လိုက်သူများနှင့်
တစ္ဆေကိုက်တဲ့ အိမ်ကြီး
( ခြံအမှတ် ၆၆ )
အပိုင်း ( ၆ )
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
ယခု ရေးသားတင်ပြမှာက
ကျွန်တော်ရဲ့ ဖြစ်ရပ်အမှန်ဆုံး ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီဇာတ်လမ်းဟာ ဒဏာရီလဲမဟုတ် ပုံပြင်လဲမဟုတ်ပါ။ နှလုံးသားကို အရင်းပြုပြီး ရရှိခဲ့တဲ့ နှလုံးသားကုန်ကြမ်းတွေနဲ့ ဖွဲ့စီးထားပြီး ချွေးစက်တွေနဲ့ ရေးသားထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
ကျွန်တော့ကိုသိပ်ချစ်ခဲ့တဲ့ တစ်ချိန်က ကျွန်ုတော့ချစ်သူလဲ ဒီဇာတ်လမ်းလေးကို ဖတ်မိပါစေ။ သူငယ်ချင်းများလဲ ဖတ်မိပါစေ။
ကျွန်တော့ရဲ့ အကြောင်းဆိုတော့ ဒီဇာတ်ထဲမှာ ကျွန်တော်က ဇာတ်လိုက်မင်းသားပေါ့လေ။ အဲ့ … သို့ပေမယ့် တစ်ခြား ဝတ္တူတွေအထဲက ဇာတ်လိုက် မင်းသားတွေလို အရပ်က ၆ပေ ။ ခန္ဓာကိုယ် ထွားထွားကြိုင်းကြိုင်း ။ မျက်ခုံးကောင်းကောင်း ။နှာတံပေါ်ပေါ် ။အသားဖြူဖြူ ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် အဲ့ဒီလို ဇာတ်လိုက်မင်းသား ပုံစံမျိုးတော့ မဟုတ်ဘူးဗျ။ ကျွန်တော်ပုံစံက အရပ် ၅ပေ၆လက်မ။ လူက ခပ်ပိန်ပိန် ။မျက်ခုံးက မကောင်း။ နှာတံက မပေါ်။ အသားက ခပ်ညိုညို။ ပြောရရင် အသားမည်းတယ်ပေါ့။ ။
ဒါပေမယ့် တစ်ခုတော့ရှိတယ်ဗျ။ အခုခေတ် မိန်းကလေးတော်တော်များများ ကြားမှာ ရေပန်းစားနေတဲ့ ရုပ်ရှင်မင်းသား တစ်ယောက်နဲ့တော့ ခပ်စင်စင်လို့ ပြောကြတာပဲ။ အဲ့ဒီလိုပြောလို့ မရယ်နဲ့ဗျို့။ကျုပ်ကညိုချောဗျ ငိုပြောတာတောင် ရတာမဟုတ်ဘူး။ ငိုပြောခဲ့ဘူးတဲ့ ကောင်မလေးတွေ သိတာပေါ့လေ။ အဲ့ဒါတကယ် ပြောတာ။ ထားပါတော့ … …
နိဒါန်းသွယ်တာ နည်းနည်းများသွားပြီးဆိုတော့ ကျွန်ုပ်ရဲ့ ဘဝအကြောင်းလေးကို စလိုက်တော့မယ်ဗျာ။
စာရေးသူ-ထီးကလေး
(သိပ်ချစ်တတ်သည့် နှလုံးသားအား အရင်းပြု၍ ရင်နှင့်ရင်း၍ရေးသားသည်။)
အဖေ အမေ
သားအိမ်ပေါ်က ခဏလေးဆင်းမယ်။ သားဟာ တစ်ကောင်ကြွက်ဘဝကို ခဏလေးအလည်သွားချင်လို့ပါ။
**********************************
ဟဲ့ကောင်လေး ထစမ်း ညကျရင်တော့ စောစောသေဆိုတာ မသေဘူး မနက်ကျရင်တော့ မထတော့ဘူး သောက်လုပ်ကျတော့ မယ်မယ်ရရ ဘာမှ မလုပ်ချင်ဘူး ဆန်ကုန်မြေလေး အိမ်ပေါ်ကဆင်း…
မနက်တိုင်းပါပဲဗျာ။ အမေက ကျွန်တော့ကို အခုလိုတွေဆူတယ် ။ အဖေက ကျွန်တော် ငယ်ငယ်လေးတည်းက ဆုံးသွားခဲ့ပြီး အမေက နောက်ယောက်ျားယူထားတယ်။ ဖထွေးက အမေ့ဆီမှာ ကျွန်တော် နေတာ သူက ဘဝင်မကျဘူး။ သားအမိနှစ်ယောက်ကို အမြဲ ရန်တိုက်ပေးတယ်။ စာရေးတာကို ဝါသနာပါတဲ့ ကျွန်တော်က ညဥ့်နက်တဲ့ အချိန်မှာ စာရေးလေ့ရှိပြီး မနက်ဆို တစ်ခါမှ စောစောမနိုးဘူး။ ဒီအချက်ကို ဖထွေးက အကြောင်းပြပြီး အိမ်ပေါ်ကနေ ကျွန်တော့ကို ဆင်းခိုင်းနေပြီ။ အမေကလည်း ကျွန်တော့ဘက်က တစ်ခါမှ မရပ်တည်ပေးဘူး။ နေ့တိုင်းလိုလို ကျွန်တော့ကို အိမ်ပေါ်ကနေ နှင်ချတယ်။ ဖထွေးကလည်း မူးလာရင် အေးအေးဆေးဆေး နေတဲ့ ကျွန်တော့ကို ကြည့်မရဘူး။ ပြသနာ အမြဲရှာတယ်။ ပြသနာဖြစ်လာရင် အမေက ဖထွေးဘက်က ရပ်တည်တယ်။ကျွန်တော့ကို ထုရိုက်ပြီးအိမ်ပေါ်ကသာ နင်ချနေတော့တယ်။ တစ်နေ့တစ်နေ့ ကျနော့ဆီမှာ စိတ်ညစ်စရာတွေနဲ့ ပြည့်နှပ်နေခဲ့တဲ့ အချိန်တွေကိုသာ ကျော်ဖြတ်နေခဲ့ရတယ်။ စာရေးတာကို ကျွန်တော် ဝါသနာပါတယ် အမေက ကျွန်တော့ကို
အပိုတွေ မလုပ်စမ်းပါနဲ့အေ သွား အိမ်မှာ ဆန်ကုန်နေပြီ ဟိုဘက်လမ်းမှာ ပန်းရံသွားလုပ်ချည် နင်လိုကောင်မျိုး ဆရာရေးဆရာဖြစ်မယ်ဆိုရင် တစ်ခြား ဆရာရေး ဆရာတွေ ထမင်းငတ်ကုန်ပါဦးမယ် ဟားဟား
အမေကလည်း သားကိုယ်သား ယုံကြည်တယ် သားကို ပံ့ပိုးပေးပါလား အမေ သားအစွမ်းကုန် ကြိုးစားပြီးတော့ အမေ့ကို တစ်ခါပြန်လုပ်ကျွေးပါ့မယ်
တော်စမ်းပါဟယ် သွားသွား ငါပြောသလိုသာ ပန်းရံသွားလုပ်တာမှ ငါ့အတွက် ဈေးဖိုးလေး ခုမိဦးမယ် ဘာစာရေးတာလဲ အလကား အရူးအလုပ်တွေ သတ်သတ် အချိန်ကုန်တယ်…
ပံ့ပိုးပေးဖို့ မပြောပါနဲ့ အမေပြောတဲ့ စကားလုံးတွေက ကျွန်တော့ အတွက် စ်တ်ဓာတ်ကျစရာ စကားတွေချည်းပါပဲ။တစ်နေ့ ပထွေးက မနက်စောစော ကျွန်တော် အိပ်နေတာကို ရေတွေနဲ့ မျက်နှာပေါ်လာ လောင်းချလိုက်တယ်။ အိပ်နေတဲ့ ကျွန်တော် လန့်သွားပြီး အတင်းထလိုက်တော့ ညက တစ်ညလုံးရေးထားတဲ့ ဇာတ်လမ်းစာမူတွေ အားလုံး ရေဆိုပျက်စီးကုန်ပြီ။ စိတ်ဆိုးဆိုးနဲ့ ပထွေးနဲ့ ကျွန်တော် အကြီးအကျယ် ပြသနာဖြစ်ပြီး အမေနှင်ချတာနဲ့ အိမ်ပေါ်ကနေ အပြီးဆင်းလားခဲ့တယ်။ အမေ့အိမ်မှာ ဆက်နေရင် ကျွန်တော် လူသတ်မှု့ကျူးလွန်မိတော့မယ်ဆိုတာ သိနေပြီး။ အမေကလဲ အိမ်ပေါ်ကနှင်ချတော့ ဘာပြောကောင်းမလဲ ကျွန်တော်ဆင်းလာခဲ့တယ်။
နယ်ကနေ တစ်ပြားမှ မရှိပဲ ရန်ကုန်ကို တတ်လာခဲ့တယ်။ မိုးလေးတစ်ဖွဲဖွဲကျနေတဲ့ အချိန်ကာလဆိုတော့ တည်းခိုစရာ နေရာကလည်းမရှိ အသိမိတ်ဆွေကလည်းမရှိ ဆိုတော့ ဘယ်နေရာကို သွားရမှန်းကိုမသိတော့ဘူး။ ဒါနဲ့ပဲ ဘုန်းကြီးကျောင်းဆီ ဦးတည်ပြီး ရောက်သွားခဲ့တယ်။ ကျောင်းကြီးကတော့ ခန့်ခန့်ညားညားကြီး ကျောင်းဝန်းကလည်း တော်တော်လေးကျယ်တယ်။ ကျောင်းထိုင်ဘုန်းကြီးကို ကျွန်တော့ ဘဝအကြောင်း အကုန်ပြောပြီး နေစရာမရှိသေးခင် အချိန်ထိ ဒီကျောင်းမှာ ဘုန်းကြီး ကျောင်းသားအဖြစ်နဲ့ နေပါရစေလို့ လျောက်တင်လိုက်တယ်။ ဘယ်လိုပြောရမလဲ သူတော်ကောင်းမလို့ နတ်ကောင်းက မလေသလား။ ကျောင်းမှာ ဘုန်းကြီးကျောင်းသား လိုနေတဲ့ အချိန်ကြောင့် ကျောင်းထိုင်ဘုန်းကြီးက ကျွန်တော့ကို နေခွင့်ပြုလိုက်တယ်။ ကျွန်တော်နေရတဲ့ အဆောင်က ကျောင်းရဲ့ ညာဘက်ဒေါင့် သီးသန့် အဆောင်တစ်ဆောင် အသုံးဆောင်ပစ္စည်းတွေကလဲ လိုလေသေးမရှိ အိပ်ယာ စောင် ခေါင်းအုံး ဖျာ အစစအရာရာ ပြောစရာမရှိအောင် ပြည့်စုံနေတယ်။ ကျွန်တော် ကျောင်းစရောက်တဲ့ ညကပဲ စောစောအိပ်မယ်ဆိုပြီး ဘုန်းကြီးကို ချေဆုပ်လက်နယ် နင်းနှိပ်ပေးပြီး ကိုယ့်အဆောင်လေး ကိုယ်ပြန်လာခဲ့တယ်။
အဆောင်ထဲကို ဝင်လိုက်တည်းက ကျွန်တော်နဲ့ အတူ တစ်ခြားတစ်ယောက် အတူတူရှိနေတဲ့ ခံစားမှု့မျိုး ခံစားလိုက်ရတယ်။ သူ့ရဲ့ အနံ့သတ်လို့ ဆိုရမလား အနံတစ်ခုလည်း ရတယ်။ အသင့်ရှိနေတဲ့ ကုတင်းပေါ်မှာ လဲမအိပ်ခင် ခဏထိုင်နေလိုက်ပြီး အသက်ခပ်ပြင်းပြင်းရှုရှိုက်လိုက်တယ်။ နောက်ကျောကနေ လူတစ်ယောက် ရိုက်လိုက်လေသလားပဲ ကျွန်တော် အရှေ့ငိုက်စိုက်ကျလာခဲ့တယ်။
ဘာဖြစ်တာတုန်း ငါ့ကို ဘယ်သူ ရိုက်လိုက်တာလဲ
နှုတ်က ရည်ရွတ်ရင်း ဟိုဒီလိုက်ကြည့်နေမိတယ်။ သို့ပေမယ့် အခန်းထဲမှာ ရှိနေတာက ကျွန်တော် တစ်ယောက်တည်း။ ဒါနဲ့ ရေးခဲ့ပြီးတဲ့ စာမူတွေ ပြန်ဖတ်မလို့ ကုတင်းပေါ် မှောက်လျက် အိပ်နေစဉ်မှာပဲ တစ်ယောက်ယောက် ကျွန်ုပ်ကို တွန်းချလိုက်လေသလား။ ကုတင်းပေါ်ကနေ လိမ့်ကျသွားခဲ့တယ်။ သေချာပြီ ဒါသွေးရိုးသားရိုး လုံးဝမဟုတ်ဘူး သရဲခြောက်နေတာများလား
သရဲလား ဒါဆို ကျုပ်ကို မခြောက်နဲ့ဗျာ ကျုပ်က တောသားဗျ မကြောက်တတ်ဘူး ခင်ဗျား ခြောက်လို့ ကျုပ်မှာ သွားစရာ နေရာလဲ မရှိဘူး ဒီမှာပဲ ပေကပ်ပြီး နေရမှာပဲ ဟူး…
ဒီလို ညည်းထွားပြောနေစဉ်မှာပဲ ကုတင်းအပေါ်က ရေးပြီးသား စာမူ စာရွက်တွေက လေမတိုက်ပဲ လွှင့်ကျကုန်တယ်။
ဟာ ဟေ့ ဒါတွေကိုတော့ မထိနဲ့ ကျုပ်အသက်နဲ့ ထပ်တူ တန်ဖိုးထားတဲ့ စာတွေနော် ခင်ဗျား မကျေနပ်ရင် ကျုပ်ကို ကြိုက်သလောက် ခြောက် ဒီစာတွေကိုတော့ မထိနဲ့
စာမူတွေ အောက်ကို လွင့်ကျကုန်တော့ တစ်ယောက်တည်း စိတ်ဆိုးဆိုးနဲ့ ကျွန်တော်ပြောလိုက်တယ်။ လွှင့်ကုန်တဲ့ စာရွက်တွေကို လိုက်ကောက်ပြီး ကုတင်းပေါ် ပြန်တင်လိုက်တယ်။အဲ့ဒီအခါကျတော့ တစ်ရွက်ခြင်း လွှင့်စင်ခြင်းမရှိပဲ အစုလိုက် အောက်ကို ပစ်ချလိုက်သည် အလား ပြုတ်ကျကုန်သည်။
သြော် သိပြီ သိပြီ ဒါခင်ဗျား ကုတင်လား ခင်ဗျား မကြိုက်ရင်လဲ ကျုပ် မတင်တော့ဘူး အိပ်လဲ မအိပ်တော့ဘူး ဟုတ်ပြီလား ကျုပ် ဒီဘေးမှာပဲ အိပ်တော့မယ် ကျုပ်ကိုတော့ မနှောက်ယှက်ပါနဲ့ဗျာ ကျုပ် သွားစရာနေရာမရှိလို့ပါ
သူငယ်ချင်းပမာ ကျွန်တော် မမြင်နိုင်သည့် ထိုအရာအား ပြောဆို တောင်းပန်လိုက်သည့်နောက် နှောက်ယှက်ခြင်းများ မရှိတော့ပဲ တိတ်ဆိတ်ငြိမ်သတ်လျက် ကျွန်ုပ်ကောင်းစွာ အိပ်ပျော်သွားချေတော့သည်။
မနက် လင်းသည်နှင့် ကျောင်းတွင် လိုအပ်သည့်အလုပ်များအား ဝိုင်းဝန်းလုပ်လျက် ကျောင်းထိုင်ဘုန်းကြီး နေ့ဆွမ်းစားပြီးသည့်နှင့် ကျွုန်ပ်အား ခေါ်ဆောင်သည့်ကြောင့် ကျောင်းပေါ်သို့ တတ်ရောက်သွားခဲ့တယ်။
ဒကာလေး ညက ကျောင်းမှာ အိပ်ရတာ အဆင်ပြေရဲ့လား
တင်ပါ့ဘုရား တပည့်တော် အဆင်ပြေပါတယ်
ဟေး ထူးထူးဆန်းဆန်းပါလား တစ်ခြား ဒကာတွေပြောကြတာတော့ အဲ့အဆောင်မှာ သရဲခြောက်တယ်ဆိုလားပဲ ဒကာလေးကျတော့ မခြောက်ခံရဘူးလား
ခြောက်လဲ မတတ်နိုင်ဘူး အရှင်ဘုရား ပေကပ်ပြီပဲ နေရတော့မှာပဲ တပည့်တော်မှာ သွားစရာနေရာမှ မရှိတာ
အေးကွယ် မေတ္တာလေးပို့ပေးပေါ့ ဒကာလေးလည်း ကျောင်းမှာ ပျော်သလောက်နေပါ ဘုန်းကြီး ခွင့်ပြုပါတယ် ရှေ့လတည်းမှာ ကျောင်းတွေ ဖွင့်တော့မယ်လို့ကြားတယ် … ကျောင်းရော အပ်ပြီးပြီလား
တင်ပါ့ဘုရား တပည့်တော်မှာ
သိပြီး သိပြီ အဲ့ဒီအတွက်တော့ ဘာမှ မပူနဲ့ ပညာဓာနဖြည့်တဲ့အနေနဲ့ ဒကားလေးကို ဘုန်းကြီးကျောင်းအပ်ခ လှူမယ်
ကျေးဇူးတင်ပါ ဘုရား
ကျွန်တော် ဓာတုဗေဒ ပထမနှစ်ဖြေပြီးတော့ အောင်စာရင်းထွက်လာခဲ့တယ် ။ ကျွန်တော်အောင်တယ် သို့ပေမယ့် အိမ်ပေါ်က အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ ဆင်းလာတာဆိုောတ့ ပိုက်ဆံကမရှိဘူး။ကျောင်းထိုင်ဘုန်းကြီးက ကျွန်တော့ကို အရမ်းချစ်တယ်။ ကျောင်းအပ်ခ သူလှူမယ်လို့ ပြောတော့ ကျွန်တော်ဖြင့်ဗျာ ဘွဲ့ရအောင် အရင်လုပ်ပြီး ကျွန်တော့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဇာတ်ညွှန်းရေးဆရာ နိုင်ငံကျော်စာရေးဆရာတစ်ယောက် ဖြစ်အောင် ကျွန်တော် အစွမ်းကုန်ကြိုးစားမယ်လို့ ရည်မှန်းထားခဲ့တယ်။
ဒါနဲ့ဘုန်းကြီကို ဦးချနှုတ်ဆတ်ပြီ်း ကိုယ့်အဆောင်ကိုယ် နေ့လည်ခင်း ပြန်ရောက်လာခဲ့တယ်။ အဆောင်တံခါးဖွင့်လိုက်တာနဲ့ လူရိပ်လူယောင် တစ်ခု တွေ့လိုက်ရသလိုပဲ ရိပ်ခနဲ ကျွုန်တော့အရှေ့ကနေ ပျောက်ကွယ်သွားခဲ့တယ်။ နေ့လည်ခင်းဆိုတော့ ဘုန်းကြီးကျောင်းမှာအလုပ်မရှိသေးဘူး။ ဒါနဲ့ဇာတ်လမ်းတစ်ပုဒ်ကို အကောင်ထည်ဖော်ရေးမလို့ ဘုန်းကြီးပေးလိုက်တဲ့ ကော်ဖီ အထုတ်လေးကို ဖျော်ပြီး အနီးနားက စားပွဲခုံပေါ်မှာ တင်ထားလိုက်တယ်။ အိတ်ထဲက စာရွက်နှဲ့ဘောပင်ကို ထုတ်လိုက်တယ်။ နောက် ခုံပေါ်မှာရှိနေတဲ့ ကော်ဖီခွက်က ကျွုန်တော်တင်ထားတဲ့ ခုံပေါ်မှာရှိမနေပဲ ခုံအောက်ရောက်နေခဲ့တယ်။
ဟာဗျာ ဒါလည်း ခင်ဗျား ခုံပဲလား ဘာလို့ ကျုပ်ခွက်ကို အောက်ချထားရတာလဲ စိတ်ချပါဗျာ နောက်တစ်ခါ ကျုပ် စဉ်ချင်ပါ့မယ် ဒီတစ်ခါတော့ ခွင့်လွတ်ပေး ဟုတ်ပြီလား
( အရေးသားချိန်းလိုက်ပါတယ်။)
ထိုသို့ ပြောပြီး ကြမ်းပြင်အပေါ်မှ ကော်ဖီခွက်လေးအား တစ်ခြားနေရာတွင် တင်ထားလျက် စာရေးမည်လုပ်စဉ်တွင် ကျွန်ုပ်၏ အိပ်ချင်စိတ် ဖြစ်ပေါ်လာသော မျက်လုံးတို့အား ထိန်းချုပ်မရ ထိုင်ခုံလေးပေါ်မှာသာ မှောက်လျက် အိပ်ပျော်သွားချေတော့သည်။
ဟင် ခင်ဗျားဘယ်သူလဲ
အောင်မာ မင်းကများ လာမေးနေရတယ်လို့ ဒီအခန်းမှာ ငါနေလာတာ ကြာလာပြီ ဒါငါ့အခန်း
ဒါ ခင်ဗျား အခန်းဟုတ်လား ဒါဆို သရဲလို ခြောက်နေတာ ခင်ဗျားပေါ့ ဟုတ်လား
မဟုတ်ဘူး ငါတစ်ခါမှ မခြောက်ဘူး ငါ့ပစ္စည်းတွေကို မင်းက ထိတော့ ငါက မထိနဲ့လို့ သတိပေးတာ အဲ့ဒါ ခြောက်တာ မဟုတ်ဘူး
ဘာ ဒါဆို ဒီကုတင်းနဲ့ ဒီတစ်ခန်းလုံးမှာ ရှိနေတာ ခင်ဗျား ပစ္စည်းတွေပေါ့လေ ဟုတ်လား
ဟုတ်တယ် ငါ့ပစ္စည်းတွေပဲ လွန်ခဲ့တဲ့ ၈ နှစ်လောက်တည်းက ဒီကျောင်းမှာ ကပ္ပိယလုပ်ပြီး နေလာတာ နောက်တော့ ငါအပြင်းဖျားပြီး သေသွားခဲ့တယ်
ဒါဆို ခင်ဗျားက သရဲဖြစ်နေတာလား ဘာလို့ မကျွတ်သေးတာလဲ
ဒါတော့ ငါလဲ မသိဘူး နေပါဦး ဒါနဲ့ မင်းက ငါ့ကို မကြောက်ဘူးလား တစ်ခြားသူတွေဆို ငါတစ်ခါပဲ ခြောက်ရတယ် လန့်ပြီး ပြေးတာပဲ ပြီးတော့ မင်းကို ငါခင်တယ် မင်းကြောက်အောင် ငါမခြောက်ရက်ဘူး ဖြစ်နေတယ်
ခင်ဗျား ကျုပ်ကို စခြောက်တုန်းကတော့ ကြောက်တာပေါ့ဗျ ဒါပေမယ့် ကျုပ်မှာ သွားစရာ နေရာမှ မရှိတာ ကြိတ်မှိတ်ပြီး နေရတာပေါ့
ဟားဟား ငါလဲ သွားစရာနေရာမရှိတာနဲ့ ဒီအဆောင်မှာ နေလာတာ ရှစ်နှစ်ကျော်နေပြီ ဒါနဲ့ မင်းက စာရေးဆရာလား
စာရေးဆရာတော့ မဟုတ်ပါဘူးဗျာ စာရေးဆရာဖြစ်အောင် ကြိုးစားနေတာ အခု အိမ်ပေါ်က နှင်ချခံရပြီး ဘုန်းကြီးကျောင်း ရောက်လာတာပဲ
ဟင် အေး ကောင်းတယ် မင်းစာရေးတာကိုတော့ ငါအားပေးတယ် အခုဘာဇာတ်လမ်းတွေ ရေးလဲ
အခုတော့ အချစ်ဇာတ်လမ်းတွေ ရေးတယ်ဗျ
မကောင်းဘူး မရေးနဲ မင်းရေးချင်ရင် ဝိဥာဉ်ဇာတ်လမ်းတွေရေး ငါကူညီမယ်
ဟင် ခင်ဗျားက ဘယ်လို ကူညီမှာလဲ
ဒီလိုလေကွာ ငါက အခု ဝိဥာဉ်ဆိုတော့ ဝိဥာဉ်လောက အကြောင်းကို သေချာသိတယ် ဒီတော့ ငါပြောပြတဲ့ ဇာတ်လမ်းတွေကို မင်းက ပုံဖော် ဘယ်လိုလဲ
မဆိုးဘူးဗျ ကောင်းသားပဲ ကျုပ်ရေးပြီးသား ဇာတ်တွေ ခင်ဗျား ဖတ်မလား
ငါတို့ ဝိဥာဉ်တွေက စာရွက်ပေါ်က စာတွေကို မတွေ့နိုင်ဘူးကွ
ဟင် ဟုတ်လား ခင်ဗျား တကယ်ပြောနေတာလား ဘယ်လို မတွေ့နိုင်တာလဲ
ဟုတ်တယ် အထူးသဖြင့် အဖြူရောင်တွေဆို ပိုဆိုးတယ် ငါ့မျက်စိထဲမှာ ကျိန်းစပ်နေတာပဲသိတယ် မင်းမရှိတဲ့ အချိန် မင်းစာရွက်တွေကို ငါကြည့်သေးတယ် ဒါပေမယ့် ဘာမှ မမြင်ရတာနဲ့ ဒီတိုင်းပြန်ထားလိုက်တာ
ထူးဆန်းလှချည်လား ခင်ဗျားပြောမှပဲ ကြားဘူးတော့တယ် ဟုတ်ပြီဗျ ခင်ဗျားပြောသလို ဝိဥာဉ်ဇာတ်လမ်းတွေ ကျုပ်ရေးမယ် ခင်ဗျားကျုပ်ကို ကူညီပေး
စိတ်ချ မင်းသာကြိုးစား ကြိုးစားရင် ဘာမှဆိုဖြစ်ရမယ် မင်းကို ငါတတ်နိုင်တဲ့ ဘက်က ကူညီပေးမယ်
ကျေးဇူးပါပဲဗျာ ကျေးဇူးပါပဲ
ကျွန်ုပ်အိပ်မက် မက်နေတာလား။ ဟုတ်တယ် ။ ဒါဟာ အိပ်မက်။ သို့ပေမယ့် မြင်ရတဲ့ အိပ်မက်။ ဟုတ်တာပေါ့ ဒါဟာမြင်ရအိပ်မက်။ စားပွဲခုံးပေါ်မှာ ကျွန်ုပ်အိပ်ပျော်သွားခဲ့တယ်။ အရပ်ပုပု အသားဖြူဖြူ တရုတ်ပုံစံမျိုးနဲ့ ဦးလေးတစ်ယောက်ရောက်လာပြီး ကျွန်ုပ်နဲ့ စကားတွေ ပြောဖြစ်လိုက်တယ်။ အခု ခုံပေါ်မှာ အိပ်ပျော်နေရာကနေ ညင်ညင်သာသာလေးနိုးလာခဲ့တယ်။ ဘေးပတ်ပတ်လည်ကို လိုက်ကြည့်လိုက်တယ်။ ဘယ်သူမှ မရှိဘူး ကျွနိုပ်တစ်ယောက်တည်း။ မျက်မှောင်ကို ကျုတ်လိုက်တယ်။ နှုတ်ခမ်းကိုစေ့ထားပြီး ကျွန်ုပ်တွေဝေနေမိတယ်။
ဦးလေး
ဟင် ဘယ်လိုဖြစ်တာလဲ ကျွန်ုပ်ပါးစပ်ကနေ ဦးလေးလို့ ရင်းရင်းနီးနှီးခေါ်မိလိုက်တယ်။ ဝိဥာဉ် တစ်ဦး တစ်ယောက်က ကျွန်ုပ်ကို ကိုယ်ထင်ပြပြီး စကားတွေ လာပြောသွားခဲ့တယ်။ အခုကျွနု်ပ်ရေးနေတဲ့ ဇာတ်လမ်းတွေက အချစ်ဇာတ်လမ်းတွေ အဲ့ဒီလူကြီးက ပြောတယ်။ ဝိဥာဉ်ဇာတ်လမ်းတွေရေး သူကူညီမယ်။ ကျွန်ုပ်အိပ်မက် မက်နေခဲ့တာလား။ တကယ်ပဲ အပြင်မှာ သူနဲ့ စကားတွေ ပြောလိုက်ရတာလား ။ ဝေခွဲမရဖြစ်နေတယ်။ အချိန်ကိုကြည့်လိုက်တော့ ညနေ၄နာရီထိုးနေခဲ့ပြီ။ ဘာမှတွေးမနေတော့ဘူး ထိုင်နေရာကနေ ထလိုက်ပြီး ဘုန်းကြီးရဲ့ ဝေယာဝစ္စတွေ လုပ်ပေးမလို့ ကျောင်းကြီးပေါ်ကို တတ်သွားခဲ့တယ်။ ဘုန်းကြီးခိုင်းတာတွေ အားလုံး လုပ်ပေးပြီးတော့ ညနေ၆ နာရီ ရှိနေခဲ့ပြီ။ နေ့ခင်းကအကြောင်းကို ကျွန်ုပ်သိချင်တာနဲ့ ဘုန်းကြီးကိုမေးကြည့်လိုက်တယ်
ဘုန်းဘုန်း တပည့်တော် အခုနေတဲ့ အဆောင်မှာ အရင်တုန်းက ကပ္ပိယတစ်ယောက်ယောက်များ နေခဲ့ဘူးသလား
နေခဲ့ဘူးတာပေါ့ဒကာလေးရ သူနာမည်က ကိုတင်အောင်တဲ့ လွန်ခဲ့တဲ့ ၈နှစ်လောက်က ငှက်ဖျားမိပြီး အပြင်းဖျားရင်း ဆုံးသွားခဲ့တာလေ
ဗျာ တင်ပါ့ဘုရား
ဘာဖြစ်လို့ဒကာလေးက မေးရတာလဲ
ဘာမှမဖြစ်ပါဘူးဘုရား တပည့်တော် သိချင်လို့ပါ။ တပည့်တော်ကို ခွင့်ပြုပါဦးဘုရား။ ခိုင်းစရာရှိရင် တပည့်တော်ကို ခေါ်လိုက်ပါ
ကောင်းပါပြီကွယ် ကောင်းပါပြီ
ကျွန်ုပ်ကိုဘုန်းကြီးက ပြုံးပြုံးကြီး ပြောပြနေခဲ့တယ်။ အချိန်က မှောင်လုနီးပါးဖြစ်နေပြီ။ ဒါဆိုရင် ကျွန်ုပ်နေ့လည်ခင်းက တွေ့ခဲ့ရတဲ့ လူကြီးနာမည်က တင်အောင်။ လွန်ခဲ့တဲ့ ၈နှစ်လောက်တုန်းက ငှက်ဖျားမိပြီး အပြင်းဖျားဆုံးသွားခဲ့တယ်။ ကျောင်းပေါ်ကနေ ဆင်လာတည်းက ကျွန်ုပ်အဆောင်အထိ အဲ့ဒီအကြောင်း စဉ်းစားရင် ဖြေးဖြေးချင်းလျောက်လာခဲ့တယ်။ အဆောင်ရှေ့လဲ ရောက်ရော ကျွန်ုပ်ခြေလှမ်းတွေ ရုတ်တရက်ရပ်တန့်သွားခဲ့တယ်။ အဆောင်ပေါ်ကို တတ်ဖို့ ကျွန်ုပ်ဝန်လေးနေခဲ့ပြီလေ။
နောက်တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် သူက ကျွန်ုပ်ကို ရန်ပြုတာမှ မဟုတ်ပဲ ။ အဲ့ဒီတော့ အဆောင်တံခါးကို ခပ်ဖြေးဖြေးလေး ဖွင့်လိုက်တယ်။
ဟင် … ခင်ဗျား
ဟုတ်တယ် ငါ့အကြောင်းတွေ မင်းဘုန်းဘုန်းဆီက သိလာရပြီမဟုတ်လား
ခင်ဗျားက ဝိဥာဉ်လား လူလား
ငါနေ့လည်က မင်းကိုပြောပြပြီးပဲ ငါသေသွားတာ ၈နှစ်ကျော်ရှိနေခဲ့ပြီ
ဗျာ ခင်ဗျားကို ကျုပ်အခုမျက်ဝါးထင်ထင်မြင်နေရတယ်လေ
ဟုတ်တယ် မင်းကိုငါခင်တယ် ငါကသက်တန်းရင့်နေတဲ့ ဝိဥာဉ်တစ်ဦးပဲ မင်းတစ်ယောက်ပဲ ငါကိုတွေ့နေရတာ လာပါ ဒီမှာလာထိုင် ငါ့ကိုမကြောက်နဲ့ မင်းကိုဘာမှ မလုပ်ဘူး လာပါစာရေးဆရာကြီးရာ လာပါ
ဟုတ်ပါ့မလား။ ဒီဝိဥာဉ်ဆိုတဲ့ လူကြီးကို ကျွန်ုပ်ပဲမြင်တွေ့ရတယ်ဆိုတာ။ ဟုတ်ပါ့မလား။ ကျွန်ုပ်အိပ်မက် မက်နေတာလား ။ ပရလောကနဲ့ အခုလို တစ်ရင်းတစ်နှီးဆုံနေခဲ့တယ်ဆိုတာ။ ဟုတ်ပါ့မလား။ အခုလို ဖြစ်ရပ်ဆိုတာ။
သိပ်ဟုတ်တာပေါ့။ သူက ပရလောက မကျွတ်လွတ်နိုင်သေးတဲ့ အစွဲဝိဥာဉ်တစ်ဦးပဲ ။ တကယ့်ကို ထူးဆန်းမှု့ပါပဲ။ ကျွနု်ပ်ဖြင့် သိပ်ကို အံ့သြမိတယ်။ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေတဲံ့ ကျွန်ုပ်ကို သူက ရင်းရင်းနှီးနှီးနဲ့ နောက်ပြောင်ပြီးတော့ သူထိုင်နေတဲ ကုတင်းဘေးကို လာဖို့ခေါ်နေတယ်။ မထူးဘူးလေ။ မတတ်နိုင်ဘူး။ ကျုပ်က တစ်ကောင်ကြွက် သွားစရာနေရာကလဲ မရှိတော့ ကြောက်ကြောက်နဲ့ပဲ သူ့ဘေးနားကို သွားလိုက်တယ်။
မင်းငါ့အဆောင်ကို စရောက်တည်းက မင်းကိုငါခင်နေမိတယ် ဒါကြောင့် မင်းကို ကြောက်သွားတဲ့အထိ ငါမခြောက်ရက်ဘူး
ကျေးဇူးတင်ပါတယ်ဗျာ ဒါဆို နေ့ခင်းက ကျုပ်အိပ်မက် မက်နေခဲ့တာ မဟုတ်ဘူးပေါ့
ဟုတ်တယ် အိပ်မက် သို့ပေမယ့် မြင်ရတဲ့အိပ်မက်
ဘဟ်လို မြင်ရတဲ့ အိပ်မက် ဟုတ်လားဦးလေး
ဟုတ်တယ် မြင်ရတဲ့ အိပ်မက်ဆိုတာ တကယ်ဖြစ်နေတာနဲ့ စိတ်ကူးယဉ်တာနဲ့ ကြားထဲက ခံစားမှု့မျိုးကို မြင်ရတဲ့ အိပ်မက်လို့ခေါ်တယ် မင်းတစ်ယောက်ပဲ ငါ့ကိုအခုလို မြင်တွေ့နေရတာ ဘယ်သူ့ကိုမှ အသိမပေးပါနဲ့
စိတ်ချပါဦးလေး ဦးလေးကို ကျုပ်ဝိဥာဉ်ဦးလေးလို့ ခေါ်မယ်ရမလား
ခေါ်တယ်ဆိုတာ ပညတ်ချက်တွေပါ မင်းကြိုက်သလိုခေါ် မင်းအောင်မြင်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်အောင် ငါလဲ တတ်နိုင်တဲ့ ဘက်က အစွမ်းကုန်ကူညီပေးမယ်
ကျေးဇူးပါပဲဗျာ ကျေးဇူးပါပဲ
တကယ်တော့ ပရလောကသားတွေဆိုတာ သိပ်ကို သနားဖို့ကောင်းပါတယ် ငါလူပျိုပေါက်အရွယ်တုန်းက ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ဘူးတယ် အဲ့ဒါ ကျန်စာသင့်နေတဲ့ အိမ်ကြီးမှာ ငါတို့သူငယ်ချင်းတွေ ကြုံခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုပေါ့ ပြောရရင် နှစ် ၁၀၀ ကျိန်စာသင့် အိမ်ကြီးလို့ ခေါင်းစဉ်တတ်ပြီး မင်းဇာတ်လမ်းတစ်ပုဒ်ရေးရမယ်
နှစ် ၁၀၀ ကျိန်စာသင့် အိမ်ကြီး
ဟုတ်တယ် … မင်းဇာတ်လမ်းထဲမှာ ဇာတ်ကောင်းတွေ ထည့်ပေးရမယ် မင်းရေးတဲ့ ဇာတ်လမ်းတိုင်းမှာလဲ အဲ့ဒီဇာတ်ကောင်တွေ အမြဲပါပေးရမယ် အဲ့ဒီတော့ မင်းရဲ့ ဆံပင်ငါးချောင်း ငါ့ကိုပေး
ဟင် ဘာ ဘာဆိုင်လို့လဲ ဦးလေး
စကားမရှည်နဲ့ မင်းဘာသာမင်း ဆံပင်ငါးချောင်းနုတ်ပြီး ငါ့ကိုပေး
သူ့ရဲ့အပြောတွေက ကျုပ်ဖြင့် တစ်သက်လုံး မကြားခဲ့ဘူးတဲ့ စကားမျိုးတွေ လေသံက ခပ်အေးအေး မျက်နှာထားက တည်ကြည်တယ်။ ကျွန်ုပ်ရဲ့ ဆံပင်ငါးချောင်းတောင်းတယ် ဘာလုပ်မလဲတော့ ကျွန်ုပ်လဲမသိဘူး သူတောင်းတာနဲ့ ပေးလိုက်တယ်
ဟုတ်ပြီ ဒီဆံပင်ငါးချောင်းက မင်းရဲ့ ထာဝရ ဇာတ်ကောင်တွေအဖြစ် ငါသတ်မှတ်ပေးခဲ့မယ် ရော့ဟဲ့ သွား
ဆံပင်ငါးချောင်းကို လက်နဲ့တောက်ပြီး အဲ့ဒီလူကြီး တစ်ချောင်းကို အရင် အဝေးကိုပစ်လိုက်တယ် ပါးစပ်ကလဲပြောတယ်
ရော့ဟဲ့ သွား အဲ့ဒါ ထီးကလေး
ရော့ဟဲ့ သွား အဲ့ဒါ လမ်းကလေး
ရော့ဟဲ့ သွား အဲ့ဒါ မျှားကလေး
ရော့ဟဲ့ သွား အဲ့ဒါ ငါးကလေး
ရော့ဟဲ့ သွား အဲ့ဒါ တန်ခိုး
ဘာတွေလဲ ။သူဘာတွေ လျောက်လုပ်နေတာလဲ။ ကျွန်ုပ်ပေးလိုက်တဲ့ ဆံပင် ငါးချောင်းကို တစ်ချောင်းခြင်းစီ အဝေးကိုပစ်ပြီး အဲ့ဒီနာမည်တွေ ခေါ်နေတယ်။
အဲ့ဒါ ဘာလုပ်တာဦးလေး
အဲ့ဒါ မင်းရဲ့ ထာဝရဇာတ်ကောင်လေးတွေရဲ့ နာမည်ပဲ
ဘယ်လို ထာဝရဇာတ်ကောင်လေးတွေရဲ့ နာမည်
ဟုတ်တယ် ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး အဲ့ဒီဇာတ်ကောင်တွေကို မင်းအသတ်သွင်းပေးရမယ်
ဘယ်လို အဲ့ဒီဇာတ်ကောင်တွေကို ကျုပ်ကအသက်သွင်းပေးရမယ် ဟုတ်လား ဟ ကြိုက်သွားပြီး ဦးလေးရာ ကျုပ်ဖြင့် သိပ်ကြိုက်သွားပြီး ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး အဲ့ဒီဇာတ်ကောင်တွေကို ကျုပ်အသတ်ဝင်အောင် သွင်းမယ်
ဒါပဲပေါ့ အဲ့ဒီဇာတ်ကောင် ငါးကောင်က တစ်ချိန်ချိန်မှာ မင်းကို အကူညီပြန်ပေးလိမ့်မယ် ထီးကလေးက နှလုံးရည်သမား၊ တန်ခိုးက လက်ရုံးရည်သမား၊ မျှားကလေးက ပျက်ပျက်သားသား ဆုံးဖြတ်ရဲ့တဲ့ ယောကျာ်းဆန်တဲ့ မိန်းကလေး၊ လမ်းကလေးက သူတို့အားလုံးရဲ့ ရှေ့ဆောင်လမ်းပြပေးမယ့် သူ၊ ငါးကလေးကတော့ သူတို့အားလုံးအတွက် အရေးကြုံတိုင်း အမြဲအနစ်နာခံလိမ့်မယ် ကဲ အခု ဇာတ်ကောင်တွေရပြီဆိုတော့ ဇာတ်လမ်းတွေကို ငါပြောပြမယ် အရင်ဆုံး နှစ် ၁၀၀ ကျိန်စာသင့်အိမ်ကြီးအကြောင်းကို ပြောပြမယ် နောက်ပြီး ရွာပျောက်ကြီးကို ရှာခဲ့တဲ့ အကြောင်း ဒါတင်မကသေးဘူး တစ္ဆေတွေရဲ့ စာမျက်နှာ ဒါပဲလား မဟုတ်သေးဘူး ငါတို့ရွာက နာမည်အကြီးဆုံး ကဝေဘုရင် ယမမင်းရှင်ဆိုတဲ့ ဦးမျိုးမြင့်အကြောင်း ပြီးတော့ ဟိုတလောက ငါနဲ့ဆုံခဲ့ရတဲ့ သနားစရာကောင်းတဲ့ ဝိဥာဉ်ဖေဖေတစ်ယောက်အကြောင်း လောလောဆယ်တော့ ဒါလေးပဲ အရင်ရေးပြီး ခေတ်နဲ့အညီ လူသိများတဲ့ နေရာမှာ စာအုပ်မထုတ်သေးခင် ထီးကလေးဆိုတဲ့ မင်းကို လူသိများအောင် လုပ်ရမယ်
ကျေးဇူးတင်လိုက်တာ ဦးလေးရာ ကျုပ်ကို အခုချိန်ထိ အဲ့ဒီလိုအကြံဥာဏ်ပေးပြီး ပဲ့ကိုင်ပေးမယ့်သူ မရှိခဲ့ဘူး ဦးလေးကို ကျုပ်သိပ်ပြီ ကျေးဇူးတင်မိပါတယ်ဗျာ။
ရပါတယ်ကွာ မင်းအောင်မြင်တဲ့ စာရေးဆရာတစ်ယောက် ဖြစ်လာမယ့်အထိ တမန်လွန်ဘဝကနေ ငါပီတိခံစားနေမှာ
ဦးလေးပြောတဲ့ ဇာတ်လမ်းတွေကို ကျွန်တော်အကောင်းဆုံး အသက်သွင်းမယ် ဦးလေးပြောတဲ့ အရာအားလုံး ကျွန်တော်အကုန်နားလည်ခဲ့ပေမယ့် အဲ့ဒီဇာတ်ကောင် ငါးကောင်က တစ်ချိန်ချိန်မှာ ကျွန်တော့ကို ပြန်ပြီး အကူညီပေးလိမ့်မယ်ဆိုတာတော့ ကျွန်တော်သိပ်ပြီး နားမလည်ဘူး
အေးပေါ့ ဒီအချိန်မှာ မင်းဘယ်လိုလုပ် နားလည်နိုင်ပါဦးမလဲ နောက်ကျရင် မင်းနားလည်လာလိမ့်မယ်
ဦးလေးက ဝိဥာဉ် ကျုပ်က လူ အခုအကြောင်းကို သူများတွေကို ကျုပ်ပြောပြရင် ရယ်ကြမှာသေချာတယ်
သိပ်သေချာတာပေါ့ တစ်ခြားတစ်ယောက်က မင်းကိုပြောရင်လဲ မင်းရယ်မိမှာပဲ ဘာပဲဖြစ်ဖြစ် လောကမှာ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေဆိုတာ အမြဲတမ်းရှိနေတယ် ကဲ စကားပြောလိုလဲကောင်းတယ် အချိန်ကလဲ မနည်းတော့ဘူး ငါ့တူကြီး မင်းအိပ်ချင်အိပ်တော့
ဦးလေးက မအိပ်ဘူးလား
ငါက အိပ်စက်ခြင်းမရှိတဲ့ ဝိဥာဉ်ပဲ ထို့အတူ စားသောက်ခြင်းမရှိတဲ့ ဝိဥာဉ်လို့လဲ ဆိုနိုင်တယ်
ကျုပ်သဘောပေါက်ပြီဦးလေး ဦးလေးကို ကျုပ်ကျေးဇူးတင်ပါတယ် ဦးလေးက ကျုပ်ရဲ့လက်ဦး ဆရာတစ်ယောက်ပါပဲ
ဟုတ်ပါ့မလားဗျာ။ သိပ်ကို စိတ်ကူးယဉ်ဆန်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ဦးလေးက ကျုပ်ကို အရမ်းခင်တယ်။ သူ့ရဲ့ အဖြစ်ပျက်တွေကို အသေးစိပ်ပြောပြတယ်။ ဦးလေးပြောပြတဲ့ ဝိဥာဉ်အကြောင်းတွေ ကျွန်တော်ရေးရင် ထီးကလေဆိုတဲ့ နာမည်တစ်လုံးဖြစ်လာခဲ့တယ်။ စာအုပ်မထွက်သေးပေမယ့်လဲ လူသိများတဲ့ နေရာတစ်ခုမှာ ကျွန်တော်ပေါက်မြောက်နေခဲ့တယ်။ အဲ့ဒီလူတွေရဲ့ ကျွန်တော့ကို ချီးမွန်းပြောဆိုကြတာတွေကို ဝိဥာဉ်ဦးလေးကြီးကို ကျွန်တော်ပီတိတွေနဲ့ ပြန်ပြောပြတယ်။ ဦးလေးက သွားမပေါ်တဲ့ အပြုံးနဲ့ ကျွန်တော့ကို ပြုံးပြုံးကြီး စိုက်ကြည့်နေတယ်လေ။ ဦးလေးရယ် ဦးလေးက ကျွန်ောတ့ရဲ့ အဖေပါပဲ။
မင်းက ငါလိုချင်တဲ့ ထီးကလေးပဲ တစ်ခုတော့ ဦးလေးမင်းကိုပြောမယ် အောင်မြင်လာတဲ့အခါမှာ ငါ့တူကြီးဘယ်တော့မှ ဘဝမမေ့ရဘူး မင်းဟာ ကလောင်မကိုင်ခင်က ကလော်တံကိုင်ခဲ့တဲ့ လက်ကြမ်း အလုပ်ကြမ်းသမားတစ်ယောက်ဆိုတာ စိတ်ထဲမှာ အမြဲမှတ်ထားရမယ်
စိတ်ချပါဦးကြီး ကျုပ်ရဲ့လက်ဦးဆရာက ဝိဥာဉ်တစ်ဦး တစ်ယောက်လို့ ပြောရင် ဘယ်သူကယုံနိုင်မှာလဲ ဘာပဲဖြစ်ဖြစ် ဦးလေးဟာ ကျုပ်ရဲ့လက်ဦးဆရာ ပဲ့ကိုင်ရှင် ဝိဥာဉ်ဦးလေးပါ
ဒီလိုနဲ့ ဝိဥာဉ်ဦးလေးနဲ့ ကျွန်တော်ခင်မင်လာကြတာ တစ်လပြည့်တော့မယ်။ အချိန်တိုတွင်းမှာ တစ္ဆေ္ဘဇာတ်လမ်းတွေ ရေးတဲ့ထီးကလေးဆိုပြီး လူသိများလာတဲ့ အကြောင်းကို ဦးလေးက ကျွန်တော့ စာရေးဆရာဖြစ်တဲ့ အထိ ဆက်ပြီးကြိုးစားဖို့ အမြဲဆုံးမတယ်။ စာဖတ်သူတွေရဲ့ ချီးမွန်းမြောက်စားတဲ့ စကားတွေကို ဦးလေးနဲ့ အတူ ကျွန်တော်တို့နှစ်ယောက် ပီတိခံစားမိတယ်။ ဦးလေးက ကျွန်တော့ထက်ပိုပြီး ပီတိဖြစ်နေပုံပါပဲ။
လာမယ့် တပေါင်းလပြည့်နေ့ ဘုန်းကြီးကျောင်းမှာ အလှူပွဲကြီးတစ်ခု လုပ်ဖို့ရှိတယ်။ အလှူတွက် တစ်ပတ်လောက်အလိုတည်းက ကျောင်းမှာ လူတွေစည်နေပြီ။ တစ်နေ့ညနေ လုပ်စရာတွေ လုပ်ပေးပြီး ဦးလေးရှိနေတဲ့ အဆောင်ထဲကို ကျွန်တော်ပြုံးစိစိနဲ့ ဝင်လာခဲ့တယ်။ ဦးလေး ထိုင်နေကြ ကုတင်လေးပေါ်မှာ မျက်နှာမကောင်းပဲ သူထိုင်နေခဲ့တယ်။ သူငယ်ချင်းတစ်ယောက်လိုပဲ မှိုင်နေတဲ့ ဝိဥာဉ်ဦးလေးနားမှာ ကျွန်တော် ဝင်ထိုင်လိုက်တယ်။ ပြီးတော့
ဦးလေး ဘာဖြစ်နေတာလဲ မျက်နှာလဲ မကောင်းပါလား
ငါ့တူကြီး ဝိဥာဉ်ဘဝရဲ့အတွေ့ကြုံတစ်ခု ငါထပ်သိလိုက်ရပြီ ဝိဥာဉ်တွေဟာ လူသားတွေထက် ပိုပြီး ဝမ်းနည်းလွယ်တယ် ဝမ်းနည်းတတ်တယ်
ဦးလေးဘေးမှာ ကျွန်တော်ထိုင်နေတယ်။ ဦးလေးမျက်နှာကို ကျွန်တော် စိုက်ကြည့်နေတယ်။ ဦးလေးက အရှေ့စူးစူးကို မျော်ကြည့်နေတယ်။ သူပုံစံက တစ်ခုခုကို ဝမ်းနည်းနေသလိုပါပဲ ။
ဘာဖြစ်လို့လဲ ဦးလေး
မနက်ဖြန်ဆို တပေါင်းလပြည့်ပြီလေ ကျောင်းမှာ အလှူပွဲကြီးတစ်ခုရှိတယ် အဲ့ဒီမှာ ရေစက်ချအမျှပေးမယ် ဦးလေးရဲ့ အခုလိုဘဝ ကျွတ်ချိန်တန်နေပြီလို့ ဦးလေးအလိုလို သိနေတယ်
ဟင် ဦးလေးကျွတ်ချိန်တန်ပြီဟုတ်လား
အေး အလှူပွဲပြီးတာနဲ့ မင်းနဲ့ဦးလေး လမ်းခွဲရတော့မယ်
ဘယ်လိုပြောရမလဲဗျာ။ လေသံအေးအေးနဲ့ ပြောနေတဲ့ ဦးလေးစကားကို ကြားတော့ ကျွန်ောတ့ရင်ဘတ်ထဲမှာ ဆို့နစ်သွားခဲ့တယ်။ ကျွန်တော်သတိမထားမိဘူး။ သတိထားမိလိုက်တဲ့ အချိန်က ကျွန်တော့မျက်လုံးထဲကနေ မျက်ရည်တွေ ကျနေခဲ့ပြီလေ။
ဦးလေးရယ် ကျွန်တော်နဲ့ဆုံတာဖြင့် မကြာသေးဘူး ဦးလေးက ခွဲသွားတော့မယ်ဆိုတော့ ကျွန်တော်ဘယ်လိုနေရမှာလဲ
စိတ်မကောင်းမဖြစ်ပါနဲ့ ငါ့တူကြီးရာ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က မင်းနဲ့ငါတွေ့ခဲ့ကြရင် ကောင်းမှာပဲ အခုတော့
ဟုတ်တယ်ဦးလေး ဦးလေးသွားမယ့် ခရီးကို မသွားပါနဲ့လို့ ကျုပ်ဘယ်လိုစိတ်ကူးမျိုးနဲ့ တားရမှာလဲ ဦးလေးကျွတ်လွတ်တော့မှာကို ကျုပ်က ပျော်ရမှာလေနော် ဒါပေမဟ့် ဒီလိုဘဝကိုရောက်နေတဲ့ ဦးလေးကို ကျုပ်တကယ်ခင်တွယ်နေခဲ့မိတယ် ဒါပေမယ့်ဦးလေးရာ ဦးလေးနဲ့ကျုပ်က ဘဝခြားနေခဲ့တယ် ဦးလေးက ကျုပ်ရဲ့အဖေဆိုလဲမမှားပါဘူး
ကျွန်တော်ဝမ်းနည်းမိတယ်။ သူက တမန်လွန်ဘဝ အစွဲတစ်ခုကြောင့် မကျွတ်လွတ်နိုင်ပဲ။ ဒီအဆောင်မှာရှိနေခဲ့တာ။ အခုဦးလေး ကျွတ်ချိန်တန်ပြီးဆိုတော့ ကျွန်တော်ဝမ်းသာရမှာထက် ဦးလေး ကျွန်တော့ကိုခွဲခွာသွားတော့မှာကို ဝမ်းနည်းနေခဲ့မိတယ်။ ကျွန်ောတ့ရဲ့ ရင်တွင်းစကားတွေကို ဦးလေးကြားတော့ သူက ကျွန်ောတ့ကို ပြုံပြုံးကြီး ကြည့်ပြီး
ဟော့ ပြောနေရင်းနဲ့ နောက်တစ်ခု ငါသိလိုက်ရပြန်ပြီ ဘဝခြားနေပေမယ့်လဲ တစ်ဦးအပေါ်တစ်ဦး သံယော်ဇဉ်တွေဖြစ်နေနိုင်တယ်ဆိုတာ
ဦးလေးရယ် ကျုပ်တကယ့်က်ု ဝမ်းနည်းမိပါတယ် ဦးလေးဘယ်ဘဝကိုရောက်ရောက် ကျုပ်ဆီကို တစ်ခေါက်လောက်တော့ ပြန်လာခဲ့ပါဦးနော်
မျက်ရည်မထွက်ဘူး။ သို့ပေမယ့် သူငိုနေတယ်။ အသံမကြားရဘူး။ ဒါပေမယ့် သူရှိုက်နေတယ်။ သွားလဲမပေါ်ဘူး သို့ပေမယ့် သူပြုံးပြုံးကြီး ကျွန်တော့ကို စိုက်ကြည့်နေတယ်။ အဲ့ဒီညက ကျွန်တော်ရဲ့ အားကိုရဆုံးသူတစ်ယောက် ခွဲခွာသွားတော့မယ်ဆိုတာ သိတော့ ပြုံပြုံးကြီးစိုက်ကြည့်နေတဲ့ ဦးလေးအရှေ့မှာ ကျွန်တော်ငိုပစ်လိုက်တယ်။
အလှူပွဲကြီးက မနက်ဖြန်လေ ကျောင်းမှာလဲ လူတော်တော်များနဲ့ ရှုတ်ထွေးနေခဲ့တယ်။ တစ်ညလုံး ဦးလေးနဲ့ စကားတွေ ပြောနေခဲ့တယ်။ ဦးလေးက ရယ်တယ်။ ကျွန်တော် မရယ်နိုင်ခဲ့ဘူးလေ။ စားသောက် အိပ်စက်ခြင်းမရှိတဲ့ ဝိဥာဉ်က ပိုပြီးခံစားမှု့လွယ်တယ်ဆိုတာ ကျွန်တော်သိလာရတယ်။ မနက်စောစော ဦးလေးကိုမတွေ့ဘူး။ ထမင်းအိုး မီးထိုးနေတုန်း လူကြီးတစ်ယောက် ကျွန်တော့ဘေးကို ရောက်လာတယ်။ ပြီးတော့ ကျွန်တော့ကို သူစိုက်ကြည့်နေပြီး
ငါတူ မင်းက ဆရာ့သားမဟုတ်လား
မျက်မှောင်ကျုတ်ပြီး သူကအဲ့ဒီလိုမေးတယ်။ မီးဖိုထဲ ထင်းထိုးနေရင်း သူ့ကိုမော့ကြည့်လိုက်တယ်။
ဗျာ မ မဟုတ်ပါဘူး ဦးလေးလူမှားနေပြီထင်တယ်
ဘာလို့မဟုတ်ရမှာလဲ ဘာလဲ မင်းအိမ်နဲ့စိတ်ကောက်ပြီး ဒီကျောင်းရောက်နေတာလား
ဗျာ မဟုတ်ပါဘူး ဦးလေးလူမှားနေတာ ကျုပ်က ဒီကျောင်းမှာနေတာ ကြာပြီ ကျုပ်လုပ်စရာလေးတွေ ရှိလို့ ခွင့်ပြုဦး
အဲ့လူကြီးကို နှုတ်ဆတ်ပြီး ကျွန်တော်လှည့်ထွက်လာခဲ့တယ်။ အနောက်ကနေ ကျွန်တော့ကို အဆက်မပျက်လိုက်ခေါ်တယ်။ ကျွန်တော်လဲ ဦးလေးစိတ်ကြောင့် စိတ်မကောင်းဖြစ်နေတာနဲ့ သူ့ကို ဆက်မခေါ်ဖို့ပြောပြီး ကျောင်းပေါ်တတ်လာခဲ့တယ်။ မနက် ၉နာရီလောက်ကျတော့ ကျောင်းပေါ်မှာ အလှူအတွက် တရားနာရေစက်ချတော့မယ်။ အခုချိန်ထိ ဦးလေးတစ်ယောက် သာဓုခေါ်ဖို့ရောက်မလာသေးဘူး။ ဘုန်းကြီးတိုင်ပေးတဲ့ နောက်လိုက်ဆိုနေရင်း ရေစက်ချခါနီးကျတော့ ဦးလေးကိုတွေ့လိုက်ရတယ်။ သူ့တစ်ကိုယ်လုံး တောက်ပသန့်ရှင်းနေတာပဲ။ မြင်နေကြ သူ့ရဲ့အပြုံးက ဒီနေ့ပိုပြီး ကျက်သရေရှိနေလိုပါပဲ။ ကျွန်တော့ဘေးနားကို ရောက်လာတယ်။ သွားမပေါ်တဲ့အပြုံးနဲ့ပဲ နောက်ဆုံးအကြိမ်ဖြစ်မယ် ကျွန်တော့ကို ပြုံးပြတယ်။ ဘာရယ်ကြောင့်မှန်းမသိ။ ကျွန်တောသတိမထားမိ ။ကျွန်တော်ရဲ့ မျက်ဝန်းအိမ်ထဲက မျက်ရည်တွေ ဆီးကျလာခဲ့ပြီလေ။ သန့်ရှငိးနေတဲ့ ဦးလေးကို ကျွန်တော်နာမည်ခေါ်ပြီး အမျှပေးတယ်။ ကျွန်တော့ကို ပြုံးပြုံးကြီးစိုက်ကြည့်နေပြန်တယ်ဗျာ။
တူကြီး ဦးလေးသွားတော့မယ်
ဘယ်လိုမှ မခံစားနိုင်တော့ဘူး ကျွန်တော်ငိုချလိုက်မိတယ်။
ဦးလေး ဦးလေးကို ကျုပ်အမြဲတမ်း သတိရနေမှာပါ ဦးလေးကောင်းရာမွန်ရာဘဝကို ရောကိပါစေ ဦးလေးကို ကျုပ်သိပ်ချစ်တယ် ကျုပ်အမြဲတမ်း ဦးလေးကို တမ်းတနေမိမှာပါ အမျှပေးပါတယ် ဦးလေးရယ်
ကျွန်တော့အရှေ့က ဦးလေးပျောက်ကွယ်သွားခဲ့ပြီး။ ဘေးမှာရှိတဲ့ တိုင်လုံးကြီးကို ကျွနိတော်စကားတွေပြောရင်း ငိုနေမိတာကို ဘေးက တရားနားပရိတ်သတ်တွေက ကြောင်တောင်တောင်ကြည့်နေခဲ့တယ်။ မျက်ရည်တွေကိုသုတ်လိုက်တယ်။ သူတို့အမြင်မှာ ကျွန်တော်ဟာ အရူးကြီးတစ်ယောက်ပါပဲ။ သို့ပေမယ့် ကျောင်းထိုင်ဘုန်းကြီးကတော့ ကျွန်တော့ကို ရိပ်စားမိပြီး အလှူပွဲသိမ်းတဲ့ ညနေ ကျောင်းပေါ်ကိုခေါ်ြ့ပီး မေးမြန်းခဲ့တယ်လေ။ ဒါနဲ့ ဘဝခြားနေတဲ့ ဦးလေးအပေါ်ထားခဲ့မိတဲ့ ကျွန်တော့နဲ့ ဦးလေးရဲ့ သံယော်ဇဉ်အကြောင်း ဘုန်းကြီးလဲ သိသွားခဲ့တယ်။
***
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
ဆက်လက်၍ ဖော်ပြပေးသွားပါမည်။
စာရေးသူ - ထီးကလေး
(ရင်နှင့် ရင်း၍ ရေးသားသည်။ )









No comments:
Post a Comment