အပိုင်း(၁၇) ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၁၇) ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် 
          ဝိဥာဉ်နှင့် 
ပျောက်ဆုံးနေသော သူ၏ 
             အလောင်း 
                     အပိုင်း (၁၇)
စာရေးသူ-ထီးကလေး၊
(ရင်းနှင့် ရင်း၍ ရေးသည်။)



အချိန်ကား ည၁နာရီနီးပါးမျှ ရှိနေခဲ့ပြီ။ ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူ လမ်းကလေး ခရေပင်ရပ်မွန် အိမ်ယာ ရပ်ကွက်အတွင်းသို့ ခြေလှမ်းများ စတင်လှမ်း လာချေပြီး ပတ်ဝန်းကျင် အခြေအနေ အမျိုးမျိုးအား ဂရုစိုက်လျက် ခြံအမှတ် B- 12 ရှိရာသို့ ရောက်ရှိလာချေတော့သည်။ နေ့လည်ခင်းမှ ဝင်ရောက်ခဲ့သော ဝင်ပေါက်အတိုင်း ခြံစည်းရိုးအား ကျော်လွှားလျက် ခြံကြီးအတွင်းသို့ ဒုတိယအကြိမ်မြောက် ရင်ခုန်မှု့ကြီးစွာနှင့် ထပ်မံ ရောက်ရှိလာခဲ့တော့သည်။ လမ်းပြမည့် ခွေးလေးကမူ လစ်ဟာနေသည့် စည်းရိုးအပေါက်မှ ခြံအတွင်းသို့ လွယ်ကူစွာ ဝင်ရောက်လာပြီး အရှေ့မှ ဦးဆောင်ကာ အိမ်မကြီးအတွင်း၌ ရှိနေသော သခင်ဖြူသူ ဖြူဖြူသျှင်းထံသို့ လမ်းပြရန် ခေါ်ဆောင်နေလေတော့သည်။
ညဥ့်နက်နက်၏ အရသာကား ပေါ်လွင်လှသည်။ တစ်ခြံလုံး တိတ်ဆိတ်ငြိမ်သတ်နေပြီး ခြံစောင့်အလုပ်သမားပင်လျင် အေးဆေးစွာ အိပ်မောကျနေခဲ့သည်။ မိမိအား နှောက်ယှက်နေသော လူငယ်ငါးယောက်ကား အချုပ်အတွင်းသို့ ရောက်ရှိနေလျက် ဦးခိုင်ခံ့တင် တစ်ယောက်မှာတော့ အေးစွာဖြင့် နေနိုင်တော့သည်။ သိတတ်လွန်းလှသည့် ခွေးလေးတိုးပွားဟာ ကျွန်ုပ်တို့၏ အရှေ့မှ ဦးဆောင်လျက် အိမ်မကြီး၏ ပတ်လမ်းဆီမှ အနောက်ဘက် တံခါးဆီသို့ ခေါ်ဆောင်လာခဲ့သည်။ အတွင်းမှ တံခါးအား လော့ချထားလျက် လွယ်ကူစွာဖြင့် မဖွင့်နိုင်ချေ။ ထို့နောက် အိမ်အတွင်းသို့ ဝင်နိုင်မည့် အပေါက်အား လျင်မြန်စွာ ရှာဖွေနေရသည်။
' ဘယ်လိုဝင်မလဲ … အထဲက လော့ချထားတယ် '
' အပေါ်ကို တွယ်တတ်သွားရင်ရော '
' ဘယ်ဖြစ်မလဲ … မလွယ်ဘူး '
' တိုးပွားကြီး ဝင်ပေါက်က ဒီတစ်ပေါက်တည်း ရှိတာလား …  လုပ်ပါဦးကွ …  '
ရှည်လျားသည့် သူ၏ လျာအား ထုတ်ထားလျက် ကျွန်ုပ်တို့၏ ဘေးနားတွင် ရှိနေသော ခွေးလေးတိုးပွားအား လူတစ်ယောက်ကဲ့သို့ အားကိုးတကြီး မေးလိုက်လေသည်။ ကျွန်ုပ်တို့၏ အမေးအား ပြန်မဖြေပေးနိုင်သော ခွေးလေး၏ အမူယာအား ခန့်မှန်းကြည့်ရုံဖြင့် ထိုအပေါက်သာလျင် အိမ်မကြီးဆီသို့ ဝင်ရောက်နိုင်သော တစ်ခုတည်းသော အပေါက်သာ ဖြစ်ချေသည်ဟု ကောင်းစွာ သဘောပေါက်ချေတော့သည်။                            
' ဒီတစ်ပေါက်တည်းပဲ အိမ်ထဲကို ဝင်လို့ရမှာ'
' ဟာ … ဟိုမှာ … '
ကျွန်ုပ်၏ စကားအဆုံ၌ ပတ်ဝန်းကျင်တစ်ခုလုံးအား လှည့်ပတ်ကြည့်နေသော သူငယ်ချငိးဖြစ်သူ လမ်းကလေး၏ အပေါ်သို့ညွှန်ပြလိုက်သော လက်ညိုး၏ အဆုံးသို့ ကြည့်မိလေရာ ၈ပေမျှအမြင့်ရှိ ထုတ်တန်းတစ်ခုအား တွေ့လိုက်ရလေသည်။
' အဲ့ဒီထုတ်တန်းကနေ … နံရံဘောင်အတိုင်း လျောက်သွားမယ်ဆိုရင် ဝရမ်တာဆီကို ရောက်သွားလိမ့်မယ် … ဒီတော့ ထီးလေး ငါ့ပုခုံးပေါ်ကို တတ်ပြီး ထုတ်တန်းအပေါ်ရောက်အောင်တတ် ပြီးရင် ဖြူဖြူသျှင်းအခန်းကို မင်းရအောင်ရှာ … အခုတတ်' ' မင်းနဲ့ တိုးပွားကြီးကရော … '
' တိုးပွားကြီးကို အောက်မှာပဲ ထားခဲ့လိုက်မယ် … မင်းသာအပေါ်ရောက်အောင်တတ် … ပြီးရင် ငါပါတတ်လာခဲ့မယ် '
' ကောင်းပြီး … တိုးပွာ … ဘယ်မှ မသွားနဲ့နော် … ငါတို့ပြန်ဆင်းလာမှ အတူတူပြန်ကြမယ် … တကယ်လိုများ ငါတို့ကို တစ်ယောက်ယောက်တွေ့သွားလို့ ပြန်မဆင်းလာနိင်တော့ဘူးဆိုရင် ရဲစခန်းကို မင်းအရောက်ပြန်တော့ ကြားလား … '
 လမ်းကလေးပြောသည့် အတိုင်း ထုတ်တန်းအပေါ်သို့ တတ်ရန် အောက်တွင် ကျန်ရစ်နေခဲ့မည့် ခွေးလေးအား လူတစ်ယောက်ကဲ့သို့ အမှာစကားများ ပြောလျက် ထုတ်တန်းအပေါ်သို့ တတ်ရန် စတင်လေတော့သည်။ လမ်းကလေး၏ ပုခုံးအပေါ်သို့ တတ်ကာ ထုတ်တန်းသို့ လက်လှမ်းနိုင်ချေခဲ့သည်။ အရှိန်ဖြင့် တွဲခိုလိုက် ထုတ်တန်းအပေါ်သို့ ကျွန်ုပ်ကောင်းစွာ ရောက်လာချေတော့သည်။ အိမ်နံရံ အုတ်ဘောင်များမှ တစ်ဆင့် ဝရမ်တာဆီသို့ တစ်ပေမျှ အကျယ်ရှိသည့် အုတ်ပတ်အား သတိကြီးစွာဖြင့် ကျွန်ုပ်လှမ်းကာ ဦးတည်နေပြီး ထို့နောက် ဝရမ်ဆီသို့ ပတ်ဝန်ကျင်အား အကဲခတ်လျက် ကျွန်ုပ်တတ်နိုင်ချေခဲ့သည်။ ဝရမ်တာပေါ်သို့ ရောက်လာသည်နှင့် ဒေါင့်တစ်နေရာအား အကာကွယ်ပြုလျက် မည်သူတစ်ဦးတစ်ယောက်မှ မတွေ့စေရန် ပုန်းခိုနေလိုက်သည်။ ဝရမ်တာအပေါ်သို့ ကျွန်ုပ်ရောက်ရှိလျက် ဒေါင့်လေးတွင် အတန်ကြာပုန်းခိုနေခဲ့သည့်အထိ လမ်းကလေးကား ကျွန်ုပ်ရှိနေသည့် ဝရမ်တာဆီသို့ ရောက်မလာသေးချေ။ သူငယ်ချင်းဖြစ်သူ လမ်းကလေးအား စိုးရိမ်လျက် အောက်တွင် ကြားနေရမည့် အသံတစ်ချို့အား နားစိုက်ထောင်နေလိုက်တော့သည်။
' ကြာလှချည်လား … ဘာများ ဖြစ်နေပါလိမ့် '
    အလွန်ပင် လမ်းကလေးအား ကျွန်ုပ်စိုးရိမ်နေခဲ့သည်။ မကြာမီအချိန်တွင်းမှာပဲ ကျွန်ုပ်ပုန်းခိုနေသည့် ဝရမ်တာဆီသို့ သူငယ်ချင်းဖြစ်သူ လမ်းကလေး ဇောချွေးများဖြင့် ရောက်ရှိလာချေသည်။ တိုးတိတ်သော စကားသံများနှင့်
' ကြာလိုက်တာကွာ … မင်းများ အောက်မှာ တစ်ခုခုဖြစ်နေပြီလားလို့ … စိုးရိမ်လိုက်ရတာ '
' မနည်းတတ်လာရတာကွ … အုတ်နံရံက ချောနေတော့ လွယ်လွယ်နဲ့ တတ်လို့မရဘူး … ဟိုဘက် ပြတင်းပေါက် ဘောင်ကနေ တတ်လာရတယ် … ငါ့အထင် ပြသနာမရှိတော့ဘူး ထင်ပြီး … အိမ်သားတွေ အေးအေးဆေးဆေးနဲ့ တိတ်ဆိတ်နေတာပဲ ဖြစ်မယ် '
' ခွေးလေးရော … '
' မင်းပြောသလို အောက်မှာပဲ ထားခဲ့တယ် … ငါတို့ တစ်ခုခုဖြစ်တာနဲ့ ရဲစခန်းကိုသာ ပြေးတော့လို့ မှာထားတာပဲ … အခု ဘာဆက်လုပ်ကြမလဲ '
' အိမ်ကြီးက အကျယ်ကြီးပဲ အခန်းတွေလဲ များမယ့်ပုံပဲ ဖြူဖြူသျှင်း အခန်းက ဘယ်အခန်းလဲဆိုတာ ခွေးလေးတစ်ကောင်ပဲ သိနိုင်မှာ … '
' ဟုတ်တယ် အစက ငါလဲ ဒီလောက်ခက်ခဲမယ် မထင်ဘူး … ခွေးလေးပါ ဝင်လို့ရမယ် ထင်တာ … မထူးဘူး … ဖြစ်သမျှ အကြောင်းအကောင်းပဲ … '
' မောင်ကျော် ပြောပုံအရ သူ့မိန်းမ ဖြူဖြူသျှင်း အိပ်ခန်းက ဒေါင့်ဘက်ဖြစ်လောက်တယ် … ဒီတော့ … လူခွဲရှာလို့တော့ မဖြစ်ဘူး နှစ်ယောက်စလုံး အတူတူ တစ်ခန်းချင်းဆီ အသံနားစွန့်ပြီး မိန်းကလေးအသံကြားတာနဲ့ စပြီး လုပ်ရှားမယ် '
    ဝရမ်တာဒေါင့်မှ အိမ်မကြီးအပေါ်ထပ်ဆီသို့ မဝင်သေး ထိုနေရာလေးမှ အိမ်ကြီးဆီသို့ အကဲခတ်ကြည့်လေရာ အလွန်ပင်ကျယ်ဝန်း၍ ကြီးမားလှသော အိမ်ကြီးပင်ဖြစ်နေသည်။ အိပ်ခန်းပေါင်းများစွာအထဲမှ ဖြူဖြူသျှင်း၏ အိပ်ခန်းအား သိရှိစေရန် ကျွန်ုပ်နှင့် သူငယ်ချငိးဖြစ်သူ လမ်းကလေး စတင်လုပ်ရှားလေတော့သည်။ ဝိဥာဉ်မောင်ကျော်၏ ပြောပြထားသော အိပ်ခန်းပုံစံအား ခန့်မှန်းလျက် ဖြစ်နိုင်ချေရှိသော ဝရမ်တာဖြင့် နီးစပ်ရာ အိပ်ခန်းဆီသို့ ဦးတည်သွားနေခဲ့သည်။ တိတ်ဆိတ်စွာ ခိုးဝှက်လျက် ထိုသို့ အိမ်ကြီးအိမ်ကောင်း အတွင်းသို့ ဝင်ရောက်ခဲ့ဘူးသည်မှာ ဦးစွာ ပထမပင်ဖြစ်ချေသည်။ ဦးတည်လှမ်းနေသော အိပ်ခန်းအရှေ့သို့ ကျွန်ုပ်နှင့်အတူ လမ်းကလေး ရောက်ရှိလာချေပြီး အခန်းအတွင်းမှ အသံအား နားစိုက်ထောင်ကြည့်လေရာ တစ်စုံတစ်ယောက်သော မိန်းကလေး၏ အသံပင် မဟုတ် ယောက်ျားကြီးနှစ်ယောက်၏ စကားသံများပင် ကြားရချေတော့သည်။
' ဟုတ်တယ် ဆရာကြီး … အောင်ထွန်း သတ်ခဲ့တဲ့ အဘိုးကြီးလင်မယားနှစ်ယောက်က ကျုပ်ခြံရှေ့မှာ ခေါက်တုန် ခေါက်ပြန် လမ်းလျောက်နေသလို တွေ့တယ်တဲ့ … ရှစ်နာရီလောက်တုန်းက ခြံစောင့်ကောင်လေး ပြောလို့ ကျုပ်လဲ သိရတာပဲ… အဲ့ဒါကို ရှင်းပေးပါဦး … '
' မစိုးရိမ်ပါနဲ့ဗျာ … ကျုပ်ရှိနေတာပဲ … ကျုပ်လဲ အနံ့ရလို့ … မအိပ်သေးပဲ စောင့်ကြည့်နေတာ နှောက်ယှက်မယ့် လူတွေရန်ကတော့ အေးသွားပြီ ဝိဥာဉ်တွေဆိုရင်တော့ ကျုပ်တာဝန်ထား … '
' အားကိုးပါတယ် ဆရာကြီးရာ … အလောင်းတွေကို အောင်ထွန်း ဖျောက်ခဲ့တယ် ပြောတယ် … မကျွတ်နိုင်သေးတဲ့ ဝိဥာဉ်တွေကိုတော့ မနက်ဖြန်ဆရာကြီးပြန်တာနဲ့ တစ်ခါတည်း အပါခေါ်သွားပေးပါဗျာ … ဒါမှ ကျုပ်လဲ အေးအေးဆေးဆေး နေနိုင်မှာပါ … '
' စိတ်ချပါဗျာ … ကဲ … ညဥ့်နက်လဲ နက်နေပြီ … ကျုပ်အနားယူလိုက်ဦးမယ် … ပြသနာတွေ အားလုံးပြီးသွားပြီး ဆိုတော့ ကျုပ်လဲ မနက်ဖြန် ခရီးဆက်တော့မယ် '
' ကောင်းပါပြီဗျာ … ကျေးဇူးတင်ပါတယ် ဆရာကြီးရာ … မနက်ဖြန် ဆရာကြီး တောင်းထားတဲ့ ကန်တော့ကျေးထက် လုံးဝ မနည်းစေရဘူးလို့ ကျုပ်ကတိပေးတယ် '
' ကဲ … နောင်လဲ ခင်ဗျားဆီကို ကျုပ် မကြာမကြာ လာမှာပါ … ကဲ အခုတော့ ကျုပ်လဲ နားလိုက်တော့မယ် '
   ဝရမ်တာနှင့် အနီးဆုံးအခန်းပင် ဖြစ်ချေသည်။ ဖြူဖြူသျှင်း၏ အိပ်ခန်းဟု ထင်မှတ်လျက် အခန်းအတွင်းမှ စကားပြောသံ တစ်ချို့အား နားစိုက်ထောင်မိသည်နှင့် ထိုအခန်းဟာ ဦးခိုင်ခံ့တင်၏ စာဖတ်ခန်းဖြစ်၍ မှော်ဆရာကြီးနှင့် ဦးခိုင်ခံ့တင်တို့၏ စကားသံများအား ကြားလိုက်ရလေသည်။
မည်သည့်အကြောင်းအား ဦးတည်ပြောနေသည်ကို ကျွန်ုပ်တို့ မသိ ။ မနက်လင်းသည်နှင့် ဦးခိုင်ခံ့တင်၏ နေအိမ်မှာ ကဝေဘုရင် ဦးမျိုးမြင့် ပြန်တော့မည်ဆိုသည်ကို သိရှိလိုက်ရသည်။
' ဟာ … ဒါ … ဖြူဖြူသျှင်း အခန်းမဟုတ်ဘူး … '
' အမြန်ဆုံးရှောင်မှ ဖြစ်မယ် … ကြည့်ရတာ ဦးမျိုးမြင့် ထွက်လာတော့မယ် '
   အနားယူဦးမည်ဟုဆိုကာ ဦးခိုင်ခံ့တင်နှင့် ဦးမျိုးမြင့်တို့၏ စကားသံများ ရပ်တန့်သွားတော့သည်။ စာဖတ်ခန်းအတွင်းမှ ဦးမျိုးမြင့် ထွက်လာတော့မည်ကို ရိပ်စားမိလျက် ဝရမ်းတာ တံခါးဆီသို့ ဖြေးညင်းသော အပြေးခြေလှမ်းများဖြင့် ဝင်ရောက်ခါ ပုန်းနေခဲ့ရသည်။ စာဖတ်ခန်းအတွင်းမှ ဦးမျိုးမြင့်တံခါးလော့အား ဖွင့်လိုက်သည့် အသံနှင့်အတူ
' သူဌေး … လုပ်ပါဦး … လုပ်ပါဦး'
ထိန့်လန့်ကြောက်ရွှံ့နေသော အော်သံတို့နှင့်အတူ အိမ်ကြီး ၏ အပေါ်ထပ်ဆီသို့ လူမိုက်ကြီး အောင်ထွန်း အပြေးတတ်လာလေသည်။ လူမိုက်ကြီး၏ အကူညီတောင်းသော အသံအား ကြားလိုက်ရသည့် စာဖတ်ခန်းအတွင်းမှ ဦးခိုင်ခံ့တင်နှင့်အတူ ဦးမျိုးမြင့် လျင်မြန်စွာ ထွက်လာချေပြီး
' ဟင် … အောင်ထွန်း … ဘာဖြစ်လာတာလဲ '
စိုးရိမ်ကြီးစွာ မေးနေသော ဦးခိုင်ခံ့တင်၏ အမေးအား အောင်ထွန်းတစ်ယောက် ပြန်မဖြေနိုင် လွန်စွာမောဟိုက်နေလျက် ခဏအကြာမှ
' ဟို … ကျုပ် … ကျုပ် သတ်ခဲ့တဲ့ အဘိုးကြီးလင်မယားနှစ်ယောက် ရောက်လာပြီး ကျုပ်ကို လည်ပင်းညစ်လို့ … လုပ်ပါဦး ဆရာကြီး ကယ်ပါဦး … '
' ဘယ်မှာတုန်းကွ … မင်းကလဲကွာ လူမိုက်လုပ်နေပြီး သရဲလောက်ကို ကြောက်နေရသလား '.
' ကြောက် … ကြောက်တယ်ဗျ … ကျုပ်ကို လင်မယားနှစ်ယောက် လည်ပင်းအတင်းညစ်နေတာ လုပ်ပါဦး ကျုပ်ခြံထဲမှာ မနေရဲတော့ဘူး … ကယ်ပါဦး '
အေးဆေးစွာ ပြောလိုက်သော ဦးခိုင်ခံ့တင်၏ စကားတို့အား လူမိုက်ကြီးထွန်းအောင် ထိတ်လန့်ကြောက်ရွှံ့စွာဖြင့် ပြန်လည် ဖြေကြားလိုက်ခြင်းကြောင့် အနီးရှိ မှော်ဆရာကြီးအား ဦးခိုင်ခံ့တင် ကြည့်လိုက်တော့သည်။ ဦးခိုင်ခံ့တင်၏ အကြည့်အား ကောင်းစွာသဘောပေါက် နားလည်သော မှော်ဆရာကြီးမှ
 ' ကောင်းပြီ … သူတို့ကိုယ်တိုင် လာအဖမ်းခံတော့လဲ တစ်ကူးတစ်က ဖမ်းနေစရာ မလိုတော့ဘူးပေါ့ … ကဲ … လာ … ခြံထဲ သွားကြရအောင် '
တည်ကြည်သော အပြောဖြင့် ဦးမျိုးမြင့်ကား ခတ်ထန်စွာ ပြောလေသည်။ ဦးမျိုးမြင့်၏ စကားအဆုံး၌
' ဟုတ်ကဲ့ဆရာကြီး … ခဏလေး … ကျုပ်သမီးလေးအခန်းကို ခဏလောက် နားစွန့်ကြည့်လိုက်ဦးမယ် '
ဟုဆိုလျက် ဘေးချင်းကပ်လျက် ရှိနေသော အခန်းတစ်ခန်းအား ဦးခိုင်ခံ့တင်တစ်ယောက် နားဖြင့် ကပ်လျက် နားထောင်လိုက်သည်။ အိပ်ခန်းအတွင်းမှ မည်သည့်အသံများအား မကြားရသည့်အတွက် မှော်ဆရာကြီးခေါ်ဆောင် ခြံအတွင်းသို့ လိုက်ပါရန် အပေါ်ထပ် လှေကားမှ တစ်ဆင့် ဆင်းသွားချေတော့သည်။
သမီးလေး၏ အိပ်ခန်းအား နားစွန့်ကြည့်ဦးမည်ဟု ပြောလိုက်သော ဦးခိုင်ခံ့တင်၏ စကားကြောင့် ကျွန်ုပ်နှင့်အတူ သူငယ်ချင်းလမ်းကလေး ဖြူဖြူသျှင်းအိပ်ခန်း ရှိရာသို့ ကောင်းစွာ သိရှိသွားချေတော့သည်။ လူမိုက်ကြီးအောင်ထွန်းအား ကြောက်ရွှံ့နေလျက် ဦးခိုင်ခံ့တင်နှင့်အတူ မှော်ဆရာကြီး ဦးမျိုးမြင့် လှေကားဆီသို့ ဦတည်ကာ ခြံအတွင်းသို့ ဆင်းသွားချေတေတ့သည်။
' သိပြီ … ဖြူဖြူသျှင်းအိပ်ခန်းကို သိပြီ သူတို့ဘာဖြစ်ကြတာလဲ မသိဘူး '
' လာလာ … အမြန်လာ … သူတို့ဘာဖြစ်ဖြစ် ငါတို့ အလုပ်မဟုတ်ဘူး … အဓိက ဖြူဖြူသျှင်း အိပ်ခန်းကို သိပြီး … သူ့ကို အကြောင်းစုံရှင်းပြပြီး ရဲစခန်းကို အပါခေါ်သွားမှ ဖြစ်မယ် '
ထိုလူသုံးယောက် အိမ်ကြီး အောက်ထပ်သို့ ဆင်းသွားသည်နှင့် ဖြူဖြူသျှင်း၏ အိပ်ခန်းအား သိရှိလိုက်ရသော ကျွန်ုပ်နှင့်အတူ သူငယ်ချင်း လမ်းကလေး ထိုအခန်းဆီိသို့ ဖြေးညင်းသော ချေလှမ်းများဖြင့် သွားခါ အပြင်မှ တံခါးအားခေါက်လိုက်သည်။ အချက်ပေါင်းများစွာ ခေါက်နေသည့် တံခါးအား အထဲမှ မည်သည့် အချက်ပေးသံများ ပြန်လည်၍ မကြားရချေ။ အတန်ကြာ အိပ်ခန်းအတွင်းမှ ပြန်လည်၍ အချက်ပေးလိုက်သော အသံကား
' ဘယ်သူလဲ … ဖေဖေလား'
မိန်းကလေးတစ်ဦး၏ အိပ်မှုံစုံမွားအသံပင် ဖြစ်ချေသည်။ သူမ၏ အမေးအား ပြန်မဖြေသည်ကြောင့်
' ဘာဖြစ်လို့လဲ ဖေဖေ … ခဏလေး သမီးတံခါးလာဖွင့်ပေးမယ် '
သူမ၏ ဖခင်ထင်လျက် အိပ်ခန်းပြင်မှ ကျွန်ုပ်တို့အား တံခါးလာရောက်ဖွင့်ပေးမည်ဟု ဆိုလေတော့သည်။ ထို့နောက် တံခါးအား သူမ ဖွင့်လိုက်ပြီး အပြင်၌ ရှိနေသော ကျွန်ုပ်တို့အား တွေ့လိုက်ရသည်ကြောင့်
' ဟင် … ရှင် … ရှင်တို့ ဘယ်သူတွေလဲ '
သူမ၏ အံ့သြတစ်ကြီး အမေးကား စိမ်းကားလှသည်။ ကျွန်ုပ်တို့အား သူမ မသိပေမယ့် သူမနာမည်နှင့် ကျွန်ုပ်တို့လွန်စွာမှပင် ရင်းနှီးနေခဲ့သည်ကို သူမ မသိခဲ့ချေ။ အံ့သြကြီးစွာ မေးလိုက်သော သူမ၏ အမေးအား ပြန်လည်၍ မဖြေ နှုတ်ခမ်းနှင့် လက်ညိုးအားကပ်ခါ ရှုး ဟု ဟန်ပြလျက် ကျွန်ုပ်နှင့်အတူ လမ်းကလေး သူမ၏ အိပ်ခန်းဆီသို့ လျင်မြန်စွာ ဝင်လိုက်တော့သည်။

ရက်စက်စွာ မိမိသတ်ခဲ့သော အဘိုးအိုလင်မယား နှစ်ယောက်၏ ဝိဥာဉ်ဟာ လူမိုက်ကြီးအောင်ထွန်းအား စိတ်စွဲလျက် လာရောက် ကြောက်လန့်နေခဲ့ပြီး ။ ထိုဝိဥာဉ်များအား ဖမ်းစီးရန် အသင့်စောင့်စားနေသည့် မှော်ဆရာကြီးကား ခြံဝိုင်းအတွင်း၌
' ဘယ်မှာတုန်း …'
' ရှိတယ် ဆရာကြီး … သူတို့ရှိနေတယ် … ကျုပ် ခြံစောင့်နေရင်း ဒီဒါန်းပေါ်မှာ အိပ်ပျော်နေတာ သူတို့တွေ ရောက်လာပြီး ကျုပ်ကို လည်ပင်းအတင်းညစ်ကြတာပဲ '
တုန့်လှုပ်စွာ ဖြေကြားနေသော အောင်ထွန်း၏ စကားအဆုံး၌ မှော်ဆရာကြီးကား သူ၏ ခေါင်းအား တစ်ဆတ်ဆတ်ငြိမ်လျက် နှုတ်မှ မကြားနိုင်သည့် ဂါထာတစ်ချို့အား ရွက်ဆိုလိုက်လေသည်။ မကြာမီအချိန်တွင်းမှာ မှော်ဆရာကြီး၏ အရှေ့သို့ ညိုမှောင်းသော အခိုးအငွေ့များ ပေါ်လာလျက် သေဆုံးသူ အဘိုးအိုလင်မယားနှစ်ယောက် ရောက်လာချေတော့သည်။ မှော်ဆရာကြီး၏ အရှေ့သို့ ထိုဝိဥာဉ်များ ရောက်ရှိလာသည်နှင့် သေဆုံးသူ ဝိဥာဉ်အဘိုးအိုကား
' ကျုပ်တို့ လင်မယားနှစ်ယေက်ကို မဖမ်းပါနဲ့ဗျာ … ဆရာ့ကို ကျုပ်တို့ မယဉ်နိုင်ပါဘူး … ကျုပ်တို့ လက်စားချေချင်တဲ့ … ဟိုးအနောက်က လူကို သတ်ပြီးရင် ကျုပ်တို့ လွတ်ရာ ကျွတ်ရာကို သွားမှာပါ …'
ထိုဝိဥာဉ်များဟာ မှော်ဆရာကြီးအား မယဉ်နိုင်ကြောင့် ပြောလျက် မိမိတို့လင်မယားနှစ်ယောက်အား ရက်စက်စွာ သတ်ခဲ့သော လူမိုက်ကြီးအား လက်စားချေချင်ကြောင်း ပြောဆိုလေတော့သည်။ သို့ပေမယ့် မှော်ဆရာကြီးဟာ မည်သည့်စကားမှ ပြန်လည်၍ မတုန့်ပြန်တော့ပဲ ဝိဥာဉ်အဖိုးအိုလင်းမယားနှစ်ယောက်အား စတင်ဖမ်းစီးချေတော့သည်။ မပြိုင်ကတည်းမှ ရှုံးနိမ့်ပြီးသားဖြစ်သည့် ထိုဝိဥာဉ်များဟာ မှော်ဆရာကြီး၏ လက်ဝယ်အတွင်းသို့ လွယ်ကူစွာဖြင့် ရောက်သွားချေတော့သည်။
' ကဲ … စိတ်ချလက်ချသာ နေပေတော့ … သူတို့ကို ဖမ်းလိုက်ပြီး ခင်ဗျားတို့ကို ထပ်ပြီး မနှောက်ယှက်နိုင်တော့ဘူး … ကျုပ်သိမ်းခိုင်းထားတဲ့ စဥ့်အိုးလေး သွားယူပေးသူဌေး … '
' ဟုတ်  … ဟုတ်ကဲ့…'
မှော်ဆရာကြီး စေခိုင်းမှု့ဖြင့် လျင်မြန်စွာ မိမိသေချာစွာ သိမ်းစီးထားခဲ့သော အဝကျယ် ခြောက်လက်မခန့်ရှိသည့် စဥ့်အိုးလေးအား ဦးခိုင်ခံ့တင်တစ်ယောက် ပြာပြာသလဲ ယူလာချေတော့သည်။
' ဒီမှာ ဆရာကြီး …'
' ဒီအထဲမှာ ဟိုလက်စားဝိဥာဉ်ကိုပါ ဖမ်းထားတယ် … မနက်လင်းတာနဲ့ ကျုပ်ခရီးဆက်မယ် … ဒီကောင်တွေကို တစ်ခါတည်း ကျုပ်ခေါ်သွားပေးမယ် '
' ကျေးဇူးပါ … ဆရာကြီးရာ ကျေးဇူးပါ '
အဝကျယ် ခြောက်လက်မခန့်ရှိသည့် စဥ့်အိုးလေးအတွင်းသို့ သူ၏ မှော်ပညာဖြင့် ဖမ်းစီးထားသော ဝိဥာဉ်အဖိုးအို လင်မယားနှစ်ယောက်အား ထည့်လိုက်လေတော့သည်။ စိတ်ပျက်စွာဖြင့် စဥ့်အိုးအတွင်းမှ ဒူးနှစ်ချောင်းအား ပိုက်ထားပြီး ခေါက်းငိုက်စိုက်ထားသည့် ဝိဥာဉ်မောင်ကျော်ဟာ စဥ့်အိုးအတွင်းသို့ ထိုဝိဥာဉ်အဖိုးအို လင်မယားနှစ်ယောက်အား တွေ့လိုက်ရသည်ကြောင့် အံ့သြကြီးစွာဖြင့်
' ဟင် … ဟို … ဟို … စက်ရုံစောင့် အဖိုးအိုတို့ လင်မယားပါလား … ဘယ်လိုဖြစ်ပြီး … ဒီအထဲရောက်လာရတာလဲ '
' ဟင် … မင်းက ငါတို့နှစ်ယောက်ကို သိလို့လား … ဘယ်လိုဖြစ်ပြီး ရောက်လာရမှာလဲ … ငါတို့ကို သတ်ခဲ့တဲ့ လူကို မကျေနပ်လို့ လက်စားလာချေရင်း မှော်ဆရာကြီးလက်ထဲရောက်ပြီး အခုလို စဥ့်အိုးထဲမှာ အဖမ်းခံရတာပဲ '
' ဟင် … ဒါ … ဒါဆို ခင်ဗျားတို့လင်မယားနှစ်ယောက်က သေသွားပြီးပေါ့ .… ဟာ … ဒါဆို ခင်ဗျားတို့ဆီမှာ ရှိနေတဲ့ ကျုပ်သမီးလေးကရော … ဘယ်ရောက်သွားပြီးလဲ '
' ဟင် … ဘာတွေလာပြောနေတာလဲ … သြော် … ငါ့တို့လင်မယားနှစ်ယောက် ကောက်ရထားတဲ့ သမီးလေးက … '
' ဟုတ်တယ် အဲ့ဒါ ကျုပ်သမီးလေးပဲ …'
အဖိုးအိုလင်မယားနှစ်ယောက်အား မသေဆုံးခင်အချိန်မှ မိမိနှင့် ဆုံတွေ့ခဲ့ပုံတို့ကို ဝိဥာဉ်မောင်ကျော် ပြောပြလေတော့သည်။ ထို့နောက် သမီးလေး၏ အကြောင်းနှင့် အဖိုးအို့လင်မယားနှစ်ယောက် သေဆုံးခဲ့ပုံတို့ကိုပါ မောင်ကျော် သိရှိသွားလေတော့သည်။
' ဟင် … ဟာဗျာ … ကျုပ်သမီးလေး… ကျုပ်သမီးလေး … ဘာဖြစ်သွားပြီးလဲ … ခင်ဗျားတို့ဆီမှာ ရှိနေတယ်ဆိုတာ ကျုပ်တစ်ယောက်တည်းပဲ သိနေတာ … ဘယ်သူပြောလိုက်ပါလိမ့် … ဟင် … ငါ့အပြင် ဖြူသိနေတာပဲ … ဖြူပြောလိုက်တာပဲဖြစ်မယ် … ရက်စက်လိုက်တာဟာ … မင်းတော်တော် မိခင်စိတ်မရှိတာပဲ … လူစိတ်မရှိတဲ့ မိန်းမ … ဒီအထဲက လွတ်အောင် ထွက်နိုင်တာနဲ့ မင်းကိုပါ တစ်ခါတည်း လူ့ပြည်မှာ အရှင်မထားဘူး … မင်းကြောင့်လဲ ငါအခုလို အချုပ်ခံထားရတာ … ငါထွက်လာတာနဲ့ မင်းကို အရင်ဆုံးအသေသတ်ပစ်မယ် လူစိတ်မရှိတဲ့ မိန်းမ' မိမိနှင့် ပတ်သတ်ခဲ့သမျှ အတိတ်အားလုံးအား မေ့မျောနေသည့် မိန်းမဖြစ်သူ ဖြူဖြူသျှင်းအား မောင်ကျော် အထင်လွဲလျက် နာကျည်းစွာ အချုပ်ခံထားရသော စဥ့်အိုးလေးအတွင်းမှ ကြုံးဝါး နေလေခဲ့သည်။
' ကျိန်းမနေနဲ့ ကောင်လေး … ငါတို့ ဒီစဥ့်အိုးလေးထဲကနေ ဘယ်လိုမှ အပြင်ကို မထွက်နိုင်တော့ဘူး … သကြားမင်းဆင်းကယ်မှပဲ လွတ်နိုင်မယ် … '
' ဟင် … တောက်!… ရက်စက်လိုက်ကြတာဗျာ … သွားပါပြီး … ဟုတ်တယ် … ဟုတ်တယ် … ကျုပ်တို့ကို ကယ်မယ့်သူမရှိကြတော့ဘူးလားဗျာ '
  အဝကျယ် ခြောက်လက်မခန့်ရှိနေသည့် စဥ့်အိုးလေးဟာ အချုပ်နှောင်ခံထားရသည့် ဝိဥာဉ်များအဖို့ လွန်စွာမှပင် ကျယ်ဝန်းနေလှသည်။ စဥ့်အိုးလေးအတွင်းမှ မည်သို့မှ မလွတ်နိုင်ကြောင်းကို မောင်ကျော် သိရှိသွားလျက် ဝမ်းနည်းကြီးစွာ ငိုချလိုက်တော့သည်။

ဖြူဖြူသျှင်း၏ အိပ်ခန်းအတွင်းသို့ ကျွနိုပ်နှင့်အတူ လမ်းကလေး လျင်မြန်စွာ ဝင်ရောက်ခဲ့ပြီး ကျွန်ုပ်တို့ဟာ လူဆိုးမဟုတ်ကြောင်း သူမ၏ လင်ယောကျာ်း ဝိဥာဉ်မောင်ကျော်နှင့် ပတ်သတ်သူများဖြစ်လျက် သူမအား အကြောင်းစုံရှင်းပြရန် ထိုအိမ်ကြီးအတွင်း ခိုးဝင်လာခဲ့ကြောင်း ရှင်းပြပြောဆိုလိုက်သည်။ ကျွန်ုပ်တို့အား သူမစိုက်ကြည့်နေပြီး ပြောပြခဲ့သော စကားတို့ကိုပင် ပုံပြင်တစ်ပုဒ်ဟု ထင်မှတ်နေသလား မယုံကြည်နိုင်သော မျက်ဝန်းတစ်စုံဖြင့် သူမ၏ ခေါင်းအား ဖြေးညင်းစွာ ခါနေခဲ့သည်။
' ဟုတ်တယ် … မဖြူ… ကျွန်တော်တို့ ပြောတာကို ယုံပါ … ခင်ဗျားယောကျာ်း ဝိဥာဉ်က ကျွန်တော်တို့ကို အကြိမ်ကြိမ် အကူညီလာတောင်းလို့ ကျွန်တောတို့ ခင်ဗျားကို ရှင်းပြမလို့ အကြိမ်ကြိမ် ကြိုးစားနေခဲ့တာပါ … အခု ကျွန်တော်တို့နဲ့ ရဲစခန်းကို မဖြူလိုက်ခဲ့ပေးပါ '
ဝိဥာဉ်မောင်ကျော်နှင့် ပတ်သတ်သမျှ အတိတ်ကြောင်းအားလုံး မေ့မျောနေသည့် ဖြူဖြူသျှင်းဟာ လူငယ်နှစ်ယောက်၏ ပြောစကားများအား အယုံအကြည်မရှိ သူမ၏ စိတ်ထဲ၌
' အင်း … လာပြန်ပြီးလား … ဒီမောင်ကျော် … ငါ့ကို ဒုက္ခပေးချင်လို့ သူတို့တွေ အကွက်ဆင်နေတာပဲ ဖြစ်ရမယ် … အခုနေ ငါအော်လိုက်ရင်လဲ ငါ့ကိုတစ်ခုခုလုပ်သွားနိုင်တယ် … သူတို့ပြောတာကို လက်ခံသလိုလုပ်ပြီ ဖေဖေတို့ သိအောင် လုပ်မှဖြစ်မယ် … ဟုတ်ပြီ '
ကျွန်ုပ်တို့၏ ပြောစကားများအဆုံး၌ အတန်ကြာသည့်အထိ သူမ တစ်ခုခုအား တွေဝေစဉ်းစားနေခဲ့သည်။ သို့နှင့်
' မဖြူ … အချိန်မရှိဘူး … ကျွန်တော်တို့နဲ့ ရဲစခန်းကို အမြန်ဆုံးလိုက်ခဲ့ပါ … ဒီအိမ်ကြီးမှာ မဖြူမရှိဘူးဆိုလို့ ဟုတ် မဟုတ် သိချင်လို့ အခုလို ညကြီးအချိန်မတော် အလစ်ဝင်ကြည့်ခဲ့တာ … ဟုတ်နေပြီ … မောင်ကျော်ပြောတာတွေ ဟုတ်နေပြီ … ဒီတော့ အိမ်ကြီးထဲက ထွက်ပေါက်ကို မဖြူလိုက်ပြပြီး … ကျုပ်တို့နဲ့ တစ်ခါတည်း စခန်းကို လိုက်ခဲ့ပေးပါ '
' ဟုတ်တယ် မဖြူ … ခင်ဗျား ဒီအိမ်ကြီးမှာ ရှိနေတာကို ကျွန်တော်တို့ အခုမှ မျက်ဝါးထင်ထင် တွေ့လိုက်ရတာပါ … အခုလို ညတွင်းချင်း လိုက်ခဲ့ဖို့ ခေါ်ရတာကလဲ … မနက်မှ ကျွန်တော်တို့ ခင်ဗျားဆီကို ပြန်လာရင် တစ်ခုခုလွဲနေမှာ သေချာတယ် … အဲ့ဒါကြောင့် အခုလို ညတွင်းချင်း ခေါ်နေရတာပါ … ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါဗျာ'
လူငယ်နှစ်ယောက်၏ ပြောစကားများအား သူမ ပြန်လည်၍ မတုန့်ပြန် အကွက်ကျကျဖြင့် သူမအား လိမ်လည်နေသည်ဟု ထင်မှတ်နေခဲ့သည်။ ထို့နောက် မိမိ၏ အကြံစည်တိုင်း လူငယ်နှစ်ယောက်၏ အပြောအား ယုံကြည်သွားသော အမူယာဖြင့် ရဲစခန်းဆီသို့ သဘောတူစွာ လိုက်ပါမည်ဟု ခေါင်းအား ငြိမ့်လိုက်ောတ့သည်။
' ဟာဗျာ … ကျေးဇူးတင်လိုက်တာ … အောက်မှာ ခင်ဗျားတို့ရဲ့ ခွေးလေးတိုးပွာလဲ ပါလာတယ် '
 ခွေးလေးဟူသော စကားသံကြောင့် သူမ တွေဝေသွားခဲ့သည်။ ဝိဥာဉ်မောင်ကျော် ပြောသည့် စကားထဲ၌လည်း ထိုသို့ ခွေးလေးပါနေကြောင်းအား သူမဆက်စပ်မိလိုက်သည်။ သို့ပေမယ့် ယုံရခတ်နေခါ သူမ ရဲစခန်းဆီသို့ လိုက်ပါမည်ဟု ဆိုသောကြောင့် ဝမ်းသာနေသော လူငယ် နှစ်ယောက်အား
' ရှင်တို့ အရှေ့ကထွက် ကျွန်မ လိုက်ခဲ့မယ် '
' ကောင်းပြီ … ကျွနိတော်တို့ကို ထွက်ပေါက်တွေ ပြပေးဦး '
သူမအား ထိုသို့ ပြောလျက် အိပ်ခန်းတံခါးအား အပြင်မှ တစ်စုံတစ်ယောက်သော လူများ မသိရှိစေရန် အကဲခတ်ပြီး တိတ်ဆိတ်စွာ တံခါးလော့အား ကျွန်ုပ် လက်လှမ်းလိုက်ချိန်တွင်
' အ … အား … '
ကျွန်ုပ်၏ အနောက်မှ သူငယ်ချင်းဖြစ်သူ လမ်းကလေး၏ နာကျည်သော အသံအား ကြားလိုက်ရသည်။ သူ၏ အသံအား ကြားလိုက်ရသည့်ကျွန်ုပ် လျင်မြန်စွာ လှည့်ကြည့်လိုက်ချိန်မှာပဲ
' အောင်မလေး … အား '
ကျွန်ုပ်၏ ဦးခေါင်းပေါ်သို့ ကြီးမားလှသည့် သစ်သားအချောင်းကြီး ကျရောက်လာချေသည်။ အမြင်များ ဝေဝါးလျက် မျက်လုံးအိမ်တစ်ခုလုံး၌ လင်းလက်နေသော ကြယ်ပွင့်များပင်လား မူးနှောက်လျက် အိပ်ခန်းတံခါးသို့ ဆက်၍ မဖွင့်နိုင် ကြမ်းပြင်အပေါ်သို့သာ လဲကျသွားချေောတ့သည်။ အတွင်းစိတ်၌ အလျင်စလိုဖြင့် ဖြူဖြူသျှင်းအား ရဲစခန်းသို့ ခေါ်ဆောင်ချင်နေသော ကျွနု်၏ စိတ်အတွင်း၌ မူးနှောက်စွာ လဲကျနေခဲ့သော်လည်း အကြားအာရုံကား ကောင်းစွာ ကြားနေရသေးသည်။ ကြမ်းပြင်အပေါ်သို့ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းဖြစ်သူ လမ်းကလေး လဲကျသွားသည်နှင့် အကြားအာရုံ၌ ကြားလိုက်ရသည့် လေသံကား
' ဖေဖေ … လာပါဦး … လာကြပါဦး'
ဖခင်အား အကူညီတောင်းနေသော ဖြူဖြူသျှင်း၏ စကားသံပင် ဖြစ်ချေသည်။ အိပ်ခန်းအတွင်းမှ သူ၏ ခေါ်သံကြောင့် ဖခင်ဦးခိုင်ခံ့တင်နှင့်အတူ တပည့်များ လျင်မြန်စွာ ရောက်လာချေတော့သည်။ ထို့နောက် အိပ်ခန်းအတွင်း လဲကျနေသော ကျွန်ုပ်တို့အား တွေ့လိုက်သည်နှင့်
' ဟင် … ဒီကောင်တွေ … ဒီကောင်တွေဘယ်လိုဖြစ်ပြီး ငါ့သမီးလေး အခန်းထဲရောက်နေရတာလဲ '
' အိမ်ထဲကို ခိုးဝင်လာပြီး သမီးကို ရဲစခန်းလိုက်ဖို့ အတင်းလာခေါ်နေတာပဲဖေဖေ … သမီးလဲ ကြောက်တာနဲ့ တုတ်နဲ့ရိုက်လိုက်တာ '
' တော်သေးတာပေါ့ … တော်သေးတာပေါ့… တောက်! ဒီခွေးကောင်တွေကို အပျက်ရှင်းပစ်တာပဲ ကောင်းတယ် … အောင်ထွန်း … ' '
' ဗျာ … ဆရာကြီး …'
'အပစ်ရှင်းပစ်လိုက်ကွာ …'
မိမိကိုယ်တိုင် စခန်းမှူးကြီး၏ လက်ဝယ်အတွင်းသို့ သက်သေခိုင်လုံစွာ ဖမ်းစီးခဲ့သော လူငယ်နှစ်ယောက်အား ထိုသို့ညဥ့်နက်နက် သမီးဖြစ်သူ၏ အိပ်ခန်ူအတွင်းမှ ထပ်မံတွေ့ရှိလိုက်သည်ကြောင့် ဦးခိုင်ခံတစ် အံ့သြလျက် ကြမ်းပြင်တွင် လဲကျနေသော လူငဟ်နှစ်ယောက်အား သက်ပစ်ရန် အမိန့်ပေးလေတော့သည်။ လဲကျနေသည့် ချာတိတ်နှစ်ယောက်ဆီသို့ လက်ယဉ်စွာ ရက်စက်တတ်သည့် လူမိုက်ကြီး အောင်ထွန်း လှမ်းလာပြီး ခါးကြားမှ ဓားမြှောင်အား ထုတ်လျက် ထိုးသက်မည်အလုပ်
' နေဦး '.
အိပ်ခန်းအဝမှ ဦးမျိုးမြင့်၏ တားစီးသံအား ကြားလိုက်ရလေသည်။
' သူဌေး … ခင်ဗျားက သိပ်စိတ်ကြီးတာပဲ … ဒီချာတိတ်နှစ်ကောင်ကို သတ်လိုက်ရင် ဂျပိုးက လိပ်ဖြစ်သွားမှာပေါ့ … ကျုပ်ပြောတဲ့ အတိုင်းလုပ် … တစ်ချက်ခုတ် နှစ်ချက်ပျက်ပဲ '
' ဒီကောင်တွေကို စခန်းမှူးကိုယ်တိုင် လွတ်လိုက်တာပဲ ဖြစ်မယ် … ပြီးတော့ အဲ့ဒီစခန်းမှူးကလဲ ခင်ဗျားကို စစ်လားဆေးလားနဲ့ သိပ်အယုံကြည်ရှိပုံ မပေါ်ဘူး … ဒီတော့ ရန်အားလုံးအေးသွားအောင် တရားခံတွေကို ခိုးလွတ်ပြီး … အိမ်ထဲကို ဝင်ခိုင်းတဲ့အမှူ့နဲ့ စခန်းမှူးကိုပါ တစ်ခါတည်း ရာထူးပြုတ် ထောင်ချ လုပ်လိုက်ရုံပဲပေါ့ '
' ဟင် … ဟား … သိပ်တော်တဲ့ ဆရာကြီးပဲဗျာ … ကျုပ်မစဉ်စားမိဘူး … ဟုတ်တယ် … သူထက် ရာထူးကြီးတဲ့ အရာရှိတွေနဲ့ တိုင်ပြီး … စခနိးမှူးကိုပါ အနားပေးလိုက်တာပေါ့ … ဟားဟားဟားဟား … ဟား '
ဦးခိုင်ခံ့တင်၏ အောင်ပွဲခံရယ်မောသံဟာ ညဥ့်နက်နက် ထိုအိမ်ကြီး၌ ပဲ့တင်ထပ်လျက် ထွက်ပေါ်လာချေခဲ့သည်။ မူးနှောက်ကာ သတိမေ့မျောသွားလျက် ကျွန်ုပ်နှင့်အတူ သူငယ်ချင်းလမ်းကလေး ပြန်လည် သတိလည်လာချိန်မှာပဲ အချုပ်ခန်းအတွင်းသို့ ရောက်ရှိနေလေခဲ့သည်။
' အား … ကျွတ် … ကျွတ်… '
သတိလည်လာသော ကျွန်ုပ်တို့၏ ဘေး၌ စိုးရိမ်ကြီးစွာဖြင့် သူငယ်ချင်းဖြစ်သူများကား စတင်၍ အမေးစကားများ ထွက်ပေါ်လာလေတော့သည်။
' ဘယ်လိုဖြစ်ကြတာလဲ … အားလုံးလွဲကုန်ပြီ… မင်းတို့ကို မသတ်ပဲ … အချုပ်ထဲ ပြန်ထည့်လိုက်တယ်ဆိုတော့ … စခန်းမှူးကြီး … စခန်းမှူးကြီးရော ငါတို့ကြောင့် အမှု့ပတ်နေပြီလား' သတိရခါစ ကျွန်ုပ်နှင့် လမ်းကလေးအား စိုးရိမ်ကြီးစွာနှင့် သူငယ်ချင်း ဖြစ်သူ ငါးကလေး၏ စကားအဆုံ၌ အချုပ်ခန်း တံခါးပွင့်လာပြီး အထဲသို့ ထပ်မံရောက်လာသူကား
 '    ဟင် … စခန်းမှူးကြီး …'
ယူနီဖောင်း မဟုတ် အပြင်အဝတ်စားဖြင့် အချုပ်ခန်းအတွင်းသို့ ထပ်မံ ရောက်ရှိလာသူကား စခန်းမှူးကြီးပင် ဖြစ်နေချေတော့သည်။

*********************--*********

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages