တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
တစ္ဆေကိုက်တဲ့ အိမ်ကြီး
( ခြံအမှတ် ၆၆ )
အပိုင်း ( ၁ )
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
***
ညဥ့်နက်နက်၏ ပုံရိပ်များဟာ အမှောင်ထု၏ အုပ်စိုးမှု့အောက်တွင် တည်ရှိနေပြီး တိတ်ဆိတ်ငြိမ်သတ်နေသည့် ညဥ့်ဦးပိုင်းပင်ဖြစ်ချေသည်။ အိမ်ကြီး အိမ်ကောင်းများဖြင့် တည်ဆောက်ထားသော စိတ်ငြိမ်ရပ်ကွက် တစ်ခုဖြစ်သည့်အလား တစ်ခြံနှင့်တစ်ခြံ အလှမ်းဝေးစွာ တည်ရှိနေပြီး လူမနေသည့် ခြံများသာ ပိုမိုတည်ရှိနေသည့် စိတ်ငြိမ်အိမ်ယာ ရပ်ကွက်ပင်ဖြစ်ချေသည်။ ထိုသို့ တိတ်ဆိတ်ငြိမ်သတ်နေသည့် ထိုညဥ့်နက်အောက်၌ လူတစ်စု၏ အပြေးအလွှား ဆူညံသံ တစ်ချို့နှင် အရောင်ဆိုးစေခဲ့သည်။
' သူခိုးဗျို့ … သူခိုး … '
' ဟင် … ဘာဖြစ်ကြတာလဲ … '
' လမ်းထိပ်အိမ်ကို သူခိုးကပ်လို့ '
' ဘယ်ဘက်ကို ပြေးသွားကြလဲ '
' အရှေ့ဘက်ကို ပြေးသွားကြတယ် လိုက်လိုက် '
ထိုရပ်ကွက်အတွင်းရှိ လူများ တစ်ရုံးရုံးဖြစ်ကာ သူခိုးဟု အော်သံများထွက်ပေါ်လာကြပြီး မှောင်မိုက်နေသည့် အရှေ့စူးစူးသို့ လက်နက်ကိုယ်ဆီကိုင်ကာ လိုက်နေကြသည်။
' အောင်လှ … ဒီလမ်းတွေက ရှုတ်နေတာပဲ အရှေ့ကိုဆက်ပြေးနေလို့ မဖြစ်ဘူးထင်တယ် '
' ဟုတ်တယ် ဟုတ်တယ် … အရှေ့လမ်းကနေ ငါတို့ကို ပိတ်ထားကြမှာသေချာတယ် '
' ကျော်လှ မင်းသောက်သုံးမကျလို့ အခုလိုတွေဖြစ်ကုန်ရတာ '
' ဟ … ငါ့ချည်းပဲမပြောနဲ့လေ ငါလဲသေချာလုပ်တာပဲ မင်းတို့ကြတော့ရော သေချာစောင့်ကြည့်နေပါလား '
' တောက် ! … တော်စမ်းပါကွာ အခုပစ္စည်းတွေမရတဲ့အပြင် ငါတို့ပါ ပြေးပေါက်ပျောက်နေပြီ … မင်းကွာ '
' ကဲ ဟေ့ကောင်တွေ အခုချိန်ကျမှ ဘာမှပြောမနေနဲ့တော့ မထူးဘူး … ဒီအိမ်ကြီးထဲကို ဝင်ပြီး ပုန်းနေမှဖြစ်မယ် '
' ဟင် … ဖြစ် … ဖြစ်ပါ့မလား ဒီအိမ်ကြီးက ခြံအမှတ် ၆၆ နော် '
' ငါသိပါတယ်ကွာ … ငါတို့လို လူဆိုးသူခိုးတွေအတွက် လူကောင်းတွေ မလာရဲတဲ့ နေရာမှာ ပုန်းမှလွတ်မှာပေါ့ကွ '.
' ကဲပြောနေတာကြာတယ် … အနောက်မှာ မင်းပထွေးတွေ လိုက်လာကြတယ် … စည်းရိုးပေါ် မြန်မြန်တတ်ကြ '
သူဌေးရပ်ကွက်အတွင်းသို့ လူတစ်စု ဝင်ရောက်ဖောက်ထွင်းကြရာ ရပ်ကွက်အတွင်းရှိ လူများ သိရှိသွားလျက် ထိုသူများအနောက်သို့ လူအင်အား အမြောက်အများဖြင့် ပိတ်ဆို့ဖမ်းစည်းတော့မည်ကို ကောင်းစွာသိရှိလျက် အရှေ့သို့ ဆက်လက်မပြေး အနီးရှိ မှောင်မိုက်နေသည့် လူမနေခြံကြီးအတွင်းသို့သာ ဝင်ရောက်ပုန်းရှောင်လေတော့သည်။
' ဟင် … အောင်လှ ငါ့တစ်ကိုယ်လုံး ကြက်သီးတွေ ထနေပါလား … မင်း … မင်းတို့ရော '
' ဟုတ် … ဟုတ်ပါရဲ့ ငါ့တစ်ကိုယ်လုံးလဲ ကျက်သီးတွေထနေတယ် ဘယ်လိုဖြစ်ရတာလဲ '
' မင်းတို့ချည်းပဲမဟုတ်ဘူး ငါလဲအလိုလို ကျက်သီးတွေထနေတယ် '
' မထူးဘူးကွာ … အလကားသတ်သတ် ခိုးမှု့နဲ့တော့ ထောင်ကျမခံနိုင်ဘူး သရဲခြောက်လဲ ခြောက်ပါလိမ့်စေကွာ တစ်နေရာမှာ ပုန်းမှဖြစ်မယ် '
' ဟင် … ငါ့ကိုတစ်ယောက်ယောက် ဆွဲ … ဆွဲထားသလိုပဲ '
' ဟေ့ကောင် ကျော်လှ လူသတ်ပြီး ထောင်ကျလာတဲ့ ကောင်က သရဲကြတော့ ဖင်တုန်အောင်ကြောက်နေပါလား ဟားဟား '
' မနောက်နဲ့ ဟေ့ကောင်တွေ ငါအရှေ့ကို ဆက်လျောက်လို့မရတော့ဘူး '
' မင်း … မင်းတကယ်ပြောနေတာ '
' တကယ်ပြောနေတာ … ငါ့အနောက်မှာ တစ်ယောက်ယောက် ဆွဲထားသလိုပဲ '
' ဟာ ဟေ့ကောင်တွေ ငါ့ကိုရိုက်တယ်ဟ … ဟင် တင်မြ … မင်း … မင်းငါ့ကိုရိုက်လိုက်တာ '
' ဟာကွာ … ပေါက်ပေါက်ရှာရှာ ငါမရိုက်ပါဘူး '
' ဟို … ဒီ … ဒီကပိုင်ရာ … ပိုင်ရာဆိုင်များ ကျုပ် … ကျုပ်တို့ကို ခွင့်လွတ်ပေးပါ ကျုပ်တို့ခင်ဗျားတို့ အိမ်ထဲမှာ ခဏလေးပုန်းနေချင်လို့ပါဗျာ … ကျုပ်တို့က မကောင်းတာလုပ်တဲ့ လူဆိုးသူခိုးတွေဖြစ်နေလို့ပါ ကျုပ်တို့ကိုမခြောက်ပါနဲ့ဗျာ တောင်းပန်းပါတယ် '
' ဟင် … ငါလျောက်လို့ရပြီ … ပုန်းလို့ရမယ့်နေရာ မြန်မြန်ရှာကြ '
' ထူးဆန်းလှချည်းလား အောင်လှ … မင်းတောင်းပန်းလိုက်တော့ ငါတို့ကို ရန်မပြုတော့ပါလား … '
' ကျေး … ကျေးဇူးတင်ပါတယ်ဗျာ ကျုပ်တို့အားလုံး ဒီလူတွေလက်ထဲက လွတ်တာနဲ့ ခင်ဗျားတို့ခြံထဲကနေ ထွက်ပေးမှာပါ ကျုပ်တို့ကိုမခြောက်ပါနဲ့ဗျာ'
ထိုခြံကြီးအတွင်းသို့ ဝင်ရောက်လာသည်နှင့် သူခိုးသုံးဦးမှာ အလိုလို ကျက်သီးများထလျက် တစ်ယောက်တမျိုး အခြောက်လန့်ခံနေခဲ့ရသည်။ သုံးဦးထဲမှ တစ်ဦးကား ကြောက်လန့်နေသော စိတ်ဖြင့် လက်အုပ်ချီကာ ဘေးဘယ်ညာကြည့်လျက် တောင်းပန်ပြောဆိုလိုက်ပြီးနောက် မိမိတို့အား ခြောက်လန့်ခြင်းမရှိတော့ပဲ ပုန်းခိုရာ နေရာဆီသို့ လျင်မြန်စွာတွေ့ရှိသွားခဲ့လေတော့သညိ။
' တွေ့ကြလား … ဒီနားလေးတင် ပျောက်သွားကြတာ … ငါတို့လဲအရှေ့လမ်းကနေ ပိတ်ဖမ်းမလို့ စောင့်နေကြတာပဲ … ရောက်မလာဘူး '
' ရဲအရာရှိကြီး … ဒီနားလေးတင်ပျောက်သွားတာ ဒီပတ်ဝန်းကျင်မှာပဲ ဒီကောင်တွေ ပုန်းနေကြတာဖြစ်မယ် '
' ဟင် … ဒါ … ဒါခြံအမှတ် ၆၆ မဟုတ်လား '
' ဟုတ်ပြီး ဒီခြံထဲမှာပဲ ဒီကောင်တွေ ဝင်ပုန်းနေကြတာဖြစ်မယ် … ကဲကျုပ်နဲ့ နှစ်ယောက်လောက် အထဲကိုလိုက်ခဲ့ပေးပါ'
' ဗျာ … အထဲကိုလိုက်ခဲ့ရမယ် ဟုတ်လား ဆရာ '
' ဟုတ်တယ်လေ … ခင်ဗျားတို့က ဒီလမ်းခံ လူတွေဆိုတော့ ကျုပ်တို့ကိုကူညီပေးပါ ခြံထဲကိုဝင်ရှာရအောင် '
' ရဲအရာရှိကြီး ဒီခြံကြီးက သရဲတော်တော်ခြောက်တဲ့ ခြံကြီးဗျ … ကျုပ် … ကျုပ်တို့မလိုက်ရဲဘူး '
' ဟာဗျာ … ခင်ဗျားတို့ကလဲ မဟုတ်တာတွေ လျောက်ပြောနေပြန်ပြီး … ကဲ … ဒါဆိုလဲ ခင်ဗျားတို့ဒီမှာ စောင့်ကြည့်ထားပေးကြ … ကျူပ်တို့ဝင်ရှာမယ် '
' ဟုတ် … ဟုတ်ကဲ့ … ရဲ အရာရှိကြီး သတိထားနော် '
ထိုရပ်ကွက်အတွင်း နေထိုင်ကြသော လူခံများကမူ ထိုအိမ်ကြီး၏ အရှေ့သို့ ရောက်ရှိလာခဲ့ကြသည်အား သတိမထားမိ။ အသင့်ပါသည့် ဓာတ်မီးများဖြင့် ပတ်ဝန်းကျင်အား ကြည့်မိလိုက်လေရာ ခြံအမှတ် ၆၆ဟု ဆိုဒ်းပိုဒ်ချိတ်ဆွဲထားသည့် ခြံအရှေ့သို့ ရောက်ရှိနေခဲ့ကြောင်း သိရှိလိုက်ရပြီး တုန့်လှုပ်သွားခဲ့ကြသည်။ ထိုပတ်ဝန်းကျင်တွင် ပျောက်ကွယ်သွားကြသော သူခိုးများအား ထိုခြံတွင်း၌ ပုန်းခိုနေကြမည်ဟု ကြံဆမိလျက် ရဲအရာရှိကြီးမှ ခြံအတွင်းသို့ ဝင်ရောက်ရှာဖွေရန် လမ်းခံလူများအား ခေါ်သော်လည်း မည်သူမှမလိုက် ထိတ်လန့်နေခဲ့ကြသည်။ သို့နှင့် ရဲအရာရှိကြီးနှင့်အတူ ရဲဘော်လေးနှစ်ဦး အဖော်အဖြစ်လိုက်ပါသွားကာ ခြံကြီးအတွင်းသို့ ကျော်လွှား ဝင်ရောက်လာခဲ့လေတော့သည်။
' ဟာ … တင် … တင်မြ ရဲတွေဝင်လာကြပြီ '
' ဘယ်လိုလုပ်ကြမလဲ … ငါတို့တော့ ဒီတစ်ခါ ထောင်ကျပြီးနဲ့ထင်ပါတယ်ကွာ '
' ဟာကွာ … မင်းပါးစပ်ပုတ်ကြီးနဲ့ တိတ်တိတ်နေ မင်းတို့အကျီတွေချွတ်ပြီး မြေပြင်မှာ ဝပ်နေကြ '
တစ်ခြံလုံးဟာ မှောင်မိုက်နေပြီး အလင်းပြပြမျှ မတွေ့ရချေ။ ခြံစည်းရိုးအား ကျော်လွှားဝင်ရောက်လာခဲ့သော ရဲသားများဟာ အသင့်ပါလာသည့် ဓာတ်မီးများဖြင့် ခြံကြီးအတွငိးသို့ လိုက်လံထိုးကြည့်နေခဲ့ပြီး မှောင်ရိပ်ခိုခါ ကြောက်လန့်နေကြသော သူခိုးသုံးဦးဟာ မြေပြင်ပေါ်သို့ ဝပ်လျက်မှောက်နေခဲ့ကြသည်။ ရဲတင်းသော ခြေလှမ်းများဖြင့် နံပါတ်တုတ်များအား ကိုင်ဆောင်ထားကြပြီး ပျောက်ဆုံးသွားသည့် သူခိုးသုံးယောက်နှင့် အပြန်အလှန် တိုက်ခိုက်ကြမည့် ဟန်ပြင်ထားသော ရဲသုံးဦးမှာ မြေပြင်ပေါ်တွင် မှောက်လျက် ဝပ်နေကြသော သူခိုးသုံးဦး၏ အရှေ့သို့ စိုက်မြိုက်စွာ ရောက်ရှိလာခဲ့ချေသည်။
' ဆရာ … ဒီခြံအနေထားကြည့်ရတာ ပုန်းစရာနေရာဆိုလို့ ဒီတစ်နေရာပဲရှိတယ် … ဒီကောင်တွေ ဒီခြံကြီးထဲ ဝငိမလာကြဘူးနဲ့ထင်တယ် '
' အေးကွ … တစ်ခြံလုံးလဲ အလင်းရောင်လေးတောင် မတွေ့ရဘူး … ကဲ ဒါဆိုငါတို့ ပြန်ထွက်ကြမယ် … ဒီရပ်ကွက်ထဲမှာပဲ ဒီကောင်တွေရှိနေဦးမှာ သေချာတယ် … ကဲလာကြ တစ်ခြားနေရာသွားရှာရဦးမယ် '
သူခိုးသုံးယောက်မှာ မြေပြင်ပေါ်၌ မှောက်နေခဲ့ကြပြီး အနားသို့ စိုက်မြိုက်စွာ ရောက်ရှိလာခဲ့ကြသော ရဲများကပင် ထိုသူတို့ကို မတွေ့ခဲ့ချေ။ မိမိတို့အား ရဲများ သေချာစွာ ရှာဖွေခဲ့ခြင်းဖြစ်ပြီး အနားသို့ရောက်လာခါ အဖမ်းခံရပြီဟု သေချာစွာတွက်မိထားသော သူခိုးသုံးဦးမှာ ထိုအဖြစ်ပျက်အား လွန်စွာမှပင် အံ့သြမိနေချေသည်။ထို့နောက် ရဲအရာရှိများ လာရာလမ်းအတိုင်း ခြံပြင်သို့ထွက်ရန် စည်းရိုးပေါ်ကျော်တတ်မည် အလုပ်
' အား … အောင်မလေးဗျ '
' ဟာ … ဆရာပြုတ်ကျသွားပြီ … ဘယ်လိုဖြစ်တာလဲဆရာ '
' အား … ကျွတ်… ကျွတ် ငါ့ … ငါ့ကိုတစ်ယောက်ယောက် ဆွဲကျလိုက်သလိုပဲ '
' ဟင် … ကျွန်တော်တို့ မဆွဲဘူးနော် '
' နားထောင်ကြည့်ကြစမ်း … ဒါတစ်ယောက်ယောက် သီချင်းညည်းနေတဲ့ အသံမဟုတ်လား '
' ဟုတ် … ဟုတ်တယ်ဆရာ ကျွန်တော့တစ်ကိုယ်လုံး ဖျန်းခနဲ ဖျန်းခနဲ ဖြစ်နေပြီ'
'ဟင် … ဟို … ဟိုမှာကြည့်စမ်း '
' ဟာ … ဘာ … ဘာကြီးလဲ '
' ထွက် … မြန်မြန်ထွက် … သ … သရဲခြောက်တယ်'
ရဲအရာရှိကြီးမှာ ဟန်ပါပါဖြင့် ခြံပြင်သို့ထွက်ရန် စည်းရိုးပေါ်သို့ ကျော်လွှားမည့်အလုပ် မြေပြင်ပေါ်သို့ တစ်ဦးတစ်ယောက် ဆွဲချလိုက်သည့်အလား ပြုတ်ကျသွားခဲ့ရသည်။ အဖော်ပါလာသည့် ရဲဘော်လေးနှစ်ဦးမှာ ရဲအရာရှိကြီးအား မြေပြင်ပေါ်မှ ထူ့ပွေ့နေချိန်တွင် လွမ်းဆွေးကြေကွဲစရာကောင်းလှသော သံစဉ်တစ်ပုဒ်အား ညည်းထွားသံနှင့်အတူ မိန်းမတစ်ယောက်၏ နောက်ကျောအား မှောင်မိုက်နေသည့် ညနက်နက်အောက်တွင် ထင်ထင်ရှားရှား တွေ့ရှိလိုက်ရလေသည်။
နာကျင်နေသည့် ဝေဒနာကိုပင် ဂရုမစိုက်နိုင်ပဲ ခြံပြင်သို့ ရောက်ရှိနိုင်ရန်သာ ရဲသားများကြိုးစား၍ ထွက်သွားခဲ့ရသည်။ ဇောချွေးများစွာဖြင့် ခြံအပြင်သို့ ထွက်လာခဲ့ပြီး အပြင်၌ရှိနေကြသော လမ်းခံများကမူ ရဲအရာကြီးတစ်ယောက် တစ္ဆေခြောက်ခံလိုက်ရပြီဟု ကောင်းစွာနားလည်သွားခဲ့ချေသည်။
' ဆရာ … သူခိုးတွေ မတွေ့ခဲ့ဘူးလား '
အလောတကြီးမေးလိုက်သော လူများ၏ စကားများကိုပင် ပြန်လည်၍ အဖြေမပေးနိုင် မောဟိုက်စွာဖြင့် ရဲအရာရှိကြီးနှင့် ရဲဘော်လေးနှစ်ဦးမှာ
' သ … သရဲခြောက်တယ် '
' ဟင် … ကျွန်တော်တို့ပြောပါတယ် သရဲခြောက်ပါတယ်လို့ … အခုဘာဖြစ်သွားသေးလဲ စခန်းမှူးကြီး '
' ဘာမှတော့မဖြစ်ဘူး … ဟူး … ကျုပ်တစ်သက်မှာ ဒီတစ်ခါပဲ သရဲဆိုတာ အခြောက်ခံဘူးတော့တယ် … ဒီအရှေ့က မြန်မြန်သွားမှဖြစ်မယ် … '
စခန်းမှူးကြီးမှာ လွန်စွာမှပင် တုန်လှုပ်နေခဲ့ပြီး အိမ်ကြီးအား နောက်ပြန်ကြည့်မနေတော့ပဲ လူအများကြားမှ အိမ်ကြီးနှင့်ဝေးရာဆီသို့ ထွက်ခွာမည်ဟုဆိုကာ ပြေးလေတော့သည်။ ရပ်ကွက်သူ ရပ်ကွက်သားများလည်း ထိုခြံကြီးအရှေ့မှ ထွက်ခွာသွားချိန်မှာသာလျင် သူခိုးသုံးယောက်ဟာ သက်ပြင်းများချနိုင်ခဲ့ပြီး
' ဟူး … တော်သေးတာပေါ့ကွာ … ဒီတစ်ခါ ငါတို့ကျောင်းတော်ကြီးထဲ ပြန်ဝင်ရပြီလို့ထင်နေတာ '
' ဟုတ်တယ် တော်သေးတာပေါ့ကွာ '
' ကျော်လှ မင်းဘာတွေ တွေးနေတာလဲ လာ… အပြန်ထွက်ကြမယ် '
' နေဦးကွ … ငါအံ့သြနေတာ အရှေ့ဆုံးက ရဲတစ်ယောက်က မှောက်နေတဲ့ ငါ့ကို သေသေချာချာ လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်သွားတယ် … ငါ့ကိုဖမ်းပြီးထင်နေတာ ဒါပေမဟ့်ငါ့ကို မတွေ့ဘူး … သူတို့ဟာသူတို့ စကားတွေပြောပြီး ပြန်ထွက်ကြသွားတယ် '
' ဟုတ်တယ် … ငါလဲ အဖမ်းခံရပြီးထင်ပြီး ရင်တစ်ထိတ်ထိတ်ဖြစ်နေတာ … ငါ့တို့ကိုသေချာ မီးနဲ့ထိုးကြည့်သွားပြီးမှ ခြံထဲမှာ မရှိဘူးလို့ ပြောသွားကြတယ် '
' အဲ့ဒါဟုတ်တယ် … ဘာပဲဖြစ်ဖြစ် ကျုပ်တို့ ဒီကပိုင်ရာဆိုင်ရာတွေကို ကျေးဇူးတင်ပါတယ်ဗျာ … တကယ့်ကိုကျေးဇူးတင်ပါတယ် ကျုပ်တို့က လူဆိုးသူခိုးတွေပါ ခင်ဗျားတို့ကို မနှောက်ယှက်တော့ပါဘူး အခုချက်ချင်း ကျုပ်တို့ ဒီခြံကြီးထဲက ထွက်သွားပေးပါ့မယ် … ဟေ့ကောင်တွေ ငါတောင်းပန်ပြီးပြီ … လာ… မြန်မြန်ထွက်ကြမယ် '
သူခိုးသုံးဦးအား ခြောက်လန့်ခြင်းမရှိ ရဲသားများအား ခြောက်လန့်ခြင်းခံလိုက်ရသည့် ဖြစ်ရပ်မှာ ထိုရပ်ကွက်တစ်ခုလုံး၌ လူများ၏ ပါးစပ်ထဲသို့ ရောက်ရှိသွားခဲ့လေပြီး ထိုအိမ်ကြီးအား တစ္ဆေခြောက်သည့် အိမ်ကြီးဟု သတ်မှတ်ထားရာမှ တစ်ဆင့်တိုးကာ လူကောင်းများသာ ခြောက်လန့်တတ်သော တစ္ဆေဟု ပြောကြလေတော့သည်။
********************
တစ်နေ့သ၌ ကျွန်ုပ်သည် အိပ်ခန်းအတွင်း ထူးဆန်းစွာဖြစ်ပွားခဲ့ဘူးသော ဖြစ်ရပ်တစ်ချို့အား မှတ်စုစာအုပ်အတွင်း ရေးမှတ်နေခဲ့စဉ် ပိတ်ထားသည့် ကျွန်ုပ်၏ အိပ်ခန်းတံခါး ခေါက်သံနှင့်အတူ ဖခင်ဖြစ်သူ၏ အသံအားကြားလိုက်ရလေသည်။
' သား … ထီးလေး '
' ဗျာ … အဖေ … '
' အိမ်ရှေ့မှာ မင်းဧည့်သည်ရောက်နေတယ် '
' ဟုတ် အဖေ သားအခုထွက်လာခဲ့မယ် '
အိပ်ခန်းတံခါးအား သုံးချက်မျှခေါက်လိုက်ပြီး ကျွန်ုပ်၏ဧည့်သည်ရောက်ရှိနေသည်ဟု ဖခင်ဖြစ်သူမှ လာရောက်ပြောဆိုခဲ့သည်။ ဖခင်၏ အသိပေးမှု့ကြောင့် ကျွန်ုပ်၏ခန္ဓာကိုပေါ်၌ လွတ်လပ်စွာ ဝတ်စင်ထားသော စွတ်ကျယ်လေးအပေါ်မှ အကျီအဖြူလက်ရှည်တစ်ထည်အား ကျွန်ုပ်ထပ်ဝတ်လျက် အိမ်ရှေ့သို့ အရောက်လှမ်းလာခဲ့သည် ။ အိမ်ရှေ့သို့ရောက်ရှိလာသည်နှင့် ဧည့်ခန်းအတွင်း စားပွဲအပေါ်မှ သတင်းစာအဟောင်းလေးအား စူးစိုက်စွာဖတ်ရှု့နေသော မိတ်ဆွေရဲအုပ်ကိုမောင်ဝင်းအား တွေ့ရှိလိုက်ရချေသည်။
' ဟာ … ကိုမောင်ဝင်း … မင်္ဂလာပါဗျာ မတွေ့တာတောင်ကြာပြီ'
' မင်္ဂလာပါဗျာ … '
' ကျုပ်ဆီ အလည်သတ်သတ်ပဲလား '
' အေးဗျ … အလည်သတ်သတ်လို့ပဲ ပြောရတော့မှာပေါ့ ခင်ဗျားတို့က ကျုပ်ဆီတစ်ခေါက်တောင် မလာကြဘူးလေ … ဒီတော့ သတိရတဲ့ ကျုပ်ကပဲ လာခဲ့ရတာပေါ့ '
' ဟား ဟား … မဟုတ်ပါဘူးဗျာ … ကျုပ်တို့လဲသတိရနေတာပါ … ဒါပေမယ့် ကိုမောင်ဝင်းရေ လာမယ်လာမယ်နဲ့ မရောက်ဖြစ်သေးတာ … ကဲဆိုပါဦး လာရင်းကိစ္စလေး '
' လာရင်းကိစ္စကတော့ ထွေးထွေးထူးထူးမဟုတ်ဘူးဗျ … သူဌေးလေး နေသူရှိန် … ကိုထီးကလေးတို့ သူငယ်ချင်းတွေအတွက် အိမ်ကြီးတစ်လုံး လက်ဆောင်ပေးခဲ့တယ်လေ … အဲ့ဒီအိမ်ကြီးမှာ တစ္ဆေခြောက်တယ်လို့ လမ်းခံတွေနဲ့ ပတ်ဝန်းကျင်ကလူတွေ ပြောကြတယ် သူဌေးလေး ပြောတာကလဲ တစ္ဆေကိုက်နေတယ် ဆိုလား … အဲ့ဒါတကယ်ဟုတ် မဟုတ် ကျုပ်သိချင်နေတာ … ပြီးတော့ '
မဆုံတာကြာပြီဖြစ်သည့် မိတ်ဆွေရဲအုပ်ကိုမောင်ဝင်းနှင့်အတူ ကျွန်ုပ်တို့ ဧည့်ခန်းအတွင်း၌ ရယ်မောစွာ စကားများပြောဖြစ်ကြပြီး ပြောလက်စ စကားအား ကိုမောင်ဝင်းတစ်ယောက် ဆက်လက်၍မပြော ဧည့်ခန်းပတ်ဝန်းကျင်အား အကဲခတ်ကြည့်ရှု့နေခဲ့သည်။
' ပြီးတော့ ဘာဖြစ်လဲကိုမောင်ဝင်း ဆက်ပြောလေ '
' ဒီမှာ သိပ်ပြောလို့ အဆင်မပြေဘူးဗျ … '
' အော် … ကျုပ်သဘောပေါက်ပြီ … ဒါဆို လက်ဖတ်ရည်ဆိုင်လေး သွားထိုင်ကြရအောင် '
' ဘာပြောကောင်းမလဲဗျာ … ကျုပ်ခံတွင်းထဲမှာ အချိုဓာတ်လိုနေလို့ဗျ … ဟားဟား … ကဲလာ '
သို့နှင့် အသင့်ပါလာသော သူ၏ မော်တော်ဆိုင်ကယ်ဖြင့် ဌရပ်ကွက်ထဲမှ ကိုဟန်စိုးရဲ့ ရွှေအိုး လက်ဘက်ရည်ဆိုင်သို့ နှစ်ဦးသား ထွက်ခွာလာခဲ့ချေသည်။ ထိုင်နေကြဆိုင်လေးဟု ပြောစရာမလိုလောက်အောင်ပင် မိတ်ဆွေကိုမောင်ဝင်းနှင့်ကျွနိုပ် ဆိုင်အတွင်းသို့ ဝင်ရောက်လာသည်နှင့် ကိုဟန်စိုးကိုယ်တိုင်ပင်လျင် သောက်နေကြ လက်ဘက်ရည်အား လာရောက်ချပေးခဲ့ပြီး 'ဆရာတို့ မရောက်တာတောင် ကြာပြီးနော် '
' အေးဗျာ … ကျုပ်တို့လဲ မအားတာနဲ့မရောက်ဖြစ်တာ '
' ဟုတ် … ဟုတ်ကဲ့ … ကျွန်တော့်လမ်းဘေး လက်ဘက်ရည်ဆိုင်လေးမှာ ဆရာကိုမောင်ဝင်းတစ်ယောက် လာထိုင်တာ ကျွန်တော်ဂုဏ်ယူမိပါတယ် '
' မဟုတ်တာပဲဗျာ … ကျုပ်က ဒီရပ်ကွက်သားပဲဗျ ထိုင်မှာပေါ့ … '
' ဟုတ်ကဲ့ဆရာ လိုတာရှိရင် ပြောပါ ကျွန်တော်ကိုယ်တိုင် လုပ်ပေးချင်လို့ '
' ကောင်းပါပြီဗျာ … ကောင်းပါပြီ'
မိမိ၏ လမ်းဘေး လက်ဘက်ရည်ဆိုင်လေးသို့ နိုင်ငံတော်အသိမှတ်ပြု အခွင့်အရေး ရဲအုပ်ကိုမောင်ဝင်းတစ်ယောက် လာရောက်ထိုင်သောကြောင့် ဆိုင်ရှင်ကိုဟန်စိုးမှာ လှိုက်လှဲစွာ ကြိုဆိုခဲ့သည်။ သို့နှင့် လက်ဘက်ရည်အား တစ်ငုံမျှငုံလိုက်ပြီး အသင့်ငဲ့ထားသည့် ရေနွေးတစ်ခွက်အား ကိုင်ဆောင်ကာ သောက်လိုက်ပြီးသည်နှင့်
' ကဲ ဆက်ပြောပါဦး '
' ဒီလိုဗျ ဟိုတလောက ကျုပ် အဲ့ဒီရပ်ကွက်ထဲကို တာဝန်တစ်ခုနဲ့ ရောက်သွားခဲ့တယ် အဲ့ဒီအိမ်ကြီးအရှေ့ကိုလဲ ရောက်ခဲ့တယ် … ပတ်ဝန်းကျင်က လူတွေကိုမေးကြည့်တော့ အဲ့ဒီအိမ်မှာ သရဲအရမ်းခြောက်တယ် ပြီးတော့ မကြားသေးမီက သူခိုးဖမ်းတဲ့ ရဲအရာရှိတွေကို သရဲခြောက်လွတ်လိုက်တယ်တဲ့ … နယ်မြေပိုင် စခန်းမှူးကြီးတောင် ဖျားပြီး နှစ်ရက်လောက်ခွင့်ယူလိုက်ရတယ် … ထူးဆန်းတာတစ်ခုက အဲ့ဒီညမှာ အိမ်တစ်အိမ်ကို သူခိုးတွေကပ်မယ်ဆိုတာ သတင်းရထားလို့ ကြိုတင်စောင့်နေခဲ့ကြတယ် … သူခိုးတွေလဲကပ်ရော ဝိုင်းဖမ်းကြလို့ သူခိုးတွေပြေးရင်းလွှားရင်း အဲ့ဒီအိမ်ကြီးထဲကို ဝင်သွားကြတာ တွေ့တဲ့သူတွေကလဲ တွေ့လိုက်တယ် ရဲအရာရှိတွေ ဝင်ဖမ်းတော့ သူခိုးတွေရဲ့ အရိပ်ယောင်တောင် မတွေ့ခဲ့ကြဘူး ခြံထဲမှာနေရာအနံ့ လိုက်ရှာခဲ့ကြပြီး ခြံအပြင်ကို ထွက်မလို့လုပ်တုန်း ရဲအရာရှိတွေကို ခြောက်လန့်တော့တာပဲ ပြီးတော့ လူကောင်းတွေကိုမှ ရွေးပြီးခြောက်လန့်နေတဲ့ တစ္ဆေလို့ လူတစ်ချို့က ပြောကြတယ် … အဲ့ဒါတွေနဲ့ ပတ်သတ်ပြီး ကျုပ်စဉ်းစားမိတာ တစ်ခုရှိတယ် အဲ့ဒီအိမ်ကြီးမှာ လူတွေမသိနိုင်တဲ့ ဖြစ်ရပ်တစ်ခု ဒါမှမဟုတ်ရင် လျှိုဝှက်ချက်တစ်ခုခုတော့ ရှိနေလိမ့်မယ်လို့ ကျုပ်ထင်တယ် '
' အင်း … ကိုမောင်ဝင်းပြောပုံအရ ပတ်ဝန်းကျင်က လူတွေက လူကောင်းတွေကိုမှ ရွေးပြီးခြောက်လန့်တတ်တဲ့ တစ္ဆေ … ဒါဆိုရင် အဲ့ဒီတစ္ဘေ္ဆမှာ ခံစားချက်တစ်ခုခုတော့ရှိလိမ့်မယ်ထင်တယ် … သူဌေးလေးက ဘယ်လိုဖြစ်ပြီး အဲ့ဒီအိမ်ကြီးကို ရခဲ့တာလဲ '
' ကျုပ်သိရသလောက်တော့ သူဌေးလေးရဲ့လက်ထဲကို အဲ့ဒီအိမ်ကြီးရောက်မလာခင် အရှေ့မှာ သုံးလေးဦးလောက် ပြောင်းပြေးကုန်ကြတာပဲလို့ သိရတယ် … သုံးဦးမြောက် အိမ်ပိုင်ရှင်တုန်းကဆို တော်တော်ပိုက်ဆံချမ်းသာတဲ့ သူဌေးတစ်ယောက်ဗျ အဲ့ဒီအိမ်ကြီးကို သူဝယ်ပြီး သူ့မိသားစုနဲ့ အတူတူနေတယ် သုံးရက်လောက်ကျတော့ တစ်အိမ်သားလုံး ရူးကြောင်ကြောင်ဖြစ်ပြီး စိတ်ကျန်းမာရေးဆေးရုံကို ရောက်လာခဲ့တယ် … အကြောင်းကတော့ တစ္ဆေခြောက်ခံရလို့ပေါ့ … အဲ့ဒီသူဌေး နေပြန်ကောင်းလာတော့ အိမ်ကြီးကို နိုင်ငံတော်အိပ်ဖို့ စီစဉ်နေတုန်း သူဌေးလေးနဲ့တွေ့ပြီး သူဌေးလေးက စိတ်ဝင်စားတာနဲ့ သူဆီကနေ ကာလပေါက်ဈေးအတိုင်း ဝယ်ထားခဲ့တာ '
' အင်း … ကြားရတဲ့ သတင်းတွေကတော့ စိတ်ဝင်စားစရာပဲဗျို့'
' ဟုတ်တယ် အဲ့ဒါကြောင့်ကျုပ်လဲ စိတ်ဝင်စားနေတာ ကိုထီးလေးတို့အကြောင်းကို သူဌေးလေးက ကျုပ်ဆီကနေ တဆင့်သိပြီး သူ့ကို အသက်စွန့်အကူညီပေးခဲ့တဲ့ ခင်ဗျားတို့ သူငယ်ချင်းငါးယောက်ကို လက်ဆောင်အဖြစ်ပေးခဲ့တာပဲ … အဲ့ဒီအိမ်ကြီးကို ခင်ဗျားတို့ ဘယ်တော့လောက် သွားဖြစ်မယ် စိတ်ကူးထားလဲ '
' လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး သူတို့တွေနဲ့ ကျုပ်တိုင်ပင်ထားတာတော့ လာမယ့် တော်သလင်း လပြည့်နေ့မှသွားမယ်လို့ တိုင်ပင်ထားကြတယ်ဗျ … ဒါပေမယ့် အခု ကိုမောင်ဝင်းဆီက ဒီသတင်းတွေကြားရတော့ ကျုပ်တို့ သန်ဘက်ခါသွားမယ်ဗျာ '
' ဟင် … ဟာ … ခင်ဗျားတို့ ငါးယောက်ကတော့ဗျာ … ခေတ်လူငယ်တွေလို့ ပြောစရာမလိုဘူး စိတ်သွားတိုင်း ကိုယ်ပါနေတာပဲ … ကောင်းတယ်ဗျို့ တကယ်လို့ အကြောင်းရင်းတစ်ခုခု သိရရင် ကျုပ်ဆီအမြန်ဆုံး ဆက်သွယ်ပေး '
' စိတ်ချ … ကဲ စကားပြောလို့ကလဲ ကောင်းတယ် … ကိုမောင်ဝင်းလဲ တာဝန်တွေရှိသေးတယ် မဟုတ်လား ကျုပ်တို့သွားကြမယ်လေ … ကဲကိုဟန်စိုးရေ … ပိုက်ဆံရှင်းမယ်ဗျို့ '
ဌရပ်ကွက်ထဲမှ ကိုဟန်စိုးရဲ့ ရွှေအိုးလက်ဘက်ရည်ဆိုင်လေးအတွင်းမှ ကျွန်ုပ်နှင့် မိတ်ဆွေကိုမောင်ဝင်းတို့ ပြန်လည်ထွက်ခွာလာခဲ့ချေသည်။ ကျွန်ုပ်၏နေအိမ်ရှေ့သို့ သူ၏မော်တော်ဆိုင်လေးဖြင့် အရောက်ပို့ပေးစေပြီး ကျွန်ုပ်အား လက်ပြနှုတ်ဆတ်ကာ မိတ်ဆွေ ရဲအုပ်ကိုမောင်ဝင်း တစ်ယောက် ထွက်ခွာသွားချေတော့သည်။
အချိန်ကား ညနေဆောင်းနေခဲ့ပြီး ။ ဒီချိန်ဆိုလျင် ကျွန်ုပ်၏ သူငယ်ချင်းများဖြစ်သော လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး ထိုသူတို့ ရောက်ရှိလာတော့မည်အား ကျွန်ုပ်ကြိုတင်သိရှိထားသည်။ သို့နှင့် သူငယ်ချင်းဖြစ်သူများအား စောင့်မျှော်ရင်း ခြံလေးအတွင်းသို့ နက္ခတ္တရောင်ခြည် မဂ္ဂဇင်းစာအုပ်လေးအား ကိုင်ဆောင်ရင်း ကျွန်ုပ်ဆင်းလာချေခဲ့သည်။ ဖတ်လက်စ စာမျက်နှာသို့ အရောက်လှမ်ခဲ့ပြီး တစ်ဖက်မျက်နှာသို့ လှမ်ရန် ပါးစပ်အား လက်ညိုးဖြင့်ကပ်လိုက်စဉ်
' အောင်မာ … ဇိမ်ကျနေတယ်ပေါ့လေ '
သူငယ်ချင်းဖြစ်သူ ငါးကလေး၏ စကားသံအား ကြားလိုက်ရလေသည်။
' ဘယ်ကသာ ဇိမ်ကျရမှာလဲကွာ … မင်းတို့ပြောတဲ့ ဇိမ်ကျတယ်ဆိုတာ ကောလဟာလပဲဖြစ်ဖို့များတယ် ငါတစ်ခါမှ မကောက်ရဖူးဘူး '
အသံပေးကာ ကျွန်ုပ်၏အနားသို့ အရောက်လှမ်းလာနေသော သူငယ်ချင်းများအား နောက်တောက်တောက်လေသံဖြင့် ကျွန်ုပ်ပြောဆိုလိုက်လေသည်။
' နေ့လယ်က ကိုမောင်ဝင်း မင်းဆီလာသွားတယ်ဆို '
' အေးကွ … မင်းတို့ကို ငါပြောရဦးမယ် … ကိုမောင်ဝင်းဆီက ငါကြားခဲ့ရတဲ့သတင်း '
' ကဲ ဆိုစမ်းပါဦး '
ခြံအတွင်း ကျွန်ုပ်၏အနားမှ လွတ်နေသည့် ခုံများအား နေရာယူ ဝင်ထိုင်လိုက်သည့် သူငယ်ချင်းဖြစ်သူများအား နေ့လည်ခင်းမှ မိတ်ဆွေကိုမောင်ဝင်းနှင့် ကျွနိုပ်ပြောဖြစ်ခဲ့ကြသော စကားများအား ပြန်လည်ပြောပြလိုက်ချေတော့သည်။
' ဟင် … ဒါဆို ထူးထူးဆန်းဆန်း တစ္ဆေခြောက်တာပဲ သူခိုးတွေကိုမခြောက်ပဲ ရဲတွေကိုမှ ရွေးခြောက်လန့်တယ် … '
' ဟုတ်တယ် အစွဲမရှိတဲ့ တစ္ဆေဆိုရင် လူတိုင်းကို ခြောက်လန့်မှာပဲ အခုဟာက လူကောင်းတွေကိုမှ ရွေးပြီးခြောက်တယ်ဆိုတော့ … အင်း … စဉ်းတော့ စဉ်းစားစရာပဲ '
' ဟုတ်တယ်ကွ … မင်းတို့တွေလဲ အခုလောလောဆယ် အားနေတာမဟုတ်လား … တော်သလင်းလပြည့်နေ့ထိ စောင့်မနေပဲ သန်ဘက်ခါ ငါတို့အဲ့ဒီအိမ်ကြီးမှာ တစ်ပတ်လောက် သွားနေကြည့်ရအောင် '
' ငါက အဆင်ပြေတယ် အခုသွားမယ်ဆိုရင်တောင် သွားလို့ရတယ် … အဆင်မပြေမှာက သူတို့သုံးယောက်ပဲ '
' သန်ဘက်ခါ … ရတယ်လေ … ငါတို့လဲ အားနေတာပဲ သွားကြတာပေါ့ '
' ရပ်ကွက်ကတော့ ငါတို့နီးပါတယ် မင်းတို့ ဆိုင်ကယ်တွေဆီဖြည့်ထား … အရာအားလုံး အဆင်သင်ပြင်ထား … သက်ဘက်ခါ မနက်၈နာရီ ငါတို့စထွက်ကြမယ် '
သူငယ်ချင်းဖြစ်သူများအား အချိန်ဇယား ရေးဆွဲပေးခဲ့ပြီး သန်ဘက်ခါအတွက် လိုအပ်သည်များအား ပြင်ဆင်ကြရင်း တစ်မိုးချုပ်ခဲ့ရပြန်သည်။
အချိန်ကား မနက်၈နာရီ ရှိနေခဲ့ပြီ။ လိုအပ်မည်ထင်သည့် အဝတ်စားလေးတစ်ချို့အား ဘေးသိုင်းလွယ်အိတ်အတွင်းသို့ ယူဆောင်လာစေပြီ ကျွနိုပ်တို့နေထိုင်ရာ ရပ်ကွက်နှင့် မဝေးလှသည့် အိမ်ကြီးရှိနေရာ ရပ်ကွက်ဆီသို့ မော်တော်ဆိုင်ကယ် အမြန်နှုံးဖြင့် တစ်နာရီခန့် အကြာမောင်းနှင်ခဲ့ရသည်။
တိတ်ဆိတ်ငြိမ်သတ်လှသည့် စိတ်ငြိမ်ရပ်ကွက်တစ်ခု ဖြစ်သည့်အလား ခရေပင်ကြီးများနှင့် လမ်းသွယ်လေးများစွာဖြင့် အေချမ်းလှသည့် စိတ်ငြိမ်အိမ်ယာ ရပ်ကွက်ပင်ဖြစ်ချေသည်။ သူဌေးလေး နေသူရှိန် လက်ဆောင်အဖြစ်ပေးခဲ့သော အိမ်ကြီး၏သော့အား သူငယ်ချင်းဖြစ်သူ လမ်းကလေးမှ သိမ်းဆည်းထားစေခဲ့ပြီး ဆိုင်ကယ်မောင်းနှင်နေသည့် သူငယ်ချင်းလမ်းကလေးမှ ဦးဆောင်ကာ အိမ်ကြီးဆီသို့ ခေါ်ဆောင်လာလေခဲ့သည်။
' ကိုင်း … ရောက်ပြီ '
အရှိန်အား ဖြေးညင်းစွာလျော့စေပြီး ဘရိတ်နင်းကာ အိမ်အိုကြီးတစ်လုံးအရှေ့၌ သူငယ်ချင်းဖြစ်သူ လမ်းကလေးတစ်ယောက် ဆိုင်ကယ်အား ရပ်လိုက်လေသည်။ ထို့နောက် ခြံသော့တွင် ရှိနေသည့် အိမ်အမှတ်နှင့် ခြံအရှေ့မှ ချိတ်ဆွဲထားသော ခြံအမှတ် ဆိုင်းပုဒ်အား တိုက်လျက်ကြည့်လိုက်ပြီး
' ဒီအိမ်ကြီးပဲကွ '
' ဟင် … အိမ်ကြီးကတော့ တော်တော်လေး ခြောက်ခြားဖို့ကောင်းတယ် … ကဲ ဝင်ကြမလား '
ခြံ၏ အကျယ်အဝန်းမှာ ပေ၄၀ ပေ ၈၀ ခန့်ရှိပြီး ပေ ၂၀တိတိအား အိမ်ကြီးတည်ဆောက်ထားကာ နှစ်ထပ်တိုက်ဖြစ်ပြီး ခြံရှေ့မှ ငေးမောကြည့်မိရုံနှင့် စိတ်ခြောက်ခြားစဖွယ် ကောင်းလှသည်။ ခြံသော့အား ကိုင်ဆောင်ထားသော လမ်းကလေးတစ်ယောက် ခြံတံခါးဖွင့်၍ အတွင်းသို့ဝင်ရန် တတ်ကြွသော ခြေလှမ်းတို့ဖြင့် ခြံတံခါးဆီသို့အရောက်
' ဟင် … တံခါးက သော့မခတ်ထားပါလား '
' ဟုတ်လို့လား … '
' ဒီမှာလာကြည့်ပါလား တွန်းဖွင့်လိုက်ရုံပဲ '
' ဟုတ်ပ … ဟင် …' အောင်မလေး '
ခြံတံခါးအား သော့ပိတ်ထားခြင်းမရှိ သံချေးများစွာတတ်နေသော ထိုတံခါးအား တွန်းဖွင့်လိုက်ရုံနှင့် လွဟ်ကူစွာဝင်ရောက်နိုင်သည်။ အံ့သြကြီးစွာ ကြည့်နေသော လမ်းကလေး၏အရှေ့သို့ ခြံအတွင်းမှ မုတ်ဆိတ်ဖြူဖြူ ပေတေနေသည့် ကုလားကြီးတစ်ယောက် ခြံစည်းရိုးကြားမှ ရုတ်တရက် သူ၏မျက်နှာ ထွက်ပေါ်လာသောကြောင့် ထိတ်လန့်သွားကာ အနောက်သို့ ဆုတ်လိုက်လေသည်။
' ဟင် … ခင်ဗျားက ဘယ်သူလဲ '
' အာ … အ … ကိ '
' ဟင် … ခင်ဗျားက စကားမပြောတတ်ဘူးလား '
' အမ်း အမ်း '
ပေတေနေသည့် မုတ်ဆိတ်ကုလားကြီးမှ ခြံအတွင်းမှနေ၍ ကျွနိုပ်တို့အား ပြောနေသည့် အဓိပ္ပာယ်အား သေချာစွာနားမလည်နိုင်ပေ။
' ဦးလေးက ဒီခြံထဲမှာနေတာလား '
' ခေါင်းငြိမ့်ပြတယ် '
' အင်း … ဦးလေးက အ နေတာလား '
' အော်ဟုတ် … ကျွန်တော်တို့က ဒီအိမ်ပိုင်ရှင်တွေပါ '
စကားမပြောတတ် စွန့်အနေသည့် ထိုလူကြီးအား ကျွန်ုပ်တို့ငါးဦးဟာ အိမ်ပိုင်ရှင်များဖြစ်ကြောင်း ပြောဆိုလိုက်သည်နှင့် ထိုလူကြီးမှာ ပြူးကြောင်ကြောင် စိုက်ကြည့်နေခဲ့သည်။ ထိုနောက် ပွင့်လက်စ တံခါးအတိုင်း ခြံအတွင်းသို့ ဝင်ရောက်ရန် ခြံတံခါးလေးအား ဖြေးညင်းစွာတွန်းဖွင့်လိုက်စဉ်
' ဟမ် … အမ် … အမ် '
' ဦးလေး ဘာပြောတာလဲဗျ … ကျွန်တော်တို့ခြံထဲ ဝင်မလို့လေ '
ခြံတံခါးဖွင့်လိုက်သည်နှင့် ထိုလူကြီးမှာ မပီသသော စကားသံများနှင့် ကျွနိုပ်တို့အား ခြံကြီးအတွင်းသို့ မဝင်ရန် တားနေခဲ့သည်။
' ဟားဟား … ရပါတယ် ဦးလေးရ ကျုပ်တို့ကို ဘာမှမစိုးရိမ်နဲ့ ဒီခြံကြီးအကြောင်း ကျုပ်တို့သိထားပြီးသား ဒါကြောင့် ဒီခြံကြီးကို လာခဲ့တာ '
မည်သို့ပေ ဆိုစေကာ ထိုလူကြီးမှာ လက်နှစ်ဖတ်အား ကာထားပြီး သူ၏ဦးခေါင်းအား အဆက်မပျက် ခါရမ်းပြနေခဲ့သည်။ ထိုလူကြီး ဆိုလိုချင်သော အဓိပ္ပာယ်အား ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ကောင်းစွာသဘောပေါက် နားလည်ချေသည်။ ထိုအိမ်ကြီးနှင့် ပတ်သတ်ပြီး တစ္ဆေခြောက်လန့်မှု့ဖြင့် ရူးကြောင်ကြောင် ဖြစ်ခဲ့ရသော မိသားစုများအား ထိုလူကြီးတစ်ယောက် ကြုံတွေ့ခဲ့ရဘူးပုံပေါ်သည်။ ထို့ကြောင့် ကျွနိုပ်တို့အား အရှေ့မှ မိသားစုများအတိုင်း အဖြစ်ဆိုးများနှုင့် ကြုံဆုံရမည်အား စိုးရိမ်၍ ထိုမုတ်ဆိတ်ကုလားကြီး တားစီးနေခဲ့ခြင်းဖြစ်သည်။ သို့ပေမယ့် ထိုလူကြီး၏ တားစီးမှု့များအား ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ဂရုမစိုက် ခြံကြီးအတွင်းသို့ ငါးယောက်သား ဝင်ရောက်လာခဲ့လေတော့သည်။
ကျွန်ုပ်တို့အား တားစီးမရသည်ကြောင့် ထိုလူကြီးမှာ လက်လျော့၍ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်လေသည်။ သို့နှင့် ညီညာသွက်လက်သော ခြေလှမ်းများနှင့် အိမ်မကြီးတံခါးဆီသို့ ကျွန်ုပ်တို့အားလုံး ဦးတည်လျောက်သွားခဲ့ပြီး သူငယ်ချင်းဖြစ်သူ လမ်းကလေး တံခါးအား ဖွင့်မည်အလုပ်
' ဟင် … ထီးလေး သူဌေးလေးပေးလိုက်တာ ခြံသော့တစ်ချောင်း … ပြီးတော့ အိမ်မကြီးသော့တစ်ချောင်းနဲ့ ကျန်တာတွေက အခန်းသော့တွေ … ဒါပေမယ့် ခြံတံခါးသော့ကိုလဲ ဖွင့်ပြီးသား အခုလဲကြည့်ဦး … '
' ဟုတ်ပါရဲ့ … အိမ်မကြီးတံခါးလဲ ဂျက်ထိုးထားရုံလေးတင် … သော့မရှိပါလား … '
' အခုန ဟိုအနေတဲ့ ကုလားကြီးကဘယ်သူလဲ သူဌေးလေး ခြံစောင့်ထားတာလား '
' ခြံစောင့်ပဲ ဖြစ်မှာပေါ့ … ငါ့အထင် ငါတို့လာမယ်ဆိုတာ သိလို့ သူဌေးဒါတွေအားလုံးကို ဖွင့်ထားခိုင်းတာပဲ ဖြစ်မယ် … '
' ကဲ … ဒါဆို အထဲဝင်ကြရအောင် '
' အားလုံး သတိဝရီယတော့ ရှိကြနော် '
ခြံတံခါးမှစ၍ ယခုအိမ်မကြီးတံခါးအထိ ကျွန်ုပ်တို့တွင် ရှိနေသော သော့များအား အသုံးမပြုရသေးပဲ လွယ်ကူစွာဖြင့် ဝင်ရောက်လာနိုင်ခဲ့လေသည်။ ထင်မြင်ချက်များ ပြောဆိုကြပြီး အိမ်မကြီးတံခါး၌ ထိုးထားသည့် ဂျက်အား လွယ်ကူစွာဖွင့်လိုက်လေသည်။ ထို့နောက် တံခါးအား အသာတွန်းဖွင့်လိုက်သည်နှင့် ကြားလိုက်ရသည့် အသံကား
' ကျွီ… ကျွတ် ကျွတ် '
အချိန်ကား မနက် ၁၀ ကျော်ခန့်ရှိနေခဲ့ပြီး။ အပြင်မှ အလင်းရောင်ဟာ အိမ်မကြီးအတွင်းသို့ မထိုးဖောက်နိုင်လောက်အောင် လှောင်ပိတ်နေခဲ့ပြီး တံခါးအား ဖွင့်လိုက်သည်နှင့် ပါတ်တာများ၏ အသံကား ခြောက်ခြားစဖွယ် ထွက်ပေါ်လာခဲ့ချေသည်။ သို့နှင့် ကျွန်ုပ်တို့၏ စိတ်အတွင်း၌ တစ္ဆေထက်ဆိုးသော မှော်အမျိုးမျိုးကြားမှ လွတ်မြောက်လာခဲ့သည်ကြောင့် ယခု တစ္ဆေဆိုသည်အား ကျွန်ုပ်တို့အဖို့ ဂရုမစိုက်ချေ။ အိမ်ကြီးအတွင်းသို့ ဝင်ရောက်လာခဲ့ကြပြီ
' ဒါကဧည့်ခန်း ခုံတွေလဲ အသစ်တွေပဲရှိသေးတယ် … နံရံတွေကတော့ နည်းနည်းဟောင်းနေပြီ '
' ပူလိုက်တာကွာ … အဲလ်ကွန်းလေးတောင် တတ်မထားဘူး … ကဲ … ဒီမှာငါတို့ တစ်ပတ်တိတိနေကြမယ် … အခုခြောက်လန့်နေတဲ့ တစ္ဆေဆိုတာကို ထင်ထင်ရှားရှားသိရမှ ငါတို့ပြန်ကြမယ် ဘယ်လိုလဲ အားလုံးသဘောတူကြလား '
' ဘာပြောကောင်းမလဲ တူတာပေါ့ကွာ '
' ကဲကောင်းပြီ ဒါဆို အပေါ်ထပ်ကို သွားကြည့်ကြမယ် ပြီးရင် ကိုယ့်ဟာကို နေရာယူကြ'
' ဟေး … ဟေး တစ်နေရာယူ '
ငယ်မူပြန်ခြင်းတော့မဟုတ် လူငယ်ဖြစ်သော ကျွန်ုပ်တို့ လွတ်လပ်စွာဖြင့် အိမ်မကြီး၏ အပေါ်ထပ်ဆီသို့ အပြေးအလွှာတတ်သွားခဲ့ကြသည်။ အိမ်ကြီးဟာ လောလောလက် လူများနေထိုင်သကဲ့သို့ ခန်းဝင်ပစ္စည်းများမှအစ အရာအားလုံး အသစ်အတိုင်းသာလျင် တည်ရှိနေခဲ့ပြီး ။ အပေါ်ထပ်အခန်းများဆီသို့ ကျွန်ုပ်တို့အားလုံး နေရာယူရန် အပြေးတတ်ရောက်လာခဲ့လေသည်။ အပေါ်ထပ်ရှိ အိပ်ခန်းများဟာလဲ သော့ခတ်ထားခြင်းမရှိပဲ စေ့ထားသည့် တံခါးများကိုသာ တွေ့လိုက်ရပြန်သည်။
**********************************
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
ဆက်လက်၍ဖော်ပြပေးသွားပါမည်။
စာရေးသူ- ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
မကြီး Soe San အားအစဉ်လေးစားနေလျက်ပါ။









No comments:
Post a Comment