တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
တစ္ဆေကိုက်တဲ့ အိမ်ကြီး
( ခြံအမှတ် ၆၆ )
အပိုင်း ( ၁၂ )
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
သေဆုံးနေသူ သီတာ၏ နံဘေးတွင် နှင်းဆီပန်းအနက်ရောင်လေးအား ချထားစေခဲ့ပြီး တရားခံဟုစွပ်စွဲခြင်းခံထားရသော ထီးကလေး၏ အနားမှ နှင်းဆီပန်းအနက်များအား များပြားစွာတွေ့ရှိလိုက်ရပြီ နယ်မြေပိုင်စခန်းမှူးကြီးမှာ မူးလဲကျနေသည့် ထီးကလေးအား နှင်းဆီနက်လူသတ်သမားဟု ကောက်ချက်ချကာ အပိုင်ရဲစခန်းဆီသို့ လက်ထိပ်ခတ် ခေါ်ဆောင်လာခဲ့လေတော့သည်။
' ဟုတ်ကဲ့ဆရာကြီး … ပြောပါ '
' အေးတင်ငွေ … မင်းဘက်က အခြေနေဘယ်လိုရှိလဲ '
' ဟုတ်ကဲ့ဆရာကြီး … ကျုပ်ဒီကောင့်ကို သိပ်ပြီးမသင်္ကာဘူး… ရူးချင်ယောင်ဆောင်နေတယ်လို့ ထင်တယ် '
' ဟင် … အေး ဟုတ်ပြီဒါဆို အဲ့ဒီကောင်ကို ဖမ်းလာခဲ့ … ပိပိရိရိလုပ်နော် …ငါကိုယ်တိုင်စစ်ဆေးမယ် '
' ဟုတ်ကဲ့ ဆရာကြီး … စိတ်ချပါ '
' တူကြီးရေ … တူကြီး '
' ကျွန်တော်ဒီမှာရှိတယ် '
' ဟင် … မင်းက ငါဖုန်းပြောနေတာကို ခိုးနားထောင်နေတာလား … မင်းငါနဲ့လိုက်ခဲ့ '
' ဟာဗျာ … အရာရာအစစ သူများကစားနေတာကို ခိုးပြီးနားထောင်နေစရာလားဗျ ကိုယ့်ဟာကိုယ် ဒီမှာရပ်နေတာ'
' စကားမရှည်နဲ့ မင်းမရူးဘူး … လာ ငါနဲ့လိုက်ခဲ့ '
' မလိုက်ဘူး … မလိုက်ဘူး '
' ဟေ့ကောင် … ကောင်းကောင်းပြောနေတာနော် … အေးအေးဆေးဆေးလိုက်ခဲ့ မဟုတ်လို့ကတော့ ငါ့ဆရာကြီးက မင်းတို့တစ်မိသားစုလုံးကို အသေသတ်လိမ့်မယ် '
' ဟင် … အသေသတ်တိုင်း ကစားကြမှလား ကျွန်တော်လဲပါမယ် '
' ဟာကွာ …လာ … ပါရမယ်လိုက်ခဲ့ '
' လိုက်မယ် လိုက်မယ် '
မိမိ၏အတွက်နှင့် မိဘများအား ထိခိုက်မည်ကို စိုးရိမ်၍ စာရေးဆရာလေးမှာ မည်သည့်နေရာဆီသို့ ခေါ်ဆောင်နေခြင်းမသိသည့် တင်ငွေ၏အနောက်သို့ လိုက်ပါသွာခဲ့ရသည်။ တင်ငွေ၏ ခေါ်ဆောင်ဦးတည်ရာမှာ ဆရာဖြစ်သူ ဦးဇော်မျိုးဆီသို့ပင်ဖြစ်ချေသည်။
သူငယ်ချင်းဖြစ်သူ ထီးကလေး၏ နေအိမ်၌ ညည့်နက်သည့်အထိ စောင့်စားနေခဲ့ပြီး သူ၏နေအိမ်၌သာ သူငယ်ချင်းဖြစ်သူများ အိပ်လျက်စောင့်စားနေခဲ့သော်လည်း ထီးကလေးတစ်ယောက်မှာ မိုးလင်းသည့်အထိ ပြန်လည်၍ရောက်မလာခဲ့ချေ။ သူငယ်ချင်းဖြစ်သူအား စိတ်ပူ၍ ထိုစားသောက်ဆိုင်တည်ရှိရာသို့ ဦးတည်ထွက်ခွာမည်လုပ်စဉ်တွင်
' သားတို့ရေ … လုပ်ကြပါဦး နင့်တို့သူငယ်ချင်း ထီးကလေး လူသတ်မှု့နဲ့ အဖမ်းခံထားရတယ်လို့ ရဲစခန်းက အခုပဲ အကြောင်းကြားတယ် '
' ဗျာ … ဘယ်လို ထီးကလေးကို လူသတ်မှု့နဲ့ ဖမ်းထားတယ်ဟုတ်လား အန်တီ'
' အေး … လုပ်ကြပါဦး ကိုယ်ကျိုးတော့ နည်းကုန်ပြီနဲ့တူတယ် '
'ဟာသွားပြီး ထီးကလေးကတော့ ထောင်ချောက်မိသွားပြီ '
' ဘာ …ထီးလေး ထောင်ချောက်မိသွားပြီးဟုတ်လား ဒါဆိုထီးလေးက အခုဘယ်မှာလဲ '
' ( ) အပိုင်ရဲစခန်းမှာ အဖမ်းခံထားရတယ် စားသောက်ဆိုင်က မိန်းကလေးတစ်ယောက်ကို အရက်မူးပြီး အဓမ္မပြုဖို့ကြံရင်း လက်လွန်သွားတာတဲ့ '
' ဟင် … ထီးလေးက အရက်မူးပြီး လူသတ်လိုက်တယ်ဟုတ်လား'
' မဖြစ်နိုင်ဘူး … ဒါလုံးဝမဖြစ်နိုင်ဘူး ငါတို့အတန်တန်ပြောနေတယ် … ထောင်ချောက်ပဲဖြစ်လိမ့်မယ်လို့ … အခုဘယ်လိုလုပ်ကြမလဲ '
' ကိုမောင်ဝင်းဆီ အကြောင်းကြားမှဖြစ်မှာပေါ့ … '
' ဟ … မိတ်ဆွေတို့ မနက်စောစောစီး လူစုံတပ်စုံပါလား ဆော်တီးဗျာ မနေ့က ကျုပ်မရောက်လာဖြစ်ဘူး… ဒီမနက်မှ တာဝန်ချိန်ခွင့်ယူပြီး ခင်ဗျားတို့ဆီထွက်လာတာပဲ '
' ဟာ … ကိုမောင်ဝင်း အတော်ပဲဗျာ … အခုပဲ ကျုပ်တို့ ကိုမောင်ဝင်းဆီ လာတော့မလို့ '
' ဟင် … ဘာအရေးကြီး ကိစ္စရှိလို့တုန်းဗျ '
' ထီး … ထီးလေးကို လူသတ်မှု့နဲ့ ဖမ်းထားတယ်တဲ့ '
' ဘာ … ဘယ်လို လူသတ်မှု့နဲ့ ကိုထီးကလေးကို ဖမ်းထားတယ်ဟုတ်လား … ဘယ် … ဘယ်လိုဖြစ်ရတာလဲ'
' ဒီလိုဗျ … မနေ့ညက ကိုမောင်ဝင်းရောက်လာတာနဲ့ အိမ်ကြီးဆီကနေ သူ့အိမ်ပြန်လာဖို့ ကျွန်တော်တို့ခေါ်လိုက်တယ် '
'လမ်းမှာ လူတစ်ယောက်က သူ့ကိုကြိုစောင့်နေပြီး အသက်ကိုရန်ရှာခဲ့တယ်လို့ပြောတယ် ပြီးတော့ အဲ့ဒီအချိန်မှာပဲ စားသောက်ဆိုင်က မိန်းကလေးတစ်ယောက်နဲ့ ဆုံခဲ့ရတယ်တဲ့ … အဲ့ဒီကောင်မလေးက သေသွားတဲ့ သူ့ရည်းစားဖြူနဲ့ ရုပ်ချင်းတော်တော်လေးတူတယ်လို့လဲ ပြောတယ်'
' မနက်က ကိုမောင်ဝင်းရောက်မလာတာနဲ့ ကျွန်တော်တစ်ယောက်တည်း ထီးလေးပေးလိုက်တဲ့ လိပ်စာအတိုင်း ရဲရန်နိုင်တို့အိမ်ကို သွားခဲ့တယ် ဒါပေမယ့် ရဲရန်နိုင်တို့ ပြောင်းသွားကြ့ပီ … ကျုပ်တို့လဲ ဘာဆက်လုပ်ရမှန်း မသိတာနဲ့ … ထီးကလေးက စားသောက်ဆိုင်က မိန်းကလေးနဲ့ ပတ်သတ်မှု့အဆက်ဆက်ရှိနေလိမ့်မယ်လို့ စဉ်းစားမိပြီး ညတုန်းက အဲ့ဒီစားသောက်ဆိုင်ကို သွားလေ့လာခဲ့တာပဲ…'
' ဟုတ်တယ်ကိုမောင်ဝင်း … ကျွန်တော်တို့လဲ တစ်ညလုံး ဒီမှာအိပ်ပြီးစောင့်နေခဲ့တာ … ထီးလေးပြန်ရောက်မလာတာနဲ့ အခုပဲ လိုက်သွားဖို့လုပ်နေတုန်း သူ့မိဘတွေဆီကို အပိုင်ရဲစခန်းက ဖုန်းဆက်အကြောင်းကြားလို့ သိရတာပဲ '
' ကိုမောင်ဝင်း ကျုပ်သားလေးကို ကယ်ပါဦး … '
' ဦးနဲ့အန်တီ ဘာမှမစိုးရိမ်ပါနဲ့ ဒါသတ်သတ် ထောင်ချောက်အစင်ခံရတာ … ထီးလေးပြန်လွတ်လာမှာပါ'
' အဲ့ဒါကြောင့် အန်တီပြောတာပေါ့ သူများကိစ္စတွေ ဝင်မပါ ပါနဲ့လို့ အခုတော့ဖြစ်ပြီမဟုတ်လား '
' အစ်မကြီး စိတ်အေးအေးထားပါ ကျုပ်တစ်ယောက်လုံးရှိပါတယ် '
သားဖြစ်သူ ထီးကလေး၏ သတင်းအား ကြားလိုက်ရသည့် မိဘနှစ်ပါးမှာတော့ လွန်စွာမှပင် စိုးရိမ်နေခဲ့လေသည်။
လမ်းကလေးနှင့်အတူ သူငယ်ချင်းဖြစ်သူများ မိတ်ဆွေဖြစ်သော ရဲအုပ်ကိုမောင်ဝင်းအား အကြောင်းစုံ ရှင်းပြ ပြောဆိုနေချိန်၌ ရဲအုပ်မောင်ဝင်း၏ လက်ကိုင်ဖုန်းဟာ ရုတ်တရက် မြည်သံထွက်ပေါ်လာချေခဲ့သည်။
' ဘာ … ဘယ်လို နှင်းဆီနက် လူသတ်တရားခံကို မိထားပြီဟုတ်လား '
' ဟုတ်ပါတယ်ဆရာ … သူက တစ်ခြားသူမဟုတ်ပါဘူး ဆရာမောင်ဝင်းရဲ့ မိတ်ဆွေ ထီးကလေးဆိုတဲ့သူပါ '
' ဘာ မဟုတ်သေးဘူး … ကဲကောင်းပြီ ငါအခုချက်ချင်း စခန်းကိုလိုက်လာခဲ့မယ် '
' ကိုတန်ခိုး … ထီးကလေးကို ကျုပ်တို့ရဲတပ်ဖွဲ့က အပြင်းထန်လိုက်နေတဲ့ နှင်းဆီနက်လူသတ်သမားလို့ ပြောနေတယ် '
' ဘာ … ထီးကလေးက နှင်းဆီနက်လူသတ်မသမား … ဟာကွာ … ထောင်ချောက်ထဲကို တန်းရောက်သွားတာပဲ'
'ဟုတ်တယ် … ဒီထောင်ချောက်ကို ဖန်တီးတဲ့သူက တော်တော်လေး ဥာဏ်ကောင်းတယ် တော်တယ် … ကျုပ်တို့ထီးကလေးကိုတောင် ထောင်ချောက်ထဲ မရောက်ရောက်အောင် ပို့နိုင်ခဲ့တယ် '
' ဒါဆို ဘယ်သူလုပ်တာလဲဗျာ … ကယ်ပါဦး … ကိုမောင်ဝင်း … ထီးကလေးမလုပ်ဘူးဆိုတာ ကျုပ်တို့အားလုံးတင်မကဘူး ကိုမောင်ဝင်းလဲ သိမှာပါ '
' သိပ်သိတာပေါ့ဗျာ သိပ်သိတာပေါ့ ကျုပ်မိတ်ဆွေကို ကျူပ်ကိုယ်တိုင် မရရအောင် အမှု့ကနေ ကယ်တင်ပေးမှာပါ … ကဲကျုပ်တို့အားလုံး အပိုင်စခန်းကိုလိုက်သွားကြတာပေါ့ '
ညီအစ်ကိုအရင်းကဲ့သို့ ခင်မင်ရင်းနှီးနေကြသော မိတ်ဆွေဖြစ်သူ ထီးကလေး၏ အကြောင်အား ကြားသိလိုက်ရသည့် ရဲအုပ်မောင်ဝင်းတစ်ယောက်မှာတော့ အကွက်ကျကျထောင်ချောက်အတွင်းသို့ ရောက်ရှိနေကာ လူသတ်တရားခံဟု စွတ်စွဲခံထားရသည်ကြောင့် ထိုအမှု့မှ လွတ်မြောက်အောင် အစွမ်းကုန်ကူညီပေးမည်ဟု ကြုံးဝါးပြောဆိုကာ အပိုင်ရဲစခန်းရှိရာသို့ ဦးတည်ထွက်ခွာလာခဲ့ချေသည်။
' ဟားဟား ဟား … နင်သိပ်တော်တယ် ခင်မာလာ နင်သိပ်တော်တယ် … အခုတော့ ဘာတတ်နိုင်သေးလဲ ဟမ်… အရာရာပါချင်တဲ့ကောင် အခုတော့ လူသတ်သမားဖြစ်နေပြီး ဟားဟား '
မိမိ၏ ထောင်ချောက်ဇာတ်ကွက်အတွင်း၌ စေခိုင်းထားခဲ့သော မိုးမြင့်စားသောက်ဆိုင် ပိုင်ရှင်ခင်မာလာ၏ ပြောစကားများအား ကြားသိလိုက်ရသည့် ဦးဇော်မျိုးတစ်ယောက်မှာတော့ အောင်ပွဲခံရယ်မောနေလေခဲ့သည်။
' ဆရာကြီး … ခြံရှေ့မှာ ကိုတင်ငွေရောက်နေတယ် '
' ဟေး … အေးအေး ဝင်လာခိုင်းလိုက် '
' ကဲခင်မာလာ … ညည်းက သိပ်တော်တယ် ငါထင်ထားတာထက် ပိုတော်နေတယ် '
' အစ်ကိုကြီးကလဲ ကျွန်မတစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး အဓိက လုပ်ပေးခဲ့တာက မိနွယ်လေးပါ '
' ဟေး … ဟားဟား အဲ့ဒီ ကလေးမလေး ပါလား '
' မိနွယ် အစ်ကိုကြီးခေါ်နေတယ် '
' ဝါး … မိနွယ်က အရမ်းလှတာပဲ ဒါကြောင့် ဟိုကောင်ကြွေကျသွားခဲ့ရတာ '
' ကျေးဇူးတင်ပါတယ် အစ်ကိုကြီး '
' ကျေးဇူးတင်စရာမလိုပါဘူး မိနွယ်ရယ် … အစ်ကိုကြီး မိနွယ်ကို အရာအားလုံးပြီးသွားရင် ဆုကောင်းကောင်းပေးမယ်သိလား '
' ကျေးဇူးတင်ပါတယ် အစ်ကိုကြီး … ကျေးဇူးတင်ပါတယ် '
' ဆရာကြီး … ကျုပ်ရောက်ပါပြီ '
' ဟေး … သြော်တင်ငွေ လာထိုင် … ဟိုကောင်အရူးရော ဖမ်းလာခဲ့လား '
' ဟုတ်ကဲ့ဆရာကြီး ဧည့်ခန်းအဝမှာ ဟိုကောင်တွေနဲ့ စောင့်ကြည့်ခိုင်းထားတယ် '
' ဟားဟား … စောင့်ကြည့်ခိုင်းထားမနေနဲ့ … ဒီကောင် တကယ့်အရူး ဟုတ်မဟုတ်ဆိုတာ ငါကိုယ်တိုင် စမ်းသပ်မယ် ဧည့်ခန်းထဲကို ခေါ်လိုက် '
' အစ်ကိုကြီး သူတို့တွေက … '
' သူတို့တွေက ငါ့တပည့်တွေပဲ … ဒီအရူးက ဟိုအိမ်ကြီးမှာရှိနေတဲ့ တစ္ဆေမရဲ့လင် '
' ဟေ့ကောင် … မင်းငါ့ကို မှတ်မိလား '
ရူးချင်ယောင်ဆောင်လျက် တင်ငွေခေါ်ဆောင်ရာ အနောက်သို့ စာရေးဆရာလေး လိုက်ပါလာရင်း ဦးဇော်မျိုး၏အရှေ့သို့ ရောက်ရှိလာခဲ့လေသည်။ ခပ်ထန်လှသော ဦးဇော်မျိုး၏ အမေးစကားကြောင့် ဟန်ဆောင်ကောင်းလှသည့် စာရေးဆရာလေးမှာ ကြောင်တောင်တောင် အရူးသွင်သို့ ဆောင်လျက် တစ်ချိန်မှမိမိတို့ချစ်သူနှစ်ဦးအား ရက်စက်စွာပြုမူခဲ့သည့် ဦးဇော်မျိုးအား စူးစိုက်စွာကြည့်လိုက်ပြီး
' ဟားဟား … သိတာပေါ့ အရူးကြီး '
' ဘာကွ ! … '
' ဦးလေး … ကျုပ်ကိုအော်တယ် ကျုပ်ကြောက်တယ် ပြန်မယ် '
' ဟေ့ကောင် … မင်းရူးချင်ယောင်ဆောင်မနေနဲ့ … ငါ့ကိုသေချာကြည့်စမ်းပါဦး မင်းကောင်မလေးကို အသေသတ်ခဲ့တဲ့ သူလေကွ … ဟားဟားဟား '
' မသိဘူး မသိဘူး ကျုပ်ကြောက်တယ် '
' ကဲ ခင်မာလာ … ဒီအရူးက အဲ့ဒီငါးကောင်ကို အိမ်ကြီနဲ့ပတ်သတ်ပြီး ငါတို့အကြောင်းပြောပြလိုက်လို့ ဟိုကောင်လေးတွေက ငါတို့ကိုဒုက္ခပေးတော့မယ် အဲ့ဒါကြောင့် အခုလိုဇာတ်ကွက်စင်ပြီး အဲ့ဒီကောင်လေးကို ဒုက္ခပေးရတာပဲ … ဟေ့ကောင် အရူး … မင်းကိုကယ်ပေးမယ်ဆိုတဲ့ ဖော်ကောင်ထီးကလေးကတော့ အခုလူသတ်မှု့နဲ့ ထောင်ထဲဝင်ရတော့မယ် ဟားဟား … '
*' ' ' ဟင် … ဒီလူယုတ်မာပြောတာ တကယ်လား … ဒါဆိုဇာတ်ကောင်ထီးကလေးက အခုထောင်ထဲမှာလား … ဟာ … မဖြစ်နိုင်ပါဘူး ငါ့ကိုစမ်းသပ်နေတာပဲဖြစ်မယ် '''
'မိနွယ် … အစ်ကိုကြီးတို့ခိုင်းထားတဲ့ အတိုင်းဆက်ပြီး အောင်မြင်အောင် လုပ်ပေးဦးနော် မိနွယ်ကို အစ်ကိုကြီးဆုကောင်းကောင်းပေးမှာပါ'
' စိတ်ချပါအစ်ကိုကြီး … သမီးလုပ်ပေးပါ့မယ် … သမီးဆုမလိုချင်ပါဘူး … သမီးလေးနဲ့ပဲ အတူတူပြန်နေရရင် ကျေနပ်ပါပြီ '
' ဟားဟား … အဲ့ဒီအတွက်တော့ ဘာမှမပူနဲ့ နင့်အစ်မကြီးခင်မာလာ စီစဉ်ပေးလိမ့်မယ်ဟုတ်ပြီလား … သြော် … ခင်မာလာ လူသတ်မှု့နဲ့ပတ်သတ်ပြီ ရဲတွေက စစ်လားဆေးလား လုပ်လာရင် … ထီးကလေး ဓားနဲ့ထိုးလိုက်တာ မိနွယ်မြင်လိုက်ပါတယ်ဆိုတာ ပြောခိုင်းဖို့ မမေ့နဲ့ဦးနော် '
' ဟုတ်ကဲ့စိတ်ချပါအစ်ကိုကြီး … ကျွန်မတို့ကိုပြန်ခွင့်ပြုပါဦး'
' ကောင်းပါပြီဗျာ ကောင်းပါပြီ '
' ဆရာကြီး ဒီအရူးကို ကျုပ်ဘယ်လိုရှင်းလိုက်ရမလဲ '
' ဟိုး … နေဦး … ဒီအရူးကို တစ်ချိန်ချိန်မှာ အသုံးချလို့ရသေးတယ် … ဒီတော့ သူ့ကိုမြေအောက်ခန်းထဲမှာ ချူပ်ထားပြီး သူ့မိဘတွေဆီကို မင်းက မသိသာပြန်နေ … ဒါဆိုဒီကောင်ပျောက်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး သူ့မိဘတွေ မင်းကိုပြသနာမရှာတော့ဘူးပေါ့ … ဒီလိုမှမဟုတ်ပဲ မင်းကိုအမှု့ပတ်နေရင် အဲ့ဒီလင်မယားနှစ်ယောက်ပါ အပျက်ရှင်းပစ်လိုက် '
' ဟုတ်ကဲ့ဆရာကြီး … လာဟေ့ကောင် '
' ဟေး … တတာ အရူးကြီး ငါပြန်တော့မယ် '
' တောက် !… အောင်မာ သောက်ရူးကများ '
ရက်စက်လှသည့် ဦးဇော်မျိုးတစ်ယောက်မှာတော့ စာရေးဆရာလေးအား ဖမ်းခေါ်ထားခဲ့ပြီး တင်ငွေအား သူ၏မိဘများထံသို့ အမူယာမပျက် လည်ပြန်နေစေခိုင်းတော့သည်။
မကြာမီအချိန်၌ပင် ( … … )အပိုင်ရဲစခန်းသို့ မိတ်ဆွေဖြစ်သူများနှင့် ရဲအုပ်မောင်ဝင်းရောက်ရှိလာခဲ့လေသည်။
' ဆရာမောင်ဝင်းကြွပါ '
' ဘယ်လိုဖြစ်ရတာလဲဗျာ … ကျုပ်မိတ်ဆွေ ထီးကလေး အကြောင်းလဲ အရင်တစ်ခေါက်တည်းက စခန်းမှူးကြီးသိထားပြီးသားပဲ '
' ဟုတ်ပါတယ်ဆရာမောင်ဝင်း … ဒါပေမယ့် ထီးကလေးက အရက်မူးနေခဲ့တာဆိုတော့ အခုလိုအမှားမျိုးမှားသွားနိုင်ပါတယ် '
' မဖြစ်နိုင်တာဗျာ … ကျုပ်မိတ်ဆွေက အရက်မသောက်တတ်ဘူးဆို ကျူပ်သိတယ် … နှင်းဆီနက်လူသတ်သမားဆိုကရော ဘာဖြစ်လို့ပြောရတာလဲ '
' ဆရာမောင်ဝင်းကလဲ … နှင်းဆီနက်လူသတ်သမားရဲ့ ပြစ်မှု့တော်တော်များကိုလဲ မြင်ဘူးခဲ့တာပဲ သူ့ရဲ့ထုံးစံအတိုင်းပဲပေါ့ လူသတ်ပြီး အနားမှာ နှင်းဆီပန်အနက်ရောင် သဲလွန်စချထားပေးခဲ့တယ် … အခုတရားခံထီးကလေးရဲ့ ကိုယ်မှာလဲ နှင်းဆီပန်းအနက်ရောင်တွေ ဆောင်ထားခဲ့တာတွေ့တယ် … ပြီးတော့ သေဆုံးသူ မိန်းကလေးဘေးမှာလဲ နှင်းဆီအနက်ရောင် ပစ်ချထားခဲ့တာ တွေ့တယ် … '
' အဲ့ဒါနဲ့ပဲ ကျုပ်မိတ်ဆွေက လူသတ်တရားခံ နှင်းဆီနက်လူသတ်သမားဖြစ်ရောလား '
' ဟုတ်ကဲ့ဆရာမောင်ဝင်း … ဒီအမှု့ကို အထက်က ဆရာ့မောင်ဝင်းဆီ လွဲပေးခိုင်းထားပါတယ် ဆရာပဲဆက်ပြီး စစ်ဆေးပေးပါ '
' ကောင်းပြီ အခု တရားလိုတွေကို ကျုပ်တွေ့ချင်တယ် '
' ဟုတ်ကဲ့ဆရာမောင်ဝင်း … ကျွန်တော်စခန်းကို ခေါ်ခိုင်းထားပါတယ် … မကြာခင်သူတို့ ရောက်လာပါလိမ့်မယ် '
' စခန်းမှူးကြီး ကျုပ်တို့သူငယ်ချင်း ထီးကလေးနဲ့ ခဏတွေ့ချင်တယ် ဖြစ်မလား '
' ကဲဆရာကြီးတို့ တရားခံနဲ့ ခဏတွေ့ခွင့်ပေးလိုက်ပါ '
လူသတ်တရားခံဟု စွတ်စွဲထားခြင်းခံထားရသော အချူပ်ခန်းအတွင်းမှ ထီးကလေးထံသို့ သူငယ်ချင်းဖြစ်သူများရောက်ရှိလာပြီး။
' ထီးကလေး '
' လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး … ငါမှားသွားခဲ့ပြီ … ဝိဥာဉ်အောင်ကြီးနဲ့ မင်းတို့အားလုံး ထောင်ချောက်မှန်းသိလို့ ငါ့ကို ဝိုင်းတာခဲ့ပေမယ့် ငါဇွတ်တိုးခဲ့မိတယ် '.
' သူငဟ်ချင်း … မင်းတကယ့် တရားခံမဟုတ်ဘူးဆိုတာ ငါတို့အားလုံးတင်မကဘူး ကိုမောင်ဝင်းလဲ ယုံကြည်ပြီသား … ဘာမှ မပူနဲ့ မင်းကိုမရ ရအောင် ငါတို့ကယ်ပေးမယ် '
' ဟုတ်တယ် ထီးကလေး … အခုကိုမောင်ဝင်းလဲ ပါလာတယ် … မင်းအမှု့ကို ကိုမောင်ဝင်းကိုင်ရမှာ '
' ငါ့ကိုဒီလိုလုပ်လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး ငါသိပ်ညံ့သွားတယ် … ငါတို့ကို ချောက်တွန်းခဲ့တာ ရဲရန်နိုင်တို့သားအဖပဲဖြစ်ရမယ် '
' သိပ်သေချာတာပေါ့ကွာ … မင်းဒီလိုဖြစ်နေတာ အိမ်ကြီးက ဝိဥာဉ်အောင်ကြီး အဖြစ်မှန်ရှင်းပြပေးနိုင်မလား မသိဘူး'
' မရဘူး … အခုလောက်ဆိုရင် အိမ်ကြီးဆီက ဝိဥာဉ်တွေကိုပါ ဦးဇော်မျိုး ထိန်းချုပ်ထားလိုက်မှာ သေချာတယ် … '
အချူပ်ခန်းအတွင်းမှ သူငယ်ချင်းဖြစ်သူ ထီးကလေးအား သူ၏သူငဟ်ချင်းများနှင့် အပြန်လှန်ပြောဆိုနေကြစဉ်တွင်
' တရားခံ … ခဏထွက်မယ် '
ရဲဘော်လေးဦး ရောက်ရှိလာပြီ ခြံအမှတ် မှားဝင်ခဲ့စဉ်မှပြုမူသကဲ့ အလွန်ဆိုးသွမ်းလှသည့် တရားခံအား ဖမ်းစီးခေါ်ဆောင်လာသကဲ့ ထီးကလေးအား ပြုမူကာ စခန်းမှူးကြီး၏ တာဝန်စားပွဲဝိုင်းအရှေ့သို့ ခေါ်ဆောင်လာခဲ့လေသည်။
' ထီးကလေး … ' 'ကိုမောင်ဝင်း '
မိတ်ဆွေဖြစ်သူ၏ အဖြစ်အား ကိုမောင်ဝင်းတစ်ယောက် မြင်တွေ့လိုက်ရပြီး အားပါပါဖြင့် ခေါ်ဆောင်လိုက်လေသည်။ ထို့နောက် တရားလိုမျက်မြင်သက်သေများ ဖြစ်သော မိုးမြင့်စားသောက်ဆိုင် ပိုင်ရှင်ခင်မာလာနှင့် မိနွယ်ဟူသော မိန်းကလေးတို့ရောက်ရှိလာကြပြီး
' တရားခံကို တရားရုံးမတင်ခင် ဆရာမောင်ဝင်းက … ခင်ဗျားတို့ကိုမေးစရာလေးတွေ ရှိလို့ခေါ်ခိုင်းလိုက်တာပါ'
' ဟုတ်ကဲ့ကို … မောင်မောင် … ဝင်း '
တာဝန်စားပွဲဝိုင်းရှေ့တွင် အခန့်သားထိုင်နေသော ရဲအုပ်မောင်ဝင်းအား ချွဲနွဲ့သည့် လေသံဖြင့် ခင်မာလာမှာပြောဆိုနေခဲ့သည်။ ခင်မာလာ၏ စကားသံအား ရဲအုပ်မောင်ဝင်းတစ်ယောက်မှာတော့ ပျက်သားလှသည့် လေသံဖြင့်
' ကျုပ်နာမည် မောင်ဝင်းပါ '
' ဟုတ်ကဲ့ ရဲကြီးမောင်ဝင်း မေးပါ '
' ထီးကလေးက လူသတ်တရားခံလို့ ဘာဖြစ်လို့ စွတ်စွဲရတာလဲ '
' ဟင် … စွတ်စွဲနေတာမဟုတ်ပါဘူး … သူက ကျွန်မသမီးလေး သီတာကို အရက်မူးပြီး ရက်ရက်စက်စက် ဓားနဲ့ ထိုးသတ်ခဲ့တာပါ '
' ဘာ … အရက်မူးပြီး ဓားနဲ့ထိုးခဲ့တာ ဟုတ်လား … ဘာဖြစ်လို့ အဲ့ဒီလိုပြောနိုင်တာလဲ ခင်ဗျားမျက်စိနဲ့ မြင်ခဲ့လား'
' ဟင် … အဲ့ … ဟို … မ … မမြင်ခဲ့ပါဘူး '
' ဒါဆို ဘာဖြစ်လို့ အဲ့ဒီလိုပြောရတာလဲ '
' ဟို … ဟို ကျွန်မ မမြင်ခဲ့ပေမယ့် သူနဲ့ တူတူရှိနေတဲ့ ဒီကကျွန်မညီမလေး မိနွဟ်မြင်ခဲ့ပါတယ် '
' မိနွယ် … သေဆုံးသွားတဲ့ မိန်းကလေးကို ထီးကလေးက ဓားနဲ့ထိုးသတ်ခဲ့တာဆို မိနွယ်မြင်ခဲ့ပါသလား '
သိပ်ချစ်ခဲ့ရသည့် မိမိ၏ချစ်သူမိန်းကလေးနှင့် ရုပ်ချင်းစင်တူလှသည်။ ထို့ကြောင့်လဲ ထောင်ချောက်မှန်းသိလျက်နှင့် ဇွတ်ထိုးခဲ့ပြီး မိန်းကလေး၏ဘဝအား ကူညီဖေးမ ပေးချင်ခဲ့သည်။ မိတ်ဆွေဖြစ်သူ ရဲအုပ်ကြီး၏ အမေးစကားဟာ တရားရုံ၌ အရေးကြီးဆုံး ထွက်ဆိုချက်စကားဖြစ်သည်ကြောင့် တရားခံဟုစွတ်စွဲထားခံရသော ထီးကလေးမှာ ဂရုဏာသတ်ဝင်စေသော မျက်လုံးကလေးဖြင့် မိန်းကလေးမိနွယ်အား စူးစိုက်ကြည့်လိုက်လေသည်။ ရဲအုပ်မောင်ဝင်း၏ အမေးစကားကြောင့်ပင် မိန်းကလေးမိနွယ်မှာ မတ်တပ်ရပ်လျက်ရှိနေသော တရားခံထီးကလေးအား ဖြေးညင်းစွာမော့ကြည့်စေခဲ့ပြီး သက်ပြင်းတစ်ချက်အား ဖြည်းညင်းစွာချလိုက်သည်။
' မိန်းကလေး … ကျုပ်မေးတာကို ဖြေပေးပါ '
' ကျွန်မ … ကျွန်မ … '
' မိနွယ် … ဖြေပေးလိုက်လေ '
' ကျွန်… ကျွန်မ '
' နင့်သမီးလေး စောင့်နေတယ်လေ မြန်မြန်ဖြေပေးလိုက် '
ခေါင်းအားငိုက်စိုက်ထားသည်။ နှုတ်မှစကားများ စွန့်အ,နေခဲ့ပြီး ပြောမထွက်သည့် မိနွယ်အား ဆိုင်ပိုင်ရှင်ခင်မာလာတစ်ယောက်မှာတော့ အဓိပ္ပာယ်ရှိလှသည့် စကားတစ်ခွန်းအား ဝင်ရောက်ဟန့်လိုက်ချေပြီး သူမ၏ ကွဲကွာနေရသော သမီးလေးနှင့် အကြပ်ကိုင်ခြိမ်းခြောက်စေခဲ့သည်။ ထို့နောက်မိန်းကလေးမှာ
' ကျွန်မမြင်ခဲ့ပါတယ် … ထီးကလေးက အရက်တွေမူးပြီး သီတာကို အဓမ္မပြုကျင့်ဖို့ကြံရာကနေ မရတဲ့အဆုံး ဓားနဲ့ထိုးသတ်ခဲ့တာပါ '
' ဘာ !… '
ငြိုငယ်စွာထွက်ဆိုလိုက်သော မိန်းကလေး၏ စကားကြောင့်ပင် ထီးကလေးမှာ နားကျည်းသော မျက်လုံးများဖြင့် မိနွယ်အား စူးစိုက်ကြည့်မိလိုက်သည်။ သူ၏ဦးခေါင်းအား ဖြေးညင်းစွာ ခါစေလျက် မိနွယ်၏နှုတ်မှ ထိုသို့ပြောလာလိမ့်မည်ဟု ထင်မထားခဲ့ချေ။
' ရ … ရပါပြီ ခင်ဗျားတို့သွားလို့ရပါပြီ '
' ကျေးဇူးပါပဲရှင် … ကျွန်မတို့ကိုခွင့်ပြုပါဦး နောင်လဲလိုအပ်ရင် ခေါ်ပါ '
မဲ့ပြုံးလေဟုဆိုရမလား ။ မိနွယ်၏ ထွက်ဆိုချက်ဖြင့် စိတ်ညစ်သွားစေခဲ့သော ရဲအုပ်မောင်ဝင်းအား ခင်မာလာတစ်ယောက် ပြောဆိုခဲ့ပြီး စခန်းအတွင်းမှ ထွက်ခွာသွားချေခဲ့သည်။
'ကိုထီးကလေး ကျုပ်နဲ့ အပိုင်စခန်းကို လိုက်ခဲ့ပေးပါ '
မိတ်ဆွေဖြစ်သူထီးကလေးအား တရားခံတစ်ယောက်ဟု ရဲအုပ်မောင်ဝင်းမှာ သဘောမထားပဲ မိမိ၏အပိုင်စခန်းဆီသို့ လိုက်ပါလာရန် ပြောဆိုခဲ့ပြီး ခေါငိးငိုက်စိုက်ခါ ထိုစခန်းအတွင်းမှ ထွက်ခွာလာချေတော့သည်။ထို့နောက် မိမိဟာ နိုင်ငံတော်၏ အခွင့်အရေးပေးခြင်း ခံထားရသော ရဲအရာရှိတစ်ယောက်ဖြစိသည့်အလား လူသတ်တရားခံအား တရားရုံဆီသို့ မတင်သေးပဲ မိမိ၏ အပိုင်ရဲစခန်းမှာသာ ချုပ်နှောင်ထားစေခဲ့သည်။
' ကိုမောင်ဝင်း ကျုပ်တို့ဘယ်လို ဆက်လုပ်ကြမလဲ '
' ဟိုမိန်းမက တော်တော်ရက်စက်တယ်ဗျာ … သူ့ကြောင့် ထီးကလေးက အဲ့ဒီဆိုင်ကိုသွားခဲ့ရတာ … သူ့ဘဝလေးကို လူကောင်းဖြစ်အောင် ကူညီပေးမယ်လို့ပြောခဲ့သေးတယ် '
' သူ့ပါးစပ်ကနေ အဲ့ဒီလိုစကားမျိုး ထွက်လာလိမ့်မယ်လို့ ကျုပ်တို့အားလုံး မမျှော်လင့်ထားခဲ့ဘူး '
' ဟုတ်တယ် … ထီးကလေးကို တရားရုံးတင်ရင် မိနွယ်ရဲ့ ထွက်ဆိုချက်တစ်ခုတည်းနဲ့ ပြစ်မှု့မြောက်နေပြီ '
' တော်တော်ရက်စက်တဲ့ မိန်းကလေးဗျာ '
' နေဦးဗျ … သူ့ကိုလဲ အဲ့ဒီလိုပြောလို့မရသေးဘူး … ကျုပ်အကဲခတ်မိသလောက် မိနွယ်ကို ခင်မာလာဆိုတဲ့ မိန်းမက တစ်ခုခုနဲ့အကြပ်ကိုင်ထားပုံရတယ် '
' ဟင် … ဟုတ်တယ်ဗျ ဘာလဲ … ဟို နင့်သမီးလေး စောင့်နေတယ်ဆိုလား … အဲ့ဒီစကားပြောလိုက်မှ မိနွယ်ပါးစပ်ကနေ ထီးကလေးသတ်တာ မြင်ပါတယ်လို့ ထွက်ဆိုခဲ့တာပဲ … '
' ဟုတ်တယ် … ကျုပ်လဲ အဲ့ဒါကိုပဲ သံသယရှိနေတာ … ဒီတော့မိနွယ်ကို တရားလိုတစ်ယောက်လို သဘောမထားပဲ သူနဲ့မိတ်ဆွေတွေလို ကျုပ်စကားပြောကြည့်ချင်တယ် … '
' ဟုတ်ပြီ မိနွယ်ကို ကိုငါးကလေး ကျေးဇူးပြုပြီ ကျုပ်ဆီခေါ်လာပေးပါလား '
' စိတ်ချကိုမောင်ဝင်း … ကျုပ်ခေါ်လာခဲ့ပေးမယ် '
' ဟင် … ဒါနဲ့ ကိုတန်ခိုးကြီးတစ်ယောက်ရော … '
' ဟာ … ဟုတ်ပါရဲ့ ဇောကပ်နေတာနဲ့ တန်ခိုးကိုတောင် သတိမထားမိဘူး … ဘယ်ရောက်သွားရတာလဲ '
ကိုမောင်ဝင်း၏ ပြောစကားကြောင့် ငါးကလေးတစ်ယောက်မှာတော့ မိုးမြင့်စားသောက်ဆိုင်မှ မိနွယ်အား သွားရောက်ခေါ်ဆောင်စေခဲ့ပြီး မျှာကလေးနှင့်အတူ လမ်းကလေးမှာတော့ မည်သည့်နေရာဆီသို့ ထွက်ခွာသွားခဲ့ခြင်းမသိသော တန်ခိုးအား လိုက်လံရှာဖွေနေတော့သည်။
သူငယ်ချင်းဖြစ်သူ ထီကလေးမှာ ခြံအမှတ် ၆၆ နှင့်ပတ်သတ်ပြီး အိမ်ကြီးအတွင်း၌ မကျွတ်မလွတ်သေးပဲ အောက်လမ်းဆရာ၏ လိုရာခိုင်းစေခြင်း ခံနေခဲ့ရသော ဝိဥာဉ်များအား ကယ်တင်ပေးရာမှ ယခုလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် တန်ခိုးတစ်ယောက်မှာတော့ သူငဟ်ချင်းဖြစ်သူများ သတိမထားမိချိန်၌ ခြံအမှတ် ၆၆ဆီသိုံ့ တစ်ကိုယ်တည်းထွက်လာခဲ့ချေပြီး
' ဟေ့ … ခင်ဗျားတို့ကို ကူညီရင်း ကျုပ်သူငယ်ချင်းထီးကလေး အခုလူသတ်တရားခံဖြစ်နေရပြီ … အဲ့ဒါခင်ဗျားတို့သိရဲ့လား'
ခြံအမှတ် ၆၆အရှေ့သို့ ရောက်ရှိလာသည်နှင့် တန်ခိုးတစ်ယောက်မှာ ကျယ်လောင်စွာအော်ပြောလိုက်လေသည်။
' အခုခင်ဗျားတို့ကို ကယ်ပေးဖို့ ကျူပ်သူငယ်ချင်းထီးကလေး အပြင်မှာရှိမနေတော့ဘူး … ခင်ဗျားတို့ သူ့အတွက် ဘာတွေအကူညီပြန်ပေးနိုင်လဲ ပြောကြလေ … ပြောကြလေ '
ခြံတံခါးအား မဖွင့်သေး ခြံအရှေ့မှ တစ်စုံတစ်ယောက်အား အော်ဟစ်ပြောဆိုနေသကဲ့သို့ တန်ခိုးတစ်ယောက်မှာ ကျယ်လောင်စွာအော်ဟစ် ပြောဆိုနေခဲ့ပြီး ခြံတံခါးအား တွန်းဖွင့်ကာ ခြံကြီးအတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။
' ကဲ … ဝိဥာဉ်အောင်ကြီး … ခင်ဗျားဘယ်မှာလဲ ခင်ဗျားဘယ်မှာလဲ ဟမ် … ကျုပ်သူငယ်ချင်းထီးကလေးကို ခင်ဗျားပြောခဲ့တယ်လေ အဲ့ဒါထောင်ချောက်ဆို ဟုတ်တယ် အခုအဲ့ဒီထောင်ချောက်မိလို့ ကျုပ်သူငယ်ချင်း လူသတ်တရားခံဘဝကို ရောက်နေရပြီ ခင်ဗျားကူညီပေးပါ'
' ဟေ့ဝိဥာဉ်အောင်ကြီး … ကျုပ်ပြောတာ ခင်ဗျားကြားလား ကျုပ်ကိုလဲ ကိုယ်ထင်ပြလို့ရပါတယ် ပြစမ်းပါဗျာ ကျုပ်သူငယ်ချင်းထီးကလေးကို ခင်ဗျားပြန်ကူညီမှဖြစ်တော့မယ် '
မည်သို့ပင်ဆိုစေကာမူ အရူးတစ်ယောက်ကဲ့သို့ ခြံကြီးအတွင်း၌ တန်ခိုးတစ်ယောက် အော်ဟစ်ပြောဆိုနေခဲ့သော်လည်း မည်သူမှ သူ၏အရှေ့သို့ ထွက်ပေါ်မလာခဲ့ချေ။ ထို့နောက် အိမ်မကြီးတံခါးအား တွန်းဖွင့်စေခဲ့ပြီး အိမ်ကြီးအတွင်းသို့ ဝင်ရောက်လာသည်နှင့် ဦးစွာမြင်တွေ့လိုက်ရသည်က ကေသဇင်စိုး၏ ကိုယ်လုံးပေါ် ဓာတ်ပုံကြီးနှင့် နှစ်ကြိမ်တိုင်တိုင် ကြားခဲ့ရဘူးသော ထိုအိမ်ကြီးအတွင်းမှ အသံဆိုးကြီးပင်ဖြစ်ချေသည်။ ထို့အသံဆိုးကြီးကြောင့် အရှေ့သို့ လှမ်းနေသော တန်ခိုး၏ခြေလှမ်းများ ရပ်တန့်သွားစေခဲ့ပြီ ခပ်ပြုံးပြုံးဖြစ်နေသော ကေသဇင်စိုး၏ ဓာတ်ပုံကြီးအရှေ့၌
' ကေသဇင်စိုး … ခင်ဗျားနဲ့ ကျူပ်သူငယ်ချင်း ထီးကလေးတို့ တွေ့ခဲ့တာတွေအားလုံး ကျုပ်တို့သိထားတယ် … ခင်ဗျားဓာတ်ပုံအမူယာ ပြောင်းလဲနေတာကိုလဲ ထီးကလေးပဲ မြင်နိုင်တယ်လို့ သိရတယ် … ဒါပေမယ့်ဗျာ အခုကျူပ်သူငယ်ချင်းက ခင်ဗျားတို့ကိုရက်ရက်စက်စက် သတ်ခဲ့တဲ့လူယုတ်မာတွေရဲ့ လက်ချက်နဲ့ လူသတ်တရားခံဘဝကို ရောက်နေရပြီ … ခင်ဗျားတစ်ခုခုပြန်ကူညီပေးနိုင်လား … ဟေ့ ကျုပ်ပြောတာကြားလား'
အသက်ဝင်နေသည့် မျက်လုံးအိမ်များပိုင်ဆိုင်ထားသော ကေသဇင်စိုး၏ ဓာတ်ပုံမှာ တန်ခိုးအားစိုက်ကြည့်နေသကဲ့သို့ ထင်မှတ်နေရပြီး မည်သည့်တုန့်ပြန်မှု့များမှ ထွက်ပေါ်မလာခဲ့ချေ။ အကြိမ်ကြိမ်အော်ဟစ်ပြောဆိုနေခဲ့သော တန်ခိုးတစ်ယောက်မှာ မည်သည့်တုန့်ပြန်မှု့များမှ ပေါ်ထွက်မလာခဲ့ခြင်းကြောင့် စိတ်ပျက်စွာဖြင့် ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်စဉ် အိမ်မကြီးတံခါးဟာ ရုတ်တရက် ပိတ်သွားစေခဲ့ပြီး အသံဆိုးကြီးများဖြင့် အိမ်ကြီးအတွင်း၌ ဆူညံသွားစေခဲ့သည်။ ထိုအသံဆိုးကြီးကြောင့် တန်ခိုးတစ်ယောက်မှာ နားနှစ်ဖတ်အား လက်ဖြင့်အုပ်လိုက်ပြီး
' ကျုပ်ကိုခြောက်လန့်ပြီး မောင်းထုတ်နေတာလား ခင်ဗျားတို့ကို ကူညီပေးနေခဲ့တာနော် … '
ထို့သို့ပြောဆိုလိုက်သော တန်ခိုး ၏စကားအဆုံး၌ ဆူညံနေသည့် အသံဆိုးကြီးပျောက်ကွယ်သွားခဲ့ပြီး ပိတ်သွားသည့် အိမ်မကြီးတံခါးမှာလဲ ရုတ်တရက်ပြန်လည် ပွင့်လစ်လာခဲ့သည်။ ထို့နောက် ပဲ့တင်ထပ်နေသည့် စကားသံဖြင့်
' နင်တို့တွေ ဒီကိုထပ်မလာနဲ့တော့ ငါ့ကို လူယုတ်မာတွေ စိတ်ရိုင်းသွင်းပြီး နင်တို့နဲ့ တိုက်ခိုက်ခိုင်းတော့မယ် … ဒီတစ်ခါအိမ်ကြီးထဲကို နင်ရောက်လာတာ နောက်ဆုံးဖြစ်ပါစေ … နင်တို့ နောက်တစ်ခါ ထပ်ရောက်လာခဲ့ရင် ငါစိတ်ရိုင်းဝင်ပြီး နင်တို့အားလုံးကို ဒုက္ခပေးမိမယ် '
' ဟင် … ကေသဇင်စိုး ခင်ဗျားလား ကေသဇင်စိုး … ခင်ဗျားကို အခုလိုဘဝကနေ ကျွတ်လွတ်အောင် ကယ်တင်ပေးမယ့် ကျူပ်သူငဟ်ချင်းထီးကလေး လူသတ်တရားခံဘဝကို ရောက်နေရတယ် အဲ့ဒါ ခင်ဗျားကူညီပေးနိုင်မလား '
' ဟားဟား … ဒီနယ်တစ်ဝိုက်မှာ ငါဟာ ခမောက်စောင်းတဲ့ သရဲဘုရင်ဖြစ်နေပြီ ဘယ်သူသေသေ ငါ့ဆီကိုအရင်ဦးဆုံးရောက်လာရမှာပဲ … နင့်သူငယ်ချင်းသတ်လိုက်တယ်ဆိုတဲ့ လူက ယောကျာ်းလား မိန်းမလား ဘယ်အရွယ်လဲ ပြော … '
' ဟင် … ဟို … ဟိုမိန်း … မိန်းမ အသက်က ၂၀ကျော်ပြီ '
' ဟားဟားဟား … ဒါဆိုမသေဘူး … ငါ့ဆီကိုရောက်လာတဲ့ ဝိဥာဉ်တွေအထဲမှာ အသက်ကြီးကြီး ယောကျာ်းတစ်ယောက်နဲ့ ဟိုဘက်ရပ်ကွက်ထဲက ကလေးလေးတစ်ယောက်ပဲရောက်လာတာ … နင်ပြောတဲ့ အသက်အရွယ်နဲ့ မိန်းကလေး ရောက်မလာခဲ့ဘူး '
' ဟင် … ဒါ … ဒါဆို ဟိုအသတ်ခံရတယ်ဆိုတဲ့ မိန်းကလေးက တကယ်မသေဘူးပေါ့ ဟုတ်လား … သေချာလို့လား '
' ဒီမြို့နယ်အတွင်းမှာ ကွင်းပိုင်ကြီးပြီးရင် ငါပဲဟေ့ … ဘယ်သူသေသေ ငါ့ဆီကိုရောက်လာရတယ် ငါကဘုရင်ပဲ … အဲ့ဒီတော့ ဘယ်သူသေတယ် မသေဘူးဆိုတာ ငါအသိဆုံးပဲ'
' ကျေးဇူးပါပဲဗျာ … ကေသဇင်စိုး ဒါဆိုကျုပ်ပြန်မယ် ဒီအကြောင်းတွေကို ကျုပ်တို့ မိတ်ဆွေရဲအုပ်ကြီးကို ပြန်ရှင်းပြမယ် '
' ဟားဟားဟား … နောက်တစ်ခေါက် ထပ်မလာနဲ့တော့ … ငါစိတ်ရိုင်းဝင်တဲ့အချိန်ဆို နင်တို့အားလုံးကို အန္တရယ်ပေးမိလိမ့်မယ် '
' ဟုတ် … ဟုတ်ကဲ့ ကျေး … ကျေးဇူးပဲ '
အိမ်ကြီးအတွင်းမှ နေရာအနံ့ ထွက်ပေါ်နေခဲ့သော ပဲ့တင်ထပ်နေသည့် ကေသဇင်စိုး၏ စကားသံများအား ပတ်ချာလည့် တန်ခိုးတစ်ယောက် လိုက်ကြည့်နေခဲ့ပြီး ကေသဇငိစိုးပြောလိုက်သည့် စကားကြောင့် ဝမ်းသာအားရဖြစ်ကာ အိမ်ကြီးအတွင်းမှ ပြန်လည်ထွက်ခွာလာခဲ့သည်။ ကေသဇင်စိုးပြောဆိုလိုက်သော စကားအရ သူငယ်ချင်းဖြစ်သူ ထီးကလေး၏ အမှု့အတွက် အထောက်ကူပြုနိုင်လိမ့်မည်ဟု ယူဆကာ မိတ်ဆွေကိုမောင်ဝင်းရှိနေသည့်ဆီသို့ လျင်မြန်စွာထွက်ခွာလာချေတောသည်။
' ကျုပ်တွေ့ချင်တာ မိနွယ်တစ်ယောက်တည်းကိုပါ မခင်မာလာ ခင်ဗျားကိုမခေါ်ခိုင်းပါဘူး '
' ဟင် … စခန်းမှူးကြီးက ကျွန်မညီမလေးကို နှစ်ယောက်တည်း တွေ့ချင်တယ်ဆိုတော့ … ဟီးဟီး '
' တိတ်စမ်း … ခင်ဗျားဘာတွေလျောက်ပြောနေတာလဲ ကျုပ်သိချင်တာလေးတွေ မေးချင်လို့ '
' ဟင် … စခန်းမှူးကြီးကလဲ ကျွန်မညီမလေးကို ကျွန်မက မျက်စိအောက်က အပျောက်ခံတာမဟုတ်ဘူး သူက ကျွန်မအတွက် ငွေထုတ်ကြီး … ပြီးတော့ အခုစခန်းမှူးကြီး ခေါ်တွေ့တာကလဲ တာဝန်အရမဟုတ်ဘူးဆိုတော့ ကျွန်မလိုက်လာပိုင်ခွင့်ရှိတယ်လေ … ဟီး'
ခင်မာလာ၏ပြောစကားကြောင့် မောင်ဝင်းတစ်ယောက်မှာ စကားများစွန့်အသွားချေခဲ့တော့သည်။ ထို့နောက်
' ကဲကောင်းပြီ … မိနွယ် သေဆုံးသွားတဲ့ မိန်းကလေးကို ထီးကလေးက ဓားနဲ့ထိုးသတ်ခဲ့တယ်ဆိုတာ မိနွယ်တကယ်ပဲ မြင်တွေ့ခဲ့ရတာလား '
'ဟုတ်ပါတယ် … ကျွန်မမြင်တွေ့ခဲ့ပါတယ် '
'ဟူး … မိနွယ်ခင်ဗျားကိုများ တစ်ယောက်ယောက် အကြပ်ပိုင်ပြီး အခုလိုတွေပြောခိုင်းနေတာလား '
' ဒီမယ် စခန်းမှူးကြီး … ရှင်စကားကို စဉ်စဉ်ချင်ချင်ပြောပါ ဘယ်သူမှ မိနွယ်ကို အကြပ်ကိုင်ပြီးခိုင်းနေတာ မဟုတ်ဘူး … သူမြင်လို့မြင်တယ်ပြောနေတာ '
' ခင်မာလာ … ခင်ဗျားကို ကျုပ်မမေးပါဘူး '
' မမေးလဲ ရှင်ပြောတဲ့စကားက ဘေးနားမှာရှိတဲ့ ကျွန်မကိုရည်ညွှန်းပြီးဆိုနေသလိုပဲ '
' ကဲ ဟုတ်ပါပြီ … ဒါဆို တရားရုံးရာက်မှ ကျုပ်တို့ပြန်ဆုံကြတာပေါ့ … ခင်ဗျားတို့ သွားလို့ရပါပြီ '
' ခွင့်ပြုပါဦးရှင် ကျေးဇူးပါပဲ'
အကြိမ်ကြိမ်မေးမြန်းနေခဲသော်လည်း မိနွယ်၏နှုတ်မှ ထွက်ဆိုချက်စကားများဟာ ပြောင်းလဲသွားခဲ့ခြင်းမရှိချေ။ သို့နှင့် ရဲအုပ်မောင်ဝင်းမှာ လက်လျော့စေခဲ့ပြီး မိနွယ်အား ပြန်ခွင့်ပေးလိုက်သည့် အချိန်၌ အိမ်ကြီးဆီမှ ကေသဇင်စိုး၏ ပြောစကားများအား မိတ်ဆွေမောင်ဝင်းထံသို့ အကြောင်းစုံရှင်းပြ ပြောဆိုရန် တန်ခိုးတစ်ယောက်အပြေး ဝင်ရောက်လာခဲ့လေသည်။ ထို့နောက်အခန်းဝတွင်ရှိနေသော မိနွယ်နှုင့် ခင်မာလာအား အခန်းအတွင်းသို့ ပြန်လည်ဝင်ခိုင်းစေခဲံ့ပြီး သေဆုံးသွားသည်ဟု ထင်မှတ်နေခဲ့သော မိန်းကလေးမှာ အမှန်တကယ်မသေခဲ့ကြောင်း ပြောဆိုရန် တန်ခိုးတစ်ယောက် ရည်လိုက်လေတော့သည်။
***
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
ဆက်လက်၍ ဖော်ပြပေးသွားပါမည် ။
စာရေးသူ - ထီးကလေး
Post Top Ad
Responsive Ads Here
အပိုင်း(၁၂) တစ္ဆေကိုက်တဲ့ အိမ်ကြီး
Share This
Tags
# ၀၉.တစ္ဆေကိုက်တဲ့အိမ်ကြီး
Share This
About Unknown
၀၉.တစ္ဆေကိုက်တဲ့အိမ်ကြီး
Labels:
၀၉.တစ္ဆေကိုက်တဲ့အိမ်ကြီး
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.








