အဝေးပြေးကားပေါ်မှာ ပါလာတယ်…
ဖြစ်ရပ်မှန်
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
*******
(ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်သည်။ ကိုယ်တွေ့ဖြစ်ရပ်မှန်တစ်ခုဖြစ်ပြီး ညစဉ်တိုင်းတွေးမိလျင် အိပ်မပျော်နိုင်အောင်ဖြစ်ခဲ့ရသည်။ ယခုရေးသားနေစဉ် ကာလအတောတွင်းတွင်လည်း နောက်ကျောမလုံစွာနှင့် ရေးသားခဲ့ရသည်။ အလွန်ပင်အံ့သြစရာလည်း ကောင်းလွန်းသည်။ ကိုယ်တွေ့ဖြစ်၍သာ ကျွန်ုပ်အနေနှင့် ထိုဖြစ်ရပ်အား လက်ခံယုံကြည်စွာနှင့် ယုံကြည်မှု့ရှိစွာ ရေးသားနိုင်ခဲ့ခြင်းဖြစ်သည်။)
ပရလောက…
ပေတမှတ်တမ်းများ…
တစ္ဆေ၊ သရဲ၊ ဟူသည် အဘယ်မှာနည်း။ သရဲဆိုသည်ကား ဦးချိုနှင့်လား။ မည်သို့ပင် ပုံသဏ္ဍန်ရှိနေသနည်း။ ကျွန်ုပ်တစ်ယောက် လျောင်ပြောင်မေးခဲ့ဘူးသည်။ ဒုတိယအကြိမ်မြောက် ထပ်မံရေးသားလိုက်မည်။
ကမ္ဘာပေါ်တွင် အလွန်အမင်း ကံဇာတာ ကောင်းသူမှသာလျင် သရဲဟူသော အကောင်အထည်အား မြင်ဘူးနိုင်လိမ့်မည်ဖြစ်သည်ဟု ကျွန်ုပ်အနေနှင့် တင်စားသတ်မှတ်လိုက်လေသည်။
ကျွန်ုပ်၏ကိုယ်တွေ့ဖြစ်ရပ်မှန်မှာ ဤသို့ပင်ဖြစ်လေသည်။
(ကျိုက်ထီးရိုးဘုရားပေါ်တွင် ခင်မင်ခဲ့သော ညီလေးနှင့်အတူ ညီမ ဒီဇာတ်လမ်းလေး ဖတ်ရပါစေ)
သင်္ကြန်ပြီးသည့်ကာလအတောအတွင်း ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့တွင် နေထိုင်လျက်ရှိသော ကျွန်ုပ်၏ညီမဝမ်းကွဲလေးမှာ ရန်ကုန်မြို့သို့ အလည်အပတ် လာရောက်ချင်ပါသည်ဟု ဖုန်းဆက်အကြောင်းကြားလေခဲ့သည်။ မိဘများမှာလည်း ကျွန်ုပ်အား ဝါးခယ်မမြို့ဆီသို့ သွားရောက်လေခါ ညီမလေးအား ခေါ်ဆောင်လာရန် စေခိုင်းလေခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ဝါးခယ်မမြို့သို့ သွားရောက်ရန် ထိုနေ့ညနေအချိန်ခါ၌ အဝေးပြေးကားဂိတ်ဆီသို့ ဦးတည်လာခဲ့လေသည်။
နေ့ဘက်ကားများဖြင့် ကျွန်ုပ်တစ်ယောက် ထိုနယ်လေးဆီသို့ မသွားလိုပေ။ အေးဆေးစွာနှင့် ညဘက်ထွက်သော ကားများသာလျင် စီးနှင်ချင်ခဲ့သည်။ ထို့ကြောင့် နောက်ဆုံးကားဖြစ်သော ည(၈:၃၀)ထွက်ခွာမည့် အဝေးပြေးကားနှင့်လိုက်ပါရန် လက်မှတ်ဖြတ်ထားစေခဲ့သည်။ (၈:၀၀)ခန့်အချိန်တွင် ဝါးခယ်မမြို့ဆီသို့ ထွက်ခွာမည့် အဝေးပြေးကားကြီး စိုက်ရောက်လာလေခဲ့သည်။
ခရီးသည်များအားလုံးသည်လည်း ကားကြီးအပေါ်သို့ ကိုယ်ဆီနေရာယူရန် တတ်ရောက်သွားကြပြီး ကျွန်ုပ်သည်လည်း ထိုသူများနည်းတူ ကားခုံနံပါတ်အလိုက် မိမိခုံနံပါတ်လေးတွင် နေရာယူထိုင်စေခဲ့သည်။ (၈:၂၀)ခန့်အချိန်တွင် ကားစပယ်ယာလေးမှာ ခရီးသည်များအားလုံး စုံလင်စွာရောက်ရှိနေပြီဖြစ်ကြောင့် အဝေးပြေးကားဂိတ်မှ စတင်ထွက်ခွာရန် ဟန်ပြင်လေခဲ့သည်။ သို့သော်ထွက်ခွာမည့် (၈:၃၀)အချိန်တိုင်အောင် ကားစက်မှာ နှိုးထားခြင်းမပြုသေးပေ။
ကျွန်ုပ်သည်လည်း ကားဒရိုင်ဘာနှင့် စပယ်ယာလေးတို့၏ ပြောစကားများအား နားစွင့်လိုက်မိသည်။
'ခုံနံပါတ်(၁၂)က ခရီးသည်တစ်ယောက် ရောက်မလာသေးဘူးဆရာ… ကျန်တဲ့ခရီးသည်တွေ အားလုံးဆုံနေပြီ'
'အေးကွာ… နာမည်ကြည့်လိုက် ဘယ်သူလဲ… ဖုန်းဆက်လို့ရရင် ဆက်ပြီးမြန်မြန်လာဖို့အကြောင်းကြား… သူ့တစ်ယောက်စောင့်နေရတာနဲ့ လိုရာခရီးမရောက်တော့ဘူး'
ကျွန်ုပ်၏ခုံနံပါတ်မှာ (၁၃)ဖြစ်ပြီး နံဘေးနားရှိ ခုံနံပါတ်(၁၂)မှ ခရီးသည်တစ်ဦးအား စောင့်စားနေခဲ့ခြင်းဖြစ်သည်။ ဒရိုင်ဘာ၏ ပြောစကားများကြောင့် စပယ်ယာလေးမှာလည်း ကားလက်မှတ်ဖြတ်ခဲ့သော နာမည်အားကြည့်ရှု့လေခါ ဖုန်းနံပါတ်အားခေါ်ဆိုလေခဲ့သည်။
'ဆရာ… ဖုန်းဆက်ကြည့်တော့လဲ သူရောက်နေပြီလို့ပြောတယ်… အခုထိလဲ ကားပေါ်တတ်မလာသေးဘူး'
'ဟာကွာ… ကိုးနာရီထိုးတော့မယ်… ငါ့တို့က်ုနှောက်ယှက်နေတာလားမသိပါဘူး… နောက်ငါးမိနစ်စောင့်ကြည့်လို့မှ ရောက်မလာရင် ထွက်မယ်ကွာ'
ကားမောင်းသူမှာ စိတ်မရှည်သော လေသံနှင့် စပယ်ယာလေးအား ပြောဆိုလေခဲ့သည်။ ကားပေါ်ရှိခရီးသည်များမှာလည်း ကားထွက်မည့်အချိန်ထက် ကျော်လွန်လာပြီဖြစ်သောကြောင့် တစ်ယောက်တစ်ပေါက်နှင့် စကားသံများထွက်ပေါ်လာခဲ့ကြလေသည်။
သို့နှင့်နောက်ကျနေခဲ့သော ထိုသူအား ကားဒရိုင်ဘာမှာ စောင့်စားမနေတော့ပဲ (၈:၅၅)မိနစ်အချိန်တွင် အဝေးပြေးဂိတ်မှ စတင်ထွက်ခွာလာခဲ့လေတော့သည်။ ပြတင်းပေါက်နံဘေး ဒေါင့်ဘက်ခုံလေးတွင် ကျွနုပ်ထိုင်လျက်ရှိနေပြီး၊ ကျွန်ုပ်၏နံခေါင်းထဲ၌ ဆေးပေါလိပ်အနံ့ရရှိနေခဲ့သည်။ ထိုတင်မက ကျွန်ုပ်၏နံဘေး ထိုင်ခုံအလွတ်တွင် တစ်စုံတစ်ဦး ထိုင်လျက်ရှိနေသည်ဟု ခံစားနေရသေးသည်။
စိတ်ထဲတွင်လည်း တစ်မျိုးတစ်ဖုံ လေးလံထိုင်းမှိုင်းနေ၏။ ထို့ကြောင့် ဂုဏ်တော်ကိုးပါးရွတ်ဖတ်နေမိသည်။ သို့မှသာလျင် စိတ်ထဲ၌ ပေါ့ပါးလာခဲ့ပြီး ပြတင်းပေါက်မှ တဟုန်တိုးဝင်ရောက်နေခဲ့သော လေများအား ရှု့ရှိုက်လိုက်မိသည်။ (၁၅)မိနစ်ခန့်မောင်းနှင်လာခဲ့ပြီးနောက် မောင်းနှင်နေခဲ့သော ကားကြီးမှာ ဖြည်းညင်းစွာရပ်တန့်လိုက်လေသည်။ သေချာလေသည်။ လမ်းခုလပ်၌ ခရီးသည်တစ်ချို့ တားစီးလေခါ တင်ဆောင်ဦးမည်ဖြစ်သည်။
တတ်ရောက်လာခဲ့သော ခရီးသည်အဒေါ်ကြီးအား စပယ်ယာလေးမှာ အလယ်ခုံတွင်နေရာချပေးခဲ့သော်လည်း ထိုအဒေါ်ကြီးမှာ အလယ်ခုံဈေးပေးစီး၍ ခဏအကြာတွင် လူမရှိသော ကျွန်ုပ်၏ဘေးခုံဆီသို့ ကူးပြောင်းလာခဲ့လေသည်။ အချိန်ဟာ (၉:၃၅)ခန့်ရှိနေခဲ့ပြီး၊ ကျွန်ုပ်နံဘေးသို့ ကူးပြောင်းလာခဲ့သော အဒေါ်ကြီးမှာ တစ်ကိုယ်တည်းအငြိမ်မနေနိုင် လှုပ်ရွှနေခဲ့သည်။ တစ်ချက် တစ်ချက် ထိုအဒေါ်ကြီးလှုပ်ရမ်းလိုက်သောကြောင့် ကျွန်ုပ်အား သူ၏တတောင်ဆစ်ဖြင့် ထိခိုက်မိနေခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်သည်လည်း မနေသာတော့ပဲ အဒေါ်ကြီးအား မေးမြန်းလိုက်မိလေတော့သည်။
'အဒေါ်!…ဘာဖြစ်နေတာတုန်း'
'မသိပါဘူးငါ့တူရယ် ဒီမှာထိုင်ကတည်းက တစ်ကိုယ်လုံးကို ရွတတ်နေသလိုပဲ နေမထိထိုင်မသာဖြစ်နေတယ်'
'အောင်မလေး!…'
သူမ၏တစ်ကိုယ်လုံးအား ပွတ်သပ်နေခဲ့ရာမှ ကျွန်ုပ်အား ထိုသို့ပြန်လည်ပြောဆိုလေခဲ့သည်။ အဒေါ်ကြီး၏စကားများမဆုံးသေး မောင်းနှင်နေခဲ့သော ကားကြီးမှာလည်း ဘရိတ်နင်းရပ်တန့်ခြင်းမျိုးမရှိပဲ ထိုအဒေါ်ကြီးမှာ အရှေ့ခုံဆီသို့ ငိုက်စိုက်ကျသွားခဲ့လေသည်။
'တော်ပြီတော်ပြီ ငါ့နေရာငါ ပြန်ထိုင်တာပဲကောင်းတယ်… ဒီမှာလာထိုင်တာ ဘာဖြစ်မှန်းကိုးမသိဘူး… သွားပြီကောင်လေး'
''ဟုတ်.ဟုတ်ကဲ့'
ထိုအဒေါ်ကြီးကျွန်ပ်၏ဘေးမှ ပြောပြောဆိုဆိုနှင့် ထွက်ခွာသွားခဲ့သော်လည်း ကျွန်ုပ်နှင့်အတူ ထိုင်ခုံပေါ်တွင် တစ်ဦးတစ်ယောက် အတူရှိနေခဲ့သေးသည်ဟု ခံစားနေခဲ့ရသေးသည်။ ဒီလိုနှင့်မောင်းနှင်လာခဲ့ရင်း လမ်းခုလပ်တစ်နေရာအရောက် ကားပေါ်ရှိခရီးသည်များ အားလုံးသည်လည်း ကိုယ်ဆီအိပ်ပျော်နေလျက်ရှိကြသည်။ ကျွန်ုပ်သည်လည်း ပြတင်းပေါက်မှန်တံခါးလေးအား အသာဆွဲခါ မှန်လေးအပေါ်သို့ ခေါင်းလေးအသာတင်မိလိုက်လေသည်။ ကားကြီးမှာလည်း လျင်မြန်စွာမောင်းနှင်နေခဲ့ခြင်းကြောင့် ကားပေါ်ရှိလူများဟာလည်း လှုပ်ရမ်းနေခဲ့ကြပြီး မူးနှောက်သယောင်ယောင်ဖြစ်နေခါ ကိုယ်ဆီအိပ်ပျော်နေကြသည်မှာ မဆန်းပါပေ။
ထို့ကြောင့် ကျွန်ုပ်သည်လည်း မှန်လေးဘေးသို့ ခေါင်းလေးအသာစောင်းခါ မှေးလျက်နေမိခဲ့သည်။ ထိုအခါ အနောက်ခုံမှ တစ်စုံတစ်ယောက်ဟာ ကျွန်ုပ်မှီထားခဲ့သော မှန်လေးအား ရှေ့တိုးနောက်ဆုတ် ပြုလုပ်နေခဲ့လေသည်။ မှန်ဆွဲလိုက်သည်ကြောင့် ကျွန်ုပ်၏ဦးခေါင်းသည်လည်း မှန်ရွှေ့ရာအနောက်သို့ လိုက်ပါသွားခဲ့ရသည်။ စိတ်ထဲတွင်လည်း ဒေါသဖြစ်မိ၏။ အနောက်ခုံမှ ပြတင်းပေါက်မှန်အား မည်သူဆွဲကစားနေခဲ့သနည်း။ တစ်ကြိမ်တည်းပင်မဟုတ်။ အကြိမ်ပေါင်းများစွာ အရှေ့တိုးနောက်ဆုတ် လုပ်နေခဲ့ခြင်းပင်ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်သည်လည်း အနောက်ခုံမှ ထိုသူအား စိတ်ဆိုးဆိုးဖြင့် ထိုသို့မပြုလုပ်ရန် ပြောဆိုမည်ဟုရည်ရွယ်လိုက်ပြီး ဆတ်ခနဲထခါ အနောက်ခုံသို့ လှည့်ကြည့်မိချိန်တွင် အနောက်ခုံမှ ခရီးသည်အမျိုးသမီးဟာလည်း အိပ်ပျော်နေသည်ကိုပင် တွေ့ရှိလိုက်ရလေသည်။ ထိုအချိန်ထိ ပြတင်းပေါက်မှန်တံခါးမှာ ရပ်တန့်သွားခြင်းမရှိသေးပဲ၊ အရှေ့တိုးနောက်ဆုတ် ဖြစ်မြဲတိုင်းပင်ဖြစ်နေသေးသည်။
အလိုလိုသာလျင် ဖြစ်နေခဲ့ခြင်းဖြစ်၏။ တစ်စုံတစ်ယောက်မှ ထိုကဲ့သို့ပြုလုပ်နေခဲ့ခြင်းလည်းမဟုတ် အလွန်ပင်ထူးခြားစေလှသည်။ ကျွန်ုပ်သည်လည်း ထိုင်ခုံပေါ်သို့် အရှိန်ပြင်းစွာထချလိုက်မိရင်း ကားမောင်းသူဆီသို့ ငေးမေားကြည့်ရှု့လိုက်မိသည်။
သို့မှသာလျင် ကားပြတင်းပေါက်မှန်တံခါးမှာ ငြိမ်သတ်သွားခဲ့လေသည်။ သက်ပြင်းချမိစေရင်း ငြိမ်သတ်သွားသော ပြတင်းပေါက်မှန်တံခါးအား အမှတ်မထင်ကြည့်မိလိုက်ချိန်တွင် မှန်ထဲမှ လူကြီးတစ်ဦးအား မြင်တွေ့လိုက်ရသည်။ ထိုလူကြီးမှာ ကျွန်ုပ်၏နံဘေး ထိုင်ခုံအလွတ်တွင် မိန့်မိန့်ကြီးထိုင်နေခဲ့ခြင်းဖြစ်ပြီး၊ ကျွန်ုပ်၏နံဘေးထိုင်ခုံလွတ်တွင်မူ တကယ်တမ်းမည်သူတစ်ဦးတစ်ယောက်မှ ရှိမနေခဲ့ချေ။
ကျွန်ုပ်အမြင်မှားနေခြင်း။ ပြူးကြောင်ကြောင်မျက်လုံးများဖြင့် နံဘေးခုံလွတ်လေးအား ကြည့်မိစေခါ ပြတင်းပေါက်မှန်တံခါးဆီသို့လည်း ထပ်မံကြည့်မိလိုက်သည်။ ထိုအခါ မှန်ထဲ၌ ထိုလူကြီးအားမတွေ့ရတော့ပဲ ပတ်ဝန်းကျင်မှအမှောင်ရိပ်များ အုပ်စိုးနေခဲ့သော လယ်ကွင်းပြင်များကိုသာ မြင်တွေ့နေခဲ့ရလေသည်။ တပြိုင်နက် ကားကြီးမှာလည်း အရှိန်သတ်လေခါ လမ်းခုလပ်တားဆီးသည့် ခရီးသည်အား တင်ဆောင်ဦးမည်ဖြစ်သည်။
ကျွန်ုပ်သည်လည်း ထိုထိုင်ခုံတွင် ဆက်လက်၍ထိုင်နေရမည်ကိုပင် ကြက်သီးထနေခဲ့သည်။ ထို့ကြောင့်လဲ မတ်တပ်ရပ်စီးရလျင် စီးရပါစေတော့ ထိုထိုင်ခုံမှာ ထရန်ရည်ရွယ်လိုက်သည်။ သို့သော်လည်း ထမရ။ တစ်ဦးတစ်ယောက်မှ ကျွန်ုပ်အား ဖိထားသကဲ့သို့ ခံစားနေခဲ့ရသည်။ ကားပေါ်သို့ ထပ်မံတတ်ရောက်လာခဲ့သော ခရီးသည်နှစ်ဦးမှာ လင်မယားဟု သတ်မှတ်နိုင်သည့် စုံတွဲပင်ဖြစ်လေသည်။ အသက်အားဖြင့် ၄၅ ၄၆နှစ်မျှ ရှိနေခဲ့သည့် တောကျကျ ဇနီးမောင်နံနှစ်ဦးပင်ဖြစ်လေသည်။
ကားစပယ်ယာလေးမှ မေးမြန်းလေသည်။ တစ်ဦးအား အလယ်ခုံဈေးဘေးစေခါ၊ တစ်ဦးအား ကျွန်ုပ်၏နံဘေး ထိုင်ခုံလွတ်တွင် အလယ်ခုံဈေးထက် အနည်းငယ်ပိုပေးခါ လိုရာခရီးဆီသို့ သွားရောက်ပါဟု ပြောဆိုလေသေးသည်။ ထိုအခါ ခရီးသည်အဒေါ်ကြီးမှာ ကျွန်ုပ်၏ထိုင်ခုံဘေးသို့ အကဲခတ်ကြည့်လိုက်ရင်း ထိုသို့ပြောဆိုလေခဲ့သည်။
'ဟင်!… လာနောက်နေတယ်… သူများအပေါ်တတ်ထိုင်ရင် ငါ့ကိုပါးရိုက်သွားမှာပေါ့ဟဲ့'
'ဗျာ!… ဟိုခုံလွတ်ကိုပြောတာလေ. အဒေါ်ကြီးတို့က ရွှေလောင်းမြို့ဆင်းမှာမဟုတ်လား တော်တော်လိုသေးတယ် အလယ်ခုံက ၁၅၀၀ အဲ့မှာထိုင်လိုက် ၂၀၀၀ပဲပေး'
'သြော်!… ဒီကောင်လေး ငါ့ကိုစ.စရာများထင်နေလား အဲ့ဒီလူပေါ်ငါက တတ်ထိုင်ရမှာလား… မထိုင်ဘူး… ငါ့ဟာငါ အလယ်ခုံပဲစီးမယ်'
ကျွန်ုပ်၏နံဘေးခုံလွတ်ဆီသို့ ထိုအဒေါ်ကြီးမှာ ငေးကြည့်လေခါ သူ၏အမြင်ထဲတွင် တစ်စုံတစ်ဦးအား မြင်တွေ့နေခဲ့ရသည့်အလား ထိုကဲ့သို့သော် စကားများစွာပြောဆိုလေခဲ့သည်။ စပယ်ယာလေးမှာလည်း ထိုအဒေါ်ကြီးပြောဆိုသော စကားများအား နားမလည်နိုင်၊ ခေါင်းသာကုတ်လျက် အဒေါ်ကြီးသဘောအတိုင်း အလယ်ခုံသာ နေရာပြင်ပေးလေခဲ့သည်။ ကျွန်ုပ်သည်လည်း ထိုင်နေရာမှ ထနေခဲ့သော်လည်း မည်သို့မှပင် မထနိုင်ခဲ့ချေ။ နှုတ်မှလည်း စကားများစွာပြောဆိုမရနိုင်အောင်ပင် အာလေး၊လျှာလေး ဖြစ်နေခဲ့ရသည်။ ချွေးများစွာလည်း ဆီးကျနေခဲ့၏။
ခရီးတစ်ထောက်အနားပေးမည့် ဗိုလ်မြတ်ထွန်းတံတားဆီကိုပင် လျင်မြန်စွာရောက်ပါလေဟု ဆုတောင်းနေခဲ့မိသည်။ စပယ်ယာလေးအားလည်း ကျွန်ုပ်စကားများစွာ ပြောဆိုလိုက်သေးသည်။ သို့သော် ကျွန်ုပ်၏စကားများ သူတစ်ယောက်မကြားနိုင်လေသလား၊ ကျွန်ုပ်အား တစ်ချက်ကလေးမှ လှည့်မကြည့် အရှေ့သို့သာ ဦးတည်သွားလေခဲ့သည်။
လမ်းခုလပ်မှတတ်ရောက်လာခဲ့သော ခရီးသည်လင်မယားနှစ်ဦးဟာ တောသူတောင်သားများပီပီ ကားပေါ်သို့တတ်ရောက်လာကတည်းမှ ငိုက်မြည်းနေခဲ့လေသည်။ မောင်းနှင်နေခဲ့သော ကားကြီးမှာ ဘရိတ်နင်းခါ အရှိန်သတ်လိုက်သည်ကြောင့် ခရီးသည်များ အားလုံးသည်လည်း အရှေ့သို့ အနည်းငယ်မျှ ငိုက်သွားစေခဲ့သည်။ သို့မှသာ ကျွန်ုပ်နှင့် မလှမ်းမကမ်း အလယ်ခုံနေရာတွင် ထိုင်နေခဲ့သော လင်မယားနှစ်ဦးအနက် အဒေါ်ကြီးမှာ နိုးသွားစေခဲ့ရင်း ကျွန်ုပ်အားလည်း ထိုကဲ့သို့ လှမ်းပြောလေသေးသည်။
'ကောင်လေး!… နင့်ဘေးနားက လူဆင်းသွားပြီလား… အဒေါ်လာထိုင်မလို့'
အလယ်ခုံတွင် ထိုင်ငိုင်နေရသည်မှာ အဆင်မပြေလေသလား။ ကျွန်ုပ်၏နံဘေးခုံလွတ်တွင် လာရောက်ငိုက်မည်ဟု ထင်ရစေသည်။ ထို့ကြောင့် ကျွန်ုပ်အား ထိုသို့မေးမြန်းလေခဲ့သည်။ သို့သော်လည်း ကားကြီးစတင်ထွက်ခွာလာကတည်းမှ ကျွန်ုပ်၏နံဘေးတွင် မည်သူတစ်ဦးတစ်ယောက်မှ လိုက်ပါမလာခဲ့ပေ။ ထို့ကြောင့် ယခုထိုအဒေါ်ကြီးမေးသော စကားများကိုပင် ကျွန်ုပ်အနေနှင့် မည်သို့ပင်ပြန်လည်ဖြေဆိုရမည်မှန်း မသိခဲ့ချေ။
ကြောင်တောင်တောင်ဖြင့်ရှိနေခဲ့သော ကျွန်ုပ်အား ထိုအဒေါ်ကြီးမှာ စိုက်ကြည့်နေခဲ့ရင်း ကျွန်ုပ်၏အဖြေများအား စောင့်စားနေဟန်တူသည်။ သို့သော် ကျွန်ုပ်တစ်ယောက် ပြန်လည်မဖြေဆိုနိုင်။ အာလေး၊ လျှာလေးဖြစ်နေခဲ့ရသည်။ ခရီးတစ်ထောက်နား ဗိုလ်မြတ်ထွန်းအနားသို့ ရောက်ရှိခါနီးအချိန်၌ ကားကြီးအပေါ်သို့ ခရီးသည်တစ်ဦး တတ်ရောက်လာခဲ့သည်။ အသက်အားဖြင့် ၆၀ဝန်းကျင်ခန့်ရှိနေမည်တူသည်။
ထိုသူ၏ပုံစံမှာ ပုတီးအလုံးခပ်ကြီးကြီးများအား လည်ပင်းတွင်ဆွဲချိတ်ထားခါ ယောဂီရောင်ဝတ်စုံဖြင့် ဘိုးတော်ပုံစံနှင့် အသွင်တူနေခဲ့သည်။ ရေနစ်နေသူအဖို့ ကောက်ရိုးတစ်မျှင်သည်လည်း အသုံးဝင်လှသည်။ ထိုအဘကြီး ကျွန်ုပ်၏ဘေးခုံဆီသို့ လာရောက်ထိုင်ပါလေဟု စိတ်အတွင်း၌ တောင်းဆိုနေခဲ့မိသည်။ စိုက်မြိုက်စွာဖြင့် ထိုအဘကြီးမှာလည်း ကျွန်ုပ်၏ဘေးခုံဆီသို့ လာရောက်ထိုင်လေခဲ့သည်။ ထိုအဘကြီး လာရောက်ထိုင်လိုက်မှသာလျင် ကျွန်ုပ်၏အတွင်းစိတ်များ ပုံမှန်အတိုင်း ပြန်လည်ဖြစ်လေခါ၊ အာလေး၊ လျှာလေးခြင်းများသည်လည်း မရှိတော့ချေ။ ထို့ကြောင့် ကျွန်ုပ်၏နံဘေးတွင်ရှိနေသော ထိုအဘကြီးအား ကျွန်ုပ်တစ်ယောက်ခံစားနေခဲ့ရသည့် အဖြစ်ပျက်များ အကြောင်းစုံပြောဆိုလေခဲ့သည်။
'ကားပေါ်မှာပါလာတယ်'
'ဗျာ…ဗျာအဘ'
'ကားပေါ်မှာ ပါလာတယ်ဟုတ်လား'
'ဟုတ်တယ် မစိုးရိပ်နဲ့!… အဘရှိနေပါတယ် မောင့်ရင်ထိုင်ခုံဘေးမှာ ပါလာတာနဲ့ထင်တယ်… အဘစိတ်ထဲလဲ ကားပေါ်တတ်လာကတည်းက မသန့်တာနဲ့ စည်းချထားပြီးသားပါ… ပါလာတဲ့ အမှောက်ပရောဂါတွေလဲ စည်းဝိုင်းအပြင်ကို ထွက်သွားပါပြီ'
'ဗျာ… ကျွန်…ကျွန်တော်ဘေး… ဘေးမှာပါ…ပါလာတာဟုတ်လားအဘ'
'အဘအထင်!… ထိုင်ခုံအလွတ်ဆိုတော့ အမှောင်ပယောဂါတွေ လွယ်လွယ်နဲ့ညိုတွယ်နေနိုင်တယ် ဘာမှမစိုးရိပ်ပါနဲ့တော့ မောင်ရင့်ဘေးမှာ အဘရှိနေပါပြီ'
ထိုအဘကြီး၏ ပြောစကားများအဆုံး မောင်းနှင်နေခဲ့သော ကားကြီးမှာလည်း ကွေ့ချိုးတစ်ခုအတွင်းသို့ ဖြေးညင်းစွာကွေ့လေခါ ကားအားလည်း အရှိန်လျော့စွာနှင့် ရပ်တန့်လေခဲ့သည်။ ကျွန်ုပ်သည်လည်း ပတ်ဝန်းကျင်အား အကဲခတ်လိုက်သည်နှင့် လမ်းခရီးတစ်ထောက်နား ဗိုလ်မြတ်ထွန်းတံတားဆီသို့ ရောက်ရှိလာခဲ့မှန်း သိရှိလိုက်ရလေသည်။
'အပေါ့၊ အလေး၊ ထမင်းစား၊ မုန့်စား ကျွန်တော်တို့ကားခေတ္တ ဒီမှာရပ်နားပေးပါ့မယ်။ မိမိတို့တန်ဖိုးကြီးပစ္စည်းများ ကိုယ်နဲ့ တစ်ပါတည်းယူဆောင်သွားပေးကြပါ… ခရီးသည်များ အားလုံးလဲ ကားပေါ်က ခေတ္တဆင်းပေးကြပါ'
သေချာလေသည်။ ကားစပယ်ယာလေး၏ ထိုသို့ပြောသောစကားများကြောင့် ကျွန်ုပ်သည်လည်း နံဘေးတွင်ရှိနေသော ဘကြီးအား အတူတကွ ဆိုင်လေးအတွင်းသို့ သွားရောက်ရန် ပြောဆ်ုလေခဲ့သည်။ ကားပေါ်ရှိခရီးသည်များ အားလုံးသည်လည်း ကိုယ်ဆီအောက်သို့ ဆင်းလေခါ၊ ကျွန်ုပ်သည်လည်း တစ်ပါတည်းလိုက်ပါဆင်းသွားလေခဲ့သည်။
ဘကြီးနှင့်အတူ ဆိုင်လေးအတွင်းတွင် ခေတ္တထိုင်နေခဲ့ပြီး၊ ခရီးသည်များအားလုံး ကားအပေါ်သို့ ပြန်လည်ခေါ်ဆောင်မည့် စပယ်ယာလေး၏ အသံကိုပင် စောင့်စားနေခဲ့သည်။ ထိုအချိန် ရပ်တန့်ထားခဲ့သော ကားကြီးမှာ အရှေ့မီးများစွာ ပိတ်ဖွင့်ဖြစ်ပေါ်လာခဲ့ပြီး ခရီးသည်များအား ကားထွက်တော့မည်ဟု အချက်ပြသည့်အလား ဖြစ်ပေါ်နေခဲ့သည်။ သို့သော် ကားမောင်းသူ ကားဆရာနှင့် စပယ်ယာလေးတို့မှာ ကျွန်ုပ်တို့ဝိုင်းအရှေ့တွင် အတူတကွထိုင်လျက်ရှိနေပြီး မည်သူမှ ကားကြီးအတွင်းသို့ဝင်ရောက်နေခဲ့ခြင်းမရှိ။ သို့သော် ယခုကားထွက်တော့မည့် အချက်ပြပုံစံများ မည်သူမှပြုလုပ်နေခဲ့သနည်း။
ကားဆရာသည်လည်း ထိုင်နေသည့်ခုံမှ ဆတ်ခနဲထလေခါ ကားအနားသို့ အပြေးသွားရောက်လေခဲ့သည်။ ထို့နောက် အလောတကြီးဖြင့် စားပွဲဝိုင်းတွင် ကျန်နေခဲ့သော စပယ်ယာလေးအား အော်ဟစ်ခေါ်ဆောင်လေခဲ့သည်။ ကျွန်ုပ်နှင့်ဘကြီးသည်လည်း ထိုသူများ မည်သည့်ကိစ္စများနှင့် အလုပ်ရှုတ်နေခဲ့သည်ကိုပင်မသိ။ ထိုင်နေသည့် ဆိုင်လေးအတွင်းမှ အကဲခတ်နေမိခဲ့သည်။
အရှေ့မီးများမှာ ဦးစွာဖွင့်၊ပိတ်ဖြစ်နေခဲ့ပြီး၊ ခဏအကြာတွင် ကားကြီးမှာ စက်နှိုးလာခဲ့လေသည်။ ကားဆရာမှာလည်း ပိတ်ထားခဲ့သော ကားဦးခေါင်းတံခါးအား ဖွင့်လစ်နေခဲ့ရပြီ သို့သော် မည်သို့မှပင် ဖွင့်မရခဲ့ချေ။ ဆိုင်လေးအတွင်းတွင် အနားယူနေကြသော ခရီးသည်များလည်း ကားစက်နှိုးသံကြားသောကြောင့် အလောတကြီး ကားအနားသို့ရောက်ရှိလာခဲ့လေသည်။
မိမိကိုယ်တိုင် ဦးခေါင်းတံခါးပိတ်ထားခဲ့ပြီး ယခုအခါ လွယ်ကူစွာနှင့်ဖွင့်လစ်မရပဲ ဇောချွေးများစွာထွက်လာခါ အားသွန်ခွန်စိုက်ဖွင့်နေခဲ့ရသည်။ ကားကြီးမှာ မီးများစွာပွင့်လစ်၍ သတ်ထားခဲ့သော ကားစက်မှာလည်း တပြိုင်နက်နှိုးလာခဲ့လေသည်။ ခရီးသည်များ အားလုံးသည်လည်း ထိုဖြစ်ရပ်အား မြင်တွေ့ရသည်နှင့် အင်မတန်မှ အံ့သြတကြီးဖြစ်လေခါ စိုးရိမ်ထိတ်လန့်ကုန်ကြသည်။
ကျွန်ုပ်နှင့်အတူတကွ ထိုင်နေခဲ့သော ဘကြီးမှာ စားပွဲဝင်မှထစေရင်း ကားအနားသို့ ခပ်သုတ်သုတ်လှမ်းသွားလေခဲ့သည်။ ထို့နောက် ကားတံခါးဖွင့်နေသော ကားဆရာအား အနောက်သ်ို့ခေတ္တ ဆုတ်စေရန် ပြောဆိုလေခဲ့သည်။ ကားဆရာမှာလည်း ထိုကဲ့သို့သော် အဖြစ်ပျက်များနှင့် မကြုံခဲ့ရဘူးသည်ကြောင့် ယခုအခါမည်သို့ပင် ပြုလုပ်ရမည်မှန်းမသိတော့ချေ။
ခရီးသည်များအားလုံးဟာလည်း တစ်ယောက်တစ်ပေါက်နှင့် စကားသံများ ပြောထွက်နေချိန်တွင် ထိုအဘကြီးမှာ ကားနှင့်ခပ်လှမ်းလှမ်းနေရာဆီသို့ ခေတ္တခွာနေပေးရန် ပြောဆိုလေခဲ့သည်။ ထို့နောက် ကားကြီးအား ငေးမောကြည့်စေခါ ထိုသို့ပြောဆ်ုလေသေးသည်။
'မင်းဘာလိုချင်နေတာလဲ ခရီးသည်တွေအားလုံး ထိတ်လန့်ကုန်အောင်မလုပ်ပါနဲ့!… မင်းဖြစ်ချင်တဲ့ ဆန္ဒကိုပြောလို့ရတယ် ကူညီနိုင်တာရှိရင် ငါမင်းကိုကူညီပေးမယ်. ငါပြောနေတာကြားလား'
မာန်ပါလှသော စကားသံများနှင့် ဘကြီး၏ပြောစကားများအဆုံးတွင် ဖွင့်၊ပိတ်ဖြစ်နေခဲ့သော ကားမီးများ ပြန်လည်ငြိမ်သတ်သွားခဲ့လေသည်။ နိုးနေခဲ့သော ကားစက်မှာလည်း ချက်ချင်းဆိုသကဲ့သို့ပင် ရပ်တန့်သွားလေခဲ့သည်။ ခရီးသည်များအားလုံးသည်လည်း တစ်ယောက်တစ်ပေါက်နှင့် ပြောဆိုနေကြရာမှ အားလုံးငြိမ်သတ်သွားလေခဲ့သည်။ ထိုအချိန်တောအတွင်းမှာပင် ခရီးသည်လူအုပ်များကြားမှ စကားသံတစ်ချို့ကြားလိုက်ရသည်။
'လုပ်ပါဦး… အဘလုပ်ပါဦး ညီမလေး.ဘာဖြစ်တာလဲမသိဘူး'
ကျွန်ုပ်၏အနောက်ခုံတွင် လိုက်ပါလာခဲ့သော ညီအစ်မနှစ်ယောက်အနက် အစ်မဖြစ်သူ၏ အလောတကြီးပြောစကားများအား ကြားလိုက်ရလေသည်။ ထို့ကြောင့် ဘကြီးသည်လည်း ထိုအနားသို့ ဦးတည်လေခါ ခန္ဓာကိုယ်ရိမ်းရိုင်နေပြီး တစ်ရှုးရှုးဒေါသထွက်နေသည့် အမျိုးသမီးအနားသို့ ရောက်ရှိသွားခဲ့လေသည်။
ထိုအမျိုးသမီးအား အဝေးပြေးကားပေါ်တွင် လိုက်ပါလာခဲ့သော ပရလောကသားမှ ဝင်ရောက်ပူးကပ်နေခြင်းပင်ဖြစ်သည်။ ထိုအမျိုးသမီးခန္ဓာကိုယ်အား အငှားပြုလေခါ ထိုသူဖြစ်ချင်သော ဆန္ဒတစ်ချို့ထိုသို့ပြောဆိုလေခဲ့သည်။
ထိုသူမှာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ သားဖြစ်သူနေအိမ်ဆီသို့ ရွှေလောင်းမြို့မှ အလည်အပတ်ရောက်ရှိလာခါ ထိုနေ့တွင် ရွှေလောင်းမြို့ဆီသို့ ညကားဖြင့်အရောက်ပြန်ရန် လက်မှတ်ဖြတ်ထားခြင်းဖြစ်သည်။ သို့သော် ရန်ကုန်မြို့ သားဖြစ်သူ၏နေအိမ်တွင်မူ ထိုသူမှာ ဦးနှောက်သွေးကြောပျက်၍ သေဆုံးသွားခဲ့ရသည်။ သို့သော်လည်း သူ၏စိတ်ဟာ ထိုနေ့၊ ထိုအချိန်၊ ထိုကားဖြင့် မိမိ၏ဇာတိမြေဆီသို့ အရောက်ပြန်ရန် စိတ်ရှိနေခဲ့သည်ကြောင့် ထိုကားဖြင့် လိုက်ပါလာခဲ့ကြောင်း ပြောဆိုလေခဲ့သည်။
သို့သော် လမ်းခရီးတစ်လျောက် ကားဆရာမှာ ခရီးသည်များအား တင်ဆောင်နေခဲ့ပြီး မိမိ၏ခုံနေရာတွင် နေရာပေးစေခဲ့သည်။ တကယ်ဆိုလျင် ထိုခုံနေရာဟာ မိမိ၏နေရာပင်ဖြစ်ပြီး၊ မိမိကိုယ်တ်ုင်လည်း ထိုင်လျက်ရှိနေခဲ့သည်။ သို့သော် ကားဆရာတင်ဆောင်လိုက်သည့် ခရီးသည်များဟာ မိမိ၏အပေါ်တွင် လာရောက်ထိုင်နေသကဲ့သို့ ဖြစ်ပေါ်သွားစေသည်။ ထို့ကြောင့် ထိုလူများအား သူတစ်ယောက် အသိပေးခြင်းဖြစ်လေသည်။
ထို့အပြင် ခရီးတစ်ထောက်နား ဗိုလ်မြတ်ထွန်းတံတားအနားသို့ မရောက်ရှိခင်အချိန်မှ တတ်ရောက်လာခဲ့သော ယောဂီဝတ်စုံနှင့် ထိုအဘဟာ သူ့အား နှင်ထုတ်စေခဲ့ရင်း သူ၏နေရာတွင်မူ ဝင်ရောက်ထိုင်စေခဲံ့သည်။ ထို့ကြောင့် မကျေနပ်စေခဲ့ပဲ ယခုကဲ့သို့ ဒေါသကြီးစွာ ပြုမူနေရခြင်းဖြစ်သည်ဟု ပြောဆိုလေခဲ့သည်။
အဘသည်လည်း သူ့အား မည်သို့ပင် ကူညီပေးရမည်နည်းဟု မေးမြန်းစေခဲ့သေးသည်။ ထိုအခါ သူ၏နေရာတွင် သူတစ်ယောက် ရွှေလောင်းမြို့အထိ လိုက်ပါစီနင်ချင်သေးသည်။ သူ့အား နင်ထုတ်မှု့များ မပြုလုပ်စေပဲ ရွှေလောင်းမြို့အထိ ကားကြီးအပေါ်တွင်လိုက်ပါ ပါရစေဟုတောင်းဆ်ုလေခဲ့သည်။ အဘသည်လည်း ခွင့်ပြုစေချင်သည်။ သို့သော် နှောက်ယှက်မှု့များ မပြုလုပ်ပါဟု ကတိသစ္စာပြုမှသာလျင် ကားကြီးအပေါ်တွင် ဆန္ဒအတိုင်းလိုက်ပါနိုင်ရန် ခွင့်ပြုမည်ဟု ပြောဆိုလေခဲ့သည်။
ထိုသူသည်လည်း ကောင်းမွန်စွာကတိပေးစေသည်။ နှောက်ယှက်မှု့တစ်စုံတစ်ခုမှ မပြုလုပ်လေပဲ။ အေးဆေးစွာနှင့် ရွှေလောင်းမြို့အထိ လိုက်ပါ ပါရစေဟုကတိပေးလေတော့သည်။ ထို့ကြောင့် ဘကြီးဟာ လမ်းနံဘေးတွင်ရှိနေသော ကျောက်တုံးလေးအား ကောက်ယူလိုက်ရင်း ထိုကျောက်တုံးတွင် ကပ်တွယ်လျက် လိုရာခရီးအထိ လိုက်ပါလေလောဟု ခွင့်ပြုခဲ့ချေတော့သည်။
ခရီးသည်များအားလုံးသည်လည်း စိုးရိမ်ထိတ်လန့်နေခဲ့၏။ သို့သော် ဘကြီးမှာ အစစအရာရာ သူတစ်ယောက် တာဝန်ယူပါသည်ဟု ပြောဆိုလေခါ ကျွန်ုပ်၏နံဘေး ခုံအမှတ်(၁၂)တွင် ကျောက်ခဲတုံလေး တင်ဆောင်လာခဲ့လေသည်။ ထို့နောက် ရွှေလောင်းမြို့သို့ရောက်ရှိလာသည်နှင့် ဘကြီးသည်လည်း ကားကြီးအပေါ်မှ ကျွန်ုပ်အားနှုတ်ဆတ်ခါ ကျောက်ကတုံးလေးနှင့်အတူ ည(၁၂:၀၅)မိနစ်အချိန်တွင် ဆင်းသတ်သွားခဲ့လေတော့သည်။
ထိုအချိန်မှစတင်ခါ ကျွန်ုပ်နှင့်ကားပေါ်ရှိခရီးသည်များ အားလုံးသည်လည်း ဂိတ်ဆုံးဖြစ်သော ဝါးခယ်မမြို့ဆီသို့ ည(၁:၀၀)တိတိအချိန်တွင် အန္တရယ်ကင်းစွာဖြင့် ရောက်ရှိလာခဲ့လေတော့သည်။
*****
ကိုယ်တွေ့ဖြစ်ရပ်မှန်လေးတစ်ခု ရေးသားတင်ပြလိုက်ပါသည်။ ပြောမယုံ၊ ကြုံဘူးမှသိခဲ့ရ၏။ ယခုအချိန်ထိလည်း ထိုဖြစ်ရပ်အား မမေ့နိုင်သေးပဲ စကားဆက်မိသည်နှင့် ပြောဆိုဖြစ်နေသေးသည်။
စာရေးသူ-ထီးကလေး
ကျောချမ်းသာနှင့် ရေးသားသည်။









No comments:
Post a Comment