
ပုဏ္ဏကစားတဲ့
အိမ်မဲကြီး
အပိုင်း(၉)
ဝါးခယ်မမြို့သို့လိုက်ပါလာသည့်
ဝိဥာဉ်တစ်ကောင်
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
ပျော်စရာအလွန်ပင်ကောင်းလှပေသည်။
အေးစိမ့်စိမ့်မနက်ခင်းလေးအတွင်း အထုတ်ပိုးများစွာဖြင့် ကိုထူးကျော်၏ Town Age ကားအနောက်ခန်းအတွင်းသို့
ကျွန်ုပ်နှင့်သူငယ်ချင်းလေးဦးသားမှာ ပျော်ရွှင်စွာဖြင့်တတ်ရောက်လေခဲ့ကြလေသည်။ ကိုထူးကျော်သည်လည်း
ခရီးထွက်ရမည်ဖြစ်သော်ကြောင့် ပျော်ရွှင်မှု့များဖြင့် ကားမောင်းရန်အတွက် ပြင်ဆင်လိုက်စေပြီး၊
ဦးတည်ရာဆီသို့ စတင်မောင်းနှင်သွားလေတော့သည်။
“သမီး… မောင်ထူးပြောစကားနားကိုထောင်နော်..
ဖေဖေလည်းနောက်ကနေလိုက်လာမှာသိလား… ဟိုရောက်ရင် နွေးနွေးထွေးလည်းနေနော်”
“ဟုတ်ကဲ့ပါဖေဖေရ… သမီးလိမ်လိမ်မာမာနေမှာပါ...
ဖေဖေသာ ဆေးရုံကိုရက်ချိန်းမှန်မှန်လေးသွားပြနော်…”
“သမီးလေးကို ဖေဖေအပေးစရာတစ်ခုရှိတယ်…
ပြီးတော့ပြောစရာလည်းရှိသေးတယ် တကယ်တော့ အဲ့ဒီအိမ်ကြီးက တစ်နှစ်တစ်ခါ လူသေမှု့တွေအမြဲဖြစ်တယ်
နှစ်တိုင်းအဲ့ဒီလိုလူသေမှု့တွေအမြဲဖြစ်တော့ ပတ်ဝန်းကျင်က လူတွေက အဲ့ဒီအိမ်ကြီးကို တစ်နှစ်တစ်ခါ
လူစားလဲတဲ့ အိမ်ကြီးလို့သတ်မှတ်ထားကြသမီး… ပြီးခဲ့တဲ့နှစ်ကလည်း လူသေမှု့တစ်ခုထပ်ဖြစ်ခဲ့တယ်…
ဒါပေမယ့် ဒီနှစ်တော့ အခုချိန်ထိ ဘာသံမှမကြားရသေးဘူး… လူငယ်ငါးယောက်ကိုလည်း ဖေဖေအဲ့ဒီအကြောင်း
မပြောဘဲဖုံးကွယ်ထားမိတယ်… ထူးဆန်းတာတစ်ခုက အဲ့ဒီအိမ်ကြီးကိုသွားဖို့လုပ်တဲ့သူ၊ ပြီးတော့
အဲ့ဒီအိမ်ကြီးကို စိုက်စိုက်မြိုက်မြိုက်ရောက်သွားတဲ့သူတွေပဲ သေကြရတာ… ဒါပေမယ့် အဲ့ဒီအိမ်ကြီးကို
လူဘယ်နှယောက်ရောက်ရောက် ရောက်လာသမျှ အကုန်လုံးမသေပဲ တစ်ယောက်တည်းသာ သေဆုံးတယ်ဆိုတဲ့
အယူအဆကိုလည်း ဖေဖေသိထားတယ်သမီး။ သမီးလေးဂရုစိုက်ပါနော်”
“ဟုတ်ကဲ့ဖေဖေ… ဘာဖြစ်လို့ လူငယ်ငါးယောက်ကို
အဲ့ဒီအကြောင်း မပြောပြခဲ့တာလဲ”
“ဖေဖေပြောမလို့ပါပဲ… ဒါပေမယ့် မပြောဖြစ်ခဲ့တာ…
အဲ့ဒီအကြောင်းတွေအားလုံး မောင်ထူးလည်းကောင်းကောင်းသိပြီသားပါ… အခု သမီးလည်းသိပြီဆိုတော့
လူငယ်ငါးယောက်ကို ဖေဖေမပြောဖြစ်ခဲ့ပေမယ့် သမီးနဲ့မောင်ထူးတို့က သေချာပြန်ပြောပြလိုက်နော်”
“ဟုတ်ကဲ့ဖေဖေ… သမီးကိုပေးစရာရှိသေးတယ်ဆို….”
“ဟုတ်တယ်…. ရော့သမီး… ဒီပစ္စည်းလေးကိုလည်ပင်းမှာဆွဲထား…
ဒီအဆောင်ပစ္စည်းလေးကြောင့် အဲ့ဒီအိမ်ကြီးပိုင်ရှင်ဖြစ်တဲ့ ဖေဖေမသေပဲ သေဘေးက လွတ်မြောက်လာနိုင်ခဲ့တာ”
“ဟင်… ဒါဆိုဖေဖေကလည်း အဲ့ဒီအိမ်ကြီးမှာ
နေခဲ့ဘူးတယ်ပေါ့ဟုတ်လား”
“သိပ်နေခဲ့ဘူးတာပေါ့သမီးရာ… ဖေဖေကလည်း
သရဲ၊တစ္ဆေဆိုတာကို အယုံကြည်ရှိတဲ့သူမှ မဟုတ်ပဲ… ပတ်ဝန်းကျင်ကလူတွေပြောတာနဲ့ ဖေဖေလည်း
တစ်ည… အဲ့ဒီအိမ်မှာ သွားအိပ်ခဲ့ဘူးတယ်။ အိပ်တဲ့ညမှာပဲ ဖေဖေအိပ်မက်တစ်ခုမက်တယ်… အိပ်မက်ထဲမှာ
ကိုယ်ခန္ဓာအကြီးကြီးနဲ့ ဘီလူးလိုအကောင်ကြီးတစ်ကောင်ကိုတွေ့တယ်… သူကဖေဖေ့ကိုစားမယ်ဆိုပြီး
ဖေဖေ့ရင်ဘတ်ကိုသူဆုပ်ကိုင်လိုက်တယ်ပေါ့… အဲ့ဒီမှာ တောင်ကျွန်းဆရာတော်ဘုရားကြီးဆီက ရထားတဲ့
အဲ့ဒီလက်ဖွဲ့လေးကြောင့် ဖေဖေ့ရင်ဘတ်ကို ဒေါနဲ့မောနဲ့ဆုပ်ကိုင်လိုက်တဲ့ ဘီလူးလိုအကောင်ကြီး
လွှင့်ထုတ်သွားရတယ်… ဖေဖေလည်း အဲ့ဒီမှာ လန့်နိုးသွားတယ်… အဲ့ဒီအချိန်တုန်းက သမီးမေမေလည်း
မဆုံးသေးဘူး… အဲ့ဒီလိုအိပ်မက်မက်ပြီးတဲ့နောက် ညတိုင်းလိုလို ဖေဖေအိပ်မက်တစ်ခု အမြဲမက်တယ်….
အိပ်မက်ထဲမှာ ဖေဖေတို့မိသားစု တစ်ကွဲတပြားစီမဖြစ်ချင်ရင် လူကြီးတစ်ယောက်က တစ်နှစ်တစ်ကြိမ်
သူ့ကိုလူသားကျွေးရမယ်.. မကျွေးနိုင်ရင် ဖေဖေတို့တစ်မိသားစုလုံးကို သူစားမယ်… သူစားမယ်ဆိုပြီး
ညတိုင်းအိပ်မက်ထဲမှာ လာလာပြောတယ်… ဘာပြောကောင်းမလဲသမီးရာ ဖေဖေလိုလူ့ကန့်လန့်လူမျိုးက
အယုံအကြည်မရှိဘူး… အစွဲလမ်းလည်းမထားခဲ့ဘူး အဲ့ဒီနှစ်အတွင်းမှာပဲ သမီးမေမေ ပိုးထိပြီးဆုံးခဲ့ရတယ်။
ဖေဖေရဲ့လုပ်ငန်းတွေအားလုံးလည်း အကြောင်းအမျိုးမျိုးနဲ့ ပျက်စီးကိန်းစိုက်လာတယ်… သမီးမေမေဆုံးပြီး
တစ်လလောက်နေတော့ သမီးအစ်ကို ရေနစ်ပြီးထပ်သေရတယ်… ဖေဖေလည်း ဘာလုပ်ရမှန်းကိုမသိတော့ဘူး
တိုက်ဆိုင်မှု့လို့လဲပြောလို့မရဘူး… ကြေကွဲစရာဖြစ်ရပ်တွေ တရတ်ဆတ်ကိုဖြစ်လာတော့တာပဲ အိပ်မက်ထဲမှာလည်း
လူဝကြီးက ဖေဖေကိုဟားတိုက်ပြီးလာပြောပြန်တယ် သူပြောတာကိုလိုက်နာမယ်ဆိုရင် ဖေဖေခံစားနေရတဲ့
ဒုက္ခတွေထပ်မဖြစ်တော့အောင် သူတားဆီးပေးမယ်လို့ပြောလာတယ်… အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင် ကျန်တဲ့သမီးလေးရော…
ဖေဖေရောအသေဆိုးတွေနဲ့ ထပ်သေစေရမယ်…. သူနေတာက ဖေဖေပိုင်ဆိုင်တဲ့ အိမ်မဲကြီးမှာနေတဲ့သူ
နောက်ပြီး ဖေဖေမရှိတော့တဲ့အထိ ဒီအိမ်ကြီးကိုပိုင်ဆိုင်လာဦးမယ့် သူတွေကိုလည်း ဒီလိုအဖြစ်ဆိုးတွေနဲ့
ထပ်ကြုံစေရမယ်လို့ ကြိမ်းဝါးပြောဆိုနေတယ်”
“ဖေဖေလည်းကြာတော့ ဘာလုပ်ရမှန်းမသိတော့တာနဲ့ တွံ့တေးမြို့မှာရှိတဲ့
ဆရာတစ်ယောက်ဆီရောက်သွားတယ်… နောက်မှသိလိုက်ရတာက အဲ့ဒီအထက်လမ်းဆရာနာမည်ခံပြီး လုပ်စားနေတဲ့ဆရာက
အောက်လမ်းဆရာကြီးဖြစ်နေတယ်။ ဖေဖေကမသိဘူး။ သူပြောတဲ့အတိုင်းပဲလုပ်မိခဲ့တယ်”
“သူပြောတာက တစ်နှစ်ကြိမ် ဖေဖေပိုင်တဲ့အိမ်ကြီးဆီကို
လူတစ်ယောက်အမြဲလွတ်ပေးရမယ်… ဒါဆိုရင်ဖေဖေဆီကို ကံကြမ္မာဆိုးတွေမရောက်နိုင်တော့ဘူးလို့
ပြောခဲ့တယ်လေ… ဖေဖေလည်း မတတ်နိုင်တော့ဘူး.. သူပြောသလို တစ်နှစ်တစ်ကြိမ် အဲ့ဒီအိမ်ကြီးဆီကို
တစ်ယောက်ယောက်ရောက်သွားရအောင် လွတ်ပေးနေခဲ့ရတယ်… အဲ့ဒီအိမ်ကြီးကိုရောက်သွားတဲ့သူကလည်း
ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး။ အဲ့ဒါ… အဲ့ဒါကြောင့် ဒီဖြစ်ရပ်ဆိုးကြီးတွေကို တားဆီပေးနိုင်မယ့်
ဆရာကောင်းသမားကောင်းတွေကို ဖေဖေမျှော်နေခဲ့တာ ဆယ့်ငါးနှစ်တောင်ရှိပြီပေါ့…”
“အင်း… လူငယ်ငါးယောက်အကြောင်း ကိုထူးပြောပြထားသလိုဆိုရင်…
လူငယ်ငါးယောက် အကူညီပေးနိုင်လိမ့်မယ်လို့ သမီးယုံကြည်တယ်ဖေဖေ၊ ပြီးတော့အဲ့ဒီအိမ်မဲကြီးမှာ
ဘယ်လိုအနှောက်ယှက်မျိုးတွေကများ ဖေဖေအအပေါ်ကို အနိုင်ကျင့်နေရတာလဲ ဘာပဲဖြစ်ဖြစ်ပါဖေဖေရယ်
ဖေဖေပေးလိုက်တဲ့ ဒီအဆောင်လေးကိုလည်း သမီးအမြဲဆွဲထားပါ့မယ်နော်”
“အေးပါကွယ်… အေးပါ… အသေချာတစ်ခုပြောနိုင်တာက
ဒီပစ္စည်းလေးရှိနေရင် သမီးလေးအတွက်လုံခြုံပြီဆိုတာ ဖေဖေသိနေတယ်လေ… သမီးရန်ကုန်ကိုပြန်ရောက်မလာမချင်း
ဒီအဆောင်လေးကိုမချွတ်နဲ့နော်”
“ဟုတ်ကဲ့ပါဖေဖေ”
“ဟော့… ကားသံကြားတယ်… ထူးကျော်နဲ့လူငယ်တွေရောက်လာကြပြီနဲ့ထင်တယ်”
ကိုထူးကျော်ဦးတည်လာခဲ့သည်က ရွှေပေါက်ကံမြို့သစ်ဆီသို့ပင်ဖြစ်ပြီး
နှစ်ဆယ့်ငါးမိနစ်ခန့် မောင်းနှင်လာခဲ့ပြီသည့်နောက်တွင်မူ ဦးမြဝင်းဖေ၏နေအိမ်ရှိရာဆီသို့
ရောက်ရှိလာခဲ့ရလေသည်။ အချိန်ဟာ နံနက်(၇)နာရီခွဲခန့်ပင်ရှိနေပြီဖြစ်၍ ဦးမြဝင်းဖေ၏နေအိမ်အရှေ့ဆီသို့
ရောက်ရှိလာခဲ့သည်နှင့် ကိုထူးကျော်မှာ ကားလေးကိုပင် ခြံအတွင်းသို့ ဝင်ရောက်ရပ်တန့်လိုက်လေပြီး၊
ကျွန်ုပ်တို့သည်လည်း ကားအနောက်ခန်းအတွင်းမှ ဆင်းသတ်လျက် ကိုထူးကျော်၏အနားသို့ပင် ရောက်ရှိသွားလေခဲ့တော့သည်။
ထိုအခါနေအိမ်အတွင်းမှနေ၍ ဦးမြဝင်းဖေနှင့်အတူ
လှပစွာဝတ်ဆင်ထားခဲ့ပြီး ကျွန်ုပ်တို့နှင့်အတူတကွ လိုက်ပါလာမည့် မိုးတင်ဇာသည်လည်း ရွှင်လန်းနေခဲ့သော
မျက်နှာထားလေးဖြင့် အိမ်အပေါက်ဝရှေ့၌ လျိုက်လှဲစွာကြိုဆိုလေခဲ့သည်။ မိုးတင်ဇာမှာ သူမ၏
လိုက်ပါချင်လှသော ခရီးဆီသို့ လိုက်ပါခွင့်ရရှိခဲ့ပြီဖြစ်သောကြောင့် သူမ၏မျက်နှာပြင်ပေါ်တွင်
ဖိစီးမှု့များစွာကင်းရှင်းနေလျက်၊ ပြုံးထားခဲ့သည်က ပါးပြင်ပေါ်ရှိ ပါးချိုင့်လေးနှစ်ဖက်မှာမူ
အရှင်းသားထင်းပေါ်နေခဲ့သည်။ သူမဟာ တောသူမလေးတစ်ဦးဖြစ်သည်ဟု သိရှိထားခဲ့သော်လည်း ရန်ကုန်မြို့ရောက်ရှိလာခဲ့သည်ကြောင့်
ရေမြေလိုက်၍ ရန်ကုန်သူတစ်ဦးကဲ့သို့ လှပတင့်တယ်လှသော ဥပတိရုပ်ကို ပိုင်ဆိုင်ထားသည့်
မိန်းကလေးတစ်ဦးပင်ဖြစ်လေသည်။
ကျွန်ုပ်တို့၏ခရီးဆောင်အိတ်များကိုပင်
ကားအနောက်ခန်းအတွင်း၌ ထားရစ်စေခဲ့ရင်း ဦးမြဝင်းဖေ၏ခေါ်ဆောင်မှု့ဖြင့် ဧည့်ခန်းအတွင်းသို့ပင်
ရောက်ရှိလာခဲ့ရလေသည်။ ဧည့်ခန်းအတွင်းသို့ရောက်ရှိလာခဲ့သည်နှင့် ဦးမြဝင်းဖေမှာ နံနက်စောစောထလျက်၊
ကိုယ်တိုင်ချက်ပြုတ်ထားခဲ့သော ဝါးခယ်မ မုန့်ဟင်းခါးကိုပင် ကျွေးမွေးဧည့်ခံစေခဲ့သည်။
အမှန်တိုင်းဆိုရလျင် ကျွန်ုပ်တို့သည်လည်း အဆာပြေမစားခဲ့ရသေးသည်ကြောင့် ဦးမြဝင်းဖေ၏ကိုယ်တိုင်ချက်
ဝါးခယ်မမုန့်ဟင်းခါးကိုပင် အားပါးတရစားသုံးခဲ့ပါသေးသည်။
“မောင်ရင်တို့ ထည့်စားကြနော်… ဒါဦးကိုယ်တိုင်အစောထကြီးထပြီး
ချက်ထားတာ မောင်ရင်တို့ကိုစားစေချင်လို့”
“စိတ်ချဦးရေ… အစားအသောက်နဲ့ပတ်သတ်လာရင်
ငါးလေးက သူငယ်ချင်းဆိုတာလဲ သူ့မှာမရှိဘူး၊ ချစ်သူဆိုတာလည်း သူမှာမရှိဘူးဗျ… ကြည့်ပါလား
အခုလည်းစားနေလိုက်တာများ ငတ်နေတာကြနေတာပဲ”
“အောင်မာ… လမ်းလေး… သူများကိုပြောပြီး
နင်ကြတော့ ဘယ်နှပန်းကန်ရှိနေပြီလဲ… နင်ကမှအငတ်”
“ဘာပြောလိုက်တယ်… မိမျှား… ဟုတ်တယ်ငါကငတ်နေတာ
နင်တို့လည်း အငတ်ရဲ့သူငယ်ချင်းတွေဆိုတော့ ဂုဏ်ရှိသွားတာပေါ့ဟာ”
“ဟားဟားဟား… မောင်ရင်တို့သူငယ်ချင်းတွေကိုကြည့်ရတာ…
ပျော်ဖို့တော်တော်ကောင်းတာပဲ… ဒါကြောင့်လည်း သမီးက မောင်ရင်တို့ငါးယောက်ကို တွေ့တွေ့ချင်းခင်သွားတာဖြစ်မယ်….
ကောင်းတယ်ကွာ… လူငယ်တွေပဲ သွက်သွက်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါးပဲဖြစ်ရမှာပေါ့။ ဦးကတော့
မင်းတို့လေးတွေကို တကယ်အားကျတယ်ဟေ့ မင်းတို့လေးတွေနဲ့ပေါင်းလို့ရအောင် ဦးတောင်နည်းနည်းပြန်ငယ်ချင်သွားတယ်”
“ဟားဟားဟားဟား….”
တစ်ဦးနှင့်တစ်ဦး နောက်ပြောင်ကျီစယ်မှု့များဖြင့်
ဦးမြဝင်းဖေ၏ဧည့်ခန်းအတွင်း၌ ရယ်မောသံများစွာ ထွက်ပေါ်လာခဲ့ကြလေသည်။ အားလုံးစားသောက်ပြီးချိန်တွင်မူ
နံနက်(၈)နာရီကျော်မျှပင် ရှိနေခဲ့ပြီး၊ ရှေ့ဆက်ရမည့် ခရီးဆီသို့ရှေ့ဆက်ရန်အတွက် ဦးမြဝင်းဖေအား
နှုတ်ဆတ်လေကြရင်း၊ ဦးမြဝင်းဖေမှာမူ ကျွန်ုပ်တို့အား သူ၏သမီးလေးကိုပင် ဂရုစိုက်ပေးရန်အတွက်
နားညည်းလောက်အောင်ပင် အမှာစကားများစွာ ပြောဆိုလေခဲ့သည်။ ကျွန်ုပ်တို့သည်လည်း ဦးမြဝင်းဖေအား
စိတ်အေးစွာကျန်ရစ်နေစေရန် ပြန်လည်ပြောဆိုခဲ့ရပြီး၊ ခြံအတွင်းသို့ပင် ကိုယ်ဆီထွက်ခွာလာခဲ့ရလေသည်။
ကားခေါင်းခန်းတွင်မူ ကားမောင်းသူ
ကိုထူးကျော်နှင့် မိုးတင်ဇာတို့မှာ လိုက်ပါစီးနင်းလေပြီး၊ ကျွန်ုပ်နှင့်သူငယ်ချင်းများမှာမူ
အထုတ်အပိုးများစွာနှင့် Townageကားအနောက်ခန်းတွင်သာ လိုက်ပါစီးနင်းမည်ဖြစ်သည်။ ကားပေါ်သို့ကိုယ်ဆီ
နေရာယူပြီးသည့်အထိ ဦးမြဝင်းဖေမှာ သမီးဖြစ်သူအား တတွတ်တွတ်မှာကြားနေလျက်ရှိသေး၏။ ကားမောင်းသူ
ကိုထူးကျော်အားလည်း တရတ်ဆတ်မှာကြားနေခဲ့ပြီးသည့်နောက်တွင်မူ ဦးမြဝင်းဖေအား လက်ပြနှုတ်ဆတ်စေခဲ့ရင်း
ဝါးခယ်မမြို့သို့ ရောက်ရှိနိုင်မည့် လမ်းမဆီသို့ စတင်ဦးတည်ကြပြီဖြစ်လေတော့သည်။
ယခင်လမ်းများမကောင်းဘူးဟုဆိုသည်၊ ကိုထူးကျော်တစ်ယောက်၊
ယခုအခါ လမ်းများကောင်းမွန်သွားလျက် အမြန်လမ်းမကြီးအတိုင်း ဂိတ်များစွာအား ကျော်ဖြတ်လာလေခါ
ရန်ကုန်မြို့အတွင်းမှအထွက် ပုံမှန်မောင်းနှင်သွားခဲ့ရာမှ နှစ်နာရီခန့် မောင်းနှင်ခဲ့ပြီးသည့်နောက်တွင်မူ
လမ်းတစ်ဝက်ဖြစ်သော ဗိုလ်မြတ်ထွန်းတံတားဆီသို့ပင် ရောက်ရှိလာခဲ့ပြီးဖြစ်လေသည်။ ဗိုလ်မြတ်ထွန်းတံတားဆီသို့
ရောက်ရှိလာခဲ့သည်နှင့် အချိန်ဟာနေ့လည်(၁၁)နာရီကျော်ခန့်ပင် ရှိလာခဲ့ရင်း နေ့လည်စားရန်အတွက်
အဝေးပြေးကားများ ရပ်နားလေ့ရှိသော “ဆည်းဆာ”စားသောက်ဆိုင်အရှေ့၌ ကားမောင်းသူ ကိုထူးကျော်တစ်ယောက်
ရပ်တန့်လိုက်ပေသည်။ ထို့နောက်….
“ကဲ… ညီတို့…
ငါတို့ဒီဆိုင်မှာ တအောင့်နားမယ်၊ နေ့လည်စာ စားပြီးမှအရှေ့ဆက်ကြတာပေါ့”
“ကောင်းပြီလေ…
ကိုကြီးထူးသဘောပဲ”
ကိုထူးကျော်၏အစီစဉ်အတိုင်း ကျွန်ုပ်တို့သည်လည်း
ကားပေါ်မှဆင်းသတ်လျက်၊ ဦးစွာ ဦးတည်ခဲ့ရသည်က စားဖို့အတွက်မဟုတ်၊ စွန့်ဖို့အတွက်ပင်
အိမ်သာဆီသို့ ဖြစ်လေသည်။ အိမ်သာဆီမှ ပြန်လာခဲ့ပြီးသည့်နောက်မှသာလျင် နေ့လည်စာအဖြစ်
လက်ဖက်ထမင်းနဲ့ ကြက်ဥကြော်လေးကိုသာလျင် မှာယူလျက်၊ ကိုထူးကျော်မှာမူ လိုလေသေးမရှိ ကျွေးမွေးဧည့်ခံခဲ့ပါသေးသည်။
သို့သော်လည်း ကျွန်ုပ်တို့ငါးဦးမှာမူ ဗိုက်ပြည့်ရုံမျှသာ စားသောက်ခဲ့ပြီး နေ့လည်(၁၁)နာရီ၊မိနစ်(၃၀)ခန့်အချိန်တွင်
ဦးတည်ရာဖြစ်သော် ၀ါးခယ်မမြို့ဆီသို့ ဆက်လက်မောင်းနှင်ထွက်ခွာခဲ့ရလေသည်။
ဆောင်းရာသီပင်ဖြစ်ပြီး နံနက်စောစောအချိန်ခါမျိုးနှင့်
ညနေဆောင်းအချိန်များတွင်မူ အေးစိမ့်မှု့များစွာ သတ်ရောက်စေခဲ့သော်လည်း ယခုကဲ့သို့ နေ့လည်ခင်းအချိန်အခါမျိုးတွင်မူ
လွန်စွာပူပြင်းလှသော နေမင်းကြီး၏အုပ်စိုးမှု့အောက်တွင် ရပ်တည်နေခဲ့ရသော ကျွန်ုပ်တို့မှာ
ချွေးပေါက်များစွာပင် ကျဆင်းနေခဲ့ရပေသည်။ ကားခေါင်းခန်းတွင် လိုက်ပါလာခဲ့သော အိမ်ရှင်မိန်းကလေး
မိုးတင်ဇာမှာလည်း ကားအနောက်ခန်းတွင် လိုက်ပါလာခဲ့သော ကျွန်ုပ်တို့အတွက် လိုလေသေးမရှိ၊
သောက်ရေသန့်ဘူးမှအစ သေရည်စာအမျိုးမျိုးအားလည်း မကုန်ခမ်းနိုင်လောက်အောင် ကျွေးမွေးနေခဲ့သည်။
ကျွန်ုပ်၏သူငယ်ချင်းများဖြစ်ကြသော လမ်းကလေးနှင့်မျှားကလေး၊
ငါးကလေးနှင့်တန်ခိုးတို့မှာမူ လူငယ်များပီပီပျော်ရွှင်စွာဖြင့် ထိုခရီးစဉ်တွင် လိုက်ပါလာခဲ့ကြသည်က
ကားအနောက်ခန်းတစ်ခုလုံးတွင် ဆူညံနေလှသည်။ ကျွန်ုပ်မှာမူ ထိုသူများအားကြည့်လျက် ခပ်ပြုံးပြုံးအမူယာများစွာသို့
ပြောင်းလဲသွားရုံမှလွဲ၍ ထိုသူများနှင့်အတူ ပျော်ရွှင်စွာမနေခဲ့ရပေ။ ကျွန်ုပ်၏စိတ်အတွင်း၌လည်း
မည်သည့်အရာပင်ဖြစ်သည်ဟု ပုံဖော်ပြသနိုင်ခြင်းမရှိပဲ တစ်စုံတစ်ခုကိုပင် စိုးရိမ်နေခဲ့ရသည့်
စိတ်များစွာဖြစ်ပေါ်နေခဲ့ရခြင်းကြောင့်ဖြစ်သည်။ ကျွန်ုပ်၏ပုံမှန်မဟုတ်သော မျက်နှာထားအား
သူငယ်ချင်းဖြစ်သူ မျှားကလေးမှာ အကဲခတ်မိသွားလေသလား၊ ကျွန်ုပ်၏အနားဆီသို့ရောက်ရှိလာခဲ့ပြီး….
“ဟဲ့..ထီးလေး
နင်ဘာဖြစ်နေတာတုန်း”
“ဟင်..
သြော်.. ဘာ… ဘာမှမဖြစ်ပါဘူးဟ.. ဘာဖြစ်နေလို့လဲ”
“မသိပါဘူးဟယ်…
နင့်ကြည့်ရတာ ရည်စားပစ်သွားလို့ ထိုင်မှိုင်နေတဲ့ပုံစံမျိုးနဲ့…”
“ဟားဟားဟား…
ဟုတ်တယ်ဟေ့… ထီးလေးမှန်မှန်ပြောစမ်း.. ငါတို့မသိပဲ မင်းလျိုထားတာလား သိပြီ…သိပြီ ဧကန
မင်းကောင်မလေးက ဒီခရီးစဉ်ကိုလိုက်ချင်တယ်ပြောတာကို မင်းကမခေါ်လို့ မင်းကောင်မလေး စိတ်ကောက်သွားတာမဟုတ်လား…
ဟုတ်မယ်ဟုတ်မယ်… ဒါကြောင့် ငါ့ကောင်ကြီးအခုလိုမှိုင်နေရတာ”
“ဟ… မဟုတ်ပါဘူးကွ
လမ်းလေးရ…”
“လျိုမနေပါနဲ့ကွာထီးလေးရာ…”
“မင်းတို့ပြောတာတစ်ခုမှ
မဟုတ်ဘူးကွ…”
“ဒါဆိုဘာဖြစ်နေတာလဲ”
“နေဦး…
ငါတို့ကိုအန်တီပြောလိုက်တယ်… ထီးလေးအခုတလော ညဘက်အိပ်တာတွေ အရမ်းနောက်ကျတာပဲတဲ့… အဲ့ဒါကြောင့်
အိပ်ရေးပျက်ပြီး ပင်ပန်းနေတာဖြစ်မှာပေါ့”
“ဟင်…
ဟုတ်လားထီးလေး”
“အေးဟ…”
“ဒါနဲ့နေပါဦး
နင်ကဘာဖြစ်လို့ နောက်ကျမှအိပ်ရတာလဲ”
“သြော်…
ဘာရယ်လို့တော့မဟုတ်ပါဘူး… ငါတို့အားလုံး ထူးဆန်းမှု့တွေနောက်ကို လေ့လာနေကြတာ အခုဆိုရင်(၅)နှစ်တောင်ကျော်နေကြပြီမဟုတ်လား။”
“အေးလေ….
အဲ့ဒါဘာဖြစ်တုန်း”
“ဘာဖြစ်ရမှာတုန်းဟ…
ငါတို့အားလုံးကျော်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ကြီးတွေက သာမာန်အဖြစ်အပျက်မျိုးတွေမှမဟုတ်တာ…
သိပ်ကိုထူးဆန်းပြီး လေးနက်ကြတယ်လေ… ငါတို့အားလုံးလည်း ယမမင်းတံခါးဝကနေ အလွတ်ရုံးထွက်လာခဲ့ကြရတာပဲမဟုတ်လား”
“ဒါပေါ့ဟ…”
“အေးကွ….
အဲ့ဒါကြောင့် အဲ့ဒီဖြစ်ရပ်တွေအားလုံးကို မှတ်တမ်းပဲပြောပြော၊ ဝတ္တုသဘောမျိုးပဲဆိုဆို
မှတ်တမ်းတင်နေခဲ့ရတာ… အဲ့ဒါကြောင့် နောက်ကျမှ အိပ်ဖြစ်နေတယ်ဆိုပါတော့ကွာ…”
“သြော်ကွာ..
ဒါများ ငါတို့ကိုလည်း ပြောပေါ့ကွ… ငါတို့လည်းဝိုင်းလုပ်ပေးလို့ရတာပေါ့”
“ဒါတော့…
ဒါပေါ့ကွ… ဒါပေမယ့်.. မင်းတို့မှာက အလုပ်ကိုယ်ဆီနဲ့ဆိုတော့ မအားမှာစိုးရိမ်လို့”
“ဟုတ်ပါပြီ…
ဒီအိမ်မဲကြီး ကိစ္စရှင်းပြီးသွားရင် ရန်ကုန်ပြန်ရောက်တာနဲ့ မင်းလုပ်နေတာတွေအားလုံး ငါတို့လည်း
တတ်နိုင်တဲ့ဘက်က မျှဝေခံစားပေးမယ် ဟုတ်ပြီလား”
ကျွန်ုပ်နှင့်အတူ သူငယ်ချင်းလေးဦးသားမှာ
ကားမောင်းသူ ကိုထူးကျော်မောင်းနှင်နေခဲ့သော ကားလေးအတွင်းမှ ယိုင်တိုင်တိုင်လိုက်ပါလာခဲ့ရင်း
ထိုကဲ့သို့သော စကားများပင် ပြောဆိုဖြစ်သေးသည်။ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများသည်လည်း
စကားများစွာပြောဆို၍မဆုံးသေး၊ ပုံမှန်မောင်းနှင်နေခဲ့သော ကားလေးမှာ လမ်းနံဘေးဘက်သို့
ယိုင်တိုင်သွားခဲ့ရင်း ရပ်တန့်သွားခဲ့ပေသည်။
“ကိုကြီးထူး..
ကားဘာဖြစ်တာလဲဗျ”
“ဘီးပေါက်သွားတာညီတို့ရေ….”
ကားအနောက်ခန်းမှနေ၍ ငါးကလေးတစ်ယောက် ကိုထူးကျော်အား
လှမ်းမေးလိုက်စေသည်။ ကိုထူးကျော်သည်လည်း ထိုကဲ့သို့ ပြန်လည်ဖြေကြားသံနှင့်အတူ ကားခေါင်းခန်းအတွင်းမှ
ဆင်းသတ်လာခဲ့ရင်း ညာဘက်အရှေ့ဘီးလေးအား အကဲခတ်နေခဲ့သည်။ ကျွန်ုပ်နှင့်သူငယ်ချင်းများသည်လည်း
ကားအနောက်ခန်းတွင်းမှ ကိုယ်ဆီဆင်းသတ်လာလျက် ကိုထူးကျော်၏အနားဆီသို့ပင် သွားရောက်စေခဲ့ရင်း
မိုးတင်ဇာသည်လည်း ကျွန်ုပ်တို့နီးတူ ကားခေါင်းခန်းအတွင်းမှ ဆင်းသတ်လာခဲ့ရချေသည်။
“ဘယ်လိုလဲကိုကြီးထူး…
ကျွန်တော်တို့တော့ ကားအကြောင်းနားမလည်ဘူးဗျ အဆင်ပြေပါ့မလား”
“အင်း…
ပြေပါတယ် ညီတို့ရ.. ဟင်… ဟာ… ခဏလေး”
သေချာလေသည်။ ညာဘက် အရှေ့ဘီးလေးမှာ ပြားကပ်နေခဲ့သည့်
မြင်ကွင်းကိုပင်မြင်တွေ့လိုက်ရပြီး၊ ကားဘီးပေါက်သွားသည်မှာ သေချာသွားခဲ့လေသည်။ ကိုထူးကျော်သည်လည်း
ကားဘီးပေါက်ရုံမျှဖြင့် အေးဆေးပါဟုသော အမူယာနှင့်အတူ ကျွန်ုပ်တို့အားပြောဆိုလေခဲ့ပြီး
တစ်ခုခုအား သတိရရှိသွားဟန်နှင့် ကိုထူးကျော်မှာ ကားအနောက်ခန်းဘက်ဆီသို့ ကဗျာကယာ ဦးတည်သွားခဲ့လေသည်။
ကျွန်ုပ်တို့သည်လည်း ကိုထူးကျော်၏ဦးတည်ရာအနောက်သို့ လိုက်ပါသွားခဲ့ပြီး ကားအနောက်ဘက်သို့အရောက်
ကိုထူးကျော်၏နှုတ်မှ ထိုကဲ့သို့ပြောဆိုလိုက်သံအား ကြားလိုက်ရချေသည်။
“ဟာ… သွားပြီ”
“ဟင်…
ကိုကြီးထူး ဘာသွားတာတုန်းဗျ”
“သွားပြီ…
ကားဘီးအပိုမဆောင်လာမိဘူး”
“ဟင်..”
“ဟုတ်တယ်
ဒုက္ခပါပဲကွာ ဘယ်လိုလုပ်ရပါ့မလဲ”
“ကိုထူးဘာဖြစ်လို့လဲ”
“မမလေး…
ဟို.. ဟို..”
“ဘာဖြစ်လို့လဲလို့….”
“ကျွန်တော်…
ကျွန်တော်ကားဘီးအပို မယူလာမိလို့မမလေး”
“ဟင်…
ဟာ… ကိုထူးတို့ကတော့ လုပ်လိုက်ရင်အဲ့ဒီအတိုင်းကြီးပဲ အဲ့ဒါကြောင့်ဖေဖေပြောတာပေါ့ အခုဘယ်လိုလုပ်ကြမတုန်း
ဒီနားမှာလဲ ဘာကားပြင်ဆိုင်မှမတွေ့ဘူး…. ဟွန်း!”
“ခဏ… ခဏလေးပါမမလေး…
ကျွန်တော်…. ကျွန်တော်တစ်ခုခုကြံကြည့်ပါဦးမယ်”
“ကိုကြီးထူး
ကျွန်တော်တို့ဘာလုပ်ပေးရမလဲ”
“ဘာမှလုပ်ပေးလို့မရဘူး
အခုဟာက ကားဘီးအပိုရှိမှဖြစ်မှာ ဒါမှမဟုတ်လည်း ဒီနားမှာ ကားပြင်ဆိုင်တစ်ဆိုင်ရှိရှိမှဖြစ်မယ်”
“ဒုက္ခပါပဲ..
ကိုထူး ဒါဘယ်ကိုရောက်နေပြီလဲ”
“ရွှေ…
ရွှေလောင်းမြို့ထဲရောက်တော့မယ် မမလေး”
“၀ါးခမယ်ကိုရောက်ဖို့ရော
တော်တော်လိုသေးလား’
“ဟုတ်ကဲ့မမလေး
နောက်တစ်နာရီလောက် မောင်းရပါဦးမယ်”
“ခဏလေး
ဖေဖေဆီကဖုန်းလာနေတယ်”
“ဟုတ်ကဲ့ဖေဖေ….”
“ဟုတ်ဖေဖေ.. ရောက်တော့မယ်ဖေဖေ.. ရပါတယ် သမီးတို့အတွက်စိတ်မပူပါနဲ့ ဟုတ်ကဲ့ဖေဖေ အခုကားမောင်းနေတာ သမီးတို့ ၀ါးခမယ်မြို့ပေါ်ရောက်မှ ဖေဖေ့ဆီဖုန်းပြန်ခေါ်လိုက်မယ်နော်”
“ဟုတ်ဖေဖေ.. ရောက်တော့မယ်ဖေဖေ.. ရပါတယ် သမီးတို့အတွက်စိတ်မပူပါနဲ့ ဟုတ်ကဲ့ဖေဖေ အခုကားမောင်းနေတာ သမီးတို့ ၀ါးခမယ်မြို့ပေါ်ရောက်မှ ဖေဖေ့ဆီဖုန်းပြန်ခေါ်လိုက်မယ်နော်”
“ဟုတ်ကဲ့ပါဖေဖေ
ဟုတ်ကဲ့ပါ”
“မမလေး
ဆရာကြီးဘာပြောတာလဲဟင်…”
“သြော်..
ဘယ်ရောက်နေကြပြီလဲလို့မေးတာ….”
“ကျွန်တော်…
ကျွန်တော်တို့ အခုကားဘီးပေါက်နေတယ်ဆိုတာရော …. ဆရာကြီးသိသွားပြီလားမမလေး”
“အမလေး…
မသိပါဘူး သိမှတော့ ကိုထူးကိုဖေဖေဆူတော့မယ်ဆိုတယ် မြင်ယောင်နေတယ် အဲ့ဒါကြောင့် အားလုံးအေးဆေးပါပဲလို့
ပြန်ဖြေလိုက်ရတယ်”
“ကျေးဇူးတင်ပါတယ်..မမလေးရာ…
ကျွန်တော်ကလည်း ကျွန်တော်ပါပဲဗျာ… ဘယ်အလုပ်မဆို သေသေချာချာမလုပ်မိဘူး”
“ကဲ… ဟုတ်ပါပြီ
ကိုယ့်ကိုလည်း အပြစ်တင်မနေနဲ့တော့ အခုကားဘီးဘယ်လိုပြန်ကောင်းအောင် လုပ်မယ်ဆိုတာကိုပဲ
ကြိုးစားကြတာပေါ့”
အချိန်ဟာ မွန်းလွဲနေ့လည်
(၁၂)ခွဲကျော်ပင် ရှိလာခဲ့ပြီးဖြစ်သည်။ ကိုထူးကျော်၏ပြောဆိုပုံများအရ ၀ါးခယ်မမြို့ဆီသို့
ရောက်ရှိရန်အတွက် တစ်နာရီခန့်ထိပင် ဆက်လက်မောင်းနှင်ရဦးမည်ဟုသိရသည်။ ယခုကားဘီးပေါက်သွားခဲ့သော
နေရာဟာဆိုလျင် ဘေးပတ်ပတ်လည်ဆီ၌ လယ်ကွင်းပြင်များဖြင့် တည်ရှိနေခဲ့ရင်း ရွှေလောင်းမြို့အ၀င်အ၀ပင်
ရောက်ရှိနေခဲ့ပြီဖြစ်သည်။ လမ်းမကြီးမှာ အဝေးပြေးကားလမ်းမကြီးပင်ဖြစ်လျက် ရန်ကုန်-၀ါးခယ်မ
ပြေးဆွဲနေလျက်ရှိသော အဝေးပြေးကားများသာ အသွားအပြန်မောင်းနှင်နေလျက်ရှိကြသည်။
ဆောင်းရာသီ၏ မွန်းတည့်အပူချိန်များမှာ လွန်စွာပူပြင်းနေရင်း
ကျွန်ုပ်တို့အားလုံး၏ ခန္ဓာကိုယ်များဆီမှ ချေးပေါက်များပင် ကျဆင်းလာလောက်အောင် နေမင်းကြီး၏အပူရှိန်များ
ပြင်းထန်နေခဲ့သည်။ သို့သော်လည်း ဘေးပတ်ဝန်းကျင်များရှိ လယ်ကွင်းပြင်များဆီမှ တိုက်ခိုက်လာခဲ့သော
ဆောင်းလေအေးများမှာ လွန်စွာလက်ဆတ်အေးမြစေလှ၏။ ပူပြင်းနေခဲ့သော နေ့လည်ခင်းဖြစ်သော်လည်း
တိုက်ခိုက်လာခဲ့သည့် လေပြေလေးများမှာ အေးမြလက်ဆတ်စေလှသည်။ ဘဝ၏မောပန်းမှု့များသည်လည်း
တိုက်ခတ်လာခဲ့သော ထိုလေအေးများကြောင့် ခေတ္တခဏပြေပျောက်သွားစေလောက်သည်ဟု ထင်မှတ်စေလှသည်။
ကျွန်ုပ်နှင့်အတူ သူငယ်ချင်းလေးဦးအပါအဝင် ကိုထူးကျော်နှင့် မိုးတင်ဇာတို့မှာလည်း အေးမြစွာတိုက်ခတ်လာခဲ့သော
ဆောင်းလေအေးများဟာ ရန်ကုန်မြို့အတွင်း၌ မရရှိနိုင်ခဲ့သည်ကြောင့် ကားပျက်နေခဲ့သော လမ်းနံဘေးတွင်
အကူညီတစ်စုံတစ်ခု ရရှိရန်အတွက် မျှော်လင့်စောင့်စားနေခဲ့ရင်း လေအေးများ၏အရသာကိုပင်
ကိုယ်ဆီခံစားနေခဲ့ရလေသည်။
ထို့နောက် ကိုထူးကျော်မှာ ကျွန်ုပ်တို့အားလုံး၏အနီးဆီသို့
ရောက်ရှိလာခဲ့ပြီး ထိုကဲ့သို့ပင်ပြောဆိုလာခဲ့လေသည်။
“ညီလေးတို့ ငါတို့ဒီအတိုင်းစောင့်နေလို့ကတော့
မိုးချုပ်သွားလိမ့်မယ်… တားတဲ့ကားကလည်း တစ်စီးမှမရပ်ပေးဘူး၊ မဖြစ်သေးပါဘူး ဒီနားမှာ
ကားပြင်ဆိုင်တစ်ဆိုင်ဆိုင်တော့ရှိနေဦးမှာ…”
“မမလေး… ကျွန်တော်ဒီနားပတ်ဝန်းကျင်ကို
တစ်ချက်လောက်လိုက်ကြည့်လိုက်ဦး… ချက်ချင်းပြန်လာခဲ့ပါ့မယ်၊ ထီးလေး တန်ခိုး မမလေးကိုဂရုစိုက်ပေးပါနော်”
“ဟင်… ကိုကြီးထူး ဘယ်ကိုသွားမှာလဲ”
“သြော်… ဘာပဲဖြစ်ဖြစ် ဒီနားမှာတော့
တစ်ခုခုအကူညီရမှာပဲ.. ငါသွားရှာမလို့”
“နေဦး… အဲ့ဒါဆိုကျွန်တော်ပါလိုက်မယ်”
“ထီးလေး… ငါလိုက်သွားလိုက်မယ်နော်”
“နေနေ… ရတယ်.. မမလေးအနားမှာနေခဲ့…
ငါမကြာပါဘူး အခုချက်ချင်းပြန်လာမှာ”
“ကိုကြီးထူးမြန်မြန်ပြန်လာနော်”
“အေးပါကွ”
လက်ဆတ်နေခဲ့သော လေအေးများအား ရှုရှိုက်နေချိန်၌
ဖြတ်သန်းသွားလာနေခဲ့သည့် ကားများကိုပင် တစ်စုံတစ်ခုသော အကူညီရရှိစေရေးအတွက် ကျွန်ုပ်တို့ဟာ
တားဆီးခဲ့ပါသေးသည်။ သို့သော်လည်း မည်သည့်ကားတစ်စီးမှ ရပ်တန့်မပေးခဲ့သည်ကြောင့် ကိုထူးကျော်မှာမူ
ထိုအနီးတွင်သာ တစ်စုံတစ်ခုသော အကူညီရရှိနိုင်ရန်အတွက် သူတစ်ယောက်ကြိုးစားပေဦးမည်ဟု
ပြောဆိုလျက်ထွက်ခွာသွားခဲ့လေသည်။ သူငယ်ချင်းဖြစ်သူ ငါးကလေးသည်လည်း အဖော်မဖြစ်လိုက်ခဲ့ပါမည်ဟု
ပြောဆိုခဲ့ပါသေးသည်။ သို့သော် ကိုထူးကျော်မှာ လက်မခံပဲ တစ်ကိုယ်တည်းသာ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
အတန်ကြာ၏။ အတိကျသော အချိန်အားဖြင့် မိနစ်(၃၀)ခန့်မျှကြာလိမ့်မည်ဖြစ်သည်။
မိနစ်(၃၀)ခန့်ကြာပြီးသည့်နောက်တွင်မူ ကိုထူးကျော်သည်လည်း ခြေလှမ်းခပ်သွပ်သွပ်ဖြင့်
ကျွန်ုပ်တို့အားလုံးရှိနေရာဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူ၏မျက်နှာပြင်မှာလည်း
မှုံးဝါးနေလျက်၊ ထို့ကြောင့် သူ၏မျက်နှာပြင်ကိုပင် အကဲခတ်ကြည့်ရုံနှင့် မည်သည့်အကူညီတစ်ခုမှ
မရရှိခဲ့ကြောင်းအား ကောင်းစွာခန့်မှန်းသိရှိစေနိုင်မည်။
“ကြာလှချည်လားကိုကြီးထူး… ဘယ်လိုလဲအခြေနေ…”
ပခုံးကလေးတွန့်ပြ၏။
“ရှိတော့ရှိတယ်… ကုန်တင်ကားကြီးတွေ
ဆီဖြည့်နေတာနဲ့ နောက်နှစ်နာရီလောက် စောင့်ရဦးမယ်တဲ့ ဘယ်သူမှလည်းမအားကြဘူး”
“ဟင်… ဒါဆိုဘယ်လိုလုပ်မလဲ…”
“မထူးပါဘူးကွာ… စောင့်လက်စနဲ့ ကားတစ်စီးစီးကိုပဲ
တားကြည့်ရမှာပေါ့”
အားလုံး၏မျက်နှာကိုပင် စေ့စေ့မကြည့်တော့ပဲ။
မိမိတာဝန်မကျေပွန်မှု့ဖြင့် ဦးခေါင်းကလေးကိုသာ ငုတ်လျက်သား ထိုကဲ့သို့ပြောဆိုလေခဲ့သည်။
သို့ဖြင့် ခေတ္တအကြာ၌တွင်မူ “အောင်ချမ်းသာ”ဟူသော
(ရန်ကုန်-၀ါးခယ်မ) အဝေးပြေးကားကြီးတစ်စီးမှာ အဝေးမှလှမ်းလာနေခဲ့သည်အား မြင်တွေ့လိုက်ရသည်နှင့်
ကျွန်ုပ်သည်လည်း တစ်စုံတစ်ခုသော အကူညီရရှိနိုင်ရေးအတွက် တားဆီးလိုက်စေသည်။ ထိုကားကြီးမှာလည်း
ကျွန်ုပ်၏တားဆီးမှု့များကြောင့် ရပ်တန့်ပေးခဲ့လေရင်း ထိုကားပေါ်တွင်လည်း မည်သည့်ခရီးသည်တစ်စုံတစ်ယောက်
လိုက်ပါမလာခဲ့သည်အား အကဲခတ်မြင်တွေ့လိုက်ရလေသည်။
“ဟာ…. ကိုထီးလေး..”
ကျွန်ုပ်၏တားဆီးမှု့များကြောင့်
ကားပေါ်မှ ရှပ်အကျီအကွက်၊ ဘောင်းဘီခပ်တိုတိုနှင့် အသက်အားဖြင့် (၂၀)ကျော်မျှသာရှိသေးသော
ကားမောင်းသူ ဒရိုင်ဘာမှာဆင်းသတ်လာခဲ့ရင်း ကျွန်ုပ်အား ခင်မင်ရင်းနှီးလှစွာသော လေသံတို့ဖြင့်
ဦးစွာခေါ်ဆောင်လိုက်စေသည်။
“ဟင်…”
“ကိုထီးလေးတို့ ကိုလမ်းလေးတို့ပါလား
လူစုံတပ်စုံ ဘယ်သွားကြမလို့လဲ… ကိုငါးလေးနေကောင်းပါတယ်နော်… အစ်မမျှားကလေး၊ ကိုတန်ခိုးကြီး
ဟာဗျာ အစ်ကိုတို့ကို ကျွန်တော့တစ်သက် ဘယ်တော့မှပြန်မတွေ့ရတော့ဘူးထင်နေတာ….”
“ဟင်… ကျွန်တော်တို့ကိုသိနေတယ်ဟုတ်လား”
“ဘယ်လိုပြောလိုက်တာလဲဗျာ… ကျွန်တော့်ကို
မမှတ်မိတော့ဘူးလား ကြံခင်းနယ်၊လသာရွာက လူငယ်ခေါင်းဆောင် တင်အေးလေဗျာ… ဟိုဗျာ ဖုတ်ကောင်ကြီးကို
စစ်တပ်နဲ့အစ်ကိုတို့လူငယ်ငါးယောက် ကျွန်တော်တို့လသာရွာမှာ အသက်စွန့်ပြီး ရှင်းထုတ်ပေးခဲ့ကြတာလေ…
ဒါနဲ့ ဟိုရဲအရာရှိကြီးရော … အစ်ကိုအောင် ကိုအောင်ကြီးတို့ရော နေကောင်းကြရဲ့လား”
“ဟင်… ဟုတ်…ဟုတ်ကဲ့ဗျ… ကောင်းတယ်ပဲဆိုပါတော့….
အခု ကျွန်တော်တို့ကားဘီးပေါက်နေလို့ တစ်ခုခုလောက်ကူညီပေးပါဦးဗျာ”
“ဟ… ကူညီပေးရမှာပေါ့ဗျ.. ကိုယ့်ဆရာတွေပဲ”
ထိုသူမှာ ကျွန်ုပ်နှင့်သူငယ်ချင်းလေးဦးအပါအ၀င်
မိတ်ဆွေဖြစ်သူ ရဲအုပ်မောင်ဝင်းနှင့် မိတ်ဆွေဖြစ်သူ ပယောဂါဆရာ အစ်ကိုအောင်တို့အားလည်း
ကောင်းစွာသိရှိနေခဲ့လေသည်။ သို့သော် ထိုသူ့အား ကျွန်ုပ်တို့မှာမူ ကောင်းစွာမမှတ်မိခဲ့ချေ။
ထိုသူမှာ ဖြစ်ရပ်ဆန်းကြီးတစ်ခုဖြစ်သော ကြံခင်းနယ်မှ “ဖုတ်ကောင်ကြီး”ဖြစ်ရပ်ဆန်းတွင် ကျွန်ုပ်တို့ငါးဦးနှင့်အတူ ခင်မင်ရင်းနှီးခဲ့ခြင်းဖြစ်သည်ဟု
အတိအကျပင် ပြောဆိုနေလေခဲ့သည်။ ထိုသူဦး၏ပုံစံမှာ ကျွန်ုပ်တို့နှင့်လည်း လွန်စွာရင်းနှီးနေသကဲ့သို့ပင်
ပြောဆိုနေခဲ့ရင်း ကျွန်ုပ်တို့သည်လည်း ထိုသူ့အား လိုက်လျောညီထွေသော စကားများကိုသာ ပြောဆိုလေခဲ့ရသည်။
ထို့နောက် ပေါက်နေခဲ့သော ကားဘီးအတွက် တစ်စုံတစ်ခုသော အကူညီကိုသာလျင် ပေးပါလောဟု တောင်းဆိုခဲ့ရစေ၏။
“အစ်ကိုတို့ကျေးဇူးကြောင့် ကျွန်တော်တို့တစ်ရွာလုံး
အေးအေးချမ်းချမ်းနဲ့ အခုလိုနေနိုင်လာတာပါဗျာ… အခုဆိုကျွန်တော်လည်း အဝေးပြေးကားမောင်းနေတာဗျ…
ရန်ကုန်ကိုတော့ အိမ်ဦးနဲ့ကြမ်းပြင်သွားနေရပြီ ရန်ကုန်ရောက်တိုင်း ကိုထီးလေးတို့ သူငယ်ချင်းတွေဆီ
လာလည်ချင်တာဗျ လိပ်စာမသိလို့ လာမလည်ရတာဗျို့…. ရွာလူကြီးကလည်း အစ်ကိုတို့ငါးယောက်အကြောင်း
ခဏခဏပြောနေတာဗျ… ဒီတစ်ခါအားရင် ကျွန်တော်တို့ရွာလေးဆီ လာလည်ကြပါဦးဗျာ.. အရင်တစ်ခေါက်တုန်းက
အသက်လုပြီး ပြေးနေရတဲ့အချိန်ဖြစ်နေတော့ အစ်ကိုတို့ကို ဧည့်ဝတ်ကျေအောင် ဧည့်မခံဖြစ်လိုက်ဘူး…”
“ဟုတ်ကဲ့… လာလည်ပါ့မယ်ဗျ.. အခုလောလောဆယ်တော့
ကျွန်တော်တို့အရှေ့ခရီးဆက်နိုင်ဖို့အတွက် ကူညီပေးပါဦး”
“သြော်… ဟုတ်သားပဲ အစ်ကိုတို့ကို
ပြန်တွေ့ရတော့ ကျွန်တော်အရမ်းဝမ်းသာသွားလို့ပါ… တိုက်တိုက်ဆိုင်ဆိုင်ဗျာ တော်သေးတာပေါ့
ဟိုဘက်လမ်းမှာ ကားတိုက်မှု့ကြီးဖြစ်နေလို့ လမ်းပိတ်နေတာနဲ့ ဒီဘက်ဖြတ်လမ်းကနေ ကျွန်တော်မောင်းလာတာ
အဲ့ဒါကြောင့်အစ်ကိုတို့နဲ့ဆုံခွင့်ရလိုက်တာပဲ အင်းဗျ.. ဒီနားမှာတော့ ကားပြင်ဆိုင်မရှိဘူး
အရှေ့သုံးမိုင်လောက်မှာတော့ ကားလေထိုး၊ ကားဘီးဖာတဲ့ဆိုင်လေးတစ်ဆိုင်တော့ရှိတယ်… ဒါဆိုအစ်ကိုတို့
ပေါက်နေတဲ့ကားဘီးဖြုတ်ပြီး ကျွန်တော့်ကားနဲ့ အဲ့ဒီဆိုင်ကိုလိုက်ပို့ပေးမယ်”
“ဟာ.. သိပ်အဆင်ပြေတာပေါ့ဗျာ”
ကျွန်ုပ်တို့၏အသိမိတ်ဆွေဟောင်းကြီးမှာ
ထိုကဲ့သို့ပင် အကူညီပေးနိုင်ပါမည်ဟု ပြောဆိုလာခဲ့သောကြောင့် ကိုထူးကျော်သည်လည်း ပေါက်သွားခဲ့သော
ကားဘီးလေးကိုပင် အသင့်ဆောင်လာခဲ့သော ဂွတံဖြင့်လျင်မြန်စွာ ဖြုတ်ယူလေတော့သည်။ အချိန်အားလည်း
အကဲခတ်ကြည့်မိသေး၏။ အချိန်ဟာ မွန်းလွဲ(၁)နာရီကျော်ပင် ရှိလာခဲ့ပြီးဖြစ်လေသည်။ ကားဘီးဖာရန်အတွက်
ကိုထူးကျော်နှင့်အတူ လမ်းကလေး၊ငါးကလေးတို့မှာ မိတ်ဆွေကြီးကိုတင်အေးနှင့်အတူ အဝေးကားကြီးဖြင့်
လိုက်ပါသွားခဲ့လေသည်။ တစ်ဖက်ဘီးမရှိတော့သော် ကားလေးအနီးတွင်မူ ကျွန်ုပ်နှင့်မျှားကလေး၊
တန်ခိုးအပါအ၀င် မိုးတင်ဇာတို့သာလျင် ကျန်ရစ်နေစေခဲ့တော့သည်။
အချိန်အားဖြင့် မိနစ်(၂၀)ခန့်မျှသာ
ကြာမြင့်လေပြီး၊ ကားဘီးသွားရောက် ပြုပြင်လာသည့် ကိုထူးကျော်နှင့်အဖွဲ့မှာ အဝေးပြေးကားကြီးနှင့်
ပြန်လည်ရောက်ရှိလာခဲ့လေပြီးဖြစ်သည်။
“ကဲ.. ကိုယ့်ဆရာတို့ ကားဘီးကတော့
ကောင်းသွားပြီဗျ..”
“ကျေးဇူးတင်ပါတယ် ကိုတင်အေးရာ”
“ဟာဗျာ… ကျေးဇူးတင်စရာမလိုပါဘူးဗျ..
အစ်ကိုတို့ကိုကူညီခွင့်ရတုန်း ကူညီပေးရတာ ဒါပေမယ့်သိပ်တော့ အားမရဘူဗျ….”
“ဘာကိုတုန်းဗျ…”
“သြော်… ဒီထက်မက အကူညီပေးချင်တာ..”
“ဟာဗျာ အခုလိုကူညီပေးတာကိုပဲ လုံလောက်နေပါပြီကိုတင်အေးရာ…
အခုဆိုရင် ကျွန်တော်တို့ အရှေ့ခရီးဆက်ဖို့အတွက် တော်တော်လေးအခက်ခဲတွေ့နေခဲ့တာ တော်သေးတာပေါ့ဗျ
တိုက်တိုက်ဆိုင်ဆိုင် ကိုတင်အေးနဲ့တွေ့လိုက်ရလို့ပေါ့”
“ဟုတ်ကဲ့ပါကိုတန်ခိုး.. ဒါနဲ့အစ်ကိုတို့က
ဘယ်သွားကြမလို့တုန်း”
“သြော်… ကိစ္စတစ်ခုနဲ့ ၀ါးခမယ်ဘက်သွားမလို့ဗျ”
“အေးဗျာ ကျွန်တော်လည်း အစ်ကိုတို့နဲ့အေးအေးဆေးဆေး
တွေ့ချင်သေးတယ်… အခုတော့ နေမ၀င်ခင် ကားသွားအပ်ပေးရဦးမှာဗျ..”
“အေးပါဗျာ… နောက်တော့လည်း ကျွန်တော်တို့အေးအေးဆေးဆေး
ဆုံကြတာပေါ့ဗျ”
“ကိုတင်အေးရေ… ကျွန်တော်တို့လည်း
ခရီးဆက်လိုက်ဦးမယ်ဗျ… ခွင့်ပြုပါဦး”
“သြော်… ဟုတ်ကဲ့ပါအစ်ကိုတို့ ဟုတ်ကဲ့ပါ…”
လျိုက်လှဲစွာပြောစကားများနှင့်အတူ
ကိုတင်အေးမှာ ကျွန်ုပ်တို့အား လက်ပြနှုတ်ဆတ်လျက် အဝေးပြေးလမ်းမနံဘေးတွင် ကျန်ရစ်နေခဲ့ရင်း
ကျွန်ုပ်တို့သည်လည်း အရှေ့ခရီးဆီသို့ မွန်းလွဲ(၁)နာရီ(၃၀)ခန့်မှသာလျင် ဆက်လက်ထွက်ခွာလာခဲ့ရချေသည်။
“အင်း… ငါမျက်ခုံးတွေအရမ်းလှုပ်နေပါလား…
အိုး.. ဘာမှမဖြစ်နိုင်ပါဘူး ဘာမှလည်းမဖြစ်ပါစေနဲ့”
“အင်း… ဒီအိမ်ကြီးမှာ ငါကိုယ်တိုင်နေခဲ့ဘူးတယ်”
“ဘယ်လိုမှနေလို့မရအောင် ကြောက်လန့်ကြတယ်…
ဟိုမိန်းကလေး… သူကဘယ်သူလဲ”
“အရူးကြီး ခင်ဗျားကရော ဒီအိမ်ကြီးနဲ့ဘယ်လိုပတ်သတ်မှု့တွေရှိနေတာလဲ”
“ဘာပဲဖြစ်ဖြစ်… ဟိုလူငယ်ငါးယောက်ရှိနေတာပဲ
ဒီအိမ်ကြီးနဲ့ပတ်သတ်ပြီး တိတိကျကျတော့ သူတို့သိလာကြမှာပါ”
အိမ်ပိုင်ရှင်ကြီးဦးမြ၀င်းဖေ၏
စိတ်အတွင်း၌ လွန်စွာလေးလံထိုင်းမှိုင်းလာခဲ့ရင်း အိမ်မဲကြီးဆီသို့ ဦးတည်သွားရောက်နေခဲ့သော
သမီးဖြစ်သူကိုပင် ဖုန်းခေါ်ဆိုကြည့်သေးသည်။ မိမိ၏စိတ်များဟာ လေးလံလာခဲ့ရင်း သမီးဖြစ်သူထံသို့
စိုးရိမ်မှု့များစွာဖြင့် ဆက်သွယ်ကြည့်သော်လည်း သမီးဖြစ်သူမှာ ဖခင်ဖြစ်သူအား စိတ်မပူပါနှင့်၊
သူမတို့မှာ အေးဆေးမှု့များနှင့် ခရီးဆီသို့ ဦးတည်နေခဲ့ကြပြီဖြစ်ကြောင်း ပြန်လည်ပြောဆိုလေခဲ့သည်။
ထိုစကားသံများကြောင့် ဖခင်ဖြစ်သူမှာလည်း အနည်းငယ်မျှစိတ်အေးသွားခဲ့ရသည်။ သို့သော် ထိုအချိန်ဟာ
သမီးဖြစ်သူနှင့် လူငယ်ငါးဦးတို့မှာ ကားဘီးပေါက်နေသည့် အချိန်ခါပင် ဖြစ်လေခဲ့သည်။
ဦးမြ၀င်းဖေသည်လည်း ဧည့်ခန်းအတွင်း၌
တစ်ကိုယ်တည်းထိုင်လျက်ရှိနေခဲ့ရင်း အိမ်မဲကြီးနှင့်ပတ်သတ်ပြီး၊ ပြီးခဲ့သည့်နှစ်များကိုပင်
ပြန်လည်တမ်းတလေမိသေးသည်။ မိမိသည်လည်း ထိုအိမ်မဲကြီးအတွင်း၌ နှစ်ရက်နှင့်နှစ်ညခန့် နေထိုင်လာခဲ့ဘူးသည်။
ထိုကဲ့သို့သော် နှစ်ရက်နှင့်နှစ်ညလုံးတွင်လည်း ထိုအိမ်မဲကြီးအတွင်းမှ ခြောက်လန့်မှု့များစွာဖြင့်
ကြုံတွေ့လာခဲ့ရဘူးလေသည်။ ထို့ကြောင့် သာမာန်ဆိုလျင် သူတစ်ယောက် စိတ်အေးစွာဖြင့် နေထိုင်နိုင်မည်ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ မိမိ၏ချစ်လှစွာသော သမီးဖြစ်သူတစ်ယောက် လိုက်ပါသွားခဲ့သည်ကြောင့်
စိတ်ပူပန်နေခဲ့ရခြင်းပင်ဖြစ်လေသည်။
ပို၍ပင်ဆိုးသည်က မိမိဟာ မည်သူဖန်တီးသွားခဲ့သနည်းမသိသော်
ပုဏ္ဏကဘီလူးကိုပင် နှစ်စဉ်တိုင်းလူသားကျွေးနေခဲ့ရ၏။ နှစ်စဉ်တိုင်းတွင်လည်း ထိုအိမ်ကြီးဆီသို့
သွားရောက်အိပ်စက်ရဲမည်ဆိုလျင် ဆုငွေများပြားစွာပေးပါမည်ဟု ကြေညာလျက်၊ တစ်ဖက်တစ်လမ်းဖြင့်
ထိုအိမ်မဲကြီးဆီသို့ပင် စေလွှတ်နေခဲ့ရလေသည်။ ထိုကဲ့သို့စေလွှတ်လိုက်စေပြီး သွားရောက်ခဲ့သူသည်လည်း
ဆုငွေလာရောက်ထုတ်ယူနိုင်ခြင်း မရှိတော့ပဲ၊ အသက်ဆုံးရှုံးသွားခဲ့ခြင်းများကိုသာ ကြားသိခဲ့ရသည်။
ထို့ကြောင့် ထိုအိမ်မဲကြီးဆီသို့ သွားရောက်မည့် လူသူမရှိတော့သည့်နောက်တွင်မူ ဦးမြဝင်းဖေမှာ
မိမိ၏ထိုအိမ်ကြီးအတွင်း၌ အနှောက်ယှက်ပယောဂါများစွာ ရှိနေခဲ့ပ်ါသည်။ ထို့ကြောင့် သွားရောက်ရှင်းလင်းပေးနိုင်မည့်
ပယောဂါဆရာများအား ထပ်မံခေါ်ဆောင်လေပြန်သည်။
ထိုပယောဂါဆရာများသည်လည်း ထိုအိမ်မဲကြီးဆီသို့
သွားရောက်ခဲ့ကြဘူးသည်။ သို့သော် ဆရာသက်တမ်းနု၍ ဆရာဟူသော ဂုဏ်ပုဒ်များစွာနှင့်မပြည့်စုံခဲ့လျင်
ထိုဆရာများမှာ အသက်ဆုံးရှုံးသည့်အထိ ဖြစ်ပေါ်ခဲ့ရပြီး၊ ဝါရင့်ဆရာကြီးများဆိုလျင် ရူးသွပ်သွားရသည့်အထိ
အဖြစ်ဆိုးများစွာနှင့် ကြုံတွေ့သွားကြရလေသည်။ တစ်နည်းအားဖြင့် ထိုအိမ်မဲကြီးဆီသို့
တစ်နှစ်တစ်ခါ လူများအား တစ်ဖက်တစ်လှမ်းမှ သွားရောက်စေခိုင်းနေရင်း မိမိအပေါ်သို့ ကျရောက်လာမည့်
အန္တရယ်ဆိုးများကိုပင် ကာကွယ်နေခဲ့ခြင်းဖြစ်သည်။ ယခုတွင်လည်း ယခုနှစ်အတွက် လူငယ်ငါးဦးအား
ပုဏ္ဏကဘီလူးအစာဖြင့် ကျရောက်သွားစေရန် စေလွတ်လိုက်ခြင်းဖြစ်လေတော့သည်။
******
မွန်းလွဲ(၂)နာရီခန့်တွင်မူ ၀ါးခယ်မမြို့အတွင်းသို့
စတင်ဝင်ရောက်လာခဲ့ပြီး၊ ယခုအခါတွင်မူ ရန်ကုန်-၀ါးခယ်မ အသွားအပြန်ပြေးဆွဲ နေလျက်ရှိသော
အဝေးပြေးကားကြီးများကိုပင် ကားလေးအပေါ်မှ မြင်တွေ့စေနိုင်သည်။ ဧရာဝတီမြစ်ပင်ဖြစ်သည်။
ထိုမြစ်အား တစ်ဖက်ကမ်းဆီးသို့ ဖြတ်သန်းသွားလာနိုင်စေရန်တွက် တံတားကြီးတစ်စင်းအားလည်း
တည်ဆောက်ထားစေခဲ့သည်။ တံတားကြီးမှာလည်း မြို့အမည်ဖြင့် ခေါင်းစီးတွင် “၀ါးခယ်မ တံတား”ဟုရေးထိုးထားခဲ့သည်အားလည်း
မြင်တွေ့စေနိုင်သေးသည်။ တံတားကြီးမှာ ပေအတိကျအားဖြင့် ကျွုန်ုပ်တစ်ယောက် မသိရှိစေနိုင်သော်လည်း
အလွန်ပင်ရှည်လျားလှသည်အား ကျွန်ုပ်တစ်ယောက် ခန့်မှန်းသိရှိစေနိုင်သည်။
ကိုထူးကျော်မောင်းနှင်ရာ ကားလေး၏အနောက်မှ
လိုက်ပါနေခဲ့ရာမှ ထိုဝါးခယ်မတံတားကြီးအား စတင်ဖြတ်သန်းချိန်တွင် တစ်သိမ့်သိမ့်ဖြင့်
ခံစားလာခဲ့ရရင်း ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများသည်လည်း တစ်ဦးမျက်နှာ တစ်ဦးကိုပင်
လှမ်းကြည့်မိစေခဲ့သည်။ အတော်သည်လည်း လန့်သွားစေခဲ့၏။ အဘယ့်ကြောင့် ထိုကဲ့သို့ဖြစ်လာခဲ့ရသနည်း။
မကြံကောင်းစည်ရာ (သို့မဟုတ်) မစဉ်းစားကောင်းသည့် ခံစားမှု့အားလည်း တစ်ပြိုင်နက် တွေးတောမိလိုက်သည်။
မောင်းနှင်နေခဲ့သော ကားလေးပင်လျင် တိမ်းမှောက်တော့မည်ဖြစ်သော်ကြောင့် ထိုကဲ့သို့ဖြစ်ပေါ်လာခဲ့ရလေသလား။
သို့သော် ကားခေါင်းခန်းရှိ ကိုထူးကျော်မှာမူ ဟန်မပျက်ရှိနေခဲ့သည်အား အကဲခတ်လိုက်ရသည်ကြောင့်
ကျွန်ုပ်နှင့် သူငယ်ချင်းများသည်လည်း ဘေးဘက်ရှိတံတားကြီးကိုပင် ပြန်လည်အကဲခတ်မိစေခဲ့သည်။
တောတွေးမိခဲ့သော အတွေးစိတ်များကိုပင်
နံဘေး၌ရှိနေကြသည့် ကျွန်ုပ်၏သူငယ်ချင်းဖြစ်သူများကိုပင် ပြန်လည်ပြောဆိုပြရမည်အား ရှက်ကိုးရှက်ကန်းဖြစ်မိသည်။
ဝါးခယ်မဟူသော မြို့အားလည်း ယခုအခါမှ ပထမဦးဆုံးချိန် ရောက်ရှိလာဘူးခဲ့ခြင်းလည်းဖြစ်ပေသည်။
ကားလေးတိမ်းမှောက်တော့မည့် အနေအထားကြောင့်ပင် တစ်သိမ့်သိမ့်ဟူသော ခံစားမှု့များဖြစ်ပေါ်လာခဲ့ရခြင်းမဟုတ်။
တံတားပေါ်သို့စတင် ရောက်ရှိလာခဲ့ရင်း တစ်သိမ့်သိမ့်ခံစားမှု့များစွာ ဖြစ်ပေါ်လာခဲ့ရသည်က
ဝါးခယ်မတံတားကြီးမှာ သံမဏိကြိုးများဖြင့် တည်ဆောက်ထားခဲ့သော ကြိုးတံတားကြီးပင်ဖြစ်နေခြင်းကြောင့်
ဖြစ်လေသည်ဟု ကျွန်ုပ်နှင့်သူငယ်ချင်းများမှာ ကောင်းစွာသိရှိလိုက်ရစေတော့သည်။
ဝါးခယ်မတံတားကြီးအား ကျော်ဖြတ်လာခဲ့ရင်း
ဝါးခယ်မမြို့ပေါ်သို့လည်း စတင်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ကားမောင်းသူ ကိုထူးကျော်သည်လည်း
ဝါးခယ်မတံတားအောက်အတွင်းသို့ ကားလေးဝင်ရောက် ရပ်တန့်လိုက်စေရင်း ကားစက်သတ်လေခါ ကားအပေါ်မှ
ဦးစွာဆင်းသတ်လာခဲ့ချေသည်။ ထို့ကြောင့် ကားအနောက်ခန်းတွင် လိုက်ပါလာခဲ့သော ကျွန်ုပ်တို့အားလုံးသည်လည်း
ကားလေးအပေါ်မှဆင်းသတ်လျက် ကိုထူးကျော်၏အနီးဆီသို့ သွားရောက်လေခဲ့စေသည်။
“ကိုကြီးထူး… ရောက်ပြီလားဗျ”
“နေဦးကွ… ငါနဲ့ဆရာကြီး လွန်ခဲ့တဲ့(၅)နှစ်လောက်က
အဲ့ဒီအိမ်ကြီးကိုလာခဲ့ဘူးတယ်… နှစ်တွေလည်းကြာနေခဲ့ပြီဆိုတော့ ပတ်ဝန်းကျင်ကလည်းပြောင်းနေတယ်”
“ဟင်… ဒါဆို”
“ကိုထူး…. ရောက်ပြီလား”
“ဗျာ..မမလေး… ခဏလေး… ကျွန်တော်ဝိုးတိုးဝါးတားဖြစ်နေလို့”
“ဟင်… ဖေဖေ့မေးတုန်းကတော့ ကိုထူးမှတ်မိပါတယ်ဆို…”
“ဟုတ်…. ဟုတ်ပါတယ်မမလေး… ဒါပေမယ့်
လွန်ခဲ့တဲ့(၅)နှစ်လောက်က ပတ်ဝန်းကျင်နဲ့အခုပတ်ဝန်းကျင်က တော်တော်လေးပြောင်းလဲနေတော့
ကျွန်တော်ဝိုးတိုးဝါးတားဖြစ်နေလို့ပါ”
“ကောင်းပြီကောင်းပြီ… ဒါဆိုဖေဖေ့ဆီဖုန်းဆက်ကြည့်လိုက်မယ်”
စမ်းတ၀ါးဝါးဖြစ်နေခဲ့သော ကိုထူးကျော်၏ပြောစကားများကြောင့်
မိုးတင်ဇာမှာမူ လက်အတွင်းမှ ကိုင်လျက်ထားခဲ့သော ဟန်ဖုန်းအားနှိတ်လျက် ဖခင်ဖြစ်သူထံသို့
ဆက်သွယ်လိုက်ချေခဲ့သည်။ ထို့နောက် သူမ၏နံဘေးနားတွင်ရှိနေခဲ့သော ကျွန်ုပ်တို့အားလုံးအားလည်း
ကြားသိနိုင်စေရန်အတွက် စပီကာကိုပင် ဖွင့်ထားစေခဲ့သည်။
“ဟယ်လို… ဖေဖေ…”
“ဟယ်လို… သမီး… ရောက်ပြီလားသမီး”
“ဟုတ်ဖေဖေရောက်ပြီ”
“ဟေး… အခုမှရောက်တာလား… ဘာဖြစ်လို့နောက်ကျနေရတာတုန်း…
သမီးတို့ထွက်သွားတာ (၉)နာရီကတည်းကလေ တကယ်ဆိုရင် လေးနာရီပဲမောင်းရတဲ့ခရီး မဟုတ်မှလွဲရော
ထူးကျော်ကားကိုသေချာမစစ်ပဲသွားတာ လမ်းမှာကားပျက်နေတာမဟုတ်လား”
“အမ်!... မ…မဟုတ်ပါဘူးဖေဖေရ… ကိုထူးကြောင့်မဟုတ်ပါဘူး
သမီးခေါင်းနည်းနည်းမူးလို့ လမ်းမှာခဏနားနေရင်း ကြာသွားတာပါ”
“ဟေး… အေးအေးသမီး… အခုရောသတ်သာရဲ့လား…
သမီးအဆင်မပြေရင် ချက်ချင်းပြန်လာခဲ့နော်”
“ဟုတ်ကဲ့ပါဖေဖေရ…. အဆင်ပြေပါတယ်
ဒါပေမယ့်အခု အိမ်ကြီးဆီကိုဘယ်လိုသွားရမှန်းမသိလို့ ဖေဖေကိုလှမ်းမေးကြည့်တာ…”
“ဟေး… မောင်ထူးသိတယ်မဟုတ်လား… အခုရော
အနားမှာ ဒီကောင်ရှိနေလား”
“ရှိတယ်ဖေဖေ…”
“ဟုတ်ကဲ့ဆရာကြီး… ကျွန်တော်ပါ”
“အေး…. ဟာကွာ… ဘယ်လိုဖြစ်တာလဲ…
ဟယ်လို… ကြားလား… ဟေ့ကောင်ထူးကျော်..”
“ဟုတ်…ဟုတ်ကဲ့ဆရာကြီး ကြားပါတယ်ဆရာကြီးပြောပါ”
“ဟာကွာ မင်းအသံကဘာဖြစ်နေတာတုန်း..
အေး ငါ့အိမ်ကြီးဆီကို နှစ်ခေါက်၊သုံးခေါက်လောက် မင်းရောက်ဘူးတယ်မဟုတ်လား… ဒါတောင်မမှတ်မိတော့ဘူးလား
ငတုံးရ….”
“ဟုတ်…. ဟုတ်ကဲ့ဆရာကြီး… ပတ်ဝန်းကျင်တွေကပြောင်းလဲနေတော့
ကျွန်တော်သိပ်မမှတ်တော့လို့ပါ”
“ဟာကွာ… ဟေ့ကောင်… မင်းအသံဝင်နေတာလား…
သေချာပြောစမ်း။.. ဘာမှမကြားရဘူး… ကဲပါကွာ.. ငါပြောတာကိုပဲ နားထောင်တော့.. ဟုတ်ပြီဟုတ်ပြီ…
ဝါးခယ်မတံတားကိုမဖြတ်နဲ့ အခုရော ဘယ်နေရာမှာလည်း..”
“ဟုတ်ကဲ့ဆရာကြီး… တံတားကိုဖြတ်ပြီး
ဒီဘက်ကမ်းရောက်နေပါတယ်ဆရာကြီး”
“ဟာ… မဟုတ်ဘူးလေကွာ… တံတားကိုမဖြတ်နဲ့
ငှက်ပျောချောင်းရွာကို ဘယ်လိုသွားရမလဲဆိုပြီး ဟိုဘက်ကမ်းမှာမေး… သူတို့ညွန်ပေးလိမ့်လိုက်မယ်..
ပြီးတော့မှ ၀ါးရုံတောအနောက်ရပ်ဆိုတာကို ထပ်သွား… ဒီလောက်ဆိုရင် မင်းမှတ်မိလောက်မယ်ထင်တယ်”
“ဟုတ်ကဲ့ပါဆရာကြီး… ဒါဆိုကျွန်တော်တို့
အဲ့ဒီကိုဆက်သွားလိုက်ပါ့မယ်…”
“အေးအေး… မင်းနဲ့ဖုန်းပြောရတာ အဆင်မပြေဘူး…
သမီးကိုဖုန်းပေးလိုက်စမ်း”
“ဟုတ်ကဲ့ဖေဖေ…”
“အေးသမီး… ဖေဖေအခု အရောင်းဝယ်ကိစ္စတစ်ခု
စကားပြောနေလို့သမီးရဲ့ မောင်ထူးကိုလမ်းကြောင်းသေချာ ပြောပြပေးထားတယ်… အဆင်မပြေတာရှိရင်
ချက်ချင်းဖုန်းပြန်ဆက်နော်.. ကြားလား”
“ဟုတ်ကဲ့ဖေဖေ..”
“သြော်… လူငယ်ငါးယောက်ရော… လမ်းခရီးမှာအဆင်ပြေကြရဲ့လား…
အစ်ကိုတွေ၊အစ်မတွေကို ငါ့သမီးသေသေချာချာဂရုစိုက်ပါနော်”
“စိတ်ချပါဖေဖေရ… မမမျှားလေးတို့ကသာ
သမီးကိုပြန်ပြီး ဂရုစိုက်နေကြတာ”
“အေးပါသမီးရယ်… သူတို့ကိုလည်းပြောလိုက်ပါဦး
ကျေးဇူးတင်ပါတယ်လို့ အိမ်ကြီးရဲ့အရှုတ်အထွေးကို မဖြေရှင်းပေးရသေးပဲနဲ့ ဖေဖေသမီးလေးကို
ဂရုစိုက်ပေးတာနဲ့တင် ကျေးဇူးတင်နေလွန်းလှပါပြီ”
“ဟုတ်ကဲ့ပါဖေဖေ… ဒါဆိုသမီးတို့အရှေ့ခရီးဆက်လိုက်ဦးမယ်နော်…
ဖေဖေလုပ်စရာရှိတာဆက်လုပ်ပါ… နောက်မှသမီးဖုန်းပြန်ခေါ်လိုက်မယ်…”
“အေးအေးသမီး…”
အိမ်ပိုင်ရှင်ကြီးဦးမြ၀င်းဖေတစ်ယောက်
သမီးဖြစ်သူ မိုးတင်ဇာအား မည်မျှပင်ချစ်သနည်းဟု မေးမြန်းနေစရာမလို၊ သမီးဖြစ်သူအား စိုးရိမ်မှု့များစွာဖြင့်
ဖုန်းအတွင်းမှပြောဆိုနေခဲ့သည်ကိုပင် အကဲခတ်ကြည့်ရှု့ယုံနှင့် ကောင်းစွာသိရှိစေနိုင်သည်။
လမ်းမှားနေခဲ့သော ကျွန်ုပ်တို့အားလုံးအား ကိုထူးကျော်မှာ ဆရာဖြစ်သူ၏ ပြန်လည်ညွန်ပြမှု့များကြောင့်
လမ်းမှန်ဆီသို့ ပြန်လည်ဦးတည်ရန် ကားပေါ်သို့ပင် ပြန်လည်တတ်ရောက် စေခိုင်းခဲ့သည်။ ထို့ကြောင့်ကျွန်ုပ်တို့သည်လည်း
ကားပေါ်သို့ ကိုယ်ဆီပြန်လည်တတ်ရောက်စေခဲ့ရင်း မိုးတင်ဇာမှာ ကျွန်ုပ်တို့နှင့် ခင်မင်ရင်းနှီးချင်သော
ဆန္ဒဖြင့် ကားအနောက်ပိုင်းတွင်သာ လိုက်ပါစီးနင်းစေခဲ့သည်။
ကြိုးတံတားဖြစ်သော ၀ါးခယ်မတံတားကြီးအား
ကားလေးဖြင့် ပြန်လည်ဖြတ်ကူးလျက်၊ တစ်ဖက်ကမ်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်နှင့် ကိုထူးကျော်မှာ
ဆရာဖြစ်သူ ပြောဆိုသည့်အတိုင်း ပတ်ဝန်းကျင်ရှိဈေးဆိုင်တစ်ဆိုင်ကိုပင် အမေးအမြန်းများစွာ
ပြုလုပ်စေခဲ့သည်။ ထို့နောက် “ငှက်ပျောချောင်း”ဟူသော
ရပ်ရွာအား စတင်သိရှိလိုက်ရရင်း ထိုအတိုင်းပင် ကိုထူးကျော်တစ်ယောက် ဆက်လက်မောင်းနှင်စေခဲ့သည်။
“အား…. မှတ်မိပြီကွ… မှတ်မိပြီ…
အရှေ့နားဆိုရင် ကားဝင်လို့မရတော့ဘူး… တို့အဲ့ဒီမှာ ရပ်ရွာအုပ်ချုပ်ရေးမှူးကို အကျိုးအကြောင်းပြောပြီး
ကားခဏအပ်ထားခဲ့မှဖြစ်မယ်”
မောင်းနှင်နေခဲ့သော ကားလေးကိုပင်
ကိုထူးကျော်မှာ အရှိန်လျော့လျက် ၀မ်းသာအားရလေသံများဖြင့် ထိုကဲ့သို့ပင် အော်ဟစ်ပြောဆိုလိုက်ချေသည်။
ကားအနောက်ခန်းအတွင်းမှ လိုက်ပါလာခဲ့သော မိုးတင်ဇာနှင့်အတူ ကျွန်ုပ်တို့ငါးဦးမှာမူ
စားထားသမျှအစားများပင် ကြေဖျက်သွားလောက်အောင် ယိုင်တိုင်စွာဖြင့် လိုက်ပါနေခဲ့ရလေသည်။
လမ်းများမှာမူ ကျောက်ခဲများဖြင့် ခင်းကြင်းထားခဲ့ရင်း ညီညာမှု့များစွာ ရှိမနေခဲ့ခြင်းကြောင့်
ဖြစ်လေ၏။ ဆက်လက်၍ အချိန်အားဖြင့် (၅)မိနစ်ခန့်မောင်းနှင်ခဲ့ပြီနောက်တွင်မူ ကိုထူးကျော်မှာ
ကားလေးအား ရပ်တန့်လျက်၊ ကားလေးအားလည်း စက်သတ်စေခဲ့သည်။
“ဟာ… ကိုထူးကြီးရေ… အစာကြေဆေးတော့
စားစရာမလိုဘူဗျ စားထားသမျှ အစာတွေအားလုံး ကြေကုန်ပါပြီဗျာ”
“အမယ်… အစ်ကိုလမ်းလေးက ဗိုက်ဆာသွားပြီလို့
ပြောချင်တာပေါ့လေဟုတ်လား”
“ဆိုပါတော့… ယုန်မလေးရယ်”
“ဟီးဟီး…ဒါဆိုလည်း တစ်ဆိုင်ဆိုင်မှာ
အစာပြေလေးတော့ စားကြတာပေါ့”
“မမလေး…”
“ဟင်.. ကိုထူးဘာပြောမလို့လဲ”
“ဟိုလေ.. ဒီ… ဒ်ီနားမှာ ဆိုင်ကောင်းကောင်းတော့
ရှိမှာမဟုတ်ဘူးမမလေး… မသကာ တောထမင်းဆိုင်လေးလောက်ပဲ ရှိလိမ့်မယ်ထင်တယ်”
“သြော်… ကိုထူးရယ် တင်ဇာနားလည်ပြီးသားပါ..
ကာလဒေသနဲ့လိုက်ပြီး နေထိုင်ရမှာပေါ့… ကဲပါပြောနေတာကြာတယ်… စားဖို့သောက်ဖို့ ဆိုင်လေးတစ်ဆိုင်တော့
အရင်ရှာမှဖြစ်မယ်”
“ခဏလေးမမလေး… ကျွန်တော်တို့ရှေ့ဆက်ပြီး
ကားနဲ့သွားလို့မရတော့ဘူး အရှေ့ဆိုရင် ၀ါးတံတားတွေ၊ မြောင်းတွေဖြစ်ကုန်ပြီ အဲ့ဒါကြောင့်
ကားကိုဒီနားက ရပ်ရွာအုပ်ချုပ်ရေးမှူးဆီအပ်ပြီးမှ ရှေ့ဆက်လို့ဖြစ်မယ်”
ဆရာဖြစ်သူအိမ်ပိုင်ရှင်ကြီး ဦးမြ၀င်းဖေနှင့်
ထိုအိမ်မဲကြီးဆီသို့ တစ်ကြိမ်ထက်မက၊ နှစ်ကြိမ်နီးပါးမျှလိုက်ပါရောက်ရှိခဲ့ဘူးသော ကိုထူးကျော်မှာ
ထိုနယ်ခံအကြောင်းများအား သိရှိထားခဲ့ခြင်းက မဆန်းပေ။ ထို့ကြောင့်လည်း ထိုကဲ့သို့ပြောဆိုလေခဲ့ရင်း
ပတ်ဝန်းကျင်အား လှည့်ပတ်အကဲခတ်လိုက်သည်။ ထိုပတ်ဝန်းကျင်ဟာ ၀ါးခယ်မမြို့လေး၏ မြို့ပေါ်ပင်ဖြစ်လေသည်။
ကိုထူးကျော်၏ပြောဆိုပုံများအရ ကျွန်ုပ်တို့ဟာ တောရွာဘက်ကဲ့သို့ ခေါင်ခိုက်သော နေရာဆီသို့
ဦးတည်သွားရောက်ရမည့် ပုံပေါ်လေသည်။ ပတ်ဝန်းကျင်အား အကဲခတ်နေရာမှ နယ်ခံဟုပင် သတ်မှတ်နိုင်သော
ဆိုက်ကားဆရာတစ်ဦးမှာ အဝေးမှ လှမ်းလာနေခဲ့ရင်း ကျွန်ုပ်တို့ရှိရာအနီးသို့ ရောက်ရှိလာခဲ့သည်နှင့်
ကိုထူးကျော်မှာ ထိုကဲ့သို့ပင် မေးမြန်းလိုက်စေသည်။
“ဆရာကြီး… ဒီနားက အုပ်ချုပ်ရေးမှူးအိမ်ကို
တစ်ချက်လောက်ညွန်ပေးပါလားဗျ”
“ဟမ်!... သြော်… အုပ်ချုပ်ရေးမှူးအိမ်က
ဟိုးမှာမြင်နေရတဲ့ အိမ်ပဲ”
“သြော်ဟုတ်ကဲ့ပါဗျ… ဟုတ်ကဲ့ပါ ကျေးဇူးပါပဲနော်”
“သြော်… ဒါနဲ့နောင်ကြီး ဒီနားမှာ
ထမင်းဆိုင်ကောင်းကောင်းလေးများ ရှိလားမသိဘူးခင်ဗျ”
“ရှိပါ့ဗျာ… ဒီနားမှာ အကောင်းဆုံးထမင်းဆိုင်ကတော့
အုပ်ချုပ်ရေးမှူးမိန်းမကိုယ်တိုင်ရောင်းတဲ့ ထမင်းဆိုင်ပဲဗျို့…”
“ဟာ… ကျေးဇူးတင်ပါတယ်နောင်ကြီးရာ
ကျေးဇူးတင်ပါတယ်”
“ရပါတယ်ဗျာ မလိုပါဘူး… ဒါနဲ့ခင်ဗျားတို့ကြည့်ရတာ
ဒီမြို့ကတော့ ဖြစ်မယ်မထင်ဘူး… ဘယ်ကလာပြီး ဘယ်ကိုသွားကြမလို့တုန်းဗျ”
“ဟုတ်တယ်ဗျ.. ကျွန်တော်တို့က ရန်ကုန်ကပါ…
ဝါးရုံတောအနောက်ဘက်က အိမ်ကြီးရဲ့ပိုင်ရှင်တွေပေါ့ အဲ့ဒီအိမ်ကြီးကိုသွားကြမလို့ပါ”
“ဟင်…”
ကျိုက်ထီးရိုးအမှတ်တရဟူသော စွတ်ကျယ်လေးကိုပင်
ညစ်တေစုတ်ပြဲစွာ ၀တ်ဆင်ထားလျက်၊ နံဖူးမှချွေး ခြေမထိတိုင်အောင် ချွေးပေါက်များဟာလည်း
ကျဆင်းနေပြီး ဘ၀၏လောကဓံများအား ကိုယ့်တွေ့ခံစားနေရသည့် ဆိုက်ကားဆရာမှာ ၀ါးခမောက်လေးအားလည်း
စောင်းထားခဲ့သေးသည်။ ပလေကတ်၊ အကွက်ကျဲ ပုဆိုးလေးအားလည်း ခပ်တိုတိုဝတ်ဆင်ထားခဲ့ပြီး
ဆိုက်ကားအပေါ်မှနေ၍ ကိုထူးကျော်၏ အမေးများကိုမူ စိတ်ရှည်လက်ရှည် ဖြေကြားပေးသကဲ့သို့
အင်မတန်မှလည်း လေကြောရှည်လျက် စပ်စုမည့်ဟန်လည်းပေါ်လှပေသည်။ ကျွန်ုပ်တို့ဟာ ရန်ကုန်မြို့မှလာရောက်စေရင်း၊
ယခုအခါ ထိုမြို့ပေါ်ရှိ ၀ါးရုံတောအနောက်ဘက်ဆီမှ အိမ်ကြီး၏ပိုင်ရှင်များပင်ဖြစ်လျက်၊
ယခုအခါ ထိုအိမ်ကြီးဆီသို့ သွားရောက်ပါမည်ဟု ပြောဆိုလိုက်သော စကားများအဆုံးတွင် ထိုသူမှာ
မျက်စိမျက်နှာအလွန်ပင်ပျက်သွားစေခဲ့တော့သည်။ တစ်စုံတစ်ခုအားလည်း ပြန်လည်မြင်ယောင်မိသွားသကဲ့သို့
ဖြစ်ပေါ်လာခဲ့ရင်း အလွန်ပင်လည်း ထိတ်လန့်သွားခဲ့သည့် ပုံရိပ်များကိုပင် အကဲခတ်မြင်တွေ့လိုက်ရလေတော့သည်။ ။
****
-ဆိုက်ကားဆရာ၏လမ်းညွှန်မှု့များဖြင့်
ရပ်ရွာအုပ်ချုပ်ရေးမှူး၏နေအိမ်ဆီသို့ လူငယ်တစ်စု ရောက်ရှိသွားကြမည်ဖြစ်သည်။ ထိုအုပ်ချုပ်ရေးမှူးမှာ
လွန်ခဲ့သည့ှ်နှစ်ပေါင်း(၂၀)ခန့်မှ အိမ်မဲကြီးနှင့်ပတ်သတ်ခဲ့ဘူးသည့် လူတစ်ဦးဖြစ်မည်။
ထိုသူဟာ မည်သူဖြစ်နေမည်နည်း။
-အုပ်ချုပ်ရေးမှူးပြောဆိုခဲ့သော
အိမ်မဲကြီး၏ရာဇဝင်အကြောင်းအရာများ။ စိတ်မနံ့သည့် ထိုအရူးကြီးမှာ အဘယ့်ကြောင့် ထိုလူတစ်စု
အိမ်မဲကြီးဆီသို့သွားရောက်ကြမည်ကိုပင် ကြိုတင်သိရှိနေလျက်၊ အဘယ့်ကြောင့် တားဆီးနေရသနည်း။
-အားခဲစွာနှင့် ရှာဖွေလာရောက်ကြသော
လူငယ်တစ်စုသည်လည်း ထိုအိမ်မဲကြီးဆီသို့ ရောက်ရှိလာနိုင်ကြမည်ဖြစ်သည်။ ထိုအိမ်မဲကြီးပတ်ဝန်းကျင်အတွင်း၌
ထူးဆန်းမှု့များဖြင့် ပြည့်နှပ်နေခဲ့သည့် မြင်ကွင်းများ။
-မည်သည့်အစားအစာများစွာ စားသုံးနေသည်ကြောင့်
ထိုအိမ်မြောင်လေးမှာ ထိုအိမ်ကြီးအတွင်း၌ အဘယ့်ကြောင့် တောက်တတ်၊ ပုတ်သင်ညိုခန့်မျှ
ရှိနေခဲ့ရသနည်း။
-မကောင်းဆိုးဝါးကပ်တွယ်နေခဲ့သော
အိမ်ပိုင်ရှင်မလေး မိုးတင်ဇာနှင့် ဝိဥာဉ်တစ်ဦး၏ အဆက်အသွယ်ဖြစ်ရပ်များ။
-ကံနိမ့်သူအဖို့ မြင်တွေ့နေရသော
တစ္ဆေများကိုပင် ပြောဆိုလာပါက ထိုသူ၏စကားများမှာ အရာမဝင်ခဲ့ အရူးဖြစ်နေသာ သတ်မှတ်ခံရမည့်
လူငယ်တစ်ဦး
-လျိုဝှက်ကင်မရာအတွင်းမှ ပျောက်ဆုံးနေသည့်
လူတစ်ဦး၏ပုံရိပ်ယောင်များ….
-သြော်… သူသေသွားတာ ဝမ်းနည်းစရာကောင်းလှသည်၊
သို့သော် သစ္စာသမား၏တည်ကြည်လှသော မရဏခရီးစဉ်အထိ သစ္စာစောင့်ထိမ်းသွားပုံ…
……အစရှိသော ဇာတ်ဝင်ခန်းများအား
အပိုင်း(၁၀)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
ကျန်ရှိနေသေးသော
ဇာတ်လမ်းအဆက်အား
(၂၃.၁.၂၀၁၇)
မြန်မာစံတော်ချိန်
မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ၊ချမ်းသာကြပါစေ။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)








No comments:
Post a Comment