စာမပေါ်သူများအတွက် ဦးစားပေးရေးသားလိုက်သော
လုံးဝ(လုံးဝ) ဖြစ်ရပ်မှန်
ဘီလူးဂမုန်း
လုံးဝ(လုံးဝ) ဖြစ်ရပ်မှန်
ဘီလူးဂမုန်း
ကျွန်တော်တို့ရပ်ကွက်ထဲမှာ ကိုဖိုးထောင်ဆိုတဲ့သူတစ်ယောက်ရှိပါတယ်။ သူဟာ အလွန် အစအနောက်သန်သူပါ။ ပျော်ပျော်လဲ နေတယ်။ တစ်လမ်းလုံး တစ်ရပ်ကွက်လုံးကလဲ ကိုဖိုးထောင်ကို ချစ်ကြတယ်။ ခင်ကြတယ်။ ဖိုးထောင်ရဲ့ညီ အစ်ကို မောင်နှမတွေက ပိုက်ဆံရှိသောလဲ သူက ပေပေတေတေသာ အမြဲနေခဲ့တယ်။ တစ်ရပ်ကွက်လုံး သူမသိတဲ့အိမ်ဆိုတာ မရှိခဲ့ဘူး။ မတည့်သည့် သူဆိုလို သူ့မိသားစုနဲ့လွဲရင် အားလုံးနဲ့အဆင်ပြေတယ်။ အများဆုံးလာဖြစ်တဲ့အိမ် ၊ တံခါးမရှိ ၊ ဓားမရှိ ဝင်ထွက် စားသောက်နေတဲ့အိမ်က ကျွန်တော်တို့မိသားစု အိမ်ပါပဲ။ အသတ် ၄၅ ကျော်ပြီ။ သူများခိုင်းရင် ဖင်ပေါ့တယ်။ ကျွန်တော့ အဖေ အမေများ ခိုင်းပြီးဆို ကိုဖိုးထောင်တစ်ယောက် သွက်သွက်လက်လက်အမြဲတမ်း လုပ်ပေးရှာတယ်။ အဖေပြောတာတော့ ကိုဖိုးထောင်ဟာ ကျွန်တော်တို့အဖိုး အဖွား လက်ထက်တည်းက အိမ်မှာ ချည်းလိုလိုပဲနေတာတဲ့။ ဦးနှောက်သိပ်မပြည့်ဘူး။ သူကလေးဘဝတုန်းက ကလေးတွေ ဝိုင်းဖွဲ့ပြီး သြဇာသီးတောက်နေတုန်း မြင်းမွေးတဲ့အိမ်က မြင်းလွတ်သွားတာ ကိုဖိုးထောင်ကို ကန်မိသွားတယ်။ အဲ့ဒီအချိန်ကစပြီး သူကျောင်းလဲ မနေနိုင်တော့ဘူး။ ဆေးလိပ်သောက်တယ်၊ ကွမ်းစားတယ်၊ အရက်ကလေးပါ နည်းနည်းသောက်တတ်တယ်။ သူမူးလာပြီးဆို ကျွန်တော့တို့အိမ်ကိုလာလေ့မရှိဘူး။ အဖေက အရက်သောက်တာ မကြိုက်ဘူးဆိုတာ သူသိနေတယ်လေ။ သောက်ထားပြီးလို့အိမ်လာချင်ရင်တောင် အိမ်နားမှာ ဝေ့လည်လုပ်နေတတ်တယ်။ အိမ်ထဲလာဖို့ခေါ်ရင်လဲ အဖေ့ကိုကြောက်တယ်လို့ပြောပြီး လုံးဝခေါ်လို့မရဘူး။ မူးလာပြီဆို အိမ်ကို မလာတော့ပဲ လမ်းမှာ ဆော့နေတဲ့ကလေးတွေနဲ့ပဲ ကစားနေတာ အမြဲတွေ့ရတယ်။ တစ်နေ့ အဖေက နယ်က သူ့တပည့်ဆီကနေ ဂမုန်းပင်တစ်ပင်ယူလာတယ်။ အဖေပြောတာပဲ အဲ့ဒီဂမုန်းဟာ အခုချိန် အလွန်ရှားပါး ပစ္စည်းဖြစ်နေပြီလို့ပြောတယ်။ အမြစ်လေးကို အိတ်နဲ့ထုတ်ထားတယ်။ ခရီးက ပြန်ရောက်ရောက်ချင်းပဲ ပန်းအိုး အလွတ်တစ်ခုမှာ သူစိုက်နေတာတွေ့တယ်။ ကျွန်တော်လဲ သတိမထားပါဘူး။ ဒီလိုပဲ အပင်တွေ အဖေစိုက်နေကြဆိုတော့ အရေးတစ်ယူ သွားမကြည့်တော့ဘူး။
နေခင်းကျတော့ ကိုဖိုးထောင် အိမ်ရောက်လာတယ်။ ကျွန်တော်လဲ ရှိနေခဲ့တယ်။ သူအိမ်ထဲဝင်ကတည်းက သူ့မျက်နှာ ပြုံးစိစိနဲ့ပျော်နေတဲ့ပုံပဲ။ ဒါနဲ့အဖေက ကိုဖိုးထောင်ကို ဘာဖြစ်တာလဲ ပိုက်ဆံကောက်ရလာတာလားလို့ မေးတော့ သူ ရီပြီးပြောတယ်။ နိဗ္ဗာန်ယာဉ်ကားနဲ့ သူပွတ်တိုက်မိခဲ့တယ်။ ဘာမှ ဒဏ်ရာတော့ ရမသွားဘူး။ ကားဆရာက ကိုဖိုးထောင်ကို နိမိတ်မကောင်းဘူးလို့ဆိုပြီး သူ့ကို ဘုရားသွား ပန်း၊ ရေချမ်း ကပ်လှူဖို့ ပိုက်ဆံ ငါးထောင်တန် တစ်ရွက်ကို ဘုရားသွားဖို့ဆိုပြီးပေးခဲ့တယ်။ သူက အယူမရှိဘူး။ ယုံလဲ မယုံဘူးဆိုပြီး ကားဆရာပေးတဲ့ ပိုက်ဆံ ငါးထောင်ကို အရက်သောက်ပစ်လိုက်တယ်လို့သူရီပြီးပြောပြနေတယ်။ ဒါကို သူက ရီစရာလားလို့ထင်နေတော့ အဖေကလဲ ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့လုပ်နေခဲ့တယ်။ မကြာပါဘူး ။ညနေကြားလိုက်ရတဲ့ သတင်းက ကိုဖိုးထောင် တစ်ယောက် အရက်မူးပြီး ကလေးတွေနဲ့ ကစားရင် လမ်းထိပ် ဗန်ဒါပင်အပေါ်က ပြုတ်ကျလို့ဆုံးပြီးတဲ့။ ထူးဆန်းလိုက်တာ သူပြုတ်ကျတဲ့လမ်းထိပ်ဗန်ဒါပင်ဟာ အများဆုံးမြင့်မှ ၇ ပေပေါ့။ အဲ့ပင်အပေါ်က ပြုတ်ကျတာနဲ့သူအသက်ပါ ပါသွားခဲ့တယ်။ နာရီဝက်လောက်ကြာမှ သူသေနေမှန်းသိခဲ့ရတာ။ ကလေးတွေကို မူးပြီး နောက်နေတယ် ထင်လို့ ဘယ်သူမှ သွားမကြည့်ဖြစ်ခဲ့ဘူး။ တစ်ရပ်ကွက်လုံး ကိုဖိုးထောင်နားရေးကို စည်စည်ကားကားလုပ်ပေးခဲ့ပါတယ်။ အားလုံးလဲ ကိုဖိုးထောင်ကို သတိတရ ရှိနေတော့တာပေါ့။ နိဗ္ဗာန်ယာဉ်ကားနဲ့သူတိုက်မိခဲ့တာကို တစ်ချို့တစ်လေက မြင်ခဲ့ကြတယ်။ ဒါကြောင့် ဖိုးထောင်တစ်ယောက် သေရတယ်လို့ပြောကုန်ကြတာပေါ့။ တစ်လပြည့် ဆွမ်းလဲ အလှူလုပ်ပေးခဲ့ပါတယ်။ ညနေဆောင်းဆို သူနဲ့ဆော့နေကြ ကလေးတွေက ကိုဖိုးထောင် နမည်ကို အော်အော်ပြီး ကစားကြတယ်။ ၃ ၄ နှစ်သား ကလေးလေးတွေဆို ဦးဖိုးထောင်ကြီး ဟိုးမှာလို့ တစ်ခါခါပြောတော့ လူကြီးတွေက ဖိုးထောင် တစ်ယောက် မကျွတ်သေးဘူးလို့ ပြောကြတယ်။ အဲ့လိုနဲ့ပိုဆိုးလာတာက မိုးတွင်းဘက် မုန့်ဖတ်ထုတ်ရောင်းတဲ့သူတွေပြောတာ လမ်းထိပ် အုပ်ခုံမှာ လူတစ်ယောက်ထိုင်နေတာ အမြဲတမ်း တွေ့တယ်လို့ပြောကြတယ်။ တစ်ခြားရပ်ကွက်က ညဘက်ဈေးသည်တွေဆို ဖိုးထောင် ဆေးလိပ်မီး တောင်းညှိတာတို့ ဆေးလိပ်တောင်းသောက်တာတို့ လုပ်တယ်လို့ ကျွန်တော်တို့ ရပ်ကွက်မှာ သတင်းထွက်လာခဲ့တယ်။ တစ်ည ကျွန်တော်တို့ မိသားစု အားလုံးအိပ်ပျော်နေခဲ့တယ်။ အဲ့ညမှာပဲ ခြံထဲကနေ အုတ်နံရံကို ထုလိုက်တဲ့အသံက အိပ်မောကြနေတဲ့ ကျွန်တော်တို့မိသားစု နိုးသွားတဲ့အထိပါပဲ။ အသံကြားတာနဲ့အဖေရယ် ကျွန်တော်ရယ် အောက်ဆင်းတော့ ကျွန်တောတို့ အိမ်အုတ်နံရံအပ်ကွဲသွားတာကို တွေ့ရတာပဲ။ ဘာကြောင့်မှန်းတော့ ကျွန်တော် မသိခဲ့ဘူး။ ဒီလောက် အကြောင်းမရှိပဲ အုတ်နံရံအပ်ကွဲတာ တွေ့တာတောင် အဖေကသွေးအေးအေးနဲ့ ကျွန်တော့ကို ပြန်အိပ်ဖို့ပြောတယ်။ ကျွန်တော်လဲ အတွေးပေါင်းဆုံနဲ့ပြန်အိပ်လိုက်တာပေါ့။ မနက် အဖေကအမေ့ကို ညကအကြောင်းပြောတာ ကြားတော့ ကျွန်တောလဲ အနားမှာ သွားထိုင်လိုက် ။ အခုမှပဲ သိတော့တယ်။ အဖေ နယ်ကယူလာတဲ့ ဂမုန်းက ဘီလူးဂမုန်းတဲ့။ ညက ကိုဖိုးထောင် အိပ်ထဲကို လာမလို့အလုပ်မှာ အဖေခြံစောင့်ထားတဲ့ ဘီလူးဂမုန်းအစောင့် ဘီလူးက မဝင်ခိုင်းဘူးတဲ့။ ဘီလူးဂမုန်းကိုလဲ အဖေက ခြံထဲက ခြံပြင်မထွက်ရဘူးလို့ အမိန့်ပေးထားတယ်။ ဂမုန်းစောင့်က ဖိုးထောင်ကို အိမ်ထဲဝင်ခွင့်မပေးတော့ ခြံပြင်ကနေ သရဲဖိုးထောင်က ဂမုန်းအစောင့် ဘီလူးကို ပုံစံအမျိုးမျိုးနဲ့ စိတ်ဆိုးအောင် လုပ်ပါလေရော။ ဂမုန်းအစောင့် ဘီလူးက ခြံထဲကလဲ ထွက်ခွင့်မရှိ ။ ဖိုးထောင်ကလဲ သူ့ကို စိတ်ဆိုးအောင် စနေတော့ ဖိုးထောင်ကို မလုပ်ရလို့ ဆိုပြီး အိမ်အုတ်နံရံကို သူရိုက်လိုက်တာတဲ့။ ဒါကြောင့် အုပ်နံရံအပ်နေတာလို့ အဖေကပြောတယ်။ အဖေပြန်အိပ်တော့ သူ့ဂမုန်းဘီလူးက အိပ်မက်လာပေးပြီး ပြောလို့ သူလဲ သိခဲ့တာလို့ပြောတယ်။ တကယ့်ကို ဖြစ်ရပ်ဆန်းပါပဲ။ နောက်တစ်ခုရှိသေးတယ်။ အဖေစိုက်ထားတဲ့ အဲ့ဂမုန်းအပင်နားကို သူများခြံက ကြက်တွေ ဘဲတွေ ငှက်တွေ တိရိစ္ဆာန် ပေါင်းစုံမှန်သမျှ အဲ့ဂမုန်းပင်နားရောက်ရင် သူဖာသာသူ သေသေနေတာ တွေ့ရတယ်။ ဒါကတော့ ကျနော့မျက်စိနဲ့ကို သေချာမြင်ဘူးခဲ့တာ။ ထူးဆန်းတဲ့ဂမုန်းဘီးလူးပါပဲ။ အဲ့လိုဖြစ်တဲ့နေကစပြီး တစ်ရပ်ကွက်လုံး ဖိုးထောင်ကို လမ်းမှာ အမျှပေးအလှူ ထပ်လုပ်ပေးပြန်ခဲ့တယ်။ အားလုံး တရားနာနေစဉ်မှာ ဖိုးထောင် ကောင်လေးတစ်ယောက်ကို ဝင်းပူးပြီးပြောတယ်။ သူလမ်းကို သံယော်ဇဉ်ရှိတဲ့အကြောင်း၊ သူသေရတာ နောက်ကျောကို အထုခံရပြီး ပြုတ်ကျသေခဲ့ရကြောင်း လူတွေကိုလဲ သူခင်လို့စတာပါတဲ့။ သူခြောက်တာ မဟုတ်ပါဘူးလို့ ဝင်ပူးပြီးပြောပါလေရော။ အဖေက ဘုန်းကြီးတွေကို ခွင့်တောင်းပြီး အိမ်အုတ်နံရံကွဲသွားရတဲ့အကြောင်းမေးတော့ ကျွန်တော်တို့ မိသားစုကို သူသတိရလို့အိမ်ကိုလာတယ်တဲ့ ဒါပေမယ့် မည်းမည်းအကောင်ကြီးတစ်ကောင်က ပေးမဝင်လို့ဆိုပြီး သူ စနောက်ခဲ့ပါတယ်လို့ဖြေတယ်။မည်းမည်းအကောင်ကြီး ဒေါသထွက်မှ အိမ်ရှေ့ကနေ သူပြန်သွားတာလို့ပြောတယ် သိပ်ကို အံ့သြမိတယ်။ ဒီလိုဖြစ်ရပ်ကို အိပ်မက်ထဲမှာ ဘီလူးဂမုန်းက အဖေ့ကို လာပြောတာလို့ အဖေပြောတုန်းက သိပ်ပြီး မယုံခဲ့ဘူး။ လမ်းမှာ ဘုန်းကြီးတွေ ပရိတ်ရွက်နေတုန်း ဖိုးထောင် ဝင်ပူးပြီးပြောတော့မှပဲ အသေချာကို ယုံကြည်မိတော့တယ်။ အဲ့ဂမုန်းကိုလဲ ကြာရင်အန္တရယ် ရှိနိုင်တယ်ဆိုပြီး အဖေတစ်ခြားတစ်နေရာကို စွန့်လိုက်တော့တယ်။

ကိုဖိုးထောင်ကြီး ကောင်းရာ မွန်ရာ ရောက်ပါစေ။
*****************************
စာရေးသူ- ထီးကလေး
စာရေးသူ- ထီးကလေး

No comments:
Post a Comment