ကဝေဘုရင် ယမမင်းရှင်
အပိုင်း (၁)
စာရေးသူ -ထီးကလေး၊
`ဗျို့…ကိုအုန်းကျော် နားပါဦးဗျ´
`နားလို့မရဘူး …ကြွက်နီရေ ငါ့မိန်းမမှာ ကိုယ်ဝန်ရှိနေပြီကွ…´
`ဟင်!…အစ်မကြည်မှာ ကိုယ်ဝန်ရှိနေပြီ ဟုတ်လား…´
`အေးကွ…သုံးလတောင် ရှိနေပြီ ငါ ကလေးအဖေ ဖြစ်တော့မယ်ကွ ဒါနဲ့မင်းက ဘယ်သွားမလို့တုန်း´
`ဟိုဘက်ရွာကို သွားမလို့ဗျို့ အိမ်မှာ တစ်အိမ်သားလုံး ဖျာနေလို့ကဝေဘုရင်ဆီမှာ ပယောဂါသွားစစ်ကြည့်မလို့ ကျုပ်နောက်မှ အေးအေးဆေးဆေး အိမ်ကို လာလည်ဦးမယ် ကျုပ်ကို ခွင့်ပြုဦး…´
ပူပြင်းလှသည့် တပေါင်းလ နွေလယ်ခေါင်မှာ လယ်ထဲ၌ ပင်ပန်းကြီးစွာ အလုပ်လုပ်နေသူက ကိုအုန်းကျော်ဖြစ်လေသည်။သူကား ထိုရွာလေးတွင် ငယ်မွေးခြံပေါက် ငယ်စဉ်ကတည်းမှ ကြီးပြင်းလာသူတစ်ယောက်ဖြစ်ပြီး မွေးချင်းမောင်နှမ မရှိ။မိဘနှစ်ပါး ကွယ်လွယ်သွားချိန်မှ စပြီး တစ်ဘက်ရွာမှ `မယ်ကြည်´ဟူသော အမျိုးသမီးနှင့် ချစ်ကြိုက်ခါ အိမ်ထောင်ပြုခဲ့သည်။
မိဘအမွေပေးခဲ့သည့် လယ်ဧက နည်းနည်းလေးအား သူ၏လုပ်အားဖြင့် ဇနီးဖြစ်သူကို ရှာဖွေကျွေးမွေးနေခဲ့သူ တစ်ယောက်ဖြစ်လျက်။ရွာအစွန်လေးမှာပဲ လင်မယားနှစ်ယောက် အေးအေးချမ်းချမ်းဖြင့် လုပ်ကိုင်စားသောက်နေလျက်ရှိသည်။ မိန်းမဖြစ်သူ မမယ်ကြည်မှာ ကိုယ်ဝန်ရှိလာတော့ နေပူမရှောင် မိုးရွာမရှောင် ကိုအုန်းကျော်မှာ နဂိုထက် အလုပ်များ ကြိုးကြိုးစားစား ပိုလုပ်နေခဲ့သည်။ ပင်ပင်ပန်းပန်း လုပ်မှာသာ ဝမ်းရေးအတွက် အဆင်ပြေနေကြသော သူတို့လင်မယားနှစ်ယောက်ဖို့လူပင်ပန်းသော့်လည်း စိတ်ချမ်းသာစွာ ပျော်ပျော်ရွှင်ရွှင်နေလာခဲ့သည်မှာ ယခု မမယ်ကြည် ကိုယ်ဝန်သုံးလ ရှိသည့်အချိန်ထိပါပဲ။ ထိုရွာလေးတွင် တစ်ခြံနှင့် တစ်ခြံအလှမ်းဝေးလျက် တစ်ယောက်နှင့် တစ်ယောက်လည်း ခင်ခင်မင်မင်မရှိကြချေ။ထိုရွာလေးတင်သာမက ရွာတိုင်းလိုလို အားကိုးကြီးစွာ ကိုးကွယ်နေကြသော ကဝေဘုရင်ဟုအများက ခေါ်ကြသည့် ပယောဂါဆရာတစ်ယောက်လည်း ရှိသည်။သူကား ထိုနယ်လေး၏ ပြိုင်ဘက်ကင်းသော ပညာသည် တစ်ယောက်လည်း ဖြစ်လျက် တပည့်အမြောက်အများဖြင့် ထိုနယ်လေးတွင် ဆရာလုပ်စားနေခဲ့သည်မှာ နှစ်ကာလ ကြာမြင့်နေခဲ့ပြီဖြစ်သည်။ မမယ်ကြည် ကိုယ်ဝန်ရှိချိန်မှ စပြီး ကိုအုန်းကျော်၏စီးပွားရေးမှာ နဂိုကထက် ပို၍အကျိုးဖြစ်ထွန်းလာခဲ့သည်။ လင်မယားနှစ်ယောက်၏ ယူဆချက်အရ ထိုကလေးသည် သူတို့နှစ်ဦးအား အကျိုးပေးသည်ဟု ယူဆထားပြီး ကိုယ်ဝန်အား အစစအရာရာ ဂရုစိုက်လျက် မွေးဖွားလာမည့်အချိန်ကိုသာ မျှော်လင့်တစ်ကြီး စောင့်မျှော်နေခဲ့သည်။ ကိုအုန်းကျော်က လူအေးတစ်ယောက် ဖြစ်သကဲ့သို့ ရိုးရိုးသားသားဖြင့် အသက်မွေးနေသူတစ်ယောက်လဲဖြစ်သည်။တစ်နေ့ကိုအုန်းကျော် တစ်ယောက် မိမိလယ်အတွင်း မြေဆွတူးနေရင်း မြေအောက်မှ အလွန်မာကျောသော အရာတစ်ခုကို တူးမိလိုက်ရာ မိမိကိုင်ဆောင်ထားသော ပေါက်တူးဟာ ကျိုးပဲ့သွားချေတော့သည်။
`ဟင်!…ဘာပါလိမ့် ဒီလောက်မာတာ ပေါက်တူးတောင် ကျိုးသွားတယ်´
တစ်ယောက်တည်း တွေးပြီး တစ်ခြားပေါက်တူး တစ်လက်ကို ကိုင်ခါ မာကျောသော မြေအောက်မှ အရာကို တူးဆွလိုက်တော့
`ဟင်!…သေတ္တာလေးပါလား'
မြေအောက်မှ သံသေတ္တာလေးအား တူးဖော်ရရှိခဲ့ပြီး သော့မခတ်ထားသော်လည်း နှစ်များကြာနေပြီ ဖြစ်သောကြောင့် သေတ္တာလေးမှာ ဘယ်လိုမှ ဖွင့်မရချေ။ ပေါက်တူးဖြင့် ခုတ်ဖွင့်သော်လည်း သေတ္တာလေးမှာ ရှောင်တမ်းနေသလား ။ ပေါက်တူး အသွားမှ ချော်ထွက်နေခဲ့သည်။ အံ့စေ့နေသော သေတ္တာလေးမှာ သော့မရှိပေမယ့် မည်သို့မှ ဖွင့်မရ။ထိုသေတ္တာလေးအား မနက်ကတည်းမှ ဖွင့်နေခဲ့သည်မှာ ဇနီးဖြစ်သူ မယ်ကြည် နေ့လည်စာ ထမင်းလာ ပို့သည့် အချိန်ထိပါပဲ
`ကိုအုန်းရေ…ထမင်းစားရအောင်တော် ရှင် အဲ့ဒီမှာ ဘာလုပ်နေတာတုန်း´
`မယ်ကြည့် ဒီကိုလာစမ်းပါဦးဟ´
မိမိရှိရာ လယ်ကွက်ထဲမှ ဇနီးဖြစ်သူ မယ်ကြည်အား အရေးတကြီး အော်ခေါ်လိုက်ပြီး မြေအောက်မှ တူးဖော်ရရှိထားသည့် သံသေတ္တာလေးအား ပြလိုက်သည်။
`ဒီအထဲက ဘာတွေရှိမလဲမသိဘူး ကိုအုန်းမောင် …အထဲမှာ ရတနာပစ္စည်းတွေသာ ဖြစ်ရင် ကျုပ်တို့တော့ ချမ်းသာပြီတော်ရေ့…´
`အေးကွ…ဒါကြောင့် ငါလဲ မနက်ကတည်းက နည်းနည်း အမျိုးမျိုးနဲ့ဖွင့်နေတာ အခုမွန်းတည့်တဲ့အထိပဲ ဖွင့်လို့မရသေးဘူး ဆရာအေးလာမှပဲ ပြကြည့်လိုက်တော့မယ်´
`ရှင့်သဘောပဲလေ ကျုပ်တို့ကလေးလေးက ဗိုက်ထဲမှာတည်းက အကျိုးပေးနေပြီ အထဲမှာ ရတနာတွေသာ ဖြစ်နေရင် ကျုပ်တို့ကလေးလေးကို ချမ်းချမ်းသားသာ ထားနိုင်ပြီ´
သေတ္တာလေးအထဲ၌ မည်သည့်ပစ္စည်းများရှိနေမည်ကို လင်မယားနှစ်ယောက်သား ကြိုတင်တွေးတောလျက် ဖွင့်မရသည့် အဆုံးမှာပဲ ဆရာအေးအား ထိုသေတ္တာလေးအကြောင်း မေးရန်ကြံစည်ထားကာ ဘုရားစင်ပေါ်တွင် သေချာစွာ သိမ်းဆည်းထားခဲ့တော့သည်။ဆရာအေးဆိုသည့် လူမှာ ကိုအုန်းကျော်၏ဖခင် မကွယ်လွန်ခင်အချိန်ထိ ကိုးကွယ်ဆည်းကပ်ခဲ့သော နယ်လှည့် အထက်ဆရာ တစ်ယောက်ဖြစ်သည်။အထက်ဆရာ ဆိုပေမဟ့် အောက်လမ်းပညာများကိုပါ ကျွမ်းကျင်စွာ တတ်မြောက်ထားသည့် ဆရာတစ်ယောက်ပင်ဖြစ်ချေသည်။ ထိုဆရာအေးမှာ ကိုအုန်းကျော်ဖခင် ကွဟ်လွန်သွားချိန်မှ စ၍ မိမိနေအိမ်သို့အရောက်အပေါက် သိပ်မရှိတော့ပဲ တစ်ခါတစ်ရံမှသာ လာတတ်သည်။ မမယ်ကြည် လွယ်ထားသည့် ကိုယ်ဝန် လရင့်လာလေ ကိုအုန်းကျော်၏ နွေ၊ မိုး၊ ဆောင်း စပါးတို့မှာ အခြားသော လယ်များနှင့်မတူ ပိုမိုသိသိသာသာ အထွက်ကောင်းနေခဲ့သည်။ ကိုအုန်းမောင်၏ လယ်အထွက်ကောင်းပြီး တစ်ခြားလယ်များ ပိုးကျ အထွက်နည်းနေသောကြောင့် သူအား ရွာထဲရှိ လူတစ်ချို့က မနာလိုဖြစ်ကြသည်။ထိုသို့စံပါးသီနှံအထွက်ကောင်းအောင် မည်သို့ပြုလုပ်သနည်းဟု သူ့အား နေ့စဉ်နှင့်အမျှ လာမေးနေကြသည်။ ကိုအုန်းကျော်က မိမိ စိုက်ပျိုးနေကြအတိုင်းသာ စိုက်ပျိုးပါကြောင်း မိန်းမဖြစ်သူ လွယ်ထားသော ရင်သွေးလေးက အကျိုးပေးပါကြောင်းသာ ဖြေခဲ့သည်။သို့ပေမယ့် မည်သူမှ ကိုအုန်းကျော်အား မယုံကြဘဲ သူ့အား ရွာသူရွာသား တစ်ချို့မှ မမြင်နိုင်သော မှော် အတတ်ပညာတို့ဖြင့် လယ်ယာသီးနှံအထွက်ကောင်းအောင် ပြုလုပ်ပါသည်ဟု တဘုတ်လေလွှင့် ပြောကြတော့သည်။တစ်ချို့ကား ကိုအုန်းကျော်၏ နေအိမ်၌ လပြည့် လကွယ်နေ့များတွင် အလင်းရောင်များ ဖြာထွက်လေ့ရှိသည်ဟုဆိုကာ သူ့အား စုန်းအတတ်ပညာများလည်း တတ်မြောက်သည်ဟု ပြောကုန်ကြသည်။ထိုအကြောင်းများအား မဟုတ်ပါကြောင်း ကိုအုန်းကျော် ပြောသော်လည်း မည်သူမှ လက်မခံချေ။ရွာသူ ရွာသားများ အပြောများလာသည်ကြောင့် သူတို့ပြောသည့်အတိုင်း ဟုတ်မဟုတ် မိမိအိမ်အား လကွယ်ညတစ်ညတွင် ညဥ့်နက်သည့်အထိ စောင့်ကြည့်နေခဲ့သည်။ ထိုညမှာပဲ မိမိတစ်အိမ်လုံး တောက်ပသော အလင်းရောင်များ ဖြာထွက်လာသည်ကို ခြံထဲကွပ်ပျစ်လေးမှ မြင်တွေ့လိုက်ရသည်။အံ့သြစွာဖြင့် အိမ်ပေါ်သို့ပြေးတတ်လာခဲ့ပြီး ဟိုကြည့်ဒီကြည့် ကြည့်မိလိုက်တော့ ဘုရားစင်အပေါ်တွင် မိမိ သိမ်းဆည်ထားသော မြေအောက်မှ တူးဖော်ရရှိခဲ့သည့် သေတ္တာလေးမှာ အရောင်များ တစ်လက်လက်ဖြင့် တောက်ပနေသည်ကို တွေ့မြင်လိုက်ရတော့သည်။ဇနီးဖြစ်သူ မယ်ကြည်အား အိမ်နေရာမှ အတင်းနိုးလိုက်ပြီး ထိုအလင်းတန်းအား ထူးဆန်းစွာဖြင့် လင်မယားနှစ်ယောက်စလုံး ကြည့်နေခဲ့သည်။ထိုအလင်းများဟာ တစ်အိမ်လုံး လင်းထိန်နေရုံသာမက အိမ်ပတ်ဝန်းကျင် ဘေးပတ်ပတ်လည်နှင့် အိမ်ခေါင်းမိုးတို့အထိ စူးရှစွာ ဖျာနေထွက်နေခဲ့သည်။ထိုအလင်းတန်းများ ထွက်ပေါ်နေသည်ကို ရွာရှိ လူများ သိမှာစိုးသဖြင့် သေတ္တာလေးအား အဝတ်အထပ်ထပ် အုပ်ခါဖုံးဖိထားသောလည်း အလင်းရောင်များဟာ ဖျာထွက်တောက်ပနေလျက်ပင်။
✏✏✏✏✏✏✏✏✏✏✏✏
တစ်နေ့သ၌ သူငယ်ချင်းဖြစ်သူ တန်ခိုးနှင့် ကျွန်ုပ်တို့ပဲခူးမြို့မှအပြန် အဝေးပြေးလမ်းအတိုင်း ရန်ကုန်သို့မောင်းနှင်လာကြသည်။အလုပ်ကိစ္စပြီးသည့် အချိန် ပြန်လာရသည်ကြောင့် အချိန်ကား ည၁၁ နာရီခန့်မျှနေခဲ့သည်။စကားတစ်ပြောပြောဖြင့် နှစ်ယောက်သား မောင်းနှင်လာခဲ့ကြတာ အဝေးပြေးလမ်းမ တစ်နေရာအရောက်
`ကား ဘာဖြစ်တာလဲ တန်ခိုး´
`မသိဘူးကွ သူဟာသူ ထိုးရပ်သွားတာပဲ ခဏ ငါဆင်းကြည့်လိုက်မယ်´
ပြောပြောဆိုဆိုဖြင့် ကားအောက်သို့ဆင်းသွားပြီး စက်ဖုံးအားဖွင့်၍ ကြည့်နေခဲ့သည်မှာ ငါးမိနစ်ခန့်ကြာတော့ ကျွန်ုပ်လဲ ကားအောက်ဆင်းသွားကာ
`ဘာဖြစ်တာတုန်း…´
`မသိဘူးကွ ငါလဲမပြင်တတ်ဘူး´
`ဒါဆို ဘယ်လို လုပ်ကြမလဲ ဒီလမ်းကြောက ကားအသွားအလာပျက်တယ်´
`မတတ်နိုင်ဘူး ကားပေါ်မှာပဲ အိပ်ရတော့မယ်နဲ့ထင်တယ်´
`ဟာ…ဟိုမှာကြည့်စမ်း တန်ခိုး အိမ်လား မသိဘူး မီးရောင်တွေ့တယ် အဲ့မှာ အကူညီတောင်းပြီး တစ်ညလောက် သွားတည်ကြရင် မကောင်းဘူးလား…´
`ဖြစ်ပါ့မလားကွ…ငါတို့ကို ယုံပါ့မလား´
`ဒါတော့ ပြောကြည့်ရမှာပဲလေ ကားပေါ်မှာ အိပ်ဖို့ကလဲ အဆင်ပြေမှာ မဟုတ်ဘူး…မထူးဘူးကွာ လာ သွားပြောကြည့်မယ်´
နှစ်ဦးသား တိုင်းပင်လိုက်ကြပြီး ပျက်နေသော မိမိကားအား လမ်းဘေးတွင် တွန်းရွှေ့ထားခဲ့ကြပြီး လျှပ်စစ်မီးရောင် မြင်နေရသည့်ဆီသို့ ဦးတည်သွားနေတော့သည်။အဝေးပြေးလမ်းမနှင့် မီးရောင် တွေ့နေရသည့် နေရာကား ပေနှစ်ဆယ်ခန့်မျှ ကွာလှသည်။ထိုအိမ်ရှေ့သို့အရောက်တွင် တန်ခိုးက အိမ်ရှင်များအား အကူညီတောင်းရန် အော်ခေါ်လိုက်ရာ အသက် ၅၀အရွယ် ဘုန်းကြီးတစ်ပါးထွက်လာပြီး
`ဟေး..ဒကာတို့ညကြီး အချိန်မတော် ဘာကိစ္စရှိလို့တုန်း´
`ဟင်! ဒါ ဘုန်းကြီးကျောင်းလား´
`အေး ဟုတ်တယ်လေ ဒကာတို့က ဘယ်သူတွေလဲ ဘာကိစ္စရှိလို့တုန်း´
`ဒီလိုပါဘုရား…တပည့်တော်တို့ရန်ကုန်ကပါ ပဲခူးကအပြန်မှာ ကားပျက်နေလို့ဘုန်းဘုန်းကျောင်းမှာ တစ်ညလောက် တည်းခိုခွင့်ပြုပါလား ဘုရာ…တပည့်တော်တို့က လူကောင်းတွေပါ ဘုရား…ဒီမှာ မှတ်ပုံတင်လဲ ပါပါတယ်´
`အေးကွယ်…ရပါတယ် ဒကာတို့ကို ယုံပါတယ် ဒီလိုပါပဲ ဖြစ်တတ်ပါတယ် ဦးဇင်းကျောင်းမှာ ခဏခဏ ကားပျက်လို့လာလာတည်းကြတာပဲ ဒကာတို့လည်း တည်းချင် တည်ပေါ့´
`ကျေးဇူးတင်ပါတယ် ဘုရား´
ဘုန်းကြီး ခွင့်ပြုချက်ရသည်နှင့် တံခါးဖွင့်ခါ နှစ်ယောက်သား ကျောင်းထဲသို့ဝင်လာကြသည်။ကျယ်ဝန်းလှသည့် ကျောင်းကြီးမှာကား သံဃာတော် အမြောက်အများ သတင်းသုံး နေထိုင်ပုံရသည်။ ဘုရားခန်းအား ဝင်ရောက် ကန်တော့လိုက်ကြပြီ ဘုန်းကြီးကား သူတို့နှစ်ဦးအတွက် စောင်၊ခေါင်းအုံ၊ခြင်ထောင်များ လာပေးခဲ့သည်။ သို့နှင့် တစ်နေ့ကုန် ပင်ပန်းလာကြသော သူတို့နှစ်ဦးသား ခေါင်းချလိုက်သည်နှင့် တစ်ပြိုင်နက် အိပ်မောကျစွာ အိပ်ပျော်သွားလေတော့သည်။ `ဟေ့…လူလေးတွေ ဘယ်မှာလာအိပ်နေကြတာလဲ ထကြစမ်း အိပ်စရာရှားလို့မြတ်ခင်းပေါ်မှာ အိပ်နေရသလား´
အိပ်မောကျစွာ အိပ်ပျော်နေကြသည့် သူတို့နှစ်ဦးအား အသက်ကြီးကြီး လူကြီးတစ်ယောက်မှ အတင်းလာနိုးနေခဲ့သည်။ကမန်းကတန်းထကာ ဘေးပတ်ဝန်းကျင်ကို ကြည့်မိလိုက်ရာ ညက ဘုန်းကြီးကျောင်းကြီးမဟုတ် ကျယ်ပြန့်လှသည့် လယ်ကွင်းပြင်တည်းတည်းကြီးကိုသာ တွေ့လိုက်ရသည်။အံ့သြကြီးစွာဖြင့် ဘုန်းကြီးလာပေးခဲ့သော ခေါင်းအုံးအား ကြည့်လိုက်ရာ ညစ်ပေနေသည့် အမှိုက်ထုပ်ဖြစ်သကဲ့သို့ခင်းထားသော ဖျာနှင့် စောင်တို့မှာ အိတ်ခွံအစုတ်ပျက်များသာ ဖြစ်နေတော့သည်။
`လူလေးတို့ဘယ်ကလည်း ဒီမှာ ဘာလို့လာအိပ်နေရတာလဲ´
လူပုံစံသန့်သန့်ပြန့်ပြန့်ရှိနေသည့် ထီးကလေးနှင့် တန်ခိုးအား ထိုလူကြီးက အံ့သြစွာဖြင့် မေးလိုက်တော့
`ကျွန်…ကျွန်တော်တို့က ရန်ကုန်ကပါ ညက ဒီနားမှာ ကားပျက်လို့ ဘုန်းကြီးကျောင်းမှာ ခဏဝင်တည်းတာ အခုဘယ်လိုလုပ်ပြီး ဒီလယ်ကွင်းထဲ ရောက်နေတာလဲ မသိဘူး´
`ဟေး…ဘုန်းကြီးကျောင်း ဟုတ်လား´
`ဟုတ်…ဟုတ်တယ်လေ ဒီလယ်ကွင်းထဲ ကျွန်တော်တို့ကို ဘယ်သူ လာရွှေ့သွားရတာလဲ…´
`လူလေးတို့မှားနေပြီနဲ့ထင်တယ်…ဒီနားမှာ ဘုန်းကြီးကျောင်းမရှိဘူးကွဲ့´
`ဗျာ…ဟာ…အဘိုးကလဲ ကျွန်တော်တို့ကိုညကအဲ့မှာနေတဲ့ ဘုန်းကြီးကိုယ်တိုင်က တည်ခွင့်ပြုလို့ တည်ခဲ့တာ ဘုန်းကြီးကျောင်း ရှိပါတယ်´
`အွန်…ငါ့မြေးတွေ ကျတ်ကုန်း ဘုန်းကြီးနဲ့တွေ့ခဲ့ပြီးနဲ့ထင်တယ်´
`ဗျာ…ဘယ်လို ကျတ်ကုန်းဘုန်းကြီး ဟုတ်လား အဘိုး…´
`ဟာ…မဖြစ်နိုင်တာ ဒီခေတ်မှာ ဒါမျိုးတွေ ရှိသေးလို့လား…အဘိုးက ဘာလို့အဲ့လို ပြောနိုင်ရတာလဲ…´
`သိပ်ရှိတာပေါ့ အဘ ဒီမိုင်တိုင် ၂၂မှာ နေလာတာ အသတ် ၃၀ကျော်တည်းကပဲ ဒီနားမှာ အရင်က ဘုန်းကြီးကျောင်း တစ်ကျောင်းရှိတယ် ရဟန်း သံဃာ ကိုယ်တော်တွေလဲ အများကြီးရှိတယ် နာမည်ကြီးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းပဲ ဒါပေမယ့် အဘိုးတို့ကြားလိုက်တာ မိကျောင်းပုရိပိုက်ဆိုလား အဲ့ဒီပုရိပိုက်က ကျောင်းထိုင်ဘုန်းကြီးဆီမှာ ရှိတယ်ဆိုပြီး မသမာသူတွေက ဘုန်းကြီးကျောင်းကို ဝင်ခိုးတဲ့သူကခိုး ဓားပြတိုက်တဲ့သူက တိုက် ဖြစ်ကုန်ကြတာပဲ ဘုန်းကြီးကလည်း သူမှာ မရှိဘူးပြောတော့ တစ်ည လောဘဇောတိုက်နေတဲ့ဂိုဏ်းဆရာတစ်ချို့က တစ်ကျောင်းလုံးကို မီးလောင်တိုက်သွင်းပြီး သတ်ခဲ့ကြတယ် အဲ့အချိန်ကစပြီး တစ်ကျောင်းလုံးမှာနေတဲ့သံဃာတော်တွေ အကုန်သေပြီး ခြောက်လန့်ကြတယ်လို့ဒီအနီးတစ်ဝိုက်က လူတွေ ပြောကုန် ကြတာပဲ´
`ဘယ်လိုအဘိုး…မိကျောင်း ပုရိပိုက် ဟုတ်လား အဲ့ဒါဘာကိုပြောတာလဲဟင်´
`ဒါတော့ အဘိုးလည်း သေချာမသိဘူး တော်တော်စွမ်းလို့ပဲနေမှာပေါ့…´
`ဟင်!…ဒါဆို ကျွန်တော်တို့ညက တွေ့ခဲ့တာက ဘုန်းကြီးသရဲတွေပေါ့ ဟုတ်လား…´
`ဖြစ်နိုင်တယ် …မင်းတို့ကို ဒုက္ခမပေးပါဘူး တစ်ခါတစ်ခါ ဒီလိုပဲ ခရီးသွားတွေနဲ့ကြုံလေ့ရှိတယ် မင်းတို့လိုပဲ ဖြစ်ကြတာပဲ´
`သူတို့က ကျတ်လို့ဘာလို့ပြောရတာလဲ အဘိုး´
`ဒါက ဒီလို ကျောင်းလုံးကျွတ် အကုန်မီးလောင်သေခဲ့ရတာဆိုတော့ ဘယ်ကိုယ်တော်မှ မကျွတ်လွတ်သေးကြဘူး အုပ်စုဖွဲ့သေကြတာဆိုတော့ ကျတ်တွေဖြစ်ကုန်ကြတယ်…အရင်ကဆို မနက်တိုင်း သေသွားတဲ့ဘုန်းကြီးတွေ အာရုံဆွမ်းခံကြွလေ့ရှိတယ် တစ်ချို့မသိတဲ့သူတွေဆို ဆွမ်းလောင်းဖို့စောင့်နေတယ် ဘုန်းကြီးတွေ ကြွလာတာတော့ အဲ့ဒီဆွမ်းလောင်းမယ့် သူဆီကိုပဲ အနားရောက်လို့ဆွမ်းလည်း လောင်းမယ် အလုပ် အကုန်လုံးပျောက်ကုန်ကြရော ကြာပါပြီ ဒါတွေက လွန်ခဲ့တဲ့အနှစ် ၂၀ လောက်တုန်းက ဖြစ်ပျက်တွေပေါ့ နောက်ပိုင်း လူတွေ ခဏခဏကြုံတွေ့နေရတာက လူလေးတို့လိုပဲ ဒီနားမှာ အကြောင်းတစ်ခု မဟုတ် တစ်ခုဖြစ်ပြီး ဒီလိုပဲ လှည့်စားခံရတာ…ကဲကဲ မင်တို့လည်း ပြန်ရဦးမယ် မဟုတ်လား သွားကြတော့´
`အဘိုးက ဒီနားမှာ နေတာလား…´
`အေးကွယ့် ဟိုးမှာ တွေ့လား အဲ့တဲလေးက အဘိုးတစ်ယောက်တည်းနေတာ နောက်ကြုံရင်လဲ ဝင်လည်ပေါ့လေ´
`ကျွန်တော်တို့ဒီမှာ အိပ်နေတာ ဘယ်လိုတွေ့တာလဲ´
`အဘက ဒီချောင်းဘေးမှာ မနက်နဲ့ညနေဆို အမြဲငါးမျှားနေကြ အခုလဲ ငါးလာမျှားရင် မင်းတို့အိပ်နေတာကို တွေ့တာဘဲ…´
အဝေးပြေးလမ်းမဘေးတွင် နေထိုင်သော အဘိုးကြီးတစ်ယောက်ကား သူတို့ကြုံတွေ့ခဲ့ရသော အဖြစ်မှန်အားလုံးကို ရှင်းပြပြောဆိုခဲ့တော့တယ်။သို့နှင့် ထိုအဘိုးကြီးအား လက်ပြနှုတ်ဆတ်ရင်း ရန်ကုန်အပြန်လမ်းသို့ မောင်းနှင်ရန် ပျက်နေသော မိမိတို့ကားအား စက်နှိုးလိုက်ရာ ကားဟာ အကောင်းပကတိ အတိုင်းဖြစ်နေခဲ့သည်။နှစ်ယောက်သား အံ့စွာဖြင့် ပဲခူး - ရန်ကုန် အမြန်လမ်းသို့ဦးတည်မောင်းနှင် လာကြတော့သည်။ သူငယ်ချင်း ဖြစ်သူ မျှားကလေး (တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် သင်္ချိုင်းထဲမှ မှော်ဝင် အုတ်ဂူ)သူမအိမ်နှင့် စိတ်ဆိုးကာ အိမ်ပေါ်မှ ဆင်းသွားခဲ့သည်မှာ ယခုဆို ၄နှစ်ကျော်နေခဲ့ပါပြီး။ သူမ သတင်းအားလည်း မည်သည့်နေရာတွင်မှ အစန ရှာမရတော့ပဲ သေသလား ရှင်သလားမသိ။ သူမ၏ မိဘနှစ်ပါးမှာလည်း နေ့စဉ်နှင့်အမျှ သူတို့သမီးလေး ပြန်အလာကို စိတ်ဆင်းရဲစွာ စောင့်မျှော်နေခဲ့ကြသည်မှာ ယခုဆို လေးနှစ်ကျော်နေခဲ့ပါပြီ။ လူပျောက်ကြေညာတွင်သာမက အစွမ်းကုန် လိုက်လံရှာဖွေခဲ့သော်လည်း သူမအား မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ပါ။ သူမ၏ သူငယ်ချင်းများဖြစ်သည့် ထီးကလေး လမ်းကလေး ငါးကလေး တန်ခိုးတို့မှာလည်း နေ့စဉ်နှင့်အမျှ သူငယ်ချင်းဖြစ်သူ မျှားကလေးအား လွမ်းဆွတ် တမ်းတလျက် တစ်ချိန်ချိန်ပြန်လာမည်ဟု ယုံကြည်စွာ စောင့်မျှော်နေခဲ့တော့သည်။
✏✏✏✏✏✏✏✏✏✏✏✏
ကိုအုန်းကျော် မြေအောက်မှ တူဖော်ရထားသော သေတ္တလေးဟာ လပြည့်လကွယ် ညတိုင်း ဖုံးဖိထားမရအောင် အလင်းများ ဖျာထွက်တောက်ပနေခဲ့သည်။ထိုသို့ဖျာထွက်တောက်ပနေသည့် အလင်းတန်းများကြောင့် ကိုအုန်းကျော်နှင့် မမယ်ကြည်တို့အား ရွာသူရွာသားများက စုန်းအတတ်ပညာများ တတ်မြောက်ပါသည်ဟု စွတ်စွဲကာ ရွာပြင်သို့မောင်းထုတ်စေခဲ့သည်။သို့ပေမယ့် သူတို့ဇနီးမောင်နှံဟာ စိတ်ပျက်သွားခြင်းမရှိပဲ လူသူကင်းရှင်းသည့် ရွာပြင်လေးမှာသာ အေးအေးချမ်းချမ်းလုပ်ကိုင် စားသောက်နေလျက်ပင်။ ကိုအုန်းကျော်၏ လယ်ယာသီးနှံများ အထွက်ကောင်းလာခြင်းနှင့် အိမ်မှ အလင်းတန်းများ ဖျာထွက်ခြင်းတို့သည် စုန်းအတတ်ပညာဖြင့် ပြုလုပ်ထားသည်ဟု ထင်ကာ တစ်နေ့ကိုအုန်းကျော် လယ်စာရင်းငှား ကြွက်နီးနှင့် စပါးရိတ်သိမ်းနေချိန် ကဝေဆရာဟု ခေါ်သော ပယောဂါဆရာ ဦးမျိုးမြင့်ရောက်လာပြီး ကန်စဉ်းရိုးပေါ်မှ
`ဟေး…အုန်းကျော် မင်းစံပါးတွေ အထွက်ကောင်းလှချည်လား´
`ဟုတ်တယ်ဗျို့ဦးမျိုးမြင့်ရေ ကျုပ်တို့ကလေးလေးက မိဘတွေကို အကျိုးပေးတယ်ဗျ ´
ကိုအုန်းကျော် ထိုသို့ပြောခြင်းကို ကဝေဆရာက မယုံကြည်ပဲ
`ဟုတ်လို့လားကွာ…´
`ဟာဗျာ…ခင်ဗျားကို ကျုပ်ကလိမ်ပြီး ဘာလုပ်ဖို့တုန်း တကယ်ပြောတာပေါ့´
`အေးအေး ဒါဆိုလဲ ပြီးရော…´
ထိုသို့ပြောပြီး ကိုအုန်းကျော်တို့မမြင်သာသည့် နေရာမှ ကန်စဉ်းရိုးအား ဖနှောက်ဖြင့် ပေါက်ပြီး နှုတ်မှ အသံမထွက်သည့် စကားတစ်ချို့ပြောဆိုခါ ထွက်သွားခဲ့သည်။ထိုနေ့မှစပြီး စံပါးများဟာ ငြိုးနွမ်းပျက်စီးသွားလျက် မိမိစိုက်ထားသော သီးနှံများမှာလည်း ပုတ်သိုး ပျက်စီးကုန်တော့သည်။ လင်မယားနှစ်ယောက် စိတ်ညစ်စွာဖြင့် မိမိတို့အေးအေးဆေးဆေးနေတတ်သူများအဖို့မနာလိုသူများရဲ့မမြင်နိုင်သော အတိုက်အခိုက်များကြားတွင် လူးလူးလိမ့်လိမ့် အနိုင်ကျင့်ခံနေရတော့သည်။
ထိုသို့အခက်ခဲမျိုးစုံကြုံနေရသည့် အချိန်မှာပဲ မမယ်ကြည်၏ လွယ်ထားသော ကိုယ်ဝန်မှာ နေ့စေ့လစေ့ မွေးဖွားခါနီးဖြစ်နေသည်။တစ်နေ့မှာပဲ ကိုအုန်းကျော် ဖခင်၏ ဆရာဖြစ်သူ သူတို့လင်မယားထံသို့ရုတ်တရက် ရောက်လာခဲ့သည်။ဆရာအေးအား မြင်သည်နှင့် ကိုအုန်းကျော်မှာ အားရဝမ်းသာဖြစ်လျက် မိမိတို့ကြုံတွေ့နေရသည့် အဖြစ်များအား တိုင်ပင်ပြောလိုက်တော့သည်။
`ဖြစ်မှ ဖြစ်ရလေကွာ ငါ့တပည့်ရဲ့သား ဒုက္ခရောက်နေတယ်ဆိုတော့ အဘကူညီပေးခဲ့ပါ့မယ် ဒါနဲ့မင်းအခုန ပြောတဲ့မြေအောက်က ရထားတဲ့သေတ္တာဆိုတာ ပြစမ်းပါဦး´
ထိုသေတ္တာလေးအား ဆရာအေး တောင်းဆိုသည်ကြောင့် လုံခြုံစွာ သိမ်းဆည်းထားသော သေတ္တာလေးအား ဘုရားစင်မှ ယူကာ ပြလိုက်တော့သည်။
`အွန်း…ထူးတော့ ထူးဆန်းတယ် ဒီပစ္စည်းကမင်းတို့နဲ့ ထိုက်တန်လို့ရတာပဲ အဘ သိသလောက်ဆို ဒီသေတ္တာက စင်္ကြာမင်းသားရဲ့ မိချောင်းပုရိပိုက်များဖြစ်နေမလား´
`ဘယ်လို အဘ မိချောင်းပုရိပိုက် ဟုတ်လား…ဘယ်လိုမျိုးလဲ´
`ဟုတ်တယ်…စင်္ကြာမင်းသားကို မလိုသူတွေချောက်တွန်း စကားကြောင့် သူ့ဖခင် ဘုရင်မင်းမြတ်က သူ့ကိုစွန့်ပစ်လိုက်တယ် ဝိဇ္ဇာတစ်ပါးက စင်္ကြာမင်းသားလေးကို ကယ်တင်ထားပြီး ဝိဇ္ဇာကျင့်စဉ်တွေ သင်ပေးခဲ့တယ်လေ စင်္ကြာမင်းသား ချောင်းနံဘေးမှာ တရားကျင့်ကြံနေစဉ် နတ်မိချောင်းတစ်ကောင်က ကြေးပုရိပိုက်တစ်ခုကို အံချပေးခဲ့တယ် အဲ့ထဲမှာ စုန်း ကဝေ အောက်လမ်း ပညာအစုံပါတယ် ဝိဇ္ဇာကျင့်စဉ်ပေါ့ အဲ့ပုရိပိုက်ကို ပညာသည်တော်တော်များက လိုချင်ကြတယ် စင်္ကြာမင်းသားက အမျှော်အမြင်ကြီးစွာနဲ့ အဲ့ပုရိပိုက်ကို ထိုက်သူစံဆိုပြီး ပင်လယ်မျောပစ်လိုက်တယ် အဲ့ဒီအချိန်ကတည်းက မိချောင်းပုရိပိုက်ရာဇဝင် ပျောက်ကွယ်နေခဲ့တာ အခုချိန်ထိပဲ ဒါပေမယ့် အဘလည်း ကြားဖူးတာဘဲ ရှိတာ ဒီသေတ္တာလေးထဲမှာ မိချောင်းပုရိပိုက် ရှိတယ်လို့တော့ အဘ မဆိုလိုပါ …´
`တကယ်လို့ဒီထဲမှာသာ မိချောင်းပုရိပိုက်ရှိနေတယ်ဆို ဘယ်လိုအစွမ်းတွေ ရှိနိုင်လဲ အဘဆရာကြီး´
`အိုး…ဒါဆိုရင်တော့ ကောင်းသူကယ် မကောင်းသူဖယ်မယ့် ဒုတိယမြောက် စင်္ကြာမင်းသားလေး ပြန်ပေါ်လာပြီးလို့ပြောရတော့မှာပဲ…´
`သေတ္တာရတည်းက ကျွန်တော် ဖွင့်နေတာ အခုထိလဲ သတိရတိုင်း ဖွင့်နေခဲ့တယ် ဒါပေမယ့် ဖွင့်လို့မရဘူး ဆရာကြီးဖွင့်ပေးပါလား´
`ဟုတ်တယ် လွယ်လွယ်နဲ့ဖွင့်လို့မရဘူး တကယ့်ပါရမီရှင်မှသာ ဖွင့်လို့ရနိုင်မှာပဲ မင်းတို့ကလေးလေးက ပါရမီရှင်လေးပဲ ဖြစ်လိမ့်မယ်…ကဲ…ဒီအကြောင်းတွေကို ခဏမေ့ထားလိုက် အခု မင်းတို့လင်မယားနှစ်ယောက်နေတဲ့ဒီအိမ်မှာ အတိုက်အခိုက်တွေ ရှိနေတယ်…အဘ ကြုံတုန်းလေး ရှင်းပေးခဲ့မယ်…´
`လုပ်ပါဦး ဆရာကြီးရယ် ကျွနိတော်တို့လင်မယားနှစ်ယောက် အေးအေးချမ်းချမ်းနဲ့စီးပွားလေးဖြစ်နေတာကို ပညာသည်တွေနဲ့အခုလို အတိုက်အခိုက်တွေ လုပ်နေတာပါပဲ´
`ကောင်းပြီး…မင်းခြံရှေ့လမ်းမပေါ်က ဂဲလေးတစ်လုံး အခုသွားကောက်ခဲ့´
ဆရာအေး စေခိုင်းလိုက်သည့်အတိုင်း ကိုအုန်းကျော် တစ်ယောက် အိမ်ပေါ်မှ ခပ်သွက်သွက်လေး ဆင်းသွားပြီး ခြံရှေ့မှ ဂဲလေးတစ်လုံး ကောက်ယူလာခဲ့သည်။
`ရပြီ ဆရာကြီး´
ကိုအုန်းကျော်ပေးလိုက်သည့် လမ်းမှ ဂဲလုံးအား ဆရာအေး ဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းဖြင့်ကပ်ခါ မန်းမှုတ်လိုက်ပြီးနောက်
`ရော့…အုန်းကျော် ဒီဂဲကို မင်းကို ပညာနဲ့လုပ်ထားတဲ့သူတွေကို လက်စားချေချင်တယ်ဆိုရင် ခြံထောင့်မှာ မည်းသားနဲ့တွဲပြီး မြှုပ်ထားလိုက် မင်းခိုင်းချင်တဲ့အခါဆို လူပါသတ်ခိုင်းလို့ရတယ် အိမ်လုံအောင် ခြံစောင့်ပဲ ထားခြင်းတယ်ဆိုရင်တော့ ရိုးရိုးပဲ ခြံထောင့်မှာ မြှုပ်ထားလိုက် ´
ကိုအုန်းကျော်အား ၎င်းဂဲလေး ပေးပြီး ခရီးဆက်စရာရှိသေးသည်ဟုဆိုကာ ဆရာအေးပြန်သွားတော့သည်။ကိုအုန်းကျော်ကား အငြိုးအတေးမရှိသူ ပီပီ ဆရာအေး ပေးခဲ့သည့် ဂဲလေးအား မိမိခြံဝိုင်းအတွင်းသာ လုံခြုံစေရန် ခြံထောင့်တွင် ရိုးရိုးသားသား မြှုပ်နှံထားခဲ့သည်။ထိုဂဲလေး မြှုပ်ထားသည့် အချိန်မှ စပြီး ကိုအုန်းကျော်အိမ်၌ အတိုက်ခိုက်များ ကင်းစင်သွားခါ မိမိစီးပွားရေး အခြေနေဟာလည်း ပုံမှန် ပြန်ဖြစ်လာချေသည်။ဇနီးဖြစ်သူ မယ်ကြည်၏ ကိုဟ်ဝန်မှာလည်း မွေးဖွားရန် အချိန်နည်းကပ်လျက် တစ်ည ကိုအုန်းကျော် ညနက်နက် ခြံထဲ ကွပ်ပျစ်လေးတွင် ထိုင်နေခဲ့စဉ် ခြံထောင့်မှ ယောင်ပေစူးလေးဖြင့် ၃နှစ်သားအရွယ် ကလေးတစ်ယောက်မှ
`ဖေဖေ´`ဟင်!…မင်းဘယ်သူလဲ´
`သားက…ခြံထောင့်မှာ နေတာပါ ဖေဖေ သားကို ခြံထောင့်မှာ မြှုပ်ထားတာလေ သားအခုဆို ၃နှစ်သားအရွယ်ရောက်နေပြီ အိမ်ကို အတိုက်အခိုက်မရှိအောင် သား စောင့်ရှောက်ပေးပါ့မယ် …´
`ဟင်!…နေဦး…နေဦး…´
`ကိုအုန်း…ကိုအုန်းဘာဖြစ်တာတုန်း´
`ဟင်!…ငါ…ငါအိပ်မက်မက်နေတာပဲ´
သုံးနှစ်သားအရွယ်ရှိ ရှေးဆန်ဆန် ယောင်ပေစူးလေးနှင့် ကလေးတစ်ယောက်က သူ့အား ခြံစောင့်ပေးနေပါကြောင်း အိပ်မက်ပေးခဲ့သည်ကို ဇနီးဖြစ်သူ မယ်ကြည်အား ပြောပြခဲ့သည်။ ဆရာအေး မန်းမှုတ်ပေးခဲ့သည့် ဂဲလေးမှာ ကိုအုန်းကျော် မြှုပ်နှံထားသည့် အတွက် အစောင့်ရှိပါသည်ဟု မိမိအား အိပ်မက်လာပေးခဲ့သည်ကို ကိုအုန်းကျော်တစ်ယောက် ကောင်းစွာနားလည် သဘောပေါက်ချေခဲ့ပြီ။ တစ်ပတ်ခန့်အကြာ…… လပြည့်ညတစ်ညတွင် ဇနီးဖြစ်သူ မယ်ကြည် မီးဖွားရန် ဗိုက်နာလာသည်ကြောင့် တစ်ခြားရွာမှ လက်သည်ခေါ်ကာ မွေးဖွားစေခဲ့သည်။ဇနီးသည်၏ နာကျင်လွန်းသော ဝေဒနာအသံကို ကြားရသည့်ကြောင့် ကိုအုန်းကျော်မှာ ကနာမငြိမ်နိုင် လက်သည်မိန်းမကြီးမှာလည်း အစွမ်းကုန် မီးဖွားပေးနေခဲ့သည်။သိပ်မကြာခင်မှာပဲ အခန်းထဲမှ ကလေး၏ငိုသံလေးကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ဘုရားစင်ပေါ်တွင် ရှိနေသော သေတ္တာလေးမှာလည်း အရောင်တစ်ဝင်းဝင်းဖြင့် လင်းလက် တောက်ပလာချေတော့သည်။
`မွေးပြီတော်…မွေးပြီး ယောက်ျားလေးဟေ့ မျက်နှာဖုံးနဲ့စလွယ်တောင် ပါသေးတယ်´
`ဟင်!…ယောက်…ယောက်ျားလေး…ဟုတ် ဟုတ်လား…အစ်မကြီး…´
မီးဖွားပြီးတာကြောင့် အိမ်ရှေ့ခန်းမှ ဇနီးဖြစ်သူ မယ်ကြည် ရှိနေသည့် အိပ်ခန်းထဲသို့ ပြေးဝင်ရန် ချေလှမ်း လှမ်းလိုက်စဉ်မှာပဲ
`နင်ဝင်လာလို့မရသေးဘူး အုန်းကျော် အိမ်ရှေ့မှာပဲ ခဏနေဦး …နင်တို့ကလေးလေးက ထူးခြားတယ် မျက်နှာဖုံး စလွယ် ရင်ဘက်မှာလည်း စင်္ကြာပုံလေးနဲ့ဟေ့…ငါမွေးပေးခဲ့ဘူးတဲ့ ကလေးတွေအထဲမှာ ဒီကလေးက အထူးခြားဆုံးပဲတော်ရေ…ဘယ်ကလေးတွေနဲ့မှမတူဘူး…´
လက်သည်မိန်းမကြီး ပြောစကားများကြားရတော့ ကိုအုန်းကျော်မှာ မိမိရင်သွေးလေးအား အလွန်ပင်တွေ့ချင် မြင်ချင်နေလှပြီး အိမ်ရှေ့ခန်း၌ ကနာမငြိမ်စွာဖြစ်နေတော့သည်။
📝📝📝📝📝📝📝📝📝📝📝📝♠
Post Top Ad
Responsive Ads Here
အပိုင်း(၁) ကဝေဘုရင် ယမမင်းရှင်
Share This
Tags
# ၀၅.ကဝေဘုရင် ယမမင်းရှင်
Share This
About Unknown
၀၅.ကဝေဘုရင် ယမမင်းရှင်
Labels:
၀၅.ကဝေဘုရင် ယမမင်းရှင်
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment