ်နေသူ တစ်ယောက်ဖြစ်ရာ နံနက်စောစော ဆိုင်တွင် ဝိုင်းကူလုပ်ပေးပြီးသည်နှင့် ရုံးကြီးဒုတိယအထပ်သို့ တတ်ခါ ဆရာသမား၏ အခန်း၌လိုအပ်သော သန့်ရှင်းရေးကို ဆောင်ရွက်ပေးလေ့ရှိသည်။
နံနက်(၉:၀၀)နာရီ ဝန်းကျင်တွင် ညွှန်ကြားရေးမှူး ဦးညိုမြင့်ရောက်ရှိလာလေသည်။ သာမာန်အားဖြင့် ရုံးတတ်ချိန်မှာ (၉:၃၀)ဖြစ်သော်လည်း ညွှန်ကြားရေးမှူးနှင့် အင်ဂျင်နီယာချူပ် အဆင့်ရှိသူများမှာ နံနက်(၈:၃၀)မှ (၉:၀၀)နာရီအတွင်း ကြိုတင်ရောက်ရှိလာလေ့ရှိသည်။ မောင်စန်းဌေးတစ်ယောက် လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ဓာတ်ဘူးကိုယူ၍ ရေးနွေးကြမ်းထည့်ရန် ယူဆောင်သွားလေသည်။
ကွိုင်မီးဖိုပေါ်၌ ရေနွေးဆူသောအခါ လက်ဖက်ခြောက်ခပ်၍ ရုံးခန်းအတွင်းသို့ ပြန်လည်၍ပို့လေသည်။ ထိုအခါ အခန်းအတွင်း၌ ကုလားထိုင်ပေါ်တွင် ထိုင်၍ မိမိ၏အကျီရင်ဘတ်အား ပွတ်သပ်နေသော ညွန်ကြားရေးမှူး ဦးညိုမြင့်အား တွေ့လိုက်ရသည်။ သူ၏မျက်နှာတွင် တစ်စုံတစ်ခုအား စိုးရိမ်ထိတ်လန့်လျက် လည်ကတုံး ရှုပ်အင်္ကျီအဖြူ ရင်ဘတ်နေရာအား ကြိမ်ဖန်များစွာ ပွတ်သပ်နေသည်ကို မောင်စန်းဌေးတစ်ယောက် တွေ့ရှိလိုက်ပြီး
' ဘာဖြစ်လို့လဲဆရာ … ဘာတွေပေနေလို့လဲ '
ထိုသို့မောင်စန်းဌေး မေးလိုက်သော်လည်း ဦးညိုမြင့်၏ အကျီရင်ဘတ်၌ မည်သည့်အရာမှ စွန်းပေနေသည်ကို မတွေရ ပကတိအတိုင်း ဖြူဖွေးနေသည်အား မြင်နေရသည်။ သို့သော် ထိုသို့မေးလိုက်သည်။ ညွန်ကြားရေးမှူး ဦးညိုမြင့်မှာလည်း စိတ်နှင့်လူ မကပ်သည့်အမူယာဖြင့်
' ဟာ … သွေးတွေ သွေးတွေပါလားကွ … မောင်စန်းဌေး လုပ်စမ်းပါဦးကွာ'
ထိုသို့ပြောဆိုလိုက်ပြီး သူ၏ အကျီအိတ်အတွင်းမှ လက်ကိုင်ပုဝါလေးအား ထုတ်ယူကာ သုတ်နေလေသည်။
'ဘာမှမရှိပါဘူးဆရာ … အကောင်းအတိုင်းပါပဲ ဘာမှမရှိပါဘူး'
ဦးညိုမြင့်၏ အမူယာအား မောင်စန်းဌေး စိုက်ကြည့်နေမိရင်း လက်မောင်းအား ကိုင်၍ လှုပ်ခါပြောလိုက်မှသာလျင် ညွှန်ကြားရေးမှူး ဦးညိုမြင့်မှာ ဟင်ဟူသော သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်ပြီး ခေတ္တမျှ တွေဝေသွားခဲ့သည်။
' အေးဟုတ်တယ် ဘာမှမရှိဘူး… ဘယ်လိုဖြစ်တယ် မသိပါဘူးကွာ ဒီကုလားထိုင်မှာထိုင်ပြီး စာရွက်တွေကြည့်နေတုန်း ရုတ်တရက် အန်ချင်သလိုဖြစ်လာလို့ အန်ချလိုက်တာ သွေးတွေရဲရဲနီပြီး ပါးစပ် နှုတ်ခမ်း အကျီတွေ ပေကုန်တယ်လို့ တွေ့လိုက်ရတယ်ကွ … အခုကျတော့ အန်လဲမအန်ဘူး ဘာမှလဲမပေဘူး '
' ဆရာ အိပ်ရေးမဝဘူးနဲ့ တူတယ် … ရုတ်တရက် အိပ်ငိုက်သွားတာ ဖြစ်ပါလိမ့်မယ် '
' အေး … အေးအေးရပြီး သွားလို့ရပြီ'
ညွှန်ကြားရေးမှူး ဦးညိုမြင့်အား မောင်စန်းဌေးတစ်ယောက် နစ်သိမ့်ပြောဆိုခြဲံ့ပီး အခန်းအပြင်သို့ ထွက်မည်အလုပ် ရုတ်တရက် ဒုန်းခနဲဟူသော အသံအားကြားလိုက်ရသည်နှင့် အနောက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်လေရာ စားပွဲအပေါ်သို့ မျက်နာအပ်လျက် မှောက်ကျနေသော ညွန်ကြားရေးမှူး ဦးညိုမြင့်အား တွေ့ရှိလိုက်ရလေသည်။
' ဆရာ … ဆရာ ဘာဖြစ်သွားတာလဲ'
ဆရာဖြစ်သူအား ထိုသို့တွေ့လိုက်သည်ကြောင့် မောင်စန်းဌေးမှာ ဦးညိုမြင့်အနားသို့ အပြေးသွားလိုက်ပြီး ။ထို့နောက် မည်သို့ပင် ပြုလုပ်ရမည်အား မတွေးတတ်တော့ပဲ အခန်းအပြင်သို့ ထွက်ခါ အကူညီအော်တောင်းနေသောလည်း ရုံးဝန်ထမ်းများ ရောက်မလာကြသေးပေ။ သို့နှင့် အနီးရှိဖုန်းအား ကောက်ယူလိုက်ပြီး ဌာနဆေးခန်းသို့ ဆက်လေရာ ကံအားလျော်စွာ ဆေးမှူးချူပ်နှင့် တည့်တည့်တွေ့လိုက်ရလေသည်။
ညွှန်ကြားရေးမှူး ဦးညိုမြင့်၏ ဖြစ်ရပ်အား မောင်စန်းဌေးတစ်ယောက် အကျိုးအကြောင်းပြောဆိုပြခဲ့ပြီး ဆေးမှူးချုပ်နှင့် အကူနှစ်ယောက်မှာ ချက်ချင်းဆိုသလို ရောက်ရှိလာလေသည်။ ဆေးမှူးချုပ်မှာ ရုံးချုပ်၏ိံအောက်ဆုံးထပ်တွင် ဆေးခန်းနှင့်တွဲလျက် နေထိုင်သူဖြစ်၍ များစွာကံကောင်းသည်ဟု ဆိုနိုင်လေသည်။ ရောက်လျင်ရောက်ချင်း ဦးညိုမြင့်အား သွေးပေါင်ချိန်ကြည့်သည်နှင့် သွေးပေါင်မှာ ၁၀၀×၁၆၀ ဖြစ်နေပြီး သွေးတိုး၍ သတိလစ်သွားသည်ဟု ကောက်ချက်ချခါ ရုံးချုပ်မှ လူနာတင်ယာဉ်ဖြင့် ဆေးရုံကြီးသို့ ပို့ဆောင်ရလေသည်။ သို့ပေမယ့် ဦးညိုမြင့်မှာ လမ်းတစ်ဝက်တစ်ပျက်၌ ပြန်လည်သတိလည်လာစေသည်။
ဆေးရုံကြီးသို့ရောက်ရှိလာခဲ့ပြီး လိုအပ်သည်များအား ဆေးစစ်ကုသပေးခဲ့ပြီး သွေးပေါင်ချိန်ပုံမှန် ဖြစ်လာသောကြောင့် ညနေပိုင်း၌ ညွှန်ကြားရေးမှူး ဦးညိုမြင့်တစ်ယောက် ဆေးရှုံမှ ဆင်းခွင့်ရလေသည်။ ဆရာသမားဖြစ်သူအား မောင်စန်းဌေးတစ်ယောက် နေအိမ်အထိ လိုက်လံပို့ဆောင်ပေးခဲ့ပြီး ဦးညိုမြင့်အား နှုတ်ဆတ်ကာ မိမိ၏နေအိမ်သို့ ပြန်လည်ထွက်ခွာလာခဲ့လေတော့သည်။ ညပိုင်းသို့ ရောက်ရှိသည့်အခါ မောင်စန်းဌေးမှာ သူ၏ လက်ဆွဲအိတ် ရုံးခန်း၌ ကျန်နေရစ်ခဲ့ကြောင်း သတိရလာပြီး လက်ဆွဲအိတ်အတွင်း၌ ရုံးဖိုင်များ၊ ဒိုင်ယာရီနှင့် စာရွက်စာတမ်း တစ်ချို့ရှိပြီး ပိုက်ဆံအိတ်မှာလဲ ရှိနေသည်ဖြစ်သည်။ ပိုက်ဆံအိတ်အတွင်းမှ ငွေပမာဏဟာ မများပြားသော်လည်း မှတ်ပုံတင်နှင့် ကိုယ်ရေးကိုယ်တာ မှတ်တမ်းများရှိနေသည်ကြောင့် ညတွင်ချင်း ရုံးချုပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
မောင်စန်းဌေး၏ နေအိမ်နှင့် ရုံးချုပ်မှာ တစ်လှမ်မျှသာ ဝေးကွာပြီး ခြေကျင်လျောက်လှမ်းလာကာ ရုံးချုပ်အရှေ့သို့ ရောက်ရှိလာခဲ့သည်။ အဝင်အထွက်ဂိတ် လုံခြုံရေး ဝန်းထမ်းများသည်လည်း မောင်စန်းဌေးအား ကောင်းစွာသိရှိထားပြီး မောင်စန်းဌေးတစ်ယောက် လက်ဆွဲအိတ်ကျန်နေခဲ့သည့် အခန်းသို့ အခက်အခဲမရှိရောက်ရှိလာကာ ဖိုင်စင်ပေါ်တွင် တင်ထားသော အိတ်အား အလွယ်တကူ တွေ့ရှိလိုက်ရလေသည်။ မိမိ၏အိတ်အား စစ်ဆေးကြည့်ရှု့လျက် အိတ်အတွင်းမှ မည်သည့်ပစ္စည်းမျှ ပျောက်ရှနေခြင်းမရှိသည်ကို တွေ့ရှိရသည်။ သို့နှင့် လာရာလမ်းအတိုင်း အောက်သို့ဆင်းရန် ပထမထပ်တွင် လှေကားတစ်ဆစ်ချိုး Landing အားကွေ့လိုက်သည်နှင့် အောက်မှလူတစ်ယောက် တတ်ရောက်လာသည်အား တွေ့ရသောကြောင့် နေရာအနည်းငယ် တိမ်းရှောင်ပေးလိုက်သည့်အခါ လှေကား၏ မီးပွင့်အရောက်ကြောင့် တတ်လာသူမှာ ဖယ်ရီကားကြီးမောင်းသူ ယာဦမောင်းဦးညိုမြင့်ပင် ဖြစ်နေလေသည်။
ဦးညိုမြင့်မှာ သူ၏ထုံးစံအတိုင်း အမြတ်တနိုးဝတ်လေ့ရှိသော အထက်အောက် နက်ပြာယူနီဖောင်းအား ဝတ်စင်ထားပြီး အမြဲတစေ လွယ်လေ့ရှိသော လွယ်အိတ် အညိုတစ်လုံးအားလည်း လွယ်လျက်ထားခဲ့သည်။ သူ၏ဟန်ဖြစ်သော ဆေးပေါလိပ်တစ်လုံးအားလည်း ပါးစောင်တွင် ခဲထားပြီး မောင်စန်းဌေးနှင့် တွေ့လိုက်သည့်အခါ ခဲထားသည့် ဆေးပေါလိပ်အား ဖြူတ်လိုက်ပြီး
' ဆရာဦးညိုမြင့်ကို ပြောလိုက်စမ်းပါ … နာမည်တူလို့ လွဲသွားတာပါလို့ '
ထိုသို့ပြောဆိုလိုက်သော ဦးညိုမြင့်၏ ပြောစကားအား မောင်စန်းဌေးတစ်ယောက် နားမလည်နိုင် ကြောင်တောင်တောင်ဖြစ်
' ဘာလဲဗျ ဦးညိုမြင့်ရ ဘာနာမည်လွဲတာလဲ '
ခေါင်းအားကုတ်လျက် ကြောင်တောင်တောင်မေးလိုက်သော မောင်စန်းဌေး၏ အမေးစကားအား ယာဉ်မောင်းဦးညိုမြင့်တစ်ယောက် ပြန်လည်ဖြေကြားခြင်းမပြုတော့ပဲ အပေါ်ထပ်သို့ သုတ်သုတ်တတ်ရောက်သွားလေသည်။ မောင်စန်းဌေးတစ်ယောက်မှာလဲ ထွေထွေထူးထူးစဉ်းစားမနေတော့ပဲ အောက်သို့ဆင်းကာ ပြန်သွားချေသည်။ နောက်တစ်နေ့မနက်၌ ပြုမြဲအတိုင်း ဆရာဦးညိုမြင့်အခန်း၌ မောင်စန်းဌေးတစ်ယောက် လိုအပ်သည်များ ပြင်ဆင်ပြုလုပ်ပေးနေပြီး ရုံးတတ်မည်မထင်ထားသော်လည်း (၉:၀၀)အချိန်၌ ညွှန်ကြားရေးမှူး ဆရာဦးညိုမြင့်တစ်ယောက် ရောက်ရှိလာခဲ့သည်။ သူ၏အမူယာမှာ ယမန်နေ့မှ ရောဂါဝေဒနာခံစားထားရသည့် သူနှင့်မတူ ပုံမှန်အတိုင်းကြည်ကြည်လင်လင်ရှိလေသည်။
' ဆရာ … ကျန်းမာရေးအခြေအနေ ကောင်းရဲ့လား'
' ကောင်းပါတယ်ကွာ ငါက အားကစားလိုက်စားတယ်ကွ တစ်ကြိမ်မှ သွေးတိုးတယ်ဆိုတာ မရှိခဲ့ဘူး … ဆေးရုံရောက်တော့လဲ ပုံမှန်အတိုင်းပါပဲ နောက်တော့ ဘာမှမဖြစ်တော့ပါဘူး '
မောင်စန်းဌေး အသင့် ငဲ့ပေးထားသော ရေနွေးကြမ်းခွက်လေးအား သောက်လျက် ထိုသို့ပြောဆိုလိုက်ပြီး စာအိတ်ကလေးတစ်အိတ်အား ပေးလိုက်သည်။
' မောင်စန်းဌေး … အဲ့ဒါ ဦးညိုမြင့်တို့ ဌာနကို သွားပေးလိုက်စမ်းပါကွာ'
ညွှန်ကြားရေးမှူး ဦးညိုမြင့် လက်ကမ်းပေးရာ စာအိတ်ကလေးအား မောင်စန်းဌေးတစ်ယောက် လက်လှမ်းယူလိုက်ပြီး စာအိတ်အပေါ်၌ ရေးသားထားသော စာအားဖတ်ကြည့်လေရာ
ဦးညိုမြင့် (ယာဉ်မောင်း)
အသက် (၅၅)နှစ်
ဟုတွေ့ရှိလိုက်ပြီး မနေ့ညမှ အဖြစ်အပျက်အား သတိရမိလာပြီး
' ဆရာ … ဒါကဘာလဲ ဦးညိုမြင့်က ဘာဖြစ်တာလဲ'
' မနေ့က ငါဒီမှာ သွေးတိုးပြီး မူးနေတဲ့ အချိန် … ဦးညိုမြင့်လဲ သွေးအန်လို့ ကားပေါ်ကတွဲချပြီး ဆေးရုံပို့လိုက်ရတယ်လို့ ပြောတယ်ကွ … ဒီကောင်က အရက်ကလဲသောက် ဆေးလိပ်ကလဲ လက်ထဲက မချဆိုတော့ ရောဂါစုံမှာပေါ့ကွာ … မနေ့က (၇:၀၀)လောက်မှာ ဆုံးသွားတယ် … ဘာပဲဖြစ်ဖြစ် တပည့်ဖြစ်ဆိုတော့လဲ သူတို့မိသားစုအတွက် တတ်နိုင်သလောက် ကူရတာပေါ့'
ထိုသို့ပြောဆိုလိုက်သော ညွှန်ကြားရေးဦးညိုမြင့်၏ိံ ပြောစကားကြောင့် မောင်စန်းဌေးတစ်ယောက်မှာတော့ ခေါင်းပေါ်မှ ဆံပင်များ ထောင်သွားသည့်အထိ အံ့သြထိတ်လန့်သွားရလေသည်။ မနေ့ည (၇:၀၀)နာရီတွင် ဆုံးပါးသွားသည်ဟုဆိုသော ယာဉ်မောင်းဦးညိုမြင့်အား မိမိကိုယ်တိုင် ရုံးချုပ်လှေကား အတတ်အဆင်းနေရာ၌ တွေ့ရှိခဲ့ပြီး
'ဆရာဦးညိုမြင့်ကို ပြောလိုက်စမ်းပါ နာမည်တူလို့ လွဲသွားတာပါ '
မိမိအား ယာဉ်မောင်ဦးညိုမြင့်တစ်ယောက် သေချာစွာမှာကြားခဲ့သော အကြောင်းအား ဆရာဖြစ်သူ ညွှန်ကြားရေးမှူးဦးညိုမြင့်အား ပြန်လည်ပြောဆိုရန် အစပျိုးနေစဉ် အချိန်၌ပင် ယခုကဲ့သို့ ယာဉ်မောင်းဦးညိုမြင့် ဆုံးပါးသွားသည်ဟူသော သတင်းအား ကြားလိုက်ရပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် မနေ့ညမှ ဦးညိုမြင့်နှင့် မိမိဆုံးတွေ့ခဲ့သည့်အကြောင်းအား ဆရာဖြစ်သူအား ပြန်လည်ပြောဆိုရန် အတော်ပင်ခက်ခဲသွားခဲ့လေတော့သည်။
မောင်စန်းဌေးမှာလဲ ယမန်နေ့က ဆရာဦးညိုမြင့် သူ၏ရင်ဘတ်အကျီအား ပွတ်သပ်လျက် သွေးအန်သည်ဟု မိမိဘာသာ ပွတ်သပ်ဖယ်ရှားနေခဲ့သည့် အချိန်၌ပင် ယာဉ်မောင်းဦးညိုမြင့်မှာ သွေးအန်နေသည့်အချိန်ဟု ယူဆရသည်။ ယာဉ်မောင်းဦးညိုမြင့်အား ဆေးရုံတင်လိုက်စဉ်မှာပင် ညွန်ကြားရေးမှူးဦးညိုမြင့်မှာလည်း ရုံထဲတွင် သွေးတတ်၍ သတိလစ်ခဲ့ဟန်တူသည်။ ညပိုင်းတွင် မိမိကိုယ်တိုင် တပ်အပ် သေချာ တွေ့မြင်၊ ကြားသိရသော ယာဉ်မောင်းဦးညိုမြင့်၏ 'နာမည်တူလို့ လွဲသွားတာပါ' ဟူသော စကားမှာလည်း များစွာတွေးရခက်လေသည်။
တစ်ယောက်နှင့်တစ်ယောက် နီးစပ်နာမည်တူသောကြောင့် သေမင်းမှာ အသက်ဝိဥာဉ်နုတ်ယူသောအခါ၌ ယာဉ်မောင်းဦးညိုမြင့်အစား ညွှန်ကြားရေးမှူးဦးညိုမြင့်အား နုတ်ယူရန် ပြင်စဉ်ခဲ့လေသလား။ နောင်မှ နာမည်တူ၍ ယာဉ်မောင်ဦးညိုမြင့်၏ အသက်အား နုတ်ယူ၍ ညွန်ကြားရေးမှူးဦးညိုမြင့်မှာ ချက်ချင်းပင်လျင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့လေသလား။
ပရလောကတွင် ထိုသို့နာမည်တူများ လွဲမှားခြင်းမှာ အမှန်စင်စစ်ဖြစ်နိုင်ရဲ့လား။ လွဲချော်မှု့ဆိုသည်မှာ တစ်စုံတစ်ယောက်ဟာ စနစ်တကျ စာရင်းကောက် စေလွတ်ဆောင်ရွက်မှု့ကြောင့် ဖြစ်လျင် ယုတ္တိရှိရဲ့လား။ သေဆုံးခြင်းဆိုသည်မှာ ကံတရားကြောင့်သာ ဖြစ်ပေါ်လျင် တစ်စုံတစ်ယောက်ဟာ ဝိဥာဉ်အသက်အား နုတ်ယူသည်ဟု တွေးတောခြင်းမှာ မှန်ကန်ရဲ့လား။
မောင်စန်းတစ်ယောက်မှာတော့ အတွေးများစွာဖြင့် ရုံးချုပ်လှေကားအတိုင်း ဆင်းသက်နေလေတော့သည်။ မိမိနားမလည်နိုင်သော အကြောင်းကိစ္စအား မိမိ၏ိံထောက်မမီသော ဥာဏ်ဖြင့် တွေးဆနေမည့်အစား ပညာနှင့်အကျင့်သီလ ပြည့်စုံသူတို့ထံ ချည်းကပ်မေးမြန်းရန်ဖြစ်သည်ဟူသော အတွေးကိုသာ ကောင်းစွာတွေးတော ဆင်ခြင်နေမိပါတော့သည်။
***
စာရေးသူ - ထီးကလေး။
(ရင်နှင့် ရင်း၍ ရေးသားသည်)









No comments:
Post a Comment