ဝိဥာဉ်စားတဲ့ ၂၀၁၅ အပိုင်း(၃) - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ဝိဥာဉ်စားတဲ့ ၂၀၁၅ အပိုင်း(၃)

Share This
         တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                     ဝိဥာဉ်စားတဲ့ ၂၀၁၅
                           အပိုင်း(၃)
       အလွတ်ကျက်ထားသော မြန်မာဝါကျ
                    စာရေးသူ-ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                       ***********


ကျွန်ုပ်ဘာများဖြစ်သွားရသနည်း။ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားလေခါ အမြင်အာရုံများသည်လည်း အကူညီပေးနေသော ပါဝါမြင့်မျက်မှန် တပ်ဆင်နေစရာမလိုတော့ပဲ၊ ကြည်လင်နေခဲ့ရသည်။ စိတ်တစ်ခုလုံး ပေါ့ပါးနေခါ ခန္ဓာကိုယ်ဟာလျင် လေပေါ်တွင်မျောလွှင့်နေရသကဲ့သို့ ဖြစ်နေခဲ့ရပြီး၊ အလွန်ပင်လွတ်လပ်သွားစေခဲ့သည်။ လူများစွာရုတ်ရုတ်သည်းသည်းဖြစ်နေသော အနားဆီသို့ ကျွန်ုပ်သည်လည်း စူးစမ်းချင်စိတ်ဖြင့် အရောက်သွားခဲ့သည်။ မြင်တွေ့လိုက်ရ၏။ မြေပြင်ပေါ်တွင်လည်း သွေးများစွာနှင့် လဲကျနေခဲ့သော ကျွန်ုပ်၏ ခန္ဓာကိုယ်ပင်ဖြစ်နေခဲ့လေသည်။

'ဟင်!… ငါ… ငါဘာဖြစ်သွားတာလဲ ငါ!…'
'ဟာ… သေသွားပြီလားမသိဘူး… ဆေးရုံပို့ကြပါ ဆေးရုံပို့ပေးလိုက်ပါ… ဘယ်ကကောင်လေးလဲမသိဘူး'
'သနားပါတယ်ဟယ်… လုပ်ပါ လုပ်ကြပါ'
 သွေးများစွာနှင့် မြေပြင်ပေါ်သို့ လဲကျနေခဲ့သော ကျွန်ုပ်အား ပတ်ဝန်းကျင်ရှိသူများမှ တစ်ယောက်တစ်ပေါက်နှင့် ပြောဆိုလေခါ ဆေးရုံဆီသို့ပို့ဆောင်ပေးရန် ပြောဆိုလေကြသည်။ လဲကျနေခဲ့သော ကျွန်ုပ်၏ခန္ဓာကိုယ်အား ကျွန်ုပ်သည်လည်း အံ့သြကြီးစွာစိုက်ကြည့်နေခဲ့မိသည်။ နံဘေးနားရှိလူများအားလည်း ကျွနုပ်စကားများစွာ ပြောဆိုဖြစ်သေးသည်။ သို့သော် ကျွန်ုပ်အား ထိုသူများမှာ ဂရုအစိုက်၊ လဲကျနေသည့်အလောင်းကိုသာ အာရုံစိုက်နေခဲ့ကြသည်။

                            ******
တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်ဖြင့် ရဲအုပ်မောင်ဝင်းနှင့်အတူ ရဲအရာရှိများအားလုံးဟာ ဘိလပ်မြေစက်ရုံတည်ရှိဆီသို့ ရောက်ရှိသွားခဲ့ကြပြီး အသက်ခံရသူ မိန်းကလေး၏အလောင်းအား ဆေးရုံဆီသို့ ပို့ဆောင်စေခါ နေ့ခြင်းပင်လျင် စစ်ဆေးချက်ရယူရန် စောင့်မျှော်ခဲ့ကြလေသည်။

'လေးစားပါတယ်ဆရာမောင်ဝင်း'
'လေးစားပါတယ်ဆရာစိုးမောင်… ဘာသတင်းရခဲ့တုန်းဗျ'
'ဟုတ်ကဲ့ဆရာ… အသတ်ခံလိုက်ရတဲ့ မိန်းကလေးနာမည်က ခိုင်ခိုင်လွင်လို့်သိရပါတယ်… ရန်ကင်းမြို့နယ်အပိုင်ရဲစခန်းမှာ လင်နောက်လိုက်ပြေးသွားပြီး သတင်းအစနပျောက်နေလို့ ကောင်မလေးမိဘတွေက လူပျောက်တိုင်ထားပါတယ်'
'သူ့မိဘတွေနဲ့ရော… တွေ့ခဲ့သေးလား'
'ကောင်မလေးမိဘတွေကတော့ သူပျောက်ဆုံးနေတဲ့ ကိစ္စနဲ့ နေရာအနံ့လျောက်သွားနေကြပြီး နေအိမ်မှာမရှိဘူးလို့သိခဲ့ရတယ်ဆရာ… အပိုင်စခန်းမှူးကြီးကတော့ ပြောပါတယ်… ဒီနေ့ ကောင်မလေးမိဘတွေနဲ့ ဆရာမောင်ဝင်းကို တွေ့ခွင့်ရအောင် စီစဉ်ပေးမယ်လို့သတင်းပို့လိုက်ပါတယ်ဆရာ'
'ကောင်းပြီ… ကောင်ပြီး သူမိဘတွေနဲ့ အမြန်ဆုံးတွေ့ရမှဖြစ်မယ်'

   နယ်ထိန်းအရာရှိကြီး၏ ပြောဆိုမှုများကြောင့် ရဲချုပ်မောင်ဝင်းသည်လည်း အသက်ခံလိုက်ရသော အမျိုးသမီးလေးနှင့် ပတ်သတ်သည့် သူမ၏မိဘများ အပိုင်စခန်းဆီသို့ ရောက်ရှိလာကြမည့်အချိန်ကိုသာ စောင့်မျော်နေလေခဲ့သည်။ မကြာမီအချိန်တောအတွင်းမှာပင် အပိုင်စခန်းဆီသို့ လင်မယားနှစ်ဦးသား အလွန်ပင်ဝမ်းနည်းနေခဲ့သော မျက်နှာထားလေးများဖြင့် ရောက်ရှိလာခဲ့ကြပြီး

'ဆရာ… ဆရာ… ဆရာရယ် ကျွန်မသမီးကို ဘယ်လိုလူတွေကများ အခုလိုရက်ရက်စက်စက်သတ်လိုက်ရတာလဲဟင်… ကျွန်မတို့အဲ့ဒီတရားကိုတွေ့ချင်တယ် ပြီးရင် ဘာကြောင့် သမီးလေးကိုအခုလိုရက်ရက်စက်စက် သတ်ပစ်ခဲ့ရတာလဲလို့ မေးချင်တယ်ဆရာ တရားခံဘယ်မှာလဲဟင်'
'စိတ်အေးအေးထားပါအစ်မကြီး အခုလောလောတော့ လူသတ်တရားခံဘယ်သူလဲဆိုတာ ကျွန်တော်တို့ရဲတပ်ဖွဲ့ စုံစမ်းနေတုန်းပါပဲ… အစ်မကြီးနဲ့ဒီကအစ်ကိုကြီးတို့က… သေဆုံးသူ မခိုင်ခိုင်လွင်ရဲ့ အုပ်ထိန်းသူမိဘတွေပါနော်'
'ဟုတ်ပါတယ်ဆရာ… သမီးလေးခိုင် အိမ်ကနေပျောက်သွားတာ အခုဆိုရင် နှစ်ပတ်ပြည့်တော့ပါ့မယ်'
'ဟုတ်ကဲ့… မခိုင်ခိုင်လွင်အကြောင်း ကျွန်တော်တို့ကို တစ်ချက်လောက်ပြောပြပေးနိုင်ပါလား'
'ဟုတ်ကဲ့ရပါတယ်ဆရာ သမီးလေးက ၂၂နှစ်ပြည့်ပြီးပါပြီ… ဘွဲ့လဲရပြီးသွားပြီ ကျွန်မတို့မိဘတွေက သမီးလေးကို မျက်စိအောက်က အပျောက်မခံချင်တာနဲ့ အပြင်အလုပ်တွေလဲ မလုပ်ခိုင်းခဲ့ပါဘူး… အိမ်ထဲမှာပဲ သမီးလေးကို ကလေးလေးတစ်ယောက်လို ကျွန်မတို့ချစ်ခဲ့ကြတာပါ… စေတနာသိပ်ကောင်းတဲ့ သမီးလေးကို တစ်လမ်းလုံးကလည်း ချစ်ကြ၊ ခင်ကြတယ်… သူ့မှာရန်သူဆိုတာရှိနေလိမ့်မယ်လို့ ကျွန်မတို့လင်မယားနှစ်ယောက် မထင်ခဲ့မိဘူး'
'မခိုင်ခိုင်လွင်မှာ ချစ်သူရည်စားတွေ ဘာတွေများရှိတယ်လို့ အစ်မကြီးတို့ သိထားသေးလားဗျ'
'ရှင်!…'
'ကျွန်တော်က အဖေဆိုပေမယ့် သမီးလေးကို အရိပ်တကြည့်ကြည့် အမြဲစောင့်ကြည့်နေခဲ့တာပါ… သူ့မှာချစ်သူရည်းစားဆိုတာလဲ မရှိပါဘူး… ဟုတ်တယ် သိပ်သေချာတယ်ဆရာ သမီးလေးမှာချစ်သူမရှိဘူး'
'ဟင်… မခိုင်ခိုင်လွင်မှာ ချစ်သူမရှိဘူးဟုတ်လား'
'ဟုတ်ပါတယ်ဆရာ… ဘာဖြစ်လို့လဲ'
'တစ်ခုခုတော့လွဲနေပြီဗျ… သေဆုံးသူ မခိုင်ခိုင်လွင်မှာ ကိုယ်ဝန်သုံးလကျော်ရှိနေတယ်'
'ဗျာ!.'

'ဟုတ်ပါတယ်… ဆေးစစ်ချက်အရ သေဆုံးသူ မခိုင်ခိုင်လွင်မှာ ကိုယ်ဝန်သုံးလရှိနေပါပြီ'
'ဟင်… ဟာဗျာ… မ…မဖြစ်နိုင်တာ… သမီးလေးမှာ ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ရှိနေရမှာလဲ… မဖြစ်နိုင်ဘူးဆရာ… လုံးဝမဖြစ်နိုင်ဘူး''
''ကျွန်တော်ပြောတာကိုယုံကြပါ''
''ဗျာ… ဆရာ ဆရာ သမီးလေးမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ တကယ်… တကယ်သေချာရဲ့လားဟင်'
'သေချာပါတယ်… ခင်ဗျားတို့သေချာစဉ်းစားကြည့်ပါဦး မခိုင်ခိုင်လွင်မသေဆုံးခင် အချိန်က ဘယ်လိုထူးခြားမှု့တွေရှိခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါဦးလား'
'အင်း!!!!… လွန်ခဲ့တဲ့ (၂)နှစ်လောက်တည်းကစပြီး သမီးလေးအိမ်ပြင်ကိုမထွက်ဘူး သူ့အိပ်ခန်းထဲမှာပဲ ကွန်ပျူတာတစ်လုံးနဲ့ ဂိမ်းကစားနေတာအမြဲတွေ့တယ်… တစ်ခါတစ်လေ စကားပြောသံတွေလဲကြားတယ်… ဖုန်းပြောနေတဲ့အသံတွေလည်း ကြားတယ် သူ့ချစ်သူနဲ့ စကားပြောနေသလိုပဲ အဲ့ဒါကြောင့် ကျွန်တောတို့လဲ တိုင်ပင်ပြီး သမီးလေးချစ်သူ ဘယ်သူလဲလို့သိချင်တာနဲ့ သမီးလေးအပြင်သွားတိုင်း အနောက်ကနေလိုက်ကြည့်မိတယ် ဒါပေမယ့် သူ့ချစ်သူနဲ့ချိန်းတွေ့တယ်လို့ တစ်ခါမှမတွေ့ခဲ့ဖူးဘူး'
'အင်း… ဟုတ်ပြီ… ဒါဆိုမခိုင်ခိုင်လွင်နေခဲ့တဲ့ အသုံးဆောင်ပစ္စည်းတွေနဲ့ သူ့အိပ်ခန်းကို ကျွန်တော်တို့လိုက်ကြည့်ချင်တယ်'
'ရပါတယ်ဆရာ… ကျွန်တော်တို့လိုက်ပြပါ့မယ်'

  သေဆုံးသူ ခိုင်ခိုင်လွင်၏ဖခင်ဖြစ်သူ ပြောဆိုချက်များဖြင့် ရဲချုပ်မောင်ဝင်းသည်လည်း တစ်စုံတစ်ခုသော သဲလွန်စရရှိရန်အတွက် ထိုသူတို့၏နေအိမ်ဆီသို့ လိုက်ပါသွားလေခဲ့သည်။ အသတ်ခံလိုက်ရသော မိန်းကလေး၏ အိပ်ခန်းအတွင်းသို့ ရဲချုပ်မောင်ဝင်းနှင့်အဖွဲ့ဟာ ဝင်ရောက်အကဲခတ်စေခဲ့ရင်း သေဆုံးသူခိုင်ခိုင်လွင်အသုံးပြုခဲ့သည့် ကွန်ပျူတာအား စစ်ဆေးခဲ့လေသည်။ ခေတ်နှင့်လျော်ညီစွာ မခိုင်ခိုင်လွင်တစ်ယောက် အသုံးပြုခဲ့သော ကျွန်ပျူတာလေးအား စစ်ဆေးပြီးခဲ့သည်နှင့် ရဲချုပ်မောင်ဝင်းမှာ တစ်စုံတစ်ခုသော သဲလွန်စ ရရှိသွားခဲ့လေတော့သည်။

                         ****
'သားလေး!… သား… သား… သားလေးဘယ်လိုဖြစ်ရတာလဲ ငါ့သားလေးဘယ်မှာလဲ'
'ဒေါက်တာ!… ကျွန်မသားလေးရဲ့အခြေနေ'
'စိတ်အေးအေးထားပါအစ်မကြီး လူနာသွေးထွက်အရမ်းလွန်နေတယ်… ကျွန်တော်တ်ို့လဲ အစွမ်းကုန်ကုသပေးနေပါတယ် အခုလောလောဆယ်တော့ ခွဲစိတ်ခန်းထဲမှာပဲ ရှိနေသေးတယ်… အစ်မကြီးတို့က လူနာရှင်နဲ့ ဘယ်လိုတော်ကြလဲ'
'ကျွန်မတို့သားလေးပါ… ဒေါက်တာ… သားလေးကိုစောင့်ရှောက်ပေးပါဦးဒေါက်တာရယ် ဖြစ်မှဖြစ်ရလေသားရယ်'
'မေကြီးစိတ်ကိုထိန်းပါဦး… သားဘာမှမဖြစ်လောက်ပါဘူး… မင်းစိတ်ကိုထိန်းပါ'

     လူမိုက်ဘတင်နှင့်အဖွဲ့ဟာ ထီးကလေးအား ဓားဖြင့်ထိုးသတ်စေရင်း ရပ်ကွက်အတွင်းရှိ လူများ၏ဆေးရုံပို့ဆောင်မှု့ဖြင့် ယခုအခါတွင်မူ အရေးပေါ်ခန်းဆီသို့ ရောက်ရှိလာခဲ့လေသည်။ အိပ်ကဒ်အတွင်းမှ လိပ်စာအရ မိဘများထံသို့အကြောင်းကြားစေခါ သူ၏မိဘများသည်လည်း စိုးရိမ်တကြီး ဆေးရုံဆီသို့ရောက်ရှိလာခဲ့ကြလေသည်။

   ဓားထိုးခံလိုက်ရသော ထီးကလေးမှာမူ သေရေးရှင်ရေးလွန်ဆွဲနေခဲ့ရပြီး အရေးပေါ်ခန်းရှိ ဆရာဝန်ကြီးများမှာလည်း အသက်ရှင်ရေးအတွက် ချွေးသီးချွေးပေါက်များကျစေခါ အစွမ်းကုန်ကြိုးစားနေခဲ့ရသည်။ ဓားဒဏ်ရာဟာ ချက်ကောင်းဆီသို့ ထိုးမိထားခဲ့ရင်း အသက်အန္တရယ်အလွန်ပင် စိုးရိမ်နေရသည်ဟု ထီးကလေး၏ဖခင်ဖြစ်သူထံသို့ ဆရာဝန်ကြီးများမှ မိခင်ဖြစ်သူ မသိရှိစေရန် တိတ်တဆိတ်အကြောင်းကြားခဲ့စေသည်။

   'ငါအိမ်ပြန်ရဦးမှာပဲ!… ဘာဖြစ်လို့ငါဒီကိုရောက်နေရတာလဲ ဒါဘယ်နေရာလဲ'
'အစ်ကို!… အစ်ကိုသတိရလာပြီလား… ညီမကိုခွင့်လွတ်ပါအစ်ကိုရယ် ညီမကြောင့် အစ်ကိုအခုလိုဖြစ်သွားရတာပါ… ညီမအနောက် အစ်ကိုသာမလိုက်လာခဲ့ရင် အခုလိုဖြစ်မှာမဟုတ်ပါဘူး ညီမကြောင့်ပါ'
'ဟင်!… မင်းရောက်နေတယ်… မင်းဘာတွေပြောနေတာလဲ ငါကရော အခုဘယ်ရောက်နေတာလဲ… ငါအိမ်ပြန်ရဦးမယ် ငါ့အမေနဲ့အဖေ ငါ့ကိုစိတ်ပူနေကြမှာသေချာတယ် ခိုင်!နောက်မှတွေ့မယ်နော်'
'အစ်ကို!…'

ကျွန်ုပ်အိပ်ပျော်သွားခြင်းလား။ ပြန်လည်နိုးထလာမိသည်နှင့် ပတ်ဝန်းကျင်ဆီသို့ လှည့်ပတ်အကဲခတ်မိသည်။ မြင်တွေ့လိုက်ရသည့်ပတ်ဝန်းကျင်ဟာ စိမ်းလန်းစိုပြေနေခဲ့ပြီး အလွန်ပင်လည်း သာသာယာယာရှိလှသည်။ ထိုတင်မက ကျွန်ုပ်၏နံဘေးနားတွင်လည်း ဝိဥာဉ်မလေးခိုင်ခိုင်လွင် ရောက်ရှိနေခဲ့သည်။ ဝမ်းနည်းစို့နစ်နေသော ငိုသံများရောနှောနေသည့် စကားသံများနှင့် စကားတစ်ချို့အားလည်း သူမပြောဆိုနေသေးသည်။

   သို့သော် သူမပြောဆိုသော စကားများကိုပင် ကျွန်ုပ်တစ်ယောက် နားမလည်နိုင်၊ အလင်းရောင်သည်လည်း မရှိတော့သည်ကြောင့် နေအိမ်တွင် ကျွန်ုပ်၏အိမ်အပြန်အား စောင့်စားနေခဲ့သော မိဘများထံသို့ အရောက်ပြန်ရန် ဦးတည်စေခဲ့သည်။ မောပန်းခြင်းများမရှိ။ နေအိမ်ဆီသို့အရောက်ပြန်ရန် ရွယ်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် နေအိမ်အရှေ့သို့ ရောက်ရှိလာခဲ့လေသည်။ ကျွန်ုပ်၏အနားတွင်လည်း ခိုင်ခိုင်လွင်တစ်ယောက် ကပ်လျက်လိုက်ပါလာခဲ့ချေသည်။

'ဟင်!… ဘာဖြစ်လို့ ငါတို့အိမ်ခြံတံခါးပိတ်ထားရတာလဲ အဖေနဲ့အမေဘယ်ရောက်သွားကြတာလဲ အဖေအမေ'

     ခြံတံခါးပိတ်ထားပြီး နေအိမ်တစ်ခုလုံး မည်းမှောင်နေခဲ့သည်ကြောင့် မျက်မှောင်ကြုတ်မိစေရင်း ထိုသို့အော်ခေါ်လေခါ နံဘေးနားတွင်ရှိနေသော ခိုင်ခိုင်လွင်အားလည်း တစ်ချက်လှည့်ကြည့်မိသည်။ သူမသည်လည်း ငြိုးငယ်လှစွာသော မျက်နှာထားလေးဖြင့် ဦးခေါင်းလေးငုတ်ခါ ကျွန်ုပ်၏အနားတွင်သာ ရှိနေလေခဲ့သည်။ ခြံတံခါးပိတ်ထားပြီး နေအိမ်တစ်ခုလုံး အမှောင်ချထားသည်ကြောင့် ခြံအတွင်းသို့ဝင်ရောက်ရန် အရှေ့သို့လှမ်းစေပြီး၊ ခြံတံခါးလေးအား ဖွင့်စေရန်ကိုင်လိုက်သည်နှင့် ခြံအတွင်းသို့ရောက်ရှိစေခဲ့သည်။

'ဟင်!… ဘယ်လိုဖြစ်ရတာလဲ'
အရှိန်လွန်သွားရင်း တံခါးဖွင့်စရာမလို ခြံအတွင်းသို့ရောက်ရှိသွားသည်ကိုပင် ကျွန်ုပ်တစ်ယောက် နားမလည်နိုင်ခဲ့ပေ။ နေအိမ်အတွင်းသို့လည်း လွယ်ကူစွာနှင့်ဝင်ရောက်လာနိုင်ရင်း အိမ်အတွင်း၌မူ မိဘများ၏အရိပ်ယောင်ကိုပင် မတွေ့ခဲ့ရချေ။ ခိုင်ခိုင်လွင်သည်လည်း ကျွန်ုပ်၏အနားတွင်သာရှိနေစေသေးသည်။

'ငါ!… ငါ့အဖေနဲ့အမေ ဘဟ်ရောက်သွားကြပါလိမ့်… အလုပ်ပြန်နောက်ကျနေလို့ အလုပ်ရုံကိုများလိုက်သွားကြလားမသိပါဘူး'
'အစ်ကို…'
'ဟင်!…'
'အစ်ကို…အစ်ကိုက'
'ခိုင်!… ညီမလေး ဘာပြောချင်လို့လဲ'
'အစ်ကိုက… အစ်ကိုက… ဓားထိုးခံလိုက်ရလို့ သေသွားပြီ'
'ဘာ!… ငါ… ငါကဓားထိုးခံရလို့… သေ… သေသွားပြီဟုတ်လား'
'မင်းဘာတွေလျောက်ပြောနေတာလဲ ငါဘာလို့သေရမှာလဲ မင်း!… မင်းလျောက်ပြောနေတာ'
'အစ်ကို… အစ်ကိုညီမနောက်လိုက်ခဲ့လို့ အစ်ကိုအခုလိုဖြစ်ရတာပါ… ညီမကိုကူညီပေးရင် အစ်ကိုအခုလိုဖြစ်ရတာ'
'မင်းဘာတွေပြောနေတာလဲ ငါနားမလည်ဘူး… ငါကရော ဘာလို့သေရမှာလဲ… အိုး… ငါမသေဘူး'

    သူမပြောဆိုလိုက်သော စကားများကြောင့် ကျွန်ုပ်တစ်ယောက်အလွန်ပင် တုန်လှုပ်သွားမိသည်။ ကျွန်ုပ်အား ဓားထိုးခံလိုက်ရပြီး သေဆုံးသွားခဲ့ပြီဟုဆိုသည်။ သူမပြောဆ်ုသော စကားများကိုပင် ဆက်လက်နားထောင်မနေတော့ပဲ ခြံအပြင်သို့ ထွက်စေခါ ကျွန်ုပ်၏မိဘများ အဘယ်သို့သွားကြသနည်းဟု ပတ်ဝန်ကျင်နေအိမ်များဆီသို့ မေးမြန်းရန်ရည်ရွယ်စေခဲ့သည်။

       အချိန်ဟာ ည(၉)နာရီခန့်ရှိနေပြီဖြစ်ပြီး ကျွန်ုပ်၏အိမ်နီးချင်းဖြစ်သော အမေ၏သူငယ်ချင်းဖြစ်သူ ဒေါ်ဥမ္မာတစ်ယောက် သူ၏ခြံတွင်းမှ ထွက်လာသည်ကိုပင် မြင်တွေ့လိုက်ရသည်ကြောင့် သူမအနားသို့ အပြေးသွားရောက်ခဲ့သည်။ အမေနှင့်အဖေ အဘယ်သို့သွားသနည်းဟု မေးမြန်းစေရန် အလောတကြီးလှမ်းသွားစေခဲ့ရင်း အနားသို့အရောက် ထိုသို့မေးမြန်းစေခဲ့သည်။

'အန်တီ!… ကျွန်တော့်အဖေနဲ့အမေ ဘယ်သွားကြလဲဟင်… အန်တီ့ကိုသူတို့ ဘာမှာသွားကြသေးလဲ'
'အန်တီ!… အန်တီ'

  အဘယ့်ကြောင့်နည်း။ ဒေါ်ဥမ္မာမှာကျွန်ုပ်အား အဖတ်မလုပ်၊ ကျွန်ုပ်ပြောဆိုလိုက်သော စကားများအားလည်း သူတစ်ယောက်မကြားသလိုပြုမူရင်း ခြံအတွင်းသို့ပြန်လည်ဝင်ရောက်သွားခဲ့သည်။ တရိုတသေမေးမြန်းခဲ့သော ကျွန်ုပ်၏အမေးများအား ဒေါ်ဥမ္မာတစ်ယောက် ဥပေက္ခာပြု ပြန်လည်ဖြေကြားခြင်း မရှိသည့်အတွက် သူမအားကျွန်ုပ်စိတ်ဆိုးမိသည်။ သို့သော်လည်း သက်ပြင်းသာလျင်ချမိစေခါ လက်လျော့လိုက်မိ၏။

'အစ်ကို…'
'မင်း!… မင်းဘာဖြစ်လို့ ငါ့နောက်တစ်ကောက်ကောက် လိုက်နေရတာလဲ မင်းအမှု့ကို ငါကူညီပေးမယ်လို့ပြောပြီသားပဲလေ… အခု… ငါ့မိဘတွေကိုရှာရဦးမယ် မင်းလွတ်ရာကို ခဏသွားနေပါလား'
'အစ်ကို!.'
'ဟာ…'
'အစ်ကို… ညီမပြောတာကို ခဏလေးနားထောင်ပေးပြီး အစ်ကိုစဉ်းစားကြည့်ပါဦး'
'ဟင်… ဟာ… နေပါဦး နောက်မှမေး… ဟုတ်ပြီလား'

  ကျွန်ုပ်သွားမည့်လမ်းအား ဝိဥာဉ်မလေးခိုင်ခိုင်လွင်တစ်ယောက် တားစီးနေခဲ့သည်ကြောင့် သူမအား စကားများစွာပြန်လည်ပြောဆိုစေရင်း၊ ကျွန်ုပ်၏နေအိမ်ဆီသို့ ကိုမောင်ဝင်းတစ်ယောက် လှမ်းလာနေခဲ့သည်အား မြင်တွေ့လိုက်ရသည်။ ထို့ကြောင့် နံဘေးနားတွင်ရှိနေသော သူမအား ဝမ်းသာအားရဖြစ်ခါ ထိုသို့လှမ်းအော်ပြောမိလေသေးသည်။

'ဟေ့!… ခိုင်… ညီမလေး မင်းကိုကူညီပေးမယ့် အစ်ကို့မိတ်ဆွေရဲအရာရှိကြီး ရောက်လာပြီ'
'ကိုမောင်ဝင်း… ကျုပ်ခင်ဗျားကိုမျှော်နေတာဗျ… လုပ်ပါဦးဗျာ မတရားအသတ်ခံရပြီး သေသွားတဲ့မိန်းကလေးတစ်ယောက် ကျုပ်ဆီမှာအကူညီလာတောင်းနေတယ်ဗျ…  အဲ့ဒါခင်ဗျားကို မနက်ကကျုပ်လာရှာသေးတယ်'
'ကိုမောင်ဝင်း… ကိုမောင်ဝင်း'
'ဟေ့ကိုမောင်ဝင်း ကျုပ်ပြောနေတာကြားလား ဟေ့လူ…ဟာဗျာ'

   မိတ်ဆွေဖြစ်သူကိုမောင်ဝင်းတစ်ယောက် ကျွန်ုပ်၏နေအိမ်ရှေ့သို့ ရောက်ရှိလာခါ မောင်းနှင်လာသော မော်တယ်ဆိုင်ကယ်ရပ်တန့်လိုက်သည်နှင့် သူ့အားကျွန်ုပ်တစ်ယောက် တရတ်ဆတ်ဆိုသလို စကားများစွာ အားပါးတရပြောဆိုလိုက်သည်။ သို့သော် ကိုမောင်ဝင်းမှာမူ ကျွန်ုပ်အား ဂရုမစိုက်သကဲ့သို့ ပြုမူစေခဲ့ရင်း ခြံတံခါးပိတ်ထားသည့် ကျွနိုပ်၏နေအိမ်အတွင်းသို့သာ မျှော်ငေးကြည့်ရှု့နေခဲ့သည်။

   သူ၏နံဘေးနားတွင် ကျွန်ုပ်လိုက်လံခေါ်ဆိုနေခဲ့သော်လည်း ကျွန်ုပ်၏အသံများ သူတစ်ယောက်မကြားနိုင်သည်လား ဘေးပတ်ဝန်းကျင်သို့ အကဲခတ်နေရင်း ဒေါ်ဥမ္မာတစ်ယောက် ကိုမောင်ဝင်းရှိရာဆီသို့ ခပ်သုတ်သုတ်လျောက်လှမ်းလာလေသည်။ ထို့နောက် ကျွန်ုပ်နားမလည်နိုင်သော စကားများနှင့်လည်း ကိုမောင်ဝင်းအား ထိုသို့ပြောဆိုလိုက်သေးသည်။

'ဒီက'
'ကျွန်တော်ကိုထီးလေးရဲ့ မိတ်ဆွေပါ… သူတို့ဘယ်သွားကြလဲမသိဘူး'
'သြော်!… ထီးလေး ရန်ကင်းဘက်မှာ ဓားထိုးခံလိုက်ရလို့ သူ့မိဘတွေလဲ ဆေးရုံလိုက်သွားကြတယ်'
'ဗျာ… ထီး… ထီးလေးဓားထိုးခံရလို့ ဟုတ်…ဟုတ်လားအစ်မကြီး'
'ဟုတ်တယ်…'
'ဟာဗျာ… ဘယ်လိုဖြစ်ရတာလဲ… အခုရော… အခုဘယ်မှာလဲ ဘယ်ဆေးရုံမှာလဲဟင်'
'(……)အပိုင်ဆေးရုံမှာပါ'
'ကျေးဇူးပါပဲ ဒါဆိုကျွန်တော်လိုက်သွားလိုက်ဦးမယ်'
'ကိုမောင်ဝင်း!"
   
       ဒေါ်ဥမ္မာတစ်ယောက် ကိုမောင်ဝင်းအား မည်သည့်စကားများပြောဆိုလိုက်သနည်း။ ထိုသူနှစ်ဦးဘေးတွင် ကျွန်ုပ်ရှိနေပါလျက်နှင့် ကျွန်ုပ်တစ်ယောက်ဓားထိုးခံရပြီး ဆေးရုံရောက်နေခဲ့သည်ဟု ပြောဆိုနေကြသည်။ ကိုမောင်ဝင်းသည်လည်း ဒေါ်ဥမ္မာ၏ပြောစကားများကြောင့် စိုးရိမ်တကြီးဆိုင်ကယ်မောင်းနှင် ထွက်ခွာသွားခဲ့လေသည်။
'ဘာ!. ဘာတွေလဲ ဘာတွေဖြစ်နေကြတာလဲ ငါဘာဖြစ်လို့ ဓားထိုးခံရမှာလဲ ငါဒီမှာရှိနေတယ်လေ… ဘာဖြစ်လို့ငါ့ကို လူတွေအားလုံး ဥပေက္ခာပြုနေရတာလဲ ဘာတွေလဲကွာ'
'အစ်ကို!… အစ်ကိုက… ညီမနောက်ကိုလိုက်လာရင်း အပြန်လမ်းမှာ ဓားထိုးခံလိုက်ရတယ် အစ်ကိုပြန်စဉ်းစားကြည့်ပါဦး'
'ဟင်!… ငါက…ငါက'

   ရှုံ့မဲ့နေသော မျက်နှာထားဖြင့် ထိုသူများအား နားမလည်နိုင်သော အတွေများကြောင့် ကျွန်ုပ်သည်လည်း ထိုကဲ့သို့ အော်ဟစ်ပြောဆိုလိုက်မိသည်။ ထိုအခါ ခိုင်ခိုင်လွင်မှာ ကျွနိုပ်၏နံဘေးသို့ ရောက်ရှိလာခါ ထိုသို့ပြောဆိုလေခဲ့သည်။ သူမ၏စကားများကြောင့် ကျွန်ုပ်သည်လည်း ရှုတ်ထွေးနေခဲ့သော ဦးနှောက်ထဲမှ နောက်ကြောင်းများ တစ်စတစ်စ ပြန်လည်တွေးတောလာခဲ့မိသည်။

   'ဟင်!… ဘတင်… ဘတင်ငါ့ကိုဓားနဲ့ထိုးခဲ့တာပဲ… ဒါဆို…ဒါဆိုငါ'
'ဟုတ်တယ်အစ်ကို… ညီမကိုခွင့်လွတ်ပါ… ညီမကိုအကူညီပေးရင်း အစ်ကိုအခုလိုဖြစ်သွားရတာ… ညီမကြောင့်ပါအစ်ကိုရယ် ညီမကြောင့်ပါ'
  'မဟုတ်ဘူး… မဟုတ်ဘူး… ငါ… ငါသေသွားလို့မဖြစ်သေးဘူး… ငါ…ငါမင်းကိုကူညီရဦးမယ် ငါ့သူငယ်ချင်းတွေကိုလဲ ငါနားလည်အောင် စည်းရုံးရဦးမယ် ငါသေလို့မဖြစ်ဘူး ညီမလေး ကိုယ့်ကိုကိုယ်အပြစ်တင်မနေပါနဲ့ မင်းကြောင့်ဖြစ်ရတာမဟုတ်ဘူး… ဒါဆို… အစ်ကိုကသေသွားပြီလား ဟမ်!…ညီမလေး အစ်ကိုသေသွားပြီလား''
  'အစ်ကို!… အစ်ကိုသေသွားပြီး'
'ဟင်!… ငါ… ငါ့မိဘတွေဘယ်မှာလဲ ငါ့အလောင်းကရော ဘယ်မှာလဲ… ငါတွေ့ချင်တယ်… ညီမလေးမင်းသိရင် အစ်ကိုကိုပြောပါဦး'
'အစ်ကို့မိဘတွေနဲ့ အစ်ကို့အလောင်း(……)ဆေးရုံမှာရှိပါတယ် ညီမတို့သွားကြတာပေါ့'

    မည်သို့ပင်ဆိုရမည်နည်း။ အတိတ်အား ပြန်လည်တမ်းတမိချိန်၌ ကျွန်ုပ်ဟာ လူမိုက်ဘတင်၏လက်ချက်နှင့် ဓားထိုးခံလိုက်ရပြီး သေဆုံးသွားခဲ့ရကြောင်း သိရှိလိုက်ရသည်။ လွန်စွာလည်း တုန်လှုပ်သွားမိသည်။ လွန်စွာအံ့သြသွားမိရင်း မိမိကိုယ်ကိုလဲ သေဆုံးနေခဲ့ကြောင်း လက်မခံနိုင်ခဲ့ချေ။ ထို့ကြောင့် ကျွနိုပ်၏အလောင်းရှိနေသေးသော ဆေးရုံဆီသို့ ခိုင်ခိုင်လွင်နှင့်အတူ ဦးတည်လေခဲ့စေသည်။

                            ********
'အစ်မကြီး… အစ်မကြီး'
'ကိုမောင်ဝင်း'
'အစ်မကြီး… ကိုထီးလေး… ကိုထီးလေးဘယ်လိုဖြစ်ရတာလဲ'
'သားလေး… သားလေးဘယ်လိုဖြစ်ရတာလဲ မသိပါဘူး အလုပ်ပြန်နောက်ကျနေလို့ အလုပ်ကိုဖုန်းဆက်နေတုန်း သားလေးဓားထိုးခံရပြီး ဆေးရုံရောက်နေတယ်လို့ သိလိုက်ရတာပဲ'
'ဘယ်လိုဖြစ်ရတာလဲဗျာ… ဘယ်လိုလူတွေက အခုလိုရက်ရက်စက်စက်လုပ်လိုက်ကြတာလဲ… ဆရာဝန်တွေကရော ဘာပြောလဲအစ်မကြီး'
'သားလေး… အသက်ရှင်ဖို့ ၁၀ရာခိုင်နှုန်းလောက်ပဲရှိတော့တယ်တဲ့… အခုခွဲစိတ်ခန်းထဲမှာ ကိုမောင်ဝင်းရယ် သားလေးကိုမကယ်နိုင်တော့ဘူးလားဟင်'
'အစ်မကြီး စိတ်အေးအေးထားပါ… ကိုထီးလေးက လူကောင်းတစ်ယောက် သူ့ကိုနတ်ကောင်းနတ်မြတ်တွေက ပစ်မထားပါဘူး… အားတင်းထားပါဦးအစ်မကြီးရယ်'
   'ဖြစ်မှဖြစ်ရလေဗျာ… ကျွန်တော့သားလေးမှာ ရန်ငြိုးရန်စဆိုလို့ ဘယ်သူနဲ့မှမရှိခဲ့ပ်ါဘူး ကိုမောင်ဝင်းအသိဆုံးဖြစ်မှာပါ'
'ကျွန်တော်သိပါတယ် အဲ့ဒီတရားခံတွေကို ကျွန်တော်ကိုယ်တိုင်ဖော်ထုတ်မယ် ကျုပ်မိတ်ဆွေတစ်ခုခုဖြစ်လို့ကတော့ မလွယ်ဘူးသာမှတ်'

  မိတ်ဆွေဖြစ်သူ ရဲချုပ်မောင်ဝင်းသည်လည်း တာဝန်ချိန်ပြီးသည်နှင့် သေဆုံးသူခိုင်ခိုင်လွင်၏ အမှု့အကြောင်းပြောဆိုရန်အတွက် ထီးကလေး၏နေအိမ်ဆီသို့ အလည်ပတ်ရောက်ရှိလာခဲ့၏။ သို့သော် ထီးကလေးမှာမူ ဓားထိုးခံလိုက်ရပြီး ဆေးရုံဆီသို့ရောက်ရှိနေခဲ့သည်ဟု သိရှိလိုက်ရသည့်အတွက် စိုးရိပ်တကြီးဆေးရုံဆီ သို့ရောက်ရှိလာခဲ့လေသည်။ ကောင်ဒါမှနေကာ အဆင့်ဆင့်မေးမြန်းလာခဲ့ရင်း ထီးကလေးတစ်ယောက်ရှိနေခဲ့သော ခွဲစိတ်ခန်းအရှေ့သို့ ရောက်ရှိလာခဲ့လေသည်။ မိဘများနှင့်ဆုံတွေ့လေခါ ဝမ်းနည်းတကြီး စကားများစွာပြောဆိုနေခဲ့သည့်အချိန်၌ ခွဲစိတ်ဆရာဝန်ကြီးတစ်ဦး ခွဲစိတ်ခန်းအတွင်းမှ ဖြေးညင်းစွာ ထွက်ခွာလာခါ ထိုသို့ပြောဆိုလေခဲ့သည်။

''ဒေါက်တာ… ဒေါက်တာ''
'ကျွန်တော်တို့လဲ အစွမ်းကုန်ကြိုးစားထားပါတယ် လူနာရဲ့အခြေနေက အရမ်းကိုစိုးရိမ်ရတယ် အခုလောလောဆယ်တော့ သတိမရသေးဘူး… သူ့ကိုစောင့်ကြည့်နေဖို့ လိုအပ်ပါလိမ့်မယ် တစ်ပတ်အတောအတွင်း လူနာသတိမလည်လာဘူးဆိုရင်တော့… ကျွန်တော်တို့လည်း မတတ်နိုင်တော့ပါဘူး'
'ရှင်!…'

'အမေ… အဖေ… ကိုမောင်ဝင်း ကျုပ်ဒီမှာလေ… အဖေ… သား… သားဒီမှာလေ'
'အစ်ကို… သူတို့မကြားနိုင်တော့ဘူး'
'အမေ… ဟာဗျာ… သားသေသွားပြီတဲ့ အမေ…အဖေ'

   ဝိဥာဉ်မလေး ခိုင်ခိုင်လွင်၏ လမ်းပြခေါ်ဆောင်မှု့နှင့် ထီးကလေးသည်လည်း ဆေးရုံဆီသို့ရောက်ရှိလာခဲ့လေသည်။ ဆေးရုံအတွင်း၌ မိဘနှစ်ပါးနှင့်အတူ မိတ်ဆွေဖြစ်သူ ရဲချုပ်မောင်ဝင်းအား တွေ့ရှိလိုက်ရသည်။ သူတစ်ယောက် စကားများစွာလည်း ပြောဆိုလေသေး၏။ သို့သော်လည်း သူ၏စကားများ မိဘဖြစ်သူများနှင့် မိတ်ဆွေကိုမောင်ဝင်းမကြားနိုင်ခဲ့ချေ။ တကယ်ပင်လျင် ခိုင်ခိုင်လွင်ပြောသည့်အတိုင်း မိမိသေဆုံးသွားခဲ့ရသည်မှာ သေချာသွားလေခဲ့သည်။ ယူကြုံးမရစွာနှင့် ငိုကြွေးမိရင်း ခြေပစ်လက်ပစ်သာလျင် ထချလိုက်လေတော့သည်။

'အစ်ကို… အခုချိန်မှာ အစ်ကိုဘယ်လောက်ထိ ခံစားနေရလိမ့်မယ်ဆိုတာ ခိုင်ကိုယ်ချင်းစာပါတယ်… ခိုင်လဲအစ်ကိုလို ခံစားခဲ့ဘူးတယ်… အစ်ကိုရယ် ညီမတို့က ဘဝခြားသွားနေကြပြီပဲ နောက်ဘဝကူးကောင်းဖို့ သူတို့အားလုံးကိုတိုက်တွန်းခိုင်းကြတာပေါ့'
'ငါ… ငါမယုံနိုင်ဘူး… ငါသေသွားရင် မင်းကိုဘယ်လိုကူညီမလဲ… ငါ့သူငယ်ချင်းတွေကိုလည်း ငါနားလည်အောင်မရှင်းပြနိုင်ခဲ့သေးဘူး ငါမသေချင်သေးဘူးဟာ!'

  အိပ်မက်သာလျင်ဖြစ်ပါစေဟု ဆုတောင်းလိုက်မိသည်။ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရရင်း ဝမ်းနည်းကြီးစွာလည်း ငိုကြွေးနေမိ၌ အလင်းရောင်များ စတင်ပေါ်ထွက်လာခဲ့လေသည်။ အလင်းရောင်များထွက်ပေါ်လာသည်နှင့် ညခင်းမှရှိနေခဲ့သော ဆေးရုံအတွင်း၌မဟုတ်စေဘဲ ရထားဘူတာရုံနံဘေးသို့ ရောက်ရှိနေခဲ့ရသည်။ နံဘေးတွင်လည်း ခိုင်ခိုင်လွင်တစ်ယောက် ကျွန်ုပ်နှင့်အတူရှိနေခဲ့လေ၏။

'ခိုင်… အ…အစ်ကိုတို့ဘယ်ရောက်နေကြတာလဲ'
'မိုးလင်းနေပြီလေအစ်ကိုရဲ့… ဘူတာရုံဘေးရောက်နေကြတာ'
'ဘယ်လို… မိုးလင်းနေပြီဟုတ်လား ည…ညက အစ်ကိုတို့မအိပ်လိုက်ရဘူးလား ဒါမှမဟုတ် အစ်ကိုပဲ အိပ်ပျော်သွားတာလား'
'အင်း… ခိုင်တို့လို ဝိဥာဉ်တွေမှာ မိုးလင်းမိုးချုပ် အိပ်စက်ခြင်း ဆာလောင်မွတ်သိပ်ခြင်းမရှိဘူးအစ်ကိုရဲ့ ခိုင်လည်းအရင်တုန်းက အစ်ကိုလိုပဲဖြစ်ခဲ့ဘူးပါတယ် နောက်တော့ ကိုယ့်ဘဝနဲ့ကိုယ်အခြေနေကို အလိုလိုနားလည်လာခဲ့တယ်… ညီမတို့တစ်ခြားဘဝ မကူးနိုင်မခြင်း အခုလိုဘဝမျိုးကြီးနဲ့ နေရဦးမှာ… လူ့ဘဝတုန်းက လူသားတွေရဲ့ ဂရုစိုက်ခြင်း လေးစားမှု့တွေ ဘဟ်လောက်ပဲရခဲ့ပါစေ… အခုလိုဘဝမကူးနိုင်သေးတဲ့ အခြေနေမျိုးမှာတော့ လူသားတွေရဲ့ ဥပေက္ခာပြုမှုတွေ တောက်လျောက်ကြုံတွေ့နေရဦးမယ်အစ်ကို'
'တကယ်ပါပဲလား… ငါတကယ်ပဲ သေသွားခဲ့ပြီနော်'
'စိတ်မကောင်းမဖြစ်ပါနဲ့အစ်ကိုရယ်… ညီမကိုယ်ချင်းစာပါတယ်'

      ခိုင်တစ်ယောက်ရှင်းလင်းပြောပြချက်များ ကျွန်ုပ်တစ်ယောက်နားစိုက်ထောင်မိရင်း အလိုလိုသာလျင် ဝမ်းနည်းလာခဲ့ပြန်သည်။ အရှေ့စူးစူးသို့ မျှော်ငေးနေလျက် ကျွန်ုပ်နှင့်ခိုင်လွင်ရှိနေခဲ့သော နေရာဆီသို့ စုံတွဲနှစ်ယောက် အပြေးလှမ်းလာဟန်တူသည်။ အကြည့်များဟာလည်း ကျွန်ုပ်၏ပြင်နှာပြင်ဆီသို့ အာရုံစူးစိုက်နေသော အကြည့်များနှင့်ပင်ဖြစ်သည်။ ကျွန်ုပ်သည်လည်း ထိုသူတို့ဟာ မိမိတို့သွားလိုရာခရီးဆီသို့ ဦးတည်သွားနေခဲ့ရင်း ဝိဥာဉ်ဖြစ်သော ကျွန်ုပ်နှင့် အကြည့်များ ဆုံဆည်းမိသည်ဟု ထင်မှတ်ခဲ့သည်။ သို့သော်မဟုတ် စုံတွဲနှစ်ဦးမှာလည်း မြန်မာနိုင်ငံသား မြန်မာလူမျိုးများပင်မဟုတ်၊ အနောက်နိုင်ငံသား စုံတွဲနှစ်ဦးပင်ဖြစ်လေခါ ကျွန်ုပ်ဆီသို့တည့်မတ်စွာ ရောက်ရှိလာခဲ့ပြီး အင်္ဂလိပ်ဘာသာစကာနှင့် ဦးစွာနှုတ်ဆတ်လိုက်လေသည်။

'Hi'
'ဟင်…'

ပြုံးရွှင်စွာဖြင့် ကျွန်ုပ်အား ထိုသို့နှုတ်ဆတ်လိုက်သည်ကြောင့် ကျွန်ုပ်၏အနောက်ဆီသို့ လှည့်ကြည့်မိလိုက်သည်။ ကျွနိုပ်၏အနောက်တွင် ရှိနေခဲ့သော ထိုသူတို့၏မိတ်ဆွေကိုပင်လျင် နှုတ်ဆတ်လိုက်ခြင်းလား။ သ်ု့သော်လည်း ကျွန်ုပ်၏အနောက်တွင်မူ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ပဲ ကျွန်ုပ်သာလျင်ရှိနေခဲ့သည်။ ဤသို့ဆိုလျင် ထိုနိုင်ငံခြားသား စုံတွဲမှာ ကျွန်ုပ်အားမြင်တွေ့နေရလေသလား။ ထို့ကြောင့် ရင်းနှီးလှစွာသော အမူယာများနှင့် နှုတ်ဆတ်လေခဲ့သလား၊ ဝေခွဲမရပဲ မျက်မှောင်ကြုတ်စေရင်း ထိုသို့မေးမြန်းစေမိသည်။

'ဘယ်သူ့ကိုနှုတ်ဆတ်တာလဲဗျ… ခင်ဗျားတို့က ကျုပ်ကိုမြင်ရလို့လား'
'I'm sorry, We are American … we are coming to pick you up. Can you hlep me.'
'ဟင်… ခင်ဗျားဘာတွေပြောနေတာလဲ ခိုင်…သူ… သူတို့က ညီမလေးအသိတွေလား'
'ရှင်… မ…မဟုတ်ဘူးအစ်ကို… သူတို့ကိုကြည့်ရတာ… အနံ့သတ်ကလဲ ညီမတို့လို ဝိဥာဉ်အနံ့ရတယ်… ညီမတို့လိုဝိဥာဉ်တွေပဲ ဖြစ်လိမ့်မယ်ထင်တယ်အစ်ကို'
'ဟင်!…'
'What are you two talking about?'

ဝိဥာဉ်သက်တမ်းဘဝနှင့် ရက်ပေါင်းများစွာနေထိုင်နေခဲ့ရသော ခိုင်ခိုင်လွင်၏ ပြောစကားများကြောင့် ကျွန်ုပ်သည်လည်း ထိုသူနှစ်ဦးအား အံ့သြတကြီး စူးစိုက်ကြည့်မိသည်။ မျက်မှောင်ကြူတ် စူးစိုက်ကြည့်လိုက်သော ကျွန်ုပ်အားလည်း ထိုသူနှစ်ဦးမှာ ခပ်ပြုံးပြုံးအမူယာများနှင့် ပြန်လည်တုန့်ပြန်နေခဲ့သည်။ ကျွန်ုပ်ဟာ မြန်မာနိုင်ငံသား မြန်မာလူမျိုးပင်ဖြစ်သည်ကြောင့် ထိုသူပြောဆိုလိုက်သော ဘာသာစကားအား ကျွန်ုပ်နားမလည်နိုင်ခဲ့ချေ။ ထိုသူပြောဆိုလိုက်သည်က အင်္ဂလိပ်ဘာသာစကားဟု ကျွန်ုပ်သိနေသော်လည်း အဓိပ္ပာယ်အားဖြင့် ရှင်းလင်းစွာမသိနိုင်ခဲ့ချေ။

  ထိုသူတို့၏ပုံစံမှာလည်း ကျွန်ုပ်တစ်ယောက်ပြောဆိုလိုက်သော စကားများအား နားမလည်နိုင်သည်မှာ အသေချာပင်ဖြစ်လိမ့်မည်။ သို့သော်လည်း စူးစိုက်ကြည့်နေမိရင်း မြန်မာဘာသာစကားဖြင့် ထပ်မံမေးမိလိုက်ပြန်သည်။

'ခင်ဗျားတို့က ဘယ်ကလဲ'
'What this says my friend, we don't understand what your saying. Please speak English.'
'ဟင်!… ခိုင်… သူ…သူဘာပြောတာလဲ'

  ကျွန်ုပ်ပြောဆိုစကားများ ထိုသူများနားမလည်နိုင်သကဲ့သို့ ထိုသူများပြောဆိုသော စကားများသည်လည်း ကျွန်ုပ်တစ်ယောက် ကောင်းစွာနားမလည်နိုင်ခဲ့ချေ။ ထို့ကြောင့် နံဘေးနားတွင်ရှိနေသော ခိုင်ခိုင်လွင်အား အားကိုးတကြီးမေးမြန်းမိသည်။ သူမသည်လည်း ကောင်းစွာနားမလည်နိုင်သော အမူယာများလေးဖြင့် ကျွန်ုပ်အားဦးခေါင်းလေးသာ အသာခါရမ်းပြလိုက်သည်။

'Can you help me.We are looking for you.Please help me.
'ဟမ်!… ကျုပ်… ကျုပ်ခင်ဗျားတို့ပြောတာ နားမလည်ဘူးဗျ… ကျုပ်မှာလုပ်စရာလေးတွေရှိသေးလို့ သွားခွင့်ပြုဦး'
'ခဏလေးပါ… ခဏလေးပါ ကျွန်တော်တို့ပြောတာ ခဏလေးနားထောင်ပေးပါသူငယ်ချင်း'
 'ဟာ!… ခတ်တာပဲဗျာ… ခင်ဗျားကဘာပြောမှန်းမသိဘူး ကျုပ်ပြောတာကိုလည်း ခင်ဗျားတို့နားမလည်နိုင်ဘူး… ဒီတော့ ကျုပ်တို့ကိုမနောက်ယှက်ပါနဲ့တော့ သွားပါရစေခွင့်ပြုဦး'
'ဟေ့… ဟေ့'

    ကိုယ့်အပူနှင့်ကိုယ်ဖြစ်နေခဲ့သည်။ ကျွန်ူပ်သည်လည်း ဝိဥာဉ်ဘဝသို့ ရောက်ရှိနေခဲ့ခါ လွန်စွာစိတ်ထိခိုက်နေခဲ့ရပြီး ထိုသူများပြောဆိုသော စကားများကိုပင် ကျွန်ုပ်အား နောက်ယှက်နေခဲ့ခြင်းဟုသာ ထင်မြင်မိစေသည်။ သို့နှင့် ထိုသူများနှင့် အပြန်အလှန်ပြောဆိုခြင်းများ ပြုလုပ်မနေတော့ပဲ ဦးတည်ရာဆီသို့ ထွက်ခွာရန် လှမ်းရွယ်လိုက်စေသည်။ သို့သော်လည်း ထိုသူတို့မှာ ကျွနိုပ်နှင့်ခိုင်ခိုင်လွင် ထွက်ခွာမည့်နေရာဆီသို့ အတူတကွ လိုက်ပါလာမည့်ဟန်ပေါ်နေခဲ့သည်။

      'ခင်ဗျားတို့ဘာလုပ်မလို့လဲ… ဘာဖြစ်လို့ ကျုပ်တို့နောက်ကို လိုက်နေရတာလဲ… ခင်ဗျားတို့ကိုယ့်လမ်းကိုယ်သွားကြပါ'
'Help Me'
'ဟင်… help me… help meဆိုတာ… မင်းတို့ငါ့ကိုကူညီခိုင်းနေတာလား… ငါလဲဒုက္ခရောက်နေတာ တခြားကိုသွားပြီး အကူညီသွားတောင်းလိုက်ပါနော် ငါတို့နောက်ကိုဆက်လိုက်မလာပါနဲ့'

    အပြန်အလှန်စကားများ ပြောဆိုခြင်းပြုမနေတော့ပဲ လိုရာဆီသို့ လှမ်းနေသည့်အချိန်၌ နိုင်ငံခြားသား ထိုစုံတွဲနှစ်ဦးမှာလည်း ထပ်ကြပ်မကွာ ကျွန်ုပ်တို့၏အနောက်တွင် လိုက်ပါလာလေခဲ့သည်။ အင်္ဂလိပ်ဘာသာစကားဖြစ်သည့် help meဟူသော ဝေါဟာရကိုပင်လျင် ကျွန်ုပ်တစ်ယောက် နားလည်နိုင်သည့်အတွက် အကူညီတစ်ခုခုတောင်းဆိုနေခဲ့ခြင်းဟု သဘောပေါက်စေသည်။ သို့သော်လည်း ယခုကဲ့သို့အခြေနေမျိုး၌ ကျွန်ုပ်ဟာ ထိုသူများအား မည်သို့မှပင် အကူညီပေးနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဘုစပ်စပ်ပြောဆိုခါ လှည့်ထွက်မည်အလုပ် နိုင်ငံခြားသား ဝိဥာဉ်စုံတွဲနှစ်ဦးထံမှ မြန်မာဘာသာစကားအား မပီသစွာပြောဆိုလိုက်သော စကားသံတစ်ချို့ကြားလိုက်ရချေသည်။

'ငါ့တို့ကိုအကူညီပေးပါ… ငါတို့ဟာ မတရားအသတ်ခံရပြီး သေသွားခဲ့ရတာပါ… ငါတို့ကြောင့် အပြစ်မဲ့တဲ့ မြန်မာနိုင်ငံသားတွေ အသက်စတေးရတော့မယ်'
'ဟင်!…''

    ဝဲရှရှအသံ၊ ထိုစကားဖြစ်သော မြန်မာဝါကျကိုပင် ထိုနိုင်ငံခြားသား အလွတ်ကျက်မှတ်ထားဟန်တူသည်။ ဂရုမစိုက်စွာနှင့် လှည့်ထွက်သွားခဲ့သော ကျွန်ုပ်အား မပီသသောမြန်မာစကားသံနှင့် အနောက်မှကျန်ရစ်နေခဲ့ရင်း လှမ်းအော်ပြောဆိုလိုက်ချေသည်။ ထိုစကားများကြောင့် အရှေ့သို့လှမ်းနေခဲ့သော ကျွန်ုပ်၏ခြေလှမ်းများသည်လည်း တုန့်ခနဲ့ရပ်တန့်သွားလေခါ ထိုသူများအား လည်ပြန်ခါလှည့်ကြည့်မိလေတော့သည်။

                            *********
*လူမိုက်များ၏ လက်ချက်ဖြင့် ဓားထိုးခံလိုက်ရပြီး ယခုအခါ ဆရာဝန်များမှ လက်လျော့လိုက်ရတော့မည့် အခြေနေသို့ ရောက်ရှိနေခဲ့ရသော ထီးကလေးတစ်ယောက် သေဆုံးသွားတော့မည်လား။

*သူတစ်ယောက် သေဆုံးသွားလျင် မည်သည့်အကြောင်းအရာများ ဆက်လက်ဖြစ်လာဦးမည်နည်း။

* ဒုက္ခတဘဝသို့ ရောက်ရှိနေကြသော လူငယ်များသည်လည်း လူကောင်းအတိုင်း ပြန်လည်ဖြစ်လာနိုင်မည်လား။ တကွဲတပြားစီဖြစ်နေကြသော ထိုသူတို့သည်လည်း အဘယ်ချိန်၌ ပြန်လည်ပေါင်းစည်းကြမည်နည်း။

*အင်္ဂလိပ်ဘာသာစကားနှင့် လာရောက်ပြောဆိုနေခဲ့သော နိုင်ငံခြားသား စုံတွဲနှစ်ဦးဟာလည်း မည်သူများဖြစ်နေသနည်း။ အလွတ်ကျက်မှတ်ထားသော မြန်မာဝါကျဟာလည်း မည်သည့်အကြောင်းအရာပင် ဖြစ်နေသနည်း။

 …… အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၄)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်

ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
     ၇.၈.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
           ဆက်လက်ဖော်ပြပေးသွားပါမည်။
               စာရေးသူ-ထီးကလေး
            ရင်နှင့်ရင်း၍ရေးသားသည်။
           More stories/ Other stories
   htttp://hteekalayblog.blogspot.com/




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages