စာလုံးများသေးနေလျင် ချုံချဲု့ပြုလုပ်ပါ။
စာမပေါ်သူများအတွက် ဦးစားပေးရေးသားလိုက်သော ဖြစ်ရပ်ဆန်းကြယ်ဘီလူးဂမုန်းနှင့် သရဲဖိုးထောင်
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
ကျွန်တော်တို့ရပ်ကွက်ထဲမှာ ကိုဖိုးထောင်ဆိုတဲ့သူတစ်ယောက်ရှိတယ်။ သူက အလွန် အစအနောက်သန်တဲ့ သူတစ်ယောက် ပျော်ပျော်လဲ နေတယ်။ တစ်လမ်းလုံး တစ်ရပ်ကွက်လုံးကလဲ ကိုဖိုးထောင်ကို ချစ်ကြတယ်။ ခင်ကြတယ်။ ဖိုးထောင်ရဲ့ညီ အစ်ကို မောင်နှမ အသောင်းဝိုင်းတွေက ပိုက်ဆံရှိပေမယ့်လဲ သူက ပေပေတေတေသာ အမြဲနေခဲ့တယ်။ သူ့ကြည့်လိုက်ရင် တစ်ခါမှ သန့်သန့်ပြန့်ပြန့်နေတယ်လို့မရှိဘူး။ အရူးတစ်ယောက်လို့တောင် တစ်ခြားသူတွေက ထင်မြင်သွားနိုင်တယ်။
တစ်ရပ်ကွက်လုံးမှာလဲ ကိုဖိုးထောင် မသိတဲ့အိမ်ဆိုတာ မရှိဘူး။ တစ်ရပ်ကွက်လုံးနဲ့လဲ တည့်တယ်။ မတည့်တဲ့ သူဆိုလို သူ့မိသားစုနဲ့လွဲရင် အားလုံးနဲ့အဆင်ပြေတယ်။ အများဆုံးလာဖြစ်တဲ့အိမ် ၊ တံခါးမရှိ ၊ ဓားမရှိ ဝင်ထွက် စားသောက်နေတဲ့အိမ်က ကျွန်တော်တို့မိသားစု အိမ်ပါပဲ။ အသတ် ၄၅ ကျော်ပြီ။ သူများခိုင်းရင် ဖင်ပေါ့တယ်။ ကျွန်တော့ အဖေ အမေများ ခိုင်းပြီးဆို ကိုဖိုးထောင်တစ်ယောက် သွက်သွက်လက်လက်အမြဲတမ်း လုပ်ပေးရှာတယ်။
အဖေပြောတာတော့ ကိုဖိုးထောင်ဟာ ကျွန်တော်တို့အဖိုး အဖွား လက်ထက်တည်းက အိမ်မှာ ချည်းလိုလိုပဲနေတာ။ ဦးနှောက်သိပ်မပြည့်ဘူးလို့လဲပြောတယ်။ ကလေးဘဝတုန်းက ကလေးတွေ ဝိုင်းဖွဲ့ပြီး သြဇာသီးတောက်နေတုန်း မြင်းမွေးတဲ့အိမ်က မြင်းလွတ်သွားတာ ကိုဖိုးထောင်ကို ကန်မိသွားတယ်။ အဲ့ဒီအချိန်ကစပြီး သူကျောင်းလဲ မနေနိုင်တော့ဘူး။ ဆေးလိပ်သောက်တယ်၊ ကွမ်းစားတယ်၊ အရက်ကလေးပါ နည်းနည်းသောက်တတ်တယ်။ သူမူးလာပြီးဆိုရင် ကျွန်တော့တို့အိမ်ကိုမလာတော့ဘူး။
အဖေက အရက်သောက်တာ မကြိုက်ဘူးဆိုတာ သူသိနေတယ်လေ။ သောက်ထားပြီးလို့အိမ်လာချင်ရင်တောင် အိမ်နားမှာ ဝေ့လည် ဝေ့လည် လုပ်နေတတ်တယ်။ အိမ်ထဲလာဖို့ခေါ်ရင်လဲ အဖေ့ကိုကြောက်တယ်လို့ပြောပြီး လုံးဝခေါ်လို့မရဘူး။ မူးလာပြီဆို အိမ်ကို မလာတော့ပဲ လမ်းမှာ ဆော့နေတဲ့ကလေးတွေနဲ့ပဲ ကစားနေတာ အမြဲတွေ့ရတယ်။
တစ်နေ့ အဖေ နယ်က သူ့တပည့်ဆီကနေ ဂမုန်းပင်တစ်ပင်ယူလာတယ်။ အဖေပြောတာပဲ အဲ့ဒီဂမုန်းဟာ အခုချိန် အလွန်ရှားပါး ပစ္စည်းဖြစ်နေပြီလို့ပြောတယ်။ အမြစ်လေးကို အိတ်နဲ့ထုတ်ထားတယ်။ ခရီးက ပြန်ရောက်ရောက်ချင်းပဲ ပန်းအိုး အလွတ်တစ်ခုမှာ သူစိုက်နေတာတွေ့တယ်။ ကျွန်တော်လဲ သတိမထားပါဘူး။ ဒီလိုပဲ အပင်တွေ အဖေစိုက်နေကြဆိုတော့ အရေးတစ်ယူ သွားကြည့်မနေတော့ဘူး။
နေခင်းကျတော့ ကိုဖိုးထောင် အိမ်ရောက်လာတယ်။ ကျွန်တော်လဲ ရှိနေတယ်။ သူအိမ်ထဲဝင်ကတည်းက သူ့မျက်နှာ ပြုံးစိစိနဲ့ပျော်နေတဲ့ပုံပဲ။ ဒါနဲ့အဖေက ကိုဖိုးထောင်ကို ဘာဖြစ်တာလဲ ပိုက်ဆံကောက်ရလာတာလားလို့ မေးတော့ သူ ရီပြီးပြောတယ်။ နိဗ္ဗာန်ယာဉ်ကားနဲ့ သူပွတ်တိုက်မိခဲ့တယ်။ ဘာမှ ဒဏ်ရာတော့ ရမသွားဘူး။ ကားဆရာက ကိုဖိုးထောင်ကို နိမိတ်မကောင်းဘူးလို့ဆိုပြီး သူ့ကို ဘုရားသွား ပန်း၊ ရေချမ်း ကပ်လှူဖို့ ပိုက်ဆံ ငါးထောင်တန်တစ်ရွက် ဘုရားသွားဖို့ဆိုပြီးပေးခဲ့တယ်။ သူက အယူမရှိဘူး။ ယုံလဲ မယုံဘူးဆိုပြီး ကားဆရာပေးတဲ့ ပိုက်ဆံ ငါးထောင်ကို အရက်သောက်ပစ်လိုက်တယ်လို့သူရီပြီးပြောပြနေတယ်။
ဒါကို သူက ရီစရာလားလို့ထင်နေတော့ အဖေကလဲ ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေခဲ့တယ်။ ကိုဖိုးထောင်ကိုလဲပြောတယ်။ အလောင်းတင်တဲ့ နိဗ္ဗာန်ယဉ်ကားနဲ့ တိုက်မိတာဟာ တော်တော်ကံနိမ့်ခြင်းတစ်မျိုး။ သေဘေးအထိ နိမိတ်ပြတယ်လို့ အယူဆတွေရှိကြတယ်။ ဒီအကြောင်းတွေ ကိုဖိုးထောင်ကို အဖေပြောပြခဲ့တယ်။ သူလက်မခံဘူး။ အရက်လောက် ဘယ်အရာကိုးမှ လက်မခံဘူးလို့ ရယ်ရယ်မောမောပြောပြီး နေခင်းဘက်ကြီး ကျွန်တော်တို့အိမ်ကနေ ပြန်သွာတယ်။
မကြာပါဘူး ။ညနေကြားလိုက်ရတဲ့ သတင်းက ကိုဖိုးထောင် တစ်ယောက် အရက်မူးပြီး ကလေးတွေနဲ့ ကစားရင် လမ်းထိပ် ဗန်ဒါပင်အပေါ်က ပြုတ်ကျလို့ဆုံးပြီးတဲ့။ ထူးဆန်းလိုက်တာ သူပြုတ်ကျတဲ့လမ်းထိပ်ဗန်ဒါပင်ဟာ အများဆုံးမြင့်မှ ၇ ပေပေါ့။ အဲ့ပင်အပေါ်က ပြုတ်ကျတာနဲ့သူအသက်ပါ ပါသွားခဲ့တယ်။ နာရီဝက်လောက်ကြာမှ သူသေနေမှန်းသိခဲ့ရတာ။
ကလေးတွေကို မူးပြီး စနောက်နေတယ် ထင်လို့ ဘယ်သူမှ သွားမကြည့်ဖြစ်ခဲ့ဘူး။ ဗန်ဒါပင်အောက်မှာ ကိုဖိုးထောင် နာရီဝက်လောက် ထမလာတော့မှ သွားကြည့်မိလိုက်ကြတယ်။ စိတ်မကောင်းပါဘူးဗျာ။ ကိုဖိုးထောင်ကြီး ခပ်နိမ့်နိမ့်အပင်ပေါ်က ပြုတ်ကျပြီး ဇာတ်ကျိုးသွားရှာတယ်။ ပွဲချင်းပြီးပဲ သူဆုံးသွားရှာပြီလေ။ တစ်ရပ်ကွက်လုံး ကိုဖိုးထောင်နားရေးကို စည်စည်ကားကားလုပ်ပေးခဲ့ပါတယ်။
အားလုံးကလဲ ကိုဖိုးထောင်ကို သတိတရ ရှိနေတော့တယ်။ နိဗ္ဗာန်ယာဉ်ကားနဲ့သူတိုက်မိခဲ့တာကို တစ်ချို့တစ်လေက မြင်ခဲ့ကြတယ်။ ဒါကြောင့် ဖိုးထောင်တစ်ယောက် သေရတယ်လို့ပြောကုန်ကြတယ်။ တစ်လပြည့် ဆွမ်းလဲ အလှူလုပ်ပေးခဲ့ပါတယ်။ ညနေဆောင်းဆို သူနဲ့ဆော့နေကြ ကလေးတွေက ကိုဖိုးထောင် နာမည်ကို အော်အော်ပြီး ကစားကြတယ်။ ၃ ၄ နှစ်သား ကလေးလေးတွေဆို ဦးဖိုးထောင်ကြီး ဟိုးမှာလို့ တစ်ခါခါပြောတော့ လူကြီးတွေက ဖိုးထောင် တစ်ယောက် မကျွတ်သေးဘူးလို့ ပြောကြတယ်။
အဲ့လိုနဲ့ပိုဆိုးလာတာက မိုးတွင်းဘက် မုန့်ဖတ်ထုတ်ရောင်းတဲ့သူတွေပြောတာ လမ်းထိပ် အုပ်ခုံမှာ လူတစ်ယောက်ထိုင်နေတာ အမြဲတမ်း တွေ့တယ်။ တစ်ခြားရပ်ကွက်က ညဘက်ဈေးသည်တွေဆိုရင် ကိုဖိုးထောင်တစ်ယောက်ဆေးလိပ်မီး တောင်းညှိတာတို့၊ ဆေးလိပ်တောင်းသောက်တာတို့ လုပ်တယ်လို့ ကျွန်တော်တို့ ရပ်ကွက်မှာ သတင်းထွက်လာခဲ့တယ်။ တစ်ည ကျွန်တော်တို့ မိသားစု အားလုံးအိပ်ပျော်နေခဲ့တယ်။ အဲ့ညမှာပဲ ခြံထဲကနေ အုတ်နံရံကို ထုလိုက်တဲ့အသံက အိပ်မောကြနေတဲ့ ကျွန်တော်တို့မိသားစုအားလုံးကို နိုးသွားတဲ့အထိပါပဲ။
အသံကြားတာနဲ့အဖေရယ် ကျွန်တော်ရယ် အောက်ဆင်းတော့ ကျွန်တောတို့ ခြံစည်းရိုး အုတ်နံရံအပ်ကွဲသွားတာကို တွေ့ရတာပဲ။ ဘာကြောင့်မှန်းတော့ ကျွန်တော် မသိခဲ့ဘူး။ ဒီလောက် အကြောင်းမရှိ အုတ်နံရံအပ်ကွဲသွားတာ တွေ့တာတောင် အဖေကသွေးအေးအေးနဲ့ ကျွန်တော့ကို ပြန်အိပ်ဖို့ပြောတယ်။ ကျွန်တော်လဲ အတွေးပေါင်းဆုံနဲ့ပြန်အိပ်လိုက်တယ်။ ။
မနက်ရောက်တော့ အဖေကအမေ့ကို ညကအကြောင်းပြောတာ ကြားတော့ ကျွန်တောလဲ အနားမှာ သွားထိုင်လိုက် ။ အခုမှပဲ သိတော့တယ်။ အဖေနယ်ကယူလာတဲ့ ဂမုန်းက ဘီလူးဂမုန်း။ ညက သရဲဘဝနဲ့မကျွတ်လွတ်နိုင်သေးတဲ့ ကိုဖိုးထောင်တစ်ယောက် ကျွန်တော်တ်ို့အိမ်ထဲကို ဝင်မလို့အလုပ်မှာ အဖေခြံစောင့်ထားတဲ့ ဂမုန်းမှာစောင့်တဲ့ဘီလူး ဂမုန်းဘီလူးက မဝင်ခိုင်းဘူး။ ဘီလူးဂမုန်းကိုလဲ အဖေက ခြံထဲကနေ ခြံပြင်မထွက်ရဘူးလို့ အမိန့်ပေးထားတယ်။ အဖေက အထက်လမ်းဂိုဏ်းဆရာတစ်ယောက် လက်ရှိ နယ်တကာမှာလည်း တပည့်တပန်းတွေအများကြီးရှိတယ်။ သူများအတိုက်အခိုက်၊ တားဆီးနိုင်အောင် နယ်ကနေ ရှားပါးဘီလူးဂမုန်းယူလာပြီး အိမ်မှာခြံစောင့်ထားခြင်းပါ။
ဂမုန်းစောင့် ဘီလူးက သရဲဖိုးထောင်ကို အိမ်ထဲဝင်ခွင့်မပေးတော့ ခြံပြင်ကနေ သရဲဖိုးထောင်က ဂမုန်းအစောင့် ဘီလူးကို ပုံစံအမျိုးမျိုးနဲ့ စိတ်ဆိုးအောင်လုပ်တယ်။ ဂမုန်းအစောင့် ဘီလူးက ခြံထဲကလဲ ထွက်ခွင့်မရှိ ။ ဖိုးထောင်ကလဲ သူ့ကို စိတ်ဆိုးအောင် စနေတော့ ဖိုးထောင်ကို မလုပ်ရလို့ဆိုပြီး ခြံစည်းရိုးအုတ်နံရံကို သူရိုက်လိုက်တာ။ ဒါကြောင့် ညက အသံကျယ်ကြီးကြားလိုက်ပြီး အုပ်နံရံအပ်ကွဲသွားတာလို့ အဖေကပြောတယ်။ အဖေပြန်အိပ်တော့ ဂမုန်းဘီလူးက အဲ့ဒီအဖြစ်အပျက်တွေအားလုံး အိပ်မက်ထဲမှာ လာပြောလို့ သူလဲ သိခဲ့တာရလို့ပြောတယ်။
တကယ့်ကို ဖြစ်ရပ်ဆန်းပါပဲ။ နောက်တစ်ခုရှိသေးတယ်။ အဖေစိုက်ထားတဲ့ အဲ့ဂမုန်းပင်နားကို သူများခြံက ကြက်တွေ ဘဲတွေ ငှက်တွေ တိရိစ္ဆာန် ပေါင်းစုံမှန်သမျှ အဲ့ဂမုန်းပင်နားရောက်ရင် သူဖာသာသူ သေသေနေတာ တွေ့ရတယ်။ ဒါကတော့ ကျနော့မျက်စိနဲ့ကိုး သေချာမြင်ဘူးခဲ့တာ။ သူ့ပိုင်နက်ထဲရောက်လာတဲ့ သက်ရှိတိရိစ္ဆာန်မှန်သမျှ ဂမုန်းဘီလူးက ဖမ်းစားလိုက်တာ။ ထူးဆန်းတဲ့ဂမုန်းဘီးလူးပါပဲ။
ကြာလာတော့ လမ်းက လူတွေကိုလည်း မကျွတ်လွတ်နိုင်သေးတဲ့ သရဲဖိုးထောင်က သိသိသာသာကြီး ခြောက်လန့်လာတယ်။ ဒီလိုနဲ့တစ်ရပ်ကွက်လုံး ဖိုးထောင်ကို လမ်းမှာ အမျှပေးအလှူ ထပ်လုပ်ပေးပြန်ခဲ့တယ်။ ကိုဖိုးထောင်အတွက် ရေးစက်ချ အမျှပေးတရားနာနေစဉ်မှာ သရဲဖိုးထောင်က ကောင်လေးတစ်ယောက်ကို ဝင်းပူးပြီးပြောတယ်။ သူလမ်းကို သံယော်ဇဉ်ရှိတဲ့အကြောင်း၊ ဒီရပ်ကွက်ထဲကနေ သူတစ်ယောက် ဘယ်နေရာကိုးမှ ထွင်မသွားချင်ကြောင်း။ သူသေရတာ နောက်ကျောကို တစ်စုံတစ်တစ်ယောင်က ခပ်ပြင်းပြင်းထုရိုက်လိုက်လို့ ပြုတ်ကျသေခဲ့ရကြောင်း၊ လူတွေကိုလဲ သူခင်လို့စတာပါ။ သူခြောက်လန့်တာ မဟုတ်ပါဘူးလို့ ဝင်ပူးပြီးပြောပါလေရော။
ဒါပေမယ့် ဘုန်းဘုန်းက ကိုဖိုးထောင်ကြီးကို လွတ်ရာကျွတ်ရာသွားဖို့ မေတ္တာပို့ပေးတယ်။ ဘဝခြားနေကြပြီဆိုတဲ့အကြောင်းတွေကိုလဲ ဟောပြောပြခဲ့တယ်။ ဒါကြောင့် ကိုဖိုးထောင်ကြီးလဲ ဘုန်းဘုန်းပြောတဲ့ စကားတွေနားထောင်ပြီး သူတစ်ယောက် သာဓုခေါ်တော့မယ်လို့ပြောတယ်လေ။
အဲ့ဒီ့အချိန်မှာပဲ အဖေက ဘုန်းကြီးတွေကို ခွင့်တောင်းပြီး ကိုဖိုးထောင်ကြီးကို ခြံစည်းရိုးအုတ်နံရံကွဲသွားရတဲ့အကြောင်းမေးတယ်။ အဲ့ဒီတော့ သူကပြောတယ်။ ကျွန်တော်တို့ မိသားစုကို သူသတိရလို့အိမ်ကိုလာတာ။ ဒါပေမယ့် မည်းမည်းအကောင်ကြီးတစ်ကောင်က သူ့ကိုပေးမဝင်ဘူး။ ဒါကြောင့် အဲ့ဒီကောင်ကြီးကို သူခြံပြင်ကနေ စနောက်ခဲ့ပါတယ်လို့ဖြေတယ်။မည်းမည်းအကောင်ကြီး ဒေါသထွက်မှ အိမ်ရှေ့ကနေ သူပြန်သွားတာလို့ပြောတယ် သိပ်ကို အံ့သြမိတယ်။ ဒီလိုဖြစ်ရပ်ကို အိပ်မက်ထဲမှာ ဘီလူးဂမုန်းက အဖေ့ကို လာပြောတာလို့ အဖေပြောတုန်းက သိပ်ပြီး မယုံခဲ့ဘူး။ လမ်းမှာ ဘုန်းကြီးတွေ ပရိတ်ရွက်နေတုန်း ဖိုးထောင် ဝင်ပူးပြီးပြောတော့မှပဲ အသေချာကို ယုံကြည်မိတော့တယ်။
ဒါနဲ့အဖေကလဲ ဒီဂမုန်းကိုအိမ်မှာဆက်ထားနေရင် အချိန်ကြာလာတာနဲ့အမျှ မိသားစုကိုပါ ဒုက္ခပေးနိုင်တယ်လို့တွေးမိရင်း တောနက်နက်တစ်ခုတည်းမှာ လွတ်ရာကျွတ်ရာ စွန့်ထားခဲ့တော့တယ်လေ။
*****************************
စာရေးသူ- ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
ရေးပြီးခဲ့သော ဇာတ်လမ်းလေးအား ပြင်ဆင်ထပ်မံရေးသားလိုက်ခြင်းဖြစ်သည်။
ကျေးဇူးတင်ပါသည်။









No comments:
Post a Comment